Sunday, February 10, 2013

လား၏ ခြေရာ

လား၏ ခြေရာ
မြားကြီး

မြန်မာပြည် စာနယ်ဇင်းတွေမှာ မျက်နှာသစ် အနုပညာရှင်တွေကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးတဲ့ ကဏ္ဍလေးတွေ ထည့်သွင်းဖော်ပြလေ့ရှိတယ်။ သတင်းနဲ့ ဖြစ်စေ၊ ဓာတ်ပုံဆောင်းပါးနဲ့ ဖြစ်စေ၊ အင်တာဗျူးနဲ့ ဖြစ်စေ မိတ်ဆက်ပေးလေ့ရှိတယ်။ အဲဒီလို မိတ်ဆက်ကဏ္ဍမှာ ပါချင်တဲ့ အနုပညာရှင် မျက်နှာသစ်ကလေးတွေဟာ ရန်ကုန်မြို့လယ်ခေါင်က လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ စုဝေးတတ်တဲ့ စာနယ်ဇင်းပေါင်းစုံက ဂျာနယ်လစ်ဆိုတဲ့ ဆရာသမားတွေဆီကို လာရောက် ချဉ်းကပ်လေ့ရှိကြတယ်။ အဲဒီနေရာကမှတဆင့် အဆိုပါ ဂျာနယ်လစ်ဆရာတွေ ကြိုက်တတ်ရာရာ ယမကာဆို ယမကာ၊ ဘီယာဆို ဘီယာ ရှိတဲ့နေရာတွေဆီကို ပင့်ဖိတ်ခေါ်ဆောင်သွားပြီး အသေးစိတ် ဆွေးနွေးတိုင်ပင်လေ့ရှိကြတယ်။

တခါသားမှာတော့ တိုင်းရင်းသား မျက်နှာသစ်အဆိုတော်လေးတဦးက သူ အသံသွင်းနေတဲ့ တေးစီးရီးနဲ့ ပတ်သက်ပြီး မဂ္ဂဇင်းမှာ ပါချင်လို့ ဂျာနယ်လစ်ဆရာတဦးကို ချဉ်းကပ်ရောဆိုပါတော့။ အဆိုပါ ဂျာနယ်လစ်ဆရာက သူ ပင်တိုင်ရေးနေတဲ့ မဂ္ဂဇင်း (၄) စောင်မှာ ပါစေရမယ်လို့ မိန့်မိန့်ကြီး ပြောဆိုပြီး အာမဘန္တေခံလေတော့ တိုင်းရင်းသားအဆိုတော်လေးခမျာ တော်တော်ပျော်သွားပြီး ‘ဆရာ ဒီညနေ ဘာများ သုံးဆောင်ချင်ပါသလဲခင်ဗျာ၊ ကျနော် ဆရာ့ကို ပြုစုပါရစေ’ လို့ ဖိတ်မန္တကပြုသတဲ့။ ဆရာသမားကလည်း ငြင်းပယ်ခြင်းအမှုကို နှစ်ခါမပြုလေဘဲ နှစ်ဦးသား တီးတိုးတိုင်ပင်ပြီး သကာလ စည်ဘီယာဆိုင်တဆိုင်ဆီ ချီတက်သွားကြပါလေရောတဲ့။

စည်ဘီယာဆိုင် ရောက်တာနဲ့ ဆရာသမားက အသံဖမ်း ကက်ဆက်ကလေးဖွင့်ပြီး တခွန်းမေးလိုက် ဘီယာတကျိုက် မော့လိုက်၊ အမြည်းစားလိုက်၊ စီးကရက်တဖွာ ဖွာလိုက်နဲ့ အင်တာဗျူး စကားဝိုင်းလေးဟာ အိုကေမှာ စိုပြေလို့ နေပါသတဲ့။ တိုင်းရင်းသား အဆိုတော်သစ်ကလေးကလည်း အသံလေး ၀ဲတဲဝဲတဲနဲ့ တရစပ် ၀င်လာတဲ့ မေးခွန်းတွေကို အားတက်သရော ဖြေကြားနေသတဲ့။ အသံသွင်းနေတဲ့ တေးစီးရီးအခြေအနေ၊ အနုပညာလောကထဲကို ခြေစုံပစ်ဝင်ခဲ့ရတဲ့ အကြောင်းတွေကို စုံစုံလင်လင် မေးမြန်းပြီးသကာလ အိမ်ပြန်ရောက်တာနဲ့ မဂ္ဂဇင်း (၄) အုပ်စာအတွက် အကြောင်းအရာ မထပ်ရအောင် ဗားရှင်းလေးမျိုး ခွဲပြီး ဖွဲ့နွဲ့ပါလေရောတဲ့။ ပြီးတာနဲ့ မဂ္ဂဇင်းတိုက်တွေဆီ မြန်မြန်ထက်ထက် ချီတက်သွားပြီး စာမူတွေ ဖြန့်ဝေလိုက်သတဲ့။

စာမူဖြန့်ဝေပြီး လေးငါးရက်လောက်အကြာမှာ ဂျာနယ်လစ်ဆရာသမားနဲ့ တိုင်းရင်းသား အဆိုတော်သစ်ကလေးတို့ လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ ပြန်ဆုံကြသတဲ့။ တွေ့တွေ့ချင်းပဲ ဂျာနယ်လစ်ဆရာသမားက ‘မောင်ရင့် လား၏ ခြေရာ စီးရီးကို ကိုယ်အပြတ်ဖွဲ့နွဲ့ပြီး စာမူတွေ ပေးလိုက်ပြီ၊ မဂ္ဂဇင်းတွေထွက်ရင် လေးအုပ်စာလုံးမှာ ပါလိမ့်မယ်၊ ကိုယ်နဲ့တွေ့တာ မောင်ရင်ကံကောင်းတယ်၊ ကိုယ့်မှာကွာ လား ဆိုတဲ့ သတ္တ၀ါအကြောင်းကို သုတေသန ပြန်လုပ်ပြီးမှ စပယ်ရှယ် ဖွဲ့နွဲ့ရတာ တော်တော်ပင်ပန်းသွားတယ်’ ဆိုပြီး နန်းစတော့ပ် ပြောလေသတဲ့။ ဂျာနယ်လစ်ဆရာသမား ပြောတာကို နားထောင်အပြီးမှာ တိုင်းရင်းသားအဆိုတော်သစ်လေးဟာ မျက်နှာလေး ညှိုးငယ်သွားပြီး အသံဝဲ၀ဲလေးနဲ့ ‘ဒုက္ခတော့ဖြစ်ပြီနဲ့ တူတယ်ဆရာ၊ ကျနော့်စီးရီးနာမည်က လား၏ ခြေရာ မဟုတ်ပါဘူး။ လ၏ ခြေရာ ပါ။ moon ကို ပြောတာပါ ဆရာ’ ဆိုပြီး ဘိုလိုပါ ညှပ်ပြောပြသတဲ့။

အဲဒီမှာတင် ဒူးကလေးနှံ့ပြီး မိန့်မိန့်ကြီးလုပ်နေတဲ့ ဂျာနယ်လစ်ဆရာသမားဟာ မျက်စိပျက် မျက်နှာပျက် ဖြစ်သွားပြီး ‘ဟိုက်ရှာလပတ်၊ ဒုက္ခပါပဲကွာ၊ မောင်ရင်ပဲ လား၏ ခြေရာ ဆိုကွာ၊ ကိုယ်လည်း မရေးခင် သေချာတော့ စဉ်းစားကြည့်ပါသေးတယ်၊ လမှာတော့ ခြေရာမရှိနိုင်ဘူး၊ ရှိချင်းရှိရင် လားမှာပဲ ခြေရာရှိမှာပေါ့လို့ တွေးပြီး ရေးလိုက်တာပေါ့ကွာ၊ အဲဒီနေ့က ကိုယ်ပဲ များသွားလို့လား မောင်ရင်ကပဲ အသံဝဲလို့လား မသိဘူး ၊ ဒုက္ခပါပဲကွာ’ ဆိုပြီး ထိုင်ရာက ထကာ မဂ္ဂဇင်းတိုက်တွေဆီကို တချိုးတည်း သုတ်ခြေတင်ပါလေရောတဲ့။ မဂ္ဂဇင်းတိုက်တွေ ရောက်တော့ ဖလင်အဆင့်အထိ လုပ်ပြီးနေကြလို့ ကုန်ကျစရိတ်အားလုံး သူကျခံပါ့မယ်လို့ ပြောပြီး စာမူ အမြန်ပြန်ရေး၊ အမြန်ပြန်ပြင်ပေးလိုက်ရတာ သောက်ထားတဲ့ စည်ဘီယာတွေ ဘယ်ရောက်ကုန်မှန်းမသိဘဲ အိတ်ထဲကပါ စိုက်လိုက်ရတဲ့အကြောင်း ညည်းတွားနေသံကို မြားကြီး ကြားခဲ့ရကြောင်းပါခင်ဗျာ။ သြော် … မူးရင် မဗျူးနဲ့ ဗျူးရင် မမူးနဲ့လို့ပဲ ပြောရမှာလား … လား၏ ခြေရာ … ။

မြားကြီး

3 comments:

Park said...

I got a great laugh.

အိမ်လွမ်းသူလေး said...

ထပ်ေ၇းပါဦး

nga ba said...

Whatever it was real or not, I believe that it was based on real story and we ever slip hearing upon our ethnic people's spoken voice intonation of Myanmar language. I've got laughing a lot.. thanks Dr.