Tuesday, December 4, 2007
ပစ်သွားသူထံ ခွင့်တောင်းခြင်း
ဘဲခေါင်းစိမ်းရောင်
စိုစွတ် တောက်ပြောင်မှုတွေနဲ့
ရင်ကော့ သူစိမ်းဆန်လိုက်ဦးမယ်…။
ပယ်နစလင်တွေ အဝ
အထိုးခံထားရတဲ့ ညတွေက
စကာပေါက်လို ကြယ်စတွေနဲ့
အဲဒီအပေါက်တွေကြားက
တယောက်ယောက်များ
ချောင်းကြည့်နေပါသလား…။
ဘယ်တုန်းကမှ …
ကိုယ့်အတွက်ကိုယ် မကြည့်တတ်ခဲ့
တောက်တဲ့ တကောင်လိုလည်း
ညကြီးမဲမဲထဲ လည်ဇလုတ်ကွဲအောင်
ကိုယ့်အကြောင်းကိုယ် အော်ပြချင်ရဲ့…။
ပြီးတော့ ပုတ်သင်တကောင်လိုလည်း
ကိုးရိုးကားယား ခေါင်းတညိတ်ညိတ်နေ
မျက်လုံး ပေကလပ် ပေကလပ်နဲ့
လိပ်ပြာလေး တကောင်ကို အပြေးအလွှား မျိုချ
လျှာရည်သိမ်း …လောကကြီးကို ခပ်စိမ်းစိမ်း တချက်ကြည့်လို့
ခပ်ကျို့ကျို့နဲ့ ယဉ်ကျေး ဖြေးဖြေးလေးပေါ့…။
ဒီညကတော့ ၀င်ရိုးစွန်း ၀က်ဝံတွေတောင်
စောင်ရှာတဲ့ည အေးစက်လှရဲ့
အေးစက်ပုံများ ကြွေသွားတဲ့ မျက်ရည်တွေတောင်
ခဲသွားမတတ် …
အဲဒီမျက်ရည်ခဲတွေကိုမှ
ယဲ့ယဲ့လေးပြုံးလို့ အမုန်း တရာရာနှုန်းပါတဲ့
အရက်ပြင်းပြင်းထဲ ထည့်သောက်မယ်တဲ့လား…။
ငါဟာ ၀ိပသနာ မဟုတ်ပါကွယ်
ငါဟာ သောနုထိုရ် မဟုတ်ပါ
ငါဟာ ၀ိဒေဟရာဇ် ပုတ်သင်လည်း မဟုတ်
ဇာတိရုပ်တွေကို သရုပ်ခွဲတတ်တဲ့
အဘိဓမ္မာဆရာလည်း မဟုတ်
ကျိုးကျိုးကုပ်ကုပ်
ဘ၀ကို စက်ရုပ်လို အသိမဲ့လှုပ်ရှား
အာနိသင်ခါးတဲ့ ဆေးမြီးတို တခွက်နဲ့လည်း
အသက်ဆက်ခဲ့ရ…။
ငါဟာ
ကော်နာဘောကို ခေါင်းတိုက်သွင်းချင်သူပါကွယ်
ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပေမယ့်
မင်းကိုချစ်လို့ ကြိုးစင်တက်ရမယ် ဆိုရင်တောင်
အဲဒီကြိုးကို ကိုယ်တိုင်ကျစ်မယ့် သူပါ
အဲဒီငါကျစ်တဲ့ ကြိုးထဲမှာ သီချင်းတပုဒ်ပါတယ်
ချစ်မိုးကြီး သွန်းဖြိုးလို့ရယ်ပေါ့…။
အဲဒီလို ကမောက်ကမတွေပြော
ကပေါက်တိကပေါက်ချာ အမောတွေနဲ့
တောနက်နက်ထဲမှာ
အိမ်သာ မတက်တတ်တဲ့ ဒုက္ခတွေနဲ့
လူယဉ်ကျေး ဖြစ်ချင်ခဲ့တာပေါ့…။
အာဇာနည် တယောက်ဖြစ်ဖို့
အသတ်ခံဖို့ လိုပါသလား …
သူရဲကောင်း တယောက်ဖြစ်ဖို့
တရွာလုံး အော့ကြောလန်ကို
ဆောင့်ကန်ဖို့ လိုပါသလား
ငါ့ဟာ ငါမှားနေတာတွေကို
ပြင်မယ်ဆိုတဲ့ စိတ်နဲ့
တိတ်တိတ်ကလေး
ကွမ်းတရာ ဆေးပေါ့လိပ် တလိပ်နဲ့
ကျွန်းပင်ရိပ်မှာ အိပ်ခဲ့တယ်…။
ဒီနေ့ ငါ့အနာဂတ်ကို
ပတ်မတလုံး ပိုက်လို့
ဓားမြှောင်တချောင်း ခါးထိုးလို့
ရိုးရိုးကြီး ခေါင်းမော့ ရင်ကော့ ခါးထောက်
ရှေ့ခြေတဖက်ထိုး မင်းသားကြီးမိုးဝင်းလို
မိန့်မိန့်ကြီး ဖိန့်ဖိန့်ကြီးနဲ့
လောကကြီးကို စိမ့်စိမ့်ကြီး ကြည့်ချင်ရဲ့…။
ဒါပေမယ့် မိန်းကလေးရေ
ငါဟာ ငါမဟုတ်ဘူးကွယ့်
ငါဟာ အစဉ်မပြတ်ဖြစ်စဉ်
ငါဟာ အရှင်လတ်လတ် သေဆုံးသူ
ငါဟာ ဘ၀အပူအမောတွေနဲ့
လူချောဟန်ဆောင်
ဘ၀ကို ရန်ထောင်ဟန်လုပ်
မာန်ရုပ်နဲ့ ရှင်သန်
ကိုယ့်ဟာကိုယ် ကြဉ်တာလည်း ခံရတဲ့ကောင်ပါကွယ်…။
ငါဟာ ငါ့ကိုယ်ငါ သနား
ငါ့ကိုယ်ငါ နှစ်ကိုယ်ကြားချော့
ငါ့ဘ၀ငါ ပွေ့ဖက်လို့
ခပ်ရို့ရို့ ခပ်ဖော့ဖော့
ကျော့ကျော့လေး မင်းကိုလွမ်းကောင်းမှ
မဂ္ဂင်ကျောင်းက ဆရာတော်တွေကတော့
အာရုံဆွမ်းမဲ့ ကျိန်းစက်ရာမဲ့
ကျောင်းမဲ့ ဘုရားမဲ့
အနှင်ခံခဲ့ရချိန်မှာ
တရားမဲ့ မယားဖွဲ့တွေနဲ့
နှစ်ပြားမှမတန်တဲ့ ငါလေ…..။
ဒီတော့ကွယ်
ဘဲခေါင်းစိမ်းရောင်
စိုစွတ် တောက်ပြောင်မှုတွေနဲ့
ရင်ကော့ သူစိမ်းဆန်လိုက်ဦးမယ်
ဒီပွဲကို ငါတကယ်ချီတက်ချင်ရဲ့
ခွင့်ပြုလှည့်တော့…။ ။
ကိုမွှေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment