စက်တင်ဘာရပ်ဝန်းမှာ ငါတို့ဆုံးခဲ့ရ
ကိုမွှေး
ကိုမွှေး
ပြည်မြို့ရဲ့ မင်းမင်းကဖီး ၊ လူထုဆန္ဒ လက်ဖက်ရည်ဆိုင် ၊ ဧရာဝတီမြစ် ဗိုက်သားပေါ်က အဆီတစ်တစ်တွေ နဲ့တူတဲ့ နွေထွန်းသဲသောင်ပြင်များ …
ပြီးတော့ ရွှေဆံတော်၊ မင်းကြီးတောင်၊ ရွှေဘုန်းပွင့် ပိဋကတ်တိုက်၊ ဗိုလ်ချုပ်ကြေးရုပ်ကြီး၊ ဗန်းမော်တင်အောင်၊ ကိုချောနွယ်၊ ကိုခင်ဝမ်း၊ ကိုဆွေ တလမ်းမောင်းကွေ့က လက်ဖက်ရည်ဆိုင်လေး ...
ခုတော့ တလမ်းမောင်းကွေ့က လက်ဖက်ရည်ဆိုင်ကလေးလည်း မရှိတော့။
ထိုဆိုင်မှ ကဗျာချစ်သော ညီအကိုများလည်း ဘယ်ရောက်ကုန်ပီ မသိတော့။ ထို့အတူ ဗန်းမော်တင်အောင်၊ ကိုခင်ဝမ်းနှင့် ကိုချောနွယ်လည်း မရှိတော့။
ပြည်မှာတော့ ရွှေဆံတော်၊ မင်းကြီးတောင်၊ ရွှေဘုန်းပွင့် ပိဋကတ်တိုက်၊ ဗိုလ်ချုပ်ကြေးရုပ်ကြီးနှင့် ကိုဆွေတို့ တော့ ကျန်နေသေးကောင်းကျန်နေပါလိမ့်မည်။
ပြည်မြို့သည် မာယာကော့ဖ်စကီးထက်ခမ်းနားသော အမြည်းအစားနည်းသည့် ကဗျာဆရာကို မွေးထုတ်ပေး ခဲ့သလို မျိုးဆက်နှင့် တော်လှန်သူအပေါင်းကိုလည်း မွေးထုတ်ပေးရန် တာဝန်မပျက်ကွက်ခဲ့သော မြို့ကောင်း မြို့သန့်တစ်မြို့၊ ထိုမြို့ကောင်းမြို့သန့်၏ အလင်းဆိုင်များမှ ဖန်ချောင်းမီးရောင်အောက်မှ ညများသည် ရုရှား ပြည်၊ ပြင်သစ်ပြည်၊ အင်္ဂလန်ပြည်၊ အမေရိကန်ပြည်တို့မှ စာပေချစ်သူတို့၏ ကော်ဖီဆိုင်ညခင်းများနှင့် မခြား နားသော ရင်ခုန်သံတို့ဖြင့် အသက်ဝင်ကြ၏။ ထိုအသက်ဝင်မှုတကာတို့အား ညှို့ယူဖမ်းစားသော ကဗျာတန်ခိုး ရှင်သည်ကား ဂျစ်ကားပေါ်မှာ ပေါင်သားအလှပေါ်အောင် ထိုင်သွားတတ်သော အရာရှိကတော်လိုလည်း နေတတ်သေးသည့် ကိုချောပင်ဖြစ်သည်။
တခါက မောင်သွေးချွန်ဆိုသည့် နိုဘယ်လ်ဆု အင်မတန်လိုချင်ရှာသည့် ပုဂ္ဂိုလ်ထူးတယောက်ကပင် ယုံကြည် ချက် မလုံမလဲဖြင့် ကိုချောနွယ်နှင့်သူ နိုဘယ်လ်ဆု ရသင့် .... ဆိုသလိုမျိုးတောင် ရေးသားဖူး၏။ ထိုအခါ သမယတွင် ကိုချောနွယ်သည် နိုဘယ်ဆုထက် ဆတ်သွားက မချစ်ချက်တဲ့ အရက်ကို ပိုမိုခုံမင်နေခဲ့၏။
မြန်မာ့ဘ၀နှင့် ကျေးလက်ကို သူ့ကြက်ရင်အုပ်သာသာ ရင်အုပ်ထဲ ချောင်ချောင်ချိချိ ထိုးသွင်းရင်း လှလှပပ ပြန်အန်ပြခဲ့၏။ ထိုအန်ဖတ်များသည်ကား ... မသေသောကဗျာအဖြစ် မျိုးဆက်သစ် လူငယ်တို့၏ ရင်ဘတ်ထဲ
စိုရွှဲသွားအောင် လာရောက်ထိခတ်၏။
ကဗျာဆရာတွေချစ်တဲ့ ကိုချော၊ အယ်ဒီတာတွေချစ်တဲ့ ကိုချော၊ ကိုအောင်ချိမ့် စိတ်ညစ်သော်လည်း မပစ် နိုင်သည့် ကိုချော …
ရင်ဘတ်ဆွဲကြိုးနှင့် မဂိုမလေးကို ဇနီးမယားတော်ကာ ချမ်းသာနေသော သုခမိန်လှိုင် မငြီးငြူသည့် ကိုချော …
စာရေးဆရာ၊ အယ်ဒီတာ၊ ရောင်းရင်းကဗျာဆရာတို့ မငြိုငြင်ခဲ့သည့် ကိုချော …
မမမြင့်ရဲ့ ရတနာ၊ တိုင်းပြည်ရဲ့ ရတနာ ကိုချောကို ကျနော်တို့ ကျပျောက်ခဲ့သည်မှာ ခြောက်နှစ်ပင် ပြည့်ခဲ့ပြီ ဖြစ်သည်။
ကိုချောရေ … ငိုသောမျက်ဝန်း သီချင်းဖြစ်ချိန်မှာ ဧရာဝတီကိုယ်တိုင်က သီချင်းတွေကို သယ်ဆောင်တဲ့ မြစ်ဗျ၊ ကျနော်တို့ ရင်ခုန်ခဲ့ရတယ်... ဒီလို ကဗျာမကျ စာမကျပြောတိုင်း ဒန်တီး၏ မြစ်ကို ထမ်းပြန်လာလေ့ရှိသော ကိုချောတယောက် နိဗ္ဗာန်မှာ ငြိမ်သက်ခြင်း မရှိခြင်း နတ္ထိဖြစ်ခြင်းတို့အား ကဗျာဆေးသား ခြယ်နေမည်လော..။ နတ်ဘုံနတ်နန်းမှာ တဖက်နတ်သမီးငါးရာရှေ့မှာ ယက်ဖ်တူရှင်ကိုလို ကဗျာတွေများရွတ်နေမလား။ မဟုတ် သေး ... မောင်ချောနွယ်ဟာ မောင်ချောနွယ်လိုပဲ ကဗျာတွေရွတ်နေမှာပေါ့။
မြန်မာစာပေလောကကို ပြန်ကြည့်လျှင် အခြားအခြားသော အနုပညာလောကများထက် ပိုမိုမွဲတေဆင်းရဲ ကြရ၏။ ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာ၊ သရုပ်ဖော် ပုံဆွဲဆရာတို့ မွဲလှသည်မှာ ဦးပုည သက်ရှိ ထင်ရှားရှိလျှင် ရေသည်ပြဇာတ်ထက် စာပေလောကပြဇာတ်ကိုပင် ရေးလောက်သည်ထင့် ...။ ထိုမွဲလှသည့်ထဲ ကိုချောလည်း တယောက်အပါပေါ့ ...။ စေတနာတော့ မမွဲလှသော စာပေသမားများ၏ ထုံးစံအတိုင်း ကို ချောနွယ်၏ အိမ်ကလေးသည် ကဗျာဆရာ စာရေးဆရာ ပေါက်စတို့၏ စားအိမ်သောက်အိမ် အနွံတာ အငြို ငြင်ပေးသမျှ မမမြင့်က မညည်းညူရှာခဲ့။
အကယ်၍ ကျနော်တို့ တိုင်းပြည်သည်သာ အခြားတိုင်းပြည်များကဲ့သို့ စာပေပညာရှင်များ ကဗျာဆရာများကို တန်ဖိုးထားတတ်ပါလျှင်၊ အကယ်၍ ကျနော်တို့တိုင်းပြည်သာ အခြားတိုင်းပြည်များကဲ့သို့ ဒီမိုကရေစီနှင့် လူ့အ ခွင့်အရေးပြည့်ဝစွာ လူတန်းစေ့ နေနိုင် စားနိုင် ဖန်တီးရုန်းကန်နိုင်ပါလျှင် ယနေ့ ကျနော့်အနေဖြင့် ဤစာကို ဤကဲ့သို့ ရေးနေဖို့မလို။ ကိုချောတယောက် ကျန်းကျန်းမာမာ ၀မ်းပန်းတသာဖြင့် လောကဓံတရားနှင့် ကမ္ဘာ ကြီးကို ကဗျာတွေ တစ်တစ်ရစ်ရစ်ဖြင့် ပျစ်ပျစ်နှစ်နှစ် သီဖွဲ့ခြယ်သနေဦးမည်ဖြစ်သည်။
ကျနော့်ရင်ထဲတွင်တော့ ....
ငါတို့ မာယာကော့ဖ်စကီးကို မပိုင်ဘူး
တော်လ်စတွိုင်းကို မပိုင်ဘူး
ငါတို့ ဗားတော့ဗရက်ကို မပိုင်ဘူး
ယက်ဖ်တူရှင်ကိုကို မပိုင်ဘူး
ငါတို့ ဂျွန်ကိစ်ကို မပိုင်ဘူး
ငါတို့ ... မောင်ချောနွယ်ကို ပိုင်ခဲ့တယ်
ငါတို့ ... မောင်ချောနွယ်ကို ပိုင်ခဲ့တယ် ...
ငါတို့ကို မောင်ချောနွယ်ပြန်ပေး ... …
ငါတို့ကို မောင်ချောနွယ်ပြန်ပေး ... ဟုသာ ကလေးတယောက်ကဲ့သို့ ......။ ။
ကိုမွှေး
No comments:
Post a Comment