Thursday, December 6, 2007

ပုန်းခိုကျင်းထဲက ငွေရတု

ဓာတ်ပုံ-ကိုလတ်

ပုန်းခိုကျင်းထဲက ငွေရတု
အောင်ဝေး

‘ကျနော်သည် တိုင်းပြည်နှင့် လူမျိုးအတွက် အနှစ်(၂၀)ကျော် လုပ်လာခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်သောအခါ ဖဆပလ အစိုးရ၏ ကြိုးတိုက်ထဲ ရောက်နေသည်ကို တွေ့လိုက်ရပေသည် …’ တဲ့။
အတိအကျတော့ မဟုတ်ပါ။ ကာနယ်ချစ်ကောင်း ရေးခဲ့သည့် စာသားတွေကို ကျနော် ပြန်စဉ်းစား ရွတ်ဆို နေမိပါသည်။
ကျနော်သည်ကော …။ မြန်မာပြည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ကဗျာဆရာ လုပ်ခဲ့တာ အခု ၂၀၀၇ ခုနှစ် နိုဝင်ဘာလဆိုရင် ကျနော့်ရဲ့ ကဗျာဆရာသက် (၂၅)နှစ် တင်းတင်း ပြည့်သည့်အချိန်၊ ကျနော့်ကိုယ် ကျနော် ပြန်ကြည့်လိုက်တော့ … လား … လား ငါ ပုန်းခိုကျင်းတခုထဲ ရောက်နေတာပါလား။
ကျနော်၏ ကဗျာဆရာသက် ငွေရတုသဘင်မှာ သမိုင်း၏ ကံစီမံရာအတိုင်း ပုန်းခိုကျင်းထဲက ငွေရတုသဘင် ဖြစ်ခဲ့ရလေသည်။

ပြီးခဲ့သည့် ၂၀၀၇ သြဂုတ်-စက်တင်ဘာ အရေးအခင်း ချေမှုန်းခံရပြီးသည့် အချိန်တွင် ကျနော် ထွက်ပြေး တိမ်းရှောင်ခဲ့ရပါသည်။ ရန်ကုန်မြို့ထဲမှာလည်း ကျနော် ပုန်းခိုကျင်းတွေ တခုပြီးတခု ပြောင်းရွှေ့ပြီး ပုန်းအောင်ခဲ့ရ သည်။ ထိုင်း-မြန်မာနယ်စပ်မှာလည်း ပုန်းခိုကျင်းထဲမှာပဲ နေခဲ့ရသည်။ ထိုင်းနိုင်ငံအတွင်း ရောက်တော့လည်း လုံခြုံရေးအရ ပုန်းခိုကျင်းထဲကကို မထွက်ရတော့ပါ။
နအဖ စစ်အာဏာရှင်အုပ်စု၏ အစိုးရအကြမ်းဖက်ဝါဒ (State Terrorism) အောက်မှ ကျနော် ထွက် ပြေး လွတ်မြောက်ခဲ့ပါပြီ။ သို့ရာတွင် အခြေအနေအရ ပုန်းခိုကျင်းထဲကတော့ ကျနော် မလွတ်မြောက်သေးပါ။
ယခု ပုန်းခိုကျင်းထဲတွင် တကိုယ်တော် တိတ်တဆိတ် ကျင်းပရသော ကျနော်၏ ကဗျာဆရာသက် ငွေရတု သဘင်ကတော့ အသံတိတ် ရုပ်ရှင်ပမာ စိတ်ကူးရုပ်ပုံတွေ၊ အတွေး နိမိတ်ပုံတွေနှင့်သာ ကျင်းပခဲ့ရလေသည်။
သြော် ‘မိကျောင်းကြည်းတင် နှစ်ကာလများ’ (My miserable years) ပါလား။

ကျနော်၏ ပထမဆုံး ပုံနှိပ်စာမူမှာ ၁၉၈၂ခုနှစ်၊ နိုဝင်ဘာလထုတ် မိုးဝေစာပေမဂ္ဂဇင်း (အယ်ဒီတာချုပ်-နတ်နွယ်)ပါ။ ‘မိုးရေထဲက ၀တ္ထု’ကဗျာ ဖြစ်သည်။ ထိုကဗျာနှင့် ကျနော် စာပေလောကထဲ ၀င်ရောက်ခဲ့သည်။ ယနေ့ ကဗျာဆရာသက် (၂၅)နှစ် ပြည့်ပြီ။
ကျနော်၏ ကဗျာအများစုမှာ Anti-government ကဗျာများဖြစ်ရာ စစ်အစိုးရ စာပေစိစစ်ရေး အရာရှိ များက မနှစ်မြို့ မလိုလားကြပါ။ အမြဲ နှိပ်ကွပ်နေကြပါသည်။ ကျနော့်မှာ ကဗျာဆယ်ပုဒ်ရေးလျှင် အနည်းဆုံး ငါးပုဒ် ခြောက်ပုဒ် အဖြဲခံနေရသည်။ အပိတ်ခံနေရသည်။

မဆလ စစ်အစိုးရ ပြုတ်မကျခင် ၁၉၈၆-၈၇ လောက်တုန်းက ကျနော် စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ရုံးခန်းထဲက ‘လျို့ဝှက်အဆင့်’ စာတမ်းတခုကို အလစ် ခိုးယူလာခဲ့ဖူးသည်။ စာတမ်းမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုသုတေသနဌာနကြီးက ကဗျာဆရာများနှင့် ပတ်သက်၍ လျို့ဝှက်အစီရင်ခံစာ ဖြစ်နေသည်။
မဆလ သုတေသနအရာရှိတွေက ကျနော်တို့ ကဗျာဆရာတွေကို အမျိုးအစား (၆)မျိုး (၇)မျိုး ခွဲခြား ဖော်ပြထားသည်။ ဖတ်ကြည့်သည့်အခါ ကျနော့်ကို အမျိုးအစား နှစ်ခုတွင် ထည့်ထားသည်ကို တွေ့ရသည်။ ပထမတမျိုးက ကျနော့်ကို ‘တောမျှော် ကဗျာဆရာများ’ ဆိုသည့် အစုတွင် ထိပ်ဆုံးက ထည့်ထားသည်။ ကျနော်၏ ကဗျာအများစုသည် ဗကပတမ်းချင်းများ ဖြစ်သည်ဟု မှတ်ချက်ပေးထားသည်။ ကောင်းဗျား။ ပြီးတော့ ကျနော့်ကို ‘အမေကျော် ဒွေးတော်လွမ်း ကဗျာဆရာ’ အစုတွင်လည်း ထည့်ထားပြန်သည်။ မှတ်ချက်က ကျနော်၏ လွတ်လပ် ကဗျာ၊ ခေတ်ပေါ်ကဗျာများသည် (ကာရန်မပါသဖြင့်) အမျိုