Monday, February 11, 2013

မှော်ပီိဆရာသိန်းကို ခေါ်ပေး

မြားကြီး

မြန်မာပြည်တွင်းမှာတော့ စာပေစိစစ်ရေးရုံးဆိုတာ မြားကြီးတို့လို စာနယ်ဇင်းလုပ်ကိုင်နေသူအတွက် မပေါင်းလည်းခက် ပေါင်းလည်းခက်ဆိုတဲ့ ဌာနကြီးပေါ့။ မြားကြီးတို့ကတော့ ဂျပန်ခေတ်က စစ်ကြောရေး ကင်ပေတိုင်ရုံးတွေကို အစွဲပြုပြီး သူတို့ကွယ်ရာမှာ စာပေကင်ပေတိုင်ရုံးလို့ပဲ တီးတိုးနောက်ပြောင် ခေါ်ကြတာပေါ့၊ မြားကြီးတို့လို စာနယ်ဇင်းလုပ်တဲ့သူတွေဆို အဲဒီရုံးကို တပတ်နှစ်ကြိမ် သုံးကြိမ်လောက် သွားသွားပြီး စနဲနာရတယ်။ အဲဒီလို စနဲမနာမိလို့ သူတို့ ဒုက္ခပေးတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် မြားကြီးတို့ လုပ်နေတဲ့ စာနယ်ဇင်းကို ‘တလတန်သည် သုံးလတန်သည် ခြောက်လတန်သည်’ တံခါးပိတ်၊ ဂျိတ်ဆိုပြီး ဒဏ်ပေးရင် ဗိုက်မှောက်နေရမှာကိုး။ ဟဲ ဟဲ … အဲဒါကြောင့်မို့ အဲဒီရုံးရဲ့ ကဘောက်တိ ကဘောက်ချာ ညွှန်ကြားချက်တွေကို စိတ်ပါလို့ပဲဖြစ်စေ၊ မပါလို့ဘဲဖြစ်စေ တပတ်ကို နှစ်ကြိမ် သုံးကြိမ်လောက် သွားသွား နားစွင့်ရတာပေါ့။

တရက်မှာ မြားကြီးလည်း မဂ္ဂဇင်းအတွက် အရေးကြီိးတဲ့ ကိစ္စတခုနဲ့ စာပေကင်ပေတိုင်ရုံးကို ရောက်ခဲ့ရော ဆိုပါတော့။ ရုံးအ၀င်ဝက စားပွဲမှာ ထိုင်နေတဲ့ စာရေးမလေးက ‘ဦးလေး … ဦးလေး … ဒီစာရွက်ကို ဖြည့်ပြီး လက်မှတ်ထိုးပေးဦး’တဲ့။ ‘ဦးလေး’ အခေါ်ခံရလို့ ကျွဲမြီးတိုသွားပြီး နောက်ပြန် လှည့်ကြည့်မိလိုက်တယ် (အဟဲ … ခေါ်စရာလားနော် ဒီလောက် နုနုထွတ်ထွတ်လေး ဟာကို)။ အဲ … ဒါပေမယ့် အဲဒီလို လုပ်ပေးမှ ရုံးထဲကို ၀င်ရမှာဆိုတော့ မြားကြီးလည်း စာရွက်ကို ကြည့်ပြီး ဖြည့်ပေးရတာပေါ့။ ဘာတွေဖြည့် ပေးရတာလဲဆိုတော့ အဲဒီရုံးကို ၀င်ထွက်တဲ့ နေ့စွဲ၊ ဘယ်သူ့ကို တွေ့ချင်တဲ့အကြောင်း၊ ဘာကိစ္စနဲ့ တွေ့ချင်တဲ့အကြောင်း၊ ရောက်တဲ့အချိန်၊ ပြန်ထွက်မယ့်အချိန်၊ ကိုယ့်ရဲ့ရာထူး၊ နေရပ်လိပ်စာတွေကို ဇယားကွက်မှာ အတိအကျ ဖြည့်ရေးပြီး လက်မှတ်ထိုးပေးရတာ လက်ကို ညောင်းရောပဲ။

အဲဒါနဲ့ ညောင်းသွားတဲ့ လက်ကိုခါရင်း ရုံးပွဲစားကို ရှာဖို့ မြားကြီး အပေါ်ထပ်ကို တက်ခဲ့တယ်။ မဂ္ဂဇင်းအတွက် စိုးရိမ်တဲ့စိတ်ကလည်း အထွတ်အထိပ် ရောက်နေတယ်။ ညွှန်ကြားရေးမှူးက ဆင့်ခေါ်ထားလို့ သူနဲ့ တွေ့ဖို့ရှိနေတယ်။ ရုံးပွဲစားကိုလည်း ရုတ်တရက် ရှာမတွေ့တော့ စိတ်ညစ်ညစ်နဲ့ပဲ မြားကြီးတယောက်ထဲ ညွှန်ကြားရေးမှူးရုံးခန်းဘက် လျှောက်လာခဲ့တယ်။ ညွှန်ကြားရေးမှူးနဲ့ တွေ့ခွင့်ရှိမရှိ ညွှန်ကြားရေးမှူးရုံးခန်းရဲ့ အ၀င်ဝမှာ မျက်နှာသေနဲ့ ထိုင်နေတဲ့ ပီအေဆိုတဲ့ လူကို မေးကြည့်မလို့ပေါ့။ အဲဒီ့ညွှန်ကြားရေးမှူးရဲ့ ပီအေဆိုတဲ့ လူကလည်း ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲ ဆိုသလို လိုတာထက်ပိုပြီး ပါဝါပြတဲ့ လူမျိုးတွေပေါ့။

မြားကြီးကို မြင်ရင်ပဲ အဲဒီလူက ရှူးတိုးတိုး ဆိုသလို အမူအရာ လုပ်ပြပြီး ညွှန်ကြားရေးမှူးရုံးခန်းထဲမှာ ဧည့်သည်ရှိတဲ့အကြောင်း အခန်းဘက်ကို လက်ညှိုးထိုးပြတယ်။ မြားကြီးလည်း ပိုစိတ်ညစ်သွားပြီး အပေါက်ဝမှာပဲ ခြေထောက် ညောင်းတောင့်အောင် ရပ်စောင့်နေရတော့တာပေါ့။ ခဏကြာတော့ အထဲက တံခါးဖွင့်သံ ကြားရတယ်။ ထွက်လာတဲ့သူက မြားကြီးအသိ စာအုပ်ထုတ်ဝေသူတယောက် ဖြစ်နေတယ်။ သူက ခေါင်းကုတ်ပြီး ပြုံးစေ့စေ့ မျက်နှာပေးနဲ့ မြားကြီးကို လှမ်းနှုတ်ဆက်တယ်။ မြားကြီးက သူ မြားကြီးကို ကြည့်ပြီး ပြုံးနေတယ်ထင်လို့ …

‘ ဟေ့လူ ဘာရယ်နေတာလဲဗျ’ လို့ မေးလိုက်တယ်။
သူက ‘စိတ်ညစ်ပါတယ် ဆရာသမားရေ၊ ဘယ်လို ရှင်းပြရမှန်းတောင် မသိဘူး ဖြစ်နေတယ်’ တဲ့။
မြားကြီးက ‘ ခင်ဗျားပုံက စိတ်ညစ်တယ်လည်း ဆိုသေး၊ ပြုံးစေ့စေ့နဲ့ ပါလားဗျ’ လို့ ပြောတော့ …
သူက ‘ ဟုတ်တယ်၊ ဆရာသမားရေ၊ ကျနော်အဖြစ်က မနှစ်ကနဲ့မတူ ဆိုသလို ရယ်ရမလို ငိုရမလို ဖြစ်နေလို့ ဆရာသမားရဲ့’ လို့ လှေကားရင်းကို ခေါ်သွားပြီး တိုးတိုးပြောပြတယ်။
မြားကြီးက ‘ဘာတွေ ဖြစ်လာလို့လဲဗျ’ လို့မေးမှ သူက အကြောင်းစုံကို လင်းတော့တယ်။ အဲဒီတော့မှ မြားကြီးလည်း စိတ်ညစ်တာတွေ ဘယ်ပျောက်ကုန်မှန်း မသိဘဲ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်မိတော့တယ်။ ခပ်ဝေးဝေးမှာ ရှိနေတဲ့ ပီအေဆိုတဲ့ ငတက မြားကြီးတို့နှစ်ယောက် ရယ်ပွဲဖွဲ့နေတာကို ရှုတည်တည်နဲ့ လှမ်းကြည့်နေတယ်။

မြားကြီးမိတ်ဆွေရဲ့ ဒုက္ခကိုလည်း ကြည့်အုံးလေ။ ပြုံးမဲ့မဲ့ မျက်နှာပေးနဲ့ သူပြောပြပုံက …
‘ ဆရာသမားရယ်၊ ကျနော်က မှော်ပီိဆရာသိန်းရဲ့ စာအုပ်အဟောင်းတအုပ် ပြန်ထုတ်ချင်လို့ ရုံးတင်ထားတာ ဒီနေ့ ညွှန်မှူးက တွေ့ချင်တယ်လို့ ဆင့်ခေါ်လို့ လာတွေ့တာ။ တွေ့တော့ ညွှန်မှူးက စမေးတယ်။ ဒီမှော်ပီိဆရာသိန်းရေးတဲ့ စာအုပ်က ခင်ဗျားထုတ်မှာလား၊ စာရေးသူကရော ခင်ဗျားကိုယ်တိုင်ပဲလားတဲ့၊ မှော်ပီဆရာသိန်းက ကွယ်လွန်သွားတာ ကြာပြီိဆိုတော့ ကျနော်လည်း သူ့အမေးကို ရုတ်တရက် ကြောင်သွားတယ်။ အဲဒါနဲ့ကျနော်က ညွှန်မှူးကို ပြန်ပြောပြလိုက်တယ်။ ကျနော်က ထုတ်ဝေသူပါ။ စာရေးဆရာက မရှိတော့ပါဘူးဆိုတော့ ညွှန်မှူးက သူရေးတဲ့ စာအတွက် သူနဲ့ ဆွေးနွေးစရာရှိတယ်။ မရှိရင် လိုက်ခေါ်၊ မှော်ဘီက ရန်ကုန်နဲ့ နီးနီးလေးပဲတဲ့၊ ကျနော့်အဖြစ်က အဲဒီလို ဆရာသမားရေ’။

သူ့ပြောစကားကို နားထောင်ပြီး မြားကြီးလည်း ဂုရုကြီး အီကြာကွေးလို ဟိုက်ရှာလပတ်ရည်ပဲ တ နိုင်တော့တယ်။ သြော် ... မြားကြီး ၀င်သွားတဲ့အခါလည်း စာရေးဆရာကြီး ဒဂုန်တာရာကို တောင်ဒဂုံ မြောက်ဒဂုံတို့ဘက် သွားရှာခိုင်းနေရင် ဒုက္ခပါလား မောင်မင်းကြီးသား ညွှန်ကြားရေးမှူးရယ်လို့ပဲ ဘုရားတ လိုက်မိတော့တယ်။

မြားကြီး

4 comments:

မောင်ပြောချင် said...

ဟုတ်ပ့ါမလားမြားကြီးရယ်။

mayonnkoko ko said...

တော်တော်ထိတဲ့ပြက်လုံးပါခင်မျာအရမ်းlikeပါတယ်

mg oo Gyaw said...

It is true. I was also met with that kind of stupidness from the so called Officer (Director level) in Burma. Very funny. long ago, I had given the names of Books to import into Burma. The author name is "Fischer". The Director from "Trade Ministry",says that ,he knows this book is about Fishes,actually, it is totally "NOT".So, you just guess,how clever,our so called Director,and their I.Q.How clever they are?? Just like General Myo Nyunt,says, good,it is pH 7,try to make it pH 10.And General "Sitt Mg",says,to the pilots,after he knows,the weather is no good to land the plane,So, he told him to change the Weather,They are so much educated,Ha Ha......

haymar said...

Hahaha.............
such shame a lot.