Saturday, February 9, 2008

တေဇ၏ စီးပွားရေးကွန်ရက် (ဖေဖော်ဝါရီ၊ ၂၀၀၈)

အပြည့်အစုံသို့...

ကိုယ့်လူတွေကလည်း တမှောင့်

ဒေါက်တာလွဏ်းဆွေ

(၂၀-၂-၂၀၀၇ နေ့က ခေတ်ပြိုင် အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။)

အခုတလောမှာ ဘီဘီစီက ဆရာကျော်ဇံသာကလည်း ဖွသလားမမေးနဲ့။ ဖေဖော်ဝါရီ(၁၄)ရက်နေ့ ညကလည်း ကိုမိုးသီးဇွန်နဲ့ နအဖရှေ့နေ ကိုအေးလွင်တို့ကို တည်ပေးပြီး ဖွလိုက်ပြန်ပြီ။ ဖွလွန်းအားကြီးလို့ ဆရာကျော်ဇံ သာကို ဆရာကျော်ဇံဖွလို့တောင် ကင်ပွန်းတပ်ရမလို ဖြစ်နေပြီ။ ဖွတာဟာ သတင်းသမားအလုပ်၊ မဖြေနိုင် မဖြေတတ်လို့ မြောင်းထဲကျတာ ခင်ဗျားတို့ အလုပ်လို့ သဘောထားမယ် ဆိုရင်တော့လည်း ကျနော်အနေနဲ့ ပခုံးတွန့်ပြရုံကလွဲလို့ ဘာမှမပြောလိုကြောင်းပါ။ ဒါပေမယ့် ဦးကျော်ဇံသာဟာ မြန်မာနိုင်ငံသား တယောက်ပါ။ မြန်မာနိုင်ငံသား တယောက်အနေနဲ့ မြန်မာပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခအ၀၀နဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကိုတော့ သတင်းသမားဖြစ်တဲ့ ဆရာကျော်ဇံသာ လျစ်လျူမရှုလောက်ဘူးလို့ အောက်မေ့မိတာပဲ။ လျစ်လျူမရှုဘူးဆိုရင် တချို့ကိစ္စတွေဟာ ဖွသင့်မဖွသင့် ချင့်ချိန်ရမယ့် ကိစ္စတွေပါ။

ဒီကနေ့ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်ရဲ့ လက်သည်တရားခံဟာ နအဖစစ်အုပ်စုပါ။ စားနေကျ ကြောင်ဖားတွေလို ဖြစ်နေတဲ့ နအဖစစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်တာကြောင့် အခုလို နောက်ဆက်တွဲ ပြဿနာတွေ တသီတသန်းကြီး ဖြစ်နေရတာပါ။ ပြည်သူလူထု လိုချင်နေတာက ဒီမိုကရေစီ၊ သူတို့ပေးနေတာက ဖိနှိပ်ရက်စက်မှုပါ။ သူတို့အနေနဲ့ ဘာလို့ ဖိနှိပ်ရက်စက်နေသလဲ၊ ရှင်းပါတယ်၊ အာဏာ လက်မလွှတ်ချင်လို့ပါ။ အဖြေက လုံးဝကို ရှင်းနေပါတယ်။ အာဏာလက်မလွှတ်ချင်တဲ့ ပြဿနာပါ။

ပြည်သူလူထုအနေနဲ့ လက်တဆုပ်စာ စစ်အုပ်စုက အာဏာလက်ဝါးကြီး အုပ်နေတာကို မကြိုက်တဲ့အကြောင်းနဲ့ ဒီမိုကရေစီစနစ်ကို လိုလားတဲ့အကြောင်းကို ရှစ်လေးလုံးအရေးတော်ပုံနဲ့ ၉၀ရွေးကောက်ပွဲရလဒ်တွေမှာ အခိုင်အမာ သက်သေပြခဲ့ပြီးပါပြီ။ အဲဒီရလဒ်ကို အကောင်အထည်ဖော်ပြီး အာဏာလွှဲဖို့အရေး နအဖစစ်အုပ်စုက အကြောင်းအမျိုးမျိုးပြပြီး ကလိန်ကကျစ် လုပ်နေလို့ အခုအချိန်အထိ ပွဲကမကြာသင့်ဘဲ ကြာနေရတာပါ။ အဲဒီတော့ အခုအချိန်ဟာ အဲဒီ၉၀ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် လက်တဆုပ်စာ စစ်အာဏာရှင်တစုနဲ့ ပြည်သူလူထုကြီး ဆက်လက်စီးချင်းထိုးနေကြတဲ့ အချိန်ပါ။ နအဖနဲ့ အဲန်အယ်လ်ဒီပဲ စီးချင်းထိုးနေတာလို့ မြင်လို့မရပါဘူး။ အဲန်အယ်လ်ဒီပါတီက ပြည်သူလူထုကို ကိုယ်စားပြုတဲ့ပါတီဖြစ်နေလို့သာ အဲန်အယ်လ်ဒီနဲ့ နအဖ စီးချင်းထိုးသလို အနေအထားမျိုး မြင်နေရတာပါ။ တကယ်တော့ ၉၀ရွေးကောက်ပွဲ ရလဒ်ကို အဲန်အယ်လ်ဒီလည်း မပိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း မပိုင်ပါဘူး။ ပြည်သူလူထုအနေနဲ့ သူတို့ရဲ့ အသည်းကြားက မဲပြားတွေနဲ့ တခဲနက် ဆန္ဒဖော်ထုတ်ခွင့်ရခဲ့လို့ အောင်မြင်ခဲ့တဲ့ လူထုအောင်ပွဲကြီးပါ။ အဲဒီရလဒ်ကို ပြည်သူလူထုကသာ ပိုင်ပါတယ်။ အဲဒါကြောင့် ဒီရလဒ်ကို နအဖလည်း ဖျက်လို့မရဘူး။ အဲန်အယ်လ်ဒီလည်း ဖျက်ခွင့်မရှိဘူး။ ပြည်သူကသာလျှင် ဖျက်ခွင့်ရှိပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲ အဲဒီရလဒ်ကို ဖျက်ဖို့ကြိုးစားခဲ့ရင် ကြိုးစားတဲ့သူဟာ သမိုင်းတရားခံဖြစ်မှာ အသေအချာပဲ။

အဲဒီတော့ လူထုဆန္ဒကို လေးစားတယ်ဆိုရင် နအဖဘက်က လုပ်ပေးရမယ့် တာဝန်က ရှင်းရှင်းလေးပါ။ လွှတ်တော်ခေါ်ပေးဖို့ပါပဲ။ ဟိုတလောကတော့ နအဖကပြောပါတယ်။ လွှတ်တော်ခေါ်ပေးရအောင် ရွေးကောက်ခံထားရတဲ့ အမတ်က ဘယ်နှစ်ယောက် ရှိတော့လို့လဲတဲ့။ လုပ်ပုံ။ စစ်ဗိုလ်တွေဟာ သူတို့ ရူးချင်ယောင်ဆောင်ခဲ့တဲ့ အချိန်တုန်းက အမတ်တွေကို မတရားဖမ်းဆီး၊ ညှဉ်းဆဲ၊ ထောင်ချ၊ မောင်းထုတ်၊ အတင်းအကျပ် နှုတ်ထွက်ခိုင်းတာတွေ လုပ်ခဲ့ပြီး အခုကျမှ ဘယ်မှာလဲ အမတ်တွေဆိုပြီး အသံကောင်း ဟစ်နေပြန်တယ်။ ဒါလည်း ရပါသေးတယ်လို့ ပြောချင်ပါတယ်။ နအဖအနေနဲ့ အာဏာလွှဲပေးဖို့သာ တကယ်စေတနာ ရှိသေးရိုးမှန်ရင် လုပ်ပေးဖို့ တာဝန်က လစ်လပ်သွားတဲ့ မဲဆန္ဒနယ်တွေမှာ ကြားဖြတ် (အစားထိုး) ရွေးကောက်ပွဲတွေလုပ်ပြီး ပြည်သူလူထုကို မဲပေးရွေးချယ်ခိုင်းဖို့ပါပဲ။ အဲဒီ ကြားဖြတ် ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေနဲ့ ကျန်ရှိနေသေးတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပေါင်းပြီး ပြည်သူလွှတ်တော်ကို ခေါ်ယူကျင်းပခွင့် ပေးလိုက်ရင် နအဖကို တပြည်လုံးကသာမက တကမ္ဘာလုံးကပါ ချီးကျူးလိုက်မယ့် အမျိုးလို့ ပြောလိုက်ချင်ပါတယ်။

အဲန်အယ်လ်ဒီရဲ့ တာဝန်ကလည်း လွှတ်တော်ခေါ်ပေးရေး တောင်းဆိုဖို့နဲ့ နအဖကခေါ်မပေးရင် ကိုယ့်ဘာသာ လွှတ်တော်ခေါ်နိုင်အောင် ကြိုးစားဖို့ပဲ။ မတတ်သာတဲ့အဆုံး ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းကိုသုံးပြီး လွှတ် တော်ခေါ်သင့်ရင်လည်း ခေါ်ရတော့မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်ရှိနေသေးတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်က တယောက်တည်း ဖြစ်နေဦးတော့ နအဖလုပ်နေတဲ့ အမျိုးသားညီလာခံက ကိုယ်စားလှယ်တွေ အားလုံးထက်စာရင် လူထုကို ကိုယ်စားပြုနေလို့ပါပဲ။

အထက်က ပြောခဲ့တာတွေကို အကောင်အထည် ဖော်မှလည်း နအဖရော အဲန်အယ်လ်ဒီပါ လူထုဆန္ဒကို လေးစားပြီး တာဝန်ကျေရာ ရောက်မယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၉၀ရွေးကောက်ပွဲဟာ နအဖက ဦးစီးကျင်းပပေးခဲ့တဲ့ ကမ္ဘာသိ ရွေးကောက်ပွဲဖြစ်ပြီး နအဖတွေ အပါအ၀င် ပြည်သူလူထုရဲ့ တခဲနက်မဲပေးမှုမှာ အဲန်အယ်လ်ဒီပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့လို့ပါပဲ။

ဆရာကျော်ဇံသာကို ဖွတယ်လို့ ပြောရတဲ့အကြောင်းက အထက်မှာ ပြောခဲ့သလို နအဖဘက်က လုပ်ပေးရမယ့် တာဝန်က ရှင်းနေတဲ့ ကိစ္စကြီးမှာ နအဖဘက်က တာဝန်ရှိသူလည်းမဟုတ် ဘာမဟုတ်နဲ့ ဗုံမဟုတ် ပတ်မဟုတ် လူတွေကို မကြာခဏ ပွဲထုတ်ပြီး ပွဲဆူအောင် ဖွဖွနေလို့ပါ။ ဆရာဖွတာက အရေးမကြီးဘူး။ ပြည်သူလူထုတွေ အနေနဲ့ ရှင်းပြီးသား ကိစ္စတွေကို ဇဝေဇ၀ါ ပြန်ဖြစ်အောင် လုပ်သလို ဖြစ်နေပါတယ်။ ဒီကြားထဲမှာ ကိုယ့်လူဖြစ်တဲ့ ကိုမိုးသီးဇွန်ကလည်း တမှောင့်။ ဘာမဟုတ်တဲ့ လူကို အလဲမထိုးနိုင်တဲ့အပြင် ကဂျိုးကဂျောင် အတွေးအခေါ်တွေ လျှောက်ပြောနေပြန်တယ်။ ကျနော်တို့က အာဏာအတွက် ပြောနေတာမဟုတ်ဘူးတဲ့။ တမတ်သားမကလို့ ၁၀၀ ရာခိုင်နှုန်း ယူချင်လည်းယူတဲ့။ ‘ဒုက္ခပါပဲလား ကိုမိုးသီးဇွန်၊ စဉ်းစဉ်းစားစားလေးလည်း ပြောပါဦး’လို့ပဲ ပြောလိုက်ချင်တော့တယ်။

ဒီကနေ့ ဖြစ်နေတာက အာဏာပြဿနာပါ ကိုမိုးသီးဇွန်။ အာဏာဟာ ပြည်သူလူထု လက်ထဲမှာ မရှိဘဲ နအဖက လက်ထဲမှာပဲ (၁၀၀)ရာခိုင်နှုန်းလုံး ရောက်နေလို့ အခုလို မဆုံးနိုင်တဲ့ ပြဿနာတွေ ဖြစ်နေရတာပါ။ ပြည်သူ လူထုလက်ထဲကို အာဏာအပြည့်မရောက်ဘဲ တိုင်းပြည်ကို ဘယ်လိုကောင်းအောင် လုပ်မှာလဲ။ ပြည်သူလူထုလက်ထဲ အာဏာအပြည့် ပြန်မရောက်သရွေ့ စစ်တပ်က နိုင်ငံရေးမှာ ၀င်ရှုပ်နေဦးမှာပေါ့။ တမတ်သားမပြောနဲ့ တပြားတစိတောင် ပေးလို့မရပါဘူး ကိုမိုးသီးဇွန်။ စစ်တပ်ကို သူ့နေရာမှန်သူ ပြန်ရောက်အောင်သာ ပို့ပေးရမှာပါ။ တပ်မတော်ကြီး တခုလုံး နီးပါးကလည်း သူ့နေရာသူ ပြန်ချင်နေကြပါပြီ။ မောင်ကြီးမပြန်နိုင် ဖြစ်နေတာဆိုလို့ အပေါ်ကနေ ဗိုလ်ကျစိုးမိုးနေတဲ့ နအဖ လူလည်တစုလောက်သာ ကျန်တော့တာပါ။ ကမ္ဘာမှာလည်း ဘယ်အာဏာရှင် ထာဝရစိုးမိုးနိုင်လို့လဲ။ နအဖအလှည့်လည်း မုချရောက်လာမှာပါ။ နအဖဟာ မကြာမီမှာပဲ အခုလောလောဆယ် ငြိမ်နေသေးတယ်လို့ထင်ရတဲ့ ပြည်သူလူထုကြီးနဲ့ ထိပ်တိုက်တွေ့ပြီး ခွေးပြေးဝက်ပြေး ပြေးရတော့မှာပါ။

အဲဒီတော့ ကျနော်အနေနဲ့ ကိုယ့်လူလို့ ထင်ထားတဲ့ ဆရာဦးကျော်ဇံသာကိုလည်း တခုမေတ္တာရပ်ခံချင်ပါတယ်။ ဗုံမဟုတ် ပတ်မဟုတ်တွေကို ပွဲထုတ်ပြီး အတွေးအခေါ် ရှင်းနေပြီးသား ပြည်သူလူထုကြီးကို အာရုံနောက်အောင် ဖွရှုပ်မလုပ်ဖို့ မေတ္တာရပ်ခံချင်တာပါ။ အဲသလို မဟုတ်ဘဲ ကျနော်တို့က သတင်းသမားမို့ ကြားနေပြီး ဖွရဦး မယ်ဆိုရင်တော့ … ဘာမှမပြောလိုတော့ကြောင်းပါ ဆရာကျော်ဇံသာရေ … ဒူးသာဒူး …။

ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့...

ကိုယ်ပိုင်သံစဉ်လား အုန်းကျွန်းလား

အာဖ်ံကြီး

နအဖ အုပ်စိုးနေတဲ့ အာဖျံကွီးတို့ မြန်မာပြည်မှာ စာနယ်ဇင်း သင်တန်းကျောင်းတွေ ဘာတွေ စနစ်တကျ ဖွင့်လှစ်သင်ကြား ပေးတာမျိုး မရှိလေတော့ ထုတ်ဝေသူရဲ့ ခယ်မလည်း အော်တော်မစ်တစ် ဂျာနယ်လစ်ဖြစ်၊ ရီကောဒင်း ကက်ဆက်ကလေးကိုင်ပြီး တောမေးတောင်မေး မေးတတ်တဲ့သူလည်း ဂျာနယ်လစ်ဖြစ်၊ ဒစ်ဂျစ်တယ် ကင်မရာလေးနဲ့ မင်းသား မင်းသမီးတွေနားကပ်ပြီး ဓာတ်ပုံတဖျတ်ဖျတ် ရိုက်တတ်သူလည်း ဂျာနယ်လစ်ဖြစ်၊ အယ်ဒီတာ မျက်စိကျတဲ့ ခပ်ချောချော ကောင်မလေးလည်း ဂျာနယ်လစ်ဖြစ်၊ မြန်မာစာကို အမြီးအမောက် တည့်အောင် မရေးတတ်တဲ့သူလည်း ဂျာနယ်လစ်ဖြစ်၊ ဧည့်ခံပွဲတက်ပြီး သွားဖြဲနားဖြဲ စားတတ်တဲ့သူလည်း ဂျာနယ်လစ်ဖြစ်၊ မင်းသား မင်းသမီးတွေရဲ့ အတွင်းရေးကိုသိတဲ့ မိတ်ကပ်ဆရာ အခြောက်တွေနဲ့ ရင်းနှီးတဲ့သူလည်း ဂျာနယ်လစ်ဖြစ်နဲ့ ဂျာနယ်လစ်ဆိုသူတွေ မှိုလိုပေါက်နေတယ်ခင်ဗျ။ လမ်းလျှောက်ရင်းတောင် ခလုတ်တိုက်မိမှာစိုးလို့ မနည်းသတိထားပြီး ရှောင်နေရတယ်။ အဟုတ် …။

မနေ့တနေ့ကတောင် ဆူးလေမီးပွိုင့်ကို ဖြတ်ကူးရင်း မော်ဒယ်ကောင်မလေးကို အငေးလွန်သွားလို့ လူတယောက်ကို ၀င်တိုက်မိသွားတယ်။ အဲ … ကိုယ့်အပြစ်မို့ ကိုယ်က ဦးအောင်သွားဖြဲပြပြီး ဆောရီးလို့ တောင်းပန်ရင်း သူ့ရင်ဘတ်မှာ ချိတ်ထားတဲ့ နိမ်းကတ်လေးကို ဖတ်ကြည့်လိုက်တော့ ‘မောင်မောင်ဗျူး (အကြံအဖန် နယူးစ်ဂျာနယ်)’ ဆိုပါလားဟရို့။ အဲဒီမှာတင် အာဖျံကွီးလည်း မြန်မာပြည်မှာ ဂျာနယ်လစ်တွေ ပေါတယ်ဆိုတာကို ယုံသွားတော့တယ်။ ဒါကလည်း နအဖ ပြန်ကြားရေးဝန်ကလေး ဗိုလ်ကျော်ဆန်းက စာနယ်ဇင်း ထုတ်ဝေခွင့်တွေ အများကြီးချပေးထားလို့ အခုလို ဂျာနယ်လစ်တွေ ပေါနေရတာပါတဲ့။ စာပေလွတ်လပ်ခွင့်မရှိဘဲ စာနယ်ဇင်းတွေ ချပေးထားတော့ ရေးခွင့်ရတဲ့ မင်းသားမင်းသမီးအကြောင်းတွေပဲ လွယ်လွယ်ကူကူ လျှောက်ရေးကြရင်းက အခုလို ဂျာနယ်လစ်တွေ ဖောခြင်းသောခြင်း ဖြစ်ကုန်ရတာပါတဲ့။ အဲဒီအာဘော်တွေကတော့ အာဖျံကွီးဘာသာ ထင်ရာမြင်ရာတွေ လျှောက်ပြောနေတာ မဟုတ်ရပါဘူး။ ဂျာနယ်လစ်ဇင် သုတေသနဆရာတွေရဲ့ အလုပ်ရုံဆွေးနွေးပွဲကို အာဖျံကွီးရဲ့ဘော့စ်ဖြစ်တဲ့ ဗျူးမမရဲ့ ဘော်ဒီကပ်အနေနဲ့ လိုက်ပါရင်း ဂျာနယ်လစ်ဂုရုတွေ စိတ်ဆိုးမာန်ဆိုး မှတ်ချက်ပြုတာကို ကြားရလို့ တဆင့် ဖောက်သည်ချခြင်းသာ ဖြစ်ပါတယ်။

အဲဒီဂျာနယ်လစ်ဇင် အလုပ်ရုံဆွေးနွေးပွဲမှာ ဖတ်ကြားတဲ့ စာတမ်းတွေကို အာဖျံကွီးလည်း နားမထောင်ချင်ဘဲ နားထောင်နေရတာပေါ့။ ဒါပေမယ့် ‘အင်တာဗျူးဆရာ၊ ဆရာမများရဲ့ မေးခွန်းများကို လေ့လာခြင်း’ဆိုတဲ့ စာတမ်းကို ဖတ်ကြားတဲ့ အချိန်မှာတော့ အာဖျံကွီး စိတ်ဝင်စားသွားလို့ ငြိမ်ပြီး နားထောင်နေမိတယ်။ ဘာတဲ့ …

- အူဝဲအနေနဲ့ အရောင်ထဲမှာ ဘာအရောင် အကြိုက်ဆုံးလဲဟင်။ (အူဝဲ = မင်းသမီးအိန္ဒြာကျော်ဇင်ရဲ့ အိမ်နာမည်)
- ဒါဒါ့ကို ကိုဖြိုးကြီးက ချစ်ခွင့်ပန်တော့ ရင်ထဲမှာ ဘယ်လိုခံစားခဲ့ရသလဲ။ (ဒါဒါ = မင်းသမီးစိုးမြတ်နန္ဒာရဲ့ အိမ်နာမည်)
- ကိုသားကြီး အရမ်းပိန်သွားတယ်နော်၊ ၀ိတ်ချလိုက်လို့လား။ (ကိုသားကြီး = မင်းသားဒွေးရဲ့ အိမ်နာမည်)
- နာနာ၊ သီတင်းကျွတ်ပြီ၊ ဘယ်တော့ စားရမှာလဲ။ (နာနာ = မင်းသမီးနန္ဒာလှိုင်ရဲ့ အိမ်နာမည်)

အဲဒီလို အနှစ်သာရရှိတဲ့ မေးခွန်းတွေကို စနစ်တကျ ပြုစုထားတဲ့ စာတမ်းဖတ်ကြားနေတာကို နားထောင်နေရင်း ဗျူးမမနဲ့ လိုက်သွားတုန်းက အဖြစ်သနစ်လေး တခုကို သွားပြီးသတိရမိတယ်။

တနေ့သားမှာပေါ့။ ဗျူးမမက သူမရဲ့မေမေ မအားလို့ အမျိုးသားအဆိုတော် ကိုကိုအော်နဲ့ အင်တာဗျူး မယ့်နေရာကို ဘော်ဒီကပ်အနေနဲ့ လိုက်ခဲ့ဖို့ အာဖျံကွီးကို အမိန့်တော်ဆင့်တယ်။ ဟိုရောက်တော့ အာဖျံကွီးလည်း ဘေးနာမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး နားစွင့်နေတာပေါ့။ ဗျူးမမရဲ့ ပထမဦးဆုံး မေးခွန်းကို နားထောင်အပြီးမှာပဲ အဆိုတော် ကိုကိုအော်တယောက် ပြုံးစိစိ ဖြစ်သွားတာကို အာဖျံကွီး သတိထားမိလိုက်တယ်။ အာဖျံကွီး ကိုယ်တိုင်လည်း ရယ်ချင်စိတ်ကို မနည်း မျိုသိပ်လိုက်ရတယ်။ ဗျူးမမ မေးလိုက်ပုံက ‘အခု ကိုကိုအော်ဆိုမယ့် သီချင်းခွေက ကိုယ်ပိုင်သံစဉ်လား အုန်းကျွန်းလားဟင်’တဲ့။ ကိုကိုအော်က အားနာလို့ ထင်ပါရဲ့။ ပြုံးစိစိ မျက်နှာပေးနဲ့ ‘ဟုတ်ကဲ့ အုန်းကျွန်းပါခင်ဗျာ၊ ကိုကိုးကျွန်း မဟုတ်ပါဘူး’လို့ ပြန်ဖြေလိုက်တယ်။ အဲဒီမှာ ကိုယ်အမှား ကိုယ်မသိတဲ့ ဗျူးမမ အတည်ပေါက်နဲ့ ဆက်ပြောလိုက်ပုံက ‘ကိုကိုအော်က နောက်တတ်တယ် ထင်တယ်နော် ဟင်း ဟင်း ဟင်း’ တဲ့။

အာဖျံကွီး

အပြည့်အစုံသို့...

တွယ်ရာမဲ့ ဘ၀များ (၇)

ဒေါက်တာလွဏ်းဆွေ

(အသံ) အိမ်ပြန်ပိုက်ဆံပေးဖို့လို့ ကယ်ရီနဲ့ လာတွေ့တဲ့အချိန်မှာ အဲဒီ တောမောလိုက်လို့ ဆိုပြီးတော့ ရွှံ့ဗွက်တွေထဲမှာ ပြေးရတာ၊ ကျွဲတွေထဲမှာ ပြေးရတာပေါ့နော်။ ပြေးရင်း ပြေးရင်းနဲ့ ဖိနပ်လည်း မပါလာဘူး၊ ကယ်ရီနဲ့လည်း မတွေ့ခဲ့ရဘူး။ ဒီတိုင်းပဲ ဆိုင်ကယ်ကို ဈေးကြီးကြီးပေးပြီးတော့ စက်ရုံကို ပြန်လာခဲ့ရတယ်ပေါ့နော်။ အဲဒါတောင်မှပဲ ခွင့်ကို မနည်းယူပြီး သွားရတယ်ပေါ့။

မဲဆောက်က သိုးမွှေးစက်ရုံတရုံမှာ အလုပ်လာလုပ်နေတဲ့ မြန်မာအလုပ်သမတဦးက သူ့ရဲ့စွန့်စားခန်းတခုကို ရင်ဖွင့်ပြောပြနေတာ ဖြစ်ပါတယ်။ အိမ်ကို ပိုက်ဆံပြန်ပို့ဖို့ ကယ်ရီဆီအသွားမှာ တောမောလို့ခေါ်တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေ နောက်ကလိုက်လို့ ခဲရာခဲဆစ် ထွက်ပြေးလွတ်မြောက်ခဲ့ရပုံ အကြောင်းပါ၊၊

ကယ်ရီဆီ သွားခွင့်ရဖို့အရေး စက်ရုံကနေ ခွင့်ယူချင်တိုင်း ယူလို့မရဘူးလို့ ဆိုပါတယ်။ မိဘတွေ နေမကောင်းလို့ မြန်မာပြည် ခဏပြန်ချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် နေမကောင်းလို့ နားချင်ရင်ပဲဖြစ်ဖြစ် အလုပ်ရှင်တွေရဲ့ ဆူဆဲကြိမ်မောင်းမှု မျိုးစုံကို ခံပြီးမှ ခွင့်ရတတ်ပါတယ်။ ဒါပေမယ့် ခွင့်ယူတဲ့နေ့အတွက်လည်း လစာဖြတ်တာ ခံရပါတယ်လို့ သူက ပြောပြပါတယ်။

(အသံ) တကယ်လို့ နေမကောင်းဘူး ခွင့်ယူမယ်ဆိုရင်တောင် သူတို့က မသေသေးဘူးလား အဲသလိုမျိုး ပြောပါတယ်။ နောက်တခုက မြန်မာပြည်ပြန်ဖို့ မိသားစု မအေတွေ ဖအေတွေ နေမကောင်းလို့ ခွင့်သွားယူမယ် ဆိုလို့ရှိရင် စိတ်ဆင်းရဲ ခံပြီးတော့မှ အဲလိုခွင့်မျိုးကို ရတယ်ပေါ့နော်။ တကယ်လို့ ခွင့်ယူရင်လည်း တနေ့ကို ၆၀ဖြတ်တယ်ပေါ့နော်။

မြန်မာပြည်က မိသားစုတွေဆီကို ပိုက်ဆံပြန်ပို့တဲ့ အခါမှာလည်း ကယ်ရီကို ပို့ပေးခ အမြောက်အမြားပေးရ ပေမယ့် ကယ်ရီက အိမ်အရောက်ပို့မပေးဘဲ အိမ်ကလူတွေက ကယ်ရီဆီကို သွားယူရတယ်လို့ဆိုပါတယ်။ အစိုးရ ဘဏ်တွေရှိပေမယ့် အစစ်အဆေး အမေးအမြန်းထူလွန်းလို့ ကယ်ရီနဲ့ပဲ အဆက်အသွယ်လုပ်တယ်လို့ သူက ပြောပြပါတယ်။

(အသံ) ကယ်ရီနဲ့ လွှဲတာဆိုတော့ တသောင်းကို ၈၀၀ယူပါတယ်။ တချို့ဆိုလို့ရှိရင် တသောင်းကို တထောင် ယူတယ်ပေါ့နော်။ ဒါတောင် သူတို့က အိမ်အထိ သွားမပို့ပေးပါဘူး။ အိမ်ကလူတွေကနေ အဆက်အသွယ်နဲ့ သွားယူရတာပေါ့နော်။ ဘဏ်က လွှဲလို့တော့ ရတယ်။ ဒါပေမယ်လို့ ဘဏ်ကျတော့ သူတို့က ပိုက်ဆံတွေ ဘာတွေလွှဲရင် ဘယ်ကရလဲ၊ ဘာညာနဲ့ဆိုတော့ အရှုပ်အရှင်းတွေ တချက်ရှိတာပေါ့နော်။ အဲတော့ တချို့က အဲလိုမျိုး အရှုပ်အရှင်းကို ကြောက်လို့ အများစုက ကယ်ရီနဲ့ပဲ ပို့တယ်ပေါ့။ ဒီကနေ စာနဲ့ ဟိုကလည်း စာပြန်လာတယ်ပေါ့။ အဲလိုမျိုး အဆက်အသွယ်လုပ်တာပေါ့။

သူက အညာမြေလတ်ပိုင်း မကွေးမြို့နားမှာရှိတဲ့ ရွာတရွာကနေ လာရောက် အလုပ်လုပ်ကိုင်နေသူပါ။ သူ့အနေနဲ့ ၃တန်းအထိပဲ ပညာသင်ကြားခဲ့ရပြီး အသက်(၂၃)နှစ်အရွယ် ၁၉၉၈ခုနှစ်က ယောက်မဖြစ်သူနဲ့အတူ မဲဆောက်ကို လိုက်လာခဲ့တာလို့ ဆိုပါတယ်။ မဲဆောက်ကို မလာခင်တုန်းက ရန်ကုန် လှိုင်သာယာမှာရှိတဲ့ ကိုရီးယား အထည်ချုပ် စက်ရုံတရုံမှာ အလုပ်လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအထည်ချုပ်စက်ရုံကရတဲ့ ၀င်ငွေက ဘယ်လိုမှ မလောက်ငှတဲ့အပြင် အလုပ်လုပ်ရတာလည်း ပင်ပန်းပြီး မျက်နှာကောင်းမရဘူးလို့ ဆိုပါတယ်။ အဲဒါ ကြောင့် အလုပ်အခြေအနေကောင်းတယ်လို့ ကြားရတဲ့ မဲဆောက်ကို လိုက်လာခဲ့တာလို့ သူကပြောပြပါတယ်။

(အသံ) အောက်မှာကျတော့ ဘယ်လိုပြောမလဲ၊ အလုပ်က အခြေအနေက ရတဲ့ပိုက်ဆံနဲ့ သုံးတာနဲ့ လုံးဝမ ကိုက်ဘူးလေ။ တလကို ကျမ (၉၀၀၀)ထောင်လောက် ရတယ်ပေါ့နော်။ အလုပ်လုပ်ရတာ ဘယ်လိုလဲဆိုလို့ရှိရင် ချုပ်တဲ့ အခါကျရင် မော်တာမိုးရှင်းတွေက အလုပ်ကို မတရားလုပ်ရတယ်ပေါ့နော်။ ပျက်ထည်တွေ ဘာတွေကျလို့ ဆိုလို့ရှိရင် စက်ချုပ်သမားတွေ မကောင်းဘူးဆိုပြီးတော့ ဆူခံထိပါတယ်။ နောက်တခါ အထည်တွေ အရေအတွက်တွေ ကောင်းလို့ များများရရင် စူပါတွေ assistant တွေကို သူတို့က ဆုချတယ်။ စားသောက်ဆိုင်တွေမှာ ကျွေးတယ်ပေါ့ နော်။ ဒါပေမယ့် အဲဒီလိုမျိုးကျွေးလို့ မနာလိုစိတ်ရှိတာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ်က အရမ်းအနစ်နာခံပြီး ကိုယ့်အနေနဲ့ မျက်နှာကောင်း မရဘူးဆိုပြီး အဲဒါတွေလည်း ပါတာပေါ့နော်၊ ဒီဘက်ကိုလာပြီး အလုပ်လုပ်တာ။ ဒီမှာ အလုပ်အခြေအနေ ကောင်းတယ်လို့ ယောက်မပေါ့၊ သူကခေါ်လာလို့ ဒီကိုရောက်လာခဲ့တာ။

မဲဆောက်ကို ရောက်ခါစက အထည်ချုပ်စက်ရုံတရုံမှာ သူဝင်လုပ်ခဲ့ပါတယ်။ အဲဒီအထည်စက်ရုံမှာ အနည်းဆုံး ည ၁၂နာရီ တခါတရံ မနက် ၃နာရီအထိ အချိန်ပို ဆင်းရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လစာရတဲ့အခါ ဆေးကုတာနဲ့ပဲ ကုန်သွားလို့ သိုးမွှေးစက်ရုံကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့တယ်လို့ သူက အခုလိုပြောပြပါတယ်။

(အသံ) ဒီမှာနေတုန်းက အထည်ချုပ်မှာ တခါလုပ်ဖူးတယ်။ အထည်ချုပ်မှာကျတော့ တနှစ်လုံး လုပ်တာမှ ပိုက်ဆံက ဘယ်လောက်မှ မကျန်ဘူး၊ အဲဒီမှာ ကျန်းမာရေး ထိခိုက်တာနဲ့ အိုတီက တခါတလေ ဆိုလို့ရှိရင် ၃နာရီ၊ တခါတလေကျလို့ရှိရင် ၁၂နာရီက အနည်းဆုံးဆင်းရတယ်လေ။ အိုတီကြေးနဲ့ဘာနဲ့ ရတဲ့ပိုက်ဆံနဲ့ ဆိုလို့ရှိရင် ဆေးကုတာနဲ့ မလောက်ဘူး။ မလောက်တာနဲ့ အဲဒါနဲ့ ဒီဘက်ကို ပြန်ပြီးတော့ သိုးမွှေးထဲကို ပြန်ဝင်လိုက်တာ။

သူရောက်ကာစ နှစ်တွေတုန်းက အလုပ်အကိုင်တွေ မကောင်းလှသေးသလို မြန်မာအလုပ်သမားတွေလည်း မဲဆောက်မှာ အခုလို မများသေးပါဘူး။ အလုပ်သမားတွေ မများသေးတဲ့အတွက် အလုပ်သမားတွေအပေါ် အလုပ်ရှင်တွေရဲ့ ဆက်ဆံပုံဟာလည်း အကောင်းချည်း မဟုတ်တောင် မဆိုးလှဘူး။ အခုအခါမှာတော့ အလုပ်သမားတယောက် ထွက်သွားရင် နောက်ထပ် ၁၀ယောက် ပြန်ဝင်လာမှာကို အလုပ်ရှင်တွေက သိနေတဲ့အတွက် ချိုးနှိမ်ဆက်ဆံတာမျိုးကိုသာ သူတို့အနေနဲ့ ခံရတယ်လို့ ဆိုပါတယ်။ အဲသလို ချိုးနှိမ်ခံရတဲ့ အခွင့်အရေးတွေအတွက် ဆန္ဒပြပြီးတောင်းဆိုခဲ့ပေမယ့် အလုပ်ရှင်တွေက လိုက်လျှောခြင်းမရှိဘူးလို့ သူက အခုလိုပြောပြပါတယ်။

(အသံ) ဆန္ဒပြပြီးတောင်းဆိုတာ ရှိပါတယ်။ လိုက်လျောတာ သိပ်မရှိဘူးပေါ့။ ဆယ်ခုလောက်တောင်းမှ တခု လောက်ပဲ အဲလိုမျိုး လိုက်လျောတာပေါ့။ ကျမတို့တောင်းတာ အဲလိုမျိုး ငွေရေးကြေးရေး ဆိုတာတော့ သူတို့က သိပ်ပြီးမပေးပါဘူး။ နားဖို့ရက်လောက် တောင်းတာတောင်မှပဲ အိုတီပိတ်ဖို့လို့ တောင်းတာတောင်မှပဲ အခက်အခဲ အရမ်းရှိတယ်ပေါ့နော်။ နောက်တခုက ထမင်းကောင်းဖို့ရယ်၊ အဆောင်တွေဘာတွေ ကျယ်ကျယ်ဝန်းဝန်းရှိဖို့၊ ရေကို လိုတဲ့အချိန်တိုင်း ပေးနိုင်ဖို့ အဲဒါတောင်းတာပေါ့နော်။ အဲဒါတောင်းတာ ပေးတဲ့ရုံလည်းရှိသလို မပေးတဲ့ ရုံတွေလည်း ရှိတယ်ပေါ့။

သူအလုပ်လုပ်ခဲ့တဲ့ ၉နှစ်တာကာလ တလျှောက်မှာတော့ ၂၀၀၀ပြည့် နှစ်ကနေ ၂၀၀၃-၂၀၀၄ ခုနှစ်လောက် အတွင်းမှာ ၀င်ငွေအကောင်းဆုံး ရခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တလကို ဘတ်လေးထောင်၊ ငါးထောင်ကနေ တသောင်းအထိ ရခဲ့ပြီး ဂိတ်ကောင်းကောင်း ဆွဲရရင် ဆွဲရသလို သိုးမွှေးစက်ရုံမှာ ၀င်ငွေကောင်းခဲ့ပုံကို အခုလို ပြောပြပါတယ်။

(အသံ) ၂၀၀၀ခုနှစ်ကနေ နှစ်ထောင်နဲ့ သုံး ၂၀၀၄လောက်အထိ အဲဒီအထိတော့ တော်တော်ကလေး ကောင်းပါတယ်။ လစာတွေလည်း ရပါတယ်။ လေးငါးထောင် တသောင်းအထိလည်း အဲလိုမျိုး ရတယ်ပေါ့။ ဒါပေမယ်လို့ တချို့ကျတော့ စက်ရုံထဲမှာကျတော့ ဂိတ်တွေက မတူဘူးလေ။ ၇ဂိတ်တို့၊ ၅ဂိတ်တို့၊ ၃ဂိတ်တို့၊ ၁၂ဂိတ်တို့ ရှိတယ်။ အဲဒီမှာ ဂိတ်ကောင်းကောင်း ဂိတ်ကြီးတွေဘာတွေမှ ရတဲ့သူတွေမှ ပိုက်ဆံရတာပေါ့။ စက်ဆွဲသမားတွေ အနေနဲ့ပေါ့နော်၊ ဥပမာ ၁၂ဂိတ်မှာ ဆွဲရတဲ့ ဒီဇိုင်းမျိုးတို့၊ ၅ဂိတ်မှာ ဆွဲရတဲ့ ဒီဇိုင်းမျိုးတို့ ဆိုလို့ရှိရင် ၅ဂိတ်တို့ ၃ဂိတ်တို့ အဲဒါတွေက ဈေးရတယ်ပေါ့။ ဟိုးအရင်တုန်းကပေါ့။ အခုကတော့ ဘယ်ဂိတ်မှ ဈေးမရတော့ပါဘူး။ သုံးထောင်ရဖို့ မနည်းဆွဲရပါတယ်။ အခုဟာ …။

အခုအခါ မဲဆောက်မှာ စက်ရုံတွေ များပြားလာသလို အလုပ်သမားတွေလည်း အဆမတန် ပေါများလာတဲ့ အတွက် ရတဲ့အော်ဒါတွေကို ရုံတွေခွဲပြီး မျှလုပ်နေရပါတယ်။ အရင်တုန်းကဆို သင်္ကြန်အပြီး လေးလပိုင်းထဲမှာ အလုပ်တွေ တော်တော်လုပ်နေရပြီး အခုနောက်ပိုင်း နှစ်တွေမှာတော့ ၅လပိုင်းအထိ ထုံ့ပိုင်းထုံ့ပိုင်းသာ လုပ်နေရ တယ်။ အဲသလို အလုပ်တွေ မကောင်းတော့တဲ့အတွက် မြန်မာပြည်ကလူတွေကို ထိုင်းဘက် မလာစေချင်တော့ဘူးလို့ သူက အခုလို ပြောပြပါတယ်။

(အသံ) ကျမကတော့ ဘယ်လိုလဲဆိုလို့ရှိရင် သူများတကာကိုတော့ မပြောဘူးပေါ့နော်။ တချို့ကျတော့လည်း ကိုယ်သွားလို့ သူတို့မလာနဲ့ဆိုလို့ရှိရင် ကိုယ်ကျတော့ လာပြီးတော့ သူတို့ကျတော့ မခေါ်ဘူးလို့ ပြောတယ် ပေါ့။ ကျမမိသားစု အသိုင်းအ၀ိုင်းကိုလည်း ကျမ မခေါ်ဘူးပေါ့။ ကျမလို ဒုက္ခရောက်မှာစိုးလို့ပေါ့။ တကယ်လို့ ကိုယ် ခေါ်လိုက်လို့ရှိရင်လည်း သူတို့က လက်မှတ်မရှိတဲ့အတွက် အဲလိုပဲ ပုလိပ်ရန်က အမြဲပြေးပြီးတော့ ဒုက္ခအမျိုးမျိုး ရောက်မယ်။ နောက်တခုက ကျမရဲ့လုပ်စာတွေ သူတို့ကို ထပ်ပြီး ခွဲပေးနေရမယ်ပေါ့။ ပေးလိုက်ရင် ကိုယ်လည်း ပုံမှန် ပို့ငွေလည်း မပို့နိုင်တော့ဘူးပေါ့နော်။ သူ့အတွက်ကိုပဲ ကူညီ၊ သူလည်း ဒုက္ခရောက်၊ ကိုယ်လည်း စိတ်ဆင်းရဲတာနဲ့ အလုပ်လည်း မဖြစ်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လက်မှတ်မရှိဘူးဆိုရင် အချိန်ပြည့်လိုလိုက ပြေးနေကြရတာ။

မြန်မာပြည်က လူတွေကို သူ့လို ဒုက္ခရောက်မှာစိုးလို့ မလာစေချင်တော့ပေမယ့် သူကိုယ်တိုင်လည်း မြန်မာ ပြည်ကို မပြန်နိုင်ဘဲ ဖြစ်နေရပါတယ်လို့ သူက ပြောပါတယ်၊၊

(အသံ) ရိုးရိုးသားသား ပြောမယ်ဆို အစတုန်းကပေါ့နော်၊ ကိုယ့်မိဘတွေက အရင်တုန်းက မစုခဲ့ မဆောင်းခဲ့လို့ ကိုယ်က အဲဒီလိုမျိုး လာရတယ်လို့ ထင်ခဲ့တာပေါ့နော်။ အခုနောက်ပိုင်းကျတော့ လေ့လာတော့ အပြင်ရောက် တော့ နည်းနည်းပါးပါး သိလာတော့ အဲလိုမျိုးပေါ့ တိုင်းရေးပြည်ရေး အခြေအနေ မကောင်းလို့သာ ဒီမှာလာလုပ်ရ တာ၊ ကုန်ဈေးနှုန်းမြင့်တာတို့၊ နောက်တခုကကျတော့ အလုပ်တွေ မပေးနိုင်တာတို့ပေါ့နော်။ အဲဒါနဲ့ လူတိုင်း အလုပ် မရှိတဲ့အတွက် ဟိုမှာ ရတဲ့ပိုက်ဆံနဲ့ သုံးဖို့က မလောက်ဘူးပေါ့နော်၊ မလောက်တဲ့အခါကျတော့ ဒီမှာ ကောင်းတယ် ဆိုတော့ ရေကြည်ရာမြက်နုရာ လာရှာကြတာပေါ့နော်။ လာပြီးပြန်တော့လည်း ဟိုနဲ့ဒီနဲ့ စာကြည့်တော့ ဒီမှာက အရမ်းအကောင်းကြီး မဟုတ်တောင်မှဘဲ ဟိုမှာထက်စာရင် မဆိုးဘူးဆိုပြီးတော့ မပြန်နိုင်ကြဘူးပေါ့နော်။

ဒေါက်တာလွဏ်းဆွေ

(အသံဖိုင်ကို www.dvb.no ၀က်ဘ်ဆိုက် အပတ်စဉ်ဆောင်းပါး စာမျက်နှာတွင် ရှာဖွေ နားဆင်နိုင်ပါသည်)

အပြည့်အစုံသို့...

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်-၂

ပေးပို့သူ - အောင်ဇေယျ

သာသနာတော်ရောင် ထွန်းပြောင်ရေး
(၁၉၄၆၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် အလယ်ပစ္စယံညီလာခံကြီး၌
မြွက်ကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက် …)

ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သံဃာတော် အရှင်သူမြတ်များသည် ရာဇ၀င်တလျှောက်လုံး ကျွန်ုပ်တို့လူမျိုး၏ ရှေ့က မားမားမတ်မတ်ရပ်လျက် မြင့်မြတ်သော အမှုမျိုးကိုသာ ပြုခဲ့ကြပေ၏။ ရှေးခေတ်များတွင် သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့တမျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခု ခေတ်၌ပင် တောရွာများတွင် သံဃာတော် အရှင်သူမြတ်များ ပညာသင်ကြားပေးလျက် ရှိကြသောကြောင့် မြောက်များစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။ အချုပ်မှာ သံဃာတော် အရှင်မြတ် များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်မြင့်မြတ်မှု အသွင်အပြင် ယဉ်ကျေးမှုတို့သည် အထူး သဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရများကို ခံတော်မူထိုက်ကြပါပေ၏။ ကျွန်ုပ်တို့နိုင်ငံတွင် များသော အားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသည် ဖြစ်သောကြောင့် အခြား ဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀၀ အတွင်း လိမ်းကပ်၍လာခဲ့သော ချေးညော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်ခဲ့နိုင်ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည်ဟူ၍ ယူဆရပေမည်။

သို့ဖြစ်သောကြောင့် ယခု သံဃာတော် အရှင်မြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည် ဘုရား။ အရှင်သူမြတ်များ ဘုရား …။ အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော် မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။ အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တကမ္ဘာလုံး ကိုးကွယ်ဆည်းကပ်သည်ကိုလည်း မြင်ချင်ပါသည်။ တပည့်တော်တို့ နိုင်ငံတွင်သာမက တကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကားတို့ကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတမျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။ တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား ညီညွတ်ရေးတရားများကို ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးတရားကိုလည်း ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလ ဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ် ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအလူနဘ၀မှ လွတ်မြောက်မှု စသည်တို့ ဖြစ်ပါသည်။ အရှင်သူမြတ်တို့သည် သုံးလူ့ထွဋ်ထား မြတ်စွာဘုရား သြ၀ါဒပေးတော်မူခဲ့သည့်အတိုင်း “အပ္ပမာ ဒေန သမ္ပာဒေထ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ ဗမာလူမျိုး တစ်မျိုးလုံးကို ဆိုဆုံးမတော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုးသည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစားနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင်မြတ်များ၌ ဤကဲ့သို့သော မွန်မြတ်သည့် တာဝန်ဝတ္တရားများ ရှိပါသည်။ ဤမွန်မြတ်သော တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်တော်မူကြပါ ဘုရား။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်းကိုသာ ပြုနိုင်ပါသည်။ ဆောင်ရွက်ဖို့ တာဝန်ကျေပွန်မည် မကျေပွန်မည် ဟူသော ပြဿနာမှာ အရှင်မြတ်များသာ ဖြေရှင်းနိုင်ကြပေလိမ့်မည်။”

အပြည့်အစုံသို့...

Friday, February 8, 2008

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်

ပေးပို့သူ - အောင်ဇေယျ

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး

(၁၉၄၅ ခုနှစ် သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင်
မြွက်ကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက် …)

“ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီဝါဒမျိုး ကို တိုက်ဖျက်မယ့်လူတွေနဲ့ အမြဲပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ပဲ။

အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင် စနစ်ဝါဒ၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စားရွာစားဝါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနှင့် ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်ဆိုးတမျိုးရှိနေရင် အများပြည်သူတို့ ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီဝါဒမျိုးတွေ ပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွပ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။

ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွပ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ရင် ဗမာပြည်က လူတွေဟာလည်း နစ်နာမယ်။ ကျနော်တို့ ပြည်ကိုလည်း ကမ္ဘာက ကြည့်နေလို့ မရတဲ့တနေ့ ဂျပန်နဲ့ ဂျာမနီဝိုင်းပြီး အနှိမ်ခံရသလို အနှိမ်ခံရမယ်ဆိုတာ သတိချပ်ကြရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်ရမယ်။ ဒါဖြင့် ဒီဝါဒဟာ ဘာလဲဆိုတာကိုလည်း ရှင်းပြချင်သေးတယ်။

ကျနော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတဦးထဲက ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲနဲ့
အဖွဲ့နဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ အဖွဲ့ရဲ့ဆန္ဒမဟုတ်ဘဲ ငါ့ဆန္ဒ ငါ့သဘောလုပ်တဲ့ ခေါင်းဆောင်မှုမျိုး
မဟုတ်ဘဲ၊ အဖွဲ့ရဲ့ဆန္ဒယူပြီး အဖွဲ့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ လူမျိုးရေး တရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာကို ကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရား မဟုတ်ဘဲ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တဦးအကျိုးတဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေး တရားမျိုးလည်း ဖြစ်ရမယ်။ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင် စစ်ဖက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့်ရှိရမယ်။

နောက် လွတ်လပ်စွာ ဖော်ပြခွင့် စည်းရုံးခွင့် အစည်းဝေးခေါ်ခွင့်နဲ့ စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်၊ ကိုးကွယ်လိုရာ ဘာသာ ကိုးကွယ်ခွင့်၊ တရားနဲ့ မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့၊် ကိုယ်ရေး လွတ်လပ်ခွင့်၊ ကိုယ့်အိမ် ကိုယ့်ရာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါး အကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွား ချုပ်ချယ်မှုများမှ လွတ်ကင်းချမ်းသာခွင့်၊ အလုပ်သမား လယ်သမားများရဲ့ အနည်းဆုံး အခွင့်အရေးများကို အစိုးရမှ စောင့်ရှောက်ပေးခြင်း၊ လူနည်းစု တိုင်းရင်းသားမျာ၏ အနည်းဆုံး အခွင့်အရေးများကို အစိုးရမှ စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသား လူမျိုးတိုင်း ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှု အတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာ နာစာ၊ အထိအခိုက် လျော်ကြေး ရန်ပုံငွေ အစရှိသည်တို့ကို အစိုးရက ထားပြီး အိုမင်း၍လည်းကောင်း၊ နာဖျား၍လည်းကောင်း၊ ထိခိုက်နာကျင်၍ လည်းကောင်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍ သော်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း မပြုစွမ်းနိုင်သူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့်၊ ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလည်း ရှိရမယ်။

အထက်ပါ အချက်တွေဟာ ဒီမိုကရေစီဝါဒရဲ့ အခြေခံတွေပဲလို့ ယူဆတယ်။ ဒီလို အခြေခံတရားတွေကို ရည်ရွယ်ရင်းရှိတဲ့ အဖွဲ့အစည်းဟာလည်း ဒီတရားတွေနဲ့ ညီတဲ့ အများဆန္ဒအရ ရွေးကောက်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ဆောင်ရွက် လုပ်ကိုင်ခြင်း စတဲ့ နည်းစနစ်မျိုးသာ သုံးရပေလိမ့်မယ်။”

အပြည့်အစုံသို့...

Wednesday, February 6, 2008

ချူချာ အားကြီးဆာနေပြီ

ချူချာ အားကြီးဆာနေပြီ
ရွှေဆည်းဆာ

ပြီးခဲ့တဲ့ သံဃာ့အရေးအခင်း မဖြစ်ခင် လောင်စာဆီဈေးတက်လို့ လမ်းလျှောက်ဆန္ဒပြကြတဲ့ ၈၈-မျိုးဆက် ကျောင်းသားကျောင်းသူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူတွေကို ကြံ့ဖွံ့၊ စွမ်းအားရှင် စတဲ့ လူ့ငနွားတွေက ရွှေဂုံတိုင်မှာ အတင်းအဓမ္မ ရိုက်နှက်ဖမ်းဆီး ကားပေါ်တင်တယ်ဆိုတာ ကြားရကတည်းက ကျမတို့ မြန်မာပြည်မှာနေကြတဲ့ ရွှေမြန်မာတွေ ဘယ်လောက်တောင် တရားမျှတမှုကို အားပေးလိုလားသလဲ။ မတရားမှုကို မိမိမျက်မှောက် မြင်တွေ့နေတာတောင် လက်ပိုက်ကြည့်သလဲဆိုတာ အံ့သြလောက်အောင် မြင်တွေ့ခဲ့ကြရတယ် မဟုတ်လား။

ရွှေဂုံတိုင်လို နေရာမျိုးဆိုတာ လူနေရပ်ကွက်မရှိတာလည်း မဟုတ်၊ လူနေအိမ်ခြေ ကျဲပါးတာလည်း မဟုတ်ဘဲ ဈေးဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ သင်္ကန်း ပရိက္ခရာရောင်းတဲ့ဆိုင်၊ စတိုးဆိုင် စတဲ့ ဆိုင်တွေ တန်းစီပြီး ရှိနေတာမို့ အဲဒီနေရာမှာ စွမ်းအားရှင် ကြံ့ဖွံ့ဆိုတဲ့ လူတွေရဲ့အင်အားနဲ့ အချိုးချကြည့်ရင် သိသိသာသာ လူအင်အားများမှာက အဲဒီရပ်ကွက်နေသူတွေပဲ ဖြစ်မှာပါ။ ဒါပေမယ့် မတရားမှုကို လက်ပိုက်ကြည့်နိုင်လေတော့ မိမိမျက်မှောက်မှာ အေးအေးချမ်းချမ်း ဆန္ဒပြလမ်းလျှောက်သူတွေကို နှုတ်နဲ့စော်ကား၊ ကိုယ်ထိလက်ရောက် စော်ကား၊ ရိုက်နှက် ဖမ်းဆီးနေတာတွေ မြင်ပါလျက်နဲ့ ရပ်ကြည့်နေနိုင်တဲ့ သူတွေကို ကျမဖြင့် အံ့သြလို့ မဆုံးပါဘူး။

အဲဒီအချိန်အခါကတည်းက လူတွေဟာ အမှန်တရားကို လိုလားလက်ခံပြီး သတ္တိရှိရှိနဲ့ လိုက်နာခဲ့ကြမယ်ဆိုရင် သံဃာ့အရေးအခင်းဟာ သံဃာတော်နဲ့ နအဖစစ်တပ် လက်ကိုင်တုတ်တွေ ထိပ်တိုက်မတွေ့ရခင် ပွဲကပြတ်နေမှာပါ။ အဲဒီလို အမှန်တရားကို ရှောင်လွှဲမျက်ကွယ်ပြုခဲ့တဲ့ အဖြစ်တွေနဲ့ အမှန်တရားအတွက် သတ္တိမရှိခဲ့ကြလို့ သံဃာတော်တွေဟာ လူထုရှေ့ကနေပြီး ရဲရဲဝံ့ဝံ့ ထွက်ခဲ့ကြရတဲ့အထိ ဖြစ်လာပါတယ်။ စိတ်နာစရာကောင်းတဲ့ နောက်တကြောင်းက လူလိုပြောလို့ လူလိုနားမလည်တော့တဲ့ နအဖက အာဏာလောဘဇောတိုက်ပြီး အမိုက်မှောင်ဖုံးကာ သံဃာတော်တွေကို သံဃာတော်တွေမှန်း မသိတော့လောက်အောင် မိုက်ရိုင်းရက်စက် ခဲ့ကြတာပါပဲ။

ဒီနေရာမှာ သံကိုသံဖျက် သံချေးတက်ဆိုတဲ့ စကားအတိုင်း နိုင်ငံတော်သံဃာမဟာ့နာယက အမည်ခံ သံဃာ့ဘွဲ့ထူး အခွင့်ထူးခံများကြောင့်လည်း သံဃာတော်တွေ ပိုပြီးအထိနာခဲ့ရတယ်လို့ ဆိုချင်ပါတယ်။ နိုင်ငံတော် သံဃာ့မဟာနာယကဆိုတာ လက်စသတ်တော့ နအဖ ခါးပိုက်ဆောင် သံဃာ့သရုပ်ဆောင်တွေကိုး။ ကျမရဲ့ စိတ်ထဲမှာတော့ အဲဒီမတရားမှုတွေရဲ့ အဖြစ်မှန် မပေါ်ပေါက်သေးသရွေ့၊ အာဏာကို မတရားဆုပ်ကိုင်ပြီး တမျိုးတဆွေထဲ ချစ်တတ်တဲ့၊ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစား၊ ပြည်သူတွေကို အဖက်ဖက်က နစ်နာအောင် ဖိနှိပ်အုပ်ချူပ်နေတဲ့ ဒီ နအဖ စစ်အာဏာရှင်တွေ အဆုံးမသတ်သရွေ့ ပွဲကမပြီးသေးပါဘူးလို့ ယူဆပါတယ်။

ဒီနေရာမှာ ပြောစရာတခု ရှိလာပါတယ်။ ဒီအကြောင်းနဲ့ စပ်လျဉ်ပြီး ဆွေးနွေးမိပြောမိရင် ဘာမှမလုပ်ခဲ့တဲ့ သူတွေက ပြောကြတာကို မှတ်မိပါသေးတယ်။ ကျမတွေ့ဖူးတဲ့သူတွေ (၁၀) ယောက်ပြောရင် (၁၀)ယောက်စလုံး တစ်သံထဲ ထွက်တာက ကိုယ်တစ်ယောက်ထဲ လုပ်လို့ ဘာမှဖြစ်လာမှာမှ မဟုတ်တာ။ ဖြစ်လာလို့ လုပ်ရမယ်ဆိုရင်၊ ကိုယ့်အသက်ပေးလို့ အားလုံးကောင်းသွားမယ်ဆိုရင်၊ ကိုယ်သေရင် သေသွားပါစေ လုပ်လိုက်မယ်တဲ့။ အဲဒီလိုပြောတဲ့ သူတွေကို ရယ်ချင်စိတ် ဖြစ်မိသလို တဖက်ကလည်း ပြန်ပြောချင်တာက အသက်မစွန့်ပါနဲ့ စွန့်ဖို့ မလိုသေးပါဘူး။ ကျနော် ကျမတို့ အမှန်တရားအတွက်လုပ်နိုင်သလောက် လုပ်ပါမယ်ဆိုပြီး တတ်နိုင်သလောက်ပဲ လုပ်ပေးကြပါ။ တစ်ယောက်ကစ တစ်ရာ ဖြစ်လာမှာမဟုတ်လား။ အဓိက က မိမိကိုယ်တိုင် အမှန်တရားကို မြတ်နိုးတယ်ဆိုရင် မိမိမြတ်နိုးတဲ့ အမှန်တရားအတွက် ဘာတွေလုပ်ပေးလို့ ရမလဲ။ ဘာတွေ လုပ်သင့်တယ် ဆိုတာလေးကိုပဲတွေးပြီး လုပ်ပေးကြပါ။ အသက်စွန့်စရာ မလိုသေးပါဘူး။

ထမင်းတ၀ိုင်းဖြစ်အောင် ကိုယ်စီကိုယ်ငှ ချက်ပြုတ်တဲ့သူ၊ ပြင်ဆင်တဲ့သူ တက်ညီလက်ညီ လုပ်နိုင်ပါမှ အချိန်တန်တော့ ထမင်းစားပွဲမှာ ထမင်ဝိုင်းကို မြင်ရမှာပါ။ ဒါပေမယ့် ကိုယ်ဘာလုပ်ရမယ်၊ ဘာလုပ်သင့်တယ်ဆိုတာ သိလျှက်နဲ့ မလုပ်ဘဲ သူများ အပင်ပန်းခံ ချက်ပြုတ်ပြီးမှ ၀င်ထိုင်ချင်သူတွေက များနေတာကိုး။ အခုတော့ တာဝန်မဲ့စိတ် ရှိသူတွေများလေတော့ အမှန်တရားအတွက် အလုပ်လုပ်တဲ့ သူတွေခမျာ မှန်ပါလျက်နဲ့ မတရားခံနေကြရဆဲပါပဲ။

ကျမနဲ့ ဘတ်စ်ကားဂိတ်မှာ တွေ့နေကျ မြန်မာ့အာမခံရုံးက ၀န်ထမ်းအမျိုးသမီးတယောက် ရှိပါတယ်။ စက်တင်ဘာလ သံဃာ့အရေးအခင်းအကြောင်းပြောတော့ သူကပြောပါတယ်။ အဲဒီအချိန်တွေတုန်းက သူတို့တတွေလည်း ရုံးပေါ်ကနေပြီး ၀ိုင်းအားပေးတာပါပဲတဲ့။ သူတို့ကိုယ်တိုင်လည်း နအဖ စစ်အာဏာရှင်တွေကို အကောင်းပြောသူ နည်းပါတယ်တဲ့။ ဒါဆိုအမတို့ ဘာလို့ ရုံးတက်နေသလဲ၊ သပိတ်မှောက်ပြီး ရုံးမတက်ဘဲနေပေါ့ဆိုတော့ သူပြန်ပြောတာက ရုံးမတက်ဘူးလေ အဲဒီရက်တွေမှာ ရုံးမတတ်တဲ့သူတွေ များတယ်။ ရုံးမှာ လူတောင်မရှိဘူးတဲ့။ ကဲ … အမတို့က ဘယ်လိုရုံးမတက်တာလဲ ဒီသံဃာ့အရေးခင်းကို နအဖ က မတရားရက်ရက်စက်စက် ဖိနှိပ်တာကို မကျေနပ်လို့ နအဖစစ်အစိုးရကို ဆန့်ကျင်သပိတ်မှောက်တဲ့ အနေနဲ့ ရုံးမတက်ပါဘူးလို့ အားလုံးသဘောတူ လက်မှတ်ထိုးပြီး မတက်တာလားဆိုတော့ အဲလိုတော့ ဘယ်ဟုတ်ပါ့မလဲတဲ့ သူကလည်း သူ့အကြောင်းပြချက်နဲ့သူ၊ ကိုယ်ကလည်း ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ် ခွင့်ယူကြတာပေါ့တဲ့။

အဲဒီတော့ အမတို့ ရုံးမတက်တာဘဲ ရှိတာပဲ ၊ ဒီအဖြစ်အပျက်ကို ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတဲ့ ရပ်တည်ချက်၊ ဦးတည်ချက်ကို မပြနိုင်မှတော့ ဘယ်လိုလုပ် အကျိုးသက်ရောက်မှု ရပါတော့မလဲ။ ဒီတော့ အမတို့က မောင်ကောင်းထိုက် ဟာသပဒေသာထဲက ‘ချူချာ အားကြီးဆာတယ်’ဆိုတာလို ဖြစ်နေပြီ။ ကြားဖူးဖတ်ဖူးပြီးသား ဖြစ်ရင်လည်းဖြစ်မယ်။ အကြောင်းက တိုက်တိုက်ဆိုင်ဆိုင် တူနေတယ်။ သူက ဘယ်လိုရေးသလဲဆိုတော့ ရုရှားနိုင်ငံ အရှေ့မြောက်ဖျား ဝေးလံသီခေါင်သော ဒေသနေ ချူချာလူမျိုးတွေဟာ အလွန်ရိုးလွန်း အလွန်းတော့ နုံချာချာနိုင်ပါသတဲ့။ လေ့လာသူ သုတေသီတဖွဲ့က ယူကရိန်း၊ ရုရှားနဲ့ ချူချာလူမျိုး သုံးဦးအနက် မည်သူအစာငတ် ပိုခံနိုင်ပါသလဲဆိုတာကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့။ တစ်ယောက်ကို တစ်ခန်းစီ တယ်လီဖုန်း တစ်လုံးစီထည့်ပြီး ပိတ်ထားလိုက်သတဲ့။ တစ်ရက်၊ နှစ်ရက်ကနေ လေးရက်ကြာသွားတော့ ယူကရိန်းက ဗွေဆော်ဦး ဖုန်းဆက်သတဲ့။

‘စားစရာယူခဲ့ပါ။ ကျနော်ဆာလို့ သေပါတော့မယ်’ဆိုလို့ စားစရာ ယူလာပေးရသတဲ့။

နောက်တစ်ရက်ကြာတဲ့အခါ ရုရှားက ဖုန်းဆက်သတဲ့။

‘အစာမစားရရင် သေပါတော့မယ် ခင်ဗျာ’တဲ့။

ရုရှားကို အစာကျွေးပြီး တစ်ပတ်ခန့်အကြာမှာ ချူချာနဲ့ ပတ်သက်ပြီး စမ်းသပ်သူများ စိတ်ပူစ ပြုလာပါတယ်။ အခုချိန်ထိ ချူချာ ဖုန်းမဆက်သေးတာကြောင့် ဖြစ်ပါတယ်။ နောက် (၇)ရက်သာ ကြာသွားတယ်၊ ချူချာက ဖုန်းမဆက်သေး၊ သေများသေနေပြီလားလို့ တွေးပြီး စမ်းသပ်သူများ ချူချာရဲ့အခန်းကို ဖွင့်ပြီးဝင်တယ်။ ချူချာက တယ်လီဖုန်းရှေ့ ဒူးထောက်ထိုင်ကာ အောက်ပါအတိုင်း ပြောနေတာကို တွေ့ကြရတဲ့။

‘တယ်လီဖုန်းကြီးရေ … ချူချာ အားကြီးဆာနေပြီ၊ ချူချာ ထမင်းအားကြီး စားချင်တယ်’

ကဲ … ကျမတို့ ရွှေမြန်မာတွေရော ဘယ်လိုလဲ။ ဒီလိုသာ ကိုယ့်ကိစ္စကိုကိုယ် ဘယ်လိုလုပ်ရမှန်းတောင် မသိသေးဘူးဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့လို့ မြန်မာပြည်အတွင်းမှာ မှီတင်းနေထိုင် နေနိုင်တော်မူကြကုန်တဲ့ ရွှေချူချာအပေါင်းတို့အား တပ်လှန့်နှိုးဆော်လိုက်ရပါတယ်။

ရွှေဆည်းဆာ

အပြည့်အစုံသို့...

နေဘုန်းလတ်သို့ …

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီး နေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့ မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့ မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း (၃၆၅)ရက်အတွင်းမှာ သူ့မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပလာခဲ့တယ်။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေအတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့ မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တကကြွကြွနဲ့ သူအစွမ်းကုန် ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံး ကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်း တစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်။ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်။ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ် ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလော်ဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေကြတယ်။ ဇန်နဝါရီ (၂၉) ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ …။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလော်ဂါ့ရပ်ဝန်းမှညီအကို မောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

အပြည့်အစုံသို့...

Tuesday, February 5, 2008

ပြည်တွင်းပြည်ပ တိုက်ပွဲဝင်များသို့ ၂၀၀၈-လုပ်ငန်းစဉ် (၃)ခု အကြံပြုချက်

ဒေါက်တာလွဏ်းဆွေ

ရွှေဝါရောင်အရေးတော်ပုံ မတိုင်မီလေးနှင့် အရေးတော်ပုံအပြီးတွင် အထင်ကရ ဒီမိုကရေစီရေး လှုပ်ရှားသူ အတော်များများ အဖမ်းခံလိုက်ရသည်။ အဓိကအားဖြင့် မြန်မာပြည်သူတွေ အားကိုးအားထား ပြုလာသည့် ၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အားလုံးနီးပါး အဖမ်းခံရသည်။ ရှေ့မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးတို့က နေအိမ်အကျယ်ချုပ်၊ ဆရာကြီး ဦးဝင်းတင်က ထောင်ထဲမှာ နှစ်ရှည်လများ အထိန်းသိမ်းခံနေရသည်။ သို့ဖြစ်၍ လက်ရှိအခြေအနေတွင် ပြည်တွင်း၌ တိုက်ပွဲကို ဆက်လက် ဦးစီးဦးဆောင်ပြုနိုင်မည့် (လူထုက အမှန်တကယ် အားကိုးသည့်) အထင်ကရ ခေါင်းဆောင်တွေ မရှိတော့သကဲ့သို့ ဖြစ်သွားသည်။ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အကြားတွင် ခေါင်းဆောင်မဲ့နေသလို ခံစားနေရသည့် အသံဗလံများ ဟိုမှသည်မှ ထွက်ပေါ်လာသည်။

တပ်ပေါင်းစုဖွဲ့ပြီး အားလုံးကို ဦးဆောင်နိုင်မည့် ခေါင်းဆောင်သစ်တဦး ပေါ်ပေါက်လာလျှင် ကောင်းမည်ဟု ဒီမိုကရေစီရေး လှုပ်ရှားနေကြသူများအကြား အကြံပြု ပြောဆိုသံတွေ ထွက်ပေါ်လာသည်။ ပြင်ပတွင် ကျန်ရှိနေသည့် နိုင်ငံရေး ဦးစီးဦးဆောင် ပြုနေသူများလောက်နှင့် တိုက်ပွဲကို ရှေ့ဆက်ဖို့ မဖြစ်နိုင်ဟု ယုံကြည်နေကြ၍လည်း ထိုအကြံပြုသံများ ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်။ ထိုကဲ့သို့ အကြံပြုသည့်အတိုင်း တတိုင်းတပြည်လုံးက လေးစားလိုက်နာမည့် ခေါင်းဆောင်သစ်တဦး အချိန်တိုအတွင်း ပေါ်ပေါက်လာမည် ဆိုလျှင်တော့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရမည်မှာ အမှန်ပင်။ သို့သော် ထိုကိစ္စက စိတ်ကူးယဉ်သည့် အတိုင်း လွယ်ကူသည့် ကိစ္စမဟုတ်။ ဂါထာမန္တန်များနှင့် မန်းမှုတ်လိုက်ရုံဖြင့် ခေါင်းဆောင်တဦးက အလိုအလျောက် ပေါ်ထွက်လာနိုင်သည် မဟုတ်။ ထိုသို့ မဖြစ်နိုင်သည်ကို စိတ်ကူးယဉ်နေကြမည့်အစား (လက်ရှိအနေအထား လက်ရှိအင်အားနှင့်သာ) လက်တွေ့ကျကျ ရှေ့ဆက်တိုက်ပွဲဝင်နိုင်မည့် လုပ်ငန်းစဉ်တွေ ချမှတ် အကောင်အထည်ဖော်ဖို့ လိုသည်ဟု အကြံပြုချင်မိသည်။

လက်ရှိအခြေအနေတွင် ဦးဆောင်ပါတီဖြစ်သည့် အန်အယ်လ်ဒီမှ ကျန်ရှိနေသည့် ဗဟိုကော်မတီဝင်တွေက လည်း သူတို့တတ်နိုင်သလောက် ကြေညာချက်ထုတ်ပြီး တောင်းဆိုမှုတွေ လုပ်နေသည်။ ပြင်ပတွင် ကျန်ရှိနေသည့် သံဃာ့တပ်ပေါင်းစု၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ မနီလာသိန်းတို့ ဦးဆောင်သည့် ၈၈-မျိုးဆက် ကျောင်းသားများအဖွဲ့၊ ကိုကျော်ကိုကိုနှင့် ဗကသ ကျောင်းသားများအဖွဲ့၊ Generation Wave ကဲ့သို့သော ကျန်နိုင်ငံရေး လှုပ်ရှားတက်ကြွနေသူများ၏ အဖွဲ့အစည်းများ၊ ထိုအဖွဲ့အတော်များများ ပေါင်းစည်းထားသည့် လူထုလှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီတို့က မိမိတတ်နိုင်သလောက် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက် ပုံဖော်နေကြသည်။

ခေါင်းဆောင်သစ်ကို ထိုင်မျှော်နေကြမည့်အစား ထို့သို့ တဦးချင်းဖြစ်စေ၊ တဖွဲ့ချင်းဖြစ်စေ တတ်နိုင်သလောက် အဆက်မပြတ် လှုပ်ရှားနေကြခြင်းက ရှေ့ဆက်ရမည့် တိုက်ပွဲအတွက် ကောင်းသည့် လက္ခဏာဟု မြင်မိသည်။ အရေးကြီးသည်က ပြင်ပတွင် ဆက်လက်လှုပ်ရှားနေကြသူ အချင်းချင်း ဆက်စပ်မိပြီး အချိန်ကိုက် ပေါင်းစည်း လှုပ်ရှားနိုင်အောင် ကြိုးစားကြဖို့ပင်ဖြစ်သည်။ ထိုသို့ ပေါင်းစည်းလှုပ်ရှားနေရင်းမှ အများလက်ခံသည့် ခေါင်းဆောင်သစ်လည်း ထပ်ပေါ်ချင် ပေါ်လာမည်။ မပေါ်လာလျှင်လည်း ကိစ္စမရှိ။ ပေါင်းစည်းလှုပ်ရှားမှုကို ပျက်ပျယ်မသွားစေဘဲ အဖွဲ့အစည်း အချင်းချင်း တိုင်တိုင်ပင်ပင်နှင့် ကိုယ်နိုင်သည့်တာဝန် ကိုယ်ယူကာ လူထုလှုပ်ရှားမှုကို ပြန်လည်ပုံဖော် နိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်။ ရွှေဝါရောင်အရေးတော်ပုံကို သင်ခန်းစာယူ၍ တိုက်ပွဲအဆုံးအထိရောက်အောင် ချီတက်နိုင်မည့် နည်းဗျူဟာများကို တိုင်ပင် ပြင်ဆင်ထားကြရမည်။ နောက်ဆုံးအဆင့် စင်ပြိုင်အစိုးရဖွဲ့၍ ထိပ်တိုက်ရင်ဆိုင်နိုင်သည့် အနေအထားမျိုး အသင့်ဖြစ်နေအောင် ကြိုတင်ပြင်ဆင်ထားရမည်။

ထိုသို့ လူထုအုံကြွမှု ထပ်မံဖြစ်ပေါ် အားကောင်းလာပြီး ထိပ်တိုက်ရင်ဆိုင်နိုင်မှ စစ်အုပ်စုအနေနှင့် မျက်က လဲဆန်ပြာ ဖြစ်မည်။ ထို့သို့ မျက်ကလဲဆန်ပြာဖြစ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး မည်ဟု ကတိက ၀တ်ပြုထားမှုကို စစ်အုပ်စုဘက်က လျင်လျင်မြန်မြန် အကောင်အထည် ဖော်လာမည်။ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအားလုံးကို ဆွဲထုတ်နိုင်မည်။

လက်ရှိအခြေအနေတွင် ဖြစ်တည်နေသည့် နောက်ထပ် အားသာချက်တခုမှာ ရွှေဝါရောင် အရေးတော်ပုံ၏ ကျေးဇူးကြောင့် နိုင်ငံတကာဖိအား အထူးအားကောင်းလာခြင်းဖြစ်သည်။ ဂမ်ဘာရီ အဆက်မပြတ် လွန်းထိုး လှုပ်ရှားနေသည်။ တရုတ်အာဏာရှင်အစိုးရကပင်လျှင် ဂမ်ဘာရီကို အမြန်ဆုံး ပြည်ဝင်ခွင့်ပေးဖို့ တိုက်တွန်းလာသည်။ ဖိလစ်ပိုင်သမ္မတ အာရိုယိုကလည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးအတွက် ပြင်းပြင်းထန်ထန် ဖိအားပေး ပြောကြားနေသည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံကြီး သုံးနိုင်ငံက ပူးတွဲကြေညာ ချက်ထုတ်ကာ မြန်မာ့အရေး သွေးမအေးကြဖို့ ကမ္ဘာ့ခေါင်းဆောင်များကို ဆော်သြလာသည်။ သို့သော် နိုင်ငံတကာဖိအား ဘယ်လောက်ကောင်းကောင်း လူထုလှုပ်ရှားမှုကို ပြန်ဖော်ပြီး ဖိအားမပေးနိုင်သရွေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ရေးသည် ဖြစ်မြောက်လာမည် မဟုတ်။ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ဆွဲထုတ်နိုင်မည် မဟုတ်။ လက်နက်အားကိုးသည့် စစ်အုပ်စုအား နိုင်ငံတကာဖိအားနှင့် လူထုဖိအား (လူထုအုံကြွမှု) ညှပ်တိုက်နိုင်မှ အောင်ပွဲခံနိုင်မည် ယုံကြည်မိသည်။

ထို့အတွက် အားကောင်းနေသည့် နိုင်ငံတကာဖိအားတွေ သွေးမအေးသွားမီ လူထုလှုပ်ရှားမှုကို ပြန်ဖော် နိုင်အောင် အလျင်အမြန် ကြိုးပမ်းကြရမည်။ ပြည်သူလူထုကလည်း အဆုံးစွန်သော ဆင်းရဲကျပ်တည်းမှု နှင့် ရင်ဆိုင်နေရသည့်အတွက် ပေါက်ကွဲအုံကြွလိုသည့် အနေအထားမှာ တာစူနေသည်။ ထိုအနေအထားတွင် လူထုလှုပ်ရှားမှုကို ပြန်ဖော်နိုင်ရန်အတွက် တဦးချင်း တဖွဲ့ချင်း လုပ်နိုင်သည်များ၊ အဖွဲ့အချင်းချင်း ချိတ်ဆက် လုပ်ဆောင်နိုင်သည်များကို အလျင်အမြန် လုပ်ဆောင်ကြဖို့လိုသည်။

အိုင်တီနည်းပညာ တတ်ကျွမ်းသူများက အိုင်တီနည်းပညာနှင့် စစ်အုပ်စုကို ၀ိုင်းဝန်းထိုးနှက်ရမည်။ ပြည်တွင်းသို့ ပြန်ဝင်လှုပ်ရှားနိုင်သူများက အသေအချာ ချိတ်ဆက်ပြီး ပြန်ဝင်လှုပ်ရှားကြရမည်။ ပိုစတာကမ်ပိန်း၊ မှုတ်ဆေးကမ်ပိန်း၊ စတစ်ကာကမ်ပိန်း လုပ်နိုင်စွမ်းရှိသည့် အဖွဲ့တွေက ကမ်းပိန်းတွေ တရစပ် လုပ်ကြရမည်။ စစ်အုပ်စု၏ လူမဆန်သည့် ရက်စက်ယုတ်မာမှုများကို ပြည်သူလူထု အမှန်အတိုင်း သိရှိအောင် ရွှေဝါရောင် အရေးတော်ပုံ ဖြစ်ရပ်မှန် ဗွီစီဒီအခွေများကို ဖြန့်ဝေ ပြသကြရမည်။ နအဖလက်ကိုင်တုတ်တွေကို သွေးပျက်ချောက်ချားအောင် လုပ်နိုင်စွမ်းရှိသည့် အဖွဲ့တွေက သွေးပျက်ချောက်ချားအောင် လုပ်ဆောင်ကြရမည်။ စစ်အစိုးရ ယန္တရားအားလုံး ရပ်ဆိုင်းအောင် ဟန့်တားနှောင့်ယှက်နိုင်သည့် အဖွဲ့များက ၀င်ရောက်နှောင့်ယှက် ဟန့်တားရမည်။ သို့မှသာ ပြည်သူလူထုအနေနှင့် လမ်းပေါ်ထွက်သာပြီး လူထုအုံကြွမှုကို ပြန်လည် ပုံဖော်နိုင်မည် ဖြစ်သည်။

နိုင်ငံတကာရောက် ဒီမိုကရေစီတိုက်ပွဲဝင်များ အနေနှင့်လည်း ဒီမိုကရေစီရေး သွေးမအေးသွားအောင် ရွှေဝါရောင်တော်လှန်ရေး လပြည့်အထိမ်းအမှတ်နေ့များတွင် မြန်မာသံရုံးများရှေ့၌ တက်တက်ကြွကြွ ဆန္ဒပြကြဖို့လိုသည်။ လူမဆန်သည့် နအဖစစ်အစိုးရအား ကျားကန်ပေးနေသည့် တရုတ်အာဏာရှင်အစိုးရက ကျင်းပမည့် အိုလံပစ်ပွဲတော်ကို နိုင်ငံတကာက ၀ိုင်းဝန်းသပိတ်မှောက်ကြဖို့ တရုတ်သံရုံးများရှေ့တွင် အဆက်မပြတ် ဆန္ဒပြဆော်သြကြဖို့ လိုသည်။ တရုတ်အာဏာရှင်အစိုးရ၏ လုပ်ရပ်အား သပိတ်မှောက်ခြင်းသည် တရုတ်လူထု၏ အကျိုးစီးပွားကို ဆန့်ကျင်ခြင်းမဟုတ်ဟု ခေါင်းထဲစွဲမှတ်ပြီး အသိရှိရှိ လုပ်ဆောင်ကြဖို့လိုသည်။ သို့မှသာ တရုတ်အာဏာရှင်အစိုးရ အနေနှင့် နိုင်ငံတကာအလယ်တွင် အရှက်တကွဲ မဖြစ်စေရေးအတွက် လူမဆန်သည့် နအဖစစ်ခွေးများအပေါ် ဖိအားပေးလာမည်ဖြစ်သည်။ ထို့အပြင် ပြည်ပရှိ နိုင်ငံရေးအဖွဲ့အစည်းများ အနေနှင့်လည်း ပြည်တွင်း၌ လူထုအုံကြွမှု ပြန်ပေါ်လာပြီး စင်ပြိုင်အစိုးရ ပေါ်ထွက်နိုင်အောင်၊ ပေါ်ထွက် လာသည့်အခါ ၀ိုင်းဝန်းထောက်ခံနိုင်အောင် ယခုကတည်းက စနစ်တကျ ချိတ်ဆက် ပြင်ဆင်ထားဖို့ လိုသည်ဟု ထင်မြင်မိပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ၂၀၀၈ခုနှစ်အတွင်း၌ ပြည်တွင်းပြည်ပ ဒီမိုကရေစီတိုက်ပွဲဝင်များ အလျင်အမြန် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်(၃)ခု ရှိနေသည်ဟု အကြံပြု ပြောကြားလိုပါသည်။ ထိုလုပ်ငန်းစု (၃)ခုမှာ …

(၁) ပြည်တွင်းရှိ တိုက်ပွဲဝင်များအနေနှင့် လူထုအုံကြွမှုကို ပြန်ဖော်နိုင်ဖို့ ကြိုးပမ်းကြရပါမည်။ ပြည်ပအင် အားစုများက လိုအပ်သည်များကို ၀ိုင်းဝန်းပံ့ပိုးပေးကြရပါမည်။

(၂) ပြည်ပရှိ တိုက်ပွဲဝင်များအနေနှင့် နအဖစစ်အုပ်စုကို အဓိက ကျားကန်ပေးနေသည့် တရုတ်အာဏာရှင် အစိုးရအား သပိတ်မှောက်ရေးနှင့် နိုင်ငံတကာဖိအားများ လျော့ကျမသွားရေးကို ဦးတည်လုပ်ဆောင်ကြရပါမည်။

(၃) ပြည်တွင်း ပြည်ပရှိ တိုက်ပွဲဝင်များအားလုံးအနေနှင့် လူထုအုံကြွမှုမှတဆင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းပေါ် ထွက်လာခဲ့လျှင် တညီတညွတ်တည်း ၀ိုင်းဝန်းထောက်ခံကြဖို့ ယခုကတည်းက ချိတ်ဆက် ပြင်ဆင် ထားကြရမည်ဟု အကြံပြု ပြောကြားလိုပါသည်။ သို့မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကိုလည်း ဆွဲမထုတ်နိုင်၊ တွေ့ဆုံဆွေးနွေးရေးလည်း ဖြစ်နိုင်မည်မဟုတ်ဘဲ သေနတ်အားကိုးသည့် နအဖစစ်အုပ်စု ပန်းပန်မြဲပန်ကာ တိန်တိန်မြည်နေလိမ့်မည်ဟု သုံးသပ် ပြောကြားလိုက်ရပါသည်။

ဒေါက်တာလွဏ်းဆွေ
(၂၀၀၈ခုနှစ် ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်)

အပြည့်အစုံသို့...

ကက်ဘိနက်ကြီး နာမည်ကြီးလည်း …

ကက်ဘိနက်ကြီး နာမည်ကြီးလည်း …
စိုင်းအိမ်မွဲ

ဒီရက်ပိုင်းအတွင်း ပြည်ပရောက် အစိုးရအသစ်တခု ဖွဲ့မယ်ဆိုတဲ့ အသံတွေကို တိုးတိုးတဖုံ၊ ကျယ်ကျယ်တမျိုး၊ အီးမေးတွေကနေလည်းတဆင့် မြင်သိကြားနေရပါတယ်။ ကျနော်အနေနဲ့က နိုင်ငံရေးကို အများကြီး နားမလည်ပါဘူး။ ဒါပေမယ့် မြန်မာပြည်သားတဦးအနေနဲ့ စိတ်ဝင်စားမိတာတော့ အမှန်ဖြစ်ပါတယ်။

ကျနော် မှတ်သားမိသလောက်တော့ NCGUB ဆိုတဲ့ ပြည်ပရောက်အစိုးရတခုကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲက အရွေးကောက်ခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနဲ့ ဖွဲ့ခဲ့တယ်ဆိုတာ လောက်တော့ ကြားဖူးပါတယ်။ ထိုအစိုးရရဲ့ ၀န်ကြီးချုပ်ဆိုတာ ရှိတယ်လို့ ကြားဖူးပေမယ့် မမြင်ဖူးပါဘူး။

အစိုးရတခု ရှိနေသားနဲ့ နောက်ထပ်အစိုးရတခု ထပ်ဖွဲ့မယ်ဆိုတာကိုတော့ ကျနော့်အနေနဲ့ လိုက်မီအောင် မစဉ်းစားနိုင်တာ ၀န်ခံပါတယ်။ တချို့ကဆိုတော့လည်း ပထမရှိထားတဲ့ အစိုးရက အလုပ်မဖြစ်ဘူး အားနည်းနေတယ်။ အဲဒါကြောင့် ပိုအလုပ်ဖြစ်မယ့် အစိုးရမျိုး ထပ်ဖွဲ့ဖို့လိုတယ်လို့ ပြောကြပါတယ်။ နောက်တချက်က လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေက ခေါင်းဆောင်များအနေနဲ့လည်း ဒီပြည်ပရောက်အစိုးရအပေါ်မှာ ခံစားချက်မကောင်းဘူးဆိုတာလည်း ကြားရပါတယ်။ ဒီနေရာမှာ ကျနော့်အမြင်ကို တင်ပြရရင် ပထမအစိုးရက အလုပ်မဖြစ်ဘူးဆိုရင် နောက်အစိုးရအသစ်တခု ထပ်ဖွဲ့မယ့်အစား အဲဒီလက်ရှိအစိုးရကို ပြန်လည်ပြင်ဆင် တိုးချဲ့ဖွဲ့ရင်ကော မဖြစ်နိုင်ဘူးလား ဆိုတဲ့အချက်ပါ။

ကျနော်တို့က မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားဖို့ လိုလားသူတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်တွေကို အခုကတည်းက လေ့ကျင့်ပျိုးထောင်ဖို့ လိုပါတယ်။ ဒီမိုကရေစီ အလေ့အကျင့်ကို လမ်းလွဲစေမယ့် အပြုအမူ အကျင့်အကြံတွေကို အားမပေးသင့်ပါဘူး။ စစ်တပ်က လက်မခံဘူး အသိအမှတ် မပြုဘူးဆိုပေမယ့် ၁၉၉၀ ရွေးကောက်ပွဲဟာ မြန်မာပြည်ဒီမိုကရေစီခရီးရဲ့ မှတ်တိုင်သစ်လို့ ဆိုနိုင်ပါတယ်။ ပြည်သူတွေက သူတို့ဆန္ဒကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ သူတို့နှစ်သက်တဲ့ သူတွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

အခုပြောနေတဲ့ လက်ရှိပြည်ပရောက် အစိုးရဟာ အဲသလို ရွေးကောက်တင်မြှောက်ခြင်း ခံထားရတဲ့ သူများနဲ့ ဖွဲ့ထားတယ်ဆိုတာလောက်တော့ ကျနော်လည်း သိထားမှတ်ထားမိပါတယ်။ နောက် တိုးချဲ့ဖွဲ့စည်းမယ်ဆိုတဲ့ အစီအစဉ်က ဖြစ်နိုင်တယ်ဆိုရင်တော့ ပါလာမယ့် အစိုးရအဖွဲ့ဝင် ၀န်ကြီးဝန်ကလေးများဟာ ပြည်သူက ရွေးကောက်ပွဲမှာ တင်မြှောက်ခဲ့တဲ့ ကိုယ်စားလှယ်များ ဖြစ်ဖို့လိုပါတယ်။ လက်သင့်ရာ စားတော်ခေါ်ချင်လို့ ဘယ်သူကမှ ရွေးကောက် တင်မြှောက်မထားတဲ့ သူများကို အစိုးရ၀န်ကြီးအဖွဲ့ထဲမှာ မထည့်သွင်းသင့်ဘူးလို့ အကြံပြုလိုပါတယ်။ ဗိုလ်လိုပြောရရင်တော့ လူထုရွေးထားတဲ့ အမတ်တွေနဲ့ဖွဲ့တဲ့ ကက်ဘိနက်အဖွဲ့ပေါ့။

ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန် မဟုတ်သူတွေကို ကက်ဘိနက်အဖွဲ့ထဲ မထည့်သွင်းသင့်ဘူးလို့ ပြောရတာက ဒီလိုရှိပါတယ်။ အခုလက်ရှိ စစ်အစိုးရကလည်း ပြည်သူတွေရွေးထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ မပါဘဲ အစိုးရဖွဲ့ဖို့ ကြိုးစားနေတာ တတိုင်းပြည်လုံး အသိပါ။ သူတို့ရဲ့ အမျိုးသားညီလာခံမှာ တက်နေသူတွေက သူတို့အကြိုက် ခေါင်းခေါက်ရွေးထားတဲ့ လူတွေ၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲထားတဲ့အဖွဲ့ လူတွေနဲ့ စစ်ဗိုလ်တွေ ကိုယ်တိုင်ဖြစ်နေလို့ပါပဲ။ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ သူများမဟုတ်ပါ။ အဲတာကို ဇွတ်အတင်းကြီး ဘယ်သူသဘောတူတူ မတူတူ ငါတို့ဖွဲ့လို့ရတယ်ဆိုပြီး ဒီဘက်နယ်စပ်က လူတွေက နောက်အစိုးရအသစ် ဖွဲ့မယ်ဆိုရင် ဗမာစစ်အစိုးအရနဲ့ ကိုယ်နဲ့က တတန်းစားတည်း ဖြစ်သွားပါလိမ့်မယ်။ တချိန်တည်းမှာ ဒီမိုကရေစီကျင့်စဉ်ကိုလည်း မျက်ကွယ်ပြုရာ ရောက်ပါတယ်။

နောက်တချက်ကတော့ အဲဒီလိုဖွဲ့မယ် ပြောနေတဲ့ နောက်အစိုးရအသစ်ထဲမှာ အခုနယ်စပ်မှာ ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်က အဖွဲ့ဝင်တွေပါမယ်ဆိုရင် ပြည်တွင်းအဖွဲ့ချုပ် ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်ထုဆီက ပါဝင်လိုက ပါဝင်နိုင်တဲ့အကြောင်း တရားဝင်ခွင့်ပြုချက်ကို ရထားပြီးပြီလား ဆိုတာလည်း စဉ်းစားဖို့လိုပါတယ်။ ပြည်တွင်းဦးဆောင်မှုက ခွင့်မပြုဘဲ ဒီနယ်စပ်က အဖွဲ့ချုပ်ဝင်တွေ အစိုးရအသစ်ထဲ ပါလိုက်ရင် ဒီနယ်စပ်အဖွဲ့ချုပ်ဟာ တရားမ၀င်တော့ပါဘူး။ သူ့ပြည်တွင်းဌာနချုပ်ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ငြင်းပယ်လိုက်တာနဲ့ အတူတူပါပဲ။ ဒါဆိုရင် ဒီနယ်စပ်က အဖွဲ့ချုပ်ဝင်တွေကို ကျနော်တို့လို ပြည်သူများက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်က အဖွဲ့ဝင်များအဖြစ် အသိအမှတ် မပြုနိုင်တော့ပါဘူး။ စစ်တပ် စကားနဲ့ပြောရရင် နယ်စပ်အဖွဲ့ချုပ်ဝင်တွေဟာ တပ်တွင်းပုန်ကန်သူတွေ (သို့မဟုတ်) တပ်ပြေးတွေလို့ ပြောလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ မရှိတော့တဲ့ အဖွဲ့ချုပ်ဝင်တွေကို ကျနော်တို့က ဘယ်လိုဆက်ပြီး ယုံစားရတော့မှာလဲ။

ကြားရတာကတော့ အတော်ကို စိတ်မကောင်းစရာပါပဲ။ နောက်ဖွဲ့မယ့် ပြည်ပရောက် အစိုးရသစ်ထဲ ပါဝင်လိုသူတွေထဲမှာ နယ်စပ်ရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမတ်တချို့နဲ့ အမတ်မဟုတ်တဲ့ သာမန်အဖွဲ့ဝင်တွေလည်း ပါနေတယ်ဆိုတာကို ကြားနေရပါတယ်။ သူတို့က အခုလက်ရှိ ရှိနေတဲ့ ပြည်ပရောက်အစိုးရရဲ့ ဦးဆောင်မှုကို မကြိုက်တော့ဘူးလို့လည်း ဆိုကြပါတယ်။ ကိုယ့်အချင်းချင်းကြားမှာ ကြေကြေလည်လည် မဆွေးနွေးကြဘဲ ကိုယ်နိုင်ရေးအတွက် ဟိုလူကို ဆွဲထည့်၊ ဟိုတိုင်းရင်းသားခေါင်းဆောင်ကို ဆွဲသွင်း လုပ်လာကြတာ အပြုသဘော မဆောင်ပါ။ အငှားဗိုက်နဲ့ ဓားအထိုးခံသလိုမျိုးလည်း ဖြစ်နေပါတယ်။ အနိုင်ရ ပြီးစတမ်း လုပ်သလိုမျိုး ဖြစ်နေပါတယ်။ တိုင်းရင်းသားခေါင်းဆောင်များ အနေနဲ့လည်း ကိုယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မဟုတ်ဘဲ ကက်ဘိနက်အဖွဲ့ထဲမှာ နာမည်ခံ ၀န်ကြီးလုပ်ဖို့ မသင့်တော်ပါဘူး။ အဲဒီလိုကျင့်စဉ်ကို အခုလက်ခံလိုက်ရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဟုတ်တဲ့ အခြားတိုင်းရင်းသားများထဲက နောင်မှာသူတို့လည်း ၀န်ကြီးဝန်ကလေး လုပ်ချင်တယ်ဆိုပြီး ဖြစ်လာရင် ဘယ်လိုဖြေရှင်းကြမလဲ။ ရင်လေးစရာကြီးပါ။ အဲသလို ဆိုလိုက်လို့ ကျနော် ဒီစာကိုရေးနေတာ လက်ရှိ ပြည်ပရောက်အစိုးရကို ထောက်ခံလို့ ရေးနေတာမဟုတ်ပါ။

လက်ရှိ ပြည်ပရောက်အစိုးရလည်း သူမစွမ်းဆောင်နိုင်ရင် တနေ့သူ့အလိုလို ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။ တမင်တွန်းချစရာတောင် လိုမယ်မထင်ပါဘူး။

နောက်တချက်လည်း အဲဒီလို ပြည်ပရောက် အစိုးရအသစ်ဖွဲ့လိုက်ရင် မြန်မာပြည်ဒီမိုကရေစီရေးအတွက် ပိုမြန်ဆန်သွားမယ်လို့ ဘယ်သူက အာမခံမှာလဲ။ အဲဒီအစိုးရအသစ်ကြောင့် အတွင်းက ဒေါ်အောင်ဆန်းစုကြည်တို့ကို မထိခိုက်နိုင်ဘူးလား။ နိုင်ငံတကာ အစိုးရများက အဲဒီအစိုးရသစ်ကို လက်ခံပါသလားဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို မေးလာရင် အထဲက သူတို့ဘယ်လိုဖြေမှာလဲ။ ကျနော်မှတ်မိသလောက်ကတော့ ဒီစက်တင်ဘာလှုပ်ရှားမှုအပြီးမှာ တပြည်လုံးဆိုင်ရာ အသွင်ဆောင်တဲ့ တပ်ပေါင်းစုကြီးမျိုးဖွဲ့ဖို့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက အကြံပေးတာကိုတော့ ဖတ်လိုက်ရပါတယ်။ ပြည်ပရောက် အစိုးရအသစ်ဖွဲ့ဖို့ ဆိုတာမျိုးတော့ သူလည်း အကြံမပေးဖူးပါဘူး။ ပြည်တွင်းက အထင်ကရ နိုင်ငံရေးခေါင်းဆောင်များကနေပြီး အစိုးရအသစ်ဖွဲ့ဖို့ဆိုတာလည်း ပြောသံမကြားဖူးပါဘူး။

ထပ်ကြားရတဲ့ သတင်းကတော့ အဲဒီလို ပြည်ပရောက် အစိုးရအသစ်ကြီးဖွဲ့လိုက်ရင် နိုင်ငံခြား တိုင်းပြည်တွေကနေ ကူညီမယ့် ငွေတွေက အလုံးလိုက်အခဲလိုက် ရောက်လာမယ်ဆိုပြီးလည်း သတင်းပြေးနေပါတယ်။ ငွေသံကြားတော့ လောဘတက်ကြတယ်လို့ စွပ်စွဲတာကိုတော့ မကြိုက်လည်း မတတ်နိုင်ပါဘူး။ အီရတ်မှာ ငွေပုံသုံးပြီး အင်အားကြီးနိုင်ငံတွေ လုပ်နေတယ်ဆိုပေမယ့် ဒီမိုကရေစီအရိပ်တောင် မသမ်းသေးပါဘူး။ နေ့တိုင်းသွေးမြေကျနေတဲ့ အခြေအနေကိုသာ ရင်ဆိုင်နေရတာ အားလုံးအမြင်ပါပဲ။ ငွေရမှာကြောင့် အစိုးရသစ်ဖွဲ့မယ်ဆိုတဲ့ အကြံကလည်း အဆင့်နိမ့်တဲ့ အကြံပါ။ ဒါပေမယ့် သမ္မတ၊ ၀န်ကြီးချုပ်၊ ၀န်ကြီးဝန်ကလေး ရာထူးမျိုးတွေမှာ အရူးအမူး ဖြစ်နေသူတွေ ရှိနေသမျှတော့ ကျနော်တို့ မြန်မာပြည် သားတွေလည်း အစိုးရနှစ်ခုအကြားမှာ အရှက်ကွဲ ဂုဏ်ငယ်ကြရမှာ သေချာပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်အချို့ကလည်း ဒီလိုဖွဲ့ဖို့ သဘောတူတယ်ဆိုတာ အသံတွေ ထပ်ထွက်လာပြန်ပါတယ်။ ဒီလိုဆိုရင် မေးရမယ့် မေးခွန်းတွေ ပေါ်လာပါတယ်။ မဲဆောက်၊ မယ်ဟောင်ဆောင်က တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြောတာလား။ SSA တောင်ပိုင်းက ခေါင်းဆောင်ဖြစ်တဲ့ ကာနယ်ယွတ်ဆတ်က အဲဒီအစိုးရအဖွဲ့သစ်မှာ ပါမတဲ့လား။ ကိုင်း … ပါကြမယ်ပဲ ဆိုပါတော့။ အဲဒီခေါင်းဆောင်တွေက လက်နက်ကိုင် အဖွဲ့အစည်းများက ခေါင်းဆောင်တွေဆိုပေမယ့် ဒီမိုကရေစီနည်းအရ လူထုမဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တော်များ မဟုတ်ပါ။ ကျောင်းသားအဖွဲ့က ခေါင်းဆောင်တွေကိုလည်း ၀န်ကြီးချုပ်နေရာတွေ၊ ၀န်ကြီးနေရာတွေ ပေးမှာလား။ ပေးရင်ကော သူတို့က အဲဒီ့ရာထူးတွေကို ယူမလား။ ယူရင်ကော။ သူတို့လည်း လူထုက ရွေးကောက်ထားတဲ့ သူတွေ မဟုတ်ပါ။ သူတို့လူနည်းစု အဖွဲ့အစည်းအတွင်းမှာသာ ရွေးချယ်ခံထားရတဲ့ သူများသာ ဖြစ်ပါတယ်။

ဒါ့အပြင် စိုးရိမ်သောက ဖြစ်စရာတွေကလည်း ရှိပါသေးတယ်။ လက်ရှိ ပြည်ပရောက် အစိုးရဖွဲ့ပြီးတော့ ဘာမှ မကြာလိုက်ပါဘူး။ အမတ်နှစ်ယောက် စစ်အစိုးရဆီမှာ လက်နက်ချသွားခဲ့တာ မှတ်သားဖူးပါတယ်။ နောက်အတော်ကြာတော့ နောက်ထပ် အမတ်တယောက် ထပ်ပြီး လက်နက်ချတာ ကြားရပါတယ်။ တိုင်းရင်းသားအဖွဲ့တွေလည်း ငြိမ်းချမ်းရေး အမည်တပ်ပြီး စစ်အစိုးရနဲ့ ပေါင်းသွားခဲ့တာတွေ အများကြီးပါ။ လက်နက်မချသော်လည်း တတိယနိုင်ငံတွေကို ထွက်ခွာသွားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရော၊ ဗမာခေါင်းဆောင်တွေရော အများကြီးပါ။ ဒါကြောင့် အဖွဲ့အစည်းတွေပုံ ပျက်ကုန်ကြပါတယ်။

ကိုင်း အခုဖွဲ့မယ် ပြောနေတဲ့ ပြည်ပရောက် အစိုးရအသစ်ကြီးမှာလည်း ကက်ဘိနက်ဝန်ကြီး ၀န်ကလေးတွေ စစ်အစိုးရဆီကို လက်နက်ချတဲ့သူ ရှိမလာနိုင်ဘူးလို့ ဘယ်သူအာမခံမှာလဲ။ အစိုးရဖွဲ့လိုက်ပြီး ကိုယ်ထင်သလို စားပေါက်မပွတဲ့ ၀န်ကြီးဝန်ကလေးများထဲက နောက်ထပ် တတိယနိုင်ငံကို အပြီးထွက်ခွာမယ့်သူတွေ ရှိလာတယ် ဆိုရင်ကော။ ဘယ်လို လုပ်ကြမလဲ။ ဒီထက်ဆိုးတာလည်း ရှိနိုင်သေးတယ်။ ဘယ်ကိုမှလည်း အကြောင်းကြောင်းကြောင့် သွားလို့မရ။ စားပေါက်ကလည်း မချောင်တဲ့ ၀န်ကြီးဝန်ကလေးတွေက ကိုယ့်အချင်းချင်းထဲမှာ ဖြစ်နေတာတွေကို ကိုယ်မှီတင်း နေထိုင်ရတဲ့ နိုင်ငံရဲ့ ထောက်လှမ်းရေးအတွက် သတင်းပေး ဖြစ်မသွားဘူးလို့ အာမခံနိုင်သလား။ နည်းနည်း အဆင့်မြင့်တဲ့ သူတွေကတော့ သံရုံးတွေအကြိုက် လခစား သတင်းပေးတဲ့သူတွေ ဖြစ်မသွားနိုင်ဘူးလို့လည်း ဘယ်သူပြောနိုင်မလဲ။ အထူးသဖြင့် တရုတ်သံရုံးနဲ့ အိန္ဒိယသံရုံး။

အစိုးရဖွဲ့မှ စစ်အစိုးရကို တိုက်လို့ရတာ မဟုတ်ပါဘူး။ အားလုံးညီညွတ်ဖို့သာ လိုပါတယ်။ အစိုးရဆိုတဲ့အထိ နာမည်တပ်ပြီး လုပ်မှမဟုတ်ပါဖူး။ ပြန်ပြောရရင် ရင်တောင် နာလောက်ပါတယ်။ ပြည်ပရောက်အစိုးရကို လက်ခံပြီး ဖွဲ့ပေးပြီးလို့ ဘာကြာလို့လဲ ကရင်တို့ရဲ့ မာနယ်ပလောဌာနချုပ် စစ်အစိုးရလက်ထဲ ကျသွားခဲ့တာပဲ။ အခု ပြည်ပရောက် အစိုးရအသစ်တခု ထပ်ဖွဲ့လိုက်လို့ကတော့ နောက်ဆုံးကျန်နေသေးတဲ့ တမူးဖိုးတမတ်ဖိုး နေရာလေးတွေပါ ပြုတ်မသွားနိုင်ဘူးလို့ အဲဒီအစိုးရအသစ်ခေါင်းဆောင်က တာဝန်ယူမှာလား။ အစိုးရအသစ်ဖွဲ့လိုက်ရင် ရန်သူဖြစ်တဲ့ စစ်အစိုးရက ဒီအတိုင်းလက်ပိုက် ကြည့်နေမှာ မဟုတ်ဘူး စစ်ရေးအရ အကုန်ဝင်တိုက်ဖို့ နိုင်ငံရေးအခွင့်အလမ်း ရသွားနိုင်ပါတယ်။ အဲဒီလိုလာတိုက်ရင် ကိုယ်ကလက်တွေ့မှာ တကယ် ပြန်တိုက်နိုင်သလား။ စဉ်းစားစရာတွေ အများကြီးရှိပါတယ်။ ခေါင်းအေးအေးနဲ့ စဉ်းစားဖို့ တိုင်းရင်းသားရော ဗမာခေါင်းဆောင်တွေကိုပါ တိုက်တွန်းလိုပါတယ်။

နောက်ဆုံးတင်ပြလိုတဲ့ အချက်ကတော့ အခုဖွဲ့ချင်နေတဲ့ ပြည်ပရောက် အစိုးရသစ်ကြီးမှာ တိုင်းရင်းသားခေါင်း ဆောင်များလည်း ပါမယ်လို့ ကြားထားပါတယ်။ တိုင်းရင်းသားခေါင်းဆောင် အများစုဟာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေမှာ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ လက်နက်ကိုင်တယ်ဆိုရင် နိုင်ငံတကာ အကူအညီ မပေးတော့ဘူးဆိုတာ အမေရိကန်က တိုက်ကြီးနှစ်လုံး အတိုက်ခံရလို့ ပြိုကျသွားကတည်းက ပိုခိုင်မာလာတဲ့ အနောက်နိုင်ငံများရဲ့ ပေါ်လစီဖြစ်ပါတယ်။ အစိုးရအသစ်ကြီးထဲမှာ လက်နက်ကိုင်တပ်တွေ ပါနေမှတော့ ဘယ်ကငွေ အလုံးအရင်းနဲ့ လာတော့မှာလဲ။ တွက်ရေး စက်သူဌေး ဖြစ်နေမှာကို စိုးရိမ်မိပါတယ်။

အစိုးရဆိုတဲ့ နာမည်ကိုလည်း မမက်မောကြပါနဲ့။ ၀န်ကြီးချုပ်၊ ၀န်ကြီးဝန်ကလေး ရာထူးများကိုလည်း မခုံမင်ကြပါနဲ့။ မုံဆီကျော် ဘယ်နေမှန်း မသိတဲ့ အလုပ်ထက် သေချာတဲ့ လက်တွေကျတဲ့ အလုပ်များ လုပ်စရာ အများကြီးရှိပါသေးတယ်လို့ အကြံပေးပါရစေ။ တဦးနဲ့တဦး မလှည့်စားတဲ့၊ အကွက်မရိုက်တဲ့၊ မက်လုံးမပေးတဲ့ ညီညွတ်ရေးမျိုး တည်ဆောက်ကြပါလို့ ထပ်မံတိုက်တွန်းပါတယ်။

အင်း … သူများကို ပြောရင်းပြောရင်းနဲ့ ကက်ဘိနက်အဖွဲ့ဆိုတာကို ကိုယ်တိုင်တောင် ခံတွင်းတွေ့လာသလိုပဲ။ စိုင်းအိမ်မွဲတို့လည်း ၀န်ကြီးတနေရာလောက် (အဲလေ … ယောင်လို့) ၀န်ကလေး တနေရာလောက်များရရင် မောတို့ဌာနေကို ကိုယ်စားပြုပြီး လုပ်စမ်းကြည့်ချင်တယ်။ တိုင်းပြည်အတွက် ပြောတာပါ။ အဲဒီအခါကျရင် ဒီစာကိုလည်း ပြန်ရုပ်သိမ်းပေးပါ့မယ်လို့ …။

စိုင်းအိမ်မွဲ

ဖြည့်စွက်ဆွေးနွေးချက် ။ ။ ဤဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ကြောင်း ဦးစွာပြောကြားလို ပါသည်။

ဤဆောင်းပါးနှင့် စပ်လျဉ်း၍ ကျနော်၏ အမြင်ကို အနည်းငယ် ဖြည့်စွက် ဆွေးနွေးချင်ပါသည်။ ကျနော်၏ သဘောထားကို ဆွေးနွေးရလျှင် စင်ပြိုင်အစိုးရဖွဲ့၍ ထိပ်တိုက်ရင်ဆိုင်ခြင်း ဆိုသည်ကို စစ်အစိုးရ ဖြုတ်ချရေးအတွက် အသုံးဝင်မည့် နည်းဗျူဟာတရပ်အဖြစ် လက်ခံပါသည်။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်း အောင်မြင်နိုင်ချေ နည်းပါးမှုနှင့် နအဖ၏ လမ်းပြမြေပုံအစီအစဉ်ကို လက်မခံနိုင်ခြင်းတို့ကြောင့် ဤထိပ်တိုက်ရင်ဆိုင်ခြင်း နည်းလမ်းကို စဉ်းစားရခြင်း ဖြစ်ပါသည်။ သို့သော် ပြည်တွင်း၌ စင်ပြိုင်ဖွဲ့၍ ထိပ်တိုက်ရင်ဆိုင် စိန်ခေါ်မှသာလျှင် အကျိုးထူးမည်ဟု ထင်မြင်မိပါသည်။ ထိုသို့ အစိုးရဖွဲ့မည့် အုပ်စုအနေနှင့် စင်ပြိုင်ဖွဲ့ရသည့် ရည်ရွယ်ချက်အား အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ၊ ပြည်တွင်းပြည်ပ အင်အားစုအသီးသီးနှင့် နိုင်ငံတကာက ထောက်ခံအောင် ကြိုတင်အသိပေး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့လိုမည်ဖြစ်ပါသည်။ (စင်ပြိုင်ဖွဲ့ရာတွင် အများကလက်ခံသည့် ပုဂ္ဂိုလ်များ ပါဝင်ရန်နှင့် လုံခြုံသည့်နေရာမှ စိန်ခေါ်ကြေညာရန်လည်း အထူးအရေးကြီးသည်ဟု မြင်ပါသည်)

ထိုသို့ ပြည်တွင်းပြည်ပ အင်အားစုအားလုံး၏ တညီတညွတ်တည်း ထောက်ခံမှုကို ရရှိအောင် ကြိုးပမ်းပြီးလျှင် နအဖစစ်အုပ်စုအား သူပုန်အုပ်စုအဖြစ် ကြေညာ၍ ကုလသမဂ္ဂထံ စစ်ရေးအရ ကြားဝင်အကူအညီပေးဖို့ အလျင်အမြန် တောင်းခံရပါမည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံအကျဉ်းသားများကို လွတ်မြောက်ရေးကို လုပ်ဆောင်ရပါမည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာလျှင် အားလုံးပါဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုမှတဆင့် အများသဘောတူလက်ခံသည့် ညွန့်ပေါင်းအစိုးရသစ် ထပ်မံဖွဲ့စည်းဖို့ လိုမည်ဖြစ်ပါသည်။ ထိုညွန့်ပေါင်းအစိုးရမှတဆင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေးဆီသို့ ဦးတည်ရမည် ဖြစ်ပါသည်။ (ပြည်ပအင်အားစုများအနေနှင့် ကြေညာမည့် စင်ပြိုင်အစိုးရဖွဲ့ကို အားလုံးက ထောက်ခံမှုပြုအောင်သာ ၀ိုင်းဝန်းစည်းရုံးလှုံ့ဆော်ပေးသင့် သည်ဟု ရိုးသားစွာ ထင်မြင်မိပါသည်။)

ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့...

မြန်မာမှု မြန်မာ့ဟန် ပန်းချီဆရာ ရွှေစိုးဟန် ကွယ်လွန်

(၄၇)နှစ်မြောက် ကချင်အမျိုးသားနေ့အတွက် SYCB မှ ပေးပို့သည့် သ၀ဏ်လွှာ

အပြည့်အစုံသို့...

တပ်မတော်နေ့ အထိမ်းအမှတ် ချီးလေးချီး ခွေးရောင်စုံအငြိမ့် ကပြဖျော်ဖြေမည်

(ပြည်တွင်းမှ ရဲဘော်များ၏ တောင်းဆိုချက်အရ တတိယအကြိမ် ပြန်လည်တင်ဆက်ပေးခြင်း ဖြစ်ပါသည်)
တပ်မတော်နေ့ အထိမ်းအမှတ် ချီးလေးချီး ခွေးရောင်စုံအငြိမ့် ကပြဖျော်ဖြေမည်

၂၀၀၈ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၆၃)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတ၀န်းလုံးရှိ တိုင်းနှင့်ပြည်နယ် မြို့ကြီးအသီးသီးတွင် မတ်လ(၁)ရက်နေ့မှ (၃၁)ရက် နေ့အထိ ကျွန်ုပ်တို့၏ “ချီးလေးချီး ခွေးရောင်စုံအငြိမ့်” လှည့်လည်ကပြ ဖျော်ဖြေမည်ကြောင်း တိုင်းရင်းသားပြည် သူလူထု အပေါင်အား အသိပေး ကြေညာအပ်ပါသည်။

သို့ဖြစ်ပါ၍ အများပြည်သူတို့ သိရှိဝမ်းမြောက်စေရန်အလို့ငှာ ကျွန်ုပ်တို့၏ အထက်ပါ ချီးလေးချီး ခွေးရောင် စုံအငြိမ့် ကြော်ငြာပိုစတာများကို …

(၁) နိုင်ငံတ၀န်းလုံးတွင် ပိုစတာကမ်းပိန်းများ နေရာအနှံ့ ပြုလုပ်ခြင်းဖြင့်လည်းကောင်း
(၂) နိုင်ငံတ၀န်းလုံးရှိ ရုံးများ၊ ကျောင်းများ၊ ဈေးများ၊ ကားများ၊ လူစည်ကားရာ နေရာအနှံ့တွင် စတစ်ကာ ကမ်းပိန်များ ပြုလုပ်ခြင်းဖြင့်လည်းကောင်း
(၃) နိုင်ငံတ၀န်းလုံးတွင် ကြော်ငြာဓာတ်ပုံများ ကူးယူ ဖြန့်ဝေ ကျဲချခြင်းဖြင့်လည်းကောင်း …

ပြည်သူလူထု တရပ်လုံးအနေနှင့် မိမိတို့၏ အသိစိတ်ဓာတ်နှင့်မိမိ စောနိုင်သမျှ စောစော ကူညီလုပ်ဆောင် ပေးကြပါရန် ကျွန်ုပ်တို့ ချီးလေးချီး ခွေးရောင်စုံအငြိမ့် အဖွဲ့သားများက လေးစားစွာ အကူအညီ တောင်း ခံအပ်ပါသည်။ ချီးလေးချီး ခွေးရောင်စုံအငြိမ့် ကြော်ငြာပို စတာပုံများ အလိုရှိပါက အင်တာနက် မြန်မာ ၀က်ဘ်ဆိုက်များ၊ မြန်မာဘလော့ စာမျက်နှာများတွင် DOWNLOAD လုပ်ပြီး ရယူနိုင်ပါကြောင်း အသိပေး အပ်ပါသည်။

ပြည်သူ့မေတ္တာကို အစဉ်ထာဝရ ခံယူလျက် …
ချီးလေးချီး ခွေးရောင်စုံအငြိမ့် အဖွဲ့သားများ

ခေါင်းဆောင်မင်းသမီး - အော့ကြောလန် ကြိုင်ကြိုင်
လူရွှင်တော် - လချီး သန်းရွှေ
လူရွှင်တော် - ခွေးချီး မောင်အေး
လူရွှင်တော် - ၀က်ချီး ရွှေမန်း
လူရွှင်တော် - ကြွက်ချီး သိန်းစိန်

အပြည့်အစုံသို့...

Monday, February 4, 2008

ရမ်ဘိုခွဲသွားသော အသည်းများ

ရမ်ဘိုခွဲသွားသော အသည်းများ
ကိုမွှေး

ဒိုင်းညောင့် ... ဒိုင်းညောင် ... ဒိုင်းညောင့် ... ဒက် ... ဒက် … ဒက် ...ဒက်..... ဒဂီးညို့ ... ဒဂီးညို့ ... ရွှီး ... ဖြောင်း ... ၀ုန်း ... အုန်း ... ဒုန်း ...။ လက်ထဲက ပြောင်းဖူးပေါက်ပေါက်တောင် ပါးစပ်ထဲ မှားသွင်းမိမတတ် ... ပွိုင့်ဖိုက် သေနတ်ကြီးဖြင့် ပစ်နေသော ဦးရမ်ဘိုကြီး ...။ ကျနော့် ညီလေးလို ခင်မင်ရသော မ.က.ဒ.တ ရဲဘော်တစ်ဦး ဂျီသရီး ထိမှန်ပြီး သူ့ကတုတ်ကျင်းလေးက ငြိမ်သက်သွားသော သေနတ်သံ ...။ သံလွင်ချောင်းဘေးက တိုင်းရင်းသူလေးအလောင်း ...။

မုဒိမ်းကျင့်ခံရသဖြင့် ယောင်ကိုင်းစုတ်ပြတ်နေသော ပေါင်နှင့် ဆီးခုံလေးများ ... ညှိုးငယ် ရှက်ရွံ့ရင်း ဘာကိုမှ မယုံကြည်နိုင်တော့သော စိတ်ဖြင့် မျက်ရည်တလည်လည်နှင့် အံတင်းတင်းကြိတ်ရင်း ဆေးမှူး ဆေးထည့်ပေး နေသည်ကို မျက်နှာလွှဲ ငိုယိုနေသော ရှမ်းမလေးများ ... ကယားမလေးများ … ကရင်မလေးများ ... မွန်မလေးများ ...။

ငွေရောင်ပိတ်ကားပေါ်မှ လှုပ်ရှားကွက်တွေသည် ကျနော့်အာရုံတွင် ထင်ရှားတလှည့် မှောင်ရီတခါဖြင့် ... အာရုံပိတ်ကားပေါ်က ကိုယ်တိုင် ဖြတ်သန်းနာကျင်လာခဲ့ရသော အတိတ်ဖြစ်ရပ်များဖြင့် ပြကွက်တို့ ရောယှက်သွားတော့၏။

ကျနော် ရုပ်ရှင်မကြည့်ခင် မြန်မာအင်တာနက် စာမျက်နှာများအား ဖတ်လေ့ရှိသည့်အတိုင်း ၀င်ဖတ်တော့ အသည်းနာ ကြေကွဲ မမြင်ရဲ နာကျင် ဖီလင်တွေ တက်နေသည့် အရေးအသားတစ်ခုအား နောင်တော်တယောက် ရေးထားသဖြင့် ကြည့်ရမည်ကိုတော့ နည်းနည်း ခြေတွန့်ဖင့်နွှဲနေခဲ့မိသည်။ လေးလည်းလေးစား၊ အထင်လည်း အင်မတိ အင်မတန်ကြီး၊ အားလည်း အားကိုးမိသော နောင်တော်၏ အရေးအသားများကလည်း ကျမ်းကိုးကျမ်းကားဖြင့် ခမ်းနားလှဘိခြင်း ...။

ကျနော် ပညာတတ်တစ်ယောက် မဟုတ်ပါ။ ကျနော် ရုပ်ရှင်များများ မကြည့်ဖူးပါ။ ကျနော် ရမ်ဘိုရုပ်ရှင်ကားများအား ကလေးကြိုက်ရိုက်ကူးသော ခပ်ကြမ်းကြမ်း လှုပ်ရှားမှုအသားပေး ဇာတ်ကားများအဖြစ်သာ အကြမ်းဖျင်း သိရှိထားပါသည်။သို့ သော် သည်တခါတော့ ကိုယ့်တိုင်းပြည် အကြောင်းပါသည့်အတွက် သွားကြည့်မည်ဟု ဆုံးဖြတ်ကာ အဖော်မပါ တယောက်ထဲ သွားကြည့်ဖြစ်ရင်း ရမ်ဘိုကားနှင့်အတူ စိတ်အာရုံထဲမှ ဖြတ်သန်းခဲ့ရသော ပုံရိပ်များအား တပါတည်း မြင်ယောင်မိပါသည်။

တကယ်တော့ ရမ်ဘိုကားထဲကလို န.အ.ဖ စစ်တပ်သည် အပင်ပန်းခံကာ ကျေးရွာပြည်သူလူထု၏ အလောင်းများအား ကြိုးဆွဲချကာ မထားခဲ့ပါ။ မြေကြီးတွင်ပင် ခွေးသေ၀က်သေ ထားခဲ့ပါသည်။ ဒီတင်ပြပုံက နည်းနည်း န.အ.ဖ ကို အပျင်းမကြီးသော လူသတ်သမားအဖြစ် မြင်ထားသည်ထင့် ...။ န.အ.ဖ က ကျနော့် ရဲဘော်ရဲဘက် တယောက်အား မသေမရှင် ရင်ကိုခွဲကာ အသည်းကို ထုတ်ပြီး ပေါင်းလောင်းနှင့် ညောင်လေးပင် ဒေသ ကျေးရွာလူထုအား ပြခဲ့သည့်အဖြစ်မျိုးကို သူတို့ မသိနိုင်ကြသဖြင့် မပါလာသေးပါ။

တရွာလုံးကိုဖမ်း ယောင်္ကျားများကို ရွာပြင်တွင်ချုပ်၊ မိန်းမများကို ဆယ်နှစ်သမီး ကလေးငယ်မှ ခြောက်ဆယ်ကျော် အဖွားကြီးအထိ ဘုန်းကြီးကျောင်းများ ဘုရားကျောင်းများပေါ်တွင် စိမ်ပြေနပြေ မုဒိမ်းကျင့်ခဲ့သည့် အခန်းများ မပါပါ။ တော်တော် လိုနေပါသေးသည်။

တမြန်နေ့က ဘလော့တခုကို မိတ်ဆွေတယောက်က ပြသဖြင့် သွားကြည့်မိသည်။ ထိုဘလော့တွင် ရေးသားထားသော ရမ်ဘိုအကြောင်းကိုလည်း ဖတ်ရပြန်ပါသည်။

ထိုဘလော့ဂါ ဘာကို ဆိုလိုချင်သည်မသိ။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလ မတိုင်ခင်ကတည်းက တည်ရှိနေသော သူ့ဘလော့တွင် တချက်ကလေးမျှ သူ မရေးသားခဲ့။ တချက်ကလေးမျှ န.အ.ဖ စစ်အာဏာရှင်၏ ဆိုးယုတ် မောက်မာ ပက်စက်သော လူသတ်ကွင်းကို မဝေဖန်ခဲ့။ အော် တကယ်လုပ်ပြလို့ ရုပ်ရှင်မဟုတ်သဖြင့် မဝေဖန်ခဲ့ခြင်းများလား...။ ဆက်မတွေးလိုတော့ ဉာဏ်မမီသဖြင့် မတွေးတာဘဲ ကောင်းသည်။ ဘလော့ဂါကိုယ်တိုင် သိမယ့်ကိစ္စများ ဖြစ်ပါလိမ့်မည်။

ရမ်ဘိုသည် ဟောလိဝုဒ်မှ တင်ပြသော ဇာတ်ကားဖြစ်သည်။ ဟောလိဝုဒ်သည် ငွေကို ရုပ်ရှင်အနုပညာဖြင့် ရှာသော သူများ၏ ရပ်ဝန်းဖြစ်သည်။ ဒီတော့ သူတို့အနေဖြင့် ငွေရှာကြခြင်းဖြစ်သည်။ အမှန်တရားပေါ် အခြေခံသည့် စိတ်ကူးယဉ် ဇာတ်လမ်းဖြစ်သည်။ သို့သော် စိတ်ကူးယဉ် သူရဲကောင်းဇာတ်လမ်းထဲတွင် တကယ့်ဖြစ်ရပ်များဖြစ်သော သံဃာတော်များအား ရိုက်ပုတ်သတ်ဖြတ်သော ပြကွက်များ နယ်စပ်ဒေသ တိုင်းရင်းသားများအား သုတ်သင်သတ်ဖြတ်သော ပြကွက်များကတော့ အမှန်တရားများ ဖြစ်သည်။ ထိုအမှန်တရားများအတွက်ရော အသည်းကွဲကြပါသလား ...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရပါတီ အစိုးရဖြစ်ရမည့်ပါတီ (အတိုက်အခံ မဟုတ်ပါ၊ အတိုက်အခံဆိုသော ဝေါဟာရသည် နိုင်ငံရေးပါတီ နှစ်ရပ်ကြားတွင်သာ ရှိသည်)၏ စည်းရုံးရေးခရီးစဉ်
တွင် န.အ.ဖ ၏ ယုတ်မာရက်စက်စွာ လုပ်ကြံသတ်ဖြတ်ချက်များ ...၊ စက်တင်ဘာတွင် သံဃာတော်များနှင့် လူထုတရပ်လုံးအား သေနတ်ဖြင့်ချိန်ကာ ရိုက်နှက်သတ်ဖြတ်ခြင်းများအတွက် အသည်းကွဲကြပါသလား ...။

နှစ်နှစ်ဆယ်ဝန်းကျင် ဗိုလ်ကျအနိုင်ကျင့် ယုတ်မာရက်စက်နေသော န.အ.ဖ တပ်ဖွဲ့ဝင်တို့  စိတ်ကူးယဉ် ဇာတ်လမ်းလေးတခုတွင် တကယ်မဟုတ်သည့် ပစ်ခတ်သရုပ်ပြမှုလေးကိုပင် အသည်းကွဲနေကြသည် ဆိုလျှင်ဖြင့် ...။

“အသည်းကွဲ ... နေရမလား ... အသည်းကွဲ နေရမလားကွယ် ... ငါ့ကိုချစ်ရင် မနမ်းပါနဲ့ ... မျက်ရည်များနဲ့ မနမ်းပါနဲ့ ....” ဟူသော ကော်ပီသီချင်းဟောင်းတခုကို ဆိုရင်း ရုပ်ရှင်ရုံထဲမှ ထွက်လာခဲ့မိပါတော့သည်။

ကိုမွှေး

အပြည့်အစုံသို့...

Sunday, February 3, 2008

အကြံပြုပေးစာ

Dear Sayar Ko Lun Swe,

I was thinking why are the protesters so quiet again, I mean international protesters. We shouldn't be quiet that long and just writing on blogs, I think we need to keep make noise if we don't agree something recently like the SPDC kick out the UN guy, I think we shouldn't stay quiet, I think we should shout out loud that we don't agree it, not only on it, we watch their visible steps and keep shouting whenever they act wrong again no metter what, they are just pretending like they don't care, I'm sure they care especially now.

I don't know very much, but the monks in PKU and kids from Sittwe (I'm sure they are pushed by some parents), did excellent. We don't have to rise up from the same place and everyday, but one city after another, I mean we can still do like ‘mon lone yae paw’, here and there, just to keep them restless, just like monks in pku, we still need to do. And I think they won't shoot that fast. But we have to keep them tired, and let them aware of that people can rise up from every corner, informally and won't be resting and back off.

Like the others says, we have to oppose in every single way that we can effort, disturbing in everything, including like nails under their cars, rubbish or rubber snakes in their drawers, byauk ouu under their tables.

Just don't let them rest, keep them tired and sick, make them depress. I don't think they can effort to watch for every corner, I doubt it, but how would we organize?? I don't know, if someone can instruct me to teach people, the ways. I'll do that. And if we can keep people NOT to work, even though they go work, that'll cost them a lot too. But, how? We need the good ideas to make people to corporate. Even loud Buayk will keep them tired, they will depress, if people keep annoy them from every corner.

We have to let them feel, how much we hate them, they have to pay for it. And the other thing I want to suggest the people who might get arrested,we don't have to tell them everything truth, the NA AH PHA is being cheating to us in many ways, we have to smart in dealing with them, just cheat them back like them, just to free from their bloody hands, bcz we can't waste our energy and strength in the cheater's hands, we have to go out to keep going, just like Poland people, they learn from their government, the people cheat government back, pretend like they will be the government people, make themselve "GOOD THUGS"of protesters, staying in government society, to get information, and and report back to the underground protesters, just like operators, bcz, as we know this is a long battle, we have to plan ahead alot, from now on.
Well,may be my ideas aren't good enough, we have to organize and request all ideas,soft and rough, hiding or open and discuss plan with different ways to fight back, not only one after another, with different ways from different patterns at the same time as much as we can.

Kyan mar pyae sone per sayy.
Truly,
Mya Moe Swe

အပြည့်အစုံသို့...

ယုံကြည်ချက်နဲ့ ယုံကြည်ရာ

ယုံကြည်ချက်နဲ့ ယုံကြည်ရာ
မကြည်ကြည်လွင်

မနေ့ညနေရုံးဆင်းလို့ အိမ်အပြန် ဘတ်စ်ကားပေါ်ကဆင်းတော့ သူနာပြုဝတ်စုံဆင်တူနဲ့ ကျမရှေ့က ဖြတ်လျှောက်သွားတဲ့ ကလေးမလေး နှစ်ယောက်ကိုတွေ့တော့ အတွေးတခု စိတ်ထဲမှာ ဖြတ်ကနဲ ပေါ်လာပါတယ်။ သူတို့လို သူနာပြု အကူဝတ်စုံ ဆင်တူဝတ်ထားတဲ့ ကလေးမလေးတွေကို မြင်မိတဲ့အခါတိုင်း အတွေးပါပဲ။ ဗိုလ်ချုပ်လမ်းပေါ်က သူနာပြုသင်တန်းရှေ့၊ ဆေးရုံကြီးရှေ့နဲ့ ရွှေဘုံသာလမ်းတ၀ိုက်မှာ အမြဲတန်းလိုလို သူတို့ကို မြင်ရတတ်ပါတယ်။ အရွယ်လေးတွေကလည်း မတိမ်းမယိမ်း အသက်လေးတွေကလည်း ရှိလှ ၁၈၊ ၁၉၊ ၂၀ ပေါ့။ အဲဒီအသက်အရွယ် လူငယ်လေးတွေရဲ့ အသွင်သဏ္ဍန်ဟာ လွတ်လပ်ပေါ့ပါးပြီး ယုံကြည်ချက်အပြည့်နဲ့ လန်းလန်းဆန်းဆန်း ရှိနေရမှာမဟုတ်လား။

ဒါပေမယ့် ကျမအမြင်တော့ နုပျိုနေတဲ့ သူတို့လေးတွေမှာ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်နဲ့ လှုပ်ရှားနေတဲ့ ပုံစံတွေမဟုတ်ဘဲ၊ ယုံကြည်ရာကို လုပ်ရမှာမို့ လုပ်ဆောင်လှုပ်ရှားနေကြတဲ့ ပုံစံတွေပါပဲ။ စိတ်အားထက်သန်မှုတွေ မပေါ်လွင်တဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို ကြည့်ရင်းက ကျမရဲ့ရင်ထဲက အတွေးတစဟာ ယုံကြည်ချက်နဲ့ ယုံကြည်ရာဆိုတဲ့ စကားနှစ်လုံးအပေါ် ခွဲခြမ်းစိတ်ဖြာ နေမိပါတယ်။ ကျမမှတ်မိသလောက် လွန်ခဲ့တဲ့ ၃ - ၄ နှစ်လောက်ကစလို့ (၁၀)တန်းအောင်ပြီးတာနဲ့ သူနာပြု အကူသင်တန်း တက်ပြီးရင် အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း အကူအညီ ဒါမှမဟုတ် ပွဲစားနဲ့ ဆက်သွယ်ပြီး စင်္ကာပူနိုင်ငံက လူအိုရုံလို နေရာမျိုးတွေမှာ အလုပ်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မိန်းကလေးအများစု (တချို့ ယောက်ကျားလေး အနည်းအကျဉ်းတောင် ပါတတ်ပါသေးတယ်) က သူနာပြု အကူသင်တန်းတွေတက်၊ ကိုယ်ပိုင်ဆေးရုံတွေ ဆေးခန်းတွေမှာ အလုပ်သင် အတွေ့အကြုံရယူပြီး စင်္ကာပူမှာသွားပြီး အလုပ်လုပ်ကြရမယ်လို့ ရည်မှန်းချက် ထားကြတာတွေ ကြားသိနေခဲ့ရပါတယ်။ အများစုကတော့ တက္ကသိုလ်ကို အချိန်ကုန် ငွေကုန်မခံနိုင် ဆက်မတက်နိုင်တော့လို့ရယ်၊ မြန်မာပြည်မှာ အလုပ်လုပ်ရင် (၁၀)လ တနှစ်လုပ်မှရမယ့် လစာငွေက အဲ့ဒီနိုင်ငံခြားဆိုတဲ့ နေရာမှာလုပ်ရင် တလစာပဲရှိတာမျိုးဆိုတော့ မက်မောစရာပေါ့လေလို့ တွေးပေးမိပါတယ်။ ဒါပဲ သူတို့ရဲ့ထွက်ပေါက် သူတို့ရဲ့မျှော်လင့်ချက် သူတို့ရဲ့ ယုံကြည်ရာဖြစ်နေတယ်လို့ ခံစားမိတယ်။

အဲဒီတချိန်ထဲမှာပဲ ယုံကြည်ချက်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုပါ တွေးမိနေတယ်။ ကျမအထင်တော့ ယုံကြည်ချက်ဆိုတာကို တွေးမိရင်တောင် ကိုယ့်ကိုကိုယ် ပိုပြီးအားရှိလာသလိုလို ဒီစကားလုံးကပဲအင်အားတွေ ပြည့်နေသလို ခံစားမိတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်လာမယ့် ဒီလူငယ်လေးတွေမှာ ယုံကြည်ချက် ရှိသလားလို့ မေးချင်စိတ်တွေ ပေါ်လာပါတယ်။ ပထမဆုံး မိမိကိုယ်ကို မိမိ ယုံကြည်ကြပါသလား၊ ဘယ်လိုကိစ္စမျိုးကို လုပ်ရမယ်၊ လုပ်သင့်တယ်ဆိုတဲ့ အဆုံးဖြတ်မျိုးတောင် မိမိကိုယ်တိုင် ယုံကြည်ချက်အပြည့်နဲ့ ဆုံးဖြတ်နိုင်ကြပါသလားဆိုတာ တွေးနေမိတယ်။

ဒီနေ့ခေတ်လို့ပြောရမယ့် ပစ္စုပ္ပန်ကာလမှာနေကြတဲ့ သူတွေရဲ့အမြင်ဟာ ကျဉ်းမြောင်းပြီး တကိုယ်ကောင်း ဆန်တယ်လို့ပြောရင် ကျမကို အဆိုးမြင်ဝါဒသမားလို့ ပြောကြမှာ အသေချာပါပဲ။ ကျမက အမြဲတမ်း ဘတ်စ်ကားစီးတဲ့ သူပါ။ ကိုယ်သွားလာလှုပ်ရှားတဲ့ ပတ်ဝန်းကျင်ကိုလည်း အမြဲသတိထားကြည့်တယ်။ အရင်တုန်းက လောကနီတိတို့၊ ၃၈ ဖြာမင်္ဂလာတို့၊ ကိုယ်ချင်းစာတရားတို့၊ ယဉ်ကျေးဖေါ်ရွေမှု၊ အားနာမှုတွေနဲ့ ပြည့်နေတဲ့ မြန်မာလူမျိုးဆိုတာ ဘယ်လိုနေသေးလဲ အဲဒီလူ့ကျင့်ဝတ်တွေ ကိုယ်ချင်းစာတရားတွေ အားနာမှုတွေ၊ ယဉ်ကျေးဖေါ်ရွေမှုတွေရဲ့ အခြေအနေကို အမြဲသတိထားကြည့်မိတော့မှ အော် မြန်မာတွေ ရွှေမြန်မာတွေလို့ အော်နေတဲ့ အဆင့်ပဲ ရှိတော့တာကိုး ဟန်ပဲရှိတော့တဲ့ မြန်မာတွေလို့ မြင်မိတယ်။ အဲဒီလို စိတ်ဓာတ်တွေ ပျက်ပြားလာရတဲ့ ပြဿနာတွေဟာ လူတိုင်းလူတိုင်း မိမိတို့ရဲ့ နေ့စဉ်ကြုံတွေ့ခံစားနေရတဲ့ စားဝတ်နေရေး မပြေလည်မှုတွေက ၅၀ရာခိုင်နှုန်း ဖြစ်နေတာတွေရယ် နောက်တခုက မဖွံ့ဖြိုးတဲ့ ပညာသင်ကြားရေးစနစ်နဲ့ လူနေမှုစနစ် နိမ့်ကျမှု၊ အမျိုးသားနိုင်ငံရေးအသိ နည်းပါးမှုတွေကြောင့်လို့ပဲ ထင်တယ်။

တချိန်က အရှေ့တောင်အာရှမှာ ချမ်းသာတဲ့ ကျမတို့ နိုင်ငံ၊ တိုင်းပြည်ကထွက်တဲ့ သယံဇာတတွေ စားသောက်ကုန်တွေကို ပြည်တွင်းမှ စားသုံးသူ ဖူလုံအောင်စားပြီး ပိုလျှံမှ နိုင်ငံခြားပို့ကုန်အဖြစ် ရောင်းတဲ့အတွက်၊ လစာနည်းဝန်ထမ်း၊ လက်လုပ်လက်စား အလုပ်သမားစတဲ့ ၀င်ငွေနည်း လူတန်းစားတွေလည်း သူ့အထိုက်လျောက်နဲ့သူ စားနိုင်နေနိုင် ရပ်တည်နိုင်ခဲ့တယ်။ တိုင်းပြည်မှာရှိတဲ့ ငွေကြေးလည်း တန်ဘိုးရှိရှိ အသုံးခံတယ်။ အခုတော့ တိုင်းပြည်က ထွက်သမျှ သယံဇာတတွေ၊ စားသောက်ကုန်တွေ နိုင်ငံခြားပို့၊ ငွေရှိတဲ့ ကုန်သည်က လုပ်ပိုင်ခွင့်နဲ့ အာဏာရှိတဲ့ အရာရှိဆိုးတွေကို ချဉ်းကပ်ပေးကမ်းပြီး သူ့အတွက်သူ ကုန်ပစ္စည်းအတွက် ၀င်ငွေပိုရမယ့်အရေး ကြံဆောင်တယ်၊ လုံလစိုက်တယ်၊ ကိုယ့်တိုင်းသူပြည်သားတွေရဲ့ အရေး နည်းနည်းတောင် ထည့်မတွေးဘူး။

အဓိက က ပြည်တွင်းမှာ ရောင်းလို့ ၁၀ ကျပ်ပဲ ရမယ့်အစား ပြည်ပပို့တော့ တစ်ဒေါ်လာ ရတယ်။ သူဒီလိုပဲ တွက်တာပေါ့၊ ကုန်သည်က ၀ိသမလောဘဖြစ်ပြီး မိမိတိုင်းပြည်နဲ့ လူမျိုးကို မငဲ့ညှာဘဲ လောဘတက်နေသူတွေကို ဟန့်တားရမယ့် တာဝန်ရှိပါရဲ့နဲ့ တားနိုင်တဲ့ အာဏာလည်းရှိရဲ့နဲ့ ပုလင်းတူဘူးစို့လုပ်ပြီး ပါမစ်ထုတ်ပေး၊ ရောင်းခွင့်ပေးပြီး ကိုယ့်အိတ်ထဲ ထည့်ဘို့ ကိုယ့်တဘို့ထဲ ကြည့်တဲ့ လုပ်ပိုင်ခွင့်ယူထားတဲ့ အာဏာရှင်အတ္တသမားတွေ ပေါင်းမိတဲ့အခါမှာတော့ ပြည်သူတွေမှာ ငတ်လို့နေနေ မစားနိုင်လေ သေပစေလို့ မမြင်ဟန် မကြားဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကျိုးစီးပွား တခုပဲကြည့်ပြီး၊ မတရားလုပ်နေသူတွေက မတရားချမ်းသာ၊ ၀င်ငွေနည်းလူတန်းစား လက်လုပ်လက်စားများမှာတော့ မသေရုံတမယ် စားနေရကြရတာလား။

နောက်အကျိုးဆက် တခုကတော့ အကျင့်ပျက်ဝန်ထမ်းတွေ များလာတာလည်း အဲဒီ စားဝတ်နေရေးပဲပေါ့။
အကျင့်ပျက် ၀န်ထမ်းတွေများနေတာ ရှိနေတာ မသိလို့မှ မဟုတ်ဘဲ။ တမင်တကာကို မသိကျိုးကျင်ပြုပြီး တဖက်လှည့်နဲ့ အားပေးအားမြှောက် ပြုပေးနေကြတယ်ဆိုတာ အများပြည်သူတွေ အသိပဲမဟုတ်လား။ ဒီလိုအကျင့်ပျက်တဲ့ သူတွေများလာမှ အားနည်းချက်ကို နင်းပြီး အာဏာကို ဆက်လက် ချူပ်ကိုင်တည်မြဲနိုင်မယ်လို့ အာဏာရှင်တွေ တွေးပုံပေါ်တယ်။

တိုင်းပြည်တပြည်ရဲ့ အစိုးရလို့ခေါ်တဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်တဲ့ အဓိကသော့ချက်က ၀န်ကြီးဌာနပေါင်းစုံမှာ အမှုထမ်းနေတဲ့ ၀န်ထမ်းတွေက ဒေါက်ထောက်ပေးထားလို့ပါပဲ။ အခု တနိုင်ငံလုံးမှာရှိနေတဲ့ ၀န်ကြီးဌာနပေါင်းစုံက ၀န်ထမ်းတွေ တညီတညွတ်တည်း စည်းစည်းလုံးလုံးနဲ့ ရပ်တည်ပြီး မိမိတို့ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သက်ဝင်တဲ့ နိုင်ငံမှာ ဗုဒ္ဓရဲ့သားတော်၊ သာသနာ့အကျိုး ရွက်ဆောင်နေကြတဲ့ သံဃာတော်တွေ အေးချမ်းစွာ မေတ္တာပို့ ပရိတ်ရွတ်နေတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို လူမြင်ကွင်းမှာရော ၊ ညဥ့်နက်သန်းကောင် အချိန်တွေမှာရော ရိုင်းရိုင်းစိုင်းစိုင်း ရက်ရက်စက်စက် မတရားရိုက်နှက် ဖမ်းဆီးခဲ့တာတွေ၊ သံဃာတော်တွေရဲ့ ကျောင်းတွေကို စစ်ဆင်ရေးအသွင်နဲ့ အကြမ်းဗရမ်း ၀င်ရောက် ဓားပြတိုက်ဖျက်ဆီးလုယက်ခဲ့တာတွေ ရှိခဲ့တဲ့အတွက် အဲဒီအဖြစ်ပျက်ကို ဖန်တီးအမိန့်ပေးခဲ့တဲ့ စစ်အစိုးရ (တကယ်တော့ သူတို့ကို ဘယ်သူမှ ၀မ်းပန်းတသာ လက်ခံခဲ့တာ မဟုတ်ပါဘူး)ကို ဆန့်ကျင် သပိတ်မှောက်ခဲ့ကြမယ်ဆိုရင် ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်နီးပါး အချိန်ကို ထည့်မတွက်နဲ့ဦး၊ သူတို့ ဘယ်လောက်ထိ ရပ်တည်နိုင်မလဲ၊ ၁၀ ရက်လောက်ပဲ သပိတ်မှောက်ကြည့်လိုက် သူတို့ယန္တရားကြီး မလည်ပတ်နိုင်တော့ရင် ရှင်သန်နိုင်ပါဦးမလား။ မတရားမှုကို ဘယ်လိုဆန့်ကျင်လို့ ရနိုင်တယ်ဆိုတဲ့ အသိတောင် မရှိကြဘူးလို့ ပြောရမှာ အားနာမိပေမယ့် ဒီနအဖအစိုးရက ကောက်ကျစ်ဉာဏ်များသလောက် ပြည်သူတွေရဲ့ အခွန်နဲ့ လစာရနေတဲ့ ပြည်သူ့ဝန်ထမ်းများက အဆင်ခြင်မဲ့ မျက်စေ့မှိတ် ကြောက်လွန်းလို့ အမှန်တရားတွေ မျက်ကွယ်ပြုခံနေရတဲ့အတွက် ဒီနေ့မြန်မာပြည်မှာ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ ကြုံတွေနေကြရတယ်။

အဲဒီတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အခြေအနေမျိုးကို စစ်အစိုးရက ၀န်ထမ်းတွေအပေါ် ဖန်တီးထားတာပါ။ ဒီဝန်ထမ်းအများစုတွေမှာ ဘာယုံကြည်ချက်မှ မရှိဘူးလို့ဆိုတာ အသေချာပါပဲ။ ရတဲ့လစာနဲ့ မလောက်ငှတော့ အပိုဝင်ငွေ ဘယ်လိုရှာရမလဲ၊ ရှာလို့ရတဲ့နေရာမှာ နေချင်တယ်၊ ရအောင်လည်း ရှာကြတယ်။ ဒါဟာ ရှက်စရာ မဟုတ်တော့ဘဲ သူ့ထက်ငါ ရှာလို့ရရင် ပိုပြီးတော့တောင် မျက်နှာပြောင် မျက်နှာပွင့်နေတဲ့အဖြစ်၊ ကဲ ဘယ်မှာလဲ အမှန်တရား။ မသမာမှု မတရားမှုတွေအတွက် ရှက်ရကြောက်ရကောင်းမှန်း မသိတာတွေ တနွယ်ငင်တစင်ပါ အကုန်လုံး အဖတ်ဆယ်လို့မရတဲ့ အဖြစ်တွေ ဖြစ်နေကြပြီး မြန်မာပြည်ရဲ့ ရှေ့ရေးတွေးတောင် မတွေးရဲတော့ပါဘူး။ ဒါပေမယ့်လည်း အမှန်တရားကို လိုလားမြတ်နိုးသူတိုင်းက မိမိတို့ တတ်စွမ်းသလောက် အမှန်တရားအတွက် လုပ်ပေးကြတဲ့အခါ အမှန်တရားဟာ လမ်းမှန်ပေါ်မှာ ပေါ်ထွက်လာမယ်လို့  ကျမတော့ ယုံကြည်ချက် ရှိပါတယ်။

အခု ကျမရေးနေတာတွေဟာ ကျမရဲ့ ဉာဏ်တထွာတမိုက်နဲ့ ဆင်ခြင်ထားတာမို့ ပညာကြီးသောသူများက ပိုပြီး သိမြင်ခံစားကြမယ်ဆိုတာ သိပါလျက်နဲ့ ကျမရဲ့ ယုံကြည်ချက်က မည်သည့် မတရားမှုကိုမဆို ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ရကြားရတဲ့အခါ အဲဒီ အမြင်မတော် အကြားမတော်မှုတွေအတွက် တားဆီးပေးရမယ့်တာဝန် ကျမတို့မှာ ရှိတယ်လို့ ခံယူတယ်။ အဲဒီယုံကြည်ချက်ကြောင့်ပဲ ကျမတတ်နိုင်သလောက် လက်လှမ်းမီသရွေ့ ဆောင်ရွက်တယ်။

ကိုယ့်ရှေ့မှာ မတရားလုပ်နေတာကို မတရားမှန်းသိရက်နဲ့ လက်ပိုက်ကြည့်နေရင် အဲဒီလုပ်ရပ်ကို အားပေးအားမြှောက် ပြုတာပဲ။ မတရားမှုကို အားပေးတဲ့ တရားခံတော့ အဖြစ်မခံနိုင်ပါဘူး။

အခု မြန်မာနိုင်ငံအရေးကို တိုင်းသူပြည်သားများကပဲ အပြောင်းလဲ လုပ်ပေးနိုင်တယ်လို့ ကျမက ယုံကြည်ပါတယ်။

မကြည်ကြည်လွင်
ရန်ကုန်မြို့

အပြည့်အစုံသို့...