ယုံကြည်ချက်နဲ့ ယုံကြည်ရာ
မကြည်ကြည်လွင်
မကြည်ကြည်လွင်
မနေ့ညနေရုံးဆင်းလို့ အိမ်အပြန် ဘတ်စ်ကားပေါ်ကဆင်းတော့ သူနာပြုဝတ်စုံဆင်တူနဲ့ ကျမရှေ့က ဖြတ်လျှောက်သွားတဲ့ ကလေးမလေး နှစ်ယောက်ကိုတွေ့တော့ အတွေးတခု စိတ်ထဲမှာ ဖြတ်ကနဲ ပေါ်လာပါတယ်။ သူတို့လို သူနာပြု အကူဝတ်စုံ ဆင်တူဝတ်ထားတဲ့ ကလေးမလေးတွေကို မြင်မိတဲ့အခါတိုင်း အတွေးပါပဲ။ ဗိုလ်ချုပ်လမ်းပေါ်က သူနာပြုသင်တန်းရှေ့၊ ဆေးရုံကြီးရှေ့နဲ့ ရွှေဘုံသာလမ်းတ၀ိုက်မှာ အမြဲတန်းလိုလို သူတို့ကို မြင်ရတတ်ပါတယ်။ အရွယ်လေးတွေကလည်း မတိမ်းမယိမ်း အသက်လေးတွေကလည်း ရှိလှ ၁၈၊ ၁၉၊ ၂၀ ပေါ့။ အဲဒီအသက်အရွယ် လူငယ်လေးတွေရဲ့ အသွင်သဏ္ဍန်ဟာ လွတ်လပ်ပေါ့ပါးပြီး ယုံကြည်ချက်အပြည့်နဲ့ လန်းလန်းဆန်းဆန်း ရှိနေရမှာမဟုတ်လား။
ဒါပေမယ့် ကျမအမြင်တော့ နုပျိုနေတဲ့ သူတို့လေးတွေမှာ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်နဲ့ လှုပ်ရှားနေတဲ့ ပုံစံတွေမဟုတ်ဘဲ၊ ယုံကြည်ရာကို လုပ်ရမှာမို့ လုပ်ဆောင်လှုပ်ရှားနေကြတဲ့ ပုံစံတွေပါပဲ။ စိတ်အားထက်သန်မှုတွေ မပေါ်လွင်တဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို ကြည့်ရင်းက ကျမရဲ့ရင်ထဲက အတွေးတစဟာ ယုံကြည်ချက်နဲ့ ယုံကြည်ရာဆိုတဲ့ စကားနှစ်လုံးအပေါ် ခွဲခြမ်းစိတ်ဖြာ နေမိပါတယ်။ ကျမမှတ်မိသလောက် လွန်ခဲ့တဲ့ ၃ - ၄ နှစ်လောက်ကစလို့ (၁၀)တန်းအောင်ပြီးတာနဲ့ သူနာပြု အကူသင်တန်း တက်ပြီးရင် အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း အကူအညီ ဒါမှမဟုတ် ပွဲစားနဲ့ ဆက်သွယ်ပြီး စင်္ကာပူနိုင်ငံက လူအိုရုံလို နေရာမျိုးတွေမှာ အလုပ်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မိန်းကလေးအများစု (တချို့ ယောက်ကျားလေး အနည်းအကျဉ်းတောင် ပါတတ်ပါသေးတယ်) က သူနာပြု အကူသင်တန်းတွေတက်၊ ကိုယ်ပိုင်ဆေးရုံတွေ ဆေးခန်းတွေမှာ အလုပ်သင် အတွေ့အကြုံရယူပြီး စင်္ကာပူမှာသွားပြီး အလုပ်လုပ်ကြရမယ်လို့ ရည်မှန်းချက် ထားကြတာတွေ ကြားသိနေခဲ့ရပါတယ်။ အများစုကတော့ တက္ကသိုလ်ကို အချိန်ကုန် ငွေကုန်မခံနိုင် ဆက်မတက်နိုင်တော့လို့ရယ်၊ မြန်မာပြည်မှာ အလုပ်လုပ်ရင် (၁၀)လ တနှစ်လုပ်မှရမယ့် လစာငွေက အဲ့ဒီနိုင်ငံခြားဆိုတဲ့ နေရာမှာလုပ်ရင် တလစာပဲရှိတာမျိုးဆိုတော့ မက်မောစရာပေါ့လေလို့ တွေးပေးမိပါတယ်။ ဒါပဲ သူတို့ရဲ့ထွက်ပေါက် သူတို့ရဲ့မျှော်လင့်ချက် သူတို့ရဲ့ ယုံကြည်ရာဖြစ်နေတယ်လို့ ခံစားမိတယ်။
အဲဒီတချိန်ထဲမှာပဲ ယုံကြည်ချက်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုပါ တွေးမိနေတယ်။ ကျမအထင်တော့ ယုံကြည်ချက်ဆိုတာကို တွေးမိရင်တောင် ကိုယ့်ကိုကိုယ် ပိုပြီးအားရှိလာသလိုလို ဒီစကားလုံးကပဲအင်အားတွေ ပြည့်နေသလို ခံစားမိတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်လာမယ့် ဒီလူငယ်လေးတွေမှာ ယုံကြည်ချက် ရှိသလားလို့ မေးချင်စိတ်တွေ ပေါ်လာပါတယ်။ ပထမဆုံး မိမိကိုယ်ကို မိမိ ယုံကြည်ကြပါသလား၊ ဘယ်လိုကိစ္စမျိုးကို လုပ်ရမယ်၊ လုပ်သင့်တယ်ဆိုတဲ့ အဆုံးဖြတ်မျိုးတောင် မိမိကိုယ်တိုင် ယုံကြည်ချက်အပြည့်နဲ့ ဆုံးဖြတ်နိုင်ကြပါသလားဆိုတာ တွေးနေမိတယ်။
ဒီနေ့ခေတ်လို့ပြောရမယ့် ပစ္စုပ္ပန်ကာလမှာနေကြတဲ့ သူတွေရဲ့အမြင်ဟာ ကျဉ်းမြောင်းပြီး တကိုယ်ကောင်း ဆန်တယ်လို့ပြောရင် ကျမကို အဆိုးမြင်ဝါဒသမားလို့ ပြောကြမှာ အသေချာပါပဲ။ ကျမက အမြဲတမ်း ဘတ်စ်ကားစီးတဲ့ သူပါ။ ကိုယ်သွားလာလှုပ်ရှားတဲ့ ပတ်ဝန်းကျင်ကိုလည်း အမြဲသတိထားကြည့်တယ်။ အရင်တုန်းက လောကနီတိတို့၊ ၃၈ ဖြာမင်္ဂလာတို့၊ ကိုယ်ချင်းစာတရားတို့၊ ယဉ်ကျေးဖေါ်ရွေမှု၊ အားနာမှုတွေနဲ့ ပြည့်နေတဲ့ မြန်မာလူမျိုးဆိုတာ ဘယ်လိုနေသေးလဲ အဲဒီလူ့ကျင့်ဝတ်တွေ ကိုယ်ချင်းစာတရားတွေ အားနာမှုတွေ၊ ယဉ်ကျေးဖေါ်ရွေမှုတွေရဲ့ အခြေအနေကို အမြဲသတိထားကြည့်မိတော့မှ အော် မြန်မာတွေ ရွှေမြန်မာတွေလို့ အော်နေတဲ့ အဆင့်ပဲ ရှိတော့တာကိုး ဟန်ပဲရှိတော့တဲ့ မြန်မာတွေလို့ မြင်မိတယ်။ အဲဒီလို စိတ်ဓာတ်တွေ ပျက်ပြားလာရတဲ့ ပြဿနာတွေဟာ လူတိုင်းလူတိုင်း မိမိတို့ရဲ့ နေ့စဉ်ကြုံတွေ့ခံစားနေရတဲ့ စားဝတ်နေရေး မပြေလည်မှုတွေက ၅၀ရာခိုင်နှုန်း ဖြစ်နေတာတွေရယ် နောက်တခုက မဖွံ့ဖြိုးတဲ့ ပညာသင်ကြားရေးစနစ်နဲ့ လူနေမှုစနစ် နိမ့်ကျမှု၊ အမျိုးသားနိုင်ငံရေးအသိ နည်းပါးမှုတွေကြောင့်လို့ပဲ ထင်တယ်။
တချိန်က အရှေ့တောင်အာရှမှာ ချမ်းသာတဲ့ ကျမတို့ နိုင်ငံ၊ တိုင်းပြည်ကထွက်တဲ့ သယံဇာတတွေ စားသောက်ကုန်တွေကို ပြည်တွင်းမှ စားသုံးသူ ဖူလုံအောင်စားပြီး ပိုလျှံမှ နိုင်ငံခြားပို့ကုန်အဖြစ် ရောင်းတဲ့အတွက်၊ လစာနည်းဝန်ထမ်း၊ လက်လုပ်လက်စား အလုပ်သမားစတဲ့ ၀င်ငွေနည်း လူတန်းစားတွေလည်း သူ့အထိုက်လျောက်နဲ့သူ စားနိုင်နေနိုင် ရပ်တည်နိုင်ခဲ့တယ်။ တိုင်းပြည်မှာရှိတဲ့ ငွေကြေးလည်း တန်ဘိုးရှိရှိ အသုံးခံတယ်။ အခုတော့ တိုင်းပြည်က ထွက်သမျှ သယံဇာတတွေ၊ စားသောက်ကုန်တွေ နိုင်ငံခြားပို့၊ ငွေရှိတဲ့ ကုန်သည်က လုပ်ပိုင်ခွင့်နဲ့ အာဏာရှိတဲ့ အရာရှိဆိုးတွေကို ချဉ်းကပ်ပေးကမ်းပြီး သူ့အတွက်သူ ကုန်ပစ္စည်းအတွက် ၀င်ငွေပိုရမယ့်အရေး ကြံဆောင်တယ်၊ လုံလစိုက်တယ်၊ ကိုယ့်တိုင်းသူပြည်သားတွေရဲ့ အရေး နည်းနည်းတောင် ထည့်မတွေးဘူး။
အဓိက က ပြည်တွင်းမှာ ရောင်းလို့ ၁၀ ကျပ်ပဲ ရမယ့်အစား ပြည်ပပို့တော့ တစ်ဒေါ်လာ ရတယ်။ သူဒီလိုပဲ တွက်တာပေါ့၊ ကုန်သည်က ၀ိသမလောဘဖြစ်ပြီး မိမိတိုင်းပြည်နဲ့ လူမျိုးကို မငဲ့ညှာဘဲ လောဘတက်နေသူတွေကို ဟန့်တားရမယ့် တာဝန်ရှိပါရဲ့နဲ့ တားနိုင်တဲ့ အာဏာလည်းရှိရဲ့နဲ့ ပုလင်းတူဘူးစို့လုပ်ပြီး ပါမစ်ထုတ်ပေး၊ ရောင်းခွင့်ပေးပြီး ကိုယ့်အိတ်ထဲ ထည့်ဘို့ ကိုယ့်တဘို့ထဲ ကြည့်တဲ့ လုပ်ပိုင်ခွင့်ယူထားတဲ့ အာဏာရှင်အတ္တသမားတွေ ပေါင်းမိတဲ့အခါမှာတော့ ပြည်သူတွေမှာ ငတ်လို့နေနေ မစားနိုင်လေ သေပစေလို့ မမြင်ဟန် မကြားဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကျိုးစီးပွား တခုပဲကြည့်ပြီး၊ မတရားလုပ်နေသူတွေက မတရားချမ်းသာ၊ ၀င်ငွေနည်းလူတန်းစား လက်လုပ်လက်စားများမှာတော့ မသေရုံတမယ် စားနေရကြရတာလား။
နောက်အကျိုးဆက် တခုကတော့ အကျင့်ပျက်ဝန်ထမ်းတွေ များလာတာလည်း အဲဒီ စားဝတ်နေရေးပဲပေါ့။
