Monday, February 4, 2008

ရမ်ဘိုခွဲသွားသော အသည်းများ

ရမ်ဘိုခွဲသွားသော အသည်းများ
ကိုမွှေး

ဒိုင်းညောင့် ... ဒိုင်းညောင် ... ဒိုင်းညောင့် ... ဒက် ... ဒက် … ဒက် ...ဒက်..... ဒဂီးညို့ ... ဒဂီးညို့ ... ရွှီး ... ဖြောင်း ... ၀ုန်း ... အုန်း ... ဒုန်း ...။ လက်ထဲက ပြောင်းဖူးပေါက်ပေါက်တောင် ပါးစပ်ထဲ မှားသွင်းမိမတတ် ... ပွိုင့်ဖိုက် သေနတ်ကြီးဖြင့် ပစ်နေသော ဦးရမ်ဘိုကြီး ...။ ကျနော့် ညီလေးလို ခင်မင်ရသော မ.က.ဒ.တ ရဲဘော်တစ်ဦး ဂျီသရီး ထိမှန်ပြီး သူ့ကတုတ်ကျင်းလေးက ငြိမ်သက်သွားသော သေနတ်သံ ...။ သံလွင်ချောင်းဘေးက တိုင်းရင်းသူလေးအလောင်း ...။

မုဒိမ်းကျင့်ခံရသဖြင့် ယောင်ကိုင်းစုတ်ပြတ်နေသော ပေါင်နှင့် ဆီးခုံလေးများ ... ညှိုးငယ် ရှက်ရွံ့ရင်း ဘာကိုမှ မယုံကြည်နိုင်တော့သော စိတ်ဖြင့် မျက်ရည်တလည်လည်နှင့် အံတင်းတင်းကြိတ်ရင်း ဆေးမှူး ဆေးထည့်ပေး နေသည်ကို မျက်နှာလွှဲ ငိုယိုနေသော ရှမ်းမလေးများ ... ကယားမလေးများ … ကရင်မလေးများ ... မွန်မလေးများ ...။

ငွေရောင်ပိတ်ကားပေါ်မှ လှုပ်ရှားကွက်တွေသည် ကျနော့်အာရုံတွင် ထင်ရှားတလှည့် မှောင်ရီတခါဖြင့် ... အာရုံပိတ်ကားပေါ်က ကိုယ်တိုင် ဖြတ်သန်းနာကျင်လာခဲ့ရသော အတိတ်ဖြစ်ရပ်များဖြင့် ပြကွက်တို့ ရောယှက်သွားတော့၏။

ကျနော် ရုပ်ရှင်မကြည့်ခင် မြန်မာအင်တာနက် စာမျက်နှာများအား ဖတ်လေ့ရှိသည့်အတိုင်း ၀င်ဖတ်တော့ အသည်းနာ ကြေကွဲ မမြင်ရဲ နာကျင် ဖီလင်တွေ တက်နေသည့် အရေးအသားတစ်ခုအား နောင်တော်တယောက် ရေးထားသဖြင့် ကြည့်ရမည်ကိုတော့ နည်းနည်း ခြေတွန့်ဖင့်နွှဲနေခဲ့မိသည်။ လေးလည်းလေးစား၊ အထင်လည်း အင်မတိ အင်မတန်ကြီး၊ အားလည်း အားကိုးမိသော နောင်တော်၏ အရေးအသားများကလည်း ကျမ်းကိုးကျမ်းကားဖြင့် ခမ်းနားလှဘိခြင်း ...။

ကျနော် ပညာတတ်တစ်ယောက် မဟုတ်ပါ။ ကျနော် ရုပ်ရှင်များများ မကြည့်ဖူးပါ။ ကျနော် ရမ်ဘိုရုပ်ရှင်ကားများအား ကလေးကြိုက်ရိုက်ကူးသော ခပ်ကြမ်းကြမ်း လှုပ်ရှားမှုအသားပေး ဇာတ်ကားများအဖြစ်သာ အကြမ်းဖျင်း သိရှိထားပါသည်။သို့ သော် သည်တခါတော့ ကိုယ့်တိုင်းပြည် အကြောင်းပါသည့်အတွက် သွားကြည့်မည်ဟု ဆုံးဖြတ်ကာ အဖော်မပါ တယောက်ထဲ သွားကြည့်ဖြစ်ရင်း ရမ်ဘိုကားနှင့်အတူ စိတ်အာရုံထဲမှ ဖြတ်သန်းခဲ့ရသော ပုံရိပ်များအား တပါတည်း မြင်ယောင်မိပါသည်။

တကယ်တော့ ရမ်ဘိုကားထဲကလို န.အ.ဖ စစ်တပ်သည် အပင်ပန်းခံကာ ကျေးရွာပြည်သူလူထု၏ အလောင်းများအား ကြိုးဆွဲချကာ မထားခဲ့ပါ။ မြေကြီးတွင်ပင် ခွေးသေ၀က်သေ ထားခဲ့ပါသည်။ ဒီတင်ပြပုံက နည်းနည်း န.အ.ဖ ကို အပျင်းမကြီးသော လူသတ်သမားအဖြစ် မြင်ထားသည်ထင့် ...။ န.အ.ဖ က ကျနော့် ရဲဘော်ရဲဘက် တယောက်အား မသေမရှင် ရင်ကိုခွဲကာ အသည်းကို ထုတ်ပြီး ပေါင်းလောင်းနှင့် ညောင်လေးပင် ဒေသ ကျေးရွာလူထုအား ပြခဲ့သည့်အဖြစ်မျိုးကို သူတို့ မသိနိုင်ကြသဖြင့် မပါလာသေးပါ။

တရွာလုံးကိုဖမ်း ယောင်္ကျားများကို ရွာပြင်တွင်ချုပ်၊ မိန်းမများကို ဆယ်နှစ်သမီး ကလေးငယ်မှ ခြောက်ဆယ်ကျော် အဖွားကြီးအထိ ဘုန်းကြီးကျောင်းများ ဘုရားကျောင်းများပေါ်တွင် စိမ်ပြေနပြေ မုဒိမ်းကျင့်ခဲ့သည့် အခန်းများ မပါပါ။ တော်တော် လိုနေပါသေးသည်။

တမြန်နေ့က ဘလော့တခုကို မိတ်ဆွေတယောက်က ပြသဖြင့် သွားကြည့်မိသည်။ ထိုဘလော့တွင် ရေးသားထားသော ရမ်ဘိုအကြောင်းကိုလည်း ဖတ်ရပြန်ပါသည်။

ထိုဘလော့ဂါ ဘာကို ဆိုလိုချင်သည်မသိ။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလ မတိုင်ခင်ကတည်းက တည်ရှိနေသော သူ့ဘလော့တွင် တချက်ကလေးမျှ သူ မရေးသားခဲ့။ တချက်ကလေးမျှ န.အ.ဖ စစ်အာဏာရှင်၏ ဆိုးယုတ် မောက်မာ ပက်စက်သော လူသတ်ကွင်းကို မဝေဖန်ခဲ့။ အော် တကယ်လုပ်ပြလို့ ရုပ်ရှင်မဟုတ်သဖြင့် မဝေဖန်ခဲ့ခြင်းများလား...။ ဆက်မတွေးလိုတော့ ဉာဏ်မမီသဖြင့် မတွေးတာဘဲ ကောင်းသည်။ ဘလော့ဂါကိုယ်တိုင် သိမယ့်ကိစ္စများ ဖြစ်ပါလိမ့်မည်။

ရမ်ဘိုသည် ဟောလိဝုဒ်မှ တင်ပြသော ဇာတ်ကားဖြစ်သည်။ ဟောလိဝုဒ်သည် ငွေကို ရုပ်ရှင်အနုပညာဖြင့် ရှာသော သူများ၏ ရပ်ဝန်းဖြစ်သည်။ ဒီတော့ သူတို့အနေဖြင့် ငွေရှာကြခြင်းဖြစ်သည်။ အမှန်တရားပေါ် အခြေခံသည့် စိတ်ကူးယဉ် ဇာတ်လမ်းဖြစ်သည်။ သို့သော် စိတ်ကူးယဉ် သူရဲကောင်းဇာတ်လမ်းထဲတွင် တကယ့်ဖြစ်ရပ်များဖြစ်သော သံဃာတော်များအား ရိုက်ပုတ်သတ်ဖြတ်သော ပြကွက်များ နယ်စပ်ဒေသ တိုင်းရင်းသားများအား သုတ်သင်သတ်ဖြတ်သော ပြကွက်များကတော့ အမှန်တရားများ ဖြစ်သည်။ ထိုအမှန်တရားများအတွက်ရော အသည်းကွဲကြပါသလား ...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရပါတီ အစိုးရဖြစ်ရမည့်ပါတီ (အတိုက်အခံ မဟုတ်ပါ၊ အတိုက်အခံဆိုသော ဝေါဟာရသည် နိုင်ငံရေးပါတီ နှစ်ရပ်ကြားတွင်သာ ရှိသည်)၏ စည်းရုံးရေးခရီးစဉ်
တွင် န.အ.ဖ ၏ ယုတ်မာရက်စက်စွာ လုပ်ကြံသတ်ဖြတ်ချက်များ ...၊ စက်တင်ဘာတွင် သံဃာတော်များနှင့် လူထုတရပ်လုံးအား သေနတ်ဖြင့်ချိန်ကာ ရိုက်နှက်သတ်ဖြတ်ခြင်းများအတွက် အသည်းကွဲကြပါသလား ...။

နှစ်နှစ်ဆယ်ဝန်းကျင် ဗိုလ်ကျအနိုင်ကျင့် ယုတ်မာရက်စက်နေသော န.အ.ဖ တပ်ဖွဲ့ဝင်တို့  စိတ်ကူးယဉ် ဇာတ်လမ်းလေးတခုတွင် တကယ်မဟုတ်သည့် ပစ်ခတ်သရုပ်ပြမှုလေးကိုပင် အသည်းကွဲနေကြသည် ဆိုလျှင်ဖြင့် ...။

“အသည်းကွဲ ... နေရမလား ... အသည်းကွဲ နေရမလားကွယ် ... ငါ့ကိုချစ်ရင် မနမ်းပါနဲ့ ... မျက်ရည်များနဲ့ မနမ်းပါနဲ့ ....” ဟူသော ကော်ပီသီချင်းဟောင်းတခုကို ဆိုရင်း ရုပ်ရှင်ရုံထဲမှ ထွက်လာခဲ့မိပါတော့သည်။

ကိုမွှေး

7 comments:

မိုးထက်နေ said...

http://ainchannmyay.blogspot.com/search/label/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%94%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8
http://ainchannmyay.blogspot.com/2007/09/blog-post_29.html
http://ainchannmyay.blogspot.com/2007/09/blog-post_27.html
http://ainchannmyay.blogspot.com/2007/08/blog-post_25.html
http://ainchannmyay.blogspot.com/2007/09/blog-post_24.html
အကိုရေ
သူ မြန်မာ့အရေး အကြောင့် အသည်းကွဲဘူးတယ် ဆိုတာ သိအောင် လင့်တွေ လာပို့ ပေးတာပါ။ အကို ဘယ်လိုရပ်တည် ချက်နဲ့  ရေးတယ် ဆိုတာ ကျနော် သိပေမဲ့ တကယ် ဥာဏ်ရည်နှိမ့်ပါးတဲ့ လူတွေ က သူကို တံဆိပ်တစ်ခု ကပ်မှာကို မလိုလားလို့  သိစေချင်လို့ ပို့ ပေးတာပါ

Weik Zar said...

Ko mwe, you should ask your brother,Are you film critic or political activist? Using or mentioning many references is to justify their arguement or view by the authors.

Anonymous said...

ကိုမွှေးက ဘယ်သူဆိုလိုမှန်းမသိဘူး
မိုးထက်နေလုပ်မှ ဘဲ လူတွေ အထင်လွဲ ကုန်ဦးမယ်
ကိုမွှေးက တခြားလူကို ရည်စူးရင် ဘယ်လိုလုပ်မလဲ
ကြားထဲက မဏာဝင်ယူနေတယ်
အဲဒါအတွက် ၂ မှတ်ပေးလိုက်တယ်
အဆင်ပြေမှာပါ ၊ ကျေနပ်တော့

မောင်တင်ယု said...

ဘာကိုဘာကစပြီးတော့ပြောရမှန်းတော့မသိဘူးဗျာ၊
ပြောချင်တာကတော့တစ်ခုဘဲရှိတယ်၊
ရမ်ဘိုကသူအလုပ်သူလုပ်သွားတာဘဲလို့ မြင်ပါတယ်၊
စစ်သားတွေသေတာ၊သတ်ခံရတာနဲ့ ပြောကြဆိုကြလိုက်တာကိုကြည့်ပြီးတော
့ခံစားချက်တွေတင်လိုက်
ကြတာ၊အသဲတွေကွဲနေတာတွေရေးနေကြတာ၊မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ ဆပ်ဆပ်ထိမခံနိုင်အောင်ဖြစ်နေကြတာ၊
နေရာဒေသပြောင်းသွားလို့ ပြောတာလား၊ဒီထက်ပိုပြီးပြောရရင် အိမ်သာတက်ရ တာမတူတော့လိုများ
ပြောင်းသွားတာလားလို့ 
သေချာတာကတော့အိမ်သာတက်ရ တာမတူတော့လို့ ဆိုတာကတော့အမှန်ဖြစ်ပါလိမ့်မယ်......

အိမ်သာလို့ ရေးတာရိုင်းတယ်မထင်ပါနဲ့ ကျွန်တော်ဆိုလိုတာက များသောအားဖြင့်ဗမာပြည်လူမိုးတော်တော်များများ
ယဉ်ပါးလာကြတာက ဆောင့်ဆောင့်ထိုင်သော်အလေ့အကျင့်မှ
ဘိုထိုင်ကို..(အဆင်ပြေစွာထိုင်ခုံသဖွယ်ထိုင်ရသော)
ရောက်သွားတော့ ပြောင်းလဲသွားသောလူစိတ်ပေါ့ဗျာ၊

မိုးထက်နေ said...

ကိုမွှေး အသည်းကွဲ ဆောင်းပါးကို ရေးထားတာ
ကိုအောင်သူငြိမ်း ရဲ့  မဇ္ဇိမ က ရမ်ဘို့ ရဲ့ စစ်ပွဲ ဆောင်းပါး http://www.mizzimaburmese.com/content/view/527/4/ ရယ်
မအိမ်ချမ်းမြေ့  ရဲ့  ဘလော့က ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခံရခြင်း ဆောင်းပါး http://ainchannmyay.blogspot.com/2008/02/blog-post.html ရယ်
အပေါ် ပြန်ချေပထားချင်း ဖြစ်တယ်။
ဗမာစာကို ဗမာလို မတတ်တဲ့လူတွေ က အများကြီးဖြစ်တာကြောင့် ကိုမွှေးရေးတဲ့ ဆောင်းပါးကို ဖတ်ပြီး အိမ့်ချမ်းမြေ့ ကို တခုခုတံဆိပ် အကပ်ခံရမှာ စိုးရိမ်တဲ့ အတွက်
ကျနော် လင့်တွေ ပေးထားတာဖြစ်တယ်။
ကျနော် နားလည်တာကိတော့ ကိုအောင်သူငြိမ်၊ ကိုမွှေးနဲ့  ၊ မ အိမ့်ချမ်းမြေ့ တို့  သုံးဦးဟာ အယူအဆရေးရာ ဆွေးနွေးနေကြတယ်လို့ မြင်တယ်။
အယူအဆရေးရာ အကွဲ အလွဲကို ပုဂ္ဂိုလ်ရေး အကွဲ အလွဲ အသွင်၊ ဝါဒရေး အကွဲအလွဲ အသွင် တွေကနေ နိုင်ငံရေးခံ ယူချက်တွေ အထိဖြစ်အောင် ကြားဝင်တွန်းမဲ့
ပုဂ္ဂိုလ်တွေရဲ့ အပေါက်တွေ ၊ လက်တွေကို ကြောက်လို့  ကျနော် ဝင်ရေးတာဖြစ်တယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်လို့  ကျနော် တာဝန်ယူနိုင်တဲ့ အတွက် မိုးထက်နေ ဆိုတဲ့ နာမည်နဲ့ တရားဝင်ပြောတာ ဖြစ်တယ်။
လူတစ်ယောက်ရဲ့  ရပ်တည်ချက် သေချာလေ့လာပြီးမှ ပြောစေချင်ပါတယ်။

စစ်တပ်လုပ်သမျှ ရှုံချ၊ စစ်တပ်ကို ဆန့် ကျင်တဲ့ ဘယ်အရာမဆိုထောက်ခံ မှ တော်လှန်ရေးကို အားပေးသူ၊ ကူညီသူ ဒါမှ မဟုတ်တော်လှန်ရေး သမားဖြစ်တယ် ဆိုရင်
အဲဒီ တော်လှန်ရေးသမား၊အားပေးသူ၊ ကူညီသူ ဆိုတဲ့ စာရင်းထဲ ကကျနော့ကို ဖျက်လိုက်ကြတော့။
သူလျှို ၊ စပိုင်၊ ရန်သူ၊ ခွဒေါင်း၊ သာကူး၊ ဆိတ်လစိ ကြိုက်တဲ့ တံဆိပ်ကပ်လိုက်ကြတော့။

လူဆိုတာ ကိုယ် တစ်ကိုယ်ရည်တစ်ကာယ အတ္တကို တော့ ကြိုက်တဲ့ ပုံစံနဲ့  မွေးမြူခွင့်ရှိပါတယ်။
တီနာ ဘယ်လို ထင်ထင် ကျနော် ပြန်ဖြေရှင်ဖို့  မကျန်တော့ဘူး ။

ဦးတင်ယု တကယ်လို့  နေရာဒေသပြောင်းသွားလို့  စိတ်မဝင်စားကြေးဆိုရင် သူတို့  နေတဲ့ တိုင်းပြည်ကလူအများစု ဘယ်နားမှန်းမသိတဲ့ မြန်မာပြည်ဆိုတဲ့ အကြောင်း
စကားထဲကို ထည့်ပြောနေမယ် မထင်ဘူး ။
သိတယ်လို့  ငြင်းချင်လဲငြင်းပါ။ ဦးတင်ယုတို့  နေနေတဲ့ တိုင်းပြည်တော့မသိဘူး ။
ကျနော် နေတဲ့ တိုင်းပြည်က တော့ ကျနော ဘယ်နိုင်ငံကလဲ ပြောပြ ဖို့  တရုတ် ဒါမှ မဟုတ် ထိုင်းကို အရင်ပြောရတယ်ဗျ...
ဒါတောင် ကျနော်တို့ တိုင်းပြည်နဲ့  သူတို့ တိုင်းပြည် သိပ်မကြာခင်ကလတစ်ခု က ကြီးကြီးမားမား ပတ်သက်ဖူး တယ်။

တီနာနဲ့  တီနဲ့ ကဲ့သို့ သော အခြားအခြားများကို ကျနော် တရာဝင်ပြောလိုက်မယ်
ကျနော့ အတ္တအရ ကျနော် ဝင်ပါနေတာဖြစ်တယ်
ဘယ်လို ပဏာ
ဘယ်လို အမှတ်
ဘယ်လို အဆင်ပြေမှု မျိုး ကိုမှ မမျှော်လင့်ဘူး ။

ရှေ့ ဆက်ပြီးတော့လဲ ကို့ ထမင်းကို စားပြီး ဝင်ပါနေဦးမှာ ဖြစ်တယ်။

(ကိုလွဏ်းဆွေ.. ကျနော့ ပေါက်ကွဲသံတွေ သိပ်ဆူညံလွန်နေရင် တောင်းပန်ပါတယ် ခင်ဗျာ..
တစ်စုံတစ်ရာ ရဲ့ မျက်နှာကို ကြည့်ရင် ကိုယ်လျှာကို ပြန်ကိုက်ထားရတာ ကြာတော့လဲ မောတယ်)

Anonymous said...

မိုးထက်နေ ...

Everybody has the right to freedom of expression and speech. မိုးထက်နေ ရမ်ဘိုအကြောင်းရေးထားတာလည်း လက်ခံတယ် ။ အချက်အလက်ကျတယ်လို့ မြင်မိတယ် ။

ပေါက်ကွဲတယ်ဆိုတာ ပေါက်ကွဲသင့်တဲ့ကိစ္စတွေမှာပဲ ဖြစ်သင့်ပါတယ် ။ နို့မဟုတ်ရင် အဲဒီပေါက်ကွဲခြင်းကြောင့် မလိုအပ်တဲ့ ထိခိုက်ရတာတွေရှိလာတတ်တယ် ။

တို့တတွေအားလုံးရဲ့ ဆုံမှတ်ဟာ မြန်မာနိုင်ငံအတွက် ဆိုတာပါပဲ ။ အဲဒီဆုံမှတ်ကိုရောက်ဖို့ ကိုယ့်လျှာကိုယ်ကိုက်ပြီး သေရမယ်ဆိုလည်း ၊ သေရမှာပဲ ။ ဘာလို့လဲဆိုတော့ ဆုံမှတ်ကိုရောက်ဖို့က အဓိကဖြစ်နေလို့ပါ ။

ဒီတော့ မိုးထက်နေပို့စ်မှာပြောခဲ့သလိုပဲ “ရမ္ဘိုကို ရမ္ဘိုလို နေပါစေ” တော့လား ။

Anonymous said...

သူများကိုမပြောခင်--ကိုယ်ကိုယ်ပြန်မေးကြည့်ပါ---သင်ဟာ--ဒီလောက်လေးမှသဘောထားမကြီးဘူးလား---စိတ်ဓာတ်မခိုင်မာဘူးလား--



အကြောင်းသိ--