Saturday, September 6, 2008
မိုးစိမ်း (ကဗျာ)
မိုးတွေ
သည်းသည်းလှုပ်အောင် ရွာသွန်းခဲ့တဲ့
လွန်ခဲ့သော အနှစ်နှစ်ဆယ်က …။
ငါတို့
ဆုလာဘ်အဖြစ် ရထားတဲ့
မြေကမ္ဘာပေါ် …
ဘ၀တွေ ရွှဲရွှဲစိုအောင်
ရွာခဲ့ဖူးတယ်။
အဲဒီကစလို့
အားကောင်းမောင်းသန် ဖူးပွင့်ခဲ့တဲ့
အိပ်မက်တူရာ ချစ်သူများ …။
ခုတော့
မိုးက …
ရွာပုံလည်း မရိုးဘူး
သည်းပုံကလည်း တိုရေရှားရေ
ဒီလို … တစစနဲ့
ရှားပါးပျောက်ကွယ် ပျော်ရွှင်ဖွယ်ရာနေ့ရက်များ …
အချစ်ရေ …
မိုးကပဲ … ကန္တာရဆန်နေသလား
ဒို့တတွေကပဲ
အိပ်မက်တွေအပေါ် သစ္စာဖောက်နေတာလား
ဖြေကွယ် … ။ ။
ကမာပုလဲ
Posted by
ဒေါက်တာလွဏ်းဆွေ
at
3:51 PM
0
comments
Labels: ကဗျာ
Thursday, September 4, 2008
မျှော်ရုံတောမှာ မောလှပြီ
ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေ ခံစားခဲ့၊ ခံစားနေရဆဲ အနှစ် (၂ဝ) နိုင်ငံရေးဝဋ်ဒုက္ခကို ကင်ပွန်းတပ် ရရင် ဆရာမြသန်းတင့်ရဲ ဘာသာပြန်ဝတ္ထု ခေါင်းစီးနဲ့ ခပ်ဆင်ဆင် ဖြစ်လိမ့်မယ်။ ပြင်သစ်ပန်းချီကျော် ဂေါ်ဂင် အကြောင်း ရေးထားတဲ့ Gorhan ရဲ့ The Gold of their Bodies ဝတ္ထုစာအုပ်ကို ဆရာမြသန်းတင့်က ‘မှော်ရုံ တောမှာ မောလှပြီ’ ဆိုတဲ့နာမည်နဲ့ ဘာသာပြန် ထုတ်ဝေခဲ့တယ်။ အခု ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ အားလုံး ခံစားနေရတဲ့ နိုင်ငံရေး ဝဋ်ဒုက္ခကလည်း အဲဒီနာမည်နဲ့ ခပ်ဆင်ဆင် ‘မျှော်ရုံတောမှာ မောလှပြီ’ လို့ ဆိုရမှာပါ။
နဝတစစ်အုပ်စုအာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ကစလို့ ကျနော်တို့အားလုံး ၉ဝရွေး ကောက်ပွဲကို မျှော်ရ၊ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရပြန်တော့ နေအိမ်အကျယ်ချုပ်က ဘယ်တော့ လွတ်မလဲ မျှော်ရ၊ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ မဲအပြတ်အသတ်နဲ့ နိုင်တော့ အစိုးရဘယ်တော့ဖွဲ့မလဲ မျှော်ရ၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာတဲ့အခါ ဘာဆက်လုပ်မလဲ မျှော်ရ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ ပေါ်လာတော့ ပြည်သူ့လွှတ်တော် ဘယ်တော့ခေါ်မလဲ မျှော်ရ၊ ကုလသ မဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ရာဇလီအစ္စမေးလ်ကို ကိုယ်စားလှယ်လွှတ်တော့ စစ်အုပ်စုနဲ့ လူထုခေါင်း ဆောင် တွေ့ဆုံဆွေးနွေးပွဲ ဘယ်တော့ဖြစ်မလဲ အကြိမ်ကြိမ်အခါခါ မျှော်ရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်း ဆောင်တွေ လက်ဆွဲနှုတ်ဆက်တာ မြင်ရပြန်တော့ နိုင်ငံရေးအကျပ်အတည်းတွေ ပြေလည်တော့မလား မျှော် ရ၊ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ပေါ်လိုဆာဂျီရိုပီညဲရိုးလာတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လေမ လား မျှော်ရ၊ ဒီပဲယင်းလူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရပြန်တော့ ကျန်ခဲ့တဲ့ အန်အယ် လ်ဒီ ဗဟိုကော်မတီ ဘယ်လို ဆက်လက်တိုက်ပွဲဝင်မလဲ မျှော်ရ၊ ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်တော့ အ တိုက်အခံ လက်နက်ကိုင်အင်အားစုတွေ ဝင်ကယ်နိုး မျှော်ကိုးကြ၊ ရွှေဝါရောင် အရှိန်မြင့်ဆဲ ဒုတိယမြောက် ကု လကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ လာမယ်ဆိုပြန်တော့ ဘာများထူးခြားမလဲဆိုပြီး တိုက်ပွဲကို အရှိန် သပ်ပြီး မျှော်ပြန်ကြ … အဲဒီလိုနဲ့ ဘန်ကီမွန်းကို မျှော်၊ ဂျော့ဘုရှ်ကို မျှော်၊ ကုလသမဂ္ဂတပ်ကြီးကို မျှော်နဲ့… မျှော်ရုံတောမှာ မောခဲ့ရတဲ့ ကျနော်တို့ရဲ့ ဇာတ်လမ်းရှည်ကြီးဟာ အနှစ်နှစ်ဆယ် ပြည့်လုပြည့်ခင်။
နောက်ဆုံးမျှော်ခဲ့ရတဲ့ ဇာတ်လမ်းတပုဒ်ကတော့ အခုအထိ ပဟေဠိဖြစ်နေကြဆဲ၊ ငြင်းခုန်နေကြဆဲ ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ခွင့်မရဘဲ ပြန်သွားရတဲ့ ဂမ်ဘာရီရဲ့ ခရီးစဉ်ပါပဲ။ ဒီတခါ ခရီးစဉ်အပြီး ထူးခြားတာတခု ကတော့ မြန်မာပြည်သူတွေနဲ့ အတိုက်အခံအင်အားစုတွေဟာ မျှော်ရုံတောမှာ မောခဲ့ရတဲ့ အဖြစ်သနစ်တွေကို သည်းမခံနိုင်တော့ဘဲ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုတွေ သံပြိုင်လုပ်လာကြတာပဲ ဖြစ်ပါတယ်။
တနည်းအားဖြင့် ဂမ်ဘာရီကို တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆန်လိုက်တဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂရဲ့ ကြားဝင်စေ့စပ်မှု အပါအဝင် ဘယ်လို မျှော်ကိုးမှုမျိုးကမှ အလုပ်မဖြစ်နိုင်တော့ဘူးဆိုတာကို အချက်ပြလိုက် သလို ဖြစ်သွားလို့ အခုလို တူညီတဲ့ ဝေဖန်ပြောဆို သံတွေထွက်ပေါ်လာတာလို့ ထင်မိပါတယ်။
ဝေဖန်မှုတွေထဲမှာ ကုလသမဂ္ဂအဖွဲ့ကြီး၊ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အထူးကိုယ်စားလှယ် ဂမ်ဘာရီတို့ ကိုပါ နအဖကို ဝေဖန်ပြစ်တင်တဲ့နည်းတူ ပြင်းပြင်းထန်ထန် ပြောဆိုထောက်ပြလာကြတာ တွေ့ရပါတယ်။ အခုနောက်ပိုင်း ဘန်ကီမွန်းနဲ့ ဂမ်ဘာရီတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ မူလလုပ်ငန်းစဉ်တွေဖြစ်မြောက်အောင် နအဖကို ဖိအားပေး ဆောင် ရွက်ဖို့ မကြိုးစားတော့ဘဲ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကိုသာ အမြန်ဆုံး အဆုံးသတ်ဖို့ တွန်းအားပေး ဆောင်ရွက်နေတဲ့အတွက် အခုလို ဒေါသတကြီး ပြစ်တင်ပြောဆိုလာကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် နအဖက တဘက်သတ် ရေးဆွဲထားတဲ့ စစ်ကျွန်သက်ရှည်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေကြီးနဲ့ ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားပေးမယ်လို့ တိုက်တွန်းပြောဆိုတဲ့အပေါ် အန်အယ်လ်ဒီ အပါအဝင် အတိုက်အခံအင်အားစုတွေက ဒေါသတကြီး တုံ့ပြန်ကြတာ ဖြစ်ပါတယ်။
ပြောရရင် ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုတွေအပေါ် မြန်မာပြည်သူတွေနဲ့ အတိုက်အခံတွေ အခုလို ဒေါသ သင့်လာကြတာကို အပြစ်မဆိုသာဘူးလို့ ပြောရပါမယ်။ ဆယ်စုနှစ်တစုနီးပါး ရှိတော့မယ့် ကုလသမဂ္ဂရဲ့ ကြား ဝင်ဆောင်ရွက်မှုတွေဟာ ကြာလာတာနဲ့အမျှ မြန်မာပြည်သူတွေ လိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး လမ်း ကြောင်းပေါ်ကနေ သွေဖည်သွားပြီး စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် အချိန်ဆွဲ လုပ်ဆောင်ပေးသလို ဖြစ် လာတာကို အထင်အရှား တွေ့ရလို့ပါ။
၂ဝဝဝ ပြည့်နှစ် ဧပြီလမှာ ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်က မလေးရှားနိုင်ငံသား ရာဇလီ အစ္စမေးလ်ကို မြန်မာ့နိုင်ငံရေးမှာ ကြားဝင်စေ့စပ်ပေးဖို့ အထူးကိုယ်စားလှယ်အဖြစ် ခန့်ခဲ့တယ်။ မြန်မာပြည်ကို (၁၂) ကြိမ် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်တွေ ဟန်ပြတွေ့ဆုံမှု နှစ်ကြိမ်ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတယ်။ နှစ်ဘက်အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲများ ဖြစ်မြောက်အောင် ကြိုးစားခဲ့ပေမယ့် စစ်အုပ်စုရဲ့ အချိန်ဆွဲမျက်နှာပြောင်တိုက်တာကို ခံရပြီး မအောင်မမြင်နဲ့ ဆုတ်ခွာခဲ့ရပါတယ်။
ဒါ့အပြင် ရာဇာလီဟာ စစ်အုပ်စုလက်အောက်မှာ ကုမ္ပဏီတွေဖွင့်ပြီး အကျိုးတူ စီးပွားရေး လုပ်ဆောင်တာကို ဖော်ကျွန်းမဂ္ဂဇင်းက ဖွင့်ချလိုက်လို့ အရှက်တကွဲဖြစ်ပြီး နောက်ဆုံးမှာ ကုလအထူးကိုယ်စားလှယ်အဖြစ်ကပါ နုတ်ထွက်ခဲ့ရပါတယ်။ သူနုတ်ထွက်ခဲ့တဲ့ နောက်ပိုင်း သူ့ရဲ့နေရာကို နိုက်ဂျီးရီးယားနိုင်ငံသား မစ္စတာဂမ်ဘာ ရီက ဆက်ခံဆောင်ရွက်ရာကနေ အခုလို အယုံအကြည်မဲ့ရတဲ့ အခြေအနေအထိ ဆိုက်ရောက်ခဲ့ရတာပဲ ဖြစ်ပါ တယ်။
နာဂစ်အရေးတုန်းက နိုင်ငံရေးကိစ္စ မပြောပါဘူးဆိုပြီး ရောက်လာတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဗိုလ်သန်းရွှေနဲ့တွေ့တော့ လမ်းပြမြေပုံကို အမြန်အဆုံးသတ်ဖို့ တိုက်တွန်းခဲ့ပြန်လို့ အတိုက်အခံအင်အားစုတွေ အထူးဒေါသထွက်ခဲ့ကြပါသေးတယ်။
တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားတွေကို ပုံပြီးအားကိုးလို့ မရဘူး၊ ကိုယ့်အားကိုယ်ကိုးမှ ရမယ်ဆိုတာကို သတိပေးသူတွေ ပေးခဲ့ကြပေမယ့် မျှော်သူတွေက အများစုဖြစ် ခဲ့ကြတာမို့ တကယ်တမ်း လူထုတိုက်ပွဲဖြစ်လာတဲ့အခါ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ဘာမှပြင်ဆင်ထားခြင်း မရှိတာကို ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ အထင်းသားတွေ့ခဲ့ရပါပြီ။ မျှော်တော်ယောင် နိုင်ငံရေးပဲ လုပ် နေခဲ့ကြတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတာပါ (အပြစ်ပြော ပြန်ပြီဆိုလည်း ခံရဦးမှာပါ)။ အခုတော့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ကိုယ့်အားကိုယ်ကိုးကြဖို့ပဲ အချက်ပြလိုက်ပြီလို့ ယူဆရ တာမို့ တိုက်ပွဲလမ်းကြောင်း ပိုပြီး ပြတ်သားရတော့မယ်လို့ ထင်မိပါတယ်။
ဒါပေမယ့် လက်ရှိအနေအထားမှာ နအဖနဲ့ အတိုက်အခံတို့ရဲ့ အဓိက ခေါင်းဆောင်နှစ်ဦး အနေအထားက အ တိတ်စိမ်းကောက်ပြီး မှန်းဆလုပ်ကိုင်နေကြရတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ စစ်ဗိုလ်တွေကလည်း လူ တောမတိုးတဲ့ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်သန်းရွှေ နေပြည်တော်တောတွင်းကနေ အသံတိတ် ညွှန်ကြားနေ တာကို မျက်တောင်မခတ် အသက်မရှူဘဲ အရိပ်အကဲကြည့် လှုပ်ရှားနေကြရသလို ကျနော်တို့ရဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် အနေအထားကလည်း အကျယ်ချုပ်ချခံထားရပြီး ပြင်ပနဲ့ အဆက်အသွယ် မလုပ်နိုင်တဲ့ အနေအထားမို့ ဒေါ်အောင်ဆန်းစုကြည် ဘာဆိုလိုတယ်၊ ဘယ်လို အခြေအနေဆိုတာကို ခြံရှေ့က ဆိုင်းဘုတ်ကို ဖတ်ပြီး အတိတ်ကောက်လိုက်၊ တဆင့်ကြားတွေကို မှန်းဆတမ်းတပြီးတော့ အဓိပ္ပာယ်ကောက် လိုက် လုပ်နေရတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။
ဒီမိုကရေစီရရှိရေးအတွက် လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ လက်ခံပေမယ့် ခေါင်းဆောင်မှုအပိုင်းကို တာ ဝန်ယူထားသူတွေက တိုက်ပွဲလမ်းကြောင်း ပြတ်ပြတ်သားသား ချမှတ်ပေးမှသာ တိုက်ပွဲဝင်ရတာ စုစည်းညီ ညွတ်မှုရှိပြီး ခရီးတွင်အရာရောက်မယ်လို့ မြင်မိပါတယ်။ နို့မို့ဆိုရင်တော့ တယောက်တပေါက် လုပ်ချင်ရာလုပ်နဲ့ ဇာတ်မျောကြီး ဆက်ဖြစ်နေကြဦးမှာပါ။ အဓိက တွေ့ဆုံဆွေးနွေးရမယ့် နှစ်ဘက်ခေါင်းဆောင်နှစ်ဦး အနေအ ထားကလည်း အထက်မှာ ပြောခဲ့သလို အခြေအနေမျိုးဆိုက်နေတော့ အပြင်က ဦးဆောင်မှုအပိုင်းမှာရှိနေတဲ့ အဓိက နိုင်ငံရေးခေါင်းဆောင်တွေ၊ အင်အားစုတွေအနေနဲ့ လက်တွေ့ကျတဲ့ တိုက်ပွဲလမ်းကြောင်းကို ချမှတ် ပြင်ဆင် အကောင်အထည်ဖော်မှုမျိုး၊ ပြတ်ပြတ်သားသား ဦးဆောင်မှုပေးတာမျိုး မလုပ်ကြဘဲ ကိုယ့်ခေါင်း ဆောင်ရဲ့ အနေအထားကို အတိတ်ကောက်ပြီး ပြောဆိုအာလူးဖုတ်နေကြတာမျိုးတွေပဲ ဆက်လုပ်နေကြဦး မယ်ဆိုရင်ဖြင့် မျှော်ရုံတောမှာ ဆက်မောရမှာကို ရတက်မအေး ဖြစ်မိပါကြောင်း အပူအပင်စကား ပြောကြား လိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:30 PM
0
comments
Labels: ဆောင်းပါး
မြစ်ဗေဒ (ကဗျာ)
မြစ်က စကားမပြောဘူး
မြစ်က စီးဆင်းတယ်၊ တိုက်စားတယ် ပို့ချတယ်။
လူတွေက မြစ်ကိုမှီပြီး
သီးနှံစိုက်ပျိုးတယ်၊ သားငါးမျိုးစုံ ရှာစားတယ်
ခရီးလမ်းပန်းသွားကြတယ်။
မြစ်ကစီးဆင်းရင်း တိုက်စားရင်း ပို့ချရင်းနဲ့
နက်ရှိုင်းသောင်ထွန်း ကောက်ကွေ့တယ်။
လူတွေကမြစ်ရဲ့ ကျန်းမာရေးကို ဂရုမစိုက်ဘူး
အညစ်အကြေး စွန့်ချတယ်
အမှိုက်သရိုက် စွန့်ပစ်တယ်
သားငါးတွေကို မျိုးတုံးအောင် စားသုံးပစ်တယ်
မြစ်ရေကြည်မြကို နောက်ကျိညစ်ညမ်းစေတယ်။
မြစ်က မြစ်ရဲ့ဝိညာဉ် ရှင်သန်ရေးအတွက်
ပင်လယ်အနက်ရှိုင်းထဲ စီးဝင်ပစ်လိုက်တယ်။
မြစ်ဟာ မြစ်လို ကျင့်ကြံနေထိုင်သွားခဲ့တယ် ။ ။
စိုးနေလင်း
Posted by
ဒေါက်တာလွဏ်းဆွေ
at
2:42 PM
0
comments
Labels: ကဗျာ
Wednesday, September 3, 2008
ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း (၆)နှစ်ပြည့် လွမ်းဆွတ်မှုဆောင်းပါး
ဒေါက်တာလွဏ်းဆွေ
ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်သို့ ကျနော်ရောက်သွားချိန်တွင် လူငယ်ကဗျာဆရာတချို့ အချင်းချင်း ဖက်ငိုသူ ငို၊ ကဗျာရွတ်သူရွတ်နှင့် ပေါက်ကွဲနေကြသည်။ မြေလတ်သား ကဗျာဆရာလေးတစ်ဦးက “ဆရာလွဏ်းရေ … ဆရာချော မရှိတော့ဘူးဗျ”ဟု ငိုသံပါကြီးနှင့်ပြောကာ ကျနော့်ကို ပြေးဖက်သည်။ ထို့နောက် သူက ကျနော့်ကို ဆရာမောင်ချောနွယ် ရုပ်ကလာပ် ပြင်ထားသည့် နေရာဆီ ခေါ်သွားသည်။
အခန်းလေးထဲ ကျနော်ဝင်လိုက်ချိန်တွင် မမမြင့်နှင့်သမီးအလတ်က အငိုမျက်နှာကိုယ်စီနှင့်ထလာပြီး ကျနော့် ကို ဖက်ငိုပြန်လေသည်။ မည်သို့နှစ်သိမ့်ရမည်မှန်း ကျနော်မသိ၊ မျက်ရည်မကျမိအောင်လည်း တင်းထားရင်း ဇာပုဝါပါးအဖြူကိုကပ်၍ ဆရာချောကို ကျနော် ငုံ့ကြည့်နေမိသည်။ ဆရာချောမျက်နှာ တော်တော်ချောင်ကျ သွားသည်။ ခန္ဓာကိုယ်ထဲက ကဗျာဓာတ်တွေကို မြေကမ္ဘာပေါ် အကုန်အစင် သွန်ချပေးခဲ့၍လားမသိ၊ ဆရာ ချောကို ကြည့်ရတာ လူလုံးနည်းနည်းပိုသေးသွားသလို ခံစားရသည်။ “အကိုရေ ဒီမှာ အကို တမေးထဲမေးနေ တဲ့ ဒေါက်တာလွဏ်း လာပြီလေ၊ ထကြည့်ပါဦး”ဟု မမမြင့် ဟစ်ငိုလိုက်ချိန်မှာတော့ ကျနော် စိတ်မထိန်းနိုင် တော့ဘဲ မျက်ရည်ပေါက်တွေ စီးကျလာတော့သည်။ ဆရာချောရုပ်ကလာပ်ကို ခပ်ဝါးဝါးမြင်နေရင်း ခွင့်လွှတ်ပါ ဆရာချောရေလို့ပဲ ကျနော် အသံတိတ် တောင်းပန်နေမိတော့သည်။
တကယ်တမ်းလည်း ဆရာချော အခုလောက် ခပ်မြန်မြန်ကြီး ထွက်ခွာသွားလိမ့်မည်ဟု ကျနော်ထင်မထားခဲ့။ သို့သော် ဆရာချောကိုယ်တိုင်က ထိုနှစ်အတွင်း သူ့ကိုယ်သူသိနေသည့် အရိပ်အယောင်တွေ ပြနေခဲ့တာကို ကျနော်အမှတ်ရနေသည်။ ထိုဆုံးမည့်နှစ် ဖေဖော်ဝါရီ (၃)ရက်နေ့တွင် ပြည်မြို့၌ ကျင်းပသည့် အဆိုတော် ခင်ဝမ်း ကွယ်လွန်ခြင်း (၂)နှစ်ပြည့် အခမ်းအနား၌ ဆရာချောနှင့် ကျနော်တို့ ဆုံဖြစ်ကြသည်။ အခမ်းအနား ကျင်းပသည့် ဘုန်းကြီးကျောင်း ပရိဝုဏ်အတွင်း ကျနော် ကင်မရာလွယ်ပြီး လျှောက်နေစဉ် ဆရာချောက ကျနော့်ကို လှမ်းခေါ်သည်။ ဘုန်းကြီးကျောင်းအတွင်းရှိ စေတီလေးကို နောက်ခံထားပြီး သမံတလင်းပေါ်ထိုင် လျက် ဒူးထောင်ပြီး ဒူးပေါ်ကနေ လက်နှစ်ဖက်ကို တွဲလောင်းချထားသည့် အနေအထားနှင့် သူ့ကို ဓာတ်ပုံ ရိုက်ခိုင်းသည်။
ဓာတ်ပုံရိုက်အပြီး ဆရာချော ပြောလိုက်သည့် စကားကြောင့် ကျနော်လန့်သွားသည်။ ဆရာချောက ထိုဓာတ် ပုံကို သူသေလျှင် အခေါင်းမှာ ကပ်ပေးဖို့ ကျနော့်ကို ပြောခြင်းဖြစ်သည်။ ကျနော်က နိမိတ်မရှိ နမာမရှိ ဆရာ ချောရယ်ဟု ခပ်ဖော့ဖော့ ပြန်ပြောလိုက်သည်။ ထိုနေရာတွင် ဆရာချော အချိန်အတော်ကြာ ငေးငေးငိုင်ငိုင် ဆက်ထိုင်နေသည်။ ထိုနေ့က အခမ်းအနားအပြီး ထမင်းစားခါးနီးတွင် ဆရာချော ရှိုက်ကြီးတငင် ငိုနေလေ သည်။ ဆရာချော ဘာဖြစ်လဲ မေးလို့မရ။ မရပ်မနား ငိုနေသည်။ ဆရာချော အငိုရပ်အောင် မနည်းလမ်းလွှဲပြီး ဆရာချောနှင့် ဓာတ်ပုံတွေ စုရိုက်ကြသည်။ ထိုကတည်းက ဆရာချော သူ့ကိုယ်သူ သိနေပုံရသည်။ ဟုတ် လည်း ဟုတ်သည်၊ ထိုနှစ် စက်တင်ဘာ (၃)ရက်နေ့မှာပင် ဆရာချော ကွယ်လွန်ခဲ့သည်လေ …။
♠ ♠ ♠ ♠ ♠
ဆရာချောမဆုံးမီ နှစ်ပတ်ခန့်တွင် မြောက်ဒဂုံ၌ အိမ်ငှားနေသည့် ဆရာချောထံမှ ကျနော့်ဆီ စာတိုတစ်စောင် ရောက်လာသည်။
ဒေါက်တာလွဏ်း …
ဒေါက်တာလွဏ်း တွန်းလွှတ်ရှန်တိန်လုပ်လိုက်တဲ့ မောင်ချောနွယ်ဆိုတဲ့ ရထားကြီး မြောက်ဒဂုံမှာ ဆိုက်ကပ် နေပါပြီ။ အသည်းအသန် နာမကျန်းဖြစ်နေပါတယ်။ အဆင်ပြေရင် ဟဲမင်းဝေနဲ့ ဆေးဖိုးဝါးခလေး မစပါဦး။
သင့် …
ချော
ဆရာချောရေးသည့် စာသားအတိအကျကို ကျနော်မမှတ်မိတော့။ သို့သော် စာက ယခုအဓိပ္ပါယ်အတိုင်း တိုတို တုပ်တုပ်ပင်။ ဆရာချောမဆုံးမီ နှစ်ပတ်လောက်တွင် ဟဲမင်းဝေဆိုသည့် စာပေ၀ါသနာရှင်လေးနှင့် ထိုစာတို လေး ကျနော့်ဆီ ရောက်ရှိလာခြင်းဖြစ်သည်။
ထိုနေ့ညနေက ၀ပ်ကျင်းရှိရာ (၂၇) လမ်း အောက်ဘလောက်ရှိ မြားနတ်မောင်မဂ္ဂဇင်းတိုက်ဆီသို့ ကျနော် ခပ် စောစော ပြန်ရောက်နေသည်။ အခါတိုင်းနေ့များတွင် ညနေ (၅) နာရီခန့်ဆိုလျှင် စာပေသမားများ ဆုံဆည်းရာ လေထန်ကုန်း လက်ဖက်ရည်ဆိုင်သို့ ကျနော် ပုံမှန်ချီတက်နေကျ။ လေထန်ကုန်း လက်ဖက်ရည်ဆိုင်တွင် ချိန်းထားသည့် ဧည့်သည်များနှင့်ရော မချိန်းဘဲတွေ့ရသည့် အနယ်နယ်အရပ်ရပ်မှ ကြုံရာဆုံရာ စာပေမိတ် ဆွေများနှင့်ပါ စကားဖောင်ဖွဲ့နေကျ၊ သို့တည်းမဟုတ် မဂ္ဂဇင်းအတွက် လိုအပ်သည့် ကိစ္စ၀ိစ္စမှန်သမျှ လုပ်စရာရှိ သည်ကို လုပ်၊ ပြီးလျှင် ရင်ဘတ်တူသူ မိတ်ဆွေအနုပညာသမား တစ်ဦးမဟုတ် သုံးလေးဦးနှင့် နေညိုချိန်ကို ဖြတ်သန်းရန် သင့်တော်သည့် စားသောက်ဆိုင် သို့မဟုတ် သေတင်းကုပ်တွေဆီကီု ချီတက်နေကျ။ ညဥ့်နက် နေကျ။
ထိုနေ့က ဘာကြောင့်ရယ် မမှတ်မိတော့။ မြားနတ်မောင်ဝပ်ကျင်းဆီကို ကျနော် စောစောပြန်ရောက်နေခဲ့သည်။ ဟဲမင်းဝေပြသည့် စာတိုလေးကိုဖတ်ရင်း အယ်ဒီတာစားပွဲတွင် ကျနော် ခေတ္တငိုင်နေမိသည်။ ဆရာချောစာ ကိုဖတ်ရင်း မျက်စိထဲတွင် “သတိ ပေါက်ကွဲတတ်သည်၊ တွန်းလွှတ်ရှန်တိန် မလုပ်ရ” ဟုရေးထားသည့် ရထားတွဲကြီးများကို ပြေးမြင်သည်။ ကျနော်အကြံပြုတာ မှားသွားပြီးလား၊ ဆရာချောကို တကယ်ပဲ တွန်း လွှတ်ရှန်တိန် လုပ်လိုက်မိသလား တမဟုတ်ချင်း အတွေးတွေ စီတန်းသွားတော့သည်။ ဖျတ်ကနဲ သတိပြန် အကပ်တွင် အံဆွဲထဲမှ ငွေနှစ်ထောင်ထုတ်ပြီး ဟဲမင်းဝေကို ပေးလိုက်သည်။ သူက ဆရာချောဆီ ဘာမှာဦး မလဲ မေးသည်။ ဆရာချောကို လာကြည့်ဦးမည့်အကြောင်း ကျနော့်ပျက်ကွက်မှုများအပေါ် ဟဲမင်းဝေမှတစ် ဆင့် တောင်းပန်စကား ပါးလိုက်ပါသည်။
ဟဲမင်းဝေး ပြန်သွားပြီးနောက် အယ်ဒီတာစားပွဲတွင် ပြန်ထိုင်ပြီး ဆရာချောပေးလိုက်သည့် စာတိုလေးကို ကျနော် ပြန်ဖတ်နေမိသည်။ ဖတ်နေရင်း စိတ်ထဲကြေကြေကွဲကွဲ ခံစားရသည်။ ထိုစာလေးရပြီး နှစ်ပတ် လောက်အကြာတွင် ဆရာချော ဆုံးသည်။ မဂ္ဂဇင်း ဖောင်ပိတ်ချိန်၊ ရုံးတင်ချိန်တွေနှင့် တိုက်ဆိုင်နေသဖြင့် မဂ္ဂဇင်းကိစ္စတွေ ခေါင်းရှင်းသွားမှ ဆရာချောဆီ အေးအေးဆေးဆေး သွားမည်ဟု ပိုင်းဖြတ်ထားသော်လည်း ကွယ်လွန်ချိန်အထိ ဆရာချောဆီ ကျနော် မရောက်ဖြစ်ခဲ့။
♠ ♠ ♠ ♠ ♠
ထို့နေ့က ကျနော်နှင့် ဆရာချောနှစ်ယောက်တည်း အေးကဖီးတွင် လက်ဖက်ရည်သောက်ရင်း စကားပြောနေ ခဲ့သည်။ အေးကဖီးဆိုသည်က မြားနတ်မောင်မဂ္ဂဇင်းတိုက်ရှိရာ ပထမထပ်နှင့် မျက်စောင်းထိုးရှိ မြေညီထပ် အိမ်ဆိုင်ကလေးဖြစ်သည်။ စကားပြောရတာ အေးအေးဆေးဆေးရှိသည်။ ကျနော်က ဆရာချောကို သူ့မိ သားစုအတွက် အကြံပြုစကားတွေ ပြောနေမိသည်။ ဆရာချောကလည်း ကျနော်ပြောသည်ကို အသံတိတ် နား ထောင်ပြီး ခေါင်းငိုက်စိုက်ချ စဉ်းစားနေသည်။
“ ဒီလိုပါ ဆရာချော … အိမ်ငှားဖို့အတွက် ဆရာချော ခဏခဏ စိတ်ပင်ပန်းနေရတာကို ကျနော် မခံစားနိုင်ဘူး။ ကြည့်လည်း မကြည့်ရက်ဘူး။ ဆရာချောအတွက် ထည့်ဝင်တဲ့ ရဲဘော်အားလုံးက ဆရာချောအပေါ် ရက် ရောပြီးသား၊ ဒါကိုလည်း သံသယ ရှိစရာမလိုဘူး။ ဒါပေမယ့် တစ်ခေါက်တလေ ဆရာချောလိုတဲ့အချိန်မှာ အဆင်မပြေတဲ့သူက မပေးနိုင်ခဲ့ရင် ဆရာချောလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ သူလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ကျနော် အခုလို အကြံပြုတာပါ။ ဆရာချော လက်မခံဘူးဆိုလည်း ဆရာချောလိုတဲ့ အိမ်ငှားခကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျနော်ထည့်ဝင်မှာပါ။ အဲဒီအတွက်တော့ ဆရာချော ကျနော့်အပေါ် သံသ ယမရှိပါနဲ့။ ဒါပေမယ့် စမ်းချောင်းမှာ တစ်လ နှစ်သောင်းနဲ့ ခြောက်လတစ်ခါ ဆရာချော စိတ်ပင်ပန်းနေ ရတာထက်စာရင် ဒီငွေပမာဏပဲလေ ဆရာချော၊ မြောက်ဒဂုံလို နေရာမျိုးမှာ ခြောက်ထောင်လောက်နဲ့ ငှားနေ မယ်ဆိုရင် တစ်နှစ်ခွဲလောက် ဆရာချော စိတ်မပင်ပန်းရတော့ဘူးပေါ့။ အဲဒါဆို ကျနော်တို့လည်း ဆရာချော အတွက် ပိုစိတ်ချမ်းသာရမယ်။ ကျနော်က ဒီသဘော ပြောတာပါ။ ကျနော်ဆိုလိုတာကို ဆရာချော နားလည် မယ်ထင်ပါတယ် ”
စကားပြောနေရင်း ဆရာချောကို ကျနော် အကဲခတ်ကြည့်ရှူနေမိသည်။ ဆရာချောကို ကြည့်ရသည်မှာ အား နည်းနေပြီး နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးရှိပုံ မပေါ်။ တစ်စုံတစ်ခု ဖိစီးနေသည့် အသွင်ပေါ်နေသည်။ ကျနော့် စကားအဆုံးတွင် ခေါင်းငိုက်စိုက်ချပြီး နားထောင်နေသည့် ဆရာချော နဖူးမှ ချွေးစေးတွေကို လက်နှင့်သပ်ချ ရင်း တိုးတိုညှင်းညှင်း စကားဆိုသည်။
“ ဒေါက်တာလွဏ်း စေတနာကို ကျနော်နားလည်ပါတယ်။ နောက်ပြီး ဒေါက်တာလွဏ်းရဲ့ အကြံပြုချက်ဆိုရင် တော့ မမမြင့်ရော သမီးတွေကော လက်ခံမှာပါ။ ကျနော် အိမ်ရောက်ရင် အမြန်ဆုံး အရေးပေါ် အစည်းအဝေး ထိုင်လိုက်ပါမယ်။ ပြီးရင် ဒေါက်တာလွဏ်းဆီကို ပြန်လာခဲ့မယ် ”
တစ်ရက်ခြားအကြာ နေ့လည်ခင်းတွင် မဂ္ဂဇင်းတိုက်ပေါ်သို့ ဆရာချောနှင့် မမမြင့် တက်လာသည်။ လင်မယား နှစ်ယောက်စလုံး အခန်းကျဉ်းလေးထဲရှိ ကျနော့်အယ်ဒီတာစားပွဲရှေ့တွင် ကျပ်ကျပ်တည်းတည်း ထိုင်ကြ သည်။ ထိုင်ထိုင်ချင်းပင် ဆရာချောက “ဒေါက်တာလွဏ်း အကြံပေးတာကို သမီးတွေကော တအိမ်သားလုံး ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ပြီ။ အခုမြောက်ဒဂုံမှာ အိမ်ငှားဖို့ သမီးအလတ် စုံစမ်းနေတယ်။ ရတာနဲ့ ပြောင်းကြမယ် … ဒေါက်တာလွဏ်း ၀မ်းသာရအောင် မမမြင့်ကိုပါ ခေါ်လာပြီး လာပြောပြတာ” ဟု ၀မ်းသာ အားရ ပြောလေသည်။ မမမြင့်ကလည်း ပြုံးပြုံးပြုံးပြုံးနှင့် ထောက်ခံပြောဆိုသည်။ ကျနော်လည်း အတိုင်းမသိ ၀မ်းသာသွားပြီး ဆရာချောအား ကတိပြုထားသည့်ငွေကို အံဆွဲထဲမှ ချက်ချင်းထုတ်ပေးလိုက်သည်။ ဆရာ ချောတို့လင်မယား ပြုံးပြုံးရွှင်ရွှင် ပြန်သွားသည်ကို ကြည့်ရင်း ကျနော်ကြည်နူးနေမိပါသည်။
ဆရာချောအိမ်ငှားခါနီးတိုင်း ၀ိုင်းဝန်းထမ်းပိုးကြသည့် ရဲဘော်တစ်ကျိပ်ကျော်လောက်ရှိသည်ဟု ကျနော်မှတ်မိ နေသည်။ ပြည်ကနေ ဖောင်ဖျက်လာပြီး ဆရာချောတို့မိသားစု ပထမဆုံးအခေါက် အိမ်ငှားနေဖို့ ကြိုးပမ်းစဉ်က ဖြစ်သည်။ တစ်ရက်တွင် ဆရာချောနှင့် မမမြင့် မဂ္ဂဇင်းတိုက်ပေါ်ရောက်လာသည်။ အခြေအနေကို အကျဉ်းရုံး ပြောပြသည်။ ထို့နောက် ဆရာချောက ကျနော့်ကို စာရွက်လေးတစ်ရွက် ပေးဖတ်သည်။ စာရွက်ပေါ်တွင် နာမည်တွေ တန်းစီရေးထားပြီး အမည်တစ်ခုချင်းဘေးတွင် ငွေပမာဏတွေကို စီရေးထားတာတွေ့ရသည်။ ကျနော့်နာမည်အပါအ၀င် နာမည်တစ်ဒါဇင်လောက် ရှိမည်ထင်သည်။ ဆရာမောင်သစ်မင်း၊ ဆရာသုခမိန်လှိုင်၊ ဆရာဝင်းမင်းထွေး၊ ဆရာမုတ်သုန်၊ ဆရာမောင်ပြည့်မင်းတို့၏ နာမည်တွေကိုတော့ ကျနော်မှတ်မိနေသည်။ စာဖတ်အပြီးတွင် ဆရာချောက “အဲဒါပဲ ဒေါက်တာလွဏ်းရေ … ကျနော့်မှာလည်း အရေးအကြောင်းဆို စိတ်ချလက်ချ ဖက်တွယ်ရဲတဲ့ ရဲဘော်က တစ်ကျိပ်ပိုပိုရယ်”ဟု ပြောပြီး ကျနော့်ကို နွမ်းနယ်သည့်အပြုံးနှင့် ကြည့်နေလေသည်။ ကျနော် ဆရာချောအပြုံးကို အလျင်အမြန် နားလည်လိုက်ပြီး “အိုကေ ဆရာချော၊ နိုးပရော်ဘလမ် … ဘယ်နေ့လောက်ရရင် ဆရာချော အဆင်ပြေမလဲ၊ အခုလောလောဆယ်တော့ မဂ္ဂဇင်းမဖြန့် ရသေးလို့”ဟု ပြောကာ ရက်ချိန်းသာ ပေးလိုက်ပါတော့သည်။
ထိုမှ တစ်ခေါက် … နှစ်ခေါက် … သုံးခေါက်မြောက်တွင် ဆရာချောအား အထက်က အကြံပြုစကားကို ကျနော် ပြောဖြစ်ခဲ့ခြင်း ဖြစ်မည်ထင်သည်။
♠ ♠ ♠ ♠ ♠
တကယ်တော့ ဆရာချောကို ကျနော်တို့ ထမ်းပိုးနိုင်ခဲ့သည်က နှမ်းတစ်စေ့လောက်တောင် ရှိမည်မထင်။ သို့ သော် ဆရာချော ကျနော်တို့အပေါ် ကြဲချပေးခဲ့သည့် ကဗျာကောင်း၊ စာကောင်းတွေကတော့ နှမ်းပုံကြီးတစ်ပုံ စာမက အတိုင်းအဆမရှိ ထုထည်ကြီးမားလွန်းခဲ့ပါသည်။ ဆရာချော၏ ကဗျာကျေးဇူးတွေကို ဆပ်မည်ဆိုလျှင် မိခင်နို့ဖိုးကို ကျေအောင်ဆပ်ဖို့ ကြိုးစားသလိုပင် ဖြစ်လိမ့်မည်ထင်သည်။ နိုင်ငံရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ် တွင် ပေးဆပ်သူ သူရဲကောင်းများက ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်း မဖောက်မပြန် မွေးမြူပေးဆပ်ခဲ့ကြ သော်လည်း ရယူခဲ့ကြသည့် ကျနော်တို့က တာဝန်ကျေအောင် မထမ်းပိုးနိုင်ခဲ့ကြ။ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲ တွင် တောင်မင်းမြောက်မင်း မကယ်နိုင် ဖြစ်ခဲ့ကြရသည့် ကျနော်တို့အနေနှင့် ဆရာချောအပေါ် တာဝန်မကျေ နိုင်ခဲ့သလို အခြားအခြားသော ထမ်းပိုးထိုက်သူ အားလုံးအပေါ်လည်း ကျနော်တို့ တာဝန်မကျေနိုင် ဖြစ်ခဲ့ရ သည့်အတွက် တွေးမိတိုင်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါသည်။ သို့ပေမယ့် ဆရာချောတို့လို ပေးဆပ်သူ တွေက ခွင့်လွှတ်နားလည်ပေးခဲ့ကြသည်လေ။
ဆရာချောတို့က ခွင့်လွှတ်လေလေ ကျနော်တို့မှာ ပိုကြေကွဲရလေ ပိုပြီးလွမ်းဆွတ်ရလေပါ ဆရာချော …
အဲဒီလွမ်းဆွတ်မှုတွေနဲ့ပဲ ဆရာချောတို့အပေါ် ကျနော်တို့ရဲ့ တာဝန်မကျေခဲ့မှုတွေကို ဖြေသိမ့်ပါရစေတော့ … မြားနတ်မောင်မှာ ရေးဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ တာဝန်ခံအယ်ဒီတာစကား (ကဗျာ) လေးနဲ့ပဲ ဆရာချောကို နှုတ် ဆက်ဂုဏ်ပြုပါရစေတော့ …
(သို့မဟုတ်)
ဟိမ၀န္တာကျားသစ်နက်
ဒေါက်တာလွဏ်းဆွေ
ကဗျာဆရာဆိုတာ
ကမ္ဘာပေါ်မှာ အရှားပါးဆုံး
ဟိမ၀န္တာကျားသစ်နက် ဖြစ်ခဲ့ပါတယ်။
မောင်ချောနွယ်
(ရေနံအစမ်းတွင်း တစ်တွင်းရဲ့ အိုင်ထွန်းမှုမှ …)
၅-၉-၂၀၀၂
‘ကိုချောရေ … သွားတော့’
ဒီအသံနက်ကြီးထဲ ကြက်သီးမွေးညင်းထခဲ့
မမေ့နိုင်စရာ
အဘိဓမ္မာတူသူတွေရဲ့ ဆို့နင့်သံ
ယုံကြည်ချက်တူသူတွေရဲ့ ကြေကွဲသံ
ခံစားချက်တူသူတွေရဲ့ ပင့်သက်ရှိုက်သံ
ကဗျာဆရာတွေရဲ့ ပေါက်ကွဲငိုကြွေးသံ
…………….. အသံတွေ
…………….. အသံတွေ
နျူကလီးယား မှိုပွင့်ကြီးအလား
ပေါင်းစည်းလွင့်တက်သွား
ဆရာချော ကောင်းရာသုဂတိလားပါစေ။
၅၃ နှစ်သား
ဟိမ၀န္တာကျားသစ်နက်ကြီးရေ …
မသေချာမှုတောနက်ထဲ ကျင်လည်ကျက်စားရင်း
ကဗျာမြားအစင်းစင်း ပစ်ခွင်းရင်း
သေချာမှုတစ်ခုနဲ့ ထွက်ခွာသွားခဲ့ပြီလား
ကျွန်တော်တို့ နှလုံးသားတွေထဲက
နားလည်မှုတေးသွားတွေကတော့
အပြာရောင်မိုးကောင်ကင်ထက်မှာ
ထာဝရ လွင့်ပျံနေမှာပါ။
ခွေးခြေပုကလေးတွေမှာ ထိုင်ရင်း
ကျနော်တို့ ကျောချင်းကပ်ခဲ့ကြတယ်၊
ဖန်ခွက်ချင်း ထိခတ်သံတွေနဲ့
ကျွန်တော်တို့ ရင်ချင်းအပ်ခဲ့ကြတယ်လေ။
၃၃ လမ်း လေထန်ကုန်းမှာ
မြားနတ်မောင် အယ်ဒီတာစားပွဲမှာ
၂၇ လမ်းက အေးကဖီးမှာ
စမ်းချောင်းက ဆရာချောနဲ့ မမမြင့်တို့ရဲ့ ချစ်ရိပ်မြုံမှာ
၃၅ လမ်းက ငွေနှင်းဖြူနဲ့ ရှမ်းရိုးရာမှာ
ကဗျာစကား စာစကားတွေ
ထွေရာလေးပါး ပြောကြရင်း
နှလုံးသားချင်း ကျစ်ကျစ်ပါအောင်ဆုပ်ရင်း
ချစ်ခြင်းမေတ္တာပေါင်းကူးတံတားတွေ အပြန်အလှန်တည်ဆောက်ရင်း
ကျွန်တော်တို့ နွေးထွေးခဲ့ကြတယ်လေ။
သေခြင်းနဲ့ ရှင်ခြင်းအကြား
ရယူခြင်းနဲ့ ပေးဆပ်ခြင်းအကြား
ဗျာများနေကြတဲ့ လူတွေထဲမှာ
ဆရာချောဟာ
မြေကမ္ဘာကို ကဗျာတွေနဲ့
သေတစ်ပန်သက်တစ်ဆုံး အလုပ်အကျွေးပြုခဲ့သူပါ။
အဖိုးမဖြတ်နိုင်တဲ့
ဆရာချောရဲ့ ကဗျာကျေးဇူးတွေဟာ
တန်ဖိုးသိသူတွေရဲ့ နှလုံးသားမှာ
ထာဝရ မှတ်ကျောက်တင်ရစ်နေမှာပါ။
ကြေကွဲခြင်းများစွာနဲ့
နောက်ဆုံးနှုတ်ဆက်ဆုတောင်းလိုက်ပါတယ်
‘ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှု
ရိုးသားမှုနဲ့ အမှန်တရား
စာနာမှုတရားနဲ့ ချစ်ခြင်းမေတ္တာ
ကဗျာနဲ့ အလှသစ္စာတရား
တစ်ဘ၀လုံး ဖက်တွယ်သွားတဲ့ ဆရာချော
မြင့်မြတ်သောဘုံသို့ ရောက်ရှိစံပျော်နိုင်ပါစေ’။ ။
(၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလထုတ် မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှ …)
ဒေါက်တာလွဏ်းဆွေ
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:20 PM
1 comments
Labels: အမှတ်တရ
အမှတ်တရ မောင်ချောနွယ် (သို့) မသေတဲ့ ကဗျာ
ကမာပုလဲ
`ကြွေဒါကိုက ပွင့်ခြင်းပဲ´သူ … မောင်ချောနွယ်။ ကဗျာဆရာမောင်ချောနွယ်။ ပြည်မြို့သား မောင်ချော နွယ်။ သူ့ဘ၀ကို ကဗျာဆရာအဖြစ် ထုဆစ်ပုံသွင်းခဲ့သူ။ လောကဓံတရား ထက်ပြင်းတဲ့ မချစ်ရဲ့အရက်ကိုသောက်ပြီး လောကဓံတရားကို လှောင်ပြောင် သရော်ခဲ့သူ။ ၁၉၇၀ ၀န်းကျင်လောက်ဆီက ကိုလူမှိန်၊ ရွှေရတောင်ကုတ်၊ ပျဉ်းမနား ကိုသင်းခိုင် စသဖြင့် အတွေးအခေါ် ထပ်တူနီးပါးကျခဲ့တဲ့ လူငယ် ကဗျာဆရာတစုက `တော်လှန်ကဗျာ´ ဆိုတဲ့ ကဗျာစာ အုပ်ကလေးကို ပုံနှိပ် ထုတ်ဝေခဲ့တယ်။ အဲဒီ စာအုပ်ကလေးမှာ သူ့ရဲ့ `တော်လှန်ရေး´ ဆိုတဲ့ကဗျာ `ကြွေဒါကိုက ပွင့်ခြင်းပဲ´ ဆိုပြီး အဆုံးသတ်ထားတယ်။ သြော် … ကိုချော နွယ် ခင်ဗျားမရှိတော့ပေမယ့် ခင်ဗျားရဲ့ ကဗျာတွေဟာ ခင်ဗျားသိပ်ချစ်တဲ့ အဖိနှိပ်ခံ လူ့အဖွဲ့အစည်းမှာ ဝေေ၀ဆာဆာ ပွင့်လို့ …
`ဦး … သမီးကို ခေါ်မလား´
ဆူးလေဘုရားနဲ့ ဆူးလေလမ်းမကြီးဟာ မာကျူရီ မီးရောင်တွေအောက်မှာ ချောက်ချောက်ခြားခြား ဆွံ့အသွား တယ်။ အမေးခံရတဲ့ မော်ဒန်ကဗျာဆရာလေးဟာ ဘုရားကိုတလှည့်၊ ဆူညံသွားလာနေတဲ့ ကားတွေ၊ လူတွေကိုတလှည့် ကြည့်တယ်။ မီးရောင်အောက်က သူ့ကိုခေါ်မလားမေးနေတဲ့ အပျိုဖေါ်ဝင်စ ဆယ်ကျော် သက် ကလေးမလေးကို ကြည့်တယ်။ ရင်းရင်းနှီးနှီး မြင်ခဲ့ဖူးသူတယောက်ကို အသေးစိတ် ရှာဖွေနေတဲ့ အ ကြည့်နဲ့ ကြည့်တယ်။ သူပဲ … ဟုတ်တယ် … သူကလေးပဲ … ဆူးလေဘုရားရှေ့မှာ မော်ဒန်ကဗျာဆရာ ကလေး လောကငရဲကို အရှင်လတ်လတ် ရောက်သွားတယ်။ ကဗျာဆရာကလေး သွေးပျက်သွားတယ်။ အံ ကြိတ်ပြီး သူ့အသံကို ကလေးမကြားသာရုံ ပြောချလိုက်တယ်။
`ဟဲ့ နင်ငါ့ကို မမှတ်မိဘူးလား ငါဟာ နင့်အဖေရဲ့ ကဗျာရေးဘက် သူငယ်ချင်းလေ´
`ရှင်´
ကလေးမလေးဟာ အံ့သြထိတ်လန့်စွာနဲ့ လူတွေထဲ တိုးဝှေ့ထွက်ပြေးသွားတယ်။ မော်ဒန်ကဗျာဆရာကလေး ဟာ အိမ်ပြန်ဖို့ စောင့်နေတဲ့ လိုင်းကားကို မစောင့်ချင်တော့ဘူး။ ပြောစရာစကားလုံးတွေကို ပြောမထွက်တဲ့အခါ စိတ်ထဲမှာ ပေါက်ကွဲချင်တာပဲ ရှိတော့တယ်။ အဲဒီညက မော်ဒန်ကဗျာဆရာလေး သူနေတဲ့အဆောင်ကို လမ်းလျှောက်ပြန်တယ်။ လမ်းမှာ မချစ်ရဲ့ အရက်နီးပါး ပြင်းတဲ့ အရက်တွေကို မိတ်ဆွေတွေက တိုက်တယ်။ စကားသံတွေ ထွက်မလာတဲ့ လူတယောက်ရဲ့ နှုတ်ခမ်းဆီက ဗုံးသံ၊ အမြောက်သံတွေထက် ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ထွက်ကျလာနိုင်တယ်ဆိုတာ မိတ်ဆွေတွေက သိတယ်။ ဒီတော့ ကဗျာဆရာလေးရေ သောက်ပေါ့။ ပဲကြီးလှော်အမြီးကို ကြိတ်ကာဝါးစမ်းပေါ့။ ကိုယ်တိုင် ထမင်းနပ်မမှန်တဲ့ ဘ၀မှာ ကဗျာဆရာ ကလေးကရော ဘာများတတ်နိုင်ဦးမည်နည်းပေါ့။ အဲဒီညက မော်ဒန်ကဗျာဆရာကလေး ငိုတယ်။ မျက်ရည် မကျဘဲ ငိုတာ ပိုလို့အခံရခက်တယ်။ ပြီးတော့ သူ့ရဲ့ အကိုလို၊ ဆရာလို၊ ကဗျာရေးဖေါ် ရေးဖက်ကြီး ကိုချော နွယ်ရဲ့ ကဗျာတွေကို ရွတ်တယ်….
`လူတယောက်ရဲ့ အဓိပ္ပါယ်ကို
လာမစွက်ဖက်နဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်နေ
ဆုံးရှုံးခဲ့တယ် ဆိုတာပဲ
သေချာပလေ့စေ။
…………………..
…………………..
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ။
…………………..
ဘယ်သူဟာ
ကမ္ဘာမြေတခုလုံးလုံး
ဆုံးရှုံးခဲ့ဖူးသလဲ
ကမ္ဘာမြေတခုလုံး ဆုံးရှုံးသူသာ
ကမ္ဘာမြေ ပြန်ရပေလိမ့်။
(ပင်မှည့်တေး … မောင်ချောနွယ်)
ပြည်
ပြည်မြို့ကို ဗမာပြည်ရဲ့ မြေလတ်မြို့တမြို့လို့ အသိအမှတ်ပြုထားကြတယ်။ ပြည်ရဲ့ ဆောင်းနံနက်ခင်းမှာ ကျနေတဲ့ နှင်းတွေကို ပြည်မြို့သား ကိုခင်ဝမ်းက ခရမ်းနုရောင် ကလေးတွေအဖြစ် ခံစားရေးဖွဲ့သီဆိုခဲ့တယ်။ သားသမီးလေးတွေကို ကြက်ဥဟင်းကျွေးချင်လွန်းလို့ သွေးလှူပြီးရလာတဲ့ ကြက်ဥကလေးတွေကို ချက်ကျွေး ပြီး အဲဒီကြက်ဥကလေးတွေဟာ ဖေဖေ့ရဲ့ သွေးဥကလေးတွေ ဖြစ်တဲ့အကြောင်း ပြည်မြို့သား ကိုဆွေက ၀တ္ထုတိုအဖြစ် ထုဆစ်ရေးဖွဲ့ခဲ့တယ်။ ပြည်ဟာ ခေတ်အဆက်ဆက် တော်လှန်ရေးသမား၊ အနုပညာရှင်များ၊ ကိုယ်ကျင့်တရားကောင်းတဲ့ နိုင်ငံရေးသမားများကို မွေးထုတ်ရာမြေ။ ကိုချောနွယ်ရဲ့ နှစ်ထပ်သင်္ဘောဆိပ်နဲ့ မြို့ကလေးဟာ သူသိပ်ချစ်တဲ့ ပြည်မြို့ကလေးပါပဲ။ ကဗျာဆရာ တယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပစ်ချ စိုက်ပျိုးခဲ့တဲ့ ကိုချောနွယ်ရဲ့ ဘ၀ဟာ ကြောက်စရာကောင်းတဲ့ ရူးသွပ်ဖွယ်ရာ ဒုက္ခတွေနဲ့ အတိပြီးလို့ …။ အဲဒီ လို နာကျင်နေတဲ့ နှလုံးသားနဲ့ သူ့မြို့ကလေးကို ပုံဖေါ်ပြန်တော့လည်း အိပ်မက်ထဲက နတ်တို့ ဖန်ဆင်းထားတဲ့ မနာလိုစရာကောင်းအောင် သိပ်လှနေတဲ့ မြို့ကလေးနှယ် ….
`နေတဖွေးဖွေး လေတဖွေးဖွေး
……………………………….
သဲတဖွေးဖွေး ဖုံတဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး။
……………………………….
မမတင်ဟာ ကျောင်းအုပ်ဆရာမကြီးပေါ့
မမတင်က
လင်မယူ သားမမွေး
အနာဂတ်သစ်တွေကို မွေးတယ်
စာကျက်သံ စာအံသံ တညံညံတွေကို မွေးတယ်
အဝေးပြေး အသံသစ်တွေကို မွေးတယ်။
(မမတင်ရဲ့ ကျောင်းကလေး … မောင်ချောနွယ်)
မသေတဲ့ကဗျာ …. သို့မဟုတ် ကိုချောနွယ်
စကားပြောရင် ကဗျာတွေဖြစ်တယ်။ လောကကြီးကိုလည်း ကဗျာအဖြစ်မြင်တယ်။ မဒမ်ကျူရီကို လေးစား အသိအမှတ်ပြုသလို မမတင်ရဲ့ နွမ်းပါးဆင်းရဲလှတဲ့ စာသင်ကျောင်းကလေးရဲ့ လောကပါလတန်ဖိုးကို အသိ အမှတ်ပြုတယ်။ အညာကို ဆန်တက်မလိုလိုနဲ့ အကြေကို စုန်ဆင်းသွားတဲ့ `ဆတ်သွား´ ကို ထောက်ပြရေး ဖွဲ့တယ်။ သူ့ကဗျာတွေထဲမှာ ခေတ်ကို ထင်ဟပ်ချက်တွေ၊ မတရားမှုတွေ၊ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘ၀အမောတွေ … လွတ်မြောက်ရာ တိုက်ပွဲလမ်းတွေ သစ္စာတရားရဲ့ အောင်ပွဲနဲ့ လားရာကို ဖေါ်ညွှန်းထားတဲ့ နိမိတ်ပုံလှလှ ကဗျာတွေ… သူဟာ ကဗျာကိုချစ်ပြီး ကဗျာပဲရေးလို့ ကဗျာအပေါ် သစ္စာရှိရှိရပ်လို့ ဆင်းဆင်းရဲရဲ ရိုးသားစွာ ဘ၀ကို အနိုင်ပိုင်းသွားခဲ့သူ။ သူ … ကိုချောနွယ်ဟာ ရန်သူကလွဲလို့ သူ့ကို မုန်းသူမရှိသူပါ။ တီဘီ ရောဂါနဲ့ ဆေးရုံတက်ရတော့လည်း တီဘီရောဂါပိုးတွေနဲ့ တိုက်ပွဲဆင်ရပုံကို တကယ့်တော်လှန်ရေး ခုခံစစ် တိုက်ပွဲကို နိုင်အောင်တိုက်ခဲ့ရသလို စစ်ပွဲစကားလုံးတွေနဲ့ မှော်ဆန်ဆန် ရေးဖွဲ့သွားခဲ့တယ်။ အထက်တန်းကျ တဲ့ရေ၊ ဆတ်သွား၊ ၀တ်မှုန်ကုးကြ၊ နတ်တို့ခိုးဝှက်ခြင်း ခံရတဲ့ကဗျာ …. စတဲ့ များပြားတန်ဖိုးရှိလှတဲ့ ကဗျာတွေ … အို … အများကြီး … အများကြီးပါ။
ခုတော့ သူမရှိတော့ပါဘူး။ လူ့လောကမှာ ကိုချောနွယ်ဆိုတဲ့ ရုပ်ခန္ဓာကြီး မရှိတော့ဘူး။ သူ … ကိုချောနွယ် သေဆုံးသွားခဲ့ပါပြီ။ သူ မမတင်ရဲ့ ကျောင်းကလေးကို ထားခဲ့ပြီ။ ပေတိုးကို ထားခဲ့ပြီ။ ဂျုံးနီကို ထားခဲ့ပြီ။ သူသိပ်ချစ်တဲ့ ညီမလေးမမမြင့်နဲ့ သူ့ရင်သွေးတွေကို ထားခဲ့ပြီ။ သူသိပ်ချစ်တဲ့မြို့၊ သူ့ ရေးဖေါ်ရေးဖက် ကဗျာဆရာများ၊ လောကဓံတရားကို ထိပ်ပုတ်ခဲ့တဲ့ မချစ်ရဲ့အရက်ပြင်းပြင်း၊ သူကိုယ်တိုင် နားရွက်ကို တံတွေး စွပ်လိုက်တဲ့ မစ္စတာချာလီ …. အားလုံးကို သူထားခဲ့ပြီပေါ့။
သူ …. ကိုချောနွယ်ဟာ မသေတဲ့ အရာတွေကို ထားသွားခဲ့တယ်။ သူ့နာမည်၊ သူ့ရပ်တည်မှု၊ သူ့ကဗျာတွေ …။ ဘ၀မှာ ရိုးသားစွာ ဆင်းရဲနွမ်းပါးခဲ့သူ ကိုချောနွယ်။ လောကမှာ ချစ်သင့်ချစ်ထိုက်သူတွေကို သူက ချစ်ခဲ့ပြီး ချစ်သင့်ချစ်ထိုက်တဲ့ သူတွေကလည်း သူ့ကို မေ့မရအောင် ပြန်ချစ်ခြင်းကို ခံယူရရှိသွားတဲ့ ကိုချောနွယ်။
ကိုချောနွယ်ရေ … ကျနော်တို့ဟာ ခင်ဗျားကဗျာတွေကိုဖတ်၊ ခင်ဗျားကဗျာတွေကို ခံစားပြီး ခင်ဗျားကဗျာ တွေက ပေးတဲ့ message နဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်းခဲ့ကြသူတွေပါ။ လက်နက်ကိုင် တော်လှန်ရေးဆိုတာကလည်း ခင်ဗျားရေးခဲ့တဲ့ ကဗျာခေါင်းစဉ်လို `လူကြိုက်နည်းတဲ့ ကောင်´ ပါပဲ။ ဒီတော့ တော်လှန်ရေး လောကဓံတရားကလည်း လှလှပပကြီးကို အစွမ်းပြတာ ခံနေရတယ်ပေါ့။ ဒါပေမယ့် ကျ နော်တို့ စိတ်ဓာတ်မကျခဲ့ဘူး။ အဆိုးမြင်ဝါဒီ မဖြစ်အောင်လည်း နေနိုင်ခဲ့တယ်။ စိတ်ထဲ အလိုမကျမှုတွေနဲ့ ကြေကွဲ လာရင် ဆရာ`မြ´ ဘာသာပြန်တဲ့ `ဖိုးမာ ဂါဒီယက်´ ကို ဖတ်တယ်။ ဆရာဗန်းမော်တင်အောင် ဆေးရုံပေါ်မှာ နောက်ဆုံးရေးသွားတဲ့ `ဂျက်လန်ဒန်၊ သူ့ဘ၀၊ သူ့စာပေ´ ကို ဖတ်တယ်။ ……. တွေကို ဖတ်တယ်။ ပြီးတော့ ခင်ဗျားကဗျာတွေကို ဖတ်တယ်။ ခင်ဗျားရဲ့ …..
`ည
နောက်ဘ၀များစွာမှာ
ညမဖြစ်တော့တာ သေချာကြောင်း
သက်သေပြလိုက်တဲ့ `ည´
……………………………….
……………………………….
သံပြိုင်တေးတွေ ရေစီးအားကောင်းတဲ့ညပေါ့
ဒီညကို ဖြတ်ရတော့
ဘ၀ဆိုတာ လွမ်းဖို့ အားကောင်းခဲ့တာပေါ့။
………………………………
………………………………
ကျွန်တော် ယောက်ယက်ခတ်ရ
ကိုယ့်နှလုံးသားကို မီးမြှိုက်ခဲ့ပါတယ် အမေ။
ဘယ်သူဟာ ကိုယ့်နှလုံးသားကိုယ် မီးမြှိုက်ခဲ့ပြီး
ဒီမီးကို လှုံရဲခဲ့ပါသလဲ။
ကျွန်တော်ကတော့ ရဲရင့်ပေါ့ပါးစွာပေါ့ အမေ
ဒီညမှာ
ကျွန်တော်က
ရေဒီယိုသတ္တိကြွတဲ့ ည ဖြစ်လို့ပေါ့။
………………………………………..
(ဆေးစစ်ခံတဲ့ ည … မောင်ချောနွယ်)
ကိုချောနွယ်ရေ တရားမ၀င်တဲ့ ဒုတိယနိုင်ငံတခုမှာ လက်နက်ကိုင်တော်လှန်ရေး လုပ်ရတာလည်း ခင်ဗျားရဲ့ `ငှက်ဆိတ်တဲ့ သစ်စည်း´ တွေလိုပါပဲ။ ဒါပေမယ့် မျိုးဆက်ကတော့ မတိမ်ကောဘူးဗျ။ သတ္တိရှိရှိနဲ့ ယုံယုံ ကြည်ကြည် `၀တ်မှုန်ကူးကြ´ ဖို့ပဲ လိုတယ်။ ဒီတော့ ကိုချောနွယ်ရေ … ခင်ဗျား သေတယ်ဆိုတာ ဖြစ်မှမဖြစ် နိုင်တာဘဲ ….။ တကယ်ပါ ကိုချောနွယ်ဆိုတဲ့လူဟာ `မသေတဲ့ ကဗျာ´ ဖြစ်တယ်။
ကမာပုလဲ (ကျောင်းသားတပ်မတော်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
3:34 PM
0
comments
Labels: အမှတ်တရ
စက်တင်ဘာရပ်ဝန်းမှာ ငါတို့ဆုံးခဲ့ရ
ကိုမွှေး
ပြည်မြို့ရဲ့ မင်းမင်းကဖီး ၊ လူထုဆန္ဒ လက်ဖက်ရည်ဆိုင် ၊ ဧရာဝတီမြစ် ဗိုက်သားပေါ်က အဆီတစ်တစ်တွေ နဲ့တူတဲ့ နွေထွန်းသဲသောင်ပြင်များ …
ပြီးတော့ ရွှေဆံတော်၊ မင်းကြီးတောင်၊ ရွှေဘုန်းပွင့် ပိဋကတ်တိုက်၊ ဗိုလ်ချုပ်ကြေးရုပ်ကြီး၊ ဗန်းမော်တင်အောင်၊ ကိုချောနွယ်၊ ကိုခင်ဝမ်း၊ ကိုဆွေ တလမ်းမောင်းကွေ့က လက်ဖက်ရည်ဆိုင်လေး ...
ခုတော့ တလမ်းမောင်းကွေ့က လက်ဖက်ရည်ဆိုင်ကလေးလည်း မရှိတော့။
ထိုဆိုင်မှ ကဗျာချစ်သော ညီအကိုများလည်း ဘယ်ရောက်ကုန်ပီ မသိတော့။ ထို့အတူ ဗန်းမော်တင်အောင်၊ ကိုခင်ဝမ်းနှင့် ကိုချောနွယ်လည်း မရှိတော့။
ပြည်မှာတော့ ရွှေဆံတော်၊ မင်းကြီးတောင်၊ ရွှေဘုန်းပွင့် ပိဋကတ်တိုက်၊ ဗိုလ်ချုပ်ကြေးရုပ်ကြီးနှင့် ကိုဆွေတို့ တော့ ကျန်နေသေးကောင်းကျန်နေပါလိမ့်မည်။
ပြည်မြို့သည် မာယာကော့ဖ်စကီးထက်ခမ်းနားသော အမြည်းအစားနည်းသည့် ကဗျာဆရာကို မွေးထုတ်ပေး ခဲ့သလို မျိုးဆက်နှင့် တော်လှန်သူအပေါင်းကိုလည်း မွေးထုတ်ပေးရန် တာဝန်မပျက်ကွက်ခဲ့သော မြို့ကောင်း မြို့သန့်တစ်မြို့၊ ထိုမြို့ကောင်းမြို့သန့်၏ အလင်းဆိုင်များမှ ဖန်ချောင်းမီးရောင်အောက်မှ ညများသည် ရုရှား ပြည်၊ ပြင်သစ်ပြည်၊ အင်္ဂလန်ပြည်၊ အမေရိကန်ပြည်တို့မှ စာပေချစ်သူတို့၏ ကော်ဖီဆိုင်ညခင်းများနှင့် မခြား နားသော ရင်ခုန်သံတို့ဖြင့် အသက်ဝင်ကြ၏။ ထိုအသက်ဝင်မှုတကာတို့အား ညှို့ယူဖမ်းစားသော ကဗျာတန်ခိုး ရှင်သည်ကား ဂျစ်ကားပေါ်မှာ ပေါင်သားအလှပေါ်အောင် ထိုင်သွားတတ်သော အရာရှိကတော်လိုလည်း နေတတ်သေးသည့် ကိုချောပင်ဖြစ်သည်။
တခါက မောင်သွေးချွန်ဆိုသည့် နိုဘယ်လ်ဆု အင်မတန်လိုချင်ရှာသည့် ပုဂ္ဂိုလ်ထူးတယောက်ကပင် ယုံကြည် ချက် မလုံမလဲဖြင့် ကိုချောနွယ်နှင့်သူ နိုဘယ်လ်ဆု ရသင့် .... ဆိုသလိုမျိုးတောင် ရေးသားဖူး၏။ ထိုအခါ သမယတွင် ကိုချောနွယ်သည် နိုဘယ်ဆုထက် ဆတ်သွားက မချစ်ချက်တဲ့ အရက်ကို ပိုမိုခုံမင်နေခဲ့၏။
မြန်မာ့ဘ၀နှင့် ကျေးလက်ကို သူ့ကြက်ရင်အုပ်သာသာ ရင်အုပ်ထဲ ချောင်ချောင်ချိချိ ထိုးသွင်းရင်း လှလှပပ ပြန်အန်ပြခဲ့၏။ ထိုအန်ဖတ်များသည်ကား ... မသေသောကဗျာအဖြစ် မျိုးဆက်သစ် လူငယ်တို့၏ ရင်ဘတ်ထဲ
စိုရွှဲသွားအောင် လာရောက်ထိခတ်၏။
ကဗျာဆရာတွေချစ်တဲ့ ကိုချော၊ အယ်ဒီတာတွေချစ်တဲ့ ကိုချော၊ ကိုအောင်ချိမ့် စိတ်ညစ်သော်လည်း မပစ် နိုင်သည့် ကိုချော …
ရင်ဘတ်ဆွဲကြိုးနှင့် မဂိုမလေးကို ဇနီးမယားတော်ကာ ချမ်းသာနေသော သုခမိန်လှိုင် မငြီးငြူသည့် ကိုချော …
စာရေးဆရာ၊ အယ်ဒီတာ၊ ရောင်းရင်းကဗျာဆရာတို့ မငြိုငြင်ခဲ့သည့် ကိုချော …
မမမြင့်ရဲ့ ရတနာ၊ တိုင်းပြည်ရဲ့ ရတနာ ကိုချောကို ကျနော်တို့ ကျပျောက်ခဲ့သည်မှာ ခြောက်နှစ်ပင် ပြည့်ခဲ့ပြီ ဖြစ်သည်။
ကိုချောရေ … ငိုသောမျက်ဝန်း သီချင်းဖြစ်ချိန်မှာ ဧရာဝတီကိုယ်တိုင်က သီချင်းတွေကို သယ်ဆောင်တဲ့ မြစ်ဗျ၊ ကျနော်တို့ ရင်ခုန်ခဲ့ရတယ်... ဒီလို ကဗျာမကျ စာမကျပြောတိုင်း ဒန်တီး၏ မြစ်ကို ထမ်းပြန်လာလေ့ရှိသော ကိုချောတယောက် နိဗ္ဗာန်မှာ ငြိမ်သက်ခြင်း မရှိခြင်း နတ္ထိဖြစ်ခြင်းတို့အား ကဗျာဆေးသား ခြယ်နေမည်လော..။ နတ်ဘုံနတ်နန်းမှာ တဖက်နတ်သမီးငါးရာရှေ့မှာ ယက်ဖ်တူရှင်ကိုလို ကဗျာတွေများရွတ်နေမလား။ မဟုတ် သေး ... မောင်ချောနွယ်ဟာ မောင်ချောနွယ်လိုပဲ ကဗျာတွေရွတ်နေမှာပေါ့။
မြန်မာစာပေလောကကို ပြန်ကြည့်လျှင် အခြားအခြားသော အနုပညာလောကများထက် ပိုမိုမွဲတေဆင်းရဲ ကြရ၏။ ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာ၊ သရုပ်ဖော် ပုံဆွဲဆရာတို့ မွဲလှသည်မှာ ဦးပုည သက်ရှိ ထင်ရှားရှိလျှင် ရေသည်ပြဇာတ်ထက် စာပေလောကပြဇာတ်ကိုပင် ရေးလောက်သည်ထင့် ...။ ထိုမွဲလှသည့်ထဲ ကိုချောလည်း တယောက်အပါပေါ့ ...။ စေတနာတော့ မမွဲလှသော စာပေသမားများ၏ ထုံးစံအတိုင်း ကို ချောနွယ်၏ အိမ်ကလေးသည် ကဗျာဆရာ စာရေးဆရာ ပေါက်စတို့၏ စားအိမ်သောက်အိမ် အနွံတာ အငြို ငြင်ပေးသမျှ မမမြင့်က မညည်းညူရှာခဲ့။
အကယ်၍ ကျနော်တို့ တိုင်းပြည်သည်သာ အခြားတိုင်းပြည်များကဲ့သို့ စာပေပညာရှင်များ ကဗျာဆရာများကို တန်ဖိုးထားတတ်ပါလျှင်၊ အကယ်၍ ကျနော်တို့တိုင်းပြည်သာ အခြားတိုင်းပြည်များကဲ့သို့ ဒီမိုကရေစီနှင့် လူ့အ ခွင့်အရေးပြည့်ဝစွာ လူတန်းစေ့ နေနိုင် စားနိုင် ဖန်တီးရုန်းကန်နိုင်ပါလျှင် ယနေ့ ကျနော့်အနေဖြင့် ဤစာကို ဤကဲ့သို့ ရေးနေဖို့မလို။ ကိုချောတယောက် ကျန်းကျန်းမာမာ ၀မ်းပန်းတသာဖြင့် လောကဓံတရားနှင့် ကမ္ဘာ ကြီးကို ကဗျာတွေ တစ်တစ်ရစ်ရစ်ဖြင့် ပျစ်ပျစ်နှစ်နှစ် သီဖွဲ့ခြယ်သနေဦးမည်ဖြစ်သည်။
ကျနော့်ရင်ထဲတွင်တော့ ....
ငါတို့ မာယာကော့ဖ်စကီးကို မပိုင်ဘူး
တော်လ်စတွိုင်းကို မပိုင်ဘူး
ငါတို့ ဗားတော့ဗရက်ကို မပိုင်ဘူး
ယက်ဖ်တူရှင်ကိုကို မပိုင်ဘူး
ငါတို့ ဂျွန်ကိစ်ကို မပိုင်ဘူး
ငါတို့ ... မောင်ချောနွယ်ကို ပိုင်ခဲ့တယ်
ငါတို့ ... မောင်ချောနွယ်ကို ပိုင်ခဲ့တယ် ...
ငါတို့ကို မောင်ချောနွယ်ပြန်ပေး ... …
ငါတို့ကို မောင်ချောနွယ်ပြန်ပေး ... ဟုသာ ကလေးတယောက်ကဲ့သို့ ......။ ။
ကိုမွှေး
Posted by
ဒေါက်တာလွဏ်းဆွေ
at
3:24 PM
0
comments
Labels: အမှတ်တရ
မှတ်မှတ်ရရ … ဆရာချောနွယ်
ညိုထက် (လမ်းသစ်ဦး)
မှတ်မှတ်ရရ …
ရှစ်လေးလုံး အနှစ်(၂၀)ပြည့် အထိမ်းအမှတ်ပြုတဲ့ ပွဲလေးကို ကျနော်နဲ့ မိတ်ဆွေတချို့၊ ရဲဘော်တချို့က အမှတ်တရ စကားဝိုင်းလေး လုပ်မယ်ဆိုတော့ စကားဝိုင်းကို အမည်ရွေးဖို့ ကျနော့်ကို တာဝန်ပေးကြတယ်။ သိပ်အများကြီး မစဉ်းလိုက်ရပါဘူး … ဆရာချောနွယ် ရောက်လာတယ်။
ဂျင်းဘောင်းဘီ အိတ်ထဲကို လက်နှိုက်လို့၊ လေလေးချွန်လို့ …
သူပြောတယ် …
လူတွေဟာ ဒီပင်လယ်ကို ကျယ်ပြန့်အောင် နက်ရှိုင်းလှပအောင် မစီးဆင်းတတ်ကြဘူး …
ဝမ်းနည်းမှုနဲ့သာ ကျန်းမာခဲ့ရ … ရွှေအသက်ရှူသံတွေ တုံးလုံးပက်ခေါက်လဲကျ … ၀တ်မှုန်ကူးကြ … သွေးလေမြန်ဆန်တဲ့ မြို့ကြီးတွေနဲ့ … အထူးဝတ်မှုန်ကူးကြ …
ကျနော့်တို့လုပ်မယ့် စကားဝိုင်းလေးရဲ့ အမည်ဟာ လင်းခနဲ ပွင့်လာတယ်။ လိပ်ပြာလေးလို ၀ဲလို့ …။ ပန်းပွင့်လေးတွေက လှုပ်ရမ်းလို့ …။ ပန်းမျိုးသစ်ကလေးတွေက ကမ္ဘာမြေပြင်အလုံးမှာ အမြစ်စွဲလို့ …။ ပန်းရောင်စုံရှုခင်းနဲ့အတူ ကျနော်ရေးချလိုက်တဲ့ ရှစ်လေးလုံး အနှစ်(၂၀)ပြည့် အထိမ်းအမှတ်ပြု စကားဝိုင်းရဲ့ ခေါင်းစီးက …
ဂငယ် သုံးခု အုတ်ရှစ်ထု
အနှစ်(၂၀)ကို ၀တ်မှုန်ကူးခြင်း
မှတ်မှတ်ရရ …
သြဂုတ် (၁၂) ရက်နေ့။ ကျနော် သောင်ရင်းကို ရောက်တယ်။ သောင်ရင်းဟာ တောင်ဘက်ကနေ မြောက် ဘက်ကို စီးဆင်းနေတဲ့ သဘာဝလွန်မြစ်။ အဲဒီသဘာဝလွန်မြစ်ရဲ့ ကမ်းနဖူးမှာ ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ ဆက်ဆံရေးကောင်းတက်တဲ့ လူတွေကို စွန့်၊ အမှိုက်တွေ အသိုက်ဖွဲ့နေတဲ့ အရပ်ဒေသကို စွန့်၊ ကိုယ့်နှလုံး သားကိုယ် မီးပုံရှို့ပြီး လှုံရဲခဲ့သူတွေ၊ ကမ္ဘာမြေတခုလုံးကို ဆုံးရှုံးသူသာ ကမ္ဘာမြေကို ပြန်ရပေလိမ့်လို့ ယုံကြည် သူတွေ၊ ငါတို့တတွေ စိုက်မိတဲ့ စိတ်စိုက်ကွင်းတွေဟာ စံကွက်အမှန်တွေပါလို့ ယုံကြည်ကြသူတွေ ရှိကြတယ်။ ကျနော် သူတို့ရှိရာကို ပုလဲလိုနေတဲ့ လယ်ကွက်တခုလို ဆိုက်ရောက်သွားတယ်။ ဘ၀ကို ညှစ်ကြည့်တော့ အချိုရည်လေး ကျန်သေးပါတယ်။ ကျနော်နဲ့အတူ ကြခတ်(ရင်း - ၈)လည်း ပါတယ်။ ကျနော်တို့ရောက်သွားတော့ သောင်ရင်းဟာ ၀၀ဖြိုးဖြိုးပါပဲ။ သူ့တခေါင်းလုံး ကလစ်သေးသေးလေးတွေနဲ့ အလှဆင်ထားတဲ့ အပျိုမတယောက်လို သောင်ရင်းဟာ မောင်းပြန်သေနတ်တွေနဲ့ အလှဆင်ထားတယ်။ အဲဒီ ၀၀ဖြိုးဖြိုး သောင်ရင်းရဲ့ ပုခုံးထက်ကနေ စောမူသာ (ဆေး)က ကျနော်တို့ကို ကြိုတယ်။ ညဘက်ရောက်တော့ မိုက်တွင်းနက်နက် ကဗျာပေါ်ချစ်တဲ့ အချစ်တွေ မြေသြဇာကောင်းကောင်းနဲ့ ထွားကြိုင်းလာခဲ့တယ်။ ဟုတ်ကဲ့ … ကျနော်တို့ ကဗျာတွေကို လုံးတိုက်ကြီး ပြုတ်ကျလာတဲ့ အချစ်တွေနဲ့ အသံထွက် ဖတ်ခဲ့ကြတယ်။ သောင်ရင်းက ပြောင်းပြန်ကြီး စီးနေတယ်။ ကျနော် ပထမဆုံး ကြယ်ပြာလေးနဲ့ ထမင်းစားလိုက်တယ်။
ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့။
ကျနော် ဘ၀ရဲ့ အစိတ်အပိုင်းထဲက အန်အန်ကျလာတဲ့ ကဗျာဆိုချင်စိတ်တွေပေါက်လာတိုင်း ဆရာချောရဲ့ ဒီကဗျာ “ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်” ကဗျာဟာ မီးခိုးတအူအူနဲ့ ဆိုက်ကပ်လာလေ့ ရှိတယ်။
အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တပစ်စာရယ်ပါ။
သားမှာတော့
ယူဇနာ သန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။
ကျနော် ဒီကဗျာကို ဆိုခဲ့တဲ့အကြိမ်တွေများစွာ။ ပြောက်ကြားစစ်ဒေသ လွယ်ဖီတောင်ကြောပေါ်မှာ၊ (အဲဒီအချိန် က လက်ရေးနဲ့ ရေးယူလာတဲ့ ကြယ်ပြာလေးပေါ့)၊ ဒေါင်းဂွင် ဂတ်စ်ဟောက်စ် အင်ဖက်အမိုး အောက်မှာ၊ ခံစစ်ကုန်း နောင်လုံမှာ၊ ရန်ထိုး ငါထိုးဒေသထဲက သာမိတိုက်ရွာကလေးမှာ၊ ဇလားဆိုတဲ့ ဒုက္ခသည်စခန်းမှာ၊ မူယူချောင်းဘေးမှာ၊ မဲဆောက် တိုက်ပျက်ကြီးနောက်က ပြန်/စည်း ရုံးဟောင်းလေးမှာ… အခု ပြောင်းပြန် စီးတဲ့သောင်ရင်းမှာ …
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျနော်ဘယ်လောက်မှားယွင်းမိလို့လဲ အမေ …
မှတ်မှတ်ရရ …
ကျနော့်မှာ တော်လှန်တဲ့ သူရဲကောင်းဆိုတဲ့ ဆူးခတ်သရဖူကို မြေအမာဓာတ်ကို ထိုးခွဲတဲ့ မျှစ်တွေလို ရွပ်ရွပ် ချွံချွံ ရယူခဲ့တဲ့ ပြည်မြို့သား ရဲဘော်ကြီးတွေရှိတယ်။ တိမ်ကိုစီး၍ သစ္စာရှာခဲ့သူ ရဲဘော်ကြီး ညိုထွန်းအောင်၊ ဂေါ်ဘာချော့က သူရဲကောင်းဝါဒ ကမ္ဘာလောကမှာ အပြီးတိုင်ကျဆုံးသွားပြီဖြစ်ကြောင်း တင်ပြချက်ကို ငြင်း ဆန်ခဲ့သူ ရဲဘော်ဆေး၊ မိန်းမကြီးတယောက်လို မည်တွန်တောက်တီးတတ်ပေမယ့် ချစ်စရာကောင်းတဲ့ ရဲ ဘော်ဒွန်း၊ လက်နှစ်ဖက်ပြတ်နေပေမယ့် အရှုံးပေးရေးစိတ်ဓာတ် တိုရေရှားရေနိုင်လှတဲ့ ငြိမ်းစု … သူတို့အား လုံးဟာ ကိုဆွေ၊ ကိုခင်ဝမ်းနဲ့ ကိုချောနွယ်ကို ပြည်မြို့ရဲ့ ခြင်္သေ့ကြီးများအဖြစ် အမြဲဂုဏ်ယူခဲ့ကြ။ သူတို့အ ကြောင်းတွေကို မမောတမ်း၊ မပမ်းတမ်း ပြောခဲ့ကြ။ ကိုခင်ဝမ်းရဲ့သီချင်းတွေကို ဆိုခဲ့ကြ၊ ကိုချောနွယ်ရဲ့ ကဗျာတွေကို ဆိုခဲ့ကြ … ကျနော်တို့ရဲ့ ကိုတိုက်မောင်းကတော့ ဆရာချောကဗျာတွေ ဖတ်ပြီး “ကျုပ်တို့ ကျန် ခဲ့ပြီဗျို့”လို အော်ဟစ်ခဲ့တယ်။ နောက်ပိုင်းရေးတဲ့ သူ့ကဗျာတွေဟာ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။
ဝယ်ထားလိုက်
ဝယ်ထားလိုက်
အဲဒီ ဆားငန်ရည်တွေဟာလေ
ဝယ်ထားသိမ်းဆည်းရမယ့် အရာတွေပါကွယ်။
မှတ်မှတ်ရရ …
ကျနော်မှာ ကဗျာစာအုပ်ကလေး ၂ အုပ် ရှိခဲ့ဖူးတယ်။ ပဉ္စမအကြိမ်ညီလာခံကို ဂုဏ်ပြုထုတ်ဝေတဲ့ “မချစ်မနှစ် သက်သူတို့နဲ့ ကွေကွင်းပြီးနောက်” ကဗျာစာအုပ်ကို မောင်ချောနွယ်ဆန်တယ်လို့ ဝေဖန်တာ ခံရဖူးတယ်။ ကျနော်ရေးခဲ့တဲ့ ၀ထ္ထု၊ အက်ဆေးတွေမှာ ဆရာချောရဲ့ စာတွေကို ယူသုံးခဲ့တာတွေ ရှိခဲ့တယ်။ ပြောရမယ် ဆိုရင် ဆရာချောဆိုတဲ့ သစ်ပင်ကြီးက ချွေခဲ့တဲ့ အရိပ်အောက်မှာ ဘ၀အမောတွေ ဖြေခဲ့ဖူးတယ် ဆိုတာပါ။ အေးလေ ဘ၀ကိုကလည်း အခြစ်ရေးအဆင်မပြေတဲ့ ကြေးမီးခြစ်ကြီးမဟုတ်လား။ ဆရာချောရဲ့ ကဗျာဆလိုး မိုးရှင်းကို သဘောကျတယ်။
မကျည်းရွက် အဟောင်းအမြည်းတွေက
တစိမ့်စိမ့် တလိမ့်လိမ့်
အနှေးကြွေကျ။
ကျနော် ဆရာချောကဗျာတွေထဲက အမြဲတမ်းအလွတ်ရနေတဲ့ အပိုဒ်လေးတခုရှိတယ်။
တောအလှူတခုမှာ
လူချင်းတိုက်မိလို့
မတော်တဆ ပန်းကန်ထဲဖိတ်ကျတဲ့
အသားတုံးအကျလေးတောင်မှ
မစားရသူ မေလ။
မှတ်မှတ်ရရ …
ကျနော်နဲ့ ဆရာချော တခါမှ မတွေ့ဖူးဘူး။ ကျနော်က ၀ယ်တိုက်မယ့် ရေခဲစိမ်ဘီယာကို သူ့ခွက်ထဲ အရင် ထည့်ပေး သူ့ကို အလျင်သောက်စေခြင်းနဲ့ သူကို မြောက်စားချင်တဲ့ ဆန္ဒတော့ ရှိခဲ့တယ်။ သူ့လိုပဲ လူသား တယောက်နဲ့ တယောက် နူးညံခြင်းပြိုင်ပွဲ မရှိခဲ့တာတော့ ကျနော်လည်း သူ့လို ရယ်သွမ်းသွေးလိုတဲ့ အာသီ သရှိပါတယ်။ သူ့လိုပဲ သင်္ဘောပျက်တစီးပေါ်က အိပ်မက်တွေကို စာနာတဲ့လူ ဖြစ်ချင်တယ်။ ဘ၀ကို ပွဲတော် လိုတွေးခေါ် အနုပညာမှော်တွေနဲ့ ကန်သွင်းခဲ့တဲ့ သူ့ရဲ့အရိပ်တွေကို ရင်ဘတ်ကြီး ဗြန်းဗြန်းကွဲတဲ့အထိ ပသာဒ လိုက်ချင်ပါတယ်။ ကြမ်းပိုးများတဲ့ အိပ်ရာမှာ အိပ်ပြီး ဆေးစစ်ခံတဲ့ညတွေမှာ ကိုယ့်ဘ၀ကို မီးပုံရှို့ပြီး လှုံပြရဲတဲ့သတ္တိကို သဒ္ဓါကျခဲ့ပါတယ်။ ကဗျာရေးတာ ကျနော်ရဲ့ ကံနာ ၀ဋ်နာပါလို့ ဆိုသူဟာ ကဗျာကို သားဖွားခန်းရောက် မိန်းမ သူလင်သားကို စိတ်နာသလို နာပေမယ့် တဘ၀လုံး ကဗျာမှော်အောင်ခဲ့တဲ့ ဆရာ ချောရေ … ကျနော်လည်း ဘ၀ရဲ့ အာသီသအဖြစ် သူပုန်မှော်အောင်ချင်တယ်လို့ ရေးခဲ့တယ်။
မှတ်မှတ်ရရ …
ဆရာချောရဲ့ ကဗျာဖြစ်တည်ခြင်းဆိုင်ရာ အယူအဆလေးနဲ့ ဒီစာကို အဆုံးသတ်ချင်ပါတယ်။
“ဆယ့်ခြောက်အောင်စ အလေးချိန်ရှိတဲ့ လူသားရဲ့အသည်းနှလုံးဟာ တနေ့ကို အကြိမ်ပေါင်း တသိန်းတိတိ ခုန်ချက်ရှိတယ်လို့ ဆေးဘက်ဆိုင်ရာကျမ်းတွေက ဆိုတယ်။ လူတယောက်ရဲ့ တနေ့တာ နှလုံးခုန်ချက်ဟာ အကြိမ်တသိန်းခုန်ချက်ရှိတယ်ဆိုတဲ့ အထက်ပါဆိုလိုချက်ကို ကျနော်လက်ခံပါတယ်။ ဒါပေမယ့် ကျနော့်အလို အရတော့ အကြိမ်တသိန်းတိတိခုန်ချက်ဟာ ထိချက်တချက် မဖြစ်နိုင်ဘူး။ အခိုက်ဓာတ်တခု မဖြစ်နိုင်ဘူး။ ခိုက်ထိချက်တချက် မရနိုင်ဘူး။ ပြီးတော့ ထိချက်တချက်ဟာလဲ မှော်သားဓာတ် မစေးကပ်၊ မပါဝင်နိုင်ပြန်ဘူး။ အဖိတ်အစဉ်ရှိသလို မှော်သားအထူအပါးလဲ ကွဲသွားနိုင်ပါသေးတယ်။ ထားပါတော့၊ ထိချက် တချက်လဲဖြစ်ပြီ၊ အခိုက်ဓာတ်လဲ ဖြစ်ခဲ့ပြီ၊ မှော်သားလဲ ပါဝင်ခဲ့ပြီဆိုရင်တော့ အဲဒါဟာ အနုပညာပဲ။ ကဗျာပဲ။ အစစ်ရတနာပဲပေါ့”
ညိုထက်(လမ်းသစ်ဦး)
(ကျောင်းသားတပ်မတော်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
2:53 PM
0
comments
Labels: အမှတ်တရ
မောင်ချောနွယ်ကဗျာပြပွဲ
Posted by
ဒေါက်တာလွဏ်းဆွေ
at
2:45 PM
0
comments
Labels: အမှတ်တရ
ပြီးပါပြီ (မောင်ချောနွယ်)
အရက်နဲ့ စီးကရက်ကို ကြိုက်တယ်
ညီမလေး မမမြင့်ကို ချစ်တယ်
အလင်းရောင်ကို မြတ်နိုးတယ်
ကဗျာနဲ့ သစ္စာထားတယ်
အဆုံးအရှုံးများအတွက် ၀မ်းမနည်းဘူး
မကြေကွဲဘူး
နောင်တမရဘူး
ခရီးကြမ်း ဘ၀ကြမ်းတွေကို ကြင်နာတယ်
လဲပြိုနေသူတွေကို စာနာတယ်
ဒဏ်ရာနဲ့ ရက်များကို လှိုက်လှဲစွာ တွေ့ဆုံတယ်
ယုံကြည်ချက်ရှိတဲ့ ခြေလှမ်းတွေကို ရင်ခုန်တယ်
အမှားတွေနဲ့ သောက်စားမူးယစ်တယ်
ငါးမျှားချိတ်တွေက အစာကို ငါမဟပ်ဘူး
ငါ့ဘ၀ ငါးစာကိုသာ ငါဟပ်ခဲ့တယ်။ ။
မောင်ချောနွယ်
(မြားနတ်မောင်မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၀၂ ခုနှစ်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
2:21 PM
0
comments
Labels: အမှတ်တရ
Tuesday, September 2, 2008
သတင်းမှားတယ်ဆိုတဲ့အပေါ် ဒီဗွီဘီသတင်းထောက် ဦးထက်ရာဇာ ပြန်ရှင်းပြီ
(ရှင်းလင်းသူ၏ အာဘော်သာ ဖြစ်ပါသည်)
သက်ဆိုင်သူများခင်ဗျာ …
ကျနော်ပြုလုပ်ခဲ့တဲ့ မြန်မာဘလော့ဂါများသတင်းနဲ့ ပတ်သက်လို့ အနည်းငယ် ဆွေးနွေးလိုပါတယ်။ အမှန်အ တိုင်း ပြောရရင်တော့ ဒီစာကို ကျနော်ပြန်လည်ရေးသားစရာကို အကြောင်းမရှိပါ (ဘာကြောင့်လဲဆိုတော့ ကျနော့်သတင်း လုံးဝမှားယွင်းမှုမရှိဘူးလို့ အကြွင်းမဲ့လက်ခံထားလို့ ဖြစ်ပါတယ်)။ သို့ပေမယ့် လွတ်လပ်စွာ ပြန်လည်ချေပခွင့်ရှိတယ်လို့ ယူဆမိတဲ့အတွက် ဒီစာကိုရေးရခြင်း ဖြစ်ပါတယ်။
အစကနေ စပြောရရင် ဒီသတင်းကို မရေးသားခင် ၃ ရက်လောက်အလိုမှာကတည်းက ဒီသတင်းကို ကျနော်ရ ထားပြီး ဖြစ်ပါတယ်။ ပိုပြီးသေချာအောင်နဲ့ သေသေချာချာ ဂဃနဏ ပြောနိုင်မယ့် သတင်းရင်းမြစ်တွေကို လိုက်လံစုဆောင်းနေခဲ့တာပါ။ ဒီသတင်းမရေးသားခင် အနည်းဆုံး မြန်မာပြည်တွင်းက ဘလော့လုပ်နေသူတွေ ရော ဘလော့ဂါတွေနဲ့ နီးစပ်သူတွေရော ၅ ယောက်ထက်မနည်း စကားပြောပြီး ဖြစ်ပါတယ်။ သူတို့တတွေ ကိုယ်တိုင်က သူတို့အသံကို မသုံးဖို့ ကတိတောင်းထားသလို ပွဲပိတ်ခံရတာတော့ သေချာကြောင်း အကြောင်း ပြန်ကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်တွင်းသာမက ပြည်ပက ဘလော့လုပ်နေသူတွေဖြစ်တဲ့ မခင်မင်းဇော်၊ ကိုဈာန်၊ မမေငြိမ်းတို့ကို လည်း စုံစမ်းမေးမြန်းဖြစ်ခဲ့ပါတယ် (သူတို့ လက်ရှိထိုင်းနိုင်ငံမှာ ရှိနေပါတယ် မေးကြည့်လို့ ရပါတယ်)။ သတင်း လုပ်မယ့်နေ့မှာ သေသေချာချာပြောနိုင်တဲ့ စာနယ်ဇင်းသမားတဦးက သူ့အသံကို ခွင့်ပြုကြောင်းနဲ့ နံမည်မပါ ရင် ရပါတယ်ဆိုတဲ့ ခွင့်ပြုချက်ကြောင့် အပိတ်ခံရတဲ့အကြောင်း အဲဒီစာနယ်ဇင်းသမားအသံကို သုံးလိုက်ပါ တယ်။ သူတစ်ယောက်ထဲနဲ့ မေးပြီးရေးရင် မသေချာမှာစိုးလို့ အခြားဆန့်ကျင်ဖက်ထောင့်ဖြစ်တဲ့ ကြီးမှူးကျင်း ပမယ်ဆိုတဲ့ မြန်မာနိုင်ငံကွန်ပျုတာပညာရှင်များအသင်း ဖုန်းနံပါတ် ၆၅၂၂၇၆ ကို ထပ်ပြီးဆက်သွယ်ပါတယ်။ သတင်းထဲမှာ သုံးထားတဲ့အတိုင်း အဲဒီဝန်ထမ်းက ပြုလုပ်ခွင့်မပေးတာ ဟုတ်တယ်လို့ ပြန်ဖြေတာကို အား လုံးလည်း သတင်းထဲမှာ ကြားကြမှာပါ။ နောက်သတင်းရင်းမြစ် တစ်ယောက်ကတော့ မြန်မာဘလော့ဂါ တစ် ယောက်ပါ။ သူကတော့ အပိတ်ခံရတဲ့အပေါ် ဝေဖန်သုံးသပ်တာပါ။
ဆိုတော့ သတင်းကို ပြန်လည်သုံးသပ်မယ်ဆိုရင် …
၁။ အပိတ်ခံရတယ်လို့ စာနယ်ဇင်းသမားတစ်ယောက်က ပြောတယ်။
၂။ ကြီးမှူးကျင်းပမယ့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်က အပိတ်ခံရ တယ်ဆိုတာကို အတည်ပြုပြောကြားတယ်။
၃။ ကြားနေသတင်းရင်းမြစ် တစ်ယောက်ရဲ့ ဝေဖန်သုံးသပ်ချက်ပါတယ်။
ဆိုတော့ ဒီသတင်းဟာ ဘယ်နေရာက မှားယွင်းနေပါသလဲ။ အပိတ်မခံရတာကို အပိတ်ခံရတယ်လို့ ရေးရင် တော့ ကျနော့်သတင်းအမှားပါ။ အခုဟာက တကယ်အပိတ်ခံရတာကို အပိတ်ခံရတဲ့အကြောင်း ရေးတာကို မှားတယ်ဆိုရင်တော့ ဘယ်ဟာတွေ မှားသလဲဆိုတာ တိတိကျကျ အချက်အလက်နဲ့ ရေးသားဖို့ လိုပါလိမ့်မယ်။ ရပ်ကွက်ထဲက လူတွေရေးသလို ပိုက်ဆံရတိုင်း လုပ်နေကြတယ် စတဲ့အသုံးအနှုန်းတွေ သုံးဖို့မသင့်တော်ပါ။ သတင်းတစ်ပုဒ်လုံးကို သေသေချာချာ ပြန်လည်နားထောင်ပြီးမှ ကျနော့်ထံကို စာရေးသားစေချင်ပါတယ်။ အ သံနဲ့လွှင့်တဲ့ သတင်းတစ်ပုဒ်ကို နားမထောင်ဘဲ ၀က်ဘ်ဆိုက်မှာ ရေးတာလောက်နဲ့ ဝေဖန်မဆန်းစစ်စေလိုပါ။ ကျနော့်သတင်းနဲ့ ပတ်သက်လို့ ဒီလောက်ပဲ ပြန်လည်ရေးသားလိုပါတယ်။ ဒီသတင်းဟာ လုံးဝမှားယွင်းတဲ့ သတင်းတစ်ပုဒ် မဟုတ်ဘူးဆိုတာတော့ မျက်စိပိတ်မငြင်းဘူးဆိုရင် အားလုံးသိနိုင်ပါလိမ့်မယ်။ အသုံးပြုထား တဲ့ မူရင်းအသံဖိုင်များပါ ပူးတွဲပေးပို့ လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်စွာဖြင့် …
ထက်ရာဇာ
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:45 PM
3
comments
Labels: ပေးစာ
Monday, September 1, 2008
မောင်ချောနွယ်ဆန်သွားသောနေ့များ (ကဗျာ)
အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းတွေဆိုခဲ့ပါတယ်။
ထောင့်ချိုးများလင်းဖို့ ဆုတောင်းရင်း
မျဉ်းဖြောင့်တစ်ကြောင်းလို နေခဲ့တယ်။
အပင်ကိုချစ်လို့
အမြစ်ကို ရေစင်လောင်းရင်း
အကြမ်းဆုံးမြစ်ကို ဆန်ခဲ့တယ်။
အလိုလိုကြွေကျတဲ့ သစ်သီးများသာ စားသုံးရင်း
ဟောဒီကမ္ဘာလောကရဲ့ ချောင်လေးတစ်ခုမှာ
အရေးမပါတဲ့ ငှက်ကလေးတစ်ကောင်လို
ငါ့အနုပညာနဲ့သာ ငါနေထိုင်ရင်း
အလင်းဓာတ်ကို မြတ်နိုးခဲ့ပါတယ်။
ရေဆူအမှတ်မှာ မီးခိုးအူအူနဲ့ ဆန်တက်မြဲ
ဘယ်လက်ဝှေ့ပွဲမှ မထိုးခဲ့ပါ။
ဘယ်ပြေးပွဲပြိုင်ပွဲမှလည်း မပါဝင်ခဲ့ပါ။
ခု အသက် ၅၃ နှစ်ထဲ ရောက်ချေပေါ့
နာတာရှည်ရောဂါနဲ့
သူများလက်ဆောင်ပေးတဲ့ ပန်းသီးလေး
ခွဲမစားဖြစ်သေးပါ။ ။
မောင်ချောနွယ်
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:42 AM
0
comments
Labels: မောင်ချောနွယ်ကဗျာ
Sunday, August 31, 2008
နွားတစ်နေ့ ခွေးတစ်နေ့ (ဟာသ)
မောင်ဖိုတို
မောင်ဖိုတိုတစ်ယောက် ဖိုတိုဂျာနယ်လစ်ဇင်သင်တန်းတခုကနေ ပြန်လာပြီးကတည်းက တက်ကြွတဲ့ ကြက်ဖ ဖြစ်ပြီး ဓာတ်ပုံတွေ တောရိုက်တောင်ရိုက် လျှောက်ရိုက်နေတော့တာပဲ။ အဲသလို မြင်မြင်ကရာ လက်တည့်စမ်း ပြီး လျှောက်ရိုက်နေတာကို အယ်ဒီတာမင်းတချို့က ဂရုဏာသက်ပြီး တပုံစနှစ်ပုံစ ယူသုံးရာကနေ မောင်ဖိုတို တစ်ယောက် ဖိုတိုဂျာနယ်လစ်အဖြစ် အသိအမှတ်ပြုခံရလေပါရောဆိုပါတော့။ အဲ … ကံစမ်းမဲပေါက် (ဆောရီး …) ကံကောင်းချင်ပြန်တော့ ဖိုတိုဂျာနယ်လစ်ဖြစ်ပြီး မျက်စိတမှိတ်အကြာမှာ မြို့တော်ကြီးတခုမှာ ကျင်းပမယ့် မီဒီယာကွန်ဖရင့်တခုကို မောင်ဖိုတိုတက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတယ်ခင်ဗျ။ အဲဒါနဲ့ မောင်ဖိုတိုလည်း ၀ါရင့် ဂျာနယ်လစ်ကြီးတွေကြားထဲ ယုန်သူငယ်လေးတကောင်လို ကြောင်စီစီ ငေါင်းစင်းစင်းနဲ့ ကုပ်ကုပ်ကလေး ပါ သွားလေရဲ့။
ဒါပေမယ့် ကံဆိုးချင်တော့ မောင်ဖိုတိုတို့ကို ခေါ်ဆောင်သွားတဲ့ ကားနှစ်စီးကို မောင်းနှင်တဲ့ တိုင်းတပါးသား ဒရိုက်ဘာတွေက လမ်းခရီးတလျှောက် ပေါက်တောကလွဲရင် ကားကို လုံးဝရပ်မပေးဘဲ နန်းစတော့ပ်ကြီး မောင်းနေပါလေရော။ ကားပေါ်ပါလာတဲ့ သူတွေကို ဗိုက်ဆာလားလည်း မမေး၊ ထမင်းဘူးလည်း မဝေငှဘဲ ကားကိုသာ သဲကြီးမဲကြီး မောင်းနေတယ်။ ကြာတော့ ယမကာ တမော့မော့နဲ့ အသော့နှင်လာတဲ့ ဂျာနယ် လစ်ကြီးတွေခမျာ မူးယစ်ရီဝေရာကနေ နိုးထလာကြပြီး ‘ဗိုက်ဆာလာပြီ ထမင်းဘူး မဝေသေးဘူးလား’ မေးသူ မေး၊ ‘ထမင်းဆိုင် ဘယ်အချိန်ရပ်မှာလဲ’ အော်သူအော်နဲ့ ကားပေါ်မှာ ဆူညံပွက်လောရိုက်ကုန်တာပေါ့။
မောင်ဖိုတိုတို့နဲ့ အတူကားစီးလာတဲ့ စီစဉ်သူကလည်း မောင်ဖိုတိုတို့ ဂျာနယ်လစ်တသိုက်မှာ ဗိုက်မပါကြ ဘူးထင်လို့နဲ့ တူပါရဲ့။ စားစရာတွေဘာတွေ စီစဉ်မလာဘူးခင်ဗျ။ သွားမေးတော့လည်း ‘ဘာဘာ ဘာမှမသိဘူး’ ဆိုပြီး ခေါင်းကိုသာ တွင်တွင်ခါနေတော့တယ်။ အားကိုလောက်ပါပေ့ စီစဉ်သူရယ်လို့ပဲ မောင်ဖိုတိုတို့ ညည်း တွားမိလေရဲ့။ ကားက ညနေ (၅)နာရီလောက်ကတည်းက ထွက်လာတာ ည (၁၁)နာရီလောက်အထိ စားရ မယ့် အရိပ်အယောင် မမြင်ရတော့ ဂျာနယ်လစ်ကြီးတွေလည်း တစ်ယောက်တစ်ပေါက် အော်ဟစ်ပေါက်ကွဲ ကုန်တော့တာ အပြစ်လို့မဆိုသာဘူးပေါ့ခင်ဗျာ။
မောင်ဖိုတိုကတော့ ဗိုက်ထဲက တဂွီဂွီ တကျုတ်ကျုတ် အော်မြည်သံတွေကို နားဆင်နေရပေမယ့် ကိုယ်က သာမညောင်ည ဖိုတိုဂျာနယ်လစ်လေးဆိုတော့ ဆန္ဒမပြရဲဘဲ ကြိတ်မှိတ်သည်းခံနေရတာပေါ့။ အဲဒါမှာတင် ဂျာနယ်လစ်ကြီး တယောက်ဆီက‘တောက်’ ဆိုတဲ့ အသံကြီးထွက်ပေါ်လာပြီး နောက်ဆက် တွဲအနေနဲ့ ‘ငါတို့ကို နွားတွေလို စားမြုံ့ပြန်တတ်တယ် ထင်လို့များ ထမင်းမကျွေး ရေမတိုက်ဘဲ စွတ်မောင်းနေတာလား မသိ ဘူး’လို့ ဒေါသတကြီး ပြောဆိုသံကြီး ထွက်ပေါ်လာတယ်။ အသံဆုံးသွားတာနဲ့ သူနဲ့ခေတ်ပြိုင် ဂျာနယ်လစ် ဂုရုတဦးက ‘ခင်ဗျားကလည်းဗျာ၊ ဗိုက်ဆာရတဲ့အထဲ ခင်ဗျားပြောကာမှ ကျုပ်တို့မှာ နွားလုံးလုံးဖြစ်ရပြန်ပြီ’လို့ မချိသွားဖြဲ ပြောလိုက်တော့ တစ်ကားလုံး ငိုအားထက်ရယ်အားသန် ဖြစ်ကုန်ကြလေရဲ့။
တစ်နေရာရောက်တော့မှ ဆန္ဒပြလွန်းမကပြတာကို မြန်မာစကား နားမလည်တဲ့ သကောင့်သား ဒရိုက်ဘာတွေ ရိပ်မိသွားလားမသိ။ စတိုးဆိုင်တဆိုင်ရှေ့မှာ ကားနှစ်စီးလုံး ထိုးရပ်ပေးလေရဲ့။ အဲဒီအခါမှ မောင်ဖိုတိုတို့ ဂျာနယ်လစ်တသိုက်ခမျာ အာလူးကြော်ထုပ်လေး ဘာလေးဝယ်စား၊ ရေ၀ယ်သောက်နဲ့ ခရီးဆက်နိုင်ခဲ့လေရဲ့။ ကားစီးလို့ စုစုပေါင်း (၁၄)နာရီကျော်လည်းကြာရော ကွန်ဖရင့်ကျင်းပမယ့် မြို့တော်ကြီးကို ရောက်ရောဆိုပါ တော့။
ရောက်တဲ့နေ့ ညနေမှာပဲ ရာဇာနေ၀င်းလို အမြဲတွန့်လိမ်လှုပ်ရွနေတဲ့ ဂျာနယ်လစ်တယောက်က စင်မြင့်ပေါ်က နေပြီး လက်ပ်တော့ပ် ကွန်ပျူတာလေးကို ကြည့်ကာကြည့်ကာနဲ့ စာတမ်းဖတ်တာကို မောင်ဖိုတိုတို့ နားသော တဆင်ရတယ်။ စာတမ်းဖတ်နေရင်း ဂျာနယ်လစ် ရာဇာနေ၀င်းလေးက မီဒီယာသမားဆိုတာကို အဓိပ္ပါယ်ဖွင့် ပြတယ်။ သူက မီဒီယာသမားတွေဟာ watchdogs (အများပြည်သူအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးတဲ့ ပုဂ္ဂိုလ်တွေ)လို့ ပြောရမယ့်အစား ‘အစောင့်ခွေးတွေ’လို့ တိုက်ရိုက်ထရန်စလိတ် (အဲလေ …) ဘာသာ ပြန်ချလိုက်လေရဲ့။ နောက်ပြီးတော့ ဆက်ပြောသေးတယ်။ မီဒီယာသမားထဲမှာမှတဲ့ သတင်းသမားတွေက ဟောင်တဲ့ခွေးဆိုရင် စာရေးဆရာတွေက ကိုက်တဲ့ခွေးတွေပါတဲ့ခင်ဗျ။ အဲဒီမှာတင် မောင်ဖိုတိုတို့နဲ့ အတူလာတဲ့ ဂျာနယ်လစ်ဂုရုတဦးဆီက ခပ်တိုးတိုးညည်းတွားသံကို ကြားလိုက်ရပြန်ပါတယ်။ ဂျာနယ်လစ်ဂုရုရဲ့ ညည်းတွား သံကြောင့် ဘေးနားမှာရှိနေတဲ့ ကွန်ဖရင့်တက်သူတချို့ ပြုံးစိစိ ဖြစ်ကုန်ကြလေရဲ့။
အဆိုပါဂျာနယ်လစ်ဂုရု ညည်းတွားလိုက်တာကတော့ ‘ဒုက္ခပါပဲကွာ၊ မနေ့ညကလည်း ဗိုက်ဆာမိလို့ နွားလုံးလုံး ဖြစ်ခဲ့ရပြီးပြီ။ ဒီနေ့ကျတော့လည်း ကွန်ဖရင့်တက်မိလို့ ခွေးလုံးလုံး ဖြစ်ရပြန်ပါပြီ’တဲ့။ သြော် … မောင်ဖိုတို လည်း ကံကောင်းချင်တော့ ကွန်ဖရင့်တက်ဖို့ အဖိတ်ခံရတယ်။ ကံဆိုးချင်တော့ နွားတစ်နေ့ ခွေးတစ်နေ့ ဖြစ်ရ တယ်လို့တွေးပြီး ကိုယ့်ကိုယ်ကိုယ် ရယ်ပွဲဖွဲ့နေမိတော့တယ်။
(၂၀၀၆ ခုနှစ် မြန်မာ့သတင်းသမဂ္ဂ ညီလာခံ - BMA Conference သို့ အမှတ်တရ …)
မောင်ဖိုတို
Posted by
ဒေါက်တာလွဏ်းဆွေ
at
1:55 PM
0
comments
Labels: ဟာသ
ညီမလေး မမမြင့် (ကဗျာ)
(က)
မြောက်ကျွန်းသူ အတုလကာရီရဲ့
တစ်စလည်ဝင် ထမင်းအိုးလေးဟာ
ရဟန္တာ အပါး ၅၀၀ ကို
ဆွမ်းကပ်လှူနိုင်သတဲ့ကွ …။
ညီမလေး မမမြင့်ရဲ့
ရွှေသားသံယောဇဉ်ကလည်း
ကိုယ့်ဘ၀တစ်ခုလုံးကို
ကျန်းမာဝေဆာအောင်
ကဗျာဆရာဖြစ်အောင်
ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်။
ညီမလေး မမမြင့်ရေ …
မမြဲတဲ့ အနိစ္စတရားက မြဲလွန်း
တို့တွေ မောင်နှမလို နေကြမယ်ကွယ်။
သူငယ်ချင်း သုခမိန်ရေ …
မင်းက ပဏ္ဍိတလမ်းမှာ နေတယ်
မင်းက သုခမိန်လမ်းမှာ နေတယ်ဆိုတော့
ငါ့အတွက် အင်နာဗွန်စီရယ်
အသည်းဆေး လစ်ဗိုလင်ရယ်ဝယ်ဖို့
မြန်မာငွေကျပ်တစ်သောင်း အမြန်ပေးပါကွယ် …။
ညီလေး မောင်ပြည့်မင်းရေ …
မင်းရဲ့ နောက်ဆုံးဒြပ်စင်ထဲက ဇာတ်လိုက်ဟာ ငါပေါ့ကွာ
နောက်ဆုံးလက်ကျန် အရက်တစ်ခွက်ကို ငြင်းဆို
သီချင်းဆိုပြီး ပြန်ခဲ့တယ်
မင်းဟာ နာမည်နဲ့လိုက်အောင် ပြည့်ပြီး
နာမည်နဲ့လိုက်အောင် ပြည့်သူပါကွာ
အခုတော့ ဥက္ကလာဟိုးမားမှာနော်။
ငွေကြာယံက ဇိမ်ခံတိုက်ကြီးနဲ့
သူငယ်ချင်း ကိုကျော်လှိုင်ရေ …
ကဗျာအင်ဂျင်နီယာရင်းမှာ
ခင်ဗျားက
ကမ္ဘာခြားရဲ့ အသင်းဝင်တစ်ဦးပါ။
ငါ့တူလေး လူဆန်းရေ …
မင်းကတော့
မော်တော်ဆိုင်ကယ်လေးတစ်စီး စုန်ဆန်လို့
ပဲခူးနဲ့ ပုဂံ စုန်ချည်ဆန်ချည်
ဗျတ္တရဲ့ ပန်းဆက်လမ်းမှာ
မင်းပန်းတွေ ဘာတွေဆက်ခဲ့ရဲ့လား
Mount ပုပ္ပါးရဲ့ နေ၀င်ချိန်တွေ
သိပ်လှတာပဲကွယ်။
တောင်ဆီမှာ မိုးတွေညို့ရင်
မောင်ဖီလာရယ် ငါ့ကို ပဲခူးကို ပို့ပါကွယ်
ရေထဲမြို့ကလေးက ညီလေး မောင်သက်ငြိမ်ရယ်
မင်းရဲ့ ကရင်ရွာက ဘုရားကျောင်းမှာ
ခေါင်းလောင်းသံလည်း မကြားရကြာပြီ
မင်းညီမလေးနဲ့ သမီးလေးကော နေကောင်းရဲ့လားကွာ
သော်ကဘုရားကြီးလည်း ဖူးချင်တယ်
ဝါခယ်မဘုရာကြီးနဲ့ ပြန်မလော့မြစ်မှာလည်း ရေချိုးချင်တယ်
လမုသီးလေးနဲ့ တောအရက်လေးကိုလည်း ဆန္ဒပြင်းပြင်းရှိတယ်
ပြန်မလော့မြစ်ရဲ့ နေ၀င်ချိန်လေးကို ရှူစားချင်တယ်
ယောင်္ကျားချင်းအချစ်နဲ့
ယောင်္ကျားချင်းအချစ် ရှိခဲ့တယ်ဆိုရင်
အဲဒီဗိုင်းရပ်စ်ပိုးကို ငါအရင်တွေ့ရှိခဲ့တာပါကွယ်။
မုံရွာက တင်ကိုကိုရေ
မင်းအရင်လိုအချစ်တွေ ငါ့အပေါ်ရှိသေးရဲ့လား
ငါလာခဲ့မယ်ကွယ်။
မုံရွာက အညာသားလေး မင်းဆွေနှစ်ရေ
မင်းရဲ့ စူပါရုဖ်ကားလေးနဲ့ ငါ့ကို
မုံရွေးကြေးမုံကို ပို့ပါကွယ်
အဲဒီမှာ ဆရာကြီးမှိုင်းရဲ့ တော်လှန်ကဗျာတွေ ရှိတယ်ကွဲ့
တော်လှန်ကဗျာဆရာကြီး
တော်လှန်သောကဗျာတွေ အပွင့်ဆန်း
ချောင်းနံဘေးမှာ အောင်ချမ်းသာ ဇီးသီးလေး ဘာလေး စားရင်း
သူများမကောင်းကြောင်း ကိုယ့်မကောင်းကြောင်း
ကမ္ဘာကြီးမကောင်းကြောင်းတွေ ပြောကြတာပေါ့ကွာ။
အနီးစခန်းက ညီလေး မြတ်ပေါ်ဦးရေ
မင်းရဲ့ ဂန္ဓာမာပန်းခြံထဲမှာ ဂစ်တာတစ်လုံးနဲ့
မာယာကော့စကီရဲ့ ကဗျာတွေရွတ်ရင်း
ကဗျာဆရာတွေ ကွယ်လွန်ရင်
ကဗျာနဲ့ သရဏဂုံတင်ရတယ်ဆိုတာ
ငါပြောခဲ့တယ်လေ
မင်းကောင်းကောင်း မှတ်မိမှာပါ။
ဒုဋ္ဌ၀တီမြစ်ကမ်းနံဘေးက
ကြွက်နဖားတောင်ကြီးရဲ့ နေ၀င်ချိန်က သိပ်လှတာပဲကွယ်
ကင်မရာမင်းလေး မောင်စိုးရဲ့
ကြွက်နဖားတောင်ကြီးရဲ့ နေ၀င်ချိန်တွေကို
မင်းရဲ့ အလှဆုံးရိုက်ချက်နဲ့ ရိုက်ခဲ့တယ်နော်
ငါကောင်းကောင်း မှတ်မိပါတယ်
နေ၀င်ချိန်တိမ်တောက်လို့
ပျိုကြောက်ပါတဲ့ ဒီအချိန်ဆိုသီကာ
လှည်းယာဉ်ကြော့လေးမောင်းလို့
တောသူမလေးရဲ့ ရင်သိမ့်တုန်သံမှာ
တို့ရဲ့ သောတာရုံမှာ
လွတ်လပ်ငြိမ်းချမ်းစေခဲ့တယ်နော်။
ကိုသန်းထွန်း(မုံရွာ) မီးရထားလမ်းနံဘေးက
လက်ဖက်ဆိုင် ကဖေးဆိုင်လေးမှာ
ရဲခဲ့ဘိ အစဉ်အလာနဲ့ အလံလွှင့်ထူ
ခင်ဗျားလက်နက်မချသေးဘူး မဟုတ်လား
ကျုပ်ဂုဏ်ယူတာ
ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ
ငုယင်ဗန်ထရွိုင်း
အတိုင်းမသိတဲ့ တိုက်ပွဲမှာ ခင်ဗျားပါဝင်ခဲ့တယ်နော်
ဗိုလ်အောင်ကျော်
အို … ဟယ်ရီတန်
စီးအန်ပွက်ပွက်
သင့်သွေးစက်သည်
ခေတ်သစ်ဆီကို ရော်ရည်နိုင်စေသတည်း။
မီးလိုပူကြွ ငါ့ရင်ဝက
တသခဲ့တဲ့ ကဗျာ
အို … ချိုးဖြူရယ် ကူပါ့သံတွေ
လူ့မြေလှပစေလော့
ငါ့ရင်ဝက တသခဲ့တဲ့ ကဗျာ
အော့ဇ၀စ်အကျဉ်းစခန်းက
ညီသူငယ်ချင်း တင်အေးကြူ (မောင်မှိုင်းလွင်)ရေ
ခင်ဗျားရဲ့ ချစ်သူ ညီမလေး ခင်မိုးကျော်
ရွက်ကြွေတောအုပ်နဲ့
မိချောင်းရဲ သုဿာန်လေးက စောင့်နေတယ်လေ
ခင်ဗျား လွမ်းသူ့ပန်းခွေချဖို့ ပြည်ကို လာခဲ့ပါဦး
နှလုံးသားနဲ့ တည်ဆောက်ခဲ့ရတာက
ခေတ်ရယ် ကမ္ဘာကြီးရယ်ပါ
ဒါပေမယ့်
ကမ္ဘာကြီးက ပြားပါတယ်ဗျာ။
ပင်လယ်ရေပြင် အမြင့်ပေ သုံးသောင်းကျော်က
ညီလေး မူးမူးရယ်
မင်း အနုပညာမှော်တွေ အောင်ခဲ့ပြီကွာ
မင်း ပထမကျော်တွေလည်း ရခဲ့ပြီကွယ်
သူငယ်ချင်း မင်းသစ်ရယ် ရှယ်လီထွားရယ်
ကျနော်တို့တတွေ ဂစ်တာလေးတစ်လုံးနဲ့
ကျနော်တို့တွေ ဂစ်တာတီး တေးဆိုကြမယ်ဗျာ
ဤအိမ်တော်မှာ ကောင်းခြင်းမင်္ဂလာ ပြည့်စေသတည်း
ဤအိမ်တော်မှာ ငြိမ်သက်ခြင်းလည်း ရှိပါစေပေါ့
ပျော်ရွှင်ခြင်းလည်း ရှိပါစေပေါ့။
တောင်သမန်အင်းက လေညင်းရယ်က ဆော်
အစ်ကိုကြီး ကိုလေး (အင်းဝဂုဏ်ရည်) ရယ်
မောင်ပေါက်စည် (မန်းတက္ကသိုလ်) ရယ်
အိုင်ဗင်နော့ရယ်
ကျနော်တို့တတွေ တောင်သမန်အင်းမှာ
ငါးကြော်နဲ့ ထမင်းစားကြမယ်
ပြီးရင်
ဟောဒီလို တေးသီကြမယ်ဗျာ
“ငါသည် မှန်သော စပျစ်နွယ်ပင်ဖြစ်သည်
ငါ့ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်ဖူးပြီး
အသီးမသီးသော အခက်ရှိသမျှ ခုတ်မည်တည်း
အသီးသီးသော အခက်တို့သာ တည်စေသော်မူသတည်း”
သုံးကြိမ်သုံးခါ ဆိုပြီးသကာလ
ငါးကြော်နဲ့ အင်းဘေးမှာ
ထမင်းကြော် လွေးကြတာပေါ့ဗျာ။
သူငယ်ချင်း သုခမိန်ရေ
သီချင်းရဲ့ လပေါ်က ဘီယာဆိုင်ကို သွားကြမယ်
အဲဒီမှာ
တောအရက် ငါးပုလင်း
တောဆိတ်သား ငါးကောင်
ငါးကင်၊ ဒိန်ခဲ၊ ကြက်ကင်နဲ့
ကဗျာတွေ ရွတ်ဖတ်သရဇ္ဈာယ်ကြမယ်
ပျော်တယ်ဗျာ
ညီမလေး မမမြင့်ရယ် မောင်နှမလို နေကြမယ်ကွယ်
ခေါ်မယ်နော်
အစ်ကိုနဲ့ အစ်မတွေကို ခေါ်မယ်
ညီနဲ့ ညီမတွေကို ခေါ်မယ်
အားလုံးပဲ ပျော်ကြမယ်
ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးပွဲတော်
အစ်ကိုတို့ရေ အရပ်ကတို့ရေ
ဘုရားဒကာပါဘုရား
သနားမညှာတာ မလုပ်လိုက်ပါနဲ့
ဘုရားဒကာပါဘုရား
ဒုက္ခိတနဲ့ နာတာရှည်ပါဘုရား
သနားမညှာတာ မလုပ်လိုက်ပါနဲ့
တောင်စွယ်နေကွယ်ရင်ကွယ်
ရွှေဓားဆွဲကာ သတ်မယ်တဲ့
တကယ်ပါပဲဗျာ
လူ့ဘ၀ကြီး အကြီးအကျယ် မုန်းစရာ
ကျုပ်ဖြင့် အလွန်မုန်းသဗျာ
အာဂျန်းဆိုတဲ့ သွားအဖွေးသားနဲ့
ငါ့ကလေးလေးရေ
မင်းဟာလေ နတ်သားလေးပါပဲကွယ်
ညီမလေး မမမြင့်ရေ
မမြဲတဲ့ အနိစ္စတရားက မြဲလွန်း
တို့တွေ ရှူံးလွန်းလှတယ်ကွယ်
ညီမလေး မမမြင့်ရေ
လေးစားပါတယ် ဂုဏ်ယူပါတယ်။
(ခ)
ငါဖွဲ့ဆိုစပ်သီတဲ့ ကဗျာလေးတွေသာ သီဆိုပါ
သုခစာပေတိုက်က ညီလေး မောင်သီဟရေ
မင်းဟာ ကေသရာဇာပါ
ငါ့ကဗျာလေးတွေကို မျှဝေခံစားကြပါ
မြို့သစ်က တိုးနှောင်မိုးလေးရယ်
မောင်စွမ်းသာ
ကောင်းဟန်
မိုးသောက်ကြယ်ရယ်
ငါတို့တွေ အိမ်ရှေ့မင်းထန်းတောမှာ
ဗယာကြော် စားသုံးရင်း ဘေးဘယာတွေ ကျော်ရမှာပေါ့
နာကျင်တာ ဒဏ်ရာပေါ့
ဒဏ်ရာဆိုတာ ကဗျာ
ဒဏ်ရာဆိုတာ သစ္စာတရား
ဒဏ်ရာဆိုတာ ချစ်ခြင်းမေတ္တာ
လောကကြီးကိုတော့
ဥပေက္ခာရေပိုင်နက်ထဲမှာ
ငါးမန်းစာကျွေးတာပေါ့
အ၀ိဇ္စာဆိုတာ အင်မတန် ခွန်အားရှိလေရဲ့
သူတို့တတွေ ဆာလောင်နေကြပြီ။
ပဲခူးမြရေ
မြကလေးရဲ့
ရှိုးပြပြတယ်လို့ မဖြစ်ချေဘူး
ပျိုးချသမျှဟာလည်း
ပိုးကျလို့နေချေပေါ့
ကဗျာဆရာ ဒီလန်သောမတ်တို့
ကန်မ်တာကလော့တို့
ဆယ်ဗယ်ယာပလပ်တို့
တက်ဒ်ဟုခ်ျတို့
ရှေးမတ်စ်ဟေနီတို့
အော်ဒင်တို့
မင်းတို့ကလည်းကွာ
ယောင်္ကျားဧကန်စစ်စစ် ဖြစ်လျက်သားနဲ့
ဖင်လေးရတယ်
ဂျွန်အံဒင်းဗားရေ
မင်းရဲ့ ချစ်သောမြစ်ကြီးရော
ကျန်းကျန်းမာမာပဲ မဟုတ်လား
ငါကတော့ ဆီမီးခွက်လောက်ရှိတဲ့
တိုင်းငယ်ကလေးက ကဗျာဆရာပါ
သူရသတ္တိ ကြီးမားလှစွာ
နေပူလေပူမှာ ခြေပူခံရင်း
အထူးထူး ဆန်းပြားသော ကဗျာတွေ စပ်လို့ပေါ့
ဗင်းနစ်မြို့သား ကုန်သည်ကြီးရေ
မင်းနဲ့ငါ ပြဇာတ်သွားကြည့်ကြတာပေါ့။
ပျဉ်းမနားသား ကဗျာဆရာလေး ကိုသက်ရေ
ဝီလျံလင်းရေ
ကဗျာတွေ စာတွေဖတ်ဖို့
ကျုပ် ပြည်ကိုလာဦးမယ်
ကျနော့်ကို နှစ်အစိတ်လောက်
ထောက်ပံ့ခဲ့တဲ့ ခင်ဗျားကို
ကျုပ်ရဲ့ မြကျွန်းတက္ကသီလာကြီးလည်း
နှစ်ရှစ်ဆယ် အရွယ်ရောက်ခဲ့ပါပြီဗျာ။
ညီမလေး မမမြင့်ရေ
မောင်နှမလို နေကြမယ်
အနုပညာငှက်ကလေး ပျံတော့မယ်
မပျံနိုင်သေး ညီမလေး
ညီမလေးရယ်
တောပွဲလေးမှာ ဆွေးရဦးမယ်
ရှင်ဥတ္တမကျော် ရွှေစက်တော်တောလား
ရတုဘုရင် နတ်သျှင်နောင် ပြည်န၀ဒေး
နှမလက်လျှော့
နေလေတော့ဟု
ချစ်ခွင့်မကြုံ
ညှိုးငယ်ရုံမျှ
‘ငှက်သွင်ပျံကြွ မတတ်သော်’တဲ့
မပြန်နိုင်သေး
ညီမလေးရယ်
မပြန်နိုင်သေး
တောပွဲလေးမှာ
ဆွေးရဦးမယ်ကွယ်
ပလိပ်မြို့ မြွေဘုရားပွဲမှာ
(မြိတ်)ဘိတ်မြို့ ညီငယ်ကဗျာဆရာလေး
ရဲဘုန်းခေါင်ရေ
မင်းကတော့ ဘိတ်အကျဆုံး
မကြာမတင်မှာတော့
မကြာခင်မှာတော့
မင်းရဲ့ မင်္ဂလာဖိတ်စာရယ်
ငါဖတ်ရမှာပါကွာ။
သားလေးကို အားပေးပါဦးကွယ်
ကန့်လန်ကာကြီးရယ် နေပါဦး
ကလို့ကောင်းနေတုန်း
ရွာစာကြီးရယ် တီးလိုက်ပါဦး
ဆိုလို့ကောင်းနေတုန်
မိုးမိုးချစ်လို့လား
မိုးမိုးလှလို့လား
ညီလေးမိုး ကျန်းမာပါစေ
မေတ္တာဖြင့် မောင်ချောနွယ်
အေးကွာ မင်းတို့ညီအစ်ကိုနဲ့ အေးစေတီဘုရားပွဲမှာ ကခဲ့တာတွေရော၊ ရွှေစည်းခုံဘုရားပွဲမှာ ကခဲ့တာတွေရော ပြန်လည်လွမ်းမောမိပါတယ်။ မင်းတို့လည်း ကောင်းခဲ့ပါတယ်။ ငါလည်း ကောင်းခဲ့ပါတယ်။ ခုဆို ကွဲကွာနေရတာလည်း ကြာလှပြီပေါ့နော်။ ချစ်ခြင်းမေတ္တာတွေ စီးလျက်သာတည်းပါကွာ။ တေးသီငှက်တွေ သီမြဲပါကွယ်။ ပန်းသစ်လေးတွေ သစ်မြဲပါကွယ်။ ပန်းဆိုတာ ကြွေတာကိုက ပွင့်ခြင်းပါ။ One flower flow down flower blossom ပေါ့လေ။ ပန်းတွေ ပန်းတွေ အရမ်း အရမ်းပဲ ပွင့်နေကြတယ် ညီမလေး မမမြင့်ရယ်။ အိမ်မှာ ကျောင်းမှာ လမ်းမှာ ညီမလေး နာမည်နဲ့ အရမ်း အရမ်းကို ပွင့်နေကြတယ်ကွယ်။ ကိုယ့်အသည်းကို အာထရာဆောင်း ရိုက်ကြည့်တော့ ပန်းပွင့်လေးနာမည်က ညီမလေး မမမြင့်တဲ့ …။
မောင်ချောနွယ်
(ခေတ္တ - စိတ္တဇဆေးရုံ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:54 AM
0
comments
Labels: မောင်ချောနွယ်ကဗျာ

















