Saturday, February 9, 2008

ကိုယ့်လူတွေကလည်း တမှောင့်

ဒေါက်တာလွဏ်းဆွေ

(၂၀-၂-၂၀၀၇ နေ့က ခေတ်ပြိုင် အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။)

အခုတလောမှာ ဘီဘီစီက ဆရာကျော်ဇံသာကလည်း ဖွသလားမမေးနဲ့။ ဖေဖော်ဝါရီ(၁၄)ရက်နေ့ ညကလည်း ကိုမိုးသီးဇွန်နဲ့ နအဖရှေ့နေ ကိုအေးလွင်တို့ကို တည်ပေးပြီး ဖွလိုက်ပြန်ပြီ။ ဖွလွန်းအားကြီးလို့ ဆရာကျော်ဇံ သာကို ဆရာကျော်ဇံဖွလို့တောင် ကင်ပွန်းတပ်ရမလို ဖြစ်နေပြီ။ ဖွတာဟာ သတင်းသမားအလုပ်၊ မဖြေနိုင် မဖြေတတ်လို့ မြောင်းထဲကျတာ ခင်ဗျားတို့ အလုပ်လို့ သဘောထားမယ် ဆိုရင်တော့လည်း ကျနော်အနေနဲ့ ပခုံးတွန့်ပြရုံကလွဲလို့ ဘာမှမပြောလိုကြောင်းပါ။ ဒါပေမယ့် ဦးကျော်ဇံသာဟာ မြန်မာနိုင်ငံသား တယောက်ပါ။ မြန်မာနိုင်ငံသား တယောက်အနေနဲ့ မြန်မာပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခအ၀၀နဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကိုတော့ သတင်းသမားဖြစ်တဲ့ ဆရာကျော်ဇံသာ လျစ်လျူမရှုလောက်ဘူးလို့ အောက်မေ့မိတာပဲ။ လျစ်လျူမရှုဘူးဆိုရင် တချို့ကိစ္စတွေဟာ ဖွသင့်မဖွသင့် ချင့်ချိန်ရမယ့် ကိစ္စတွေပါ။

ဒီကနေ့ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်ရဲ့ လက်သည်တရားခံဟာ နအဖစစ်အုပ်စုပါ။ စားနေကျ ကြောင်ဖားတွေလို ဖြစ်နေတဲ့ နအဖစစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်တာကြောင့် အခုလို နောက်ဆက်တွဲ ပြဿနာတွေ တသီတသန်းကြီး ဖြစ်နေရတာပါ။ ပြည်သူလူထု လိုချင်နေတာက ဒီမိုကရေစီ၊ သူတို့ပေးနေတာက ဖိနှိပ်ရက်စက်မှုပါ။ သူတို့အနေနဲ့ ဘာလို့ ဖိနှိပ်ရက်စက်နေသလဲ၊ ရှင်းပါတယ်၊ အာဏာ လက်မလွှတ်ချင်လို့ပါ။ အဖြေက လုံးဝကို ရှင်းနေပါတယ်။ အာဏာလက်မလွှတ်ချင်တဲ့ ပြဿနာပါ။

ပြည်သူလူထုအနေနဲ့ လက်တဆုပ်စာ စစ်အုပ်စုက အာဏာလက်ဝါးကြီး အုပ်နေတာကို မကြိုက်တဲ့အကြောင်းနဲ့ ဒီမိုကရေစီစနစ်ကို လိုလားတဲ့အကြောင်းကို ရှစ်လေးလုံးအရေးတော်ပုံနဲ့ ၉၀ရွေးကောက်ပွဲရလဒ်တွေမှာ အခိုင်အမာ သက်သေပြခဲ့ပြီးပါပြီ။ အဲဒီရလဒ်ကို အကောင်အထည်ဖော်ပြီး အာဏာလွှဲဖို့အရေး နအဖစစ်အုပ်စုက အကြောင်းအမျိုးမျိုးပြပြီး ကလိန်ကကျစ် လုပ်နေလို့ အခုအချိန်အထိ ပွဲကမကြာသင့်ဘဲ ကြာနေရတာပါ။ အဲဒီတော့ အခုအချိန်ဟာ အဲဒီ၉၀ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် လက်တဆုပ်စာ စစ်အာဏာရှင်တစုနဲ့ ပြည်သူလူထုကြီး ဆက်လက်စီးချင်းထိုးနေကြတဲ့ အချိန်ပါ။ နအဖနဲ့ အဲန်အယ်လ်ဒီပဲ စီးချင်းထိုးနေတာလို့ မြင်လို့မရပါဘူး။ အဲန်အယ်လ်ဒီပါတီက ပြည်သူလူထုကို ကိုယ်စားပြုတဲ့ပါတီဖြစ်နေလို့သာ အဲန်အယ်လ်ဒီနဲ့ နအဖ စီးချင်းထိုးသလို အနေအထားမျိုး မြင်နေရတာပါ။ တကယ်တော့ ၉၀ရွေးကောက်ပွဲ ရလဒ်ကို အဲန်အယ်လ်ဒီလည်း မပိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း မပိုင်ပါဘူး။ ပြည်သူလူထုအနေနဲ့ သူတို့ရဲ့ အသည်းကြားက မဲပြားတွေနဲ့ တခဲနက် ဆန္ဒဖော်ထုတ်ခွင့်ရခဲ့လို့ အောင်မြင်ခဲ့တဲ့ လူထုအောင်ပွဲကြီးပါ။ အဲဒီရလဒ်ကို ပြည်သူလူထုကသာ ပိုင်ပါတယ်။ အဲဒါကြောင့် ဒီရလဒ်ကို နအဖလည်း ဖျက်လို့မရဘူး။ အဲန်အယ်လ်ဒီလည်း ဖျက်ခွင့်မရှိဘူး။ ပြည်သူကသာလျှင် ဖျက်ခွင့်ရှိပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲ အဲဒီရလဒ်ကို ဖျက်ဖို့ကြိုးစားခဲ့ရင် ကြိုးစားတဲ့သူဟာ သမိုင်းတရားခံဖြစ်မှာ အသေအချာပဲ။

အဲဒီတော့ လူထုဆန္ဒကို လေးစားတယ်ဆိုရင် နအဖဘက်က လုပ်ပေးရမယ့် တာဝန်က ရှင်းရှင်းလေးပါ။ လွှတ်တော်ခေါ်ပေးဖို့ပါပဲ။ ဟိုတလောကတော့ နအဖကပြောပါတယ်။ လွှတ်တော်ခေါ်ပေးရအောင် ရွေးကောက်ခံထားရတဲ့ အမတ်က ဘယ်နှစ်ယောက် ရှိတော့လို့လဲတဲ့။ လုပ်ပုံ။ စစ်ဗိုလ်တွေဟာ သူတို့ ရူးချင်ယောင်ဆောင်ခဲ့တဲ့ အချိန်တုန်းက အမတ်တွေကို မတရားဖမ်းဆီး၊ ညှဉ်းဆဲ၊ ထောင်ချ၊ မောင်းထုတ်၊ အတင်းအကျပ် နှုတ်ထွက်ခိုင်းတာတွေ လုပ်ခဲ့ပြီး အခုကျမှ ဘယ်မှာလဲ အမတ်တွေဆိုပြီး အသံကောင်း ဟစ်နေပြန်တယ်။ ဒါလည်း ရပါသေးတယ်လို့ ပြောချင်ပါတယ်။ နအဖအနေနဲ့ အာဏာလွှဲပေးဖို့သာ တကယ်စေတနာ ရှိသေးရိုးမှန်ရင် လုပ်ပေးဖို့ တာဝန်က လစ်လပ်သွားတဲ့ မဲဆန္ဒနယ်တွေမှာ ကြားဖြတ် (အစားထိုး) ရွေးကောက်ပွဲတွေလုပ်ပြီး ပြည်သူလူထုကို မဲပေးရွေးချယ်ခိုင်းဖို့ပါပဲ။ အဲဒီ ကြားဖြတ် ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေနဲ့ ကျန်ရှိနေသေးတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပေါင်းပြီး ပြည်သူလွှတ်တော်ကို ခေါ်ယူကျင်းပခွင့် ပေးလိုက်ရင် နအဖကို တပြည်လုံးကသာမက တကမ္ဘာလုံးကပါ ချီးကျူးလိုက်မယ့် အမျိုးလို့ ပြောလိုက်ချင်ပါတယ်။

အဲန်အယ်လ်ဒီရဲ့ တာဝန်ကလည်း လွှတ်တော်ခေါ်ပေးရေး တောင်းဆိုဖို့နဲ့ နအဖကခေါ်မပေးရင် ကိုယ့်ဘာသာ လွှတ်တော်ခေါ်နိုင်အောင် ကြိုးစားဖို့ပဲ။ မတတ်သာတဲ့အဆုံး ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းကိုသုံးပြီး လွှတ် တော်ခေါ်သင့်ရင်လည်း ခေါ်ရတော့မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်ရှိနေသေးတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်က တယောက်တည်း ဖြစ်နေဦးတော့ နအဖလုပ်နေတဲ့ အမျိုးသားညီလာခံက ကိုယ်စားလှယ်တွေ အားလုံးထက်စာရင် လူထုကို ကိုယ်စားပြုနေလို့ပါပဲ။

အထက်က ပြောခဲ့တာတွေကို အကောင်အထည် ဖော်မှလည်း နအဖရော အဲန်အယ်လ်ဒီပါ လူထုဆန္ဒကို လေးစားပြီး တာဝန်ကျေရာ ရောက်မယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၉၀ရွေးကောက်ပွဲဟာ နအဖက ဦးစီးကျင်းပပေးခဲ့တဲ့ ကမ္ဘာသိ ရွေးကောက်ပွဲဖြစ်ပြီး နအဖတွေ အပါအ၀င် ပြည်သူလူထုရဲ့ တခဲနက်မဲပေးမှုမှာ အဲန်အယ်လ်ဒီပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့လို့ပါပဲ။

ဆရာကျော်ဇံသာကို ဖွတယ်လို့ ပြောရတဲ့အကြောင်းက အထက်မှာ ပြောခဲ့သလို နအဖဘက်က လုပ်ပေးရမယ့် တာဝန်က ရှင်းနေတဲ့ ကိစ္စကြီးမှာ နအဖဘက်က တာဝန်ရှိသူလည်းမဟုတ် ဘာမဟုတ်နဲ့ ဗုံမဟုတ် ပတ်မဟုတ် လူတွေကို မကြာခဏ ပွဲထုတ်ပြီး ပွဲဆူအောင် ဖွဖွနေလို့ပါ။ ဆရာဖွတာက အရေးမကြီးဘူး။ ပြည်သူလူထုတွေ အနေနဲ့ ရှင်းပြီးသား ကိစ္စတွေကို ဇဝေဇ၀ါ ပြန်ဖြစ်အောင် လုပ်သလို ဖြစ်နေပါတယ်။ ဒီကြားထဲမှာ ကိုယ့်လူဖြစ်တဲ့ ကိုမိုးသီးဇွန်ကလည်း တမှောင့်။ ဘာမဟုတ်တဲ့ လူကို အလဲမထိုးနိုင်တဲ့အပြင် ကဂျိုးကဂျောင် အတွေးအခေါ်တွေ လျှောက်ပြောနေပြန်တယ်။ ကျနော်တို့က အာဏာအတွက် ပြောနေတာမဟုတ်ဘူးတဲ့။ တမတ်သားမကလို့ ၁၀၀ ရာခိုင်နှုန်း ယူချင်လည်းယူတဲ့။ ‘ဒုက္ခပါပဲလား ကိုမိုးသီးဇွန်၊ စဉ်းစဉ်းစားစားလေးလည်း ပြောပါဦး’လို့ပဲ ပြောလိုက်ချင်တော့တယ်။

ဒီကနေ့ ဖြစ်နေတာက အာဏာပြဿနာပါ ကိုမိုးသီးဇွန်။ အာဏာဟာ ပြည်သူလူထု လက်ထဲမှာ မရှိဘဲ နအဖက လက်ထဲမှာပဲ (၁၀၀)ရာခိုင်နှုန်းလုံး ရောက်နေလို့ အခုလို မဆုံးနိုင်တဲ့ ပြဿနာတွေ ဖြစ်နေရတာပါ။ ပြည်သူ လူထုလက်ထဲကို အာဏာအပြည့်မရောက်ဘဲ တိုင်းပြည်ကို ဘယ်လိုကောင်းအောင် လုပ်မှာလဲ။ ပြည်သူလူထုလက်ထဲ အာဏာအပြည့် ပြန်မရောက်သရွေ့ စစ်တပ်က နိုင်ငံရေးမှာ ၀င်ရှုပ်နေဦးမှာပေါ့။ တမတ်သားမပြောနဲ့ တပြားတစိတောင် ပေးလို့မရပါဘူး ကိုမိုးသီးဇွန်။ စစ်တပ်ကို သူ့နေရာမှန်သူ ပြန်ရောက်အောင်သာ ပို့ပေးရမှာပါ။ တပ်မတော်ကြီး တခုလုံး နီးပါးကလည်း သူ့နေရာသူ ပြန်ချင်နေကြပါပြီ။ မောင်ကြီးမပြန်နိုင် ဖြစ်နေတာဆိုလို့ အပေါ်ကနေ ဗိုလ်ကျစိုးမိုးနေတဲ့ နအဖ လူလည်တစုလောက်သာ ကျန်တော့တာပါ။ ကမ္ဘာမှာလည်း ဘယ်အာဏာရှင် ထာဝရစိုးမိုးနိုင်လို့လဲ။ နအဖအလှည့်လည်း မုချရောက်လာမှာပါ။ နအဖဟာ မကြာမီမှာပဲ အခုလောလောဆယ် ငြိမ်နေသေးတယ်လို့ထင်ရတဲ့ ပြည်သူလူထုကြီးနဲ့ ထိပ်တိုက်တွေ့ပြီး ခွေးပြေးဝက်ပြေး ပြေးရတော့မှာပါ။

အဲဒီတော့ ကျနော်အနေနဲ့ ကိုယ့်လူလို့ ထင်ထားတဲ့ ဆရာဦးကျော်ဇံသာကိုလည်း တခုမေတ္တာရပ်ခံချင်ပါတယ်။ ဗုံမဟုတ် ပတ်မဟုတ်တွေကို ပွဲထုတ်ပြီး အတွေးအခေါ် ရှင်းနေပြီးသား ပြည်သူလူထုကြီးကို အာရုံနောက်အောင် ဖွရှုပ်မလုပ်ဖို့ မေတ္တာရပ်ခံချင်တာပါ။ အဲသလို မဟုတ်ဘဲ ကျနော်တို့က သတင်းသမားမို့ ကြားနေပြီး ဖွရဦး မယ်ဆိုရင်တော့ … ဘာမှမပြောလိုတော့ကြောင်းပါ ဆရာကျော်ဇံသာရေ … ဒူးသာဒူး …။

ဒေါက်တာလွဏ်းဆွေ

1 comment:

မောင်တင်ယု said...

ကောင်းပါတယ်၊
ကျွန်တော်ကတော့ အဖွဆရာကြီး ဆရာကျော်ဇံ တို့  ကဖွရမှာက ပြည်သူတွေအားလုံးက
စစ်တပ်ကို သူ့နေရာမှန်သူ ပြန်ရောက်အောင်သာ ဘယ်လိုပို့ ပေးနိုင်သလည်း ဆိုတာကို ဖွပြီးတော့ ပို့ပေးရမှာပါ။
ဆရာပြောသလိုပေါ့ တပ်မတော်ကြီး တခုလုံး နီးပါးကလည်း သူ့နေရာသူ ပြန်ချင်နေကြပါပြီ။ မောင်ကြီးမပြန်နိုင် ဖြစ်နေတာဆိုလို့ အပေါ်ကနေ ဗိုလ်ကျစိုးမိုးနေတဲ့ နအဖ လူလည်တစုလောက်သာ ကျန်တော့တာပါဆိုတာကလည်းတည့်တည့်ပြောရင်
သံခင်းမာန်ခင်းစကားနဲ့ဖေါ့ပြီးတော့ပြေဆိုလိုက်တယ်လို့ ဘဲယူဆရတော့မလိုပါဘဲ။
ကျွန်တော်မြင်တာကတော့ရှင်းရှင်းကြီးပါဘဲ၊

စစိတပ်ကတန်းလျှားကို မပြန်ချင်ပါဘူး
ဘာလို့လည်းဆိုတော့မဆလနဲ့ကပ်ပါးရပ်ပါး
နိုင်ငံရေးသမားတွေလုပ်ခံသောသွေးသစ်
လောင်းကာတိုင်းပြည်မြို့ ပြအုပ်ခူပ်ရေးကို၎င်း
တို့ ကတိုယ်တိုင်ဖျက်စီးပြီး ကိုယ်ဟာကို တည်ဆောက်ထားကာစိတ်ဓါတ်ပြောင်းလဲပြုပြင်ဆေး
ကြောခဲ့တာကြောင့်အပေါ်တွင်မဟုတ်ပါဘူး၊အလည်
လတ်အရာရှိတွေအပြင်၊အောက်ခြေထိရှိနေတာကိုတွေ့ ထားလို့ ပါ၊
နောက်ပြီးတော့ စစ်တပ်က စစ်တပ်နေရာမှာဘဲ
နေချင်တယ်ဆိုသောအသုံးမှာ စစ်တပ်အင်အားစုအားလုံးရဲ စစ်ဗိုလ်စစ်သား ၁၀%တောင်မရှိပါဘူး၊ အားလုံးက သူတို့ မှမရှိရင်တိုင်းပြည်
နိုင်ငံရေးမတည်ငြိမ်ဘူး၊သူတို့သာလျှင်တိုင်းပြည်ကို
ထိန်းနိုင်တယ်ဆိုသောစိတ်တွေကရှိနေတာကတော်
တော်လေးကိုရှိနေတာကိုတွေ့ ရပါမယ်။

ထိုအတွက်ကြောင့်ပြည်သူတွေအားလုံးကတိုင်းပြည်ကို
အေးချမ်းသောနိုင်ငံရေးကို ၄င်း၊
ဒီမိုကရေစီကိုမြန်မာပြည်တွင်နေထိုင်သောတိုင်းရင်းသားပြည်သူတွေကလိုချင်ရင်၊
ဘယ်လို ပြတ်ပြတ်သားပြတ်သားပြန်ပို့ ရမယ်၊ဘယ်လိုတညီတညာတည်းသိုင်းဝိုင်းပြီးတော့ပို့ ဆောင်မလည်းဆိုတာကိုသာနံပါတ်တစ်နေရာ
ထားပြီးတော့အရင်ဆုံးလုပ်ရမည်သာဖြစ်ကြောင်း၊

ဖွခြင်းဖွထိုအကြောင်းကိုကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်စေချင်ပါကြောင်းတင်ပြပါသည်။