Saturday, December 8, 2007
ယုံကြည်ခြင်း အနဂ္ဂ
အော်… တချို့အတိတ်ဆိုတာ
ငါ့ခန္ဓာကိုယ်အစိတ်အပိုင်းသာ
ဖြစ်ခဲ့ရင်ကောင်းမှာ
ဖြတ်ထုတ်ပေးချင်လွန်းလို့ပါကွယ် …။
ဒီလိုနဲ့
ဗေဒါရီရဲ့ဗူး ဘယ်သူဖောက်ခဲ့ဖောက်ခဲ့
ဟစ်တလာရဲ့ နှုတ်ခမ်းမွေးလောက်မှ မထင်ရှားတဲ့ …
အတ္တလေး တမျှင်နဲ့ ရင်ခုန်ခဲ့လိုက်တာ …
နာရီစင်ပေါ်က ခိုကတောင် စိတ်ပျက်လက်ပျက် ငြီးပြသွားရဲ့ …။
သုတ်သီးသုတ်ပြာနဲ့
ဖိနပ်ပေါ်မှာ ချော်မလဲအောင် လျှောက်ခဲ့
တွေတွေဝေေ၀နဲ့ နှာသီးဖျားမှာ
ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုလည်း အမိအရဖမ်းခဲ့
သန်းမရှိတဲ့ မင်းဆံပင်တွေကြားမှာလည်း
ဖွဖွလေး ပိုက်စိတ်တိုက်ခဲ့
အမှန်တရားနဲ့လည်း ဖွဲနုတွေ စားခဲ့…
ညဈေးတန်း လက်သုတ်ဆိုင်မှာလည်း
အရက်ပုန်း တပန်းကန်လုံး မော့ခဲ့
နာကျင်တတ်တဲ့ ဟောဒီ စွပ်ကျယ်အောက်က
စူပါမင်း… လေလျှော့ထားတဲ့ ရင်ဘုံဟာ
ခါးကြိုးတင်းနေတဲ့ မျောက်တကောင်လိုလည်း ခုန်ခဲ့ ပြီးတော့ တုန်ုခဲ့ …။
ညီမလေးရာ…
မင်းမလာခဲ့ရင် ကောင်းမယ်
ငါ့ဘ၀ကို စဥ့်အိုးရွေးသလို လက်ဆစ်နဲ့ မခေါက်ခဲ့ရင် ကောင်းမယ်
ငါ့ကျိုးကြေမှုတွေကို ကုန်လုဆဲ ကော်တဘူးနဲ့ မပြုပြင်ခဲ့ရင် ကောင်းမယ်
ငါ့မေတ္တာတရားကို ငါးဆယ်သားအလေးနဲ့ မချိန်တွယ်ခဲ့ရင် ကောင်းမယ်
ငါ့အော့အန်မှုတွေကို စာရင်းမပြုစုရင် ကောင်းမယ်
ငါ့ဆံပင်ဖြူ တပင်နှစ်ပင်ကို ငွေမျှင် တွေလို့ ထောပနာမပြုခဲ့ရင် ကောင်းမယ်
ငါတခါမှ မထောင်ခဲ့ဖူးတဲ့ အလံတလက်ကို တိုင်တိုမှာ မလွှင့်ခဲ့ရင် ကောင်းမယ်…
ငါ့ပုတီးကို ခရီးကိုးပတ် မထွက်ခိုင်းခဲ့ရင် ကောင်းမယ်
ငါ့သံချေးတက် ညိုညစ်နေတဲ့ ဘ၀သံတံခါးကို
အကြင်နာတရားနဲ့ မဖွင့်ခဲ့ရင် ကောင်းမယ်…။
ဒါပါပဲ…
ဘ၀ဆိုတာ ရာခိုင်နှုန်းပြည့်မှ
စည်းစိမ်ဆိုတာ အာမခံချက်ရှိမှ
အသက်ဆိုတာ အရှက်ကတ္တီပါအဖုံးလေး ကာလို့
အရှုံးပေးလာရရင်တောင် သိက္ခာလေး ဖင်စီခံလောက်နဲ့
အငွေ့လေး တထောင်းထောင်း ထနိုင်သေးမှ
ရှင်သန်ရကျိုးနပ်ချင်ကြတဲ့ လောကမှာ …
ငါဟာ သူပုန်ပါကွယ် …
အရာရာဟာ မဆီလျော် အဆင်မသင့်မှုတွေနဲ့
ယုံရာကို ရုန်းကန် ကုန်းဆန်ဆန် ကျောက်စရစ်တောမှာ
ပန်းဥယျာဉ်လေးပျိုးချင်မိမှတော့
ထားခဲ့တော့…သွားနှင့်တော့ ဆိုတာကိုပဲ
အရွယ်လွန် နှဲသမားတစ်ယောက်ရဲ့ ဖားခုန်ညင်းပါးစပ်နဲ့
အသွားတခုထဲကို ထပ်တလဲလဲ နရီမပါ စည်းမရှိဘဲ
အပြီးထိ သီဖွဲ့လိုက်ပါ့မယ် …။
ညီမလေးရာ …
အနာဂတ်ဆိုတာ
ယုံကြည်ရာ ဖြစ်နေခဲ့တော့
သံလွင်မြစ်ကြီး မိုးပေါ်ဆွဲတင်ပြီး ဖြုတ်ချရင်တောင်မှ
ငါ့ဟာနဲ့ငါ ရပ်နေပါရစေ ခြွေချလိုက်ပါ …
ယုံကြည်ရာ … မေတ္တာ … သစ္စာထန်းလက်အောက်
နောက်ဆုံးထွက်သက်ထိ ခိုရင်း …
မျက်ရည်မဲ့ သက်ပြင်းနဲ့ …။ ။
ကိုမွှေး
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:15 PM
1 comments
Labels: ကဗျာ
ပြည်ပရောက် မျိုးချစ်မြန်မာများ၏ လူထုလှုပ်ရှားမှုသပိတ်
Posted by
ဒေါက်တာလွဏ်းဆွေ
at
1:13 PM
0
comments
Labels: သတင်း
ငါတို့ကို ဒီမိုကရေစီပြန်ပေး
တက္ကသိုလ်ကျောင်းသားတဦးရဲ့
ဖျောက်ထားခံရတဲ့ သမိုင်းမှာ
သစ်ပုတ်ပင်ကြီးပါတယ်
သွေးစွန်းခဲ့တဲ့ အင်းလျားကန်ဘောင်ပါတယ်
ဖြိုချခံခဲ့ရတဲ့ တကသ အဆောက်အဦးလည်းပါတယ်။
ကျောင်းသားတို့ရဲ့
ကိုယ့်သမိုင်းကိုယ်ရေးခွင့်
ဘယ်လောက်ဖြင့် ဆုံးနေရဦးမှာလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၂)
သံဃာတော်တပါးရဲ့
ခြေမွခံလိုက်ရတဲ့ ပုံရိပ်မှာ
စစ်ဖိနပ်ဒဏ်ရာနဲ့ ကျောင်းသင်္ခမ်းကိုတွေ့တယ်
တားမြစ်ခံထားရတဲ့ ဆွမ်းချိုင့်လေးတွေတွေ့တယ်
ရွတ်ဆိုခွင့် မရတော့တဲ့
မေတ္တာပို့ ဆုတောင်းသံကိုလည်းတွေ့တယ်။
ဘယ်လောက် ဖောက်ပြန်ပိုးထိုး
ခေတ်ဆိုးကြီးများပါလိမ့်
ဘုရားသားတော်တွေရဲ့ ဘဝ
သင်္ကန်းရုံမှ
ပိုပြီး မလုံခြုံရတဲ့အဖြစ်
ရင်နင့်စရာ ကောင်းလှချည့်။
အခုခင်းကျင်းနေတဲ့ အမိုက်ဇာတ်
ဘယ်တော့များ ရပ်ပါ့မလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၃)
သာမန်ပြည်သူတယောက်ရဲ့
ဖျက်သိမ်းခံခဲ့ရတဲ့ ဘဝမှာ
မှတ်ပုံတင်ပြစရာ မလိုတဲ့
လွတ်လပ်စွာ ကိုးကွယ်ခွင့်ပါတယ်
အကြောက်တရားမဲ့ ပြောဆိုခွင့်ပါတယ်
အချုပ်အခြယ်မဲ့ စည်းရုံးခွင့်လည်းပါပါတယ်။
နောက် ဘယ်လောက်ကြာကြာ
အကျဉ်းချထားဦးမှာလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၄)
သာမန်စစ်သားတယောက်ရဲ့
မက်ခွင့်မရတဲ့ အိပ်မက်တွေထဲမှာ
နေ့တိုင်း ရွတ်နေရပြီး
ဘယ်တော့မှ ဦးထိပရရွက်ခွင့်မရခဲ့တဲ့
သစ္စာလေးချက်ကို တွေ့တယ်
ဖယ်ရှားခံထားရတဲ့
ပြည်သူနဲ့ တသားတည်း ဖြစ်ခွင့်ကိုတွေ့တယ်။
အခုဖြင့်
ပြည်သူကို သေနတ်ပြောင်းချိန်ဖို့သာ
အမိန့်ပေးခံထားရတဲ့
မလူးသာ မလွန့်သာဘဝ
ဘယ်တော့မှ ကုန်ဆုံးနိုင်မှာလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၅)
ရဟန်းပြည်သူ
ကျောင်းသူကျောင်းသား
စစ်သားမကျန်
မြန်ပြည်တဝှမ်း
ဘဝဂ်လွှမ်းအောင်
အစွမ်းရှိသမျှ
ဟစ်ကြွေးကြလော့ …။
“ငါတို့ကို
ဒီမိုကရေစီပြန်ပေး”
“ငါတို့ကို
ဒီမိုကရေစီပြန်ပေး”
“ငါတို့ကို
ဒီမိုကရေစီပြန်ပေး”
သံပြိုင်ဟစ်ဆို
ထိုတောင်းဆိုသံ
ပြည်လုံးညံကာ
ဤတခါမူ
ရန်သူဟူသမျှ
တောထုတ်နိုင်ကြပါစေသတည်း ။ ။
ဒေါင်းတမန်
Posted by
ဒေါက်တာလွဏ်းဆွေ
at
12:05 PM
0
comments
Labels: ကဗျာ
Friday, December 7, 2007
တော်လှန်သော ပြည်သူ့သူရဲကောင်းများ
“သူရဲကောင်း”
‘သူရဲကောင်း’နှင့် ‘သူရဲကောင်းဝါဒ’ ဟူသော ဝေါဟာရ နှစ်ရပ်မှာ အဓိပါယ်မတူပါ။ တချို့က သူရဲကောင်းဝါဒကို မနှစ်သက်ကြပါ။ သူတို့က သူရဲကောင်းဝါဒသည် တကိုယ်ကောင်း ဆန်သည်။ တကိုယ်တော် စွန့်စားမှုဖြစ် သည်ဟု ဆိုပါသည်။ အချို့ကဆို သူရဲကောင်းဝါဒကို မိုက်ရူးရဲဆန်သည်ဟုပင် ဆိုပေသည်။ ဂျပန်သူရဲကောင်းဝါဒ ‘ဘူ ရှီဒို’ စိတ်ဓာတ်ကို သူတို့မကြိုက်ကြပါ။
သို့သော် ခြွင်းချက်တော့ ရှိပေမည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အခြေအနေနှင့် အချိန်အခါကို လိုက်၍ အသက်စွန့် ကြိုးပမ်းရသော သူရဲကောင်းများ ရှိပါသည်။ သူတို့၏ လုပ်ရပ်သည် ကြောင်းကျိုး ဆီလျော်ပြီး ဆင်ခြင်တုံတရားနှင့်လည်း ကိုက်ညီနေသည်ကို တွေ့ရပေမည်။
မည်သို့ဖြစ်စေ သူရဲကောင်းဝါဒဟု ဆိုလိုက်လျှင် တချို့က ဂယက်အနက်ကို မကြိုက်ကြပါ။ Bad sense အ နက်ဆိုး ထွက်သည်ဟု ယူဆကြပါသည်။
သို့ရာတွင် ‘သူရဲကောင်း’ တွေကိုတော့ ပြည်သူတွေက နှစ်သက်ကြ ချစ်ကြပါသည်။ ထို့ကြောင့်ပင်လျှင် မြန် မာတိုင်း မြန်မာတိုင်း တွင်တွင် အော်ဆိုခဲ့ရသည့် ‘ဗိုလ်ချုပ်အောင်ဆန်း’ သီချင်းထဲတွင် … ‘ကျနော်တို့ မြန်မာပြည်ဝယ် … မိဘတိုင်းကကွယ် … ဗိုလ်အောင်ဆန်းလို … သူရဲကောင်းတွေ မွေးရမယ် …’ ဟူ၍ ထည့်သွင်း ရေးဖွဲ့ထားသည် မဟုတ်လား။
ယခုအချိန်မှာကား မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းလို၊ ဒေါ်အောင်ဆန်းစုကြည်လို သူရဲကောင်းတွေ အမြောက်အမြား လိုအပ်နေသော အခါသမယလည်း မဟုတ်ပါလား။
“ပြည်သူ့သူရဲကောင်း”
တော်လှန်ရေးများသည် သူရဲကောင်းများကို မွေးဖွားပေးပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ချက်နိုင်ငံ နာဇီဟစ်တလာ လက်အောက်သို့ ကျရောက်သွားစဉ်က ဖြစ် သည်။ နာဇီဖက်ဆစ်များကို ခုခံဆန့်ကျင်ကြသည့် ချက်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကြီးတွင် သတင်းစာဆရာ ‘ဂျူးလိယက်ဖူးချစ်’ကို မွေးဖွားလိုက်ပါသည်။ ဖူးချစ်သည် နာဇီဂက်စတာပို အကျဉ်းထောင်ထဲတွင် လူမဆန်အောင် နှိပ်စက်ညှဉ်းပန်း ခံခဲ့ရပါသည်။
နာဇီစစ်ဗိုလ်က ဖူးချစ်ကို ဖြောင့်ချက်ပေးခိုင်းသည်။ ‘မင်းလိမ္မာစမ်းပါ၊ ခေါင်းမမာစမ်းပါနဲ့’ဟု ဆိုသည်။ ထိုအခါ ဖူးချစ်က …
‘ငါ့အဘိဓာန်ထဲမှာတော့ လိမ္မာခြင်းဆိုတာ သစ္စာဖောက်ခြင်းပဲ’ ဟူ၍ ပြန်ပက်လိုက်ပါသည်။
ဖူးချစ်ကို သူတို့ ကြိုးပေး သတ်လိုက်ကြပါသည်။ သို့သော် ချက်ပြည်သူတို့၏ နှလုံးသားထဲတွင် ဖူးချစ်မသေပါ။
အလားတူ ဗီယက်နမ် စစ်ပွဲကာလတုန်းက တောင်ဗီယက်နမ် နိုင်ငံတွင်လည်း သူရဲကောင်းတဦး ထွန်းကားခဲ့ ပါသည်။ သူကား ‘ငုယင်ဗန်ထရွိုင်း’ ပင်တည်း။ ဗန်ထရွိုင်းသည် စက်ရုံအလုပ်သမား တယောက်ဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်နာမားရားကို ဗုံးဖောက်ခွဲ သတ်ဖြတ်ရန် ကြံစည်မှုဖြင့် အဖမ်းခံ လိုက်ရသည်။
သူ့ကို ဆိုင်ဂုံ ရုပ်သေးအစိုးရက နှိပ်စက်ညှဉ်းပန်းသည်။ သူ့ဇနီး ဖန်သီကြူရင်နှင့် များပြီး ဖြောင့်ချက်ပေးခိုင်း သည်။ ဗန်ထရွိုင်းက မပေးပါ။ အသေခံသွားပါသည်။
ဗန်ထရွိုင်းကို သေဒဏ် စီရင်သည့်နေ့က သူ့ကိုသေနတ်နှင့် မပစ်ခင် သူ့မျက်လုံးတွေပေါ်က စည်းထားသော အ၀တ်စကို ဖယ်ပေးဖို့ အာဏာပိုင်များထံ တောင်းဆိုသည်။ ဗန်ထရွိုင်းသည် သူ့မြေကို မမှိတ်မသုန် ကြည့်ရင်း သေနတ်ပြောင်းတွေကို ရင်ကော့ စိန်ခေါ်လိုက်သည်။ သေနတ်သံတွေ ဆူညံစွာ ထွက်ပေါ်လာပြီး ယမ်းငွေ့တွေ ပြယ်မသွားခင် ဗန်ထရွိုင်းသည် ‘သမ္မတကြီး ဟိုချီမင်း အဓွန့်ရှည်ပါစေ’ဟု ကြွေးကြော် သွားခဲ့ပါသည်။ ထိုမြင်ကွင်းကို ကြည့်နေကြသော နိုင်ငံခြား သတင်းထောက်များ မျက်ရည်ဖြိုင်ဖြိုင်ကျ ငိုကြွေးခဲ့ကြပါသည်။
ဗီယက်နမ် စစ်ပွဲကြီးပြီး၍ နောင်နှစ်ပေါင်း အစိတ်ကျော်ကျော် ကြာသည့်အချိန်တွင် မက်နာမားရားက ‘ဗီ ယက်နမ် စစ်ပွဲမှာ အမေရိကန်တို့၏ အမှားဖြစ်ပါသည်’ဟု ၀န်ခံခဲ့ပါသည်။
ငုယင်ဗန်ထရွိုင်း မမှားပါ။ ပြည်သူ့ဘက်က ရပ်တည်သော သူရဲကောင်းများမှာ ဘယ်တော့မှ မမှားပါ။
“တော်လှန်သော ပြည်သူ့သူရဲကောင်း”
ယနေ့ ဗဟုဝါဒခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကမ္ဘာကြီးတွင် အရှေ့ဖြစ်ဖြစ် အနောက်ဖြစ်ဖြစ် ဘယ်နိုင်ငံ ဘယ်လူမျိုးက ဖြစ်ဖြစ်၊ လူငယ်ထုကြီးသည် ‘ချေဂွေဗားရား’ ဆိုသော သူရဲကောင်းတယောက် အကြောင်းကို ကောင်းကောင်း သိကြပါသည်။ လေးစားမြတ်နိုး တန်ဖိုးထားကြပါသည်။
ထိုလူငယ်များသည် ချေဂွေဗားရားကို သိမီလိုက်ကြသူများ မဟုတ်ကြပါ။ သူတို့ ရှေ့အထက် မျိုးဆက်နှစ်ဆက် သို့မဟုတ် သုံးဆက်ကျော်က သူရဲကောင်းတယောက်ကို ယနေ့ခေတ် လူငယ်တွေက ဘာကြောင့် စွဲလန်း ဂုဏ် ယူကြတာပါလဲ။
ချေမှာ ၁၉၆၀ပြည့် တ၀ိုက်က ကျူးဘားလွတ်မြောက်ရေး၊ ဘိုလီးဗီးယား လွတ်မြောက်ရေး တိုက်ပွဲများတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့သော အာဂျင်တီးနား နိုင်ငံသား ဆရာဝန်တဦး ဖြစ်သည်။ ၁၉၆၇တွင် ဘိုလီးဗီးယား စစ်အစိုးရတပ်က ချေကို ပစ်သတ် ဖမ်းဆီးခဲ့ကြပါသည်။
သို့ရာတွင် ချေသည် မသေပါ။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက အမျိုးသားလွတ်မြောက်ရေး ပြောက် ကျားတိုက်ပွဲများတွင် ချေ၏ ၀ိညာဉ်က လမ်းပြနေခဲ့ပါသည်။
မနေ့တနေ့ကတော့ ဘိုလီးဗီးယားနိုင်ငံ ကျေးရွာတခုအနီးတွင် မြှုပ်နှံထားသော ချေဂွေဗားရား၏ အရိုးစုကို တွေ့ရှိတူးဖော်ပြီး ကက်စထရိုကိုယ်တိုင် ကျူးဘားနိုင်ငံမြို့တော် ဟာဗာနာတွင် မြှုပ်နှံ ဂုဏ်ပြုခဲ့ပါသည်။
ချေသည် ကွန်မြူနစ် တယောက်၊ ပြောက်ကျား တယောက်၊ နိုင်ငံတကာဝါဒီ တယောက်။
သို့သော် ယနေ့လူငယ်ထုက သူ့ကို လေးစားကြသည်မှာ ထိုအချက်များကြောင့် မဟုတ်။ လူငယ်တွေက ချေကို လေးစားသည်မှာ ချေ၏ ‘ကိုယ်ကျိုးစွန့် အနစ်နာခံမှု’ ကြောင့်သာ ဖြစ်သည်ဟု ဆိုပါသည်။
ယနေ့မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် တော်လှန်သော ပြည်သူ့သူရဲကောင်းများ လိုအပ်နေပြီ ဖြစ်ပါကြောင်း။
အောင်ဝေး
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:18 PM
3
comments
Labels: ဆောင်းပါး
Thursday, December 6, 2007
ရွှေဝါရောင်အရေးတော်ပုံနောက်ပိုင်း တိုက်ပွဲပုံသဏ္ဍာန် စဉ်းစားချက်များ
စက်တင်ဘာ အရေးတော်ပုံကို အကြမ်းဖက် ဖြိုခွဲခံရပြီးတဲ့ နောက်ပိုင်းမှာ ရှေ့ဆက်ပြီး ဘယ်လိုပုံသဏ္ဍာန်နဲ့ တိုက်ပွဲဝင်ကြမလဲ ဆိုတဲ့အပေါ် သုံးသပ်ဝေဖန်ချက်တွေ၊ အကြံပြု စဉ်းစားချက်တွေ အတော်များများ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ အရေးတော်ပုံအတွင်း သံဃာတော်တွေ ဦးဆောင်ပြီး အကြမ်းမဖက်ဘဲ အနုနည်းနဲ့ မေတ္တာပို့ ချီတက်ဆန္ဒပြတာကို လူမဆန်စွာ ရက်ရက်စက်စက် ဖြိုခွင်းခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူတွေ အပါအ၀င် နိုင်ငံရေး တောင်းဆိုလှုပ်ရှားသူ အတော်များများဆီက အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတဲ့ အသံတွေ အဓိက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တချို့ကကျတော့ အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတဲ့ အယူအဆကို ရှေ့တန်း မတင်ဘဲ သံတမန်ရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းအပေါ် အားကိုးအားထားပြုပြီး စိတ်ရှည်လက်ရှည် သည်းခံ စောင့်မျှော်ဖို့ စဉ်းစားကြတာကို တွေ့ရတယ်။ အဲဒီလို စဉ်းစားသူတွေဆီက နိုင်ငံတကာ ဖိအားတွေ ပိုမိုပြင်းထန်လာတဲ့အပေါ် အခွင့်အရေး အမိအရယူပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာအောင် အားထုတ်ကြိုးပမ်းမယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သေချာတာကတော့ အကြမ်းမဖက်ရေးနည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရော၊ သံတမန်ရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေးနည်းတွေကို စောင့်စားသူတွေပါ စက်တင်ဘာ အရေးတော်ပုံတုန်းကလို အကြမ်းမဖက်တဲ့နည်း တမျိုးတည်းကို ထပ်သုံးလို့ မရတော့ဘူး ဆိုတာကို လက်ခံလာကြတာပဲ ဖြစ်တယ်။ အဲဒီနည်းကို ထပ်သုံးရင် သံဃာတွေ ပြည်သူတွေ ကျောင်းသားတွေ သက်သက်မဲ့ ထပ်အသတ်ခံရပြီး ထပ်မံရှုံးနိမ့်ဦးမယ် ဆိုတာကို သဘောပေါက် လက်ခံလာကြတာပဲ ဖြစ်ပါတယ်။ နအဖစစ်အုပ်စုကို ဆန့်ကျင် တိုက်ပွဲဝင်သူမှန်သမျှ အဲဒီနည်းကို ဆက်လက်ကျင့်သုံးဖို့ မသင့်တော့ဘူး ဆိုတာကို တညီတညွတ် လက်ခံလာကြတဲ့ သဘောပါပဲ (စက်တင်ဘာ အရေးတော်ပုံအတွင်း ရှေ့ဆုံးကနေ ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့ ကဗျာဆရာ အောင်ဝေးကဆိုရင် သူ့ရဲ့ ‘အောင်ဝေးစစ်တမ်း’မှာ အဲဒီ နည်းကို ယုံကြည်တဲ့သူ ရှိသေးရင် ယုံကြည်တဲ့သူတွေ ရှေ့ဆုံးက ချီတက်ပြီး ပိုးစိုးပက်စက် အသေခံကြပါလို့တောင် ပြင်းပြင်းထန်ထန် သတိပေး ရေးသားထားတာကို တွေ့ရပါတယ်)။
ပထမဦးစွာ အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရဲ့ အကြံပြုချက် တွေအပေါ် ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါ အောက်ဖော်ပြပါ တိုက်ပွဲပုံသဏ္ဍာန် အမျိုးအစား အကြံပြုချက်တွေကို တွေ့ရပါတယ်။
(၁) လက်နက်အားကိုးပြီး ဖက်ဆစ်ဆန်ဆန် ဖိနှိပ်ရက်စက်နေတဲ့ နအဖစစ်အုပ်စုကို လက်နက်ကိုင် တော် လှန်ရေးနည်းနဲ့သာ ချေမှုန်းနိုင်မယ်။ အဲဒီအတွက် စုစည်းညီညွတ်တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်နဲ့ အဲဒီတပ်ကို ဦးဆောင်ကွပ်ကဲမှု ပေးနိုင်မယ့် ခေါင်းဆောင်တယောက် အမြန်ဆုံး ပေါ်ထွန်းဖို့လိုတယ်။ အဲဒီလို ပေါ်ထွန်းလာမယ့် လက်နက်ကိုင် တော်လှန်ရေးတပ်ကို နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီလိုလားသူ မြန်မာနိုင်ငံသားအားလုံးက ငွေကြေးကအစ လိုအပ်တာတွေကို အလုံအလောက် ထောက်ပံ့ပေးမယ်။ ပြည်သူတွေကလည်း နအဖစစ်အုပ်စုကို အရင်ကထက် မုန်းတီးပြီး ဆန့်ကျင် တိုက်ခိုက်လိုစိတ်တွေ ပြင်းပြနေတဲ့အတွက် တပ်သား စုဆောင်းရတာ လွယ်ကူမယ်။ အဲဒီနည်းနဲ့ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ပြီး နအဖစစ်အုပ်ကို ဖြုတ်ချမယ်။ ဒီမိုကရေစီနိုင်ငံကို ထူထောင်ရမယ်။
(၂) ရှိရင်းစွဲ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မြို့တွေပေါ်တက်ပြီး နအဖစစ်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားကို ရပ်တန့်စေမယ့် ဖောက်ခွဲဖျက်ဆီးမှုတွေကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ လုပ်ဆောင်တဲ့ နေရာမှာ ပြည်သူတွေကို ထိခိုက်မှုမရှိစေမယ့် ပစ်မှတ်တွေကို သေချာရွေးချယ်ပြီး ဖောက်ခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ မြို့နယ်တွေက ရဲဌာနတွေ၊ ကြံ့ဖွံ့အသင်းရုံးတွေ၊ အမျိုးသမီးရေးရာ အသင်းရုံးတွေ၊ တိုင်းနဲ့ ပြည်နယ်/ မြို့နယ်/ ရပ်ကွက် အေးချမ်းသာယာရေးရုံးတွေ၊ နအဖနဲ့ ဆွေတော်မျိုးတော်တွေ/ အပေါင်းအပါတွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အဦးတွေ၊ ကုမ္ပဏီရုံးတွေကို အဓိက ပစ်မှတ်ထား ဖောက်ခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်။ လိုအပ်ရင် အစိုးရယန္တရားအားလုံး လုံးဝရပ်ဆိုင်းသွားစေဖို့ ရုံးဝန်ထမ်းတွေကို ကြိုတင်အသိပေး ကြေညာချက်တွေ ထုတ်ပြန်ပြီး အစိုးရရုံးဌာန အဆောက်အဦးတွေကို ဖြိုခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်(အဲဒီလို လုပ်ဆောင်ရာမှာ အပြစ်မဲ့ ပြည်သူ့ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရတာမျိုး၊ အသက်ဆုံးရှုံးတာမျိုး မဖြစ်အောင် သတိကြီးစွာထားပြီး လုပ်ဆောင်ဖို့ လိုပါတယ်)။ အဲဒီကမှတဆင့် အထွေထွေသပိတ်ကို ဖေါ်ဆောင် အရှိန်မြှင့်ပြီး စင်ပြိုင်အစိုးရ ဒါမှမဟုတ် ကြားဖြတ်အစိုးရကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။
(၃) ပြည်သူတွေအားလုံး ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ရရာလက်နက်စွဲကိုင်ပြီး နအဖရဲ့ ဖိနှိပ်မှုယန္တရားတွေကို ကျားကန်ပေးနေတဲ့ ကြံဖွံ့၊ စွမ်းအားရှင်၊ လုံထိန်း၊ ရဲ၊ မြို့ပေါ်နေ တာဝန်ကျ စစ်သား စတဲ့ ဒေါက်တိုင်တွေ၊ နအဖနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အမျိုးအဆွေတွေ အားလုံးကို အလစ်အငိုက် တိုက်ခိုက်ပြီး သူတို့ သွေးပျက်တဲ့အချိန်မှာ လူထုတိုက်ပွဲကို ပြန်ဖော်ဖို့ ဖြစ်တယ်။ အဲဒီကနေ လူထုတိုက်ပွဲ အရှိန်မြင့်လာတဲ့အခါ စင်ပြိုင်အစိုးရ ဒါမှမဟုတ် ကြားဖြတ်အစိုးရကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ ရရာလက်နက် ဆိုတဲ့နေရာမှာ သေနတ်၊ ဗုံး စတာတွေကို ဆိုလိုတာ မဟုတ်ဘဲ မိမိတို့မှာရှိတဲ့ အပ်တိုတချောင်းကအစ တုတ်၊ ဓား၊ လေးခွ၊ ဂျင်ဂလိအဆုံး သုံးလို့ရတဲ့ ပစ္စည်းပစ္စယ အကုန်လုံးကို ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ စွဲကိုင်အသုံးပြုပြီး တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။ အဓိကက နအဖ ဒေါက်တိုင် (လူပုဂ္ဂိုလ်)တွေ အားလုံး သွေးပျက်ခြောက်ခြားပြီး ဖရိုဖရဲ ဖြစ်သွားအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
ဒါတွေက အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရဲ့ အကြံပြုချက်တွေကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာကြည့်တာ ဖြစ်ပါတယ်။ နံပါတ်(၁) စဉ်းစားချက်အပေါ် သုံးသပ်ကြည့်ရင် အေဘီ အက်စ်ဒီအက်ဖ်လို ကျောင်းသားတပ်မတော်ရော၊ ကေအန်ယူအပါအ၀င် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော ရှိနှင့်ပြီးသား ဖြစ်တဲ့အတွက် အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေကို ပစ်ပယ်ပြီး လက်နက်ကိုင် တပ်ဖွဲ့သစ်ကို ထူထောင်ဖို့ဆိုတာ စိတ်ကူးယဉ်တဲ့ သဘောဆောင်မယ်လို့ ယူဆမိပါတယ်။ ဖြစ်နိုင်ရင် ရှိရင်းစွဲ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါင်းစည်းပြီး စည်းလုံးညီညွတ်တဲ့ တော်လှန်ရေး တပ်မတော်ကို ဖွဲ့နိုင်ဖို့ကသာ ဖြစ်နိုင်ချေ ပိုရှိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ၁၉နှစ်ကျော်လုံးလုံး အချိန်ရခဲ့တဲ့အတွင်းမှာ တစုတစည်းတည်းဖြစ်တဲ့ တော်လှန်ရေး လက်နက်ကိုင် တပ်မတော်ကို မထူထောင်နိုင်ခဲ့တာကို ကြည့်ရင် စုစည်းနိုင်တဲ့ အရည်အချင်းမျိုးရှိတဲ့ ခေါင်းဆောင်တယောက် ပေါ်ထွန်းမလာတာ ဖြစ်နိုင်သလို၊ ဖွဲ့စည်းဖို့ ဖြစ်နိုင်တဲ့ အခြေအနေတွေ လုံးဝမရှိတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ မျက်စိစုံမှိတ်ပြီး တစုတစည်းတည်းဖြစ်တဲ့ လက်နက်ကိုင် တပ်မတော်ကို ဖွဲ့နိုင်ပြီ၊ နအဖ စစ်အုပ်စုကို အောင်ပွဲရတဲ့အထိ တိုက်နိုင်ပြီထားဦး၊ အဲဒီအောင်ပွဲရ လက်နက်ကိုင် တပ်မတော်ကရော ဒီမိုကရေစီ နိုင်ငံတော်ကို ချောချောချူချူ တည်ထောင်ခွင့် ပေးပါ့မလား၊ ကျူးဘား တော်လှန်ရေးခေါင်းဆောင် ကက်စ်ထရိုလို လုပ်နေရင် ဘယ်လိုလုပ်ကြမတုန်းဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ထောက်ပြ စဉ်းစားချက်တွေကိုလည်း တွေ့ရပါတယ်။ အဲသလို ဖြစ်နိုင်ချေ နည်းပါးမှု၊ စိုးရိမ်ပူပန်စရာတွေ ရှိနေမှုကြောင့် နံပါတ်(၁) စဉ်းစားချက်ကို အကြံပြုတဲ့သူက အနည်းစု ဖြစ်တာကို တွေ့ရပါတယ်။
အဲဒီလို အကြမ်းမဖက်တဲ့ နည်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယုံကြည်သူတွေ စဉ်းစားတဲ့ အကြံပြုချက် အများစုကတော့ အမှတ်စဉ်(၂)နဲ့ (၃)တွေ ဖြစ်တာကို တွေ့ရပါတယ်။ အရေအတွက်အားဖြင့် ဆတူလောက်ကို တွေ့ရပါတယ်။ အဓိကကတော့ အဲဒီနည်းနာ တခုခုကို သုံးပြီး လူထုတိုက်ပွဲနဲ့ ချိတ်ဆက် အနိုင်ယူဖို့ အကြံပြုကြတာ ဖြစ်ပါတယ်။ နံပါတ်(၂) စဉ်းစားချက်ကို အကောင်အထည် ဖော်ဖို့အတွက်ဆိုရင် လက်နက်ကိုင် အဖွဲ့တွေ တပေါင်းတစည်းတည်း ဖြစ်စရာမလိုဘဲ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် အချိတ်အဆက်ရှိရှိနဲ့ ကိုယ်ကျွမ်းကျင် ပိုင်နိုင်ရာ မြို့ရွာဒေသတွေကို ၀င်ရောက်ပြီး ဖောက်ခွဲဖျက်ဆီးကြဖို့ပဲ ဖြစ်တယ်လို့ အကြံပြုကြတာဖြစ်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင်တော့ နံပါတ်(၂)နဲ့ (၃) စဉ်းစားချက် နှစ်ခုစလုံးဟာ နံပါတ်(၁) စဉ်းစားချက်ထက် ဖြစ်နိုင်ချေ ပိုများတယ်လို့ အများစုက သုံးသပ်ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီနည်းနာ နှစ်ခုကနေ လူထုတိုက်ပွဲ ပေါ်လာတဲ့အခါမှာ မြေပေါ်နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ အချိတ်အဆက်မိမိ လက်တွဲလုပ်ဆောင်ဖို့ အထူးလိုအပ်လှကြောင်း သုံးသပ်တင်ပြရင်း အကြမ်းမဖက်တဲ့ နည်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယုံကြည်သူတွေရဲ့ စဉ်းစားချက်အပိုင်းကို နိဂုံးချုပ်လိုက်ရပါတယ်။
(ကျနော်၏ ကိုယ်ပိုင်ဘလော့ဂ်သို့ ပေးပို့ကြသည့် ဆောင်းပါးများ၊ ပေးစာများ၊ အကြံပြုချက်များ ကို အခြေခံပြီး ဤဆောင်းပါးကို ရေးသားပါသည်။ ဆောင်းပါးအမှတ်(၂)တွင် သံတမန်ရေးနည်း နှင့် တွေ့ဆုံဆွေးနွေးရေး နည်းတွေကို စောင့်စားလိုသူများ၏ စဉ်းစားချက်များ အပေါ် ဆက်လက် သုံးသပ်တင်ပြပါမည်။)
ဒေါက်တာလွဏ်းဆွေ
(ယခု ၂၀၀၇၊ ဒီဇင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြထားပါသည်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:17 PM
0
comments
Labels: ဆောင်းပါး
ပုန်းခိုကျင်းထဲက ငွေရတု
ဓာတ်ပုံ-ကိုလတ်
‘ကျနော်သည် တိုင်းပြည်နှင့် လူမျိုးအတွက် အနှစ်(၂၀)ကျော် လုပ်လာခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်သောအခါ ဖဆပလ အစိုးရ၏ ကြိုးတိုက်ထဲ ရောက်နေသည်ကို တွေ့လိုက်ရပေသည် …’ တဲ့။
အတိအကျတော့ မဟုတ်ပါ။ ကာနယ်ချစ်ကောင်း ရေးခဲ့သည့် စာသားတွေကို ကျနော် ပြန်စဉ်းစား ရွတ်ဆို နေမိပါသည်။
ကျနော်သည်ကော …။ မြန်မာပြည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ကဗျာဆရာ လုပ်ခဲ့တာ အခု ၂၀၀၇ ခုနှစ် နိုဝင်ဘာလဆိုရင် ကျနော့်ရဲ့ ကဗျာဆရာသက် (၂၅)နှစ် တင်းတင်း ပြည့်သည့်အချိန်၊ ကျနော့်ကိုယ် ကျနော် ပြန်ကြည့်လိုက်တော့ … လား … လား ငါ ပုန်းခိုကျင်းတခုထဲ ရောက်နေတာပါလား။
ကျနော်၏ ကဗျာဆရာသက် ငွေရတုသဘင်မှာ သမိုင်း၏ ကံစီမံရာအတိုင်း ပုန်းခိုကျင်းထဲက ငွေရတုသဘင် ဖြစ်ခဲ့ရလေသည်။
ပြီးခဲ့သည့် ၂၀၀၇ သြဂုတ်-စက်တင်ဘာ အရေးအခင်း ချေမှုန်းခံရပြီးသည့် အချိန်တွင် ကျနော် ထွက်ပြေး တိမ်းရှောင်ခဲ့ရပါသည်။ ရန်ကုန်မြို့ထဲမှာလည်း ကျနော် ပုန်းခိုကျင်းတွေ တခုပြီးတခု ပြောင်းရွှေ့ပြီး ပုန်းအောင်ခဲ့ရ သည်။ ထိုင်း-မြန်မာနယ်စပ်မှာလည်း ပုန်းခိုကျင်းထဲမှာပဲ နေခဲ့ရသည်။ ထိုင်းနိုင်ငံအတွင်း ရောက်တော့လည်း လုံခြုံရေးအရ ပုန်းခိုကျင်းထဲကကို မထွက်ရတော့ပါ။
နအဖ စစ်အာဏာရှင်အုပ်စု၏ အစိုးရအကြမ်းဖက်ဝါဒ (State Terrorism) အောက်မှ ကျနော် ထွက် ပြေး လွတ်မြောက်ခဲ့ပါပြီ။ သို့ရာတွင် အခြေအနေအရ ပုန်းခိုကျင်းထဲကတော့ ကျနော် မလွတ်မြောက်သေးပါ။
ယခု ပုန်းခိုကျင်းထဲတွင် တကိုယ်တော် တိတ်တဆိတ် ကျင်းပရသော ကျနော်၏ ကဗျာဆရာသက် ငွေရတု သဘင်ကတော့ အသံတိတ် ရုပ်ရှင်ပမာ စိတ်ကူးရုပ်ပုံတွေ၊ အတွေး နိမိတ်ပုံတွေနှင့်သာ ကျင်းပခဲ့ရလေသည်။
သြော် ‘မိကျောင်းကြည်းတင် နှစ်ကာလများ’ (My miserable years) ပါလား။
ကျနော်၏ ပထမဆုံး ပုံနှိပ်စာမူမှာ ၁၉၈၂ခုနှစ်၊ နိုဝင်ဘာလထုတ် မိုးဝေစာပေမဂ္ဂဇင်း (အယ်ဒီတာချုပ်-နတ်နွယ်)ပါ။ ‘မိုးရေထဲက ၀တ္ထု’ကဗျာ ဖြစ်သည်။ ထိုကဗျာနှင့် ကျနော် စာပေလောကထဲ ၀င်ရောက်ခဲ့သည်။ ယနေ့ ကဗျာဆရာသက် (၂၅)နှစ် ပြည့်ပြီ။
ကျနော်၏ ကဗျာအများစုမှာ Anti-government ကဗျာများဖြစ်ရာ စစ်အစိုးရ စာပေစိစစ်ရေး အရာရှိ များက မနှစ်မြို့ မလိုလားကြပါ။ အမြဲ နှိပ်ကွပ်နေကြပါသည်။ ကျနော့်မှာ ကဗျာဆယ်ပုဒ်ရေးလျှင် အနည်းဆုံး ငါးပုဒ် ခြောက်ပုဒ် အဖြဲခံနေရသည်။ အပိတ်ခံနေရသည်။
မဆလ စစ်အစိုးရ ပြုတ်မကျခင် ၁၉၈၆-၈၇ လောက်တုန်းက ကျနော် စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ရုံးခန်းထဲက ‘လျို့ဝှက်အဆင့်’ စာတမ်းတခုကို အလစ် ခိုးယူလာခဲ့ဖူးသည်။ စာတမ်းမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုသုတေသနဌာနကြီးက ကဗျာဆရာများနှင့် ပတ်သက်၍ လျို့ဝှက်အစီရင်ခံစာ ဖြစ်နေသည်။
မဆလ သုတေသနအရာရှိတွေက ကျနော်တို့ ကဗျာဆရာတွေကို အမျိုးအစား (၆)မျိုး (၇)မျိုး ခွဲခြား ဖော်ပြထားသည်။ ဖတ်ကြည့်သည့်အခါ ကျနော့်ကို အမျိုးအစား နှစ်ခုတွင် ထည့်ထားသည်ကို တွေ့ရသည်။ ပထမတမျိုးက ကျနော့်ကို ‘တောမျှော် ကဗျာဆရာများ’ ဆိုသည့် အစုတွင် ထိပ်ဆုံးက ထည့်ထားသည်။ ကျနော်၏ ကဗျာအများစုသည် ဗကပတမ်းချင်းများ ဖြစ်သည်ဟု မှတ်ချက်ပေးထားသည်။ ကောင်းဗျား။ ပြီးတော့ ကျနော့်ကို ‘အမေကျော် ဒွေးတော်လွမ်း ကဗျာဆရာ’ အစုတွင်လည်း ထည့်ထားပြန်သည်။ မှတ်ချက်က ကျနော်၏ လွတ်လပ် ကဗျာ၊ ခေတ်ပေါ်ကဗျာများသည် (ကာရန်မပါသဖြင့်) အမျိုးသားယဉ်ကျေးမှုကို ဖျက်ဆီးပြီး အနောက်ဟန်ကို အထင်ကြီးနေသည်ဟူ၍။ ကောင်းလှင့်တည်း။
ထိုစဉ်က ကျနော်ခိုးထုတ်ခဲ့သော ထိုလျို့ဝှက်စာတမ်းကို ကျနော်တို့ ကဗျာဆရာတွေ လျို့လျို့ဝှက်ဝှက် မိ တ္တူပွားပြီး တနိုင်ငံလုံးသို့ ဖြန့်ဝေပေးခဲ့ပါသည်။
ကျနော် မှတ်မိပါသေးသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးစ၊ NLD ပါတီထောင်ပြီးစ ဒေါ်အောင် ဆန်းစုကြည်၏ ဧရာဝတီတိုင်း (အနောက်ခြမ်း)ခရီးစဉ်ကို ကျနော် စီစဉ်ရပါသည်။ (အဖွဲ့ချုပ် ထောင်ထောင်ချင်းတုန်းက ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ကျနော် ဧရာဝတီတိုင်းအတွင်းကို ရှေ့ပြေးစည်းရုံးရေး ဆင်းခဲ့ပြီးပါပြီ)
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွက် ကျနော် ကဗျာရှည် တပုဒ်ရေးပြီး ထိုစဉ်က ပြန်ကြားရေး တာဝန်ခံ မင်းသားကြီး ဦးအောင်လွင်ထံကို တင်ပြပါသည်။ မင်းသားကြီးက ဆရာဦးဝင်းတင်ထံ တင်ပြ အတည်ပြုချက်ယူပြီး ထုတ်ဝေခွင့် ပြုလိုက်ပါသည်။
ထိုကဗျာကို အဖွဲ့ချုပ် ပန်းချီဆရာတဦးက အဖုံးနှင့် အတွင်းဒီဇိုင်း ကျကျနနလုပ်ပြီး အဖွဲ့ချုပ် ဗဟိုရန်ပုံငွေ အနေနှင့် ထုတ်ဝေရောင်းချခဲ့ရာ မြန်မာတပြည်လုံး ပျံ့နှံ့ ရောက်ရှိသွားပါသည်။ (အဖွဲ့ဝင်အားလုံး ကိုယ့်စရိတ်ကိုယ် စားပြီး နိုင်ငံရေးလုပ်နေသည့် ထိုအချိန်မှာ အဖွဲ့ချုပ်ဗဟိုက ထိုကဗျာအတွက် ကျနော့်ကို ဥာဏ်ပူဇော်ခ ကျပ်နှစ်သောင်း ချီးမြှင့်ရာ ခရီးစဉ်တွင် မြောင်းမြမြို့အရောက် ဒေါ်အောင်ဆန်းစုကြည် ရှေ့မှောက်မှာပင် ယာမာဂူချီ၏ လက်ထဲသို့ ကျနော် ထည့်ပေးနိုင်ခဲ့ပါသည်)
ထိုကဗျာစာအုပ်ကို ဧရာဝတီတိုင်းခရီးစဉ်မှာ ရောက်လေရာ မြို့တိုင်းရွာတိုင်းမှာ အခမဲ့ဝေငှ လက်ကမ်းခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မပြီးဆုံးခင် ပုသိမ်မှာ ကျနော်နှင့် NLD လူငယ်အချို့ကို ဖမ်းပြီး ပုသိမ်ထောင်ထဲ ထည့်လိုက်ပါသည်။ ယမန်ကြီးနှစ်ပတ်နှင့် နှစ်ရက်ပြည့်တော့ အာမခံနှင့် ပြန်လွှတ်လိုက်ပါသည်။ အာဏာဖီဆန်မှုနှင့် ရုံးတင် တရားစွဲထားပါသည်။
ထိုအမှု တရားဆိုင်နေရစဉ် ၁၉၈၉ အာဇာနည်နေ့ အရေးအခင်းတွင် ကျနော် ပုဒ်မ ၅(ည)နှင့် ထောင်တ နှစ်ကျပါသည်။
အာဏာဖီဆန်မှုကို တရားစီရင်သည့်အခါ ပုသိမ်မြို့ တိုင်းတရားရုံးတွင် တရားသူကြီးက ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ဟု ကြွေးကြော်သည်မှာ မြန်မာ့ယဉ်ကျေးမှု ဂါရ၀တရားအရ ဖြစ်သဖြင့် အပြစ် မယူထိုက်ပါ။ သို့ ရာတွင် ဖြန့်ဝေခဲ့သော (ကျနော်၏) ကဗျာစာအုပ်ပါ …
‘မဆလတခေတ်မှာ
ရွတတ ဖြစ်သူတွေ
နေရစ်ခဲ့ကြတော့။
ငြိမ်ပိတခေတ်မှာ
ငြိမ်ကြည့်ဖြစ်နေတဲ့သူတွေ
နေရစ်ခဲ့ကြတော့။
ရွေးကောက်ပွဲဆိုတာလည်း
ခွေးခလောက်ဆွဲသလိုပါပဲ’
… စသည့် စာသားများသည် ဆူပူမှုကို လှုံ့ဆော် ဖန်တီးနေသဖြင့်ဆိုပြီး ထောင်ဒဏ်(၆)လ ချမှတ်လိုက်ပါသည်။
ကျနော့်မှာ ထောင်ထုံးစံ နောက်တမှု ရုံးထွက်ရသဖြင့် ထိုစဉ်က သံခြေကျင်းကြီး ခတ်ခံထားရရာ ပုသိမ်မြို့ ဒီမိုကရေစီ လူထုပရိသတ်က ကျနော်တို့ကို အချုပ်ကားပေါ် ပြန်မတင်ခင် ကျနော့်ကို လူတွေ ၀ိုင်းအုံ ပွေ့ချီပင့်မြှောက် ကာ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ဆိုပြီး အချုပ်ကား အတင်းမောင်းပြေး ထွက်သွားသည် အထိ ကြွေးကြော် ကျန်ရစ်ခဲ့ကြပါသည်။
ဤသို့လျှင် မဆလနှင့် မဆလလက်သစ် စစ်အစိုးရတွေက ပေးခဲ့သည့် ‘ဘွဲ့’တွေ ကျနော့်မှာ များစွာရခဲ့ လေသည်။
ဒီဘက်ခေတ်မှာ ကျတော့ကော …။
ကျနော် ၁၉၉၁ တတိယအကြိမ် ထောင်က ပြန်ထွက်လာပြီး စာပြန်ရေးမည် ပြုသောအခါ စာပေစိစစ်ရေးက NLD နှင့် ကင်းရှင်းကြောင်း ထောက်ခံစာ တင်ပြဖို့ တောင်းဆိုပါသည်။ ကျနော်တို့မှာ ထိုစဉ်က္ဒ NLD ဗဟိုကော်မတီလောင်း စာရင်းထဲမှာ လျာထားခံရသည့် အချိန်ဖြစ်ရာ ကျနော် ဗဟိုကော်မတီလမ်းနှင့် ကဗျာဆရာလမ်း လမ်းနှစ်သွယ်အနက် တခုခုကို ဆုံးဖြတ်ရွေးချယ် ရတော့မည်ဖြစ်ရာ ကျနော် ကဗျာဆရာလမ်းကို ရွေးပြီး NLD က တောင်းပန် နှုတ်ထွက်လိုက်ပါသည်။
ဒါလည်း စစ်အစိုးရ ပေးလိုက်တဲ့ ဘွဲ့တခုပါပဲ။
၁၉၉၈ ဆရာမြသန်းတင့် မကွယ်လွန်ခင်က ဆရာသည် သူရလာခဲ့သော သတင်းတခုကို ကျနော့်အား တိုးတိုးတိတ်တိတ် “စာပေစိစစ်ရေးရုံး လျို့ဝှက်ဖိုင်ထဲမှာ Black Lists ဆိုပြီး စာရေးဆရာ ကဗျာဆရာ စာရင်းလုပ် ထားတာ ရန်သူနံပါတ်(၁) မြသန်းတင့်၊ ရန်သူနံပါတ်(၂) အောင်ဝေး ဆိုပြီး ပါတယ်”ဟု ပြောပြပါသည်။ ပြီးတော့ ဆရာက ကိုအောင်ဝေးအတွက် ဂုဏ်ယူပါတယ်ဟု ပြောပါသည်။
ရန်သူဆန့်ကျင်ခံရခြင်းသည် ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်း ဖြစ်သည် မဟုတ်လား။
နောက်ပိုင်းတော့ ကျနော့်ကဗျာတွေ၊ စာတွေ အပိတ်ခံရ၊ အပယ်ခံရတွေ များလာသည်။ လုံးချင်းစာမူအချို့လည်း စာပေစိစစ်ရေးက ခွင့်မပြုပါ။ ယခု ကျနော် တိုင်းပြည်ကို စွန့်ခွာလာတဲ့အချိန်မှာ မိန်းမနဲ့ ကလေးတွေ အလွမ်းပြေကြည့်ဖို့ ထုတ်ဝေပြီး ကဗျာဆောင်းပါးပေါင်းချုပ် လုံးချင်း (၁၉)အုပ်သာ ချန်ထားနိုင်ခဲ့ပါသည်။
ကျနော်တို့ စုပေါင်းစီစဉ်သည့် နှင်းကကြိုး၊ အဖြူရောင်သက်တံ၊ ၀န်တင်လိပ်ပြာ စသော Combination Art, Poetry Performance ပွဲများလည်း မြန်မာစစ်အာဏာရှင်များ၏ စည်းကမ်းတင်းကျပ်စွာ တားမြစ်ပိတ်ပင် ခြင်း ခံရပါသည်။
စာပေဟောပြောပွဲများတွင်လည်း ကျနော်တို့ အမည်ပါ၍ တချို့မြို့နယ် အာဏာရှင်တွေက ပွဲမိန့်ခွင့်မပြု ကြပါ။
မှတ်မှတ်ရရ ကျနော် လှောင်ပြောင်ခံခဲ့ရသော အဖြစ်တခုလည်း ရှိခဲ့ပါသည်။
ကျနော် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်သော ကွာလတီ မဂ္ဂဇင်းတစောင်တွင် ‘အေးနေ၀င်း’၏ ကဗျာနှစ်ပုဒ်ကို ကျနော်ပုံနှိပ် ဖော်ပြခဲ့ပါသည်။ ထိုအတွက် စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးက ကျနော့်ကို ခေါ်ယူ ကြိမ်းမောင်းခဲ့ပါသည်။ ထို့နောက် အေးနေ၀င်း အဖမ်းခံရသောအခါ ၃၃လမ်း လေထန်ကုန်းတွင် မိတ်ဆွေ သူငယ်ချင်းများက ကျနော်ဝင်လာလျှင် “အေးနေ၀င်း ဆရာလာပြီ”ဟု ကျီစယ် နောက်ပြောင်ခဲ့ကြပါသည်။ အေးနေ၀င်းသည် နအဖကို အာဏာသိမ်းရန် ကြံစည်သူ ဖြစ်ပါသည်။
ထားပါတော့လေ၊ ဒါတွေ ပြန်ပြောနေရင် ကုန်မှာ မဟုတ်တော့ပါဘူး။
အခု ကျနော်ရဲ့ ပုန်းခိုကျင်းထဲက တခုသော ငွေရတု သဘင်ကတော့ စိတ်အတွေးတွေနဲ့ပဲ အနာဂတ် လူထုအောင်ပွဲကို အိပ်မက်မက်ရင်း …
ဒီငွေရတုသဘင်မှာ (ကျနော် မညာပါဘူး) ကျနော် အတမ်းတမိဆုံးသူဟာ ကျနော့်ရဲ့ အချစ်တွေနဲ့ ရဲဘော်မ (Comrade in love) ဖြစ်တဲ့ ‘ယာမာဂူချီ’ကိုပါ။ သူ့ကို ကျနော်သတိရတယ်။ သူ့အတွက် ဂျူးလိယက်ဖူးချစ်ရဲ့ ကဗျာလေး ကျနော်ရွတ်ဆိုလိုက်တယ်။
‘မောင့်ဂူစတီနာရေ …
နွေဦးသစ်ရဲ့ တနံနက်မှာ
တို့ ပြန်ဆုံတွေ့ ကြမယ်နော်’
အောင်ဝေး
၂၃-၁၁-၀၇
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:43 PM
1 comments
Labels: ဆောင်းပါး
ဒေါက်တာစင်သီယာမောင် ၄၈နှစ်ပြည့် မွေးနေ့အခမ်းအနား (၆-၁၂-၀၇)
Posted by
ဒေါက်တာလွဏ်းဆွေ
at
3:15 PM
0
comments
Labels: ဓါတ်ပုံ
(၆-၁၂-၀၇) ဒေါက်တာစင်သီယာမောင် ၄၈နှစ်ပြည့် ဂုဏ်ပြုဆောင်းပါး
(ပုံတူ - ပန်းချီမင်းကျော်ခိုင် မေတ္တာဖြင့် ရေးဆွဲကူညီသည်)
သိမြင်နားလည်မှု၊ အတွေးအမြင်
သူမရဲ့ စေတနာပြည့်ဝတဲ့ လုပ်ဆောင်မှုတွေကြောင့် ဒေါက်တာစင်သီယာမောင် ရယ်လို့ ဖြစ်မလာခင် အချိန်က နိုင်ငံရေး၊ လူ့အခွင့်အရေး စတာတွေနဲ့ လူ့အဖွဲ့အစည်း အကြောင်းကို အနည်းအကျဉ်း လောက်ကလွဲပြီး သူမ သိမြင်နားလည်မှု မရှိခဲ့ပေမယ့် ၈၈ ခုနှစ် စစ်တပ်က လူထုဒီမိုကရေစီ အရေးတော်ပုံကြီးကို နှိမ်နင်းပြီး တိုင်းပြည်အာဏာကို သိမ်းလိုက်တဲ့အချိန်မှာ ဒီမိုကရေစီရေးအတွက် နယ်စပ်ဒေသကို ထွက်ခွာခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ သူမ လိုက်ပါလာခဲ့တဲ့ အချိန်ကစပြီး နယ်စပ် ကေအန်ယူ စခန်းတချို့နဲ့ ကျောင်းသားစခန်း တချို့မှာ နေထိုင်ခဲ့ရတဲ့အတွက် နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ လူ့အဖွဲ့အစည်းတွေအကြောင်း သူမ သိမြင် နားလည်ခွင့် ရလာခဲ့ပါတယ်။ သူမ တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ကျောင်းသား ကျောင်းသူတွေ၊ နယ်စပ်ဒေသက ဆင်းရဲသားတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ ဒုက္ခသည်တွေကို အကူအညီပေးရင်း တွေ့ကြုံ ကြားသိခဲ့ရတဲ့ အရာတွေက သူမရဲ့ တွေးမြင် ယုံကြည်မှုတွေကို မြင့်တက်ကြွယ်ဝ လာစေခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ဟာ သူ့ရဲ့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ဖို့ ကြိုးစားသလို၊ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေးတွေကိုပါ ပိတ်ပင် တားဆီးခဲ့တယ်။ ဆိုးဝါးရက်စက်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အင်အားစုတွေကြားမှာ စည်းလုံးညီညွတ်မှု ပြိုကွဲအောင် သူ့ရဲ့ထောက်လှမ်းရေးတွေကို သူလျှိုတွေအဖြစ် စေလွှတ်ထည့်သွင်းပြီး သွေးခွဲဖြိဖျက်ဖို့ ကြိုးစားခဲ့တယ်လို့ သူမ သိမြင်နားလည် လာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်နေသမျှ မြန်မာပြည်သူ ပြည်သားတွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ အများကြီး အခက်အခဲရှိမယ်လို့ သူမက ယုံကြည်ပါတယ်။
ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ နယ်စပ်ဒေသနဲ့ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဆိုင်ရာအဖွဲ့အစည်းရဲ့ တည်ဆောက်ရေး အလုပ်တွေပဲ အများဆုံး လုပ်ဆောင်နိုင်ခဲ့ကြပြီး လူထုကို တည်ဆောက်ဖို့ လုပ်ဆောင်နိုင်မှုမှာ အားနည်းခဲ့ကြတယ်လို့ သူမက မြင်ပါတယ်။ လူထုကို တည်ဆောက်တဲ့ အလုပ် လုပ်နိုင်ဖို့ဆိုရင် မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အရင်းအမြစ် အများကြီး မွေးထုတ်ပေးဖို့ လိုအပ်လိမ့်မယ်။ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်ကြတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် သူ့သက်ဆိုင်ရာ ဒေသအရ သူ့ဘာသာစကား၊ သူ့ယဉ်ကျေးမှု စီးပွားရေး ပိုင်ဆိုင်ခွင့် လုပ်ကိုင်ဆောင်ရွက်ခွင့်နဲ့ အုပ်ချုပ်ခွင့်တွေ ရှိဖို့လိုတယ်လို့ သူမက ယုံကြည်ပါတယ်။
တိုင်းပြည်နဲ့ လူထုကို တည်ဆောက်တဲ့နေရာမှာ အများရဲ့ ဆန္ဒသဘောထား၊ အများရဲ့အသံ၊ တွေးမြင် ယုံကြည်မှုတွေကို အမှန်တကယ် ထဲထဲဝင်ဝင် သိမြင်သဘောပေါက်ဖို့ လိုအပ်သလို လေးစားလိုက်နာဖို့လည်း လိုအပ်တယ်လို့ သူမ နားလည် လက်ခံထားပါတယ်။ ရှိနေ လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ကိုယ့်အဖွဲ့အစည်း အရည်အသွေးမြှင့်တင်ဖို့ ကြိုးစားနေရုံနဲ့ မလုံလောက်ဘဲ လူ့အဖွဲ့အစည်းတခုလုံးရဲ့ အရည်အသွေးကို မြှင့်တင်ပေးဖို့ ကြိုးစားဖို့လိုမယ်လို့ သူမက ထင်ပါတယ်။
နယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ဒုက္ခသည်စခန်းက ပြည်သူလူထုတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ ကြားမှာ အချင်းချင်း သိမြင်နားလည်နိုင်မှု နည်းပါးနေဆဲဖြစ်ပြီး အခြေအနေ အရပ်ရပ်ကို ပူးပေါင်း ညှိနှိုင်း ဖြေရှင်းဖို့ အခက်အခဲ အများကြီး ရှိနေတယ်လို့ သူမနားလည်ထားပါတယ်။ အဲဒီလူတွေ အချင်းချင်း ထိစပ်မှုရှိဖို့၊ သဘောထား အမြင်ချင်း ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မှု ရှိလာအောင် လုပ်ဆောင်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်။ ကိုယ့်တိုင်းပြည်ကို အလုပ်အကျွေး ပြုချင်တဲ့သူတွေ၊ ပြုစုပျိုးထောင်ချင်တဲ့ သူတွေ အများကြီး ပြည်တွင်းပြည်ပမှာ ရှိနေပေမယ့် အဆက်အစပ် လုပ်နိုင်ဖို့ အများကြီး အားနည်းနေသေးတယ်လို့ သူမ ထင်မြင်ယူဆပါတယ်။
အနာဂတ်ရည်မှန်းချက်
သူမရဲ့ မယ်တော်ဆေးခန်းမှာ ဒုက္ခဆင်းရဲ ရောက်နေကြတဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ လာရောက် ကူညီနေတဲ့ လူငယ်လူရွယ်တွေ၊ တချို့ ပညာရေး ရည်ရွယ်ချက်နဲ့ ရောက်လာကြတဲ့သူတွေ၊ တချို့ ဘ၀တိုးတက် အောင်မြင်ရေး ရည်ရွယ်ချက်နဲ့ ရောက်လာ ခိုနားနေကြတဲ့ လူငယ်တွေအတွက် သူမ တတ်နိုင်သလောက် ကူညီအားပေး စောင့်ရှောက်သွားဖို့ သူမက ရည်ရွယ်ထားပါတယ်။ အဲဒီလူငယ်တွေကို အရည်အချင်း ပြည့်ဝတဲ့ သူတွေဖြစ်လာအောင် မွေးထုတ်ဖို့ သူမကိုယ်တိုင် ဆက်ပြီး လေ့လာသင်ယူချင်တဲ့ ပညာရပ်တွေ ရှိပါတယ်။ အဲဒီ အတွက် ပေးလာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး သူမကိုယ်တိုင်လည်း ဆက်လက် လေ့လာသင်ယူသွားဖို့ ရည်ရွယ်ထားပါတယ်။
တချိန်မှာ မြန်မာပြည် စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာမယ် ဆိုရင်တော့ သူမက ကိုယ့်တိုင်းပြည် ကိုယ့်ပြည်နယ်ကို ပြန်ပြီး ကိုယ့်အမျိုးသားတွေအတွက် သူမပေးနိုင်သမျှ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ တခြားပညာရေး၊ လူမှုရေး အကူအညီတွေ ပေးသွားမယ်လို့ မျှော်လင့် ရည်ရွယ်ထားပါတယ်။ သူမဟာ တကယ်တော့ ရယူလိုသူ မဟုတ်ဘဲ ပေးဆပ်လိုသူ တယောက်အဖြစ် ဘ၀ကို ဖြတ်သန်း နေထိုင်သွားမယ့် သူသာဖြစ်ပါတယ်။
(စိုးနေလင်း - ဒေါက်တာစင်သီယာမောင် သို့မဟုတ် အရိပ်ကောင်းသော သစ်တပင် စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
12:01 PM
0
comments
Labels: အမှတ်တရ
Wednesday, December 5, 2007
မစိုးရိမ်ရာပြည့်ပွဲ မန္တလေးမှာ ခြိမ့်ခြိမ့်သဲ ဆင်နွှဲ
http://bigbbrown.blogspot.com မှ သတင်းရယူပါသည်။
မြန်မာ့သမိုင်း၊ မြန်မာ့ ဗုဒ္ဓဘာသာသမိုင်း၊ မန္တလေးမြို့ ဗုဒ္ဓဘာသာသမိုင်းမှာ အထင်ကရဖြစ်တဲ့ မန္တလေး မစိုးရိမ်ကျောင်းတိုက်ကြီးရဲ့ နှစ်တရာပြည့်ပွဲတော်ကို ၂၀၀၇၊ ဒီဇင်ဘာ (၂၊ ၃၊ ၄)ရက်နေ့များမှာ ခြိမ့်ခြိမ့်သဲ ကျင်းပသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး (သံဃာတော်များရဲ့ ရဲဝံ့သော ပြယုဂ်)အတွင်း မန္တလေး- မစိုးရိမ်ကျောင်းတိုက်မှ သံဃာများရဲ့ သမိုင်းဝင် ဆောင်ရွက်ခဲ့မှုများဟာ အခုအခါ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။
ယခုလည်း နအဖ စစ်ထောက်လှမ်းရေးများ ခြေချင်းလိမ်နေတဲ့ ကြားမှာပဲ မစိုးရိမ်ရာပြည့်ပွဲတော်ကို ကျင်းပသွားတာ ဖြစ်ပါတယ်။ နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် နေ့စဉ်သံဃာတော် အပါး ၁၀၀၀ တို့ကို ဆွမ်းလောင်းလှူခြင်း၊ ဆွမ်းဆက်ကပ်ခြင်းနှင့် ကြည်ညိုသဒ္ဓါပွားစေဖို့ သံဃာတော်များရဲ့ သင်္ဂါယနာတင် သရုပ်ဖော် အခမ်းအနားများ ကျင်းပတာတွေ ပြုလုပ်သွားပါတယ်။
ဒီဇင်ဘာ ၂ ရက် ညပိုင်းမှာ သီတဂူဆရာတော် တရားပွဲနဲ့ မြို့မအပျော်တမ်း တေးဂီတအဖွဲ့၊ ဒီဇင်ဘာ ၃ ရက် ညပိုင်းမှာ ခင်မကန်တိုက် မိုးတားကျောင်း ဆရာတော်တရားပွဲနဲ့ မြတရာအငြိမ့်၊ ဒီဇင်ဘာ ၄ ရက် ညပိုင်းမှာ တိပိဋကဓရ ယောဆရာတော် တရားပွဲနဲ့ ရွှေမြန်မာ တေးဂီတ အငြိမ့်ခန်း ... စတာတွေနဲ့ စည်စည်ကားကား ကျင်းပသွားခဲ့ပါတယ်။
ပွဲတော်ရက်တွေအတွင်း သတင်းပြန်ကြားရေးနဲ့ ဖျော်ဖြေရေး ဆပ်ကော်မတီမဏ္ဍပ်မှာ နှစ်တရာပြည့် အထိမ်းအမှတ် စာအုပ်တစ်အုပ် ၃၀၀၀ ကျပ်၊ မစိုးရိမ်သမိုင်းနဲ့ သာသနာဝင်စာအုပ် တစ်အုပ် ၃၀၀၀ ကျပ်၊ ပြက္ခဒိန်တခု ၅၀၀ ကျပ်၊ မစိုးရိမ် နှစ်တရာပြည့် တေးအလင်္ကာ VCD ခွေ တစ်ချပ် ၁၂၀၀ ကျပ် နှုန်းတွေနဲ့ ရောင်းချပေးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။
မစိုးရိမ် နှစ်တရာပြည့် ပွဲတော်ကြီးမှာ တကယ့်ကို သတိရစရာ ဖြစ်ရတာကတော့ မစိုးရိမ်ဆရာတော်ဘုရားကြီး အရှင်ကောဝိဒါဘိဝံသ (ယခုအခါ သာသနာ့မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် -ပဓာနစေရ ဆရာတော် ဦးကောဝိဒါဘိဝံသ) ဖြစ်ပြီး ယခုအခါ ဆရာတော်ဘုရားကြီးဟာ နအဖစစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် ဗုဒ္ဓသာသနာတော် ညှိုးမှိန်ပျောက်ကွယ်သွားမှာကို အထူးစိုးရိမ်ပြီး ပြည်ပကနေ စွမ်းစွမ်းတမံ ကာကွယ် ဆောင်ရွက်လျက်ရှိပါတယ်။
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:49 PM
0
comments
Labels: သတင်း
ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည် (ဓာတ်ပုံသတင်း)
မြန်မာပြည်သူ/သားအားလုံး ဘုရင်ရူးရူးနေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အလွန်တရာ စက်ဆုပ်မုန်းတီးနေကြသော်လည်း ထိုင်းဘုရင်မင်းမြတ်ကို ထိုင်းပြည်သူ/သားအားလုံးက သည်းသည်းလှုပ် ချစ်ခင်မြတ်နိုးကြသည်ကို တွေ့ရ
ဓာတ်ပုံသတင်း - ကိုလတ်




Posted by
ဒေါက်တာလွဏ်းဆွေ
at
3:52 PM
0
comments
Labels: ဓါတ်ပုံ
ခင်ရီ၊ ကျော်ဆန်း ဇာတ်ပေါင်းခန်း
ငါ့ညီ မောင်ပျင်း၊ ဗြောင်လစ်ခြင်း
မင်းလို လိုက်ရင်း၊ မင်းကြိုက်လည်းဆောင်
မင်းငကြောင်ဟု၊ ရင်ထုမနာ
မြင်လိုက်ပါရဲ့၊ တကယ့် လူရူး
မထူးဇာတ်ခင်း၊ ခပ်တင်းတင်းနဲ့
ဟန်ကိုယ့်ဖို့တဲ့၊ ညာသတဲ့လေ …။
ပဒေသရာဇ်၊ စနစ်ညာဉ်ဆိုး
သူခိုး လူမိုက်၊ ခွေးတသိုက်က
ယုတ်လှ ရိုင်းစွာ၊ ပြည်ရွာကို ဖျက်
နန်းတက် ဘိသိက်၊ ခလုတ် နှိပ်ရင်း
ခရုသင်း မှုတ်၊ သေတင်းကုတ်မှာ
နေရာခင်းကျင်း၊ သေတွင်းတွေ တူး
ရူးလည်း ရူးရဲ့၊ နေမြင့်ခဲ့ပြီ …။
နေလည်း မြင့်မြင့်၊ အရူးရင့်ပြီ
နာဇီစနစ်၊ တပတ်ရစ်နဲ့
မိုက်မောက် စစ်ဂုဏ်၊ ကမ်းကုန် ဆိုးသွမ်း
အာဏာ ငမ်းရင်း၊ ခွေးဇာတ် ခင်းသည်
ပြည်သူကို ကိုက်၊ ရန်မူ တိုက်ရင်း
မင့်သေတွင်းမှာ၊ ဂျွမ်းပြန်ကာကျ
မကြာလှပြီ၊ ဆည်းဆာရီညို
မှောင်ပြီဆိုလျှင်၊ မောင်ရင် သိလိုက်
နောက်ကျခိုက်မှာ၊ နင်ဟာလူမိုက်
ဒုစရိုက်ဟု၊ ရွာမှ ထွက်လေ
တောမှာ သေသည်၊ ကောင်သေ ဠင်းတ
ကျလေဦးမည်၊ ဟောလိုက်သည် ဟေ့ …။ ။
တော်ကီ
မှတ်ချက် ။ ။ မူလတန်းတုန်းက သင်ရတဲ့ ဆားတုံဆရာတော်ရဲ့
ကုဋေရှစ်ဆယ် သူဋ္ဌေးသား နောက်ဆုံးပိုဒ်ကလေးနဲ့ တိုက်ဆိုင်သည်ကတကြောင်း၊
အစကတည်းက ပျင်းပျင်းရှိတာကလည်း တကြောင်းမို့ ငှားရမ်းသုံးစွဲ အဆုံးသတ်လိုက်ပါသည်။
Posted by
ဒေါက်တာလွဏ်းဆွေ
at
2:14 PM
0
comments
Labels: ကဗျာ
Tuesday, December 4, 2007
ပစ်သွားသူထံ ခွင့်တောင်းခြင်း
ဘဲခေါင်းစိမ်းရောင်
စိုစွတ် တောက်ပြောင်မှုတွေနဲ့
ရင်ကော့ သူစိမ်းဆန်လိုက်ဦးမယ်…။
ပယ်နစလင်တွေ အဝ
အထိုးခံထားရတဲ့ ညတွေက
စကာပေါက်လို ကြယ်စတွေနဲ့
အဲဒီအပေါက်တွေကြားက
တယောက်ယောက်များ
ချောင်းကြည့်နေပါသလား…။
ဘယ်တုန်းကမှ …
ကိုယ့်အတွက်ကိုယ် မကြည့်တတ်ခဲ့
တောက်တဲ့ တကောင်လိုလည်း
ညကြီးမဲမဲထဲ လည်ဇလုတ်ကွဲအောင်
ကိုယ့်အကြောင်းကိုယ် အော်ပြချင်ရဲ့…။
ပြီးတော့ ပုတ်သင်တကောင်လိုလည်း
ကိုးရိုးကားယား ခေါင်းတညိတ်ညိတ်နေ
မျက်လုံး ပေကလပ် ပေကလပ်နဲ့
လိပ်ပြာလေး တကောင်ကို အပြေးအလွှား မျိုချ
လျှာရည်သိမ်း …လောကကြီးကို ခပ်စိမ်းစိမ်း တချက်ကြည့်လို့
ခပ်ကျို့ကျို့နဲ့ ယဉ်ကျေး ဖြေးဖြေးလေးပေါ့…။
ဒီညကတော့ ၀င်ရိုးစွန်း ၀က်ဝံတွေတောင်
စောင်ရှာတဲ့ည အေးစက်လှရဲ့
အေးစက်ပုံများ ကြွေသွားတဲ့ မျက်ရည်တွေတောင်
ခဲသွားမတတ် …
အဲဒီမျက်ရည်ခဲတွေကိုမှ
ယဲ့ယဲ့လေးပြုံးလို့ အမုန်း တရာရာနှုန်းပါတဲ့
အရက်ပြင်းပြင်းထဲ ထည့်သောက်မယ်တဲ့လား…။
ငါဟာ ၀ိပသနာ မဟုတ်ပါကွယ်
ငါဟာ သောနုထိုရ် မဟုတ်ပါ
ငါဟာ ၀ိဒေဟရာဇ် ပုတ်သင်လည်း မဟုတ်
ဇာတိရုပ်တွေကို သရုပ်ခွဲတတ်တဲ့
အဘိဓမ္မာဆရာလည်း မဟုတ်
ကျိုးကျိုးကုပ်ကုပ်
ဘ၀ကို စက်ရုပ်လို အသိမဲ့လှုပ်ရှား
အာနိသင်ခါးတဲ့ ဆေးမြီးတို တခွက်နဲ့လည်း
အသက်ဆက်ခဲ့ရ…။
ငါဟာ
ကော်နာဘောကို ခေါင်းတိုက်သွင်းချင်သူပါကွယ်
ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပေမယ့်
မင်းကိုချစ်လို့ ကြိုးစင်တက်ရမယ် ဆိုရင်တောင်
အဲဒီကြိုးကို ကိုယ်တိုင်ကျစ်မယ့် သူပါ
အဲဒီငါကျစ်တဲ့ ကြိုးထဲမှာ သီချင်းတပုဒ်ပါတယ်
ချစ်မိုးကြီး သွန်းဖြိုးလို့ရယ်ပေါ့…။
အဲဒီလို ကမောက်ကမတွေပြော
ကပေါက်တိကပေါက်ချာ အမောတွေနဲ့
တောနက်နက်ထဲမှာ
အိမ်သာ မတက်တတ်တဲ့ ဒုက္ခတွေနဲ့
လူယဉ်ကျေး ဖြစ်ချင်ခဲ့တာပေါ့…။
အာဇာနည် တယောက်ဖြစ်ဖို့
အသတ်ခံဖို့ လိုပါသလား …
သူရဲကောင်း တယောက်ဖြစ်ဖို့
တရွာလုံး အော့ကြောလန်ကို
ဆောင့်ကန်ဖို့ လိုပါသလား
ငါ့ဟာ ငါမှားနေတာတွေကို
ပြင်မယ်ဆိုတဲ့ စိတ်နဲ့
တိတ်တိတ်ကလေး
ကွမ်းတရာ ဆေးပေါ့လိပ် တလိပ်နဲ့
ကျွန်းပင်ရိပ်မှာ အိပ်ခဲ့တယ်…။
ဒီနေ့ ငါ့အနာဂတ်ကို
ပတ်မတလုံး ပိုက်လို့
ဓားမြှောင်တချောင်း ခါးထိုးလို့
ရိုးရိုးကြီး ခေါင်းမော့ ရင်ကော့ ခါးထောက်
ရှေ့ခြေတဖက်ထိုး မင်းသားကြီးမိုးဝင်းလို
မိန့်မိန့်ကြီး ဖိန့်ဖိန့်ကြီးနဲ့
လောကကြီးကို စိမ့်စိမ့်ကြီး ကြည့်ချင်ရဲ့…။
ဒါပေမယ့် မိန်းကလေးရေ
ငါဟာ ငါမဟုတ်ဘူးကွယ့်
ငါဟာ အစဉ်မပြတ်ဖြစ်စဉ်
ငါဟာ အရှင်လတ်လတ် သေဆုံးသူ
ငါဟာ ဘ၀အပူအမောတွေနဲ့
လူချောဟန်ဆောင်
ဘ၀ကို ရန်ထောင်ဟန်လုပ်
မာန်ရုပ်နဲ့ ရှင်သန်
ကိုယ့်ဟာကိုယ် ကြဉ်တာလည်း ခံရတဲ့ကောင်ပါကွယ်…။
ငါဟာ ငါ့ကိုယ်ငါ သနား
ငါ့ကိုယ်ငါ နှစ်ကိုယ်ကြားချော့
ငါ့ဘ၀ငါ ပွေ့ဖက်လို့
ခပ်ရို့ရို့ ခပ်ဖော့ဖော့
ကျော့ကျော့လေး မင်းကိုလွမ်းကောင်းမှ
မဂ္ဂင်ကျောင်းက ဆရာတော်တွေကတော့
အာရုံဆွမ်းမဲ့ ကျိန်းစက်ရာမဲ့
ကျောင်းမဲ့ ဘုရားမဲ့
အနှင်ခံခဲ့ရချိန်မှာ
တရားမဲ့ မယားဖွဲ့တွေနဲ့
နှစ်ပြားမှမတန်တဲ့ ငါလေ…..။
ဒီတော့ကွယ်
ဘဲခေါင်းစိမ်းရောင်
စိုစွတ် တောက်ပြောင်မှုတွေနဲ့
ရင်ကော့ သူစိမ်းဆန်လိုက်ဦးမယ်
ဒီပွဲကို ငါတကယ်ချီတက်ချင်ရဲ့
ခွင့်ပြုလှည့်တော့…။ ။
ကိုမွှေး
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:41 PM
0
comments
Labels: ကဗျာ
အကြံပြုပေးစာ (၄-၁၂-၀၇)
Dear Sir,
1- We're planning to urge another big nation wide strike (including
workers, transportation & communication) to shut down govt. machinery
starting Jan.1. (Stay Home Strike, No work)
2- We will demand junta to release all monks, students & PP, plus
regret to monks by Dec.31, if they have good will, sincere for natl
reconciliation (dialogue). Please share this idea to Victor's
friend, monks and workers, and get response.
We cannot wait uncertain, tricky "TALK". Don't be trapped in dialogue.
2008, August 8 is set for be FREEDOM for all.
United, We Win.
HS
Posted by
ဒေါက်တာလွဏ်းဆွေ
at
12:15 PM
0
comments
Labels: ပေးစာ




















