Wednesday, September 3, 2008

အမှတ်တရ မောင်ချောနွယ် (သို့) မသေတဲ့ ကဗျာ

အမှတ်တရ မောင်ချောနွယ် (သို့) မသေတဲ့ ကဗျာ
ကမာပုလဲ

`ကြွေဒါကိုက ပွင့်ခြင်းပဲ´
သူ … မောင်ချောနွယ်။ ကဗျာဆရာမောင်ချောနွယ်။ ပြည်မြို့သား မောင်ချော နွယ်။ သူ့ဘ၀ကို ကဗျာဆရာအဖြစ် ထုဆစ်ပုံသွင်းခဲ့သူ။ လောကဓံတရား ထက်ပြင်းတဲ့ မချစ်ရဲ့အရက်ကိုသောက်ပြီး လောကဓံတရားကို လှောင်ပြောင် သရော်ခဲ့သူ။ ၁၉၇၀ ၀န်းကျင်လောက်ဆီက ကိုလူမှိန်၊ ရွှေရတောင်ကုတ်၊ ပျဉ်းမနား ကိုသင်းခိုင် စသဖြင့် အတွေးအခေါ် ထပ်တူနီးပါးကျခဲ့တဲ့ လူငယ် ကဗျာဆရာတစုက `တော်လှန်ကဗျာ´ ဆိုတဲ့ ကဗျာစာ အုပ်ကလေးကို ပုံနှိပ် ထုတ်ဝေခဲ့တယ်။ အဲဒီ စာအုပ်ကလေးမှာ သူ့ရဲ့ `တော်လှန်ရေး´ ဆိုတဲ့ကဗျာ `ကြွေဒါကိုက ပွင့်ခြင်းပဲ´ ဆိုပြီး အဆုံးသတ်ထားတယ်။ သြော် … ကိုချော နွယ် ခင်ဗျားမရှိတော့ပေမယ့် ခင်ဗျားရဲ့ ကဗျာတွေဟာ ခင်ဗျားသိပ်ချစ်တဲ့ အဖိနှိပ်ခံ လူ့အဖွဲ့အစည်းမှာ ဝေေ၀ဆာဆာ ပွင့်လို့ …

`ဦး … သမီးကို ခေါ်မလား´
ဆူးလေဘုရားနဲ့ ဆူးလေလမ်းမကြီးဟာ မာကျူရီ မီးရောင်တွေအောက်မှာ ချောက်ချောက်ခြားခြား ဆွံ့အသွား တယ်။ အမေးခံရတဲ့ မော်ဒန်ကဗျာဆရာလေးဟာ ဘုရားကိုတလှည့်၊ ဆူညံသွားလာနေတဲ့ ကားတွေ၊ လူတွေကိုတလှည့် ကြည့်တယ်။ မီးရောင်အောက်က သူ့ကိုခေါ်မလားမေးနေတဲ့ အပျိုဖေါ်ဝင်စ ဆယ်ကျော် သက် ကလေးမလေးကို ကြည့်တယ်။ ရင်းရင်းနှီးနှီး မြင်ခဲ့ဖူးသူတယောက်ကို အသေးစိတ် ရှာဖွေနေတဲ့ အ ကြည့်နဲ့ ကြည့်တယ်။ သူပဲ … ဟုတ်တယ် … သူကလေးပဲ … ဆူးလေဘုရားရှေ့မှာ မော်ဒန်ကဗျာဆရာ ကလေး လောကငရဲကို အရှင်လတ်လတ် ရောက်သွားတယ်။ ကဗျာဆရာကလေး သွေးပျက်သွားတယ်။ အံ ကြိတ်ပြီး သူ့အသံကို ကလေးမကြားသာရုံ ပြောချလိုက်တယ်။
`ဟဲ့ နင်ငါ့ကို မမှတ်မိဘူးလား ငါဟာ နင့်အဖေရဲ့ ကဗျာရေးဘက် သူငယ်ချင်းလေ´
`ရှင်´

ကလေးမလေးဟာ အံ့သြထိတ်လန့်စွာနဲ့ လူတွေထဲ တိုးဝှေ့ထွက်ပြေးသွားတယ်။ မော်ဒန်ကဗျာဆရာကလေး ဟာ အိမ်ပြန်ဖို့ စောင့်နေတဲ့ လိုင်းကားကို မစောင့်ချင်တော့ဘူး။ ပြောစရာစကားလုံးတွေကို ပြောမထွက်တဲ့အခါ စိတ်ထဲမှာ ပေါက်ကွဲချင်တာပဲ ရှိတော့တယ်။ အဲဒီညက မော်ဒန်ကဗျာဆရာလေး သူနေတဲ့အဆောင်ကို လမ်းလျှောက်ပြန်တယ်။ လမ်းမှာ မချစ်ရဲ့ အရက်နီးပါး ပြင်းတဲ့ အရက်တွေကို မိတ်ဆွေတွေက တိုက်တယ်။ စကားသံတွေ ထွက်မလာတဲ့ လူတယောက်ရဲ့ နှုတ်ခမ်းဆီက ဗုံးသံ၊ အမြောက်သံတွေထက် ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ထွက်ကျလာနိုင်တယ်ဆိုတာ မိတ်ဆွေတွေက သိတယ်။ ဒီတော့ ကဗျာဆရာလေးရေ သောက်ပေါ့။ ပဲကြီးလှော်အမြီးကို ကြိတ်ကာဝါးစမ်းပေါ့။ ကိုယ်တိုင် ထမင်းနပ်မမှန်တဲ့ ဘ၀မှာ ကဗျာဆရာ ကလေးကရော ဘာများတတ်နိုင်ဦးမည်နည်းပေါ့။ အဲဒီညက မော်ဒန်ကဗျာဆရာကလေး ငိုတယ်။ မျက်ရည် မကျဘဲ ငိုတာ ပိုလို့အခံရခက်တယ်။ ပြီးတော့ သူ့ရဲ့ အကိုလို၊ ဆရာလို၊ ကဗျာရေးဖေါ် ရေးဖက်ကြီး ကိုချော နွယ်ရဲ့ ကဗျာတွေကို ရွတ်တယ်….

`လူတယောက်ရဲ့ အဓိပ္ပါယ်ကို
လာမစွက်ဖက်နဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်နေ
ဆုံးရှုံးခဲ့တယ် ဆိုတာပဲ
သေချာပလေ့စေ။
…………………..
…………………..
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ။
…………………..
ဘယ်သူဟာ
ကမ္ဘာမြေတခုလုံးလုံး
ဆုံးရှုံးခဲ့ဖူးသလဲ
ကမ္ဘာမြေတခုလုံး ဆုံးရှုံးသူသာ
ကမ္ဘာမြေ ပြန်ရပေလိမ့်။
(ပင်မှည့်တေး … မောင်ချောနွယ်)

ပြည်

ပြည်မြို့ကို ဗမာပြည်ရဲ့ မြေလတ်မြို့တမြို့လို့ အသိအမှတ်ပြုထားကြတယ်။ ပြည်ရဲ့ ဆောင်းနံနက်ခင်းမှာ ကျနေတဲ့ နှင်းတွေကို ပြည်မြို့သား ကိုခင်ဝမ်းက ခရမ်းနုရောင် ကလေးတွေအဖြစ် ခံစားရေးဖွဲ့သီဆိုခဲ့တယ်။ သားသမီးလေးတွေကို ကြက်ဥဟင်းကျွေးချင်လွန်းလို့ သွေးလှူပြီးရလာတဲ့ ကြက်ဥကလေးတွေကို ချက်ကျွေး ပြီး အဲဒီကြက်ဥကလေးတွေဟာ ဖေဖေ့ရဲ့ သွေးဥကလေးတွေ ဖြစ်တဲ့အကြောင်း ပြည်မြို့သား ကိုဆွေက ၀တ္ထုတိုအဖြစ် ထုဆစ်ရေးဖွဲ့ခဲ့တယ်။ ပြည်ဟာ ခေတ်အဆက်ဆက် တော်လှန်ရေးသမား၊ အနုပညာရှင်များ၊ ကိုယ်ကျင့်တရားကောင်းတဲ့ နိုင်ငံရေးသမားများကို မွေးထုတ်ရာမြေ။ ကိုချောနွယ်ရဲ့ နှစ်ထပ်သင်္ဘောဆိပ်နဲ့ မြို့ကလေးဟာ သူသိပ်ချစ်တဲ့ ပြည်မြို့ကလေးပါပဲ။ ကဗျာဆရာ တယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပစ်ချ စိုက်ပျိုးခဲ့တဲ့ ကိုချောနွယ်ရဲ့ ဘ၀ဟာ ကြောက်စရာကောင်းတဲ့ ရူးသွပ်ဖွယ်ရာ ဒုက္ခတွေနဲ့ အတိပြီးလို့ …။ အဲဒီ လို နာကျင်နေတဲ့ နှလုံးသားနဲ့ သူ့မြို့ကလေးကို ပုံဖေါ်ပြန်တော့လည်း အိပ်မက်ထဲက နတ်တို့ ဖန်ဆင်းထားတဲ့ မနာလိုစရာကောင်းအောင် သိပ်လှနေတဲ့ မြို့ကလေးနှယ် ….

`နေတဖွေးဖွေး လေတဖွေးဖွေး
……………………………….
သဲတဖွေးဖွေး ဖုံတဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး။
……………………………….
မမတင်ဟာ ကျောင်းအုပ်ဆရာမကြီးပေါ့
မမတင်က
လင်မယူ သားမမွေး
အနာဂတ်သစ်တွေကို မွေးတယ်
စာကျက်သံ စာအံသံ တညံညံတွေကို မွေးတယ်
အဝေးပြေး အသံသစ်တွေကို မွေးတယ်။
(မမတင်ရဲ့ ကျောင်းကလေး … မောင်ချောနွယ်)

မသေတဲ့ကဗျာ …. သို့မဟုတ် ကိုချောနွယ်

စကားပြောရင် ကဗျာတွေဖြစ်တယ်။ လောကကြီးကိုလည်း ကဗျာအဖြစ်မြင်တယ်။ မဒမ်ကျူရီကို လေးစား အသိအမှတ်ပြုသလို မမတင်ရဲ့ နွမ်းပါးဆင်းရဲလှတဲ့ စာသင်ကျောင်းကလေးရဲ့ လောကပါလတန်ဖိုးကို အသိ အမှတ်ပြုတယ်။ အညာကို ဆန်တက်မလိုလိုနဲ့ အကြေကို စုန်ဆင်းသွားတဲ့ `ဆတ်သွား´ ကို ထောက်ပြရေး ဖွဲ့တယ်။ သူ့ကဗျာတွေထဲမှာ ခေတ်ကို ထင်ဟပ်ချက်တွေ၊ မတရားမှုတွေ၊ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘ၀အမောတွေ … လွတ်မြောက်ရာ တိုက်ပွဲလမ်းတွေ သစ္စာတရားရဲ့ အောင်ပွဲနဲ့ လားရာကို ဖေါ်ညွှန်းထားတဲ့ နိမိတ်ပုံလှလှ ကဗျာတွေ… သူဟာ ကဗျာကိုချစ်ပြီး ကဗျာပဲရေးလို့ ကဗျာအပေါ် သစ္စာရှိရှိရပ်လို့ ဆင်းဆင်းရဲရဲ ရိုးသားစွာ ဘ၀ကို အနိုင်ပိုင်းသွားခဲ့သူ။ သူ … ကိုချောနွယ်ဟာ ရန်သူကလွဲလို့ သူ့ကို မုန်းသူမရှိသူပါ။ တီဘီ ရောဂါနဲ့ ဆေးရုံတက်ရတော့လည်း တီဘီရောဂါပိုးတွေနဲ့ တိုက်ပွဲဆင်ရပုံကို တကယ့်တော်လှန်ရေး ခုခံစစ် တိုက်ပွဲကို နိုင်အောင်တိုက်ခဲ့ရသလို စစ်ပွဲစကားလုံးတွေနဲ့ မှော်ဆန်ဆန် ရေးဖွဲ့သွားခဲ့တယ်။ အထက်တန်းကျ တဲ့ရေ၊ ဆတ်သွား၊ ၀တ်မှုန်ကုးကြ၊ နတ်တို့ခိုးဝှက်ခြင်း ခံရတဲ့ကဗျာ …. စတဲ့ များပြားတန်ဖိုးရှိလှတဲ့ ကဗျာတွေ … အို … အများကြီး … အများကြီးပါ။

ခုတော့ သူမရှိတော့ပါဘူး။ လူ့လောကမှာ ကိုချောနွယ်ဆိုတဲ့ ရုပ်ခန္ဓာကြီး မရှိတော့ဘူး။ သူ … ကိုချောနွယ် သေဆုံးသွားခဲ့ပါပြီ။ သူ မမတင်ရဲ့ ကျောင်းကလေးကို ထားခဲ့ပြီ။ ပေတိုးကို ထားခဲ့ပြီ။ ဂျုံးနီကို ထားခဲ့ပြီ။ သူသိပ်ချစ်တဲ့ ညီမလေးမမမြင့်နဲ့ သူ့ရင်သွေးတွေကို ထားခဲ့ပြီ။ သူသိပ်ချစ်တဲ့မြို့၊ သူ့ ရေးဖေါ်ရေးဖက် ကဗျာဆရာများ၊ လောကဓံတရားကို ထိပ်ပုတ်ခဲ့တဲ့ မချစ်ရဲ့အရက်ပြင်းပြင်း၊ သူကိုယ်တိုင် နားရွက်ကို တံတွေး စွပ်လိုက်တဲ့ မစ္စတာချာလီ …. အားလုံးကို သူထားခဲ့ပြီပေါ့။

သူ …. ကိုချောနွယ်ဟာ မသေတဲ့ အရာတွေကို ထားသွားခဲ့တယ်။ သူ့နာမည်၊ သူ့ရပ်တည်မှု၊ သူ့ကဗျာတွေ …။ ဘ၀မှာ ရိုးသားစွာ ဆင်းရဲနွမ်းပါးခဲ့သူ ကိုချောနွယ်။ လောကမှာ ချစ်သင့်ချစ်ထိုက်သူတွေကို သူက ချစ်ခဲ့ပြီး ချစ်သင့်ချစ်ထိုက်တဲ့ သူတွေကလည်း သူ့ကို မေ့မရအောင် ပြန်ချစ်ခြင်းကို ခံယူရရှိသွားတဲ့ ကိုချောနွယ်။

ကိုချောနွယ်ရေ … ကျနော်တို့ဟာ ခင်ဗျားကဗျာတွေကိုဖတ်၊ ခင်ဗျားကဗျာတွေကို ခံစားပြီး ခင်ဗျားကဗျာ တွေက ပေးတဲ့ message နဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်းခဲ့ကြသူတွေပါ။ လက်နက်ကိုင် တော်လှန်ရေးဆိုတာကလည်း ခင်ဗျားရေးခဲ့တဲ့ ကဗျာခေါင်းစဉ်လို `လူကြိုက်နည်းတဲ့ ကောင်´ ပါပဲ။ ဒီတော့ တော်လှန်ရေး လောကဓံတရားကလည်း လှလှပပကြီးကို အစွမ်းပြတာ ခံနေရတယ်ပေါ့။ ဒါပေမယ့် ကျ နော်တို့ စိတ်ဓာတ်မကျခဲ့ဘူး။ အဆိုးမြင်ဝါဒီ မဖြစ်အောင်လည်း နေနိုင်ခဲ့တယ်။ စိတ်ထဲ အလိုမကျမှုတွေနဲ့ ကြေကွဲ လာရင် ဆရာ`မြ´ ဘာသာပြန်တဲ့ `ဖိုးမာ ဂါဒီယက်´ ကို ဖတ်တယ်။ ဆရာဗန်းမော်တင်အောင် ဆေးရုံပေါ်မှာ နောက်ဆုံးရေးသွားတဲ့ `ဂျက်လန်ဒန်၊ သူ့ဘ၀၊ သူ့စာပေ´ ကို ဖတ်တယ်။ ……. တွေကို ဖတ်တယ်။ ပြီးတော့ ခင်ဗျားကဗျာတွေကို ဖတ်တယ်။ ခင်ဗျားရဲ့ …..

`ည
နောက်ဘ၀များစွာမှာ
ညမဖြစ်တော့တာ သေချာကြောင်း
သက်သေပြလိုက်တဲ့ `ည´
……………………………….
……………………………….
သံပြိုင်တေးတွေ ရေစီးအားကောင်းတဲ့ညပေါ့
ဒီညကို ဖြတ်ရတော့
ဘ၀ဆိုတာ လွမ်းဖို့ အားကောင်းခဲ့တာပေါ့။
………………………………
………………………………
ကျွန်တော် ယောက်ယက်ခတ်ရ
ကိုယ့်နှလုံးသားကို မီးမြှိုက်ခဲ့ပါတယ် အမေ။
ဘယ်သူဟာ ကိုယ့်နှလုံးသားကိုယ် မီးမြှိုက်ခဲ့ပြီး
ဒီမီးကို လှုံရဲခဲ့ပါသလဲ။
ကျွန်တော်ကတော့ ရဲရင့်ပေါ့ပါးစွာပေါ့ အမေ
ဒီညမှာ
ကျွန်တော်က
ရေဒီယိုသတ္တိကြွတဲ့ ည ဖြစ်လို့ပေါ့။
………………………………………..

(ဆေးစစ်ခံတဲ့ ည … မောင်ချောနွယ်)

ကိုချောနွယ်ရေ တရားမ၀င်တဲ့ ဒုတိယနိုင်ငံတခုမှာ လက်နက်ကိုင်တော်လှန်ရေး လုပ်ရတာလည်း ခင်ဗျားရဲ့ `ငှက်ဆိတ်တဲ့ သစ်စည်း´ တွေလိုပါပဲ။ ဒါပေမယ့် မျိုးဆက်ကတော့ မတိမ်ကောဘူးဗျ။ သတ္တိရှိရှိနဲ့ ယုံယုံ ကြည်ကြည် `၀တ်မှုန်ကူးကြ´ ဖို့ပဲ လိုတယ်။ ဒီတော့ ကိုချောနွယ်ရေ … ခင်ဗျား သေတယ်ဆိုတာ ဖြစ်မှမဖြစ် နိုင်တာဘဲ ….။ တကယ်ပါ ကိုချောနွယ်ဆိုတဲ့လူဟာ `မသေတဲ့ ကဗျာ´ ဖြစ်တယ်။

ကမာပုလဲ (ကျောင်းသားတပ်မတော်)

No comments: