Sunday, August 31, 2008

နွားတစ်နေ့ ခွေးတစ်နေ့ (ဟာသ)

မောင်ဖိုတို

မောင်ဖိုတိုတစ်ယောက် ဖိုတိုဂျာနယ်လစ်ဇင်သင်တန်းတခုကနေ ပြန်လာပြီးကတည်းက တက်ကြွတဲ့ ကြက်ဖ ဖြစ်ပြီး ဓာတ်ပုံတွေ တောရိုက်တောင်ရိုက် လျှောက်ရိုက်နေတော့တာပဲ။ အဲသလို မြင်မြင်ကရာ လက်တည့်စမ်း ပြီး လျှောက်ရိုက်နေတာကို အယ်ဒီတာမင်းတချို့က ဂရုဏာသက်ပြီး တပုံစနှစ်ပုံစ ယူသုံးရာကနေ မောင်ဖိုတို တစ်ယောက် ဖိုတိုဂျာနယ်လစ်အဖြစ် အသိအမှတ်ပြုခံရလေပါရောဆိုပါတော့။ အဲ … ကံစမ်းမဲပေါက် (ဆောရီး …) ကံကောင်းချင်ပြန်တော့ ဖိုတိုဂျာနယ်လစ်ဖြစ်ပြီး မျက်စိတမှိတ်အကြာမှာ မြို့တော်ကြီးတခုမှာ ကျင်းပမယ့် မီဒီယာကွန်ဖရင့်တခုကို မောင်ဖိုတိုတက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတယ်ခင်ဗျ။ အဲဒါနဲ့ မောင်ဖိုတိုလည်း ၀ါရင့် ဂျာနယ်လစ်ကြီးတွေကြားထဲ ယုန်သူငယ်လေးတကောင်လို ကြောင်စီစီ ငေါင်းစင်းစင်းနဲ့ ကုပ်ကုပ်ကလေး ပါ သွားလေရဲ့။

ဒါပေမယ့် ကံဆိုးချင်တော့ မောင်ဖိုတိုတို့ကို ခေါ်ဆောင်သွားတဲ့ ကားနှစ်စီးကို မောင်းနှင်တဲ့ တိုင်းတပါးသား ဒရိုက်ဘာတွေက လမ်းခရီးတလျှောက် ပေါက်တောကလွဲရင် ကားကို လုံးဝရပ်မပေးဘဲ နန်းစတော့ပ်ကြီး မောင်းနေပါလေရော။ ကားပေါ်ပါလာတဲ့ သူတွေကို ဗိုက်ဆာလားလည်း မမေး၊ ထမင်းဘူးလည်း မဝေငှဘဲ ကားကိုသာ သဲကြီးမဲကြီး မောင်းနေတယ်။ ကြာတော့ ယမကာ တမော့မော့နဲ့ အသော့နှင်လာတဲ့ ဂျာနယ် လစ်ကြီးတွေခမျာ မူးယစ်ရီဝေရာကနေ နိုးထလာကြပြီး ‘ဗိုက်ဆာလာပြီ ထမင်းဘူး မဝေသေးဘူးလား’ မေးသူ မေး၊ ‘ထမင်းဆိုင် ဘယ်အချိန်ရပ်မှာလဲ’ အော်သူအော်နဲ့ ကားပေါ်မှာ ဆူညံပွက်လောရိုက်ကုန်တာပေါ့။

မောင်ဖိုတိုတို့နဲ့ အတူကားစီးလာတဲ့ စီစဉ်သူကလည်း မောင်ဖိုတိုတို့ ဂျာနယ်လစ်တသိုက်မှာ ဗိုက်မပါကြ ဘူးထင်လို့နဲ့ တူပါရဲ့။ စားစရာတွေဘာတွေ စီစဉ်မလာဘူးခင်ဗျ။ သွားမေးတော့လည်း ‘ဘာဘာ ဘာမှမသိဘူး’ ဆိုပြီး ခေါင်းကိုသာ တွင်တွင်ခါနေတော့တယ်။ အားကိုလောက်ပါပေ့ စီစဉ်သူရယ်လို့ပဲ မောင်ဖိုတိုတို့ ညည်း တွားမိလေရဲ့။ ကားက ညနေ (၅)နာရီလောက်ကတည်းက ထွက်လာတာ ည (၁၁)နာရီလောက်အထိ စားရ မယ့် အရိပ်အယောင် မမြင်ရတော့ ဂျာနယ်လစ်ကြီးတွေလည်း တစ်ယောက်တစ်ပေါက် အော်ဟစ်ပေါက်ကွဲ ကုန်တော့တာ အပြစ်လို့မဆိုသာဘူးပေါ့ခင်ဗျာ။

မောင်ဖိုတိုကတော့ ဗိုက်ထဲက တဂွီဂွီ တကျုတ်ကျုတ် အော်မြည်သံတွေကို နားဆင်နေရပေမယ့် ကိုယ်က သာမညောင်ည ဖိုတိုဂျာနယ်လစ်လေးဆိုတော့ ဆန္ဒမပြရဲဘဲ ကြိတ်မှိတ်သည်းခံနေရတာပေါ့။ အဲဒါမှာတင် ဂျာနယ်လစ်ကြီး တယောက်ဆီက‘တောက်’ ဆိုတဲ့ အသံကြီးထွက်ပေါ်လာပြီး နောက်ဆက် တွဲအနေနဲ့ ‘ငါတို့ကို နွားတွေလို စားမြုံ့ပြန်တတ်တယ် ထင်လို့များ ထမင်းမကျွေး ရေမတိုက်ဘဲ စွတ်မောင်းနေတာလား မသိ ဘူး’လို့ ဒေါသတကြီး ပြောဆိုသံကြီး ထွက်ပေါ်လာတယ်။ အသံဆုံးသွားတာနဲ့ သူနဲ့ခေတ်ပြိုင် ဂျာနယ်လစ် ဂုရုတဦးက ‘ခင်ဗျားကလည်းဗျာ၊ ဗိုက်ဆာရတဲ့အထဲ ခင်ဗျားပြောကာမှ ကျုပ်တို့မှာ နွားလုံးလုံးဖြစ်ရပြန်ပြီ’လို့ မချိသွားဖြဲ ပြောလိုက်တော့ တစ်ကားလုံး ငိုအားထက်ရယ်အားသန် ဖြစ်ကုန်ကြလေရဲ့။

တစ်နေရာရောက်တော့မှ ဆန္ဒပြလွန်းမကပြတာကို မြန်မာစကား နားမလည်တဲ့ သကောင့်သား ဒရိုက်ဘာတွေ ရိပ်မိသွားလားမသိ။ စတိုးဆိုင်တဆိုင်ရှေ့မှာ ကားနှစ်စီးလုံး ထိုးရပ်ပေးလေရဲ့။ အဲဒီအခါမှ မောင်ဖိုတိုတို့ ဂျာနယ်လစ်တသိုက်ခမျာ အာလူးကြော်ထုပ်လေး ဘာလေးဝယ်စား၊ ရေ၀ယ်သောက်နဲ့ ခရီးဆက်နိုင်ခဲ့လေရဲ့။ ကားစီးလို့ စုစုပေါင်း (၁၄)နာရီကျော်လည်းကြာရော ကွန်ဖရင့်ကျင်းပမယ့် မြို့တော်ကြီးကို ရောက်ရောဆိုပါ တော့။

ရောက်တဲ့နေ့ ညနေမှာပဲ ရာဇာနေ၀င်းလို အမြဲတွန့်လိမ်လှုပ်ရွနေတဲ့ ဂျာနယ်လစ်တယောက်က စင်မြင့်ပေါ်က နေပြီး လက်ပ်တော့ပ် ကွန်ပျူတာလေးကို ကြည့်ကာကြည့်ကာနဲ့ စာတမ်းဖတ်တာကို မောင်ဖိုတိုတို့ နားသော တဆင်ရတယ်။ စာတမ်းဖတ်နေရင်း ဂျာနယ်လစ် ရာဇာနေ၀င်းလေးက မီဒီယာသမားဆိုတာကို အဓိပ္ပါယ်ဖွင့် ပြတယ်။ သူက မီဒီယာသမားတွေဟာ watchdogs (အများပြည်သူအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးတဲ့ ပုဂ္ဂိုလ်တွေ)လို့ ပြောရမယ့်အစား ‘အစောင့်ခွေးတွေ’လို့ တိုက်ရိုက်ထရန်စလိတ် (အဲလေ …) ဘာသာ ပြန်ချလိုက်လေရဲ့။ နောက်ပြီးတော့ ဆက်ပြောသေးတယ်။ မီဒီယာသမားထဲမှာမှတဲ့ သတင်းသမားတွေက ဟောင်တဲ့ခွေးဆိုရင် စာရေးဆရာတွေက ကိုက်တဲ့ခွေးတွေပါတဲ့ခင်ဗျ။ အဲဒီမှာတင် မောင်ဖိုတိုတို့နဲ့ အတူလာတဲ့ ဂျာနယ်လစ်ဂုရုတဦးဆီက ခပ်တိုးတိုးညည်းတွားသံကို ကြားလိုက်ရပြန်ပါတယ်။ ဂျာနယ်လစ်ဂုရုရဲ့ ညည်းတွား သံကြောင့် ဘေးနားမှာရှိနေတဲ့ ကွန်ဖရင့်တက်သူတချို့ ပြုံးစိစိ ဖြစ်ကုန်ကြလေရဲ့။

အဆိုပါဂျာနယ်လစ်ဂုရု ညည်းတွားလိုက်တာကတော့ ‘ဒုက္ခပါပဲကွာ၊ မနေ့ညကလည်း ဗိုက်ဆာမိလို့ နွားလုံးလုံး ဖြစ်ခဲ့ရပြီးပြီ။ ဒီနေ့ကျတော့လည်း ကွန်ဖရင့်တက်မိလို့ ခွေးလုံးလုံး ဖြစ်ရပြန်ပါပြီ’တဲ့။ သြော် … မောင်ဖိုတို လည်း ကံကောင်းချင်တော့ ကွန်ဖရင့်တက်ဖို့ အဖိတ်ခံရတယ်။ ကံဆိုးချင်တော့ နွားတစ်နေ့ ခွေးတစ်နေ့ ဖြစ်ရ တယ်လို့တွေးပြီး ကိုယ့်ကိုယ်ကိုယ် ရယ်ပွဲဖွဲ့နေမိတော့တယ်။

(၂၀၀၆ ခုနှစ် မြန်မာ့သတင်းသမဂ္ဂ ညီလာခံ - BMA Conference သို့ အမှတ်တရ …)

မောင်ဖိုတို

No comments: