အာဖျံကွီး
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ကျောင်းဆရာအလုပ်ဟာ ၀င်ငွေကောင်းပြီး ဂုဏ်လည်းရှိတဲ့ အလုပ်ဖြစ်လို့ ဘွဲ့ရပညာတတ်တွေ မက်မောတဲ့ အလုပ်တခု ဖြစ်ပါသတဲ့။ အာဖျံကွီးတို့ မြန်မာနိုင်ငံမှာတော့ ကျောင်းဆရာ လုပ်ရတာ လခနဲ့ မလောက်ငှလို့ ကလေးတွေကို စာသင်ရင်း မုန့်ပါတွဲရောင်းလို ရောင်းရ၊ ကိုယ့်အတန်းက ကလေးတွေကိုပဲ အိမ်ခေါ်ပြီး ၀ိုင်းကျူရှင် ပြလိုပြရနဲ့ ကျောင်းဆရာ၊ ကျောင်းဆရာမတွေခမျာ နိစ္စဓူဝ ၀မ်းရေးပြေလည်ဖို့အရေး ဖတ်သီဖတ်သီနဲ့ လုံးချာလည်လိုက်နေကြရပါတယ်။ အဲဒီလို အများစု ကျောင်းဆရာ၊ ကျောင်းဆရာမတွေ ဆင်းရဲမွဲတေ ဒုက္ခရောက်နေကြပေမယ့် လင်ခရူဇာကားကြီးတွေ စီးပြီး ဟန်းဖုန်း လေးငါးလုံး (နိုင်ငံတကာမှာ ဟန်းဖုန်းဆိုတာ ကလေးရော ခွေးပါ အလွယ်တကူ ကိုင်နေကြတာ ဖြစ်ပေမယ့် မြန်မာပြည်မှာကတော့ ဟန်းဖုန်းဆိုတာ အခုအချိန်အထိ သူဌေးကိုင်ပစ္စည်း ဖြစ်နေတုန်းပါပဲ။ ဒါကလည်း လွယ်တာကို ခက်အောင် လုပ်ထားတဲ့ စစ်အုပ်စုရဲ့ စားပေါက်ထွင်မှုကြောင့် ဖြစ်နေရတာပါ။ အဲဒီလိုခက်မှလည်း စစ်အုပ်စုဝင်တွေ အိတ်ကပ်ထဲ သပိတ်ဝင်အိတ်ဝင် ရောက်မှာမဟုတ်လား။) နဲ့ ဇိမ်ကျနေတဲ့ ကျောင်းဆရာ၊ ကျောင်းဆရာမကြီးတွေလည်း ရှိပါတယ်။ သူတို့ကတော့ အကပ်အရပ်ကောင်းလို့ ရန်ကုန်လို မန္တလေးလို မြို့တော်ကြီးတွေရဲ့ နာမည်ကြီးကျောင်းတွေမှာ ကျောင်းအုပ်ဆရာ၊ ကျောင်းအုပ်ဆရာမကြီး ဖြစ်နေကြသူတွေပေါ့။
ရန်ကုန်မှာ ဆိုရင်တော့ တီတီစီတို့၊ ဒဂုံ (၁) တို့၊ လသာတို့ … စတဲ့ ရန်ကုန်မြို့လယ်ခေါင် ကျောင်းတော်ကြီးတွေက ကျောင်းအုပ်ဆရာ၊ ကျောင်းအုပ်ဆရာမကြီးတွေပေါ့ခင်ဗျာ။ အဲဒီဆရာ၊ ဆရာမကြီးတွေ ဘယ်လိုဘယ်ပုံ ၀င်ငွေကောင်းကြတာလဲဆိုတော့ (စာအသင်အပြကောင်းလို့ မဟုတ်ဘဲ) သူတို့ကျောင်းကို ပြောင်းထားချင်တဲ့ ကျောင်းသားမိဘတွေဆီက တယောက်ကို ၃ သိန်း၊ ၅ သိန်း၊ ၇ သိန်း၊ ၁၀ သိန်း စသဖြင့် ငွေကြေးသော်လည်းကောင်း၊ တန်းဖိုးညီမျှတဲ့ ပစ္စည်းသော်လည်းကောင်း အမျိုးမျိုးတောင်းပြီး ချမ်းသာကြွယ်ဝနေကြတာပါတဲ့ခင်ဗျာ။ အဲဒီလို ကျောင်းပြောင်းကြေး ပေးဖို့အတွက် သူတို့က တိုက်ရိုက်အတွေ့မခံဘဲ ကျောင်းမှာရှိတဲ့ လက်အောက်ငယ်သား ဆရာ၊ ဆရာမတွေက ပွဲစားလုပ်ပေးကြရတာပါတဲ့။ အာဖျံကွီးလည်း ကြားကာစက အဲဒီသတင်းကို မယုံချင်ချင် ဖြစ်မိသေးရဲ့။ ပညာရေးလောကက လူတွေတော့ ဒီလောက်အထိ အကျင့်မပျက်လောက်သေးဘူးလို့ ထင်မိလို့ပါ။
ဒါပေမယ့် တရက်သားမှာပေါ့ …။ ရန်ကုန်မြို့လယ်ခေါင်မှာ လမ်းသလားနေရင်း အာဖျံကွီးရဲ့ မိတ်ဆွေတယောက်နဲ့ တွေ့မှ သူရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို နားထောင်ပြီး ယုံလိုက်ရပါတော့တယ်။ အဲဒီနေ့က အာဖျံကွီးက ဗိုလ်ချုပ်ဈေး ဂုံးတံတားနာမှာ လမ်းလျှောက်နေတုန်း အာဖျံကွီးမိတ်ဆွေ ကိုမြင့်တို့ သားအဖနဲ့ မျက်နှာချင်းဆိုင် ဆုံတယ်။ ကိုမြင့်က လက်တဘက်မှာ ပက်ကင်ထုပ်ထားတဲ့ အထုပ်လေးတထုပ် ကိုင်လို့၊ လက်တဘက်ကတော့ သူ့သမီးကလေးကို လက်ဆွဲလို့။ သူ့ကြည့်ရတာ မျက်နှာလည်း မကောင်းဘူး။ ဒါနဲ့ အာဖျံကွီးကပဲ စပြီး ပဋိသန္ဓာရစကား ဆိုလိုက်တယ်။
“ဟာ ကိုမြင့်၊ မတွေ့တာ အတော်တောင် ကြာပြီ၊ ဘယ်သွားမလို့လဲ၊ မင်္ဂလာဆောင်လားဗျ၊ လက်ထဲမှာလည်း ပက်ကင်ထုပ်ကြီးနဲ့” လို့ပြောလိုက်တယ်။ အာဖျံကွီးပြောပြီး စက္ကန့်အနည်းငယ်ကြာမှ ကိုမြင့်ဆီက စကားသံ ထွက်လာတယ်။
“မဟုတ်ပါဘူး ဆရာရယ်၊ သမီးလေးကို ကျောင်းသွားအပ်ပြီး ပြန်လာတာပါ”
“ဟာ သမီးကျောင်းအပ်ပြီး ပြန်လာတာများ ဘာလို့ မျက်နှာမကောင်းရတာလဲ၊ လာဗျာ တွေ့တုန်း လက်ဖက်ရည်လေး ဘာလေးသောက်ပြီး စကားပြောရအောင်၊ အချိန်ရတယ်မဟုတ်လား”
ကိုမြင့်တို့ သားအဖေ စကားမပြောဘဲ အာဖျံကွီးနောက်က တိတ်တိတ်ကလေး လိုက်လာတယ်။ လက်ဖက်ရည်ဆိုင်ထဲ ရောက်တာနဲ့ အာဖျံကွီးကပဲစပြီး စကားစ ပြန်ဆက်လိုက်တယ်။
“ဆိုပါဦး သမီးကျောင်းအပ်ပြီး ပြန်လာတာ ဘာဖြစ်လို့ မျက်နှာမကောင်းရတာလဲ”
“မပြောချင်တော့ပါဘူး ဆရာရယ်၊ ကျနော်တို့ တိုင်းပြည်ကြီးလည်း ဘာတွေဖြစ်နေမှန်း မသိတော့ပါဘူး”
“ဟာ တိုင်းပြည်ကြီး ဘာဖြစ်နေလို့လဲ၊ လုပ်စမ်းပါဦး၊ ခင်ဗျားပြောပြမှ ကျနော်လည်း သိမှာပေါ့၊ ဘာတွေဖြစ်နေလို့လဲ”
အာဖျံကွီး အဲဒီလို လောဆော်လိုက်တော့မှ ကိုမြင့်က ဖြစ်ကြောင်းကုန်စင်ကို ပြောပြပါတော့တယ်။
“ဒီလိုဆရာ၊ ကျနော်နေတဲ့ ရပ်ကွက်ထဲမှာ ဒဂုံ (၁) မှာ ကျောင်းဆရာမလုပ်နေတဲ့ အမျိုးသမီး မိတ်ဆွေတဦး ရှိတယ်။ တရက်မှာ သူနဲ့တွေ့တော့ စကားစပ်မိရင်း ကျနော့်ကလေးကို သူတို့ကျောင်း ပြောင်းထားချင်ရင် ကျောင်းအုပ်ဆရာမကြီးကို ၀မ်းဆက်တစုံ ကန်တော့ရင် အဆင်ပြေမယ်လို့ ပြောပါတယ်။ ဆရာလည်း သိပါတယ်။ ကျနော်က တက္ကစီမောင်းတယ်။ ကျနော့်အမျိုးသမီးက ဈေးထဲမှာ ဆိုင်လေးဖွင့်ထားတယ်။ တလကို နှစ်ယောက်ပေါင်း ၀င်ငွေ ငါးသောင်းလောက် ရှိပေမယ့် အိမ်စရိတ်ရယ်၊ စားတာ သောက်တာရယ်ဆိုတော့ သိပ်ပြီး ပိုပိုလျှံလျှံ ရှိလှတာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော့်သမီးလေးကိုတော့ ကျောင်းဖွင့်ရင် ကျောင်းကောင်းကောင်း ပြောင်းထားချင်လို့ နှစ်လလောက်ကြိုပြီး ငွေစုထားတာ သုံးသောင်းလောက် စုမိပါတယ်။ အဲဒါနဲ့ ကျောင်းဖွင့်ရင် အဆင်သင့် ဖြစ်အောင်ဆိုပြီး အမျိုးသမီးကို ဗိုလ်ချုပ်ဈေးထဲသွားပြီး ကီမိုနို ၀မ်းဆက်တစုံ ၀ယ်ခိုင်းထားတယ်။ တသောင်းနှစ်ထောင်တောင် ပေးရတယ်ဆရာ။ ကျန်တဲ့ငွေကိုတော့ ကျောင်းအပ်ရင် ဘာကြေး ညာကြေးပေးဖို့ဆိုပြီး ချန်ထားပါတယ်။”
“ဒီနေ့ ကျောင်းစဖွင့်တာနဲ့ သမီးကိုခေါ်ပြီး ကျောင်းသွားအပ်တယ်။ ကျောင်းရောက်တော့ ရပ်ကွက်ထဲက အသိကျောင်းဆရာမနဲ့ တွေ့တယ်။ သူ့ကို ၀မ်းဆက်တစုံ ယူလာပါတယ်လို့ ပြောလိုက်တယ်။ သူက ဒီကို မယူလာနဲ့ အိမ်ကို သွားပေးရမှာလို့ ပြောပါတယ်။ ကျနော်ကလည်း အဲဒီလိုမှန်း မသိလို့ တပါတည်း ယူလာမိခဲ့တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီမှာ သူက ဘယ်မှာလဲ ရှင့်ဝမ်းဆက်လို့ ပြောတော့ ကျနော်က ဒီမှာဆိုပြီး လက်ထဲက ကီမိုနို ပက်ကင်ထုပ်ကို ပြလိုက်ပါတယ်။ သူက ကျနော်ပြတဲ့ ပက်ကင်ထုပ်ကို သေသေချာချာ စိုက်ကြည့်ပြီး ရှင့်ဝမ်းက ဘာဝမ်းဆက်လဲလို့ မေးပါတယ်။ ကျနော်က ကီမိုနို ၀မ်းဆက်ပါ။ အကောင်းစားပါ ဆရာမလို့ ပြောလိုက်တယ်။ အဲဒီမှာ သူက အားရပါးရ ရယ်ပြီး ရှင်ကလည်း အူတူတူနဲ့၊ ကျမပြောတဲ့ ၀မ်းဆက်က တီဗီအပေါ်စက် အောက်စက် ၀မ်းဆက်ကို ပြောတာရှင့်လို့ ကျနော့်ကို ပြောပါတယ်။ အဲဒီမှာတင် ကျနော်လည်း တပ်ခေါက်ပြီး ပြန်လာခဲ့ရတော့တာပါပဲ။ သမီးကိုလည်း အရင်နေတဲ့ကျောင်းက ထုတ်ထားပြီးပြီဆိုတော့ ဘယ်ကျောင်းပြောင်းထားရမှန်း မသိတော့ပါဘူး ဆရာရယ်။ သူပြောတဲ့ တီဗီအပေါ်စက် အောက်စက်က ငါးသိန်းလောက်ရှိတော့ ကျနော့်အနေနဲ့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ” တဲ့။
ပြောလည်းပြီးရော ကိုမြင့်တယောက် ခေါင်းငိုက်စိုက်ကျနေပါတော့တယ်။ အာဖျံကွီးလည်း သူ့ကို နှစ်သိမ့်ပြီး မူလကျောင်းမှာပဲ အဆင်ပြေအောင် ပြောဆိုပြီး ပြန်ထားဖို့ အကြံပြုလိုက်တယ်။ ကိုမြင့်လည်း စကားကျယ်ကျယ်တောင် မပြောနိုင်တော့ဘဲ နှုတ်ဆက်ပြီး ပြန်သွားလေရဲ့။ နောက်မှ သတင်းပြန်ကြားရတယ်။ မူလကျောင်းမှာပဲ အဲဒီ ကီမိုနိုဝမ်းဆက်နဲ့ တောင်းပန်ပြီး ပြန်ထားလိုက်တာ အဆင်ပြေသွားပါသတဲ့။ ဟူး … တော်ပါသေးရဲ့ ၀မ်းဆက်တစုံ ရယ်လို့ပဲ အာဖျံကွီး သက်ပြင်းချမိရဲ့။
(စောလင်းကျော်၏ ပြောပြချက်ကို ဆင့်ပွားတင်ဆက်ပါသည်။)
အာဖျံကွီး
Wednesday, March 6, 2013
ဝမ်းဆက်တစုံ
Subscribe to:
Post Comments (Atom)
4 comments:
very good
အင်း ခေါင်းဆောင်ကောင်းများ များများပေါ်ပါစေ
တိုင်းပြည်ကြီးမြန်မြန်ပြောင်းလဲပါစေ
ရန်ကုန်မြို့လယ်ခေါင် ဒဂုံ(၁)မှာက အခုလို ကြားခံပစ္စည်းတွေကိုတောင် လက်မခံတော့ပါဘူး။ ပိုက်ဆံ ငွေသားကိုပဲ သိန်းဆယ်ချီပြီး ယူသွားကြရတာပါ။
လက်ရှိကျောင်းအုပ်ကြီးလည်း အတောင်းအရမ်း ပက်စက်တဲ့ ကြားခံတပည့်မွေးပြီး နှစ်တိုအတွင်း သိန်းထောင်ချီချမ်းသာဖို့ ကြိုးစားနေပြန်ပါပြီ။
တကယ်တော့ မြန်မာပြည်ပညာရေးဟာ ပျက်စီးချင်တိုင်းပျက်စီးနေတာကို ၀န်ကြီးဌာနကလည်း သိလျက်နဲ့ သူတို့ကိုယ်တိုင်ကလည်း အလိုတူအလိုပါမို့ ထိရောက်စွာ ကိုင်တွယ်မဖြေရှင်းပါဘူး။ လာဘ်စားတာခြင်းအတူတူ ဆိုရင်တောင် ပညာရေးဌာန လာဘ်စားတာဟာ အနာဂါတ်မြန်မာနိုင်ငံတော်ကို မြောင်းထဲရောက်အောင် လုပ်နေကြခြင်းသာ ဖြစ်တယ်လို့ ရိုးရှင်းစွာ သဘောပေါက်ပါတယ်။
အထက်အောက်တစ်ဝက်စီပါဗျာ။
Post a Comment