Thursday, December 6, 2007

ရွှေဝါရောင်အရေးတော်ပုံနောက်ပိုင်း တိုက်ပွဲပုံသဏ္ဍာန် စဉ်းစားချက်များ

ရွှေဝါရောင်အရေးတော်ပုံနောက်ပိုင်း တိုက်ပွဲပုံသဏ္ဍာန် စဉ်းစားချက်များ
ဒေါက်တာလွဏ်းဆွေ

စက်တင်ဘာ အရေးတော်ပုံကို အကြမ်းဖက် ဖြိုခွဲခံရပြီးတဲ့ နောက်ပိုင်းမှာ ရှေ့ဆက်ပြီး ဘယ်လိုပုံသဏ္ဍာန်နဲ့ တိုက်ပွဲဝင်ကြမလဲ ဆိုတဲ့အပေါ် သုံးသပ်ဝေဖန်ချက်တွေ၊ အကြံပြု စဉ်းစားချက်တွေ အတော်များများ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ အရေးတော်ပုံအတွင်း သံဃာတော်တွေ ဦးဆောင်ပြီး အကြမ်းမဖက်ဘဲ အနုနည်းနဲ့ မေတ္တာပို့ ချီတက်ဆန္ဒပြတာကို လူမဆန်စွာ ရက်ရက်စက်စက် ဖြိုခွင်းခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူတွေ အပါအ၀င် နိုင်ငံရေး တောင်းဆိုလှုပ်ရှားသူ အတော်များများဆီက အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတဲ့ အသံတွေ အဓိက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တချို့ကကျတော့ အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတဲ့ အယူအဆကို ရှေ့တန်း မတင်ဘဲ သံတမန်ရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းအပေါ် အားကိုးအားထားပြုပြီး စိတ်ရှည်လက်ရှည် သည်းခံ စောင့်မျှော်ဖို့ စဉ်းစားကြတာကို တွေ့ရတယ်။ အဲဒီလို စဉ်းစားသူတွေဆီက နိုင်ငံတကာ ဖိအားတွေ ပိုမိုပြင်းထန်လာတဲ့အပေါ် အခွင့်အရေး အမိအရယူပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာအောင် အားထုတ်ကြိုးပမ်းမယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သေချာတာကတော့ အကြမ်းမဖက်ရေးနည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရော၊ သံတမန်ရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေးနည်းတွေကို စောင့်စားသူတွေပါ စက်တင်ဘာ အရေးတော်ပုံတုန်းကလို အကြမ်းမဖက်တဲ့နည်း တမျိုးတည်းကို ထပ်သုံးလို့ မရတော့ဘူး ဆိုတာကို လက်ခံလာကြတာပဲ ဖြစ်တယ်။ အဲဒီနည်းကို ထပ်သုံးရင် သံဃာတွေ ပြည်သူတွေ ကျောင်းသားတွေ သက်သက်မဲ့ ထပ်အသတ်ခံရပြီး ထပ်မံရှုံးနိမ့်ဦးမယ် ဆိုတာကို သဘောပေါက် လက်ခံလာကြတာပဲ ဖြစ်ပါတယ်။ နအဖစစ်အုပ်စုကို ဆန့်ကျင် တိုက်ပွဲဝင်သူမှန်သမျှ အဲဒီနည်းကို ဆက်လက်ကျင့်သုံးဖို့ မသင့်တော့ဘူး ဆိုတာကို တညီတညွတ် လက်ခံလာကြတဲ့ သဘောပါပဲ (စက်တင်ဘာ အရေးတော်ပုံအတွင်း ရှေ့ဆုံးကနေ ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့ ကဗျာဆရာ အောင်ဝေးကဆိုရင် သူ့ရဲ့ ‘အောင်ဝေးစစ်တမ်း’မှာ အဲဒီ နည်းကို ယုံကြည်တဲ့သူ ရှိသေးရင် ယုံကြည်တဲ့သူတွေ ရှေ့ဆုံးက ချီတက်ပြီး ပိုးစိုးပက်စက် အသေခံကြပါလို့တောင် ပြင်းပြင်းထန်ထန် သတိပေး ရေးသားထားတာကို တွေ့ရပါတယ်)။

ပထမဦးစွာ အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရဲ့ အကြံပြုချက် တွေအပေါ် ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါ အောက်ဖော်ပြပါ တိုက်ပွဲပုံသဏ္ဍာန် အမျိုးအစား အကြံပြုချက်တွေကို တွေ့ရပါတယ်။

(၁) လက်နက်အားကိုးပြီး ဖက်ဆစ်ဆန်ဆန် ဖိနှိပ်ရက်စက်နေတဲ့ နအဖစစ်အုပ်စုကို လက်နက်ကိုင် တော် လှန်ရေးနည်းနဲ့သာ ချေမှုန်းနိုင်မယ်။ အဲဒီအတွက် စုစည်းညီညွတ်တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်နဲ့ အဲဒီတပ်ကို ဦးဆောင်ကွပ်ကဲမှု ပေးနိုင်မယ့် ခေါင်းဆောင်တယောက် အမြန်ဆုံး ပေါ်ထွန်းဖို့လိုတယ်။ အဲဒီလို ပေါ်ထွန်းလာမယ့် လက်နက်ကိုင် တော်လှန်ရေးတပ်ကို နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီလိုလားသူ မြန်မာနိုင်ငံသားအားလုံးက ငွေကြေးကအစ လိုအပ်တာတွေကို အလုံအလောက် ထောက်ပံ့ပေးမယ်။ ပြည်သူတွေကလည်း နအဖစစ်အုပ်စုကို အရင်ကထက် မုန်းတီးပြီး ဆန့်ကျင် တိုက်ခိုက်လိုစိတ်တွေ ပြင်းပြနေတဲ့အတွက် တပ်သား စုဆောင်းရတာ လွယ်ကူမယ်။ အဲဒီနည်းနဲ့ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ပြီး နအဖစစ်အုပ်ကို ဖြုတ်ချမယ်။ ဒီမိုကရေစီနိုင်ငံကို ထူထောင်ရမယ်။

(၂) ရှိရင်းစွဲ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မြို့တွေပေါ်တက်ပြီး နအဖစစ်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားကို ရပ်တန့်စေမယ့် ဖောက်ခွဲဖျက်ဆီးမှုတွေကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ လုပ်ဆောင်တဲ့ နေရာမှာ ပြည်သူတွေကို ထိခိုက်မှုမရှိစေမယ့် ပစ်မှတ်တွေကို သေချာရွေးချယ်ပြီး ဖောက်ခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ မြို့နယ်တွေက ရဲဌာနတွေ၊ ကြံ့ဖွံ့အသင်းရုံးတွေ၊ အမျိုးသမီးရေးရာ အသင်းရုံးတွေ၊ တိုင်းနဲ့ ပြည်နယ်/ မြို့နယ်/ ရပ်ကွက် အေးချမ်းသာယာရေးရုံးတွေ၊ နအဖနဲ့ ဆွေတော်မျိုးတော်တွေ/ အပေါင်းအပါတွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အဦးတွေ၊ ကုမ္ပဏီရုံးတွေကို အဓိက ပစ်မှတ်ထား ဖောက်ခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်။ လိုအပ်ရင် အစိုးရယန္တရားအားလုံး လုံးဝရပ်ဆိုင်းသွားစေဖို့ ရုံးဝန်ထမ်းတွေကို ကြိုတင်အသိပေး ကြေညာချက်တွေ ထုတ်ပြန်ပြီး အစိုးရရုံးဌာန အဆောက်အဦးတွေကို ဖြိုခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်(အဲဒီလို လုပ်ဆောင်ရာမှာ အပြစ်မဲ့ ပြည်သူ့ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရတာမျိုး၊ အသက်ဆုံးရှုံးတာမျိုး မဖြစ်အောင် သတိကြီးစွာထားပြီး လုပ်ဆောင်ဖို့ လိုပါတယ်)။ အဲဒီကမှတဆင့် အထွေထွေသပိတ်ကို ဖေါ်ဆောင် အရှိန်မြှင့်ပြီး စင်ပြိုင်အစိုးရ ဒါမှမဟုတ် ကြားဖြတ်အစိုးရကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။

(၃) ပြည်သူတွေအားလုံး ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ရရာလက်နက်စွဲကိုင်ပြီး နအဖရဲ့ ဖိနှိပ်မှုယန္တရားတွေကို ကျားကန်ပေးနေတဲ့ ကြံဖွံ့၊ စွမ်းအားရှင်၊ လုံထိန်း၊ ရဲ၊ မြို့ပေါ်နေ တာဝန်ကျ စစ်သား စတဲ့ ဒေါက်တိုင်တွေ၊ နအဖနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အမျိုးအဆွေတွေ အားလုံးကို အလစ်အငိုက် တိုက်ခိုက်ပြီး သူတို့ သွေးပျက်တဲ့အချိန်မှာ လူထုတိုက်ပွဲကို ပြန်ဖော်ဖို့ ဖြစ်တယ်။ အဲဒီကနေ လူထုတိုက်ပွဲ အရှိန်မြင့်လာတဲ့အခါ စင်ပြိုင်အစိုးရ ဒါမှမဟုတ် ကြားဖြတ်အစိုးရကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ ရရာလက်နက် ဆိုတဲ့နေရာမှာ သေနတ်၊ ဗုံး စတာတွေကို ဆိုလိုတာ မဟုတ်ဘဲ မိမိတို့မှာရှိတဲ့ အပ်တိုတချောင်းကအစ တုတ်၊ ဓား၊ လေးခွ၊ ဂျင်ဂလိအဆုံး သုံးလို့ရတဲ့ ပစ္စည်းပစ္စယ အကုန်လုံးကို ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ စွဲကိုင်အသုံးပြုပြီး တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။ အဓိကက နအဖ ဒေါက်တိုင် (လူပုဂ္ဂိုလ်)တွေ အားလုံး သွေးပျက်ခြောက်ခြားပြီး ဖရိုဖရဲ ဖြစ်သွားအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ဒါတွေက အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရဲ့ အကြံပြုချက်တွေကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာကြည့်တာ ဖြစ်ပါတယ်။ နံပါတ်(၁) စဉ်းစားချက်အပေါ် သုံးသပ်ကြည့်ရင် အေဘီ အက်စ်ဒီအက်ဖ်လို ကျောင်းသားတပ်မတော်ရော၊ ကေအန်ယူအပါအ၀င် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော ရှိနှင့်ပြီးသား ဖြစ်တဲ့အတွက် အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေကို ပစ်ပယ်ပြီး လက်နက်ကိုင် တပ်ဖွဲ့သစ်ကို ထူထောင်ဖို့ဆိုတာ စိတ်ကူးယဉ်တဲ့ သဘောဆောင်မယ်လို့ ယူဆမိပါတယ်။ ဖြစ်နိုင်ရင် ရှိရင်းစွဲ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါင်းစည်းပြီး စည်းလုံးညီညွတ်တဲ့ တော်လှန်ရေး တပ်မတော်ကို ဖွဲ့နိုင်ဖို့ကသာ ဖြစ်နိုင်ချေ ပိုရှိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ၁၉နှစ်ကျော်လုံးလုံး အချိန်ရခဲ့တဲ့အတွင်းမှာ တစုတစည်းတည်းဖြစ်တဲ့ တော်လှန်ရေး လက်နက်ကိုင် တပ်မတော်ကို မထူထောင်နိုင်ခဲ့တာကို ကြည့်ရင် စုစည်းနိုင်တဲ့ အရည်အချင်းမျိုးရှိတဲ့ ခေါင်းဆောင်တယောက် ပေါ်ထွန်းမလာတာ ဖြစ်နိုင်သလို၊ ဖွဲ့စည်းဖို့ ဖြစ်နိုင်တဲ့ အခြေအနေတွေ လုံးဝမရှိတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ မျက်စိစုံမှိတ်ပြီး တစုတစည်းတည်းဖြစ်တဲ့ လက်နက်ကိုင် တပ်မတော်ကို ဖွဲ့နိုင်ပြီ၊ နအဖ စစ်အုပ်စုကို အောင်ပွဲရတဲ့အထိ တိုက်နိုင်ပြီထားဦး၊ အဲဒီအောင်ပွဲရ လက်နက်ကိုင် တပ်မတော်ကရော ဒီမိုကရေစီ နိုင်ငံတော်ကို ချောချောချူချူ တည်ထောင်ခွင့် ပေးပါ့မလား၊ ကျူးဘား တော်လှန်ရေးခေါင်းဆောင် ကက်စ်ထရိုလို လုပ်နေရင် ဘယ်လိုလုပ်ကြမတုန်းဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ထောက်ပြ စဉ်းစားချက်တွေကိုလည်း တွေ့ရပါတယ်။ အဲသလို ဖြစ်နိုင်ချေ နည်းပါးမှု၊ စိုးရိမ်ပူပန်စရာတွေ ရှိနေမှုကြောင့် နံပါတ်(၁) စဉ်းစားချက်ကို အကြံပြုတဲ့သူက အနည်းစု ဖြစ်တာကို တွေ့ရပါတယ်။

အဲဒီလို အကြမ်းမဖက်တဲ့ နည်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယုံကြည်သူတွေ စဉ်းစားတဲ့ အကြံပြုချက် အများစုကတော့ အမှတ်စဉ်(၂)နဲ့ (၃)တွေ ဖြစ်တာကို တွေ့ရပါတယ်။ အရေအတွက်အားဖြင့် ဆတူလောက်ကို တွေ့ရပါတယ်။ အဓိကကတော့ အဲဒီနည်းနာ တခုခုကို သုံးပြီး လူထုတိုက်ပွဲနဲ့ ချိတ်ဆက် အနိုင်ယူဖို့ အကြံပြုကြတာ ဖြစ်ပါတယ်။ နံပါတ်(၂) စဉ်းစားချက်ကို အကောင်အထည် ဖော်ဖို့အတွက်ဆိုရင် လက်နက်ကိုင် အဖွဲ့တွေ တပေါင်းတစည်းတည်း ဖြစ်စရာမလိုဘဲ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် အချိတ်အဆက်ရှိရှိနဲ့ ကိုယ်ကျွမ်းကျင် ပိုင်နိုင်ရာ မြို့ရွာဒေသတွေကို ၀င်ရောက်ပြီး ဖောက်ခွဲဖျက်ဆီးကြဖို့ပဲ ဖြစ်တယ်လို့ အကြံပြုကြတာဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ နံပါတ်(၂)နဲ့ (၃) စဉ်းစားချက် နှစ်ခုစလုံးဟာ နံပါတ်(၁) စဉ်းစားချက်ထက် ဖြစ်နိုင်ချေ ပိုများတယ်လို့ အများစုက သုံးသပ်ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီနည်းနာ နှစ်ခုကနေ လူထုတိုက်ပွဲ ပေါ်လာတဲ့အခါမှာ မြေပေါ်နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ အချိတ်အဆက်မိမိ လက်တွဲလုပ်ဆောင်ဖို့ အထူးလိုအပ်လှကြောင်း သုံးသပ်တင်ပြရင်း အကြမ်းမဖက်တဲ့ နည်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယုံကြည်သူတွေရဲ့ စဉ်းစားချက်အပိုင်းကို နိဂုံးချုပ်လိုက်ရပါတယ်။

(ကျနော်၏ ကိုယ်ပိုင်ဘလော့ဂ်သို့ ပေးပို့ကြသည့် ဆောင်းပါးများ၊ ပေးစာများ၊ အကြံပြုချက်များ ကို အခြေခံပြီး ဤဆောင်းပါးကို ရေးသားပါသည်။ ဆောင်းပါးအမှတ်(၂)တွင် သံတမန်ရေးနည်း နှင့် တွေ့ဆုံဆွေးနွေးရေး နည်းတွေကို စောင့်စားလိုသူများ၏ စဉ်းစားချက်များ အပေါ် ဆက်လက် သုံးသပ်တင်ပြပါမည်။)

ဒေါက်တာလွဏ်းဆွေ

(ယခု ၂၀၀၇၊ ဒီဇင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြထားပါသည်)

No comments: