Wednesday, February 6, 2008

ချူချာ အားကြီးဆာနေပြီ

ချူချာ အားကြီးဆာနေပြီ
ရွှေဆည်းဆာ

ပြီးခဲ့တဲ့ သံဃာ့အရေးအခင်း မဖြစ်ခင် လောင်စာဆီဈေးတက်လို့ လမ်းလျှောက်ဆန္ဒပြကြတဲ့ ၈၈-မျိုးဆက် ကျောင်းသားကျောင်းသူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူတွေကို ကြံ့ဖွံ့၊ စွမ်းအားရှင် စတဲ့ လူ့ငနွားတွေက ရွှေဂုံတိုင်မှာ အတင်းအဓမ္မ ရိုက်နှက်ဖမ်းဆီး ကားပေါ်တင်တယ်ဆိုတာ ကြားရကတည်းက ကျမတို့ မြန်မာပြည်မှာနေကြတဲ့ ရွှေမြန်မာတွေ ဘယ်လောက်တောင် တရားမျှတမှုကို အားပေးလိုလားသလဲ။ မတရားမှုကို မိမိမျက်မှောက် မြင်တွေ့နေတာတောင် လက်ပိုက်ကြည့်သလဲဆိုတာ အံ့သြလောက်အောင် မြင်တွေ့ခဲ့ကြရတယ် မဟုတ်လား။

ရွှေဂုံတိုင်လို နေရာမျိုးဆိုတာ လူနေရပ်ကွက်မရှိတာလည်း မဟုတ်၊ လူနေအိမ်ခြေ ကျဲပါးတာလည်း မဟုတ်ဘဲ ဈေးဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ သင်္ကန်း ပရိက္ခရာရောင်းတဲ့ဆိုင်၊ စတိုးဆိုင် စတဲ့ ဆိုင်တွေ တန်းစီပြီး ရှိနေတာမို့ အဲဒီနေရာမှာ စွမ်းအားရှင် ကြံ့ဖွံ့ဆိုတဲ့ လူတွေရဲ့အင်အားနဲ့ အချိုးချကြည့်ရင် သိသိသာသာ လူအင်အားများမှာက အဲဒီရပ်ကွက်နေသူတွေပဲ ဖြစ်မှာပါ။ ဒါပေမယ့် မတရားမှုကို လက်ပိုက်ကြည့်နိုင်လေတော့ မိမိမျက်မှောက်မှာ အေးအေးချမ်းချမ်း ဆန္ဒပြလမ်းလျှောက်သူတွေကို နှုတ်နဲ့စော်ကား၊ ကိုယ်ထိလက်ရောက် စော်ကား၊ ရိုက်နှက် ဖမ်းဆီးနေတာတွေ မြင်ပါလျက်နဲ့ ရပ်ကြည့်နေနိုင်တဲ့ သူတွေကို ကျမဖြင့် အံ့သြလို့ မဆုံးပါဘူး။

အဲဒီအချိန်အခါကတည်းက လူတွေဟာ အမှန်တရားကို လိုလားလက်ခံပြီး သတ္တိရှိရှိနဲ့ လိုက်နာခဲ့ကြမယ်ဆိုရင် သံဃာ့အရေးအခင်းဟာ သံဃာတော်နဲ့ နအဖစစ်တပ် လက်ကိုင်တုတ်တွေ ထိပ်တိုက်မတွေ့ရခင် ပွဲကပြတ်နေမှာပါ။ အဲဒီလို အမှန်တရားကို ရှောင်လွှဲမျက်ကွယ်ပြုခဲ့တဲ့ အဖြစ်တွေနဲ့ အမှန်တရားအတွက် သတ္တိမရှိခဲ့ကြလို့ သံဃာတော်တွေဟာ လူထုရှေ့ကနေပြီး ရဲရဲဝံ့ဝံ့ ထွက်ခဲ့ကြရတဲ့အထိ ဖြစ်လာပါတယ်။ စိတ်နာစရာကောင်းတဲ့ နောက်တကြောင်းက လူလိုပြောလို့ လူလိုနားမလည်တော့တဲ့ နအဖက အာဏာလောဘဇောတိုက်ပြီး အမိုက်မှောင်ဖုံးကာ သံဃာတော်တွေကို သံဃာတော်တွေမှန်း မသိတော့လောက်အောင် မိုက်ရိုင်းရက်စက် ခဲ့ကြတာပါပဲ။

ဒီနေရာမှာ သံကိုသံဖျက် သံချေးတက်ဆိုတဲ့ စကားအတိုင်း နိုင်ငံတော်သံဃာမဟာ့နာယက အမည်ခံ သံဃာ့ဘွဲ့ထူး အခွင့်ထူးခံများကြောင့်လည်း သံဃာတော်တွေ ပိုပြီးအထိနာခဲ့ရတယ်လို့ ဆိုချင်ပါတယ်။ နိုင်ငံတော် သံဃာ့မဟာနာယကဆိုတာ လက်စသတ်တော့ နအဖ ခါးပိုက်ဆောင် သံဃာ့သရုပ်ဆောင်တွေကိုး။ ကျမရဲ့ စိတ်ထဲမှာတော့ အဲဒီမတရားမှုတွေရဲ့ အဖြစ်မှန် မပေါ်ပေါက်သေးသရွေ့၊ အာဏာကို မတရားဆုပ်ကိုင်ပြီး တမျိုးတဆွေထဲ ချစ်တတ်တဲ့၊ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစား၊ ပြည်သူတွေကို အဖက်ဖက်က နစ်နာအောင် ဖိနှိပ်အုပ်ချူပ်နေတဲ့ ဒီ နအဖ စစ်အာဏာရှင်တွေ အဆုံးမသတ်သရွေ့ ပွဲကမပြီးသေးပါဘူးလို့ ယူဆပါတယ်။

ဒီနေရာမှာ ပြောစရာတခု ရှိလာပါတယ်။ ဒီအကြောင်းနဲ့ စပ်လျဉ်ပြီး ဆွေးနွေးမိပြောမိရင် ဘာမှမလုပ်ခဲ့တဲ့ သူတွေက ပြောကြတာကို မှတ်မိပါသေးတယ်။ ကျမတွေ့ဖူးတဲ့သူတွေ (၁၀) ယောက်ပြောရင် (၁၀)ယောက်စလုံး တစ်သံထဲ ထွက်တာက ကိုယ်တစ်ယောက်ထဲ လုပ်လို့ ဘာမှဖြစ်လာမှာမှ မဟုတ်တာ။ ဖြစ်လာလို့ လုပ်ရမယ်ဆိုရင်၊ ကိုယ့်အသက်ပေးလို့ အားလုံးကောင်းသွားမယ်ဆိုရင်၊ ကိုယ်သေရင် သေသွားပါစေ လုပ်လိုက်မယ်တဲ့။ အဲဒီလိုပြောတဲ့ သူတွေကို ရယ်ချင်စိတ် ဖြစ်မိသလို တဖက်ကလည်း ပြန်ပြောချင်တာက အသက်မစွန့်ပါနဲ့ စွန့်ဖို့ မလိုသေးပါဘူး။ ကျနော် ကျမတို့ အမှန်တရားအတွက်လုပ်နိုင်သလောက် လုပ်ပါမယ်ဆိုပြီး တတ်နိုင်သလောက်ပဲ လုပ်ပေးကြပါ။ တစ်ယောက်ကစ တစ်ရာ ဖြစ်လာမှာမဟုတ်လား။ အဓိက က မိမိကိုယ်တိုင် အမှန်တရားကို မြတ်နိုးတယ်ဆိုရင် မိမိမြတ်နိုးတဲ့ အမှန်တရားအတွက် ဘာတွေလုပ်ပေးလို့ ရမလဲ။ ဘာတွေ လုပ်သင့်တယ် ဆိုတာလေးကိုပဲတွေးပြီး လုပ်ပေးကြပါ။ အသက်စွန့်စရာ မလိုသေးပါဘူး။

ထမင်းတ၀ိုင်းဖြစ်အောင် ကိုယ်စီကိုယ်ငှ ချက်ပြုတ်တဲ့သူ၊ ပြင်ဆင်တဲ့သူ တက်ညီလက်ညီ လုပ်နိုင်ပါမှ အချိန်တန်တော့ ထမင်းစားပွဲမှာ ထမင်ဝိုင်းကို မြင်ရမှာပါ။ ဒါပေမယ့် ကိုယ်ဘာလုပ်ရမယ်၊ ဘာလုပ်သင့်တယ်ဆိုတာ သိလျှက်နဲ့ မလုပ်ဘဲ သူများ အပင်ပန်းခံ ချက်ပြုတ်ပြီးမှ ၀င်ထိုင်ချင်သူတွေက များနေတာကိုး။ အခုတော့ တာဝန်မဲ့စိတ် ရှိသူတွေများလေတော့ အမှန်တရားအတွက် အလုပ်လုပ်တဲ့ သူတွေခမျာ မှန်ပါလျက်နဲ့ မတရားခံနေကြရဆဲပါပဲ။

ကျမနဲ့ ဘတ်စ်ကားဂိတ်မှာ တွေ့နေကျ မြန်မာ့အာမခံရုံးက ၀န်ထမ်းအမျိုးသမီးတယောက် ရှိပါတယ်။ စက်တင်ဘာလ သံဃာ့အရေးအခင်းအကြောင်းပြောတော့ သူကပြောပါတယ်။ အဲဒီအချိန်တွေတုန်းက သူတို့တတွေလည်း ရုံးပေါ်ကနေပြီး ၀ိုင်းအားပေးတာပါပဲတဲ့။ သူတို့ကိုယ်တိုင်လည်း နအဖ စစ်အာဏာရှင်တွေကို အကောင်းပြောသူ နည်းပါတယ်တဲ့။ ဒါဆိုအမတို့ ဘာလို့ ရုံးတက်နေသလဲ၊ သပိတ်မှောက်ပြီး ရုံးမတက်ဘဲနေပေါ့ဆိုတော့ သူပြန်ပြောတာက ရုံးမတက်ဘူးလေ အဲဒီရက်တွေမှာ ရုံးမတတ်တဲ့သူတွေ များတယ်။ ရုံးမှာ လူတောင်မရှိဘူးတဲ့။ ကဲ … အမတို့က ဘယ်လိုရုံးမတက်တာလဲ ဒီသံဃာ့အရေးခင်းကို နအဖ က မတရားရက်ရက်စက်စက် ဖိနှိပ်တာကို မကျေနပ်လို့ နအဖစစ်အစိုးရကို ဆန့်ကျင်သပိတ်မှောက်တဲ့ အနေနဲ့ ရုံးမတက်ပါဘူးလို့ အားလုံးသဘောတူ လက်မှတ်ထိုးပြီး မတက်တာလားဆိုတော့ အဲလိုတော့ ဘယ်ဟုတ်ပါ့မလဲတဲ့ သူကလည်း သူ့အကြောင်းပြချက်နဲ့သူ၊ ကိုယ်ကလည်း ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ် ခွင့်ယူကြတာပေါ့တဲ့။

အဲဒီတော့ အမတို့ ရုံးမတက်တာဘဲ ရှိတာပဲ ၊ ဒီအဖြစ်အပျက်ကို ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတဲ့ ရပ်တည်ချက်၊ ဦးတည်ချက်ကို မပြနိုင်မှတော့ ဘယ်လိုလုပ် အကျိုးသက်ရောက်မှု ရပါတော့မလဲ။ ဒီတော့ အမတို့က မောင်ကောင်းထိုက် ဟာသပဒေသာထဲက ‘ချူချာ အားကြီးဆာတယ်’ဆိုတာလို ဖြစ်နေပြီ။ ကြားဖူးဖတ်ဖူးပြီးသား ဖြစ်ရင်လည်းဖြစ်မယ်။ အကြောင်းက တိုက်တိုက်ဆိုင်ဆိုင် တူနေတယ်။ သူက ဘယ်လိုရေးသလဲဆိုတော့ ရုရှားနိုင်ငံ အရှေ့မြောက်ဖျား ဝေးလံသီခေါင်သော ဒေသနေ ချူချာလူမျိုးတွေဟာ အလွန်ရိုးလွန်း အလွန်းတော့ နုံချာချာနိုင်ပါသတဲ့။ လေ့လာသူ သုတေသီတဖွဲ့က ယူကရိန်း၊ ရုရှားနဲ့ ချူချာလူမျိုး သုံးဦးအနက် မည်သူအစာငတ် ပိုခံနိုင်ပါသလဲဆိုတာကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့။ တစ်ယောက်ကို တစ်ခန်းစီ တယ်လီဖုန်း တစ်လုံးစီထည့်ပြီး ပိတ်ထားလိုက်သတဲ့။ တစ်ရက်၊ နှစ်ရက်ကနေ လေးရက်ကြာသွားတော့ ယူကရိန်းက ဗွေဆော်ဦး ဖုန်းဆက်သတဲ့။

‘စားစရာယူခဲ့ပါ။ ကျနော်ဆာလို့ သေပါတော့မယ်’ဆိုလို့ စားစရာ ယူလာပေးရသတဲ့။

နောက်တစ်ရက်ကြာတဲ့အခါ ရုရှားက ဖုန်းဆက်သတဲ့။

‘အစာမစားရရင် သေပါတော့မယ် ခင်ဗျာ’တဲ့။

ရုရှားကို အစာကျွေးပြီး တစ်ပတ်ခန့်အကြာမှာ ချူချာနဲ့ ပတ်သက်ပြီး စမ်းသပ်သူများ စိတ်ပူစ ပြုလာပါတယ်။ အခုချိန်ထိ ချူချာ ဖုန်းမဆက်သေးတာကြောင့် ဖြစ်ပါတယ်။ နောက် (၇)ရက်သာ ကြာသွားတယ်၊ ချူချာက ဖုန်းမဆက်သေး၊ သေများသေနေပြီလားလို့ တွေးပြီး စမ်းသပ်သူများ ချူချာရဲ့အခန်းကို ဖွင့်ပြီးဝင်တယ်။ ချူချာက တယ်လီဖုန်းရှေ့ ဒူးထောက်ထိုင်ကာ အောက်ပါအတိုင်း ပြောနေတာကို တွေ့ကြရတဲ့။

‘တယ်လီဖုန်းကြီးရေ … ချူချာ အားကြီးဆာနေပြီ၊ ချူချာ ထမင်းအားကြီး စားချင်တယ်’

ကဲ … ကျမတို့ ရွှေမြန်မာတွေရော ဘယ်လိုလဲ။ ဒီလိုသာ ကိုယ့်ကိစ္စကိုကိုယ် ဘယ်လိုလုပ်ရမှန်းတောင် မသိသေးဘူးဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့လို့ မြန်မာပြည်အတွင်းမှာ မှီတင်းနေထိုင် နေနိုင်တော်မူကြကုန်တဲ့ ရွှေချူချာအပေါင်းတို့အား တပ်လှန့်နှိုးဆော်လိုက်ရပါတယ်။

ရွှေဆည်းဆာ

No comments: