Tuesday, February 12, 2013

ရယ်ချင်ရယ် မရယ်ချင်နေ

မြားကြီး

အရူးလင် လုပ်ရသလို ဆိုတဲ့စကားကို အစတုန်းက မြားကြီး သိပ်သဘောမပေါက်ဘူး။ မြန်မာပြည်မှာ နေပြီး စာနယ်ဇင်းအလုပ်ကို ထဲထဲဝင်ဝင် လုပ်ကိုင်တော့မှ မြားကြီးလည်း တဖြည်းဖြည်း သဘောပေါက်လာတယ်။ အထဲမှာ စာနယ်ဇင်းအလုပ်ကို လုပ်ချင်တယ်ဆိုရင် စာပေကင်ပေတိုင် ( အဲလေ … ယောင်လို့) စာပေစိစစ်ရေးရုံးနဲ့က မဆက်ဆံလို့မှ မရတာ။ မြားကြီးတို့က သူ့ကိုမှ ချစ်မိနေပါတယ် ဆိုသလို စာနယ်ဇင်းအလုပ်ကိုမှ လုပ်ချင်နေတော့လည်း စာပေကင်ပေတိုင်တွေကို မချစ်သော်လည်း အောင့်ကာ နမ်းရတော့တာပေါ့။

အောင့်ကာ နမ်းပေမယ့် ခက်တာက သူတို့မှာ အခုတမျိုး တော်ကြာတမျိုး ဘာမူမှ တိတိကျကျ မရှိတော့ အရူးလင်လုပ်ရသလို ဖြစ်နေတာပေါ့။ တော်ကြာ အမိန့်တမျိုး ထုတ်ပြန်လိုက်၊ တော်ကြာတမျိုး ညွှန်ကြားလိုက်နဲ့ ဆိုတော့ အရူးတယောက်ကို သူ ဘာတွေ ပေါက်တတ်ကရ ထလုပ်ဦးမလဲလို့ အရိပ်တကြည့်ကြည့် ထိုင်ကြည့်နေရသလို ဖြစ်နေတယ်။ ကိုယ်ပါ မရူးရုံတမယ်ပဲ။ အဟုတ်။

မဂ္ဂဇင်းမျက်နှာဖုံးတွေက မိန်းကလေးပုံတွေမှာ ဆံပင်နီကြောင်ကြောင်တွေ မရဘူးဆိုပြီး ပြင်ခိုင်းလိုက်၊ တော်ကြာ ပြန်ခွင့်ပြုပြန်လိုက်။ မိန်းကလေးပုံတွေမှာ အင်္ကျီလက်ပြတ်၊ ဂျင်းဘောင်းဘီ အကျပ်ဝတ်တာတွေ မရဘူးဆိုပြီး ဖြုတ်ခိုင်းလိုက်၊ တော်ကြာ ပြန်ခွင့်ပြုပြန်လိုက်။ ဆင်ဆာခွင့်မပြုတဲ့ စာပိုဒ်တွေကို ငွေမင်နဲ့ အုပ်ခိုင်းလိုက်၊ တော်ကြာ ငွေမင်နဲ့ အုပ်တာ ခွင့်မပြုဆိုပြီး ညွှန်ကြားပြန်လိုက်။ ဘန်းစကားတွေနဲ့ ရေးသားတာကို တားမြစ်လိုက်၊ တော်ကြာ ပြန်ခွင့်ပြုလိုက်။ စာမူတခုကို ထုတ်ဝေခွင့်မပြုလို့ ညွှန်ကြားလိုက်၊ တော်ကြာ အဲဒီ့စာမူကိုပဲ ထုတ်ဝေခွင့် ပြန်ပြုလိုက်။ တလအတွင်းမှာပဲ မဂ္ဂဇင်းတစောင်မှာ ခွင့်မပြုတဲ့ ဓာတ်ပုံကို တခြားမဂ္ဂဇင်းမှာ ခွင့်ပြုပြန်လိုက်။ မဂ္ဂဇင်းတစောင်မှာ အပိတ်ခံရတဲ့ စာမူတပုဒ်က နည်းနည်းကြာသွားရင် တခြားမဂ္ဂဇင်းမှာ ပြန်ပါလာလိုက်။ ကဲ … မြားကြီးတို့မှ အရူးကို လင်တော်ရတာမျိုး မဟုတ်ရင် ဘယ်သူ ဟုတ်ဦးမလဲ။ ဒါ … နမူနာ နည်းနည်းပဲ ရှိသေးတယ်နော်။

စနေတရက်မှာတော့ စာပေကင်ပေတိုင်အဖွဲ့က လစဉ်ထုတ် မဂ္ဂဇင်းတွေကို ထုတ်ဝေခွင့်ပြုဖို့ အစည်းအဝေး ထိုင်နေတယ်။ မြားကြီးတို့လည်း ကိုယ့်မဂ္ဂဇင်းက ဘာတွေကို ဖြုတ်ခိုင်းမလဲ၊ ဘာတွေကို ပိတ်ခိုင်းမလဲ၊ ဘာတွေ ပြင်ခိုင်းမလဲ ဆိုတာသိရဖို့ အစည်းအဝေးပြီးမယ့် အချိန်ကို ကင်ပေတိုင်ရုံးရှေ့မှာ သွားပြီး ထိုင်စောင့်နေရတာပေါ့။ အစည်းအဝေးပြီးပြီ ဆိုတာနဲ့ မြားကြီးတို့ မဂ္ဂဇင်းကို ကိုင်တွယ်တဲ့ ဦးစီးအရာရှိ အမျိုးသမီးနောက် လိုက်သွားပြီး သူ့အခန်းထဲမှာ ဖြုတ်ရပြင်ရ ပိတ်ရမယ့် စာမျက်နှာတွေကို တရွက်ချင်း လှန်ပြီး ထိုင်မှတ်ရတယ်။

မှတ်တဲ့အခါမှာ သူတို့ ဆင်ဆာခွင့်မပြုတာတွေ မကျန်အောင်လည်း သေချာပြန်စစ်ရသေးတယ်။ အဲဒီလို သေချာစစ်အပြီးမှာ ဦးစီးအရာရှိ အမျိုးသမီးက “ ဆရာ၊ စာအုပ်အချောကျရင် ဒီမျက်နှာဝက် ညွှန်ကြားစာကို ထည့်ပေးဖို့ အစည်းအဝေးမှာ ဗိုလ်မှူးက သတိပေးလိုက်တယ် ” ဆိုပြီး စာရွက်တရွက်ကို လှမ်းပေးတယ်။

ဖတ်ကြည့်လိုက်တော့ ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့မှာ အန်အယ်လ်ဒီ ပြည်ပြေးတွေက ၂၄ ပစ္စည်း ပဋ္ဌာန်းစက်ဝိုင်းပုံတွေကို ပါတိတ်ဆင်တွေ ရိုက်ပြီး ဘာသာရေး အဓိကရုန်းဖြစ်အောင် ဖြန့်ဝေနေတဲ့အကြောင်း ရေးထားတာ တွေ့ရတယ်။ မြားကြီးတို့ စာနယ်ဇင်းအားလုံးလည်း သူတို့က အာဏာပါဝါနဲ့ အတင်းအကျပ် ထည့်ခိုင်းတာဆိုတော့ မထည့်ချင်ပေမယ့်လည်း စာမျက်နှာတ၀က်ပေးပြီး ထည့်လိုက်ရတာပေါ့။ ပြီးတော့ စာအုပ်အချောတွေကို ဖြန့်လိုက်တယ်။ အဲဒီအပတ် ထွက်သမျှ ဂျာနယ် မဂ္ဂဇင်းတွေမှာ သူတို့ထည့်ခိုင်းတဲ့ အဲဒီ့သတင်းတွေ ပလူပျံအောင် ပါနေတော့တယ်။

တရက်ကျတော့ မြားကြီးကို စာပေကင်ပေတိုင်ရုံးက အရေးပေါ် ဖုန်းဆက်ခေါ်ပါလေရော။ မြားကြီးလည်း ဘာများ ပြဿနာပေါ်ပြန်ပြီလဲဆိုပြီး သုတ်ခြေတင်ရတာပေါ့။ ရုံးရောက်တော့ ဦးစီးအရာရှိ အမျိုးသမီးက “ ဆရာတို့အားလုံး ဗိုလ်ကြီးဝင်းရှိန်နဲ့ တွေ့ဖို့ အစည်းအဝေးခန်းထဲကို ကြွပါ” တဲ့။ ကြွဆိုတော့လည်း ကြွရတာပေါ့။ ဟိုရောက်တော့ လက်ထောက်ညွှန်မှူး ဗိုလ်ကြီးဝင်းရှိန်ဆိုသူက သူ့စားပွဲမှာ မှုန်ကုပ်ကုပ်နဲ့ ထိုင်နေတယ်။ မြားကြီးတို့ စာနယ်ဇင်းဆရာတွေကို ထိုင်ကြပါလို့လည်း တခွန်းမပြောတော့ အားလုံး မတ်တပ်ရပ်နေရတာပေါ့။ သူဘာပြောမလဲ နားစွင့်နေရတယ်။ ခဏကြာမှ သူက မဲဆောက်သတင်းပါတဲ့ စာအုပ်တအုပ်ကိုလှန်ပြပြီး …

“ ခင်ဗျားတို့ ဒီသတင်းတွေ ထည့်ပြီး စာအုပ်တွေ ဖြန့်ထားတာ၊ ခင်ဗျားတို့ကို ရုံးက ခွင့်ပြုချက် ပေးပြီးလို့လား၊ ခင်ဗျားတို့အားလုံး ခွင့်ပြုမိန့် မရသေးဘဲ စာအုပ်တွေ ဖြန့်ထားတာ ကျုပ်တို့သိတယ်။ ခင်ဗျားတို့ စာအုပ်တွေ အားလုံးကို ပိတ်ပစ်လို့ရတယ် သိလား ” လို့ နန်းစတော့ပ် ပြောတော့တယ်။

မြားကြီးတို့လည်း သူပြောတာ ကြားရတော့ ကြောင်သွားတယ်။ အဲဒီ့သတင်းက သူတို့စာပေကင်ပေတိုင်ရုံးကပဲ အတင်းအကျပ် ထည့်ရမယ်ဆိုပြီး ညွှန်ကြားလို့ ထည့်ရတဲ့ဟာကို။ အဲဒါအခုကျတော့ ထည့်လို့ဆိုပြီး ဟောက်နေပြန်တော့ ဟာသပါလားဆိုပြီး စိတ်ထဲ ရယ်ချင်နေမိတယ်။ ဒါပေမယ့် သူ့ရှေ့မှာတော့ ဘယ်ရယ်ရဲမလဲနော်။ စာအုပ်ဖြန့်တာကတော့ အရင်လတွေတုန်းက ခွင့်ပြုမိန့် မကျသေးလည်း အားလုံးဖြုတ်၊ ပယ်၊ ပြင်ဆင်ပြီးရင် နားလည်မှုနဲ့ ဖြန့်နေကြတာပဲ။ ဒါကို သူတို့လည်း သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေကြတာပဲ။ အခုသူတို့ကို အထက်က ထုထောင်းတဲ့အခါကျမှ ခင်ဗျားတို့ ခွင့်ပြုမိန့်မရဘဲ ဖြန့်တယ်ဆိုပြီး သူတို့အမှားကို မြားကြီးတို့အမှား လုပ်ခိုင်းပြီး အပြစ်ပုံချတယ်။ အဲဒီတော့လည်း မြားကြီးတို့က ဘာတတ်နိုင်မှာတုန်း။ သူတို့က စင်ပေါ်က ဖြစ်နေတာကိုး။ မြားကြီးလည်း တောင်တောင်အီအီ စဉ်းစားနေတုန်း ကင်ပေတိုင် ဗိုလ်ကြီးက ဆက်ပြောပြန်တယ်။ သူ ဆက်ပြောမှ မြားကြီးတို့ တကယ်ပဲ ရယ်ချင်သွားတယ်။ ကြည့်ဦးလေ သူပြောပုံက …

“ ခင်ဗျားတို့က ကျုပ်တို့ကို သူတို့ပဲထည့်ခိုင်း သူတို့ပဲ ပြန်ဖြုတ်ခိုင်းတယ်ဆိုပြီး ရယ်ချင်ရယ်မယ်။ ခင်ဗျားတို့ဘာသာ ရယ်ချင်ရယ် မရယ်ချင်နေ ကျုပ်တို့က ဂရုမစိုက်ဘူး။ ကျုပ်တို့က ၀န်ထမ်းတွေ။ အထက်က ထည့်ဆို ထည့်ခိုင်းရမှာပဲ၊ အထက်က ပြန်ဖြုတ်ဆို ဖြုတ်ခိုင်းရမှာပဲ။ ခင်ဗျားတို့အနေနဲ့ ရုံးကို နေ့တိုင်းလာပြီး စနည်းနာနေဖို့ လိုတယ်။ အဲဒီတော့ ခင်ဗျားတို့အားလုံး ဒီသတင်းကို ကိုယ့်သဘောနဲ့ကိုယ် ထည့်မိတာပါဆိုပြီး လက်မှတ်ထိုး၊ ဒါမှ ခင်ဗျားတို့ ဆက်လက် ထုတ်ဝေခွင့်ရမယ်၊ ဒါပဲ ” တဲ့။

ပြောပြီးတာနဲ့ ခပ်တည်တည်ပဲ လက်မှတ်ထိုးဖို့ စာရွက်ထိုးပေးပြီး အခန်းထဲက ထွက်သွားတယ်။ သူထွက်သွားမှ မြားကြီးတို့တတွေလည်း တိုးတိုးတိတ်တိတ် ရယ်မိကြတော့တယ်။ ရယ်လည်း ရယ်၊ လက်မှတ်လည်း ထိုးပေါ့။

အဲဒီနေ့က မြားကြီးတို့ စာနယ်ဇင်းတွေအားလုံး သူတို့ ထည့်ခိုင်းတဲ့ မဲဆောက်သတင်းကို စာမျက်နှာ အပုပ်ခံပြီးလည်း ထည့်ပေးရသေး၊ ကိုယ့်သဘောနဲ့ကိုယ် ထည့်မိလို့ မှားပါတယ်ဆိုပြီး လက်မှတ်တွေလည်း တန်းစီ ထိုးပေးခဲ့ရသေးဆိုတော့ မိအေးနှစ်ခါနာအဖြစ်နဲ့ တိုးခဲ့ရတာပေါ့။ မြားကြီးတို့ လက်မှတ်တွေ တန်းစီထိုးထားတဲ့ အဲဒီ့အစီရင်ခံစာက အထက်က လူကြီးမင်းတွေဆီ ရောက်သွားရင် သူတို့ကင်ပေတိုင်ရုံးက ၀န်ထမ်းတွေ လွတ်စေ၊ ကျွတ်စေပေါ့လေ။

ကဲ ... စာဖတ်သူလည်း အရူးလင်လုပ်ရတဲ့ မြားကြီးတို့ရဲ့ အဖြစ်သနစ်တွေကို ရယ်ချင်ကြရောပေါ့နော်။ ရယ်ချင်ရင် ရယ်သာရယ်၊ အောင့်မထားနဲ့။ ရယ်သောသူ အသက်ရှည်၏တဲ့ဗျို့ …။ ။

မြားကြီး

5 comments:

မောင်ပြောချင် said...

သြော် မြားကြီးရယ် မြားကြီးတို့တွေက အရူးမလင်ကိုစိတ်ချမ်းသာအောင်လုပ်ရတဲ့လူတွေပါ။
တကယ့်အရူးမလင်အစစ်က ဘယ်သူဆိုတာ သူတို့ကိုယ်တိုင်ထုတ်ပြောသွားတာပဲ။

haymar said...

hahaaaaaaaaaaaaaaaaaaaaaaa
How come like that.
But not strange.
Ah ham their practice.

nga ba said...

ရယ်စရာလည်းကောင်းတယ်..
ရွံစရာလည်းကောင်းတယ်..
တာဝန်စိတ်မရှိ.. အရှက်မရှိ.. ဘာမှမတတ်တဲ့ အဲ့လို အရာရှိမျိုးတွေကို အော့နှလုံးနာတယ်။ သူတို့တတ်တာ နှစ်မျိုးပဲရှိတယ်.. လိမ်ညာဖို့နဲ့ အထက်ကို ဘောမဖို့ပဲ..။

Min Kyaw said...

မောင်ပြောချင်= Army Dog တကေါင်ဆိုတာလက်ခံပါသည်။

မောင်ပြောချင် said...

လက်ခံပါ အဲဒါခင်ဗျားရဲ့အခွင့်အရေးပါပဲ။ဒါပေမယ့်ကိုယ်လက်ခံထားတာကိုတော့အမှန်တရားလို့ပဲမထင်နဲ့နော်။ အဲဒီလိုကိုယ် လက်ခံထားတာကိုပဲ တစ်ခုတည်းသောအမှန်တရားလို့ထင်နေရင် တော့ခင်ဗျားကျုပ်ကိုပြောသလို ခင်ဗျားကိုယ်တိုင် army dog တစ်ကောင်ဖြစ်သွားပြီ။ဘာလို့လဲဆိုတော့ စစ်တပ်မှာလွတ်လပ်စွာတွေးခေါ်ဆွေးနွေးလို့ရတဲ့သဘောသဘာဝမရှိသလို အထက်အမိန့်ကိုလိုက်နာရလို့ပါ။
လွတ်လွတ်လပ်လပ်တွေးခေါ်ပါ Min Kyaw လေး။