Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, September 18, 2013

ဘုန်းကြီးကျောင်းမဟုတ်ပါ (ဟာသ)

အဟိ

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး တမဟုတ်ချင်း အရှိန်မြင့်လာပြီး နအဖစစ်အုပ်စု မျက်ဖြူဆိုက်နေချိန်၊ နအဖစစ်အုပ်စုက သူ့တို့ကိုးကွယ်တဲ့ ဘုန်းကြီးတွေ မေတ္တာသုတ်ရွတ် စီတန်းလမ်းလျှောက်တဲ့အထဲ ပါမသွားအောင် ဘုန်းကြီးချင်း သွေးခွဲထားတဲ့ အချိန်တုန်းက ဆိုပါတော့ …။

အဲဒီအချိန်မှာ ပြည်ပသတင်းထောက်တယောက်က ကျောက်ပန်းတောင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းကို ဖုန်းခေါ်သတဲ့။ ကျောင်းထိုင်ဆရာတော်ကို အင်တာဗျူးလုပ်ဖို့ပါတဲ့။ ဘာဖြစ်လို့ အင်တာဗျူးချင်တာလဲဆိုတော့ အဲဒီကျောင်းထိုင်ဆရာတော်က စီးတန်းလမ်းလျှောက်တဲ့အထဲ သူ့ကျောင်းက သံဃာတွေ မပါဝင်ကြဖို့ တားမြစ်တယ်ဆိုတဲ့သတင်း ကြားရလို့ပါတဲ့။ နောက်ပြီး အဲဒီဆရာတော်ဟာ စစ်အုပ်စုနဲ့ ကြံဖွံ့တွေက ကိုးကွယ်ဆည်းကပ်တဲ့ ဘုန်းကြီးလို့လည်း သတင်းထွက်နေလို့ပါတဲ့။

ကံကောင်းချင်တော့ ဖုန်းက အကြိမ်ကြိမ် မခေါ်ရဘဲ တန်းဝင်သွားပြီး “ဟလို” ဆိုတဲ့ နှုတ်ခွန်းဆက်သံကို ကြားရသတဲ့။ ဒါနဲ့ ဖုန်းလာကိုင်တဲ့သူကို “- - - - - ဘုန်းကြီးကျောင်းကပါလား”လို့ သတင်းထောက်က မေးလိုက်သတဲ့။ ဖုန်းကိုင်သူက “ဟုတ်ပါတယ်” လို့ ချက်ချင်း ပြန်ဖြေသတဲ့။ သတင်းထောက်က ၀မ်းသာသွားပြီး “ဒါဆို ကျနော့်ကို ကျောင်းထိုင်ဆရာတော်နဲ့ စကားပြောခွင့်ပြုပါခင်ဗျာ” လို့ ဖုန်းကိုင်သူထံ ခွင့်ပန်လိုက်သတဲ့။ အဲဒီအခါမှာ တဘက်က ဖုန်းကိုင်သူက “အေး … ငါပဲကွဲ့၊ ဘာကိစ္စရှိလို့လဲ” လို့ ပြန်မေးသတဲ့။

အဲဒီမှာ သတင်းထောက်က အားတက်သွားပြီး “ကျနော် - - - အသံလွှင့်ဌာနကပါ။ ဆရာတော်နဲ့ အင်တာဗျူး လုပ်ချင်လို့ပါဘုရား” လို့ ရိုရိုသေသေ ခွင့်တောင်းလိုက်သတဲ့။ အဲဒီလိုလည်း ခွင့်တောင်းရော တဘက်ဖုန်းကိုင်သူက ကပျာကယာ စကားတခွန်းပြောပြီး ဖုန်းကို “ဂွပ်”ကနဲ ချသွားလို့ သတင်းထောက်ခမျာ ပြုံးစိစိဖြစ်ကျန်ခဲ့သတဲ့။

တဘက်ဖုန်းကိုင်သူ ပြောလိုက်တာကတော့ “ဟေ့ … ဒကာကြီး … ဒါ ဘုန်းကြီးကျောင်းမဟုတ်ဘူး၊ အိမ်ကွဲ့ … အိမ် … အိမ်” ပါတဲ့။ အော် … နအဖဘုန်းကြီးတွေလည်း နအဖလိုပဲ လိမ်တတ်ပါကလားဆိုပြီး ပြုံးစိစိဖြစ်တာနေမှာပေါ့နော်။

အဟိ

အပြည့်အစုံသို့...

Wednesday, March 6, 2013

ဝမ်းဆက်တစုံ

အာဖျံကွီး

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ကျောင်းဆရာအလုပ်ဟာ ၀င်ငွေကောင်းပြီး ဂုဏ်လည်းရှိတဲ့ အလုပ်ဖြစ်လို့ ဘွဲ့ရပညာတတ်တွေ မက်မောတဲ့ အလုပ်တခု ဖြစ်ပါသတဲ့။ အာဖျံကွီးတို့ မြန်မာနိုင်ငံမှာတော့ ကျောင်းဆရာ လုပ်ရတာ လခနဲ့ မလောက်ငှလို့ ကလေးတွေကို စာသင်ရင်း မုန့်ပါတွဲရောင်းလို ရောင်းရ၊ ကိုယ့်အတန်းက ကလေးတွေကိုပဲ အိမ်ခေါ်ပြီး ၀ိုင်းကျူရှင် ပြလိုပြရနဲ့ ကျောင်းဆရာ၊ ကျောင်းဆရာမတွေခမျာ နိစ္စဓူဝ ၀မ်းရေးပြေလည်ဖို့အရေး ဖတ်သီဖတ်သီနဲ့ လုံးချာလည်လိုက်နေကြရပါတယ်။ အဲဒီလို အများစု ကျောင်းဆရာ၊ ကျောင်းဆရာမတွေ ဆင်းရဲမွဲတေ ဒုက္ခရောက်နေကြပေမယ့် လင်ခရူဇာကားကြီးတွေ စီးပြီး ဟန်းဖုန်း လေးငါးလုံး (နိုင်ငံတကာမှာ ဟန်းဖုန်းဆိုတာ ကလေးရော ခွေးပါ အလွယ်တကူ ကိုင်နေကြတာ ဖြစ်ပေမယ့် မြန်မာပြည်မှာကတော့ ဟန်းဖုန်းဆိုတာ အခုအချိန်အထိ သူဌေးကိုင်ပစ္စည်း ဖြစ်နေတုန်းပါပဲ။ ဒါကလည်း လွယ်တာကို ခက်အောင် လုပ်ထားတဲ့ စစ်အုပ်စုရဲ့ စားပေါက်ထွင်မှုကြောင့် ဖြစ်နေရတာပါ။ အဲဒီလိုခက်မှလည်း စစ်အုပ်စုဝင်တွေ အိတ်ကပ်ထဲ သပိတ်ဝင်အိတ်ဝင် ရောက်မှာမဟုတ်လား။) နဲ့ ဇိမ်ကျနေတဲ့ ကျောင်းဆရာ၊ ကျောင်းဆရာမကြီးတွေလည်း ရှိပါတယ်။ သူတို့ကတော့ အကပ်အရပ်ကောင်းလို့ ရန်ကုန်လို မန္တလေးလို မြို့တော်ကြီးတွေရဲ့ နာမည်ကြီးကျောင်းတွေမှာ ကျောင်းအုပ်ဆရာ၊ ကျောင်းအုပ်ဆရာမကြီး ဖြစ်နေကြသူတွေပေါ့။

ရန်ကုန်မှာ ဆိုရင်တော့ တီတီစီတို့၊ ဒဂုံ (၁) တို့၊ လသာတို့ … စတဲ့ ရန်ကုန်မြို့လယ်ခေါင် ကျောင်းတော်ကြီးတွေက ကျောင်းအုပ်ဆရာ၊ ကျောင်းအုပ်ဆရာမကြီးတွေပေါ့ခင်ဗျာ။ အဲဒီဆရာ၊ ဆရာမကြီးတွေ ဘယ်လိုဘယ်ပုံ ၀င်ငွေကောင်းကြတာလဲဆိုတော့ (စာအသင်အပြကောင်းလို့ မဟုတ်ဘဲ) သူတို့ကျောင်းကို ပြောင်းထားချင်တဲ့ ကျောင်းသားမိဘတွေဆီက တယောက်ကို ၃ သိန်း၊ ၅ သိန်း၊ ၇ သိန်း၊ ၁၀ သိန်း စသဖြင့် ငွေကြေးသော်လည်းကောင်း၊ တန်းဖိုးညီမျှတဲ့ ပစ္စည်းသော်လည်းကောင်း အမျိုးမျိုးတောင်းပြီး ချမ်းသာကြွယ်ဝနေကြတာပါတဲ့ခင်ဗျာ။ အဲဒီလို ကျောင်းပြောင်းကြေး ပေးဖို့အတွက် သူတို့က တိုက်ရိုက်အတွေ့မခံဘဲ ကျောင်းမှာရှိတဲ့ လက်အောက်ငယ်သား ဆရာ၊ ဆရာမတွေက ပွဲစားလုပ်ပေးကြရတာပါတဲ့။ အာဖျံကွီးလည်း ကြားကာစက အဲဒီသတင်းကို မယုံချင်ချင် ဖြစ်မိသေးရဲ့။ ပညာရေးလောကက လူတွေတော့ ဒီလောက်အထိ အကျင့်မပျက်လောက်သေးဘူးလို့ ထင်မိလို့ပါ။

ဒါပေမယ့် တရက်သားမှာပေါ့ …။ ရန်ကုန်မြို့လယ်ခေါင်မှာ လမ်းသလားနေရင်း အာဖျံကွီးရဲ့ မိတ်ဆွေတယောက်နဲ့ တွေ့မှ သူရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို နားထောင်ပြီး ယုံလိုက်ရပါတော့တယ်။ အဲဒီနေ့က အာဖျံကွီးက ဗိုလ်ချုပ်ဈေး ဂုံးတံတားနာမှာ လမ်းလျှောက်နေတုန်း အာဖျံကွီးမိတ်ဆွေ ကိုမြင့်တို့ သားအဖနဲ့ မျက်နှာချင်းဆိုင် ဆုံတယ်။ ကိုမြင့်က လက်တဘက်မှာ ပက်ကင်ထုပ်ထားတဲ့ အထုပ်လေးတထုပ် ကိုင်လို့၊ လက်တဘက်ကတော့ သူ့သမီးကလေးကို လက်ဆွဲလို့။ သူ့ကြည့်ရတာ မျက်နှာလည်း မကောင်းဘူး။ ဒါနဲ့ အာဖျံကွီးကပဲ စပြီး ပဋိသန္ဓာရစကား ဆိုလိုက်တယ်။

“ဟာ ကိုမြင့်၊ မတွေ့တာ အတော်တောင် ကြာပြီ၊ ဘယ်သွားမလို့လဲ၊ မင်္ဂလာဆောင်လားဗျ၊ လက်ထဲမှာလည်း ပက်ကင်ထုပ်ကြီးနဲ့” လို့ပြောလိုက်တယ်။ အာဖျံကွီးပြောပြီး စက္ကန့်အနည်းငယ်ကြာမှ ကိုမြင့်ဆီက စကားသံ ထွက်လာတယ်။
“မဟုတ်ပါဘူး ဆရာရယ်၊ သမီးလေးကို ကျောင်းသွားအပ်ပြီး ပြန်လာတာပါ”
“ဟာ သမီးကျောင်းအပ်ပြီး ပြန်လာတာများ ဘာလို့ မျက်နှာမကောင်းရတာလဲ၊ လာဗျာ တွေ့တုန်း လက်ဖက်ရည်လေး ဘာလေးသောက်ပြီး စကားပြောရအောင်၊ အချိန်ရတယ်မဟုတ်လား”

ကိုမြင့်တို့ သားအဖေ စကားမပြောဘဲ အာဖျံကွီးနောက်က တိတ်တိတ်ကလေး လိုက်လာတယ်။ လက်ဖက်ရည်ဆိုင်ထဲ ရောက်တာနဲ့ အာဖျံကွီးကပဲစပြီး စကားစ ပြန်ဆက်လိုက်တယ်။

“ဆိုပါဦး သမီးကျောင်းအပ်ပြီး ပြန်လာတာ ဘာဖြစ်လို့ မျက်နှာမကောင်းရတာလဲ”
“မပြောချင်တော့ပါဘူး ဆရာရယ်၊ ကျနော်တို့ တိုင်းပြည်ကြီးလည်း ဘာတွေဖြစ်နေမှန်း မသိတော့ပါဘူး”
“ဟာ တိုင်းပြည်ကြီး ဘာဖြစ်နေလို့လဲ၊ လုပ်စမ်းပါဦး၊ ခင်ဗျားပြောပြမှ ကျနော်လည်း သိမှာပေါ့၊ ဘာတွေဖြစ်နေလို့လဲ”

အာဖျံကွီး အဲဒီလို လောဆော်လိုက်တော့မှ ကိုမြင့်က ဖြစ်ကြောင်းကုန်စင်ကို ပြောပြပါတော့တယ်။

“ဒီလိုဆရာ၊ ကျနော်နေတဲ့ ရပ်ကွက်ထဲမှာ ဒဂုံ (၁) မှာ ကျောင်းဆရာမလုပ်နေတဲ့ အမျိုးသမီး မိတ်ဆွေတဦး ရှိတယ်။ တရက်မှာ သူနဲ့တွေ့တော့ စကားစပ်မိရင်း ကျနော့်ကလေးကို သူတို့ကျောင်း ပြောင်းထားချင်ရင် ကျောင်းအုပ်ဆရာမကြီးကို ၀မ်းဆက်တစုံ ကန်တော့ရင် အဆင်ပြေမယ်လို့ ပြောပါတယ်။ ဆရာလည်း သိပါတယ်။ ကျနော်က တက္ကစီမောင်းတယ်။ ကျနော့်အမျိုးသမီးက ဈေးထဲမှာ ဆိုင်လေးဖွင့်ထားတယ်။ တလကို နှစ်ယောက်ပေါင်း ၀င်ငွေ ငါးသောင်းလောက် ရှိပေမယ့် အိမ်စရိတ်ရယ်၊ စားတာ သောက်တာရယ်ဆိုတော့ သိပ်ပြီး ပိုပိုလျှံလျှံ ရှိလှတာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော့်သမီးလေးကိုတော့ ကျောင်းဖွင့်ရင် ကျောင်းကောင်းကောင်း ပြောင်းထားချင်လို့ နှစ်လလောက်ကြိုပြီး ငွေစုထားတာ သုံးသောင်းလောက် စုမိပါတယ်။ အဲဒါနဲ့ ကျောင်းဖွင့်ရင် အဆင်သင့် ဖြစ်အောင်ဆိုပြီး အမျိုးသမီးကို ဗိုလ်ချုပ်ဈေးထဲသွားပြီး ကီမိုနို ၀မ်းဆက်တစုံ ၀ယ်ခိုင်းထားတယ်။ တသောင်းနှစ်ထောင်တောင် ပေးရတယ်ဆရာ။ ကျန်တဲ့ငွေကိုတော့ ကျောင်းအပ်ရင် ဘာကြေး ညာကြေးပေးဖို့ဆိုပြီး ချန်ထားပါတယ်။”

“ဒီနေ့ ကျောင်းစဖွင့်တာနဲ့ သမီးကိုခေါ်ပြီး ကျောင်းသွားအပ်တယ်။ ကျောင်းရောက်တော့ ရပ်ကွက်ထဲက အသိကျောင်းဆရာမနဲ့ တွေ့တယ်။ သူ့ကို ၀မ်းဆက်တစုံ ယူလာပါတယ်လို့ ပြောလိုက်တယ်။ သူက ဒီကို မယူလာနဲ့ အိမ်ကို သွားပေးရမှာလို့ ပြောပါတယ်။ ကျနော်ကလည်း အဲဒီလိုမှန်း မသိလို့ တပါတည်း ယူလာမိခဲ့တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီမှာ သူက ဘယ်မှာလဲ ရှင့်ဝမ်းဆက်လို့ ပြောတော့ ကျနော်က ဒီမှာဆိုပြီး လက်ထဲက ကီမိုနို ပက်ကင်ထုပ်ကို ပြလိုက်ပါတယ်။ သူက ကျနော်ပြတဲ့ ပက်ကင်ထုပ်ကို သေသေချာချာ စိုက်ကြည့်ပြီး ရှင့်ဝမ်းက ဘာဝမ်းဆက်လဲလို့ မေးပါတယ်။ ကျနော်က ကီမိုနို ၀မ်းဆက်ပါ။ အကောင်းစားပါ ဆရာမလို့ ပြောလိုက်တယ်။ အဲဒီမှာ သူက အားရပါးရ ရယ်ပြီး ရှင်ကလည်း အူတူတူနဲ့၊ ကျမပြောတဲ့ ၀မ်းဆက်က တီဗီအပေါ်စက် အောက်စက် ၀မ်းဆက်ကို ပြောတာရှင့်လို့ ကျနော့်ကို ပြောပါတယ်။ အဲဒီမှာတင် ကျနော်လည်း တပ်ခေါက်ပြီး ပြန်လာခဲ့ရတော့တာပါပဲ။ သမီးကိုလည်း အရင်နေတဲ့ကျောင်းက ထုတ်ထားပြီးပြီဆိုတော့ ဘယ်ကျောင်းပြောင်းထားရမှန်း မသိတော့ပါဘူး ဆရာရယ်။ သူပြောတဲ့ တီဗီအပေါ်စက် အောက်စက်က ငါးသိန်းလောက်ရှိတော့ ကျနော့်အနေနဲ့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ” တဲ့။

ပြောလည်းပြီးရော ကိုမြင့်တယောက် ခေါင်းငိုက်စိုက်ကျနေပါတော့တယ်။ အာဖျံကွီးလည်း သူ့ကို နှစ်သိမ့်ပြီး မူလကျောင်းမှာပဲ အဆင်ပြေအောင် ပြောဆိုပြီး ပြန်ထားဖို့ အကြံပြုလိုက်တယ်။ ကိုမြင့်လည်း စကားကျယ်ကျယ်တောင် မပြောနိုင်တော့ဘဲ နှုတ်ဆက်ပြီး ပြန်သွားလေရဲ့။ နောက်မှ သတင်းပြန်ကြားရတယ်။ မူလကျောင်းမှာပဲ အဲဒီ ကီမိုနိုဝမ်းဆက်နဲ့ တောင်းပန်ပြီး ပြန်ထားလိုက်တာ အဆင်ပြေသွားပါသတဲ့။ ဟူး … တော်ပါသေးရဲ့ ၀မ်းဆက်တစုံ ရယ်လို့ပဲ အာဖျံကွီး သက်ပြင်းချမိရဲ့။

(စောလင်းကျော်၏ ပြောပြချက်ကို ဆင့်ပွားတင်ဆက်ပါသည်။)

အာဖျံကွီး

အပြည့်အစုံသို့...

Tuesday, March 5, 2013

ပြုံးသူမှာ မျက်ရည်စတွေနဲ့ …

ဂျင်ဂလိ

ဘုန်းမီးနေလတောက်ပစဉ်က မြန်မာပြည်တနံတလျား လျှောက်ပတ်စားသောက်လေ့ရှိတဲ့ ပတ်တယောင် မင်းသားလေး ဗိုလ်ခင်ညွန့်ကို ကုလားထိုင်ပေါ်က ကန်ထုတ်လိုက်စဉ် ပူပူနွေးနွေးကာလက အဖြစ်အပျက်ကလေးတခုအကြောင်း ဂျင်ဂလိ ဖောက်သည်ချချင်ပါတယ်။ ဗိုလ်ခင်ညွန့် ၁၆ နှစ်ကျော်ကြာ တီဗွီမင်းသားကြီး ဖြစ်ခဲ့ချိန်မှာ သူကောက်ကျစ် နှိပ်စက်ခဲ့လို့ ဘ၀ပျက်ခဲ့ရတဲ့ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေ တပြည်လုံးမှာ မရေမတွက်နိုင်လောက်အောင် ရှိခဲ့သလို သူနဲ့ ပလဲနံပသင့်ပြီး သူ့ပေးစာ ကမ်းစာ စားရလို့ ပြောင်ပြောင်ယောင်ယာင် ဖြစ်ခဲ့တဲ့ လက်တဆုပ်စာ လူတန်းစားလည်း ရှိခဲ့တယ်။ အဲဒီအထဲမှာ ဌာနဆိုင်ရာတွေက ဖော်လံဖားတတ်တဲ့ အရာရှိတွေလည်း ပါတယ်။ အဲဒီလူတွေအတွက်တော့ ဗိုလ်ခင်ညွန့်ဟာ ဘုရားတဆူ ဂူတလုံးပေါ့ခင်ဗျာ။

တရက်မှာ ဌာနဆိုင်ရာတွေဆီကို နအဖအစစ်အစိုးရက သူတို့လုပ်လေ့လုပ်ထရှိတဲ့အတိုင်း ခိုးကြောင်ခိုးဝှက် အမိန့်တခု ထုတ်ပြန်လာသတဲ့။ ဌာနဆိုင်ရာအတွင်းမှာရှိတဲ့ ဗိုလ်ခင်ညွန့်ဓာတ်ပုံတွေကို ဘယ်နှစ်ရက်အတွင်း အပြီးဖြုတ်ဆိုတဲ့ အမိန့်ဖြစ်သတဲ့။ အမိန့်အတိုင်းပဲ ဌာနတိုင်းမှာ ဗိုလ်ခင်ညွန့် ဓာတ်ပုံတွေကို အမြန်ဖြုတ်ချပြီး ချောင်ထဲမှာ သွားဖွက်ကြရသတဲ့ (ဂျင်ဂလိ မန္တလေးတောင်ပေါ် တက်ခဲ့တုန်းကတော့ ဗိုလ်ခင်ညွန့် ဓာတ်ပုံတွေကို ဖြုတ်ချပြီး ဘုရားရင်ပြင်တော် သံမံတလင်းပေါ်မှာ ပုံထားတာကို သံဝေဂရဖွယ် တွေ့ခဲ့ရတယ်)။ အဲဒီမှာ ဗိုလ်ခင်ညွန့်ကို ဖော်လံဖားပြီး သူနဲ့ ပလဲနံပသင့်ခဲ့တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနက အကြီးတန်းရာထူးနဲ့ အမျိုးသမီးတဦးဟာ သူမအခန်းထဲက ဖြုတ်ချထားတဲ့ ဗိုလ်ခင်ညွန့်ဓာတ်ပုံကို ကိုင်ပြီးကြည့်ကာ လွမ်းတသသနဲ့ မျက်ရည်စတွေ ဖြိုင်ဖြိုင်ကျနေသတဲ့။ ပါးစပ်ကနေပြီးတော့လည်း ဗိုလ်ခင်ညွန့် သူ့အပေါ် ကျေဇူးကြီးမားခဲ့ပုံတွေကို တီးတိုးရေရွတ်နေသတဲ့။

အဲဒါကို သူမအခန်းက ပီအေကောင်မလေးက အတိုင်းသား ကြားနေသတဲ့။ အဲဒီအချိန်မှာပဲ ဓာတ်ပုံတွေ ဖြုတ်ပြီးမပြီး လှည့်လည်စစ်ဆေးတဲ့ ဌာနဆိုင်ရာလူကြီး ဗိုလ်ချုပ်တယောက်က သူမအခန်းထဲကို ရုတ်တရက် ၀င်လာတာနဲ့ သူမလည်း မျက်ရည်သုတ်ချိန်မရလိုက်ဘဲ ကမန်းကတန်း ပြုံးနေလိုက်သတဲ့။ အဲဒါကို တွေ့သွားတဲ့ ဗိုလ်ချုပ်ဆိုသူက သူမကို ‘ဒေါ် --- ဘာဖြစ်လို့ မျက်ရည်တွေကျပြီး ပြုံးနေရတာလဲ’ လို့ မေးသတဲ့။ အဲဒီမှာ သူမဟာ ကြံရာမရ ဖြစ်သွားပြီး ဓာတ်ပုံကို ဘေးချကာ ပျာပျာသလဲ ပြန်ဖြေလိုက်သတဲ့။ သူမရဲ့ အဖြေကို ကြားလိုက်ရတဲ့ ပီအေမလေးခင်မျာ ကြောင်စီစီ ဖြစ်သွားသတဲ့။ သူမ ပြန်ဖြေလိုက်ပုံက ‘ဟို … ဟို … သူ မရှိတော့လို့ ၀မ်းသာတာရယ်၊ သူ့ကြောင့် ဒုက္ခရောက်ခဲ့တဲ့ သူတွေအတွက် ၀မ်းနည်းမိတာရယ်ကြောင့်ပါ ဗိုလ်ချုပ်’ တဲ့။ အလျှောက်ကောင်းတော့ အထောင်းသက်သာ ဆိုတာ ဒါမျိုးထင်ပါရဲ့။ ‘တတ်လည်း တတ်နိုင်တဲ့ ဖော်လံဖားတွေ ပါလားနော်’ လို့ပဲ ဂျင်ဂလိ သြချမိတော့တယ်။

ဂျင်ဂလိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

အပြည့်အစုံသို့...

Monday, March 4, 2013

ရယ်ရမလို ငိုရမလို

ဂျင်ဂလိ

ဂျင်ဂလိတို့ မြန်မာစကားမှာ “ခေတ်ကျပ်ရင် သဘင်သည် အရင်ငတ်တယ်” ဆိုတဲ့ ဆိုးရှိတယ်ခင်ဗျ။ အဲဒီဆိုရိုးစကားဟာ နအဖစစ်အာဏာရူးတွေ အုပ်စိုးတဲ့ခေတ်ကို ရည်ညွှန်းလေတာပဲရယ်လို့ ဂျင်ဂလိတော့ ထင်မြင်မိရဲ့။ ဘာဖြစ်လို့ အဲသလို ထင်မြင်ရသလဲဆိုတော့ ဒီကနေ့ သူတို့တတွေ ဗိုလ်ကျစိုးမိုးနေတဲ့ ဂျင်ဂလိတို့နိုင်ငံမှာ တိုင်းသူပြည်သားတွေက ဆင်းရဲမွဲတေ၊ ဟိုနားတအုံးအုံး ဒီနားတအုံးအုံး ဗုံးထထပေါက်နေလို့ နေရထိုင်ရတာ ကျီးလန့်စာစားဖြစ်၊ အဲဒီလိုအခြေအနေကြောင့် စစ်အာဏာရူးတွေက ဖျော်ဖြေရေးသဘင်တွေ ကျင်းပခွင့်မပေးရဲ၊ ချောက်တီးချောက်ချက် ကျင်းပခွင့်ပေးတဲ့ ဖျော်ဖြေရေးသဘင်တွေ ကျပြန်တော့လည်း လူတွေက မွဲနေကြလို့ လာရောက် အားမပေးနိုင်၊ အဲဒီလိုနဲ့ မုန့်လုံးစက္ကူကပ် ဇာတ်ထုပ်တွေခင်းပြီး အနုပညာသမား အများစုကြီးဟာ မုန့်ဟင်းခါး ရောင်းသူရောင်း၊ ဈေးဗန်းရွက်သူရွက်နဲ့ ကြုံသလို အသက်မွေးနေကြရတာ ကြာညောင်းလှပါပေါ့ နအဖတသက်။ ထိုထိုသော အကြောင်းကြောင်းတွေကြောင့်ပေါ့ခင်ဗျာ။ အခုအခါမှာ ဇာတ်သဘင်ဆိုတာ ချိုနဲ့လားလို့ မေးရမယ့် အနေအထားကို ရောက်ခဲ့ရပါပြီ။

ဇာတ်သဘင်ပဲလားဆိုတော့ မကသေးပါဘူး။ အဲဒီလို အခြေအနေတွေကြောင့် ရုပ်ရှင် ဗီဒီယို လောကလည်း ဇာတ်ပျက်၊ ဂီတလောကလည်း ခေါင်းကွဲဆိုတဲ့ အနေအထားမှာ မင်းသား မင်းသမီးတွေ၊ အဆိုတော်တွေဟာ ကုန်းတ၀က် ရေတ၀က် ငါးပက်လက်တွေဖြစ်ပြီး အသက်မျှင်းမျှင်း ရှူနေကြရတာပေါ့။ ဂီတလောကမှာဆိုရင် အဆိုတော်တွေခမျာ ငါးပွက်ရာငါးစာချ ကျိန်းသေမှ ထုတ်ဝေချင်ကြတဲ့ ထုတ်ဝေသူတွေ အလိုကျ ဆိုပေးရတဲ့ ဘ၀ကို ရောက်ကုန်ပြီး ‘ပြန်ဆိုတေး’ ဆိုတဲ့ ဂီတခေတ်ကြီးတခေတ် ဖွံ့ထွားစွင့်ငွားလို့ လာပါတော့တယ်။ ပြန်ဆိုဆရာတွေဟာ သေပြီးတဲ့ အဆိုတော်ရဲ့သီချင်းလည်း ပြန်ဆို၊ မသေသေးတဲ့ အဆိုတော်ရဲ့ သီချင်းလည်း ပြန်ဆို၊ မနေ့တနေ့ကမှ အဆိုတော်ဖြစ်တဲ့ အဆိုတော်ရဲ့သီချင်းလည်း ပြန်ဆို၊ ပြန်ဆိုပြီးသား သီချင်းကိုလည်း ပြန်ဆိုနဲ့ သီချင်းတော်တော်များဟာ ပြန်ဆိုတေး ၀ဲဂယက်ထဲမှာ ချာချာလည် မူးနောက်ပြီး ဖြူဖတ်ဖြူရော် ဖြစ်လာလို့ အရေးပေါ် ဆေးရုံပို့ရမယ့် အနေအထားကို ရောက်ကုန်ပြီ ဖြစ်ပါတယ်။

အဲ … ဒါပေမယ့် ပြန်ဆိုတေးခေတ်ကြီးထဲမှာ ‘သီချင်းမှန်ရင်လာထား’ လို့ သြချရလောက်အောင် သီချင်းပေါင်းစုံကို ပြန်ဆိုပြပြီး ဆယ်ကျော်သက် လူငယ်တွေရဲ့ လက်ခုပ်သံတွေကို သဲ့ယူနေတဲ့ ပြန်ဆိုဆရာတွေလည်း ဟောတယောက် ဟောတယောက် ဆိုသလို ပေါ်ထွန်းခဲ့တယ်ခင်ဗျ။ အဲဒီပြန်ဆိုဆရာတွေ အဆိုကောင်းလွန်းလို့ သူတို့ ဘာသီချင်း ပြန်ဆိုဆို အားပေးကြတဲ့ ပရိသတ်တွေကလည်း ဒုနဲ့ဒေးပဲ ခင်ဗျ။ အဲ … ဘယ်လောက်ထိတောင် အဆိုကောင်းသလဲဆိုတော့ … ။

တညသားမှာပေါ့ခင်ဗျာ။ စတီရီယိုခေတ်ဦးက အဆိုတော်ကြီးတွေကိုယ်တိုင် သူတို့ရဲ့ မူရင်းသီချင်းတွေကို သီဆိုဖျော်ဖြေတဲ့ Live Show တခု လုပ်ပါသတဲ့။ အဲဒီပွဲမှာ အဆိုတော်ကြီး ပလေးဘွိုင်သန်းနိုင်က သူ့ရဲ့နာမည်ကျော် ‘ဆု’ သီချင်းကို ဆိုပြပါသတဲ့။ သီချင်းအပြီးမှာ အောက်က ပရိသတ်တွေက လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ အားပေးကြတော့ သီချင်းမဆိုတာ ကြာပြီဖြစ်တဲ့ အဆိုတော်ကြီးလည်း ကြည်နူးမဆုံးဖြစ်လို့ပေါ့။ ဒါပေမယ့် ပွဲအပြီးမှာ လာနှုတ်ဆက်တဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ်ရဲ့ ချီးကျူးစကားကို နားထောင်ပြီး အဆိုတော်ကြီးခမျာ ရယ်ရမလို ငိုရမလို ဖြစ်သွားသတဲ့။ အဆိုပါ ဆယ်ကျော်သက် အမျိုးသမီးငယ် ချီးမွမ်းလိုက်တဲ့ စကားကတော့ “ခုနက အဆိုတော် ကို - - ရဲ့ ‘ဆု’ သီချင်းကို ဦး ပြန်ဆိုပြသွားတာ အရမ်းကောင်းတာပဲ” တဲ့။

ဂျင်ဂလိ

အပြည့်အစုံသို့...

Wednesday, February 13, 2013

တိရိစ္ဆာန်ရုံဆောက်ဖို့ လိုသေးလား

ကြပ်ပြေး-နတ်ကလေး

တနေ့သ၌ ပျင်းပျင်းရှိသည်နှင့် ကြပ်ပြေးနတ်ကလေး တကိုယ်တည်း ကိုယ်ယောင်ဖျောက်တော်မူပြီး သကာလ ပြည်သူ့အသံ အစစ်အမှန်ကို ကြားနိုင်ရန်အလို့ငှာ ဖုန်တသောသော ထနေသော ကြပ်ပြေးနယ်ပယ်သစ်အတွင်းရှိ လူစည်ကားရာ လက်ဖက်ရည်ဆိုင်တဆိုင်အတွင်းသို့ ၀င်ရောက်တော်မူပြီး ချောင်တချောင်မှနေ၍ နားစွင့်နေမိလေ၏။ လက်ဖက်ရည်ဆိုင်ထဲတွင် ကုန်ထမ်းသမား၊ စာရေးစာချီ၊ ထောက်လှမ်းရေး၊ ပွဲစား၊ အလစ်သုတ်သမား၊ ဘိန်းစား၊ ပြည့်တန်ဆာ၊ ကားသမား၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည် … စသည်ဖြင့် လူတန်းစားအလွှာပေါင်းစုံ ကျားမအဖုံဖုံ စတည်းချ စားသောက်နေကြသည်ကို တွေ့ရပေ၏။

တချို့က လက်ဖက်ရည်ဆိုင်မှ ဖွင့်ထားသည့် ဗီစီဒီကာရာအိုကေကို တနေ့လုံး အလုပ်မရှိသည့်အလား စိမ်ပြေနပြေ ရှုစားအားပေးတော်မူနေကြ၏။ တချို့က ဘုန်းကြီးပေးသည့် ဂဏန်း၊ ဘိုးတော်ပေးသည့် ဂဏန်း၊ အိပ်မက်မက်သည့် ဂဏန်းများအကြောင်း အပြန်အလှန် အမြင်ချင်းဖလှယ်ကာ အကြိတ်အနယ် ဆွေးနွေးတိုင်ပင်နေကြ၏။ တချို့က မနေ့ညက ကန်သွားသည့် ချယ်ဆီး-လီဗာပူး ချရတီဒိုင်းလုပွဲတွင် လောင်းကြေးများ ပလုံသွား၍ ချယ်ဆီးနည်းပြ မော်ရင်ဟိုအား အမျိုးမျိုးအဖုံဖုံ ကြိမ်ဆဲတော်မူသံကို ကြားနေရ၏။ အောက်ကြေးနိုင်သူများကမူ လီဗာပူးအသင်းမှ ဂိုးသွင်းပေးသည့် ရစ်ဆီနှင့် ပီတာခရော့ခ်ျတို့ကို ဘုရားစင်ပေါ်ပင် တင်ထားတော့မည့်အလား ချီးမွမ်းခန်းအလီလီ ဖွင့်သံကို ကြားနေရပြန်၏။

အလစ်သုတ်သမားတယောက်က ဆိုင်ရှင်လစ်သည်နှင့် ပေါက်စီနှစ်လုံးနှင့် စီးကရက်တပွဲကို မကာ ထပြေးဖို့ အကြံထုတ်နေ၏။ ကားဒရိုင်ဘာတဦးက မျက်တွင်းဟောက်ပက် ဖြစ်နေသည့် ပြည့်တန်ဆာမတဦးနှင့် ကလူကျီစယ် ပွတ်သီးပွတ်သပ် လုပ်နေလေ၏။ ဘိန်းစားတဦးကမူ စီးကရက်တလိပ်ကို လက်သမားခဲခဲပြီး နံရံကို မှီကာ သီချင်းသံကို မျက်စိမှတ်ခံစားရင်း မှိန်းနေလေ၏။ အရပ်ဝတ်နှင့် ထောက်လှမ်းရေးတယောက်ကိုကား သတင်းစာဖတ်ချင်ယောင်ဆောင်လိုက် ဘေးဘီကို ကျီးကြည့်ကြောင်ကြည့် ကြည့်လိုက်နှင့် ဣနြေ္ဒမရ ဖြစ်နေသည်ကို တွေ့ရ၏။ သူ အဓိက အာရုံရောက်နေသည်မှာ သတင်းစာကို မဟုတ်ဘဲ မလှမ်းမကမ်းဝိုင်းတွင် ခေါင်း ချင်းဆိုင်ကာ တီးတိုးပြောဆိုပြီး ဟားတိုက်ရယ်မောနေကြသည့် ၀န်ထမ်း ၃ ဦး ကို ဖြစ်၏။ သို့သော် သူ့ခမျာ ကြားချင်သည့်အရာကို သဲသဲကွဲကွဲ မကြားရ၍ စိတ်ကသိကအောက် ဖြစ်နေပုံရ၏။ သူ၏အကြည့်က ဒီကောင် ၃ ကောင် ‘မင်းတရားကြီး ကိုယ်တော်ရွှေ’ အကြောင်းများ အတင်းချနေလေရော့သလားဟူသည့် အကြည့်မျိုးဖြစ်၏။

အဆိုပါ ထောက်လှမ်းရေးကို ကြည့်နေရင်းမှ ကြပ်ပြေးနတ်ကလေးလည်း ထိုဝန်ထမ်း ၃ ဦး အဘယ်သို့သော အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုပြီး ဟားတိုက်ရယ်မောတော်မူနေကြပါလိမ့် ဟူသည့် သိချင်စိတ်ကယ်နှင့် ၀န်ထမ်း ၃ ဦး၏ ခေါင်း ၃ လုံးကြားတွင် နေရာယူကာ နားစွင့်တော်မူမိ၏။ ကြပ်ပြေးနတ်ကလေး ရောက်သွားချိန်တွင် ထိုဝန်ထမ်း ၃ ဦး တီးတိုးပြောဆိုနေကြသည်မှာ ကြပ်ပြေးနေပြည်တော်တွင် တိရိစ္ဆာန်ရုံအသစ် တည်ဆောက်မည့် အကြောင်းအရာဖြစ်၏။ သစ်တောဌာနမှ ၀န်ထမ်းဖြစ်သူက ‘ဟေ့ … မနေ့က ကိုယ်တို့ဌာနကို ဟိုကောင်တွေလာပြီး လိုအပ်သည်များ မှာစားတယ်ကွ။ အဲဒီမှာ ဘာပြောသွားသလဲဆိုတော့ နေပြည်တော်ကို မြို့တော်အင်္ဂါရပ်နဲ့ ပြည့်စုံအောင် တိရိစ္ဆာန်ရုံအသစ်လည်း တည်ဆောက်မယ်လို့ မိန့်မှာသွားတယ်ကွ’ တဲ့။

အဲဒီမှာတင် တိုက်ပုံအနက်ဝတ်ထားသော တရားရေးဌာနမှ ၀န်ထမ်းပြောလိုက်သည့် စကားကို သုံးယောက်သား ရယ်မောလိုက်ကြပြန်ရာ ကြပ်ပြေးနတ်ကလေးပင် အဝေးသို့ လွင့်စင်ခဲ့ရလေ၏။ ကမန်းကတန်း ကုန်းထတော်မူပြီး ခပ်လှမ်းလှမ်းမှ ထောက်လှမ်းရေးငနဲကို အကဲခတ်လိုက်ရာ ထိုဝန်ထမ်း ၃ ဦးအား ချိုကြည့် ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ ထိုတရားရေးဝန်ထမ်း ပြောလိုက်သည့် စကားကတော့ ‘ဟ … အထက်ကကောင်တွေအားလုံး ဒီမှာ ရုံးစိုက်နေမှတော့ တိရိစ္ဆာန်ရုံထပ်ဆောက်ဖို့ လိုသေးလို့လား’ ဟူ သတည်း။

ကြပ်ပြေး-နတ်ကလေး
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

အပြည့်အစုံသို့...

Tuesday, February 12, 2013

အဘိုးကိုလည်း အလေးပြု မြေးကိုလည်း အလေးပြု ...

ဂျင်ဂလိ

ဂျင်ဂလိ မြန်မာပြည်မှာ ရှိစဉ်တုန်းက ဂျင်ဂလိနဲ့ ညီအစ်ကိုလိုရင်းနှီးတဲ့ နိုင်ငံခြားသတင်းထောက် မိတ်ဆွေတဦး ရှိတယ်။ သူက နိုင်ငံခြားသတင်းထောက်ဆိုတော့ သံတမန်တွေ၊ နအဖအဖွဲ့ဝင် စစ်ဗိုလ်ချုပ်ကြီးတွေ၊ ၀န်ကြီး ၀န်ကလေးတွေနဲ့ ရင်းနှီးတယ်ဆိုပါတော့။ သံရုံးညစာစားပွဲတွေ၊ နအဖစစ်အစိုးရက ပြည်သူ့ဘဏ္ဍာငွေနဲ့ အလွဲသုံးစား တည်ခင်းတဲ့ ညစာစားပွဲတွေကို မကြာခဏ တက်ရောက်ခွင့်ရသူဆိုတော့ ဂျင်ဂလိ သူနဲ့ ဆုံဖြစ်တဲ့အခါ သူ့ဆီက နအဖအာဏာရူးတွေရဲ့ ကမောက်ကမ အတွင်းသတင်းတွေကို မကြာမကြာ ဆိုသလို ကြားရတတ်တယ်။

တရက်မှာတော့ နအဖရဲ့သတင်းညာရှင်းလင်းပွဲက သူပြန်အလာ အနော်ရထာလမ်းပေါ်မှာ သူနဲ့ ဂျင်ဂလိ တွေ့ကြပါလေရော။ တွေ့တွေ့ချင်းပဲ သူက “ဟေ့လူ … လာ … ခင်ဗျားကို သတင်းထူး ပြောပြစရာရှိတယ်၊ လက်ဖက်ရည်ဆိုင် သွားရအောင် ” ဆိုတာနဲ့ ဂျင်ဂလိတို့ နှစ်ယောက်သား ဘားလမ်းထဲက လက်ဖက်ရည်ဆိုင်တဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ လက်ဖက်ရည်နှစ်ခွက် မှာပြီးတာနဲ့ သူက မအောင့်အီးနိုင်တော့ဘဲ ဂျင်ဂလိကို လက်ကုပ်ပြီး ပြောပါတော့တယ်။

“ခင်ဗျားကို ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ကြားခဲ့ရတဲ့ ရယ်စရာတခုကို ပြောပြရဦးမယ်” ဆိုပြီး မပြောခင်ကတည်းက သူတယောက်တည်း တဟားဟား ရယ်နေလေရဲ့။ ရယ်လို့ အားရတော့မှ “ဒီလို” ဆိုပြီး အစချီကာ ပြောပြပါလေတော့တယ်။

“ဒီလို … တရက်မှာ သန်းရွှေအိမ်ကို စစ်ရုံးက ဗိုလ်ချုပ်နှစ်ယောက် ရောက်လာတယ်တဲ့။ အဲဒီဗိုလ်ချုပ်နှစ်ယောက် ခြံထဲဝင်လာချိန်မှာ သန်းရွှေမြေး ဟို သတင်းစာထဲမှာ ပါပါလာတတ်တဲ့ မျောက်လောင်းလေးကလည်း ခြံထဲမှာ ဆော့နေတယ်တဲ့။ ဗိုလ်ချုပ်နှစ်ယောက်ကို တွေ့တွေ့ချင်း အဲဒီမျောက်လောင်းလေးက အလေးပြုလို့ အော်တယ်တဲ့။ အဲဒီတော့ ဗိုလ်ချုပ်တွေလည်း ဂွကျကုန်ပြီး မျောက်လောင်းလေးကို သားက လိမ္မာပါတယ် ဘာညာနဲ့ အမျိုးမျိုး ချော့တယ်တဲ့။ ဒါပေမယ့် ဘယ်လိုမှ ချော့လို့မရဘဲ မျောက်လောင်းလေးက ဘိုးဘိုးနဲ့ တိုင်ပြောမယ်ဆိုပြီး အိမ်ထဲပြေးဝင်သွားတယ်တဲ့။ ဗိုလ်ချုပ်နှစ်ယောက်လည်း ဧည့်ခန်းထဲကနေပြီး သန်းရွှေကို ထိုင်စောင့်နေတယ်တဲ့။ တော်တော်ကြာတော့မှ ဧည့်ခန်းထဲကို သန်းရွှေနဲ့ မျောက်လောင်းလေး ထွက်လာတယ်တဲ့။ သန်းရွှေ ထွက်လာလာချင်းပဲ ဗိုလ်ချုပ်နှစ်ယောက်က တပ်ထုံးစံအတိုင်း အလေးပြုကြတာပေါ့။ အဲဒီမှာ မျောက်လောင်းလေးက သူ့ကိုလည်း အလေးပြုဖို့ သူ့အဘိုး သန်းရွှေရှေ့မှာ ဂျီကျပြန်ရောတဲ့။ သန်းရွှေကိုယ်တိုင်လည်း သူ့မြေးကို ဘယ်လိုမှ ချော့မရတဲ့အဆုံး ကဲပါကွာ … ကလေး ကျေနပ်အောင် ပြုပေးလိုက်ကြစမ်းပါလို့ ပြောတယ်တဲ့။ သန်းရွှေကိုယ်တိုင်က လုပ်ခိုင်းမှတော့ ဟိုဗိုလ်ချုပ်နှစ်ယောက်လည်း မနေသာတော့ဘဲ မျောက်လောင်းလေးကို အလေးထပ်ပြုရပါလေရောတဲ့။ အဲဒီသတင်းကို ကြားပြီး တခြားဗိုလ်ချုပ်တွေလည်း သန်းရွှေအိမ်ကိုသွားရမှာ ကြောက်နေကြတယ်တဲ့။”

သူပြောလို့လည်း ပြီးရော ဂျင်ဂလိက “အဲဒီတော့ မြန်မာပြည်မှာ ဗိုလ်ချုပ်ဖြစ်ဖို့ တော်ရုံအရည်အချင်းနဲ့ မရဘူး၊ အဘိုးကိုလည်း အလေးပြု၊ မြေးကိုလည်း အလေးပြုနိုင်မှ ဆိုတဲ့သဘောပေါ့နော်” လို့ ဖြည့်ပြောပြီး နှစ်ယောက်သား မျက်ရည်ထွက်အောင်ပဲ ရယ်ဖြစ်ကြတော့တယ်။

ဂျင်ဂလိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

အပြည့်အစုံသို့...

ရယ်ချင်ရယ် မရယ်ချင်နေ

မြားကြီး

အရူးလင် လုပ်ရသလို ဆိုတဲ့စကားကို အစတုန်းက မြားကြီး သိပ်သဘောမပေါက်ဘူး။ မြန်မာပြည်မှာ နေပြီး စာနယ်ဇင်းအလုပ်ကို ထဲထဲဝင်ဝင် လုပ်ကိုင်တော့မှ မြားကြီးလည်း တဖြည်းဖြည်း သဘောပေါက်လာတယ်။ အထဲမှာ စာနယ်ဇင်းအလုပ်ကို လုပ်ချင်တယ်ဆိုရင် စာပေကင်ပေတိုင် ( အဲလေ … ယောင်လို့) စာပေစိစစ်ရေးရုံးနဲ့က မဆက်ဆံလို့မှ မရတာ။ မြားကြီးတို့က သူ့ကိုမှ ချစ်မိနေပါတယ် ဆိုသလို စာနယ်ဇင်းအလုပ်ကိုမှ လုပ်ချင်နေတော့လည်း စာပေကင်ပေတိုင်တွေကို မချစ်သော်လည်း အောင့်ကာ နမ်းရတော့တာပေါ့။

အောင့်ကာ နမ်းပေမယ့် ခက်တာက သူတို့မှာ အခုတမျိုး တော်ကြာတမျိုး ဘာမူမှ တိတိကျကျ မရှိတော့ အရူးလင်လုပ်ရသလို ဖြစ်နေတာပေါ့။ တော်ကြာ အမိန့်တမျိုး ထုတ်ပြန်လိုက်၊ တော်ကြာတမျိုး ညွှန်ကြားလိုက်နဲ့ ဆိုတော့ အရူးတယောက်ကို သူ ဘာတွေ ပေါက်တတ်ကရ ထလုပ်ဦးမလဲလို့ အရိပ်တကြည့်ကြည့် ထိုင်ကြည့်နေရသလို ဖြစ်နေတယ်။ ကိုယ်ပါ မရူးရုံတမယ်ပဲ။ အဟုတ်။

မဂ္ဂဇင်းမျက်နှာဖုံးတွေက မိန်းကလေးပုံတွေမှာ ဆံပင်နီကြောင်ကြောင်တွေ မရဘူးဆိုပြီး ပြင်ခိုင်းလိုက်၊ တော်ကြာ ပြန်ခွင့်ပြုပြန်လိုက်။ မိန်းကလေးပုံတွေမှာ အင်္ကျီလက်ပြတ်၊ ဂျင်းဘောင်းဘီ အကျပ်ဝတ်တာတွေ မရဘူးဆိုပြီး ဖြုတ်ခိုင်းလိုက်၊ တော်ကြာ ပြန်ခွင့်ပြုပြန်လိုက်။ ဆင်ဆာခွင့်မပြုတဲ့ စာပိုဒ်တွေကို ငွေမင်နဲ့ အုပ်ခိုင်းလိုက်၊ တော်ကြာ ငွေမင်နဲ့ အုပ်တာ ခွင့်မပြုဆိုပြီး ညွှန်ကြားပြန်လိုက်။ ဘန်းစကားတွေနဲ့ ရေးသားတာကို တားမြစ်လိုက်၊ တော်ကြာ ပြန်ခွင့်ပြုလိုက်။ စာမူတခုကို ထုတ်ဝေခွင့်မပြုလို့ ညွှန်ကြားလိုက်၊ တော်ကြာ အဲဒီ့စာမူကိုပဲ ထုတ်ဝေခွင့် ပြန်ပြုလိုက်။ တလအတွင်းမှာပဲ မဂ္ဂဇင်းတစောင်မှာ ခွင့်မပြုတဲ့ ဓာတ်ပုံကို တခြားမဂ္ဂဇင်းမှာ ခွင့်ပြုပြန်လိုက်။ မဂ္ဂဇင်းတစောင်မှာ အပိတ်ခံရတဲ့ စာမူတပုဒ်က နည်းနည်းကြာသွားရင် တခြားမဂ္ဂဇင်းမှာ ပြန်ပါလာလိုက်။ ကဲ … မြားကြီးတို့မှ အရူးကို လင်တော်ရတာမျိုး မဟုတ်ရင် ဘယ်သူ ဟုတ်ဦးမလဲ။ ဒါ … နမူနာ နည်းနည်းပဲ ရှိသေးတယ်နော်။

စနေတရက်မှာတော့ စာပေကင်ပေတိုင်အဖွဲ့က လစဉ်ထုတ် မဂ္ဂဇင်းတွေကို ထုတ်ဝေခွင့်ပြုဖို့ အစည်းအဝေး ထိုင်နေတယ်။ မြားကြီးတို့လည်း ကိုယ့်မဂ္ဂဇင်းက ဘာတွေကို ဖြုတ်ခိုင်းမလဲ၊ ဘာတွေကို ပိတ်ခိုင်းမလဲ၊ ဘာတွေ ပြင်ခိုင်းမလဲ ဆိုတာသိရဖို့ အစည်းအဝေးပြီးမယ့် အချိန်ကို ကင်ပေတိုင်ရုံးရှေ့မှာ သွားပြီး ထိုင်စောင့်နေရတာပေါ့။ အစည်းအဝေးပြီးပြီ ဆိုတာနဲ့ မြားကြီးတို့ မဂ္ဂဇင်းကို ကိုင်တွယ်တဲ့ ဦးစီးအရာရှိ အမျိုးသမီးနောက် လိုက်သွားပြီး သူ့အခန်းထဲမှာ ဖြုတ်ရပြင်ရ ပိတ်ရမယ့် စာမျက်နှာတွေကို တရွက်ချင်း လှန်ပြီး ထိုင်မှတ်ရတယ်။

မှတ်တဲ့အခါမှာ သူတို့ ဆင်ဆာခွင့်မပြုတာတွေ မကျန်အောင်လည်း သေချာပြန်စစ်ရသေးတယ်။ အဲဒီလို သေချာစစ်အပြီးမှာ ဦးစီးအရာရှိ အမျိုးသမီးက “ ဆရာ၊ စာအုပ်အချောကျရင် ဒီမျက်နှာဝက် ညွှန်ကြားစာကို ထည့်ပေးဖို့ အစည်းအဝေးမှာ ဗိုလ်မှူးက သတိပေးလိုက်တယ် ” ဆိုပြီး စာရွက်တရွက်ကို လှမ်းပေးတယ်။

ဖတ်ကြည့်လိုက်တော့ ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့မှာ အန်အယ်လ်ဒီ ပြည်ပြေးတွေက ၂၄ ပစ္စည်း ပဋ္ဌာန်းစက်ဝိုင်းပုံတွေကို ပါတိတ်ဆင်တွေ ရိုက်ပြီး ဘာသာရေး အဓိကရုန်းဖြစ်အောင် ဖြန့်ဝေနေတဲ့အကြောင်း ရေးထားတာ တွေ့ရတယ်။ မြားကြီးတို့ စာနယ်ဇင်းအားလုံးလည်း သူတို့က အာဏာပါဝါနဲ့ အတင်းအကျပ် ထည့်ခိုင်းတာဆိုတော့ မထည့်ချင်ပေမယ့်လည်း စာမျက်နှာတ၀က်ပေးပြီး ထည့်လိုက်ရတာပေါ့။ ပြီးတော့ စာအုပ်အချောတွေကို ဖြန့်လိုက်တယ်။ အဲဒီအပတ် ထွက်သမျှ ဂျာနယ် မဂ္ဂဇင်းတွေမှာ သူတို့ထည့်ခိုင်းတဲ့ အဲဒီ့သတင်းတွေ ပလူပျံအောင် ပါနေတော့တယ်။

တရက်ကျတော့ မြားကြီးကို စာပေကင်ပေတိုင်ရုံးက အရေးပေါ် ဖုန်းဆက်ခေါ်ပါလေရော။ မြားကြီးလည်း ဘာများ ပြဿနာပေါ်ပြန်ပြီလဲဆိုပြီး သုတ်ခြေတင်ရတာပေါ့။ ရုံးရောက်တော့ ဦးစီးအရာရှိ အမျိုးသမီးက “ ဆရာတို့အားလုံး ဗိုလ်ကြီးဝင်းရှိန်နဲ့ တွေ့ဖို့ အစည်းအဝေးခန်းထဲကို ကြွပါ” တဲ့။ ကြွဆိုတော့လည်း ကြွရတာပေါ့။ ဟိုရောက်တော့ လက်ထောက်ညွှန်မှူး ဗိုလ်ကြီးဝင်းရှိန်ဆိုသူက သူ့စားပွဲမှာ မှုန်ကုပ်ကုပ်နဲ့ ထိုင်နေတယ်။ မြားကြီးတို့ စာနယ်ဇင်းဆရာတွေကို ထိုင်ကြပါလို့လည်း တခွန်းမပြောတော့ အားလုံး မတ်တပ်ရပ်နေရတာပေါ့။ သူဘာပြောမလဲ နားစွင့်နေရတယ်။ ခဏကြာမှ သူက မဲဆောက်သတင်းပါတဲ့ စာအုပ်တအုပ်ကိုလှန်ပြပြီး …

“ ခင်ဗျားတို့ ဒီသတင်းတွေ ထည့်ပြီး စာအုပ်တွေ ဖြန့်ထားတာ၊ ခင်ဗျားတို့ကို ရုံးက ခွင့်ပြုချက် ပေးပြီးလို့လား၊ ခင်ဗျားတို့အားလုံး ခွင့်ပြုမိန့် မရသေးဘဲ စာအုပ်တွေ ဖြန့်ထားတာ ကျုပ်တို့သိတယ်။ ခင်ဗျားတို့ စာအုပ်တွေ အားလုံးကို ပိတ်ပစ်လို့ရတယ် သိလား ” လို့ နန်းစတော့ပ် ပြောတော့တယ်။

မြားကြီးတို့လည်း သူပြောတာ ကြားရတော့ ကြောင်သွားတယ်။ အဲဒီ့သတင်းက သူတို့စာပေကင်ပေတိုင်ရုံးကပဲ အတင်းအကျပ် ထည့်ရမယ်ဆိုပြီး ညွှန်ကြားလို့ ထည့်ရတဲ့ဟာကို။ အဲဒါအခုကျတော့ ထည့်လို့ဆိုပြီး ဟောက်နေပြန်တော့ ဟာသပါလားဆိုပြီး စိတ်ထဲ ရယ်ချင်နေမိတယ်။ ဒါပေမယ့် သူ့ရှေ့မှာတော့ ဘယ်ရယ်ရဲမလဲနော်။ စာအုပ်ဖြန့်တာကတော့ အရင်လတွေတုန်းက ခွင့်ပြုမိန့် မကျသေးလည်း အားလုံးဖြုတ်၊ ပယ်၊ ပြင်ဆင်ပြီးရင် နားလည်မှုနဲ့ ဖြန့်နေကြတာပဲ။ ဒါကို သူတို့လည်း သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေကြတာပဲ။ အခုသူတို့ကို အထက်က ထုထောင်းတဲ့အခါကျမှ ခင်ဗျားတို့ ခွင့်ပြုမိန့်မရဘဲ ဖြန့်တယ်ဆိုပြီး သူတို့အမှားကို မြားကြီးတို့အမှား လုပ်ခိုင်းပြီး အပြစ်ပုံချတယ်။ အဲဒီတော့လည်း မြားကြီးတို့က ဘာတတ်နိုင်မှာတုန်း။ သူတို့က စင်ပေါ်က ဖြစ်နေတာကိုး။ မြားကြီးလည်း တောင်တောင်အီအီ စဉ်းစားနေတုန်း ကင်ပေတိုင် ဗိုလ်ကြီးက ဆက်ပြောပြန်တယ်။ သူ ဆက်ပြောမှ မြားကြီးတို့ တကယ်ပဲ ရယ်ချင်သွားတယ်။ ကြည့်ဦးလေ သူပြောပုံက …

“ ခင်ဗျားတို့က ကျုပ်တို့ကို သူတို့ပဲထည့်ခိုင်း သူတို့ပဲ ပြန်ဖြုတ်ခိုင်းတယ်ဆိုပြီး ရယ်ချင်ရယ်မယ်။ ခင်ဗျားတို့ဘာသာ ရယ်ချင်ရယ် မရယ်ချင်နေ ကျုပ်တို့က ဂရုမစိုက်ဘူး။ ကျုပ်တို့က ၀န်ထမ်းတွေ။ အထက်က ထည့်ဆို ထည့်ခိုင်းရမှာပဲ၊ အထက်က ပြန်ဖြုတ်ဆို ဖြုတ်ခိုင်းရမှာပဲ။ ခင်ဗျားတို့အနေနဲ့ ရုံးကို နေ့တိုင်းလာပြီး စနည်းနာနေဖို့ လိုတယ်။ အဲဒီတော့ ခင်ဗျားတို့အားလုံး ဒီသတင်းကို ကိုယ့်သဘောနဲ့ကိုယ် ထည့်မိတာပါဆိုပြီး လက်မှတ်ထိုး၊ ဒါမှ ခင်ဗျားတို့ ဆက်လက် ထုတ်ဝေခွင့်ရမယ်၊ ဒါပဲ ” တဲ့။

ပြောပြီးတာနဲ့ ခပ်တည်တည်ပဲ လက်မှတ်ထိုးဖို့ စာရွက်ထိုးပေးပြီး အခန်းထဲက ထွက်သွားတယ်။ သူထွက်သွားမှ မြားကြီးတို့တတွေလည်း တိုးတိုးတိတ်တိတ် ရယ်မိကြတော့တယ်။ ရယ်လည်း ရယ်၊ လက်မှတ်လည်း ထိုးပေါ့။

အဲဒီနေ့က မြားကြီးတို့ စာနယ်ဇင်းတွေအားလုံး သူတို့ ထည့်ခိုင်းတဲ့ မဲဆောက်သတင်းကို စာမျက်နှာ အပုပ်ခံပြီးလည်း ထည့်ပေးရသေး၊ ကိုယ့်သဘောနဲ့ကိုယ် ထည့်မိလို့ မှားပါတယ်ဆိုပြီး လက်မှတ်တွေလည်း တန်းစီ ထိုးပေးခဲ့ရသေးဆိုတော့ မိအေးနှစ်ခါနာအဖြစ်နဲ့ တိုးခဲ့ရတာပေါ့။ မြားကြီးတို့ လက်မှတ်တွေ တန်းစီထိုးထားတဲ့ အဲဒီ့အစီရင်ခံစာက အထက်က လူကြီးမင်းတွေဆီ ရောက်သွားရင် သူတို့ကင်ပေတိုင်ရုံးက ၀န်ထမ်းတွေ လွတ်စေ၊ ကျွတ်စေပေါ့လေ။

ကဲ ... စာဖတ်သူလည်း အရူးလင်လုပ်ရတဲ့ မြားကြီးတို့ရဲ့ အဖြစ်သနစ်တွေကို ရယ်ချင်ကြရောပေါ့နော်။ ရယ်ချင်ရင် ရယ်သာရယ်၊ အောင့်မထားနဲ့။ ရယ်သောသူ အသက်ရှည်၏တဲ့ဗျို့ …။ ။

မြားကြီး

အပြည့်အစုံသို့...

Monday, February 11, 2013

မှော်ပီိဆရာသိန်းကို ခေါ်ပေး

မြားကြီး

မြန်မာပြည်တွင်းမှာတော့ စာပေစိစစ်ရေးရုံးဆိုတာ မြားကြီးတို့လို စာနယ်ဇင်းလုပ်ကိုင်နေသူအတွက် မပေါင်းလည်းခက် ပေါင်းလည်းခက်ဆိုတဲ့ ဌာနကြီးပေါ့။ မြားကြီးတို့ကတော့ ဂျပန်ခေတ်က စစ်ကြောရေး ကင်ပေတိုင်ရုံးတွေကို အစွဲပြုပြီး သူတို့ကွယ်ရာမှာ စာပေကင်ပေတိုင်ရုံးလို့ပဲ တီးတိုးနောက်ပြောင် ခေါ်ကြတာပေါ့၊ မြားကြီးတို့လို စာနယ်ဇင်းလုပ်တဲ့သူတွေဆို အဲဒီရုံးကို တပတ်နှစ်ကြိမ် သုံးကြိမ်လောက် သွားသွားပြီး စနဲနာရတယ်။ အဲဒီလို စနဲမနာမိလို့ သူတို့ ဒုက္ခပေးတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် မြားကြီးတို့ လုပ်နေတဲ့ စာနယ်ဇင်းကို ‘တလတန်သည် သုံးလတန်သည် ခြောက်လတန်သည်’ တံခါးပိတ်၊ ဂျိတ်ဆိုပြီး ဒဏ်ပေးရင် ဗိုက်မှောက်နေရမှာကိုး။ ဟဲ ဟဲ … အဲဒါကြောင့်မို့ အဲဒီရုံးရဲ့ ကဘောက်တိ ကဘောက်ချာ ညွှန်ကြားချက်တွေကို စိတ်ပါလို့ပဲဖြစ်စေ၊ မပါလို့ဘဲဖြစ်စေ တပတ်ကို နှစ်ကြိမ် သုံးကြိမ်လောက် သွားသွား နားစွင့်ရတာပေါ့။

တရက်မှာ မြားကြီးလည်း မဂ္ဂဇင်းအတွက် အရေးကြီိးတဲ့ ကိစ္စတခုနဲ့ စာပေကင်ပေတိုင်ရုံးကို ရောက်ခဲ့ရော ဆိုပါတော့။ ရုံးအ၀င်ဝက စားပွဲမှာ ထိုင်နေတဲ့ စာရေးမလေးက ‘ဦးလေး … ဦးလေး … ဒီစာရွက်ကို ဖြည့်ပြီး လက်မှတ်ထိုးပေးဦး’တဲ့။ ‘ဦးလေး’ အခေါ်ခံရလို့ ကျွဲမြီးတိုသွားပြီး နောက်ပြန် လှည့်ကြည့်မိလိုက်တယ် (အဟဲ … ခေါ်စရာလားနော် ဒီလောက် နုနုထွတ်ထွတ်လေး ဟာကို)။ အဲ … ဒါပေမယ့် အဲဒီလို လုပ်ပေးမှ ရုံးထဲကို ၀င်ရမှာဆိုတော့ မြားကြီးလည်း စာရွက်ကို ကြည့်ပြီး ဖြည့်ပေးရတာပေါ့။ ဘာတွေဖြည့် ပေးရတာလဲဆိုတော့ အဲဒီရုံးကို ၀င်ထွက်တဲ့ နေ့စွဲ၊ ဘယ်သူ့ကို တွေ့ချင်တဲ့အကြောင်း၊ ဘာကိစ္စနဲ့ တွေ့ချင်တဲ့အကြောင်း၊ ရောက်တဲ့အချိန်၊ ပြန်ထွက်မယ့်အချိန်၊ ကိုယ့်ရဲ့ရာထူး၊ နေရပ်လိပ်စာတွေကို ဇယားကွက်မှာ အတိအကျ ဖြည့်ရေးပြီး လက်မှတ်ထိုးပေးရတာ လက်ကို ညောင်းရောပဲ။

အဲဒါနဲ့ ညောင်းသွားတဲ့ လက်ကိုခါရင်း ရုံးပွဲစားကို ရှာဖို့ မြားကြီး အပေါ်ထပ်ကို တက်ခဲ့တယ်။ မဂ္ဂဇင်းအတွက် စိုးရိမ်တဲ့စိတ်ကလည်း အထွတ်အထိပ် ရောက်နေတယ်။ ညွှန်ကြားရေးမှူးက ဆင့်ခေါ်ထားလို့ သူနဲ့ တွေ့ဖို့ရှိနေတယ်။ ရုံးပွဲစားကိုလည်း ရုတ်တရက် ရှာမတွေ့တော့ စိတ်ညစ်ညစ်နဲ့ပဲ မြားကြီးတယောက်ထဲ ညွှန်ကြားရေးမှူးရုံးခန်းဘက် လျှောက်လာခဲ့တယ်။ ညွှန်ကြားရေးမှူးနဲ့ တွေ့ခွင့်ရှိမရှိ ညွှန်ကြားရေးမှူးရုံးခန်းရဲ့ အ၀င်ဝမှာ မျက်နှာသေနဲ့ ထိုင်နေတဲ့ ပီအေဆိုတဲ့ လူကို မေးကြည့်မလို့ပေါ့။ အဲဒီ့ညွှန်ကြားရေးမှူးရဲ့ ပီအေဆိုတဲ့ လူကလည်း ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲ ဆိုသလို လိုတာထက်ပိုပြီး ပါဝါပြတဲ့ လူမျိုးတွေပေါ့။

မြားကြီးကို မြင်ရင်ပဲ အဲဒီလူက ရှူးတိုးတိုး ဆိုသလို အမူအရာ လုပ်ပြပြီး ညွှန်ကြားရေးမှူးရုံးခန်းထဲမှာ ဧည့်သည်ရှိတဲ့အကြောင်း အခန်းဘက်ကို လက်ညှိုးထိုးပြတယ်။ မြားကြီးလည်း ပိုစိတ်ညစ်သွားပြီး အပေါက်ဝမှာပဲ ခြေထောက် ညောင်းတောင့်အောင် ရပ်စောင့်နေရတော့တာပေါ့။ ခဏကြာတော့ အထဲက တံခါးဖွင့်သံ ကြားရတယ်။ ထွက်လာတဲ့သူက မြားကြီးအသိ စာအုပ်ထုတ်ဝေသူတယောက် ဖြစ်နေတယ်။ သူက ခေါင်းကုတ်ပြီး ပြုံးစေ့စေ့ မျက်နှာပေးနဲ့ မြားကြီးကို လှမ်းနှုတ်ဆက်တယ်။ မြားကြီးက သူ မြားကြီးကို ကြည့်ပြီး ပြုံးနေတယ်ထင်လို့ …

‘ ဟေ့လူ ဘာရယ်နေတာလဲဗျ’ လို့ မေးလိုက်တယ်။
သူက ‘စိတ်ညစ်ပါတယ် ဆရာသမားရေ၊ ဘယ်လို ရှင်းပြရမှန်းတောင် မသိဘူး ဖြစ်နေတယ်’ တဲ့။
မြားကြီးက ‘ ခင်ဗျားပုံက စိတ်ညစ်တယ်လည်း ဆိုသေး၊ ပြုံးစေ့စေ့နဲ့ ပါလားဗျ’ လို့ ပြောတော့ …
သူက ‘ ဟုတ်တယ်၊ ဆရာသမားရေ၊ ကျနော်အဖြစ်က မနှစ်ကနဲ့မတူ ဆိုသလို ရယ်ရမလို ငိုရမလို ဖြစ်နေလို့ ဆရာသမားရဲ့’ လို့ လှေကားရင်းကို ခေါ်သွားပြီး တိုးတိုးပြောပြတယ်။
မြားကြီးက ‘ဘာတွေ ဖြစ်လာလို့လဲဗျ’ လို့မေးမှ သူက အကြောင်းစုံကို လင်းတော့တယ်။ အဲဒီတော့မှ မြားကြီးလည်း စိတ်ညစ်တာတွေ ဘယ်ပျောက်ကုန်မှန်း မသိဘဲ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်မိတော့တယ်။ ခပ်ဝေးဝေးမှာ ရှိနေတဲ့ ပီအေဆိုတဲ့ ငတက မြားကြီးတို့နှစ်ယောက် ရယ်ပွဲဖွဲ့နေတာကို ရှုတည်တည်နဲ့ လှမ်းကြည့်နေတယ်။

မြားကြီးမိတ်ဆွေရဲ့ ဒုက္ခကိုလည်း ကြည့်အုံးလေ။ ပြုံးမဲ့မဲ့ မျက်နှာပေးနဲ့ သူပြောပြပုံက …
‘ ဆရာသမားရယ်၊ ကျနော်က မှော်ပီိဆရာသိန်းရဲ့ စာအုပ်အဟောင်းတအုပ် ပြန်ထုတ်ချင်လို့ ရုံးတင်ထားတာ ဒီနေ့ ညွှန်မှူးက တွေ့ချင်တယ်လို့ ဆင့်ခေါ်လို့ လာတွေ့တာ။ တွေ့တော့ ညွှန်မှူးက စမေးတယ်။ ဒီမှော်ပီိဆရာသိန်းရေးတဲ့ စာအုပ်က ခင်ဗျားထုတ်မှာလား၊ စာရေးသူကရော ခင်ဗျားကိုယ်တိုင်ပဲလားတဲ့၊ မှော်ပီဆရာသိန်းက ကွယ်လွန်သွားတာ ကြာပြီိဆိုတော့ ကျနော်လည်း သူ့အမေးကို ရုတ်တရက် ကြောင်သွားတယ်။ အဲဒါနဲ့ကျနော်က ညွှန်မှူးကို ပြန်ပြောပြလိုက်တယ်။ ကျနော်က ထုတ်ဝေသူပါ။ စာရေးဆရာက မရှိတော့ပါဘူးဆိုတော့ ညွှန်မှူးက သူရေးတဲ့ စာအတွက် သူနဲ့ ဆွေးနွေးစရာရှိတယ်။ မရှိရင် လိုက်ခေါ်၊ မှော်ဘီက ရန်ကုန်နဲ့ နီးနီးလေးပဲတဲ့၊ ကျနော့်အဖြစ်က အဲဒီလို ဆရာသမားရေ’။

သူ့ပြောစကားကို နားထောင်ပြီး မြားကြီးလည်း ဂုရုကြီး အီကြာကွေးလို ဟိုက်ရှာလပတ်ရည်ပဲ တ နိုင်တော့တယ်။ သြော် ... မြားကြီး ၀င်သွားတဲ့အခါလည်း စာရေးဆရာကြီး ဒဂုန်တာရာကို တောင်ဒဂုံ မြောက်ဒဂုံတို့ဘက် သွားရှာခိုင်းနေရင် ဒုက္ခပါလား မောင်မင်းကြီးသား ညွှန်ကြားရေးမှူးရယ်လို့ပဲ ဘုရားတ လိုက်မိတော့တယ်။

မြားကြီး

အပြည့်အစုံသို့...

Sunday, February 10, 2013

လား၏ ခြေရာ

လား၏ ခြေရာ
မြားကြီး

မြန်မာပြည် စာနယ်ဇင်းတွေမှာ မျက်နှာသစ် အနုပညာရှင်တွေကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးတဲ့ ကဏ္ဍလေးတွေ ထည့်သွင်းဖော်ပြလေ့ရှိတယ်။ သတင်းနဲ့ ဖြစ်စေ၊ ဓာတ်ပုံဆောင်းပါးနဲ့ ဖြစ်စေ၊ အင်တာဗျူးနဲ့ ဖြစ်စေ မိတ်ဆက်ပေးလေ့ရှိတယ်။ အဲဒီလို မိတ်ဆက်ကဏ္ဍမှာ ပါချင်တဲ့ အနုပညာရှင် မျက်နှာသစ်ကလေးတွေဟာ ရန်ကုန်မြို့လယ်ခေါင်က လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ စုဝေးတတ်တဲ့ စာနယ်ဇင်းပေါင်းစုံက ဂျာနယ်လစ်ဆိုတဲ့ ဆရာသမားတွေဆီကို လာရောက် ချဉ်းကပ်လေ့ရှိကြတယ်။ အဲဒီနေရာကမှတဆင့် အဆိုပါ ဂျာနယ်လစ်ဆရာတွေ ကြိုက်တတ်ရာရာ ယမကာဆို ယမကာ၊ ဘီယာဆို ဘီယာ ရှိတဲ့နေရာတွေဆီကို ပင့်ဖိတ်ခေါ်ဆောင်သွားပြီး အသေးစိတ် ဆွေးနွေးတိုင်ပင်လေ့ရှိကြတယ်။

တခါသားမှာတော့ တိုင်းရင်းသား မျက်နှာသစ်အဆိုတော်လေးတဦးက သူ အသံသွင်းနေတဲ့ တေးစီးရီးနဲ့ ပတ်သက်ပြီး မဂ္ဂဇင်းမှာ ပါချင်လို့ ဂျာနယ်လစ်ဆရာတဦးကို ချဉ်းကပ်ရောဆိုပါတော့။ အဆိုပါ ဂျာနယ်လစ်ဆရာက သူ ပင်တိုင်ရေးနေတဲ့ မဂ္ဂဇင်း (၄) စောင်မှာ ပါစေရမယ်လို့ မိန့်မိန့်ကြီး ပြောဆိုပြီး အာမဘန္တေခံလေတော့ တိုင်းရင်းသားအဆိုတော်လေးခမျာ တော်တော်ပျော်သွားပြီး ‘ဆရာ ဒီညနေ ဘာများ သုံးဆောင်ချင်ပါသလဲခင်ဗျာ၊ ကျနော် ဆရာ့ကို ပြုစုပါရစေ’ လို့ ဖိတ်မန္တကပြုသတဲ့။ ဆရာသမားကလည်း ငြင်းပယ်ခြင်းအမှုကို နှစ်ခါမပြုလေဘဲ နှစ်ဦးသား တီးတိုးတိုင်ပင်ပြီး သကာလ စည်ဘီယာဆိုင်တဆိုင်ဆီ ချီတက်သွားကြပါလေရောတဲ့။

စည်ဘီယာဆိုင် ရောက်တာနဲ့ ဆရာသမားက အသံဖမ်း ကက်ဆက်ကလေးဖွင့်ပြီး တခွန်းမေးလိုက် ဘီယာတကျိုက် မော့လိုက်၊ အမြည်းစားလိုက်၊ စီးကရက်တဖွာ ဖွာလိုက်နဲ့ အင်တာဗျူး စကားဝိုင်းလေးဟာ အိုကေမှာ စိုပြေလို့ နေပါသတဲ့။ တိုင်းရင်းသား အဆိုတော်သစ်ကလေးကလည်း အသံလေး ၀ဲတဲဝဲတဲနဲ့ တရစပ် ၀င်လာတဲ့ မေးခွန်းတွေကို အားတက်သရော ဖြေကြားနေသတဲ့။ အသံသွင်းနေတဲ့ တေးစီးရီးအခြေအနေ၊ အနုပညာလောကထဲကို ခြေစုံပစ်ဝင်ခဲ့ရတဲ့ အကြောင်းတွေကို စုံစုံလင်လင် မေးမြန်းပြီးသကာလ အိမ်ပြန်ရောက်တာနဲ့ မဂ္ဂဇင်း (၄) အုပ်စာအတွက် အကြောင်းအရာ မထပ်ရအောင် ဗားရှင်းလေးမျိုး ခွဲပြီး ဖွဲ့နွဲ့ပါလေရောတဲ့။ ပြီးတာနဲ့ မဂ္ဂဇင်းတိုက်တွေဆီ မြန်မြန်ထက်ထက် ချီတက်သွားပြီး စာမူတွေ ဖြန့်ဝေလိုက်သတဲ့။

စာမူဖြန့်ဝေပြီး လေးငါးရက်လောက်အကြာမှာ ဂျာနယ်လစ်ဆရာသမားနဲ့ တိုင်းရင်းသား အဆိုတော်သစ်ကလေးတို့ လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ ပြန်ဆုံကြသတဲ့။ တွေ့တွေ့ချင်းပဲ ဂျာနယ်လစ်ဆရာသမားက ‘မောင်ရင့် လား၏ ခြေရာ စီးရီးကို ကိုယ်အပြတ်ဖွဲ့နွဲ့ပြီး စာမူတွေ ပေးလိုက်ပြီ၊ မဂ္ဂဇင်းတွေထွက်ရင် လေးအုပ်စာလုံးမှာ ပါလိမ့်မယ်၊ ကိုယ်နဲ့တွေ့တာ မောင်ရင်ကံကောင်းတယ်၊ ကိုယ့်မှာကွာ လား ဆိုတဲ့ သတ္တ၀ါအကြောင်းကို သုတေသန ပြန်လုပ်ပြီးမှ စပယ်ရှယ် ဖွဲ့နွဲ့ရတာ တော်တော်ပင်ပန်းသွားတယ်’ ဆိုပြီး နန်းစတော့ပ် ပြောလေသတဲ့။ ဂျာနယ်လစ်ဆရာသမား ပြောတာကို နားထောင်အပြီးမှာ တိုင်းရင်းသားအဆိုတော်သစ်လေးဟာ မျက်နှာလေး ညှိုးငယ်သွားပြီး အသံဝဲ၀ဲလေးနဲ့ ‘ဒုက္ခတော့ဖြစ်ပြီနဲ့ တူတယ်ဆရာ၊ ကျနော့်စီးရီးနာမည်က လား၏ ခြေရာ မဟုတ်ပါဘူး။ လ၏ ခြေရာ ပါ။ moon ကို ပြောတာပါ ဆရာ’ ဆိုပြီး ဘိုလိုပါ ညှပ်ပြောပြသတဲ့။

အဲဒီမှာတင် ဒူးကလေးနှံ့ပြီး မိန့်မိန့်ကြီးလုပ်နေတဲ့ ဂျာနယ်လစ်ဆရာသမားဟာ မျက်စိပျက် မျက်နှာပျက် ဖြစ်သွားပြီး ‘ဟိုက်ရှာလပတ်၊ ဒုက္ခပါပဲကွာ၊ မောင်ရင်ပဲ လား၏ ခြေရာ ဆိုကွာ၊ ကိုယ်လည်း မရေးခင် သေချာတော့ စဉ်းစားကြည့်ပါသေးတယ်၊ လမှာတော့ ခြေရာမရှိနိုင်ဘူး၊ ရှိချင်းရှိရင် လားမှာပဲ ခြေရာရှိမှာပေါ့လို့ တွေးပြီး ရေးလိုက်တာပေါ့ကွာ၊ အဲဒီနေ့က ကိုယ်ပဲ များသွားလို့လား မောင်ရင်ကပဲ အသံဝဲလို့လား မသိဘူး ၊ ဒုက္ခပါပဲကွာ’ ဆိုပြီး ထိုင်ရာက ထကာ မဂ္ဂဇင်းတိုက်တွေဆီကို တချိုးတည်း သုတ်ခြေတင်ပါလေရောတဲ့။ မဂ္ဂဇင်းတိုက်တွေ ရောက်တော့ ဖလင်အဆင့်အထိ လုပ်ပြီးနေကြလို့ ကုန်ကျစရိတ်အားလုံး သူကျခံပါ့မယ်လို့ ပြောပြီး စာမူ အမြန်ပြန်ရေး၊ အမြန်ပြန်ပြင်ပေးလိုက်ရတာ သောက်ထားတဲ့ စည်ဘီယာတွေ ဘယ်ရောက်ကုန်မှန်းမသိဘဲ အိတ်ထဲကပါ စိုက်လိုက်ရတဲ့အကြောင်း ညည်းတွားနေသံကို မြားကြီး ကြားခဲ့ရကြောင်းပါခင်ဗျာ။ သြော် … မူးရင် မဗျူးနဲ့ ဗျူးရင် မမူးနဲ့လို့ပဲ ပြောရမှာလား … လား၏ ခြေရာ … ။

မြားကြီး

အပြည့်အစုံသို့...

Saturday, February 9, 2013

ဘောလုံးပွဲ ကြေညာသူ မြန်မာ့အသံ ဦးဝင်းအောင်ကို သတိရ ... (ဟာသ)

ဘောလုံးပွဲ ကြေညာသူ မြန်မာ့အသံ ဦးဝင်းအောင်ကို သတိရ ...
ဖုန်းတဂိုးရှင် ရေးသားသည်။

“ဟော အခုဆိုရင် မန်ဖွတ်အသင်းနည်းပြ ဆာအဲလက်စ်ဖာဂူရွှေက ပြည်တွင်းဖြစ် ကပ်စေးနှဲ ပလုပ်ပလောင်း ၀ါးရင်း လူစားလဲဖို့ ပြင်တယ်ခင်ဗျ။”

“ဟုတ်ကဲ့ ကွင်းလယ်တောင်ပံလူ ရွိုင်ယန်သိန်းဌေးအစား ငယ်မွေးခြံပေါက် မိုက်ကယ်သက်နိုင်ဝင်းကို လူစားလဲတယ်ခင်ဗျ။”

“ဟော ပြောရင်းဆိုရင်း မြို့ခံပြိုင်ဘက် ဒီမိုစီးတီးအသင်း တိုက်စစ်မှူးကြီး တီဗက်စုရဲ့ ခပ်ပျော့ပျော့ မပြင်းတပြင်း အားမပါ့တပါ ကန်ချက်ကို မန်ဖွတ်အသင်း ဒု-ခေါင်းဆောင် အီဗရာရွှေမန်း လျှောထိုးဖျက်ထုတ်ပြီး ပွဲကြည့်စင်ဘက်ကို ကျောက်ကန် ကန်ထုတ်လိုက်တယ်ခင်ဗျား။”

“ပြောရရင် ဒီနေ့ပွဲမှာ မန်ဖွတ်အသင်း ဒု-ခေါင်းဆောင် အီဗရာရွှေမန်းဟာ ဒီမိုစီးတီးအသင်း တိုက်စစ်မှူးကြီး တီဗက်စုကို အသေကပ်ထားပုံများ မသိရင် ကြိုးနဲ့ ပူးချည်ထားသလား အောက်မေ့ရတယ်ခင်ဗျ။”

“မန်ဖွတ်အသင်းခေါင်းဆောင် ဗီဒစ်သိန်းစိန်ကတော့ လာသမျှဘောလုံး ခေါင်းနဲ့ချည်း ဖျက်ထုတ်နေရလို့ ဆံပင်ပါးပြီး ထိပ်သိသိသာသာ ပြောင်နေပြီပေါ့ခင်ဗျာ။”

“ဟုတ်ကဲ့ ဒီနေ့ပွဲမှာတော့ အများမျှော်လင့်နေတဲ့ ဒီမိုစီးတီးအသင်း တိုက်စစ်မှူး အဂူရိုအိတ်ပူးကတော့ မန်ဖွတ်အသင်း ၀ါရင့်ကွင်းလယ်လူ ဘောသူခိုး (အဲ ...) ပေါစခိုးအောင်မင်းက အသေကပ်ကစားထားပြန်လို့ ခြေမပေါ်သေးဘဲ ဟိုပြေးဒီပြေး ပြေးနေတာကိုပဲ မြင်နေရသေးတယ်ပေါ့ခင်ဗျာ။”

“အခုဆိုရင် ပွဲစတာ ရွေးကောက်ပွဲ နှစ်လိမ်စာ ကျော်လာပေမယ့် ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်သေးဘဲ မန်ဖွတ်အသင်းရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ကစားမှုအောက်မှာ မြို့ခံပြိုင်ဘက် ဒီမိုစီးတီးအသင်း သတိနဲ့ ကြောက်ကြောက်လန့်လန့် မရဲတရဲ ကစားနေတာကို တွေ့နေရတယ်ပေါ့ခင်ဗျာ။”

ဖုန်းတဂိုးရှင်

အပြည့်အစုံသို့...

Wednesday, February 6, 2013

သြော် ... တပ်မတော် (ဟာသ)

အဟိ

လွတ်မြောက်နယ်မြေက အဟိနေတဲ့ မြို့ကလေးမှာ မြန်မာပြည်ကထုတ်တဲ့ စာအုပ်တွေ တော်တော်များများ စုထားဆောင်းထားတဲ့ စာကြည့်တိုက်လေးတခုရှိတယ်။ မြန်မာစာငတ်လာတဲ့အခါ အဟိက အဲဒီစာကြည့်တိုက်လေးရှိရာကို သွားသွားပြီး အချစ်ဝတ္ထုတွေ၊ ကာတွန်းစာအုပ်တွေ၊ မဂ္ဂဇင်းစာအုပ်တွေ (မော်ဒယ်လ်ဂဲလ် အချောအလှလေးတွေကို ငမ်းချင်လို့) ငှားငှားဖတ်တယ်ဆိုပါတော့။ အဲသလို စာကြီးပေကြီးတွေကိုမှ ရွေးရွေးဖတ်တဲ့ အဟိကို ကြာလာတော့ အဲဒီစာကြည့်တိုက်ရဲ့ ဦးစီးဦးဆောင် စာကြည့်တိုက်မှူးကြီးက သတိထားမိလာတယ်ထင်ပါ့။ အစောပိုင်း စာအုပ်သွားငှားတဲ့အခါ အဟိကို မေးထူးခေါ်ပြောလောက်သာ ဆက်ဆံရာက တဖြည်းဖြည်းနဲ့ ပိုရင်းနှီးလာလို့ပဲလားမသိ။ တိုးတိုးဖော်အနေနဲ့ပါ ပြောဆိုဆက်ဆံလာတယ်။

အဲသလိုနဲ့ အဟိလည်း ပျင်းပျင်းရှိတဲ့အခါ အဲဒီစာကြည့်တိုက်ကို သွားပြီး စာကြည့်တိုက်မှူးကြီးနဲ့ လေပန်းရောဆိုပါတော့။ အဲဒီလို အကြောင်းတရားတွေအပြင် စာကြည့်တိုက်ကို အဟိသွားဖြစ်တဲ့ အမှန်ဧကန် အကြောင်းတရားလေးတခုလည်း ရှိသေးတယ်ခင်ဗျ။ အဲ … မှန်တာပြော မိန်းမချောချောရပါစေ။ တကယ်တမ်း အဲဒီစာကြည့်တိုက်ကို အဟိတယောက် သွားရောက်ရခြင်း အကြောင်းအရင်းစစ်စစ်က စာအုပ်ငှားပြီး စာကြည့်တိုက်မှူးကြီးနဲ့ လေပန်းဖို့ထက် စာကြည့်တိုက်မှာ စာအုပ်လာလာငှားဖတ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမ အချောအလှလေးတွေကို အေးအေးဆေးဆေး ငေးမောချင်တဲ့စိတ်က အလေးသာနေလို့ပါခင်ဗျ။

မြန်မာပြည်မှာက ‘လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေး(နအဖ)ဟောင်’ ဆိုသလို ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့အခါကျတော့ အဟိတို့ရှိတဲ့ လွတ်မြောက်နယ်မြေဖက်ကို ကူးလာပြီး အလုပ်လာလုပ်ကြတဲ့ မြန်မာပြည်သားတွေက ကြာလေလေ ပိုများလေလေမဟုတ်လား။ အဲဒီအထဲမှာ ဂေါ်မစွံ အဟိလေးအတွက် ရွေး ချယ်စရာ အပျိုချောတွေလည်း တပုံတပင် ပါလာလေတော့ အားနာနာနဲ့ပဲ ပိုးပန်းနေရတော့တာပေါ့ခင်ဗျာ။

အဲဒီလို ဖူးစာရှင်ကို ရွေးချယ်ဖို့ အခွင့်အလမ်းများတဲ့အထဲမှာ အဲဒီစာကြည့်တိုက်ကလည်း တထောင့်တနေရာက ပါဝင်နေတော့ အဟိလည်း ၀ိရိယစိုက်ပြီး စာကြည့်တိုက်မှူးကြီးနဲ့ သွားသွားလေပန်းနေရတာပေါ့။ တရက်ကျတော့ သူက ‘ဟေ့ အဟိရေ … မောင်ရင့်ကို ကိုယ့်ချာတိတ်မလေးတွေအကြောင်း ပြောပြရဦးမယ်။ ကိုယ့်ကို စက်ရုံက ခလေးမလေးတွေ ခင်မင်နေကြတာ မောင်ရင်လည်း အသိပဲမဟုတ်လား’ ဆိုပြီး ပြုံးစစနဲ့ စကားစလိုက်တယ်။ အဟိလည်း အပျိုချောတွေအကြောင်းများ မြန်မြန်ပြောလေမလား ဆိုတဲ့သဘောနဲ့ ‘သိပါ့ ဆရာသိန်းရာ၊ နို့ … အဲဒါ ဘာများ ထူးဆန်းလို့လဲ’ လို့ ဆွပေးလိုက်တယ်။

အဲဒီမှာ သူက ပြောရတာအရှိန်ရလာပြီး ‘ခလေးမလေးတွေကဗျာ၊ အဲသလို ခင်မင်နေကြတော့ ကျနော့်ဆီကို ရောက်ရောက်လာပြီး သူတို့အိမ်ကိုရေးတဲ့ စာတွေမှာ စာလုံးပေါင်း သတ်ပုံတွေ မှန်မမှန် လာလာစစ်ခိုင်းတယ်ဗျ။ တရက်ကျတော့ဗျာ၊ ခလေးမလေးတယောက်က သူရေးထားတဲ့စာ ကျနော့်ကို လာပြတယ်။ ဦးရေ ... ဦးရေတဲ့ သမီးရေးထားတဲ့စာကို ဦးဖတ်ပေးပါဦးတဲ့။ စာကတော့ သူ့အဖေအမေနဲ့ အိမ်သားတွေဆီ အလုပ်အကိုင် အဆင်ပြေကြောင်း၊ သာကြောင်းမာကြောင်း ရေးထားတဲ့စာပါ။ ဒါပေမယ့် စာကိုဆက်ဖတ်ရင်း အဆုံး နားရောက်ခါနီးတော့ ဘာတွေ ရေးထားတယ်မှတ်သလဲ။ ဖေဖေနဲ့ မေမေတဲ့ ဒါနဲ့ ဟိုတပ်မတော်ကော အရင်လို နှိပ်စက်တုန်း သောင်းကျန်းတုန်း အော့ကြောလန်ချဉ်ဖတ် ဖြစ်နေတုန်းပဲလားတဲ့။ အဲဒီစာကြောင်းကို ဖတ်ရတော့ ကျနော်လည်း တော်တော်လန့်သွားတယ်ဗျ’ လို့ နန်းစတော့ပ်ပြောပြီး စကားစကို ခဏဖြတ်လိုက်တယ်။ ပြီးတော့ အဟိကို ပြုံးစိစိကြီး ကြည့်နေလေရဲ့။

အဟိလည်း တပ်မတော်ဆိုတာ ဘာအဓိပ္ပာယ်ပါလိမ့်တွေးပြီး သူဆက်ပြောမယ့် စကားကို နားစွင့်နေမိတယ်။ ခဏကြာမှ သူက ‘အဲဒါနဲ့ ခလေးမလေးလာတော့ မေးရတာပေါ့။ ဟဲ့ ... ဟဲ့ နင့် ဒီစာကြောင်းက ဘာအဓိပ္ပာယ်လဲပေါ့။ ဒီအတိုင်းပို့လိုက်လို့ လမ်းမှာ နအဖကများ မိသွားရင် အဖမ်းခံနေရပါဦးမယ်လို့ ကျနော်က ပြောလိုက်တယ်။ အဲဒီမှာ ခလေးမလေးက ဘာပြန်ပြောလဲဆိုတော့ ဦးကလည်းတဲ့၊ အဲဒါ အိမ်က အလတ်ကောင်ကို ရေးထားတာတဲ့။ သူက အရမ်းဆိုးတယ် ဦးရဲ့တဲ့။ အိမ်ရှိလူကုန်ကို နှိပ်စက်ပြီး ရပ်ကွက်ထဲမှာလည်း ဘယ်သူနဲ့မှ မတည့်လို့ သူ့ကို အိမ်ကလူတွေက တပ်မတော်လို့ နာမည်ပြောင် ပေးထားတာဦးရဲ့တဲ့ဗျာ ဟဲ ဟဲ … ဟဲ ဟဲ …’ ဆိုပြီး အဆက်မပြတ် ရယ်နေပါလေရော။ အဟိလည်း သူနဲ့အတူ ရယ်မောရင်း နအဖစစ်အုပ်စု ပြောပြောနေတဲ့ ‘အောင်တပ်မတော်’ အစား ‘သြော် … တပ်မတော်’ လို့ပဲ စိတ်ထဲက စုတ်သပ်နေမိတော့ရဲ့။ ။

အဟိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

အပြည့်အစုံသို့...

Monday, January 2, 2012

ဂနိုအစိုးရ

ဂနိုအစိုးရ
ဒေါက်တာရုကမ်း (ဂျီပီ)

ဦးသိန်းစိန်တို့ ကြံ့ဖွတ်အစိုးရ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေပုံကို ကြည့်ပြီး မောင်ရုကမ်း ဆေးခန်းဖွင့်စားခဲ့တုန်းက လူနာတချို့ကို ပြန်မြင်ယောင်လာမိတယ်။

အဲဒီလူနာတချို့ဆိုတာက အမျိုးသမီးလူနာမဟုတ်ဘူး၊ အမျိုးသားလူနာ။ မောင်ရုကမ်းရဲ့ ဆေးခန်းထဲကို သူတို့ ၀င်လာပုံက အခြားအခြားသော လူနာတွေနဲ့ မတူဘူး။ ဆေးကုသခန်းရဲ့အပြင်ဘက် လူနာစောင့်တဲ့ ထိုင်ခုံတွေမှာ လူရှင်းတဲ့အချိန်မျိုး၊ ဆေးခန်းရှေ့က လမ်းမပေါ်မှာလည်း လူခြေပြတ်တဲ့အချိန်မျိုးမှ ခန်းဆီးစကို လှပ်ပြီး အလစ်အငိုက် သုတ်သီးသုတ်ပြာ ၀င်လာတတ်တာကလား။ တချို့ဆို သူ့တို့ကို လူသိမှာ စိုးလို့ထင့်၊ ညမှောင်နေတာတောင် ဦးထုပ်ကြီးက ဆောင်းလာသေး။

တချို့ကလည်း ၀င်လာပြီးမှ ရင်တုန်ပြီး အမောဆို့နေတဲ့ လေသံနဲ့ …

“တော်ပါသေးရဲ့ ဆရာမို့လို့” တဲ့ ရင်ဘတ်ကြီးကို ဖိလို့ …။

သူ ထိတ်ပြာနေတာကို ကြည့်ပြီး အလိုက်ကန်းဆိုးသိတတ်တဲ့ မောင်ရုကမ်းက သူ့မှာ ဆို့နေတဲ့ အလုံးကြီး ကျသွားအောင် …

“ဘာဖြစ်လို့လဲဗျ၊ ဆိုင်းဘုတ်မှာ ရေးထားတဲ့ ကျုပ်နာမည် ‘ရုကမ်း’ ဆိုတာ မိန်းမနာမည်နဲ့ တူနေလို့လားဗျ” လို့ အတည်ပေါက်နဲ့ နောက်ပြီးပြောလိုက်တော့ …

“ဟီး ဟီး ဘာရယ်ဟုတ်ပါဘူးဆရာ ဟီး ဟီး” တဲ့။

“ကဲ ကဲ ဘာရယ်မဟုတ်ရင်လည်း ဘာဖြစ်လာလဲ လိုရင်းကို ပြော” ဆိုတော့ အဲဒီတချို့က မေးတာကို ချက်ချင်းမဖြေသေးဘဲ …

“ဟို … ဟို … ဒီ … ဒီလိုဆရာ” အင်ထရိုတွေ ပျိုးပြီး ရှက်ကိုးရှက်ကန်း အမူအရာတွေ လုပ်ပြနေတတ်သေးတယ်။

လူနာရဲ့အမူအရာကို ကြည့်ပြီး ဓာတ်ပေါက်ပြီးသားဖြစ်နေတဲ့ မောင်ရုကမ်းက …

“ကဲ … ကဲ မေးတာကို ခင်ဗျားက မဖြေတော့ ကျုပ်က ဘာကို ကုပေးရမှာလဲ … ဘာလဲ ခင်ဗျား တိုက်ပွဲကျလာတာလား” လို့ စိတ်မရှည်သလို လေသံနဲ့ နှပ်ကြောင်းပေးပြီး မေးလိုက်တော့မှ ခေါင်းလေးကုတ်သလို လက်ချေး (ဂျီး) တွန်းသလို အမူအရာနဲ့ …

“ဟိုဒင်းဆရာ … ဟို … ဟို … ဟုတ်တယ်ဆရာ ... ဟီး ဟီး” တဲ့။

ရှက်နေတဲ့ လူနာကို ပိုပြီး မရှက်စေလိုတဲ့ မောင်ရုကမ်းက …

“တိုက်ပွဲကျတာများဗျာ ဘာဆန်းလဲ၊ ဒါများ ရှက်စရာမှ မဟုတ်တာ။ ယောက်ျားပဲ။ မကြိုက်တဲ့သူ ဘယ်သူရှိလဲ။ ရှိရင် ကျုပ်ဆီခေါ်လာခဲ့” လို့ မှင်သေသေနဲ့ ဖေးဖေးမမလေး ပြောပေးလိုက်မှ အဲဒီလူနာတချို့ဟာ ရှက်ရွံ့နေတဲ့ အမူအရာတွေ ပြေပျောက်သွားပြီး …

“ဟုတ်ကဲ့ ဆရာ၊ ကျနော်လည်း တခါတည်း မှားမိတာပါဆရာ။ အဲဒါ ဆီးလမ်းကြောင်းကနေ ပြည်တွေ ယိုကျပြီး ဆီးသွားရင် မျက်ရည်တွေထွက်၊ ချွေးပေါက်တွေကျရတဲ့အထိ နာကျင်နေလို့ ဆီးသွားရမှာတောင် အရမ်းလန့်နေတယ်ဆရာ။ ကယ်ပါဦး ဆရာရယ်” လို့ နန်းစတော့ပ် ရင်ဖွင့်ပါလေရော။

လူနာက အကြောင်းစုံ လှစ်ဟလို့လည်းပြီးရော နားထောင်ရင်း ဆေးစုပ်ပြီးသွားတဲ့ မောင်ရုကမ်းက …

“ဒါလေးများဗျာ၊ ဆေးထိုး ဆေးသောက်ရင် ပျောက်မှာပေါ့။ ကဲ … ကုတင်ပေါ်တက်၊ မှောက်၊ ပုဆိုးလျှော့” ဆိုတော့ ခမျာမှာ ဘာမှမပြောရှာတော့ဘဲ ငြိမ်ငြိမ်လေး ၀မ်းလျားမှောက်ပေးပါလေတော့တယ်။ တချို့လူနာတွေက ရှောရှောရှူရှူ မမှောက်ဘဲ “ဆရာ ဂျန်တာမိုင်စင် ထိုးပေးမှာလားဟင်” လို့ အတွန့်တက်သေးတယ်။

အဲဒီလို အတွန့်တက်တဲ့ လူနာဆိုရင် မောင်ရုကမ်းက ရှည်ရှည်ဝေးဝေး ရှင်းပြမနေဘဲ ကုတင်ဘေး ကပ်လျက်မှာရှိတဲ့ နံရံပေါ်က စာတန်းကို လက်ညှိုးထိုးပြလိုက်တယ်။

“ရောဂါပျောက်ချင်ရင် ကုတင်ပေါ်တက်၊ ရက်ပိုင်းအတွင်း ပျောက်မည်။ ဆေးအကြောင်း သိချင်ရင် ဆေးကျောင်းတက်၊ ၇ နှစ်ခွဲ ကြာမည်” ဆိုတဲ့ စာတန်းကို ဖတ်ပြီး လူနာ ငြိမ်သက်စွာ မှောက်ပေးလေတော့တယ်။

အဲဒီနောက် သောက်ဆေးယူ ဉာဏ်ပူဇော်ခလေး ချီးမြှင့်ပြီးသကာလ နှုတ်ဆက်စကားပင် မပြောကြားတော့ဘဲ ဖင်ကလေး ပွတ်ကာပွတ်ကာနဲ့ သုတ်ခြေတင်ပါလေတော့တယ်။ တချို့များဆို ပိုတဲ့ပိုက်ဆံ ပြန်အမ်းတာတောင် “ပြန်မအမ်းပါနဲ့တော့ ဆရာ” ဆိုပြီး နောက်လှည့်မကြည့်တော့ဘဲ တချိုးတည်း လစ်ပါလေရော။ “ဂနိုကောင်တွေ ပိုက်ဆံတောင်းလို့ အရမ်းကောင်းတယ်” လို့ ဂျီပီလုပ်တဲ့ သူငယ်ချင်းဆရာသမားတွေ ပြောတာ ဒါကြောင့်ကိုးလို့ မောင်ရုကမ်း တွေးနေမိသေး။

မောင်ရုကမ်း သုံးနှုန်းတဲ့ “တိုက်ပွဲကျတယ်” ဆိုတာက မကောင်းတဲ့ မိန်းမတွေနဲ့ ဆက်ဆံပျော်ပါးပြီး လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေ ရလာတဲ့ လူနာတွေ မျက်နှာမပူအောင် တဘက်လှည့်နဲ့ သုံးနှုန်းလိုက်တဲ့ စကားပါ။

ဟဲ … ဟဲ … အခု ဦးသိန်းစိန်တို့ ကြံ့ဖွတ်အစိုးရ နိုင်ငံရေးအကျဉ်းသားလွှတ်ပုံကြည့်ပြီး မောင်ရုကမ်း အဲဒီ တိုက်ပွဲကျတဲ့ လူနာတွေကို ပြန်မြင်ယောင်နေမိတာခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အသစ်ကျပ်ချွတ် ဒီမိုကရေစီအစိုးရလည်း ပြောသေး၊ သူတို့အစိုးရလက်ထက်မှာ ဖမ်းထားတာမဟုတ်တဲ့ နိုင်ငံအကျဉ်းသားတွေကို လွှတ်ပေးနေပုံက ဂနိုကျတဲ့သူတွေ ဆီးသွားတဲ့အခါ နာကျင်မှာ ကြောက်လို့ နည်းနည်း နည်းနည်းဆီ ဆီးစွန့်နေရသလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေကို ကြောက်ကြောက်ရွံ့ရွံ့ တွန့်ဆုတ် တွန့်ဆုတ်နဲ့ လွှတ်ပေးနေတာ မြင်နေရလို့ပါ။

ဒီနေ့လည်း ကြည့် … တတိယအကြိမ် တွန့်ဆုတ် တွန့်ဆုတ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့သဘော မောင်မင်းကြီးသား သိန်းစိန်အစိုးရ ကြေညာလိုက်ပုံက …

လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ ပြောင်းလဲမှုများ

သေဒဏ် ကျခံထားသူများ – ထောင်ဒဏ် တသက်သို့ ပြောင်းလဲ
ထောင်နှစ် ၃၀ အထက် ကျခံထားသူများ – ထောင်ဒဏ် နှစ် ၃၀ သို့ ပြောင်းလဲ
ထောင်ဒဏ် နှစ် ၂၀ မှ ၃၀ ကျခံထားသူများ – ထောင်ဒဏ် နှစ် ၂၀ သို့ ပြောင်းလဲ
ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူများ – ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတပုံကို သက်သာခွင့်ပြု” တဲ့။

ဧကန္တ … မဟုတ်မှလွဲရော၊ ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရဆိုတာ ဒီမိုကရေစီအစိုးရသစ် (အရပ်သားအစိုးရ) စစ်စစ် မဟုတ်ဘဲ အရင် ဗိုလ်သန်းရွှေ စစ်အစိုးရဟောင်းကို တိုက်ပုံ၊ ပုဆိုး၊ ခေါင်းပေါင်း ပြောင်းဝတ်ထားတဲ့ အစိုးရသာဖြစ်လို့ စစ်အစိုးရဟောင်းရဲ့ နိုင်ငံရေးဂနိုရောဂါ ကပ်ကျန်နေပြီး ဂနိုရောဂါသည်စစ်စစ်တွေ ဆီးသွားရမှာ ကြောက်နေသလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာကို တွန့်ဆုတ် တွန့်ဆုတ် ထိတ်ထိတ်လန့်လန့်နဲ့ လွှတ်ပေးနေတယ်လို့ မောင်ရုကမ်း ထင်မိလေရဲ့။

အဲဒီတော့ မောင်ရုကမ်းတို့ ဗမာပြည်သူတွေအနေနဲ့ ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရအစား “ဦးသိန်းစိန် ဂနိုအစိုးရ” လို့ ပြောင်းလဲခေါ်ဝေါ်ကြပါစို့လား။

ဒေါက်တာရုကမ်း (ဂျီပီ)

အပြည့်အစုံသို့...

Thursday, October 13, 2011

ဇာဂနာ ပြောသော “လွှတ်တော်အမတ်ရဲ့ အိုင်ကျူ”

ဇာဂနာ ပြောသော “လွှတ်တော်အမတ်ရဲ့ အိုင်ကျူ”
ကိုကျော်ကျော်သိန်း (ဗီအိုအေ)

ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာပြီး မကြာခင်မှာပဲ ဗီအိုအေကို ဇာဂနာပြောတဲ့ နောက်ဆုံး ဟာသက တော့ ...

“အိုင်စတိုင်းနဲ့ လူ ၄ ယောက်နဲ့ တွေ့တယ်။ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ ... အိုင်စ တိုင်းရေ၊ ကျနော်ကတော့ ကျနော့်ရဲ့အိုင်ကျူက ၁၈၀ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲနှုတ် ဆက်ပြီး ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ ကျနော်နဲ့တော့ ကွမ်တန်ဖိဆစ် (Quantum Physics) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့တဲ့။

နောက်တယောက်က ကျနော်ကတော့ အိုင်ကျူ ၁၅၀ ပဲရှိတယ် အိုင်စတိုင်းဆိုတော့၊ ဟာ ... ကောင်းပြီဗျာတဲ့၊ ခင်ဗျားနဲ့ ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ ဆွေးနွေးကြတာပေါ့တဲ့။ နောက်တယောက် ထပ်ပြော တယ်။ ကျနော်ကတော့ ၁၂၀ ပဲရှိတယ်ဗျတဲ့။ ဟာ ... ခင်ဗျားနဲ့ ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ်တဲ့။

နောက်ဆုံးလူကကျတော့ ထပြောတယ်။ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေတဲ့၊ ကျနော်ကတော့ အိုင် ကျူ ၅၀ ပဲ ရှိပါတယ်ဗျားတဲ့။ ဟား ... ၀မ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်ထဲမှာ ဘာတွေ တင်ပြခဲ့သလဲတဲ့”

အဲဒါကတော့ အောက်တိုဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ မြစ်ကြီးနားထောင်က ပြန်လည်လွတ်မြောက်လာတဲ့ နိုင် ငံကျော် လူရွှင်တော် ကိုဇာဂနာက ရန်ကုန်မှာရှိတဲ့ သူ့နေအိမ်ကို ပြန်ရောက်ပြီး မကြာခင်မှာပဲ ဗီအိုအေ မြန်မာ ပိုင်းကို ပြောပြခဲ့တဲ့ နောက်ဆုံးဟာသတခု ဖြစ်ပါတယ်။

အပြည့်အစုံသို့...

Tuesday, September 6, 2011

“ဘဲက ရွာမှာ ...”

“ဘဲက ရွာမှာ ...”
အဟိ

လွတ်မြောက်နယ်မြေမှာ အဟိနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ကရင်ဦးကြီးတယောက်ရှိတယ်။ သူ့နာမည်က ‘မန်းစိန် ဟန်’ တဲ့။ သူ့ကို ကရင်လူမျိုးမှန်းမသိရင် သူ့နာမည်က ဇာတ်မင်းသားနာမည်လိုလို၊ ဆိုင်းဆရာနာမည်လိုလို အတွေးပိုစရာ။ လူပုံကတော့ လေးဆယ်ကျော် ငါးဆယ်နားနီး နှုတ်ခမ်းမွေးစစ၊ ဗိုက်ရွှဲရွှဲနဲ့ဆိုသော်ငြား ကြည့် ကောင်းတဲ့ ဥပဓိကို ပိုင်ဆိုင်ထားတုန်းဆိုပါတော့ (တခါတလေ မိုးအုံ့နေပေမယ့်လည်း နေကာမျက်မှန်အမဲ ကြီးကို တပ်လို့၊ မိုးကို စိတ်နာနေသူများလားမသိ)။ ငယ်တုန်းကဆိုရင်တော့ အင်း ... ဦးကြီးမန်းစိန်ဟန်ပုံက မင်းသားကျော်သူနဲ့ ရဲအောင်ကို ငရုပ်ဆုံထဲမှာ ရောသမမွှေ ညက်အောင်ထောင်းပြီး ထွက်လာတဲ့ ပုံဖြစ်မယ်လို့ အဟိ မှန်းကြည့်နေမိရဲ့။

အဲဒီဦးကြီးမန်းစိန်ဟန်က ဥပဓိကောင်းရုံတင်မကဘူး၊ သဘောမနောကလည်း အရမ်းကောင်းတယ်။ ဘာသာ တရားလည်း ကိုင်းရှိုင်းသလို အလှူအတန်းကလည်း ရက်ရောတယ် (သူ စပွန်ဆာပေးတဲ့ ဘူးသင်္ကြန်မဏ္ဍပ် မှာ အဟိ ဘူးသီးကြော် အ၀အပြဲ စားခဲ့ဖူးတယ်)။ ဒါတင်ပဲလားဆိုတော့ မကသေးဘူး၊ သူ့အိမ်မှာ စားကောင်း သောက်ဖွယ်တွေ ချက်တဲ့အခါဆို အဟိကို မမေ့မလျော့ ဖုန်းနဲ့အခေါ်ဆင့်လို့ ဗိုက်ခွေးမနမ်းရုံတမယ် သွား သွားဝါးရတာလည်း အမော (အခုတော့ ၀ါဝင်နေလို့လားမသိ၊ ဖုန်းမဆက်တာ တော်တော်ကြာသွားပြီ)။ ပြီးရင် အအီပြေအောင် တိုက်ကျွေးတဲ့ ၀ိုင်ကလေးနဲ့ တရေးတမော တခေါခေါပေါ့လေ။ အဲသလို စေတနာသဒ္ဓါတရား ထက်သန်လွန်လို့လည်း ဦးကြီးမန်းစိန်ဟန် ချဲခဏခဏ ပေါက်တာဖြစ်မယ် (ဒါကတော့ ဦးကြီးမန်းစိန်ဟန်နဲ့ ပတ်သက်ပြီး အဟိ အတိအကျ အားကျမိတဲ့အချက်ပေါ့)။ ဦးကြီးမန်းစိန်ဟန်က အဲသလို ဘာသာရေးလိုက် စားရုံတင်မကဘူး၊ ညနေ ညနေဆို ၀တ်စုံပြည့်နဲ့ ပြိုင်ဘီးကလေးစီးပြီး ကျန်းမာရေးလိုက်စားတဲ့အခါ လိုက်စား တယ်။ မဲဆောက် သက်ကြီးရွယ်အိုဘောလုံးအသင်းနဲ့ ဘောလုံးကန်ပြီး ကျန်းမာရေးလိုက်စားတဲ့အခါ လိုက် စားတယ်။

ဒါပေမယ့် ဦးကြီးမန်းစိန်ဟန်က အလုပ်အရမ်းများတဲ့သူလို့ ပြောရမယ်။ သူက ၈၈ အရေးအခင်းအပြီးမှာ စက် မှုတက္ကသိုလ်ကျောင်းသားဘ၀နဲ့ တောခိုလာသူဆိုတော့ အခုထိလည်း သမိုင်းပေးတာဝန်အရ တော်လှန်ရေး အလုပ်ကို ဆက်လုပ်နေရတယ်။ ပြီးတော့ လွတ်မြောက်နယ်မြေမှာ လူသိများ အားကိုးအားထားပြုရတဲ့ မယ် တော်ဆေးခန်းရဲ့ဖောင်ဒါ (တည်ထောင်သူ) တဦးလည်းဖြစ်တော့ ဆေးခန်းဝေရာဝစ္စတွေဆိုလည်း ဦးကြီးမန်း စိန်ဟန်အနေနဲ့ မျက်နှာလွှဲလို့ မရပြန်ဘူး။ နောက်ပြီး ဦးကြီးမန်းစိန်ဟန်က ဆေးအသင်းမှာလည်း ဒု-ဥက္ကဌ လုပ်တယ်လို့ပြောတယ်။ ပြီးတော့ ရွှေ့ပြောင်းကလေးငယ်တွေအတွက်လည်း ကျောင်းထောင်ထားသေးတယ် တဲ့။ အဲဒီတော့ ဦးကြီးမန်းစိန်ဟန်လိုလူမျိုးမှ အလုပ်မများရင် ဘယ်သူအလုပ်များမလဲလေ (အဟိ ပြောတာ မလွန်ဘူးထင်ပ)။

အဲသလို အလုပ်တွေများလွန်းလို့ပဲလားမသိ၊ ရုပ်ချော ဥစ္စာပေါ သဘောမနောကောင်းတဲ့ ဦးကြီးမန်းစိန်ဟန် တယောက် စကားပြောရင် စိတ်မရှည်သလိုဟန်ပန်နဲ့ အော်ကြီးဟစ်ကျယ် အားပါပါ ပြောတတ်တယ်။ အဟိ တို့လို အကြောင်းသိသူတွေကတော့ ဘယ်လိုမှမနေပေမယ့် ဦးကြီးမန်းစိန်ဟန်အကြောင်း မသိသူအတွက် တော့ ကိုယ့်ကိုပဲ အော်ငေါက်နေသလိုလို၊ လှမ်းဟောက်နေသလိုလို၊ အင်္ကျီလက်မောင်းအထိဆွဲတင်ပြီး တခု ခုနဲ့ပဲ ပစ်ပေါက်တော့မလိုလိုဆိုတော့ လန့်စရာပေပဲပေါ့။ သူစကားပြော ဆွေးနွေးပြီဆိုရင် ဘေးကလူတွေမှာ နေစရာမရှိဖြစ်ကြရတာပေါ့ (မယုံမရှိနဲ့၊ အဟိနဲ့ တွေ့စတုန်းကဆို ဦးကြီးမန်းစိန်ဟန် ခုံကို လက်သီးနဲ့ထုပြီး အားပါပါ ပြောလိုက်တာ လွတ်မြောက်နယ်မြေမှာ ငလျင်အသေးစားတောင် လှုပ်သွားခဲ့တယ်)။ ကြာလာတော့ လည်း ဦးကြီးမန်းစိန်ဟန်ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအရာတွေကို သဘောပေါက်သွားတော့ သူနဲ့ သံသရာတ ကွေ့ တွေ့ကြလေသူတိုင်း အိုကေမှာ စိုပြေသွားကြတာပဲတဲ့လေ။

အဲသလို စကားပြောရင် ဒေါနဲ့ မောနဲ့ အားပါးပါ ပြောတတ်တဲ့ ဦးကြီးမန်းစိန်ဟန်နဲ့ ဆေးအသင်းက အဖွဲ့သား တွေ ဟိုတလောလေးက မဲဆောက်မြို့လယ်ခေါင်က ကွမ်တုံတရုတ်စားတော်ဆက်မှာ တိတ်တခိုး ၀ါးတီးသွား ဖွင့်ကြသတဲ့ (အဟိ မသိလိုက်တာ နာတယ်)။ ဆိုင်ရောက်တော့ ဦးကြီးမန်းစိန်ဟန်ကို စားပွဲထိုးမယ်လေးက မီနျူး (စားသောက်ဖွယ်စာရင်းစာအုပ်) လာပေးပြီး မှာမယ့်ဟင်းလျာကို မှတ်သားဖို့ စာရွက်နဲ့ ဘောပင်ကိုင်ပြီး ဘေးကနေ ရပ်စောင့်နေပါသတဲ့။ ဦးကြီးမန်းစိန်ဟန်ကလည်း ပေးလာတဲ့ မီနျူးကို ယူလိုက်ပြီး တရွက်ချင်း လှန်ကြည့်ရင်း ပါးစပ်ကနေ တတွတ်တွတ် ရွတ်နေသတဲ့။

“အင်း … ဒါက ၀က်သား … ဟုတ်ပြီ၊ ဒါက ကြက် … ဟုတ်ပြီ၊ ဒါက …၊ ဒါက …၊ ဒါက …”

အဲသလို ရေရွတ်နေရင်း (စာအုပ်ကို ဖင်ပြန်ခေါင်းပြန်ကြည့်နေရင်း) မီနျူးထဲမှာ ဘဲသားဟင်းကို မတွေ့တာနဲ့ ဦးကြီးမန်းစိန်ဟန်က သူ့ဝသီအတိုင်း “ဟဲ့ … နင့် ... ဘဲရော” ဆိုပြီး အားပါပါ မေးခွန်းထုတ်လိုက်သတဲ့။

ဦးကြီးမန်းစိန်ဟန် မေးခွန်းထုတ်သံကို ကြားပြီး နံဘေးမှာ ရပ်နေတဲ့ စားပွဲထိုးမယ်လေး ရုတ်တရက် ဒူးတုန် သွားလို့လား ဒါမှမဟုတ် သူ့ရည်းစား (ဘဲ) ကို မေးတယ်ထင်လို့လားမသိ၊ တုန်တုန်ယင်ယင်အသံနဲ့ ဖြေလိုက် တဲ့ အဖြေကြောင့် လာစားတဲ့ ဆေးအသင်းအဖွဲ့သားတွေ အားလုံး တ၀ါးဝါးနဲ့ ပွဲကျကုန်သတဲ့။ စားပွဲထိုးမယ် ကလေး အသံငယ်လေးနဲ့ အလန့်တကြား ဖြေလိုက်တဲ့ အဖြေကတော့ …

“ရှင်! … ဘဲက ရွာမှာ ဦးလေး” တဲ့။

အဟိလည်း ဦးကြီးမန်းစိန်ဟန်နဲ့အတူ ၀ါးတီးသွားဖွင့်ခဲ့တဲ့အထဲမှာပါတဲ့ ဒေါက်တာလွဏ်းဆွေ ပြန်ပြီးဖောက် သည်ချလို့ သိရတာပါလေ။  ။

(ခင်ရတဲ့ ကိုစိန်ဟန်သို့ အမှတ်တရ ...)

အဟိ
၆-၉-၂၀၁၁

အပြည့်အစုံသို့...

Wednesday, August 24, 2011

Very Dangerous Animals (ဟာသ)

Very Dangerous Animals
သာကီထွန်း

တခါတုန်းကပေါ့။ ရန်ကုန်ကိုရောက်လာတဲ့ နိုင်ငံခြားသားတဦး တပ်မတော်မှတ်တမ်းရုံးနဲ့ တိရိစ္ဆာန်ရုံကြားက ကားမှတ်တိုင်မှာ ဘတ်စကားစောင့်နေတယ်။ ဘတ်စကားစောင့်နေရင်း သိချင်တာတခုရှိတာနဲ့ သူ့ရှေ့ ဖြတ် လျှောက်သွားတဲ့ မြန်မာနိုင်ငံသားတဦးကို အကူအညီ လှမ်းတောင်းလိုက်တယ်။ ပြီးတော့ တိရိစ္ဆာန်ရုံအုတ်တံ တိုင်းကို လက်ညှိုးထိုးပြီး ဘာကြောင့် အုတ်တံတိုင်း အမြင့်ကြီး ကာထားတာလဲလို့ မေးလိုက်တယ်။ အဲဒီမှာ မြန်မာနိုင်ငံသားကလည်း Dangerous Animals ဆိုပြီး မဆိုင်းမတွ ဖြေလိုက်တယ်။

မြန်မာနိုင်ငံသားရဲ့ အဖြေကို ကြားတော့ နိုင်ငံခြားသားက အုတ်တံတိုင်းကြီးကို ကြည့်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေတယ်။ ပြီးတော့ လမ်းတဘက်က တပ်မတော်မှတ်တမ်းရုံးကို လက်ညှိုးထိုးပြီး အုတ်တံတိုင်းအမြင့်ကြီး ရော သံဆူးကြိုးတွေပါ ဘာဖြစ်လို့ ကာထားတာလဲလို့ ထပ်မေးလိုက်ပြန်တယ်။ အဲဒီမှာ မြန်မာနိုင်ငံသားက မျက်လုံးပြူးပြီး Very Dangerous Animals !!! လို့လည်း ဖြေလိုက်ရော နိုင်ငံခြားသားကြီးမှာ တော်တော်သ ဘောကျသွားခဲ့လေသတဲ့။

သာကီထွန်း

အပြည့်အစုံသို့...

Monday, August 22, 2011

ကျော်ဆန်းကိုသာ ပေးလိုက်ပါ

ကာတွန်း ဟန်လေး (ဧရာဝတီဝက်ဘ်ဆိုက်မှ ...)
ကျော်ဆန်းကိုသာ ပေးလိုက်ပါ
အာဖျံကွီး

အာဖျံကွီး အခုပြောမယ့် အကြောင်းအရာကို မဆလခေတ်နှောင်းပိုင်းနဲ့ နအဖခေတ်မှာ ကြီးပြင်းလာတဲ့သူတွေ ယုံချင်မှယုံကြမှာပါ။ ဒါပေမယ့် မယုံရင်လည်း ပုံပြင်လို့တော့ မမှတ်လိုက်ကြဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။ ဘာ ဖြစ်လို့လဲဆိုတော့ ပြောမယ့် အကြောင်းအရာက မြန်မာပြည်သူတွေဆီက အာဏာကို ဗိုလ်နေ၀င်းနဲ့ အပေါင်း အပါတွေ အတင်းအဓမ္မ သိမ်းယူသွားတဲ့ ၁၉၆၂ ခုနှစ်က အကြောင်းအရာ ဖြစ်နေလို့ပါ။ အာဖျံကွီးလည်း အဲဒီ ခေတ်ကို သိမီလိုက်လို့ပြောတာမဟုတ်ရပါဘူး။ အဲဒီအချိန်မှာ အာဖျံကွီးက နတ်သမီးလေးတွေ တဘက်လေး ငါးရာနဲ့ နတ်ပြည်မှာ ပျော်စံနေသလား၊ ယမမင်းဆီမှာပဲ ဆီပူအိုးကို ကူပြီး မွှေနေရသလား မင်မိုရီအောက်နေ လို့ မမှတ်မိတော့ဘူးခင်ဗျ။ အဲ … လူ့ပြည်မှာ မရှိတာတော့ သေချာတယ်လို့ မှတ်လိုက်ပါခင်ဗျာ။ လျက်ဆား ရောင်းရင်း (အဲလေ …) ကိုယ့်အကြောင်း ကိုယ်ဖောရင်း ဘေးချော်သွားတာ ခွင့်လွှတ်ပါ။ ပြောရရင် စာပေမှာ လည်း နှံ့စပ်၊ မှတ်တမ်းမှတ်ရာတွေ စုတာ၊ ဆောင်းတာမှာလည်း ၀ါသနာအလွန်ကြီးတဲ့ အာဖျံကွီးရဲ့ အဘိုးက ဓာတ်ပုံနဲ့တကွ ပြလို့ ယုံလိုက်ရတာပါ။

အကြောင်းအရာက ဒီလိုပါ။ တညသားမှာ အာဖျံကွီးက တီဗွီကလာတဲ့ ကိုးရီးယားဇာတ်လမ်းထဲ ဈာန်ဝင်နေ တုန်း ပက်လက်ကုလားထိုင်မှာ ထိုင်နေတဲ့ အဘိုးက အာဖျံကွီးကို စကားလှမ်းပြောတယ်။ “ဟဲ့အကောင် ကွီး လေး၊ မင်းအခုထိုင်ကြည့်နေတဲ့ ကိုးရီးယားဇာတ်လမ်းတွဲတွေ ထုတ်လုပ်တဲ့ ကိုးရီးယားနိုင်ငံအကြောင်း အဘိုး မင်းကို ပြောပြရဦးမယ်။ ရင်နာလွန်းလို့ပါကွယ်” တဲ့။ အာဖျံကွီးလည်း ဇာတ်လမ်းထဲမျောနေရင်း “ဘာများ ထူး ဆန်းလို့လဲ အဘိုးရဲ့။ အဲဒီနိုင်ငံက လူတွေလည်း ကွီးလို ထမင်းသုံးနပ်စားပြီး အီးအီးသုံးခါပဲ ပါတာမဟုတ်ဘူး လား” လို့ အဘိုးကို ကျီစယ်တဲ့အနေနဲ့ ပြောလိုက်တယ်။ အဘိုးက “ဒါတော့ ဒါပေါ့ မြေးလေးရယ်၊ အဘိုး ရင် နာရတာက ဒီလိုကွဲ့” ဆိုပြီး ဘာမှ ဆက်မပြောတော့ဘဲ ကုလားထိုင်ကနေ ထ၊ ပြီးတော့ စာကြည့်ခန်းထဲ ၀င် သွားလေရဲ့။ အာဖျံကွီးလည်း ဘာများပါလိမ့်လို့ ဇာတ်လမ်းကြည့်ရင်း တွေးနေမိတယ်။ ပြန်ထွက်လာတော့ အဘိုးလက်ထဲမှာ ၀ါကျင့်ကျင့် မဂ္ဂဇင်းတစောင် ပါလာတယ်။

အဘိုးက မဂ္ဂဇင်းကို တရွက်ချင်းလှန်ရင်း အာဖျံကွီးအနားကို ရောက်လာတယ်။ ပြီးတော့ ဇာတ်လမ်းကြည့်နေ တဲ့ အာဖျံကွီးမျက်နှာရှေ့ကို စာအုပ်အတင်းထိုးပြရင်း “ဟဲ့ ကွီးလေး၊ ဒီဓာတ်ပုံကိုကြည့်ပြီး အောက်က ပုံစာကို ဖတ်ကြည့်စမ်း” လို့ ပြောတယ်။ အာဖျံကွီးလည်း ဇာတ်လမ်းကောင်းနေတုန်း အလုပ်လာပေးတဲ့ အဘိုးကို ကျွဲ မြီးတိုသွားတဲ့ ဟန်နဲ့ “အင်းလေ၊ ၁၉၆၂ ခုနှစ်က တောင်ကိုးရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်မြို့လယ်ခေါင် လမ်းမပေါ်တွင် နွားလှည်းတစီး မောင်းနှင်နေပုံတဲ့။ အဲဒါ ဘာဖြစ်လို့လဲ အဘိုးရဲ့” ဆိုပြီး ခပ်မြန်မြန် အော်ဖတ် ပြလိုက်တယ်။ အဲဒီမှာတင် အဘိုးက ဘာဖြစ်ရမလဲ ငါ့မြေးရဲ့၊ အဲဒီအချိန်တုန်းက အဘိုးတို့နိုင်ငံရဲ့ မြို့တော် ရန်ကုန်မှာဆို မော်တော်ကားလောက်က ပျင်းတယ်၊ လေယာဉ်ပျံ တ၀ီဝီ ဆင်းနေတဲ့ မင်္ဂလာဒုံလေဆိပ်ဆို အ ရှေ့တောင်အာရှမှာ အကြီးဆုံးလေဆိပ်ကွဲ့၊ အခုတော့ ငါတို့နောက်မှာ နွားလှည်းမောင်းနေခဲ့ရတဲ့ ကိုးရီးယား နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ငါတို့က ပြန်ငေးကြည့်နေရတဲ့အဖြစ်၊ အို စဉ်းစားပြီး ရင်နာ လို့ မဆုံးဘူးကွယ် ကွီးလေးရယ်” လို့ အသံတွေ တုန်တုန်ရင်ရင်နဲ့ ပြောတော့ အာဖျံကွီးလည်း မခံချင်စိတ်နဲ့ ကြက်သီးမွေးညင်းတွေ တဖြန်းဖြန်းထသွားမိတယ်။

ဒါပေမယ့် ရင်ထုမနာဖြစ်နေတဲ့ အဘိုး စိတ်ပြေသွားအောင်ဆိုပြီး “အဘိုးကလည်းဗျာ၊ စစ်အာဏာရူးတွေ အုပ် ချုပ်နေတဲ့ခေတ်မှာ ရုပ်ရှင်ဇာတ်ကားဆိုလို့ တနှစ်တနှစ်ကို လက်ဆယ်ချောင်းတောင်မှ ပြည့်အောင် မထုတ် လုပ်နိုင်၊ ထုတ်လုပ်တဲ့ ဇာတ်ကားတွေကျပြန်တော့လည်း ကလိထိုး ရယ်ခိုင်းတဲ့ ဟာသကားတွေက များနေ တော့ အခုလို ဇာတ်လမ်းကောင်း၊ ဒိုင်ယာလော့ခ်ကောင်း၊ အမူအရာကောင်းတဲ့ ကိုးရီးယား ဇာတ်လမ်းတွဲ တွေကို ကွီးတို့ ငေးမိတာ အပြစ်လား အဘိုးရဲ့” လို့ လျောက်လှဲချက်ပေးလိုက်တယ်။ အဘိုးက “အေးလေ အဲ ဒါကြောင့်မို့လည်း အဘိုးက ရင်ထုမနာဖြစ်ရတယ်လို့ ပြောတာပေါ့ကွဲ့ ကွီးလေးရဲ့။ တကယ်ဆို ကိုယ့်မြန်မာ ဇာတ်လမ်းတွေကိုသာ သူတို့က ငေးကြည့်ရတဲ့ အနေအထားမျိုးဖြစ်ရမှာကွဲ့။ ဗိုလ်နေ၀င်းနဲ့ န၀တ/နအဖစစ် ဗိုလ်တွေ တိုင်းပြည်ကို ဖျက်ဆီးတာနဲ့ ဒီလိုဖြစ်ရတာ အဘိုးတော့ ရင်နာလို့မဆုံး ဖြစ်ရတယ်ကွယ်” လို့ စိတ် ပျက်လက်ပျက် လေသံနဲ့ ညည်းပြောပြောရင်း ကုလားထိုင်မှာ ပြန်ထိုင်သံကို ကြားလိုက်ရတယ်။ ပြီးတော့ သက်ပြင်းရှည်ကြီး ဟူးကနဲ မှုတ်ထုတ်သံကိုလည်း တဆက်တည်း ကြားလိုက်ရတယ်။

သက်ပြင်းချသံအဆုံးမှာ အာဖျံကွီးက “အဘိုးရေ ဒီနှစ်လည်း မကြာခင် ဒီဇင်ဘာလကုန်ဆို အကယ်ဒမီဆုပေး ပွဲက ကျင်းပရတော့မယ်။ ကားတော်တော်များများက ဟာသကားတွေဖြစ်နေလို့ အကယ်ဒမီပေးဖို့ အခက် တွေ့နေတယ်တဲ့။ အဲဒါကြောင့်မို့ မပြီးတပြီးဖြစ်နေတဲ့ ဒရာမာကား တကားနှစ်ကားကို အတင်းတက်သုတ်ရိုက် ပြီး ရုံတင်ခိုင်းနေရတယ်တဲ့။ အကယ်ဒမီပေးစရာ ဇာတ်ကားရှိအောင်လို့တဲ့လေ” လို့ ပြောရင်း တဟားဟားနဲ့ ရယ်လိုက်မိတယ်။ ရယ်လို့အပြီးမှာ ဇာတ်လမ်းကြည့်ရင်း ဆေးပေါလိပ်ဖွာရင်း အာဖျံကွီးတို့ မြေးအဖိုး နှစ် ယောက် ပြောဆိုနေကြတာကို တချိန်လုံး နားထောင်နေတဲ့ အဘွားက တချက်ဝင်ပြောလိုက်တယ်။ အဘွား ၀င်ပြောလိုက်မှပဲ အဖိုးပါ ထရယ်ပြီး သုံးယောက်သား တ၀ါးဝါးနဲ့ ဆူညံသွားတော့တယ်။

အဘွား ၀င်ပြောလိုက်တဲ့ စကားကတော့ “ဟဲ့ အလှည့်ကျစနစ်နဲ့ အကယ်ဒမီပေးနေတာ၊ မရဖူးတဲ့ မင်းသမီး မင်းသားရယ်လို့မှ မရှိတော့ပဲ၊ အဲဒီတော့ ပေးစရာ ဇာတ်ကားမရှိရင်လည်း သတင်းစာရှင်းလင်းပွဲမှာ အမူအရာ အမျိုးမျိုး လုပ်ပြနေတဲ့ ကျော်ဆန်းကိုသာ ပေးလိုက်ပါကွယ်၊ ကြည့်ရတာ စိတ်ဆင်းရဲလွန်းလို့” ပါတဲ့။

အာဖျံကွီး
(ခေတ်ပြိုင်အင်တာနက် စာမျက်နှာမှ ...)

အပြည့်အစုံသို့...

Sunday, August 21, 2011

ရယ်ရတဲ့ အလွမ်းသီချင်း

မြားကြီး

မြားကြီးတို့ မြန်မာနိုင်ငံကို စစ်အာဏာရူးတွေ အုပ်ချုပ်ခဲ့တဲ့ အချိန်ကစပြီး အ ကောင်းကို ရှာကြည့်မိပါတယ်။ ဒါပေမယ့် ဘယ်ကဏ္ဍကိုပဲ ကြည့်ကြည့် အ ကောင်းကို တစက်မှ မတွေ့ရတော့ “အကောင်းမရှိ ပြည်ကြီးပြန်သွားပြီ ကွယ်” လို့သာ ပြောရမလို ဖြစ်နေပါတယ်။ ပညာရေးဆိုလည်း တက္ကသိုလ် ဗြုတ်စဗြင်းတောင်းတွေသာ ပေါလာပြီး အဆင့်မမီတဲ့ ဘွဲ့ရ ပညာမတတ်တွေ သာပေါများလို့လာရဲ့။ အများစု ကျောင်းသားတွေကလည်း တက္ကသိုလ်မှာ ပ ညာသင်တာ ဘာမှ မတတ်မှန်း သိကြပေမယ့် ဧည့်ခန်းမှာ အလှချိတ်ဖို့ ဓာတ် ပုံတပုံရရင်ပြီးရော ဆိုပြီး ငွေကုန်ခံ တက်နေကြတာပါ။ ကျန်းမာရေးဆိုလည်း အစိုးရဆေးရုံ ဆေးခန်းတွေကို အားကိုးပြီး ပြေးသွားရင် ဆရာဝန်ရယ်၊ သူနာ ပြုရယ်၊ ကုတင်ရယ်ပဲတွေ့ရမှာပါ။ အားလုံး ကိုယ့်ငွေနဲ့ကိုယ် အပြင်က အကုန် ၀ယ်ပြီး ကုသနေကြရတာပါ။ စီးပွားရေးမှာဆိုလည်း အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းက အဆမတန် ကြီးမားနေတော့ ‘ကြာလေလေ ခိုင်မြဲလေလေ’ အစား ‘ကြာလေလေ ဗိုက်မှောက်ရလေလေ’ ဆိုပြီး အဆိုတော် မျိုးမြင့်လေး တောင် သူ့သီချင်းကို စာသားပြောင်းဆိုရမယ့်ကိန်းဆိုက်နေပါပြီ။

အဲဒီလိုပြောလို့ မြားကြီးကို အဆိုးမြင်ဝါဒီဆိုပြီး ဆန့်ကျင်ကြရင်လည်း ခံလိုက်ရုံပဲ ရှိတာပ။ အကောင်းမှ မရှိတဲ့ ဟာကိုး။ ဟာ … ကောင်းတာရှိပါတယ်ဗျ၊ သူတို့ တံတားတွေ ဆောက်၊ လမ်းတွေ ဖောက် လုပ်နေတာကောလို့ ပြောလာရင်လည်း အဲဒီလို ငွေသုံး၊ ငွေဖြုန်းတဲ့ အလုပ်လောက်တော့ ကလေးရော ခွေးပါ လုပ်တတ်တဲ့အ ကြောင်း မြားကြီး ပြန်ပြောမိမှာပါပဲ။ ငွေမရှာတတ်ဘဲ အဲဒီလို ငွေသုံးတဲ့ အလုပ်တွေကို တော်ရမ်းလျှောက်လုပ် နေလို့ ငွေစက္ကူတွေ အဆမတန် ရိုက်ထုတ်နေရပြီး ငွေကြေးဖောင်းပွမှုတွေ အကြီးအကျယ် ဖြစ်နေရတာပေါ့။ အစိုးရတရပ်ရဲ့ အဓိကတာဝန်က တိုင်းသူ ပြည်သားအားလုံးကို စားဝတ်နေရေး ချောင်လည်စေပြီး အေးအေး ချမ်းချမ်း နေနိုင်အောင် ဖန်တီးပေးဖို့ပဲ မဟုတ်လားလေ။ အဲဒီလို လုပ်မပေးနိုင်ဘဲ နိုင်ငံတော်ကြီး တိုးတက်နေ ပါတယ်လို့ လိပ်ခေါင်းထွက်မတတ် အော်ဟစ်နေတဲ့ စစ်အုပ်စုရဲ့ ကီးကြောင်သံစဉ်တွေကို နားကလောမိတာ မြားကြီးအပြစ်လားခင်ဗျာ။

အဲ စစ်အုပ်စုလက်ထက်မှာ အဲဒီလို အဘက်ဘက်က ဆုတ်ယုတ်ရုံတင်ပဲလား ဆိုတော့ မကသေးပါဘူး။ အနု ပညာလောကမှာလည်း အသစ်သစ်သော ဖန်းတီးမှုတွေ မတွေ့ရသလောက် ရှားပါးသွားခဲ့ပါတယ်။ စာအုပ်ဆို ရင်လည်း အရင်တုန်းက စာအုပ်အဟောင်းတွေကိုပဲ ပြန်ထုတ်ကြ၊ ရုပ်ရှင်ဆိုလည်း အရင်တုန်းက ရုပ်ရှင်တွေ ကိုပဲ ပြန်ရိုက်ကြ၊ ဂီတလောကမှာဆိုရင်လည်း အရင်တုန်းက သီချင်းအဟောင်းတွေကိုပဲ ဖွတ်ဖွတ်ညက်ညက် ကြေအောင် ပြန်ဆိုကြနဲ့ အဟောင်းသံသရာထဲမှာပဲ ၀ဲလည်နေကြတယ်။ စစ်အုပ်စုဟာ လူတွေကို အရည်အ ချင်းတွေ နိမ့်ကျကုန်အောင် ဖျက်ဆီးပစ်တယ်လို့ပဲ မြားကြီတော့ စွပ်စွဲချင်ရဲ့။ ဂီတလောကမှာဆိုရင် သီချင်း အဟောင်းတွေကို ပြန်ဆိုရုံတင်မကဘဲ ယောင်္ကျားအဆိုတော် ဆိုခဲ့တဲ့ သီချင်းကို မိန်းမအဆိုတော်က ပြန်ဆို၊ မိန်းမအဆိုတော် ဆိုခဲ့တဲ့ သီချင်းကို ယောင်္ကျားအဆိုတော်က ပြန်ဆိုနဲ့ မူရင်းအဆိုတော် ဘယ်သူမှန်း မသိ အောင် ဖြစ်နေရပါတော့တယ်။ ပြန်ဆိုတဲ့အခါမှာ ‘မောင်’ နေရာမှာ ‘မ’၊ ‘ခင်’ နေရာမှာ ‘ကို’ စသဖြင့် နာမ်စား ပြောင်းပြီး သီဆိုကြတာပေါ့လေ။

တခါသားမှာ နာမ်စားအပြောင်းလွန်လို့ ဟာသဖြစ်ခဲ့ရပုံလေးကို မြားကြီး ပြောပြချင်မိတယ်။ မြားကြီးတို့မြို့မှာ ၀ါတွင်းတို့၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်တို့မှာ အလှူခံထွက်ရင် ဖျော်ဖြေတဲ့ ရပ်ကွက်တီးဝိုင်းလေးတွေရှိ တယ်။ သူတို့က အမိုးပါတဲ့ လက်တွန်းလှည်းကြီးပေါ် ဒရမ်တွေ၊ ဆိုင်းတွေ၊ အော်ဂင်တွေ တင်ပြီး မြို့အနှံ့ လှည့်လည်ဖျော်ဖြေကြတယ်။ တရက်မှာတော့ တီးဝိုင်းတ၀ိုင်းက မြားကြီးတို့နေတဲ့ လမ်းထောင့်မှာရပ်ပြီး ဖျော် ဖြေဖို့ စိုင်းပြင်းနေလေရဲ့။ အဆင့်သင့် ဖြစ်တဲ့အခါကျတော့ အစီအစဉ် ကြေညာသူက စတင် ကြေညာပါတော့ တယ်။ သူ ကြေညာတာကို နားထောင်ပြီး အိမ်ရှေ့ထွက် တံမြက်စည်း လှည်းနေတဲ့ မြားကြီး အပါအ၀င် ရပ် ကွက်ထဲက လူအတော်များများ ၀ါးလုံးကွဲ ရယ်မိကြပါတော့တယ်။ သူကြေညာလိုက်ပုံက “အခု ပထမဆုံးအ နေနဲ့ ဂီတမှူး ကိုကိုဝင်းက ‘မောင့်ကွက်ကိုရှာ’ သီချင်းနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်ခင်ဗျာ” တဲ့။ သီဆိုတဲ့အခါမှာ လည်း အဆိုတော် ကိုကိုဝင်းက “မောင့်ကွက်ကို ရှာ … ရှာသူ မေရယ်” ဆိုပြီး ဖီလင်အပြည့်နဲ့ ဟဲနေလို့ သီ ချင်းမပြီးမချင်း တ၀ါးဝါး ဖြစ်နေခဲ့ရလေရဲ့။ ကြည့်ရတာ သီဆိုသူက အဆိုတော် မာမာအေးရဲ့ ‘မေ့ကွက်ကိုရှာ’ သီချင်းကို ယောင်္ကျားအနေနဲ့ ပြန်ဆိုမှာဆိုတော့ နာမ်စားပြောင်းရမယ်ထင်ပြီး ‘မေ’ အစား ‘မောင်’ လို့ ပြောင်း ဆိုခဲ့ဟန်တူရဲ့။

သီချင်းလည်းဆုံးရော တီးဝိုင်းဘေးမှာ နားထောင်နေတဲ့ လူအုပ်ထဲက ထွက်ပေါ်လာတဲ့ အသံကို ကြားရပြီး ထပ်ဆင့်ရယ်မောကုန်ကြရဲ့။ ထွက်ပေါ်လာတဲ့ ပရိသတ်ရဲ့အသံက “မောင့်ကွက်ကို ပေါင်မှာ ရှာရမှာလားဗျို့” တဲ့။ တီးဝိုင်းအဖွဲ့သားတွေကတော့ သူတို့အမှားကို သိပုံမပေါ်။ တပုဒ်ပြီး တပုဒ်သာ ဆက်ဟဲလို့နေလေရဲ့။ အ လွမ်းသီချင်း နားထောင်ပြီး ရယ်ခဲ့ရပုံများပြောပါတယ်။ တော်တော်ဟားရတဲ့ ခေတ်ကာလကြီးပါလားနော်။

မြားကြီး

အပြည့်အစုံသို့...

Wednesday, March 9, 2011

နေပြည်တော် ဟာသများ (၄)

ကျယ်လိုက်တဲ့ ပါးစပ်တွေ
ကြပ်ပြေး-ကြမ်းပိုး

အခုကျင်းပနေတဲ့ လွှတ်တော်ကြီးမှာ အမတ်တွေ ဆွေးနွေးကြပုံကို မိတ်ဆွေတယောက် မှတ်ချက်ချပုံက ဒီလို ပါ။

“ဒီမိုကရေစီပြည့်ဝတဲ့ လွှတ်တော်ကြီး ကျင်းပနေပြီဆိုတော့ လွှတ်တော်အမတ်တွေ အာပေါင်အာရင်းသန်သန် နဲ့ ပါးစပ်မပိတ်တမ်း ဆွေးနွေးကြမယ်ထင်ထားတာ။ အခုတော့ ပြိတ္တာပါးစပ်တွေကို အပ်ချည်နဲ့ ချုပ်ထားလား မှတ်ရ” ... တဲ့။

ဒီလောက် အပြောကောင်းပုံထောက်ရင် ဒီလူ ‘လှတောသား’ ဖြစ်ရမယ်။

လွှတ်တော်ကို တနေ့ (၁ဝ) မိနစ်သာ ကျင်းပရခြင်းအကြောင်း

လွှတ်တော်ကို တနေ့ (၁ဝ) မိနစ်စီလောက်ပဲ ကျင်းပတာနဲ့ ပတ်သက်လို့ မလိုသူတွေက အမျိုးမျိုး ဝေဖန်ကြ တယ်။ တကယ်တော့ ဒါက ဗိုလ်ချုပ်မှူးကြီးရဲ့ စေတနာပါ။

ဗိုလ်ချုပ်မှူးကြီးက သူ့လွှတ်တော်အမတ်တွေကို ကမ္ဘာပေါ်မှာ လုပ်အားခ အများဆုံး ရစေချင်တယ်လေ။ တ ချို့နိုင်ငံတွေမှာ အမတ်တွေရဲ့ လခက တနာရီကို ဒေါ်လာ (၅ဝ) နှုန်းလောက် ရတယ်ဆိုလား။ အခု သူပေး နိုင်တာက တရက်မှ ကျပ်တသောင်းလောက်ဆိုတော့၊ အခုလို တရက်ကို ဆယ်မိနစ်ထက်ပိုပြီး မကျင်းပရလို့ ကန့်သတ်လိုက်ရတာပါတဲ့။ ဒါမှ တနာရီနှုန်းနဲ့ တွက်ရင် ခြောက်သောင်းလောက်ရပြီး ကမ္ဘာပေါ်မှာ လုပ်အားခ အများဆုံးရတဲ့ လွှတ်တော်အမတ်တွေ ဖြစ်အောင်လို့ပါတဲ့။

ကြပ်ပြေး-ကြမ်းပိုး

အပြည့်အစုံသို့...

Thursday, July 29, 2010

ပိုင်လိုက်ပုံ

ပိုင်လိုက်ပုံ
ဂျင်ဂလိ

မြန်မာပြည်ကို မွဲဆေးဖော်ပေးနေဆဲဖြစ်တဲ့၊ ကိုယ့်ကိုယ်ကိုယ် ဗိုလ်ချုပ်မှူးကြီးလို့ မရှိတဲ့ အပွင့်တွေ ရှာတပ် ထားတဲ့၊ သင်္ချိုင်းကို ခြေတဘက်လှမ်းနေပေမယ့် အာဏာရူးပြီး ပင်စင်မယူသေးတဲ့ ဗိုလ်သန်းရွှေတယောက် မြန်မာစစ်တပ်အပေါ် မီးသေပုံကို ဂျင်ဂလိ ဖောက်သည်ချချင်မိပြန်ပါတယ်။ ဒီနည်းကို တခြားစစ်အာဏာရှင် တွေ ကြားရင် ဗိုလ်သန်းရွှေထံ တပည့်လာခံလောက်တယ်ခင်ဗျ။ ဗိုလ်သန်းရွှေတို့ ပိုင်လိုက်ပုံက ဒီလိုပါ။

ဘုရင်ရူးရူးနေတဲ့ ဗိုလ်သန်းရွှေတယောက် သူ့ရာဇပလ္လင်ကို လုဖို့ကြိုးစားတဲ့ ပြည့်သူချဉ်ဖတ် ထောက်လှမ်းရေး မှူးလေး ဗိုလ်ခင်ညွန့်ကို အမျက်တော်ရှပြီး ရာထူးက ဖယ်ရှားလိုက်စဉ် အချိန်ကဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်ကို ကန်မထုတ်ခင် နှစ်ပတ်လောက်ကတည်းက အိန္ဒိယမှာ ကျင်းပမယ့် တောင်အာရှညီလာခံကို ဗိုလ်သန်းရွှေ တက်ရောက်မယ့်အကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်နေတယ်။ အဲဒီလို အနေအထားမှာ ဗိုလ်ခင်ညွန့်ကို ဖယ် ရှားလိုက်တာဖြစ်တော့ ဗိုလ်သန်းရွှေတယောက် မြန်မာစစ်တပ်ကြီးကို စိတ်ချလက်ချထားခဲ့ပြီး အိန္ဒိယကို လာ နိုင်ပါ့တော့မလားလို့ ပူသူတွေက ပူကြတာပေါ့။

ဗိုလ်ခင်ညွန့်ကို ဖယ်ရှားတဲ့ သတင်းကြေညာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဂျင်ဂလိကလည်း အိန္ဒိယကို ဗုဒ္ဓဂ ယာ ဘုရားဖူးအနေနဲ့ ရောက်နေတယ်။ သံဝေဇနိယလေးဌာနကို လှည့်လည်ဖူးမျှော်ရင်း နောက်ဆုံးဌာနဖြစ် တဲ့ ကုဿိနာရုံအရောက်မှာ ဗိုလ်ခင်ညွန့်ရဲ့ သံဝေဂယူဖွယ် သတင်းထူးကြီးကို ကြားလိုက်ရတယ် ဆိုပါတော့။ ကျွတ် ကျွတ် ကျွတ်ကလွဲ ... ဂျင်ဂလိတို့ ဘာများတတ်နိုင်ဦးမှာလဲပေါ့။

ဒါပေမယ့် ဗိုလ်သန်းရွှေကတော့ ကြေညာထားတဲ့အတိုင်း အိန္ဒိယကို လာမယ်လို့ သိရတယ်ခင်ဗျ။ ဗိုလ်သန်း ရွှေတယောက် စစ်တပ်ကို တယ်ပိုင်ပါ့လားလို့ ဂျင်ဂလိတို့ တွေးမိကြတာပေါ့။ အိန္ဒိယကိုလာရင်း ဗုဒ္ဓဂယာကို လည်း ဘုရာဖူးလာဦးမှာမို့ ရောက်တဲ့နေရာတိုင်းက ဘုန်းကြီးကျောင်းတွေမှာ လုံခြုံရေးအတွက် ရှေ့တော်ပြေး တွေ ကြိုရောက်နေပြီး ရှင်းလင်းနေတာ တွေ့ရတယ်။ အဆိုတော် ချစ်ကောင်းဆိုသလို ဆိုပြရရင်တော့ ‘သူ့ကျ တော့ … သိပ် ကြောက်တယ် …’ ပေါ့နော်။

ဒါပေမယ့် ဗိုလ်သန်းရွှေတယောက် စစ်တပ်ကို ဘယ်လိုပိုင်တယ်ဆိုတာ ဂျင်ဂလိတို့ ပြန်ခါနီး ဂယာကို ဒုတိယ အခေါက် ပြန်ဝင်မှ သိရတော့တယ်။ နဂိုစီစဉ်ထားတာထက် နောက်တော်ပါတွေ အများကြီး ပိုပါလာမှာမို့ ဘုန်း ကြီးကျောင်းမှာ နေရာတွေ ထပ်စီစဉ်နေရတယ်လို့ ဦးပဉ္စင်းတပါးက ပြောပြတယ်။ “ဘာဖြစ်လို့ အဲသလောက် အများကြီး ထပ်ခေါ်လာမှာလဲ ဘုရား” လို့ ဦးပဉ္စင်းကို ဂျင်ဂလိ ထပ်လျှောက်ကြည့်တော့မှ အဖြေက ပေါ်တော့ တာဗျို့။

ဦးပဉ္စင်းပြောပြတာက “ဒီလို ဒကာကြီးရေ ... သူ ဒီကိုလာနေတုန်း အာဏာသိမ်းမှာကို စိုးရိမ်လို့ မြန်မာပြည်မှာ ကျန်ခဲ့မယ့် မောင်အေးတို့၊ ရွှေမန်းတို့လို အရေးကြီးတဲ့ စစ်ဗိုလ်တွေရဲ့ မိန်းမတွေ၊ သားသမီးတွေကို ဘုရားဖူး အနေနဲ့ ခေါ်လာမယ်လို့ ဦးပဉ္စင်း ကြားတာပဲ” တဲ့။ အဲဒီတော့မှပဲ ဗိုလ်သန်းရွှေရဲ့ ရွှေဉာဏ်တော် စူးရောက်ပုံကို သိရတော့တယ်။ ဓားစာခံတွေ ခေါ်လာတဲ့နည်းနဲ့ စစ်တပ်ကို သူပိုင်ကြောင်း ပြမှာကိုး။ ဗိုလ်ချုပ်မှူးကြီး ပီသပါ ပေ့နော်။ အင်း ... အဲဒီနည်းကို မြောက်ကိုရီးယားက အာဏာရှင် ကင်ဂျုံအီး ကြားသွားမှဖြင့် ဗုဒ္ဓဂယာကို ကောက်ကာငင်ကာ ဘုရားဖူးရောက်လာလေဦးမလားလို့ ဂျင်ဂလိ တွေးနေမိတော့တယ်။

ဂျင်ဂလိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

အပြည့်အစုံသို့...

Sunday, May 30, 2010

ဒီလို မကြိုက်ဘူး မပြောပါနဲ့

အဟိ

အဟိတို့နေတဲ့ ရပ်ကွက်ထဲမှာ ညညဆို ရောက်တတ်ရာရာ ပြောကြဆိုကြတဲ့ စကားဝိုင်းလေးတခု အမြဲလိုလို ရှိတတ်တယ်။ အဲဒီစကားဝိုင်းမှာ အဟိတို့ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာ ရေးက အစ နိုင်ငံတကာအရေးအခင်းများ အလယ် သမီးရည်းစားရေးနဲ့ ကြီးပွားရေးဆိုတဲ့ နှစ်လုံးထီ၊ ချဲထီ၊ ဘောလုံးပွဲကိစ္စတွေ အဆုံး နိစ္စဓူဝ ဖြစ်ပျက်သမျှတွေအားလုံးကို ညစဉ် တရုန်ရုန်းနဲ့ ပြောကြဆိုကြတာပေါ့။ စကားဝိုင်းကို လာကြတဲ့သူတွေက အသက်အရွယ်အားဖြင့် (၂၅) နှစ်နဲ့ (၄၀) ကြား အရွယ်တွေပါ။ တချို့က ကရားရေလွှတ် တတွတ်တွတ်ပြော၊ တချို့က အာပေါင်အာရင်းသန်သန်နဲ့ ငြင်းခုန်၊ တချို့က တတ်ယောင် ကားလုပ်ပြီး ၀င်ဆွေးနွေးနဲ့ စကားဝိုင်းလေးဟာ ညစဉ် ညစဉ် လက်ပံပင် ဆက်ရက်ကျသလို ကျွက်စီကျွက်စီနဲ့ ဆူညံလို့နေတာပေါ့။

တညမှာတော့ စကားဝိုင်းမှာ အမြဲလိုလို အကြောင်းအရာတခုကို သယ်လာပြီး ဦးဆောင်ဆွေးနွေးလေ့ရှိတဲ့ ကို အာရွှီးလို့ အဟိတို့ နာမည်ပြောင်ပေးထားတဲ့ ကိုမိုးကြီးက အီရန်ပြဿနာကို သယ်လာပါလေရော။ အားလုံး လူစုံချိန်မှာ ကိုအာရွှီးက အသံကျယ်ကျယ်နဲ့ “ဟေ့ မနက်က ဘီဘီစီမှာ ကိုယ်နားထောင်လိုက်ရတယ်။ အမေ ရိကန်က အီရန်ကို ရာဇသံပေးလိုက်ပြီ။ ရက်ပေါင်း (၃၀) အတွင်း နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ယူ ရေနီယမ်သန့်စင်မှုကို ရပ်တန်းကရပ်ဖို့ သတိပေးလိုက်တာကွ။ အီရတ်ပြီးတော့ အီရန်ကို ထပ်တွယ်တော့မယ် နဲ့တူတယ်” လို့ နန်းစတော့ပ် ပြောဆိုပြီး စကားဝိုင်းကို ဖွင့်လှစ်လိုက်တယ်။

စကားဝိုင်းမှာလည်း ၀ိုင်းတော်သားတွေက စုံသလောက်ဖြစ်နေပြီ။ အဲဒီမှာ ကိုအာရွှီးရဲ့စကားကို နားထောင်ပြီး တက်ကြွလွန်းလို့ ကိုကြက်ဖလို့ အဟိတို့ နာမည်ပြောင်ပေးထားတဲ့ ကိုအောင်ထီကြီးက “ဟာ ... အီရတ်ပြဿ နာတောင် မငြိမ်သေးတာ အီရန်ကို ၀င်ဆော်လို့ ဖြစ်ပါ့မလား။ ဒီကြားထဲ မြောက်ကိုးရီးယားက ကင်ဂျုံအီးက လည်းတမှောင့်။ အဲဒီလိုအခြေအနေမှာ အမေရိကန်က စစ်မျက်နှာတွေ အရမ်းလျှောက်ဖွင့်ရင် ပျားတုပ်ကုန် မှာပေါ့ကွ” လို့ အာပေါင်အာရင်းသန်သန်နဲ့ ၀င်ဆွေးနွေးတယ်။ ၀ိုင်းတော်သားတွေကတော့ သူတို့ နှစ်ယောက် ဆွေးနွေးတာကို ပါးစပ်အဟောင်းသားနဲ့ နားစွင့်နေကြတယ်။

အဲဒီမှာ ကိုအာရွှီးက “ငါသာ အမေရိကန်သမ္မတ ဆိုရင်တော့ကွာ၊ သန်းရွှေတို့၊ မောင်အေးတို့၊ ရွှေမန်းတို့ကိုပဲ အရင် ဆော်ပလော်တီးပစ်လိုက်မှာ။ တိုင်းသူပြည်သားတွေကို ရက်ရက်စက်စက် ဖိနှိပ်နေတဲ့အပြင် တရုတ်၊ ရု ရှား အားကိုးနဲ့ နျူကလီးယားလက်နက်လုပ်ဖို့ပါ ကြိတ်ကြံနေတဲ့ ကောင်တွေကွ။ ကြာကြာထားရင် အားလုံးအ တွက် အန္တရာယ်များမယ့် ကောင်တွေ၊ ဦးအောင် ရှင်းပစ်မှ အေးမယ်။

အခုလည်းကြည့် ဟိုတလောကလေးတင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဒေါ်အောင်ဆန်းစု ကြည်ကို အကျယ်ချုပ်က လွှတ်ပါ၊ အန်အယ်လ်ဒီနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ပါလို့ တဖွဖွပြောတယ်။ ဒီကောင် တွေ ကိုဖီအာနန် စကားကို လုံးဝဂရုမစိုက်ဘူး။ အဲဒီတော့ ဒီလိုအကောင်မျိုးတွေကို အမေရိကန်က ၀င်ဖမ်းပြီး နိုင်ငံတကာခုံးကို ပို့ပစ်လိုက်တာ အကောင်းဆုံးပဲပေါ့” လို့ အမြှုပ်တစီစီ ထွက်မတတ် ပြောဆိုဆွေးနွေးပြီးတဲ့ အခါမှာ တတ်ယောင်ကားနဲ့ လေလုံးထွားလွန်းလို့ ကိုထွားကြီးလို့ အဟိတို့ နာမည်ပြောင်ပေးထားတဲ့ ကိုမှတ် ကျောက်က ရုတ်တရက် စကားတခွန်း ၀င်ပြောလိုက်တယ်။ ကိုမှတ်ကျောက် အတည်ပေါက်နဲ့ ၀င်ပြောလိုက် တဲ့ စကားကြောင့် ၀ိုင်းတော်သားအားလုံး တ၀ါးဝါးနဲ့ ပွဲကျကုန်လေရဲ့။

ကိုမှတ်ကျောက် ၀င်ရောက်ဆွေးနွေးလိုက်တဲ့ မှတ်သားဖွယ်ရာ စကားတခွန်းကတော့ “ကိုအာရွှီးကလည်းဗျာ သန်းရွှေတို့၊ မောင်အေးတို့၊ ရွှေမန်းတို့ကိုတော့ လေးစားသမှုမရှိလို့ ‘ဦး’ မတပ်ဘဲ ပြောတာဟုတ်ပါပြီ။ ဒါပေ မယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုတော့ ‘ဦးဖီအာနန်’ လို့ လေးလေးစားစား ခေါ်သင့်တာပေါ့ဗျ။ တက တည်း ခင်ဗျားသူငယ်ချင်းကျနေတာပဲ ကိုဖီအာနန်၊ ကိုဖီအာနန်နဲ့” ဟူသတည်း။

အဟိ
(ကဗျာဆရာ မောင်လွမ်းဏီ၏ ပြောပြချက်ကို ဆင့်ပွားခံစားပြီး ရေးသားပါသည်။)
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

အပြည့်အစုံသို့...