အကျင့်ပျက် ၀န်ထမ်းတွေများနေတာ ရှိနေတာ မသိလို့မှ မဟုတ်ဘဲ။ တမင်တကာကို မသိကျိုးကျင်ပြုပြီး တဖက်လှည့်နဲ့ အားပေးအားမြှောက် ပြုပေးနေကြတယ်ဆိုတာ အများပြည်သူတွေ အသိပဲမဟုတ်လား။ ဒီလိုအကျင့်ပျက်တဲ့ သူတွေများလာမှ အားနည်းချက်ကို နင်းပြီး အာဏာကို ဆက်လက် ချူပ်ကိုင်တည်မြဲနိုင်မယ်လို့ အာဏာရှင်တွေ တွေးပုံပေါ်တယ်။
တိုင်းပြည်တပြည်ရဲ့ အစိုးရလို့ခေါ်တဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်တဲ့ အဓိကသော့ချက်က ၀န်ကြီးဌာနပေါင်းစုံမှာ အမှုထမ်းနေတဲ့ ၀န်ထမ်းတွေက ဒေါက်ထောက်ပေးထားလို့ပါပဲ။ အခု တနိုင်ငံလုံးမှာရှိနေတဲ့ ၀န်ကြီးဌာနပေါင်းစုံက ၀န်ထမ်းတွေ တညီတညွတ်တည်း စည်းစည်းလုံးလုံးနဲ့ ရပ်တည်ပြီး မိမိတို့ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သက်ဝင်တဲ့ နိုင်ငံမှာ ဗုဒ္ဓရဲ့သားတော်၊ သာသနာ့အကျိုး ရွက်ဆောင်နေကြတဲ့ သံဃာတော်တွေ အေးချမ်းစွာ မေတ္တာပို့ ပရိတ်ရွတ်နေတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို လူမြင်ကွင်းမှာရော ၊ ညဥ့်နက်သန်းကောင် အချိန်တွေမှာရော ရိုင်းရိုင်းစိုင်းစိုင်း ရက်ရက်စက်စက် မတရားရိုက်နှက် ဖမ်းဆီးခဲ့တာတွေ၊ သံဃာတော်တွေရဲ့ ကျောင်းတွေကို စစ်ဆင်ရေးအသွင်နဲ့ အကြမ်းဗရမ်း ၀င်ရောက် ဓားပြတိုက်ဖျက်ဆီးလုယက်ခဲ့တာတွေ ရှိခဲ့တဲ့အတွက် အဲဒီအဖြစ်ပျက်ကို ဖန်တီးအမိန့်ပေးခဲ့တဲ့ စစ်အစိုးရ (တကယ်တော့ သူတို့ကို ဘယ်သူမှ ၀မ်းပန်းတသာ လက်ခံခဲ့တာ မဟုတ်ပါဘူး)ကို ဆန့်ကျင် သပိတ်မှောက်ခဲ့ကြမယ်ဆိုရင် ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်နီးပါး အချိန်ကို ထည့်မတွက်နဲ့ဦး၊ သူတို့ ဘယ်လောက်ထိ ရပ်တည်နိုင်မလဲ၊ ၁၀ ရက်လောက်ပဲ သပိတ်မှောက်ကြည့်လိုက် သူတို့ယန္တရားကြီး မလည်ပတ်နိုင်တော့ရင် ရှင်သန်နိုင်ပါဦးမလား။ မတရားမှုကို ဘယ်လိုဆန့်ကျင်လို့ ရနိုင်တယ်ဆိုတဲ့ အသိတောင် မရှိကြဘူးလို့ ပြောရမှာ အားနာမိပေမယ့် ဒီနအဖအစိုးရက ကောက်ကျစ်ဉာဏ်များသလောက် ပြည်သူတွေရဲ့ အခွန်နဲ့ လစာရနေတဲ့ ပြည်သူ့ဝန်ထမ်းများက အဆင်ခြင်မဲ့ မျက်စေ့မှိတ် ကြောက်လွန်းလို့ အမှန်တရားတွေ မျက်ကွယ်ပြုခံနေရတဲ့အတွက် ဒီနေ့မြန်မာပြည်မှာ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ ကြုံတွေနေကြရတယ်။
အဲဒီတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အခြေအနေမျိုးကို စစ်အစိုးရက ၀န်ထမ်းတွေအပေါ် ဖန်တီးထားတာပါ။ ဒီဝန်ထမ်းအများစုတွေမှာ ဘာယုံကြည်ချက်မှ မရှိဘူးလို့ဆိုတာ အသေချာပါပဲ။ ရတဲ့လစာနဲ့ မလောက်ငှတော့ အပိုဝင်ငွေ ဘယ်လိုရှာရမလဲ၊ ရှာလို့ရတဲ့နေရာမှာ နေချင်တယ်၊ ရအောင်လည်း ရှာကြတယ်။ ဒါဟာ ရှက်စရာ မဟုတ်တော့ဘဲ သူ့ထက်ငါ ရှာလို့ရရင် ပိုပြီးတော့တောင် မျက်နှာပြောင် မျက်နှာပွင့်နေတဲ့အဖြစ်၊ ကဲ ဘယ်မှာလဲ အမှန်တရား။ မသမာမှု မတရားမှုတွေအတွက် ရှက်ရကြောက်ရကောင်းမှန်း မသိတာတွေ တနွယ်ငင်တစင်ပါ အကုန်လုံး အဖတ်ဆယ်လို့မရတဲ့ အဖြစ်တွေ ဖြစ်နေကြပြီး မြန်မာပြည်ရဲ့ ရှေ့ရေးတွေးတောင် မတွေးရဲတော့ပါဘူး။ ဒါပေမယ့်လည်း အမှန်တရားကို လိုလားမြတ်နိုးသူတိုင်းက မိမိတို့ တတ်စွမ်းသလောက် အမှန်တရားအတွက် လုပ်ပေးကြတဲ့အခါ အမှန်တရားဟာ လမ်းမှန်ပေါ်မှာ ပေါ်ထွက်လာမယ်လို့  ကျမတော့ ယုံကြည်ချက် ရှိပါတယ်။
အခု ကျမရေးနေတာတွေဟာ ကျမရဲ့ ဉာဏ်တထွာတမိုက်နဲ့ ဆင်ခြင်ထားတာမို့ ပညာကြီးသောသူများက ပိုပြီး သိမြင်ခံစားကြမယ်ဆိုတာ သိပါလျက်နဲ့ ကျမရဲ့ ယုံကြည်ချက်က မည်သည့် မတရားမှုကိုမဆို ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ရကြားရတဲ့အခါ အဲဒီ အမြင်မတော် အကြားမတော်မှုတွေအတွက် တားဆီးပေးရမယ့်တာဝန် ကျမတို့မှာ ရှိတယ်လို့ ခံယူတယ်။ အဲဒီယုံကြည်ချက်ကြောင့်ပဲ ကျမတတ်နိုင်သလောက် လက်လှမ်းမီသရွေ့ ဆောင်ရွက်တယ်။
ကိုယ့်ရှေ့မှာ မတရားလုပ်နေတာကို မတရားမှန်းသိရက်နဲ့ လက်ပိုက်ကြည့်နေရင် အဲဒီလုပ်ရပ်ကို အားပေးအားမြှောက် ပြုတာပဲ။ မတရားမှုကို အားပေးတဲ့ တရားခံတော့ အဖြစ်မခံနိုင်ပါဘူး။
အခု မြန်မာနိုင်ငံအရေးကို တိုင်းသူပြည်သားများကပဲ အပြောင်းလဲ လုပ်ပေးနိုင်တယ်လို့ ကျမက ယုံကြည်ပါတယ်။
မကြည်ကြည်လွင်
ရန်ကုန်မြို့
1 comment:
ဒီပို့စ်လေးက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ထင်ဟပ်ပြသနေပါတယ်. တွေးစရာလေးတွေလည်း ပေးသွားပါတယ်. ကျေးဇူးဆရာလွဏ်းရေ...
ခင်မင်လေးစားလျက်
ရန်အောင်
Post a Comment