Saturday, February 9, 2008

ကိုယ်ပိုင်သံစဉ်လား အုန်းကျွန်းလား

အာဖ်ံကြီး

နအဖ အုပ်စိုးနေတဲ့ အာဖျံကွီးတို့ မြန်မာပြည်မှာ စာနယ်ဇင်း သင်တန်းကျောင်းတွေ ဘာတွေ စနစ်တကျ ဖွင့်လှစ်သင်ကြား ပေးတာမျိုး မရှိလေတော့ ထုတ်ဝေသူရဲ့ ခယ်မလည်း အော်တော်မစ်တစ် ဂျာနယ်လစ်ဖြစ်၊ ရီကောဒင်း ကက်ဆက်ကလေးကိုင်ပြီး တောမေးတောင်မေး မေးတတ်တဲ့သူလည်း ဂျာနယ်လစ်ဖြစ်၊ ဒစ်ဂျစ်တယ် ကင်မရာလေးနဲ့ မင်းသား မင်းသမီးတွေနားကပ်ပြီး ဓာတ်ပုံတဖျတ်ဖျတ် ရိုက်တတ်သူလည်း ဂျာနယ်လစ်ဖြစ်၊ အယ်ဒီတာ မျက်စိကျတဲ့ ခပ်ချောချော ကောင်မလေးလည်း ဂျာနယ်လစ်ဖြစ်၊ မြန်မာစာကို အမြီးအမောက် တည့်အောင် မရေးတတ်တဲ့သူလည်း ဂျာနယ်လစ်ဖြစ်၊ ဧည့်ခံပွဲတက်ပြီး သွားဖြဲနားဖြဲ စားတတ်တဲ့သူလည်း ဂျာနယ်လစ်ဖြစ်၊ မင်းသား မင်းသမီးတွေရဲ့ အတွင်းရေးကိုသိတဲ့ မိတ်ကပ်ဆရာ အခြောက်တွေနဲ့ ရင်းနှီးတဲ့သူလည်း ဂျာနယ်လစ်ဖြစ်နဲ့ ဂျာနယ်လစ်ဆိုသူတွေ မှိုလိုပေါက်နေတယ်ခင်ဗျ။ လမ်းလျှောက်ရင်းတောင် ခလုတ်တိုက်မိမှာစိုးလို့ မနည်းသတိထားပြီး ရှောင်နေရတယ်။ အဟုတ် …။

မနေ့တနေ့ကတောင် ဆူးလေမီးပွိုင့်ကို ဖြတ်ကူးရင်း မော်ဒယ်ကောင်မလေးကို အငေးလွန်သွားလို့ လူတယောက်ကို ၀င်တိုက်မိသွားတယ်။ အဲ … ကိုယ့်အပြစ်မို့ ကိုယ်က ဦးအောင်သွားဖြဲပြပြီး ဆောရီးလို့ တောင်းပန်ရင်း သူ့ရင်ဘတ်မှာ ချိတ်ထားတဲ့ နိမ်းကတ်လေးကို ဖတ်ကြည့်လိုက်တော့ ‘မောင်မောင်ဗျူး (အကြံအဖန် နယူးစ်ဂျာနယ်)’ ဆိုပါလားဟရို့။ အဲဒီမှာတင် အာဖျံကွီးလည်း မြန်မာပြည်မှာ ဂျာနယ်လစ်တွေ ပေါတယ်ဆိုတာကို ယုံသွားတော့တယ်။ ဒါကလည်း နအဖ ပြန်ကြားရေးဝန်ကလေး ဗိုလ်ကျော်ဆန်းက စာနယ်ဇင်း ထုတ်ဝေခွင့်တွေ အများကြီးချပေးထားလို့ အခုလို ဂျာနယ်လစ်တွေ ပေါနေရတာပါတဲ့။ စာပေလွတ်လပ်ခွင့်မရှိဘဲ စာနယ်ဇင်းတွေ ချပေးထားတော့ ရေးခွင့်ရတဲ့ မင်းသားမင်းသမီးအကြောင်းတွေပဲ လွယ်လွယ်ကူကူ လျှောက်ရေးကြရင်းက အခုလို ဂျာနယ်လစ်တွေ ဖောခြင်းသောခြင်း ဖြစ်ကုန်ရတာပါတဲ့။ အဲဒီအာဘော်တွေကတော့ အာဖျံကွီးဘာသာ ထင်ရာမြင်ရာတွေ လျှောက်ပြောနေတာ မဟုတ်ရပါဘူး။ ဂျာနယ်လစ်ဇင် သုတေသနဆရာတွေရဲ့ အလုပ်ရုံဆွေးနွေးပွဲကို အာဖျံကွီးရဲ့ဘော့စ်ဖြစ်တဲ့ ဗျူးမမရဲ့ ဘော်ဒီကပ်အနေနဲ့ လိုက်ပါရင်း ဂျာနယ်လစ်ဂုရုတွေ စိတ်ဆိုးမာန်ဆိုး မှတ်ချက်ပြုတာကို ကြားရလို့ တဆင့် ဖောက်သည်ချခြင်းသာ ဖြစ်ပါတယ်။

အဲဒီဂျာနယ်လစ်ဇင် အလုပ်ရုံဆွေးနွေးပွဲမှာ ဖတ်ကြားတဲ့ စာတမ်းတွေကို အာဖျံကွီးလည်း နားမထောင်ချင်ဘဲ နားထောင်နေရတာပေါ့။ ဒါပေမယ့် ‘အင်တာဗျူးဆရာ၊ ဆရာမများရဲ့ မေးခွန်းများကို လေ့လာခြင်း’ဆိုတဲ့ စာတမ်းကို ဖတ်ကြားတဲ့ အချိန်မှာတော့ အာဖျံကွီး စိတ်ဝင်စားသွားလို့ ငြိမ်ပြီး နားထောင်နေမိတယ်။ ဘာတဲ့ …

- အူဝဲအနေနဲ့ အရောင်ထဲမှာ ဘာအရောင် အကြိုက်ဆုံးလဲဟင်။ (အူဝဲ = မင်းသမီးအိန္ဒြာကျော်ဇင်ရဲ့ အိမ်နာမည်)
- ဒါဒါ့ကို ကိုဖြိုးကြီးက ချစ်ခွင့်ပန်တော့ ရင်ထဲမှာ ဘယ်လိုခံစားခဲ့ရသလဲ။ (ဒါဒါ = မင်းသမီးစိုးမြတ်နန္ဒာရဲ့ အိမ်နာမည်)
- ကိုသားကြီး အရမ်းပိန်သွားတယ်နော်၊ ၀ိတ်ချလိုက်လို့လား။ (ကိုသားကြီး = မင်းသားဒွေးရဲ့ အိမ်နာမည်)
- နာနာ၊ သီတင်းကျွတ်ပြီ၊ ဘယ်တော့ စားရမှာလဲ။ (နာနာ = မင်းသမီးနန္ဒာလှိုင်ရဲ့ အိမ်နာမည်)

အဲဒီလို အနှစ်သာရရှိတဲ့ မေးခွန်းတွေကို စနစ်တကျ ပြုစုထားတဲ့ စာတမ်းဖတ်ကြားနေတာကို နားထောင်နေရင်း ဗျူးမမနဲ့ လိုက်သွားတုန်းက အဖြစ်သနစ်လေး တခုကို သွားပြီးသတိရမိတယ်။

တနေ့သားမှာပေါ့။ ဗျူးမမက သူမရဲ့မေမေ မအားလို့ အမျိုးသားအဆိုတော် ကိုကိုအော်နဲ့ အင်တာဗျူး မယ့်နေရာကို ဘော်ဒီကပ်အနေနဲ့ လိုက်ခဲ့ဖို့ အာဖျံကွီးကို အမိန့်တော်ဆင့်တယ်။ ဟိုရောက်တော့ အာဖျံကွီးလည်း ဘေးနာမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး နားစွင့်နေတာပေါ့။ ဗျူးမမရဲ့ ပထမဦးဆုံး မေးခွန်းကို နားထောင်အပြီးမှာပဲ အဆိုတော် ကိုကိုအော်တယောက် ပြုံးစိစိ ဖြစ်သွားတာကို အာဖျံကွီး သတိထားမိလိုက်တယ်။ အာဖျံကွီး ကိုယ်တိုင်လည်း ရယ်ချင်စိတ်ကို မနည်း မျိုသိပ်လိုက်ရတယ်။ ဗျူးမမ မေးလိုက်ပုံက ‘အခု ကိုကိုအော်ဆိုမယ့် သီချင်းခွေက ကိုယ်ပိုင်သံစဉ်လား အုန်းကျွန်းလားဟင်’တဲ့။ ကိုကိုအော်က အားနာလို့ ထင်ပါရဲ့။ ပြုံးစိစိ မျက်နှာပေးနဲ့ ‘ဟုတ်ကဲ့ အုန်းကျွန်းပါခင်ဗျာ၊ ကိုကိုးကျွန်း မဟုတ်ပါဘူး’လို့ ပြန်ဖြေလိုက်တယ်။ အဲဒီမှာ ကိုယ်အမှား ကိုယ်မသိတဲ့ ဗျူးမမ အတည်ပေါက်နဲ့ ဆက်ပြောလိုက်ပုံက ‘ကိုကိုအော်က နောက်တတ်တယ် ထင်တယ်နော် ဟင်း ဟင်း ဟင်း’ တဲ့။

အာဖျံကွီး

2 comments:

Anonymous said...

sooo funny

Yan said...

ရီရတယ်ဗျာ.... ဒါကြောင့်လည်း အာဖျံကွီးရယ်လို့ နာမည်ကြီးခဲ့သကိုးဗျ...