Wednesday, December 5, 2007
ခင်ရီ၊ ကျော်ဆန်း ဇာတ်ပေါင်းခန်း
ငါ့ညီ မောင်ပျင်း၊ ဗြောင်လစ်ခြင်း
မင်းလို လိုက်ရင်း၊ မင်းကြိုက်လည်းဆောင်
မင်းငကြောင်ဟု၊ ရင်ထုမနာ
မြင်လိုက်ပါရဲ့၊ တကယ့် လူရူး
မထူးဇာတ်ခင်း၊ ခပ်တင်းတင်းနဲ့
ဟန်ကိုယ့်ဖို့တဲ့၊ ညာသတဲ့လေ …။
ပဒေသရာဇ်၊ စနစ်ညာဉ်ဆိုး
သူခိုး လူမိုက်၊ ခွေးတသိုက်က
ယုတ်လှ ရိုင်းစွာ၊ ပြည်ရွာကို ဖျက်
နန်းတက် ဘိသိက်၊ ခလုတ် နှိပ်ရင်း
ခရုသင်း မှုတ်၊ သေတင်းကုတ်မှာ
နေရာခင်းကျင်း၊ သေတွင်းတွေ တူး
ရူးလည်း ရူးရဲ့၊ နေမြင့်ခဲ့ပြီ …။
နေလည်း မြင့်မြင့်၊ အရူးရင့်ပြီ
နာဇီစနစ်၊ တပတ်ရစ်နဲ့
မိုက်မောက် စစ်ဂုဏ်၊ ကမ်းကုန် ဆိုးသွမ်း
အာဏာ ငမ်းရင်း၊ ခွေးဇာတ် ခင်းသည်
ပြည်သူကို ကိုက်၊ ရန်မူ တိုက်ရင်း
မင့်သေတွင်းမှာ၊ ဂျွမ်းပြန်ကာကျ
မကြာလှပြီ၊ ဆည်းဆာရီညို
မှောင်ပြီဆိုလျှင်၊ မောင်ရင် သိလိုက်
နောက်ကျခိုက်မှာ၊ နင်ဟာလူမိုက်
ဒုစရိုက်ဟု၊ ရွာမှ ထွက်လေ
တောမှာ သေသည်၊ ကောင်သေ ဠင်းတ
ကျလေဦးမည်၊ ဟောလိုက်သည် ဟေ့ …။ ။
တော်ကီ
မှတ်ချက် ။ ။ မူလတန်းတုန်းက သင်ရတဲ့ ဆားတုံဆရာတော်ရဲ့
ကုဋေရှစ်ဆယ် သူဋ္ဌေးသား နောက်ဆုံးပိုဒ်ကလေးနဲ့ တိုက်ဆိုင်သည်ကတကြောင်း၊
အစကတည်းက ပျင်းပျင်းရှိတာကလည်း တကြောင်းမို့ ငှားရမ်းသုံးစွဲ အဆုံးသတ်လိုက်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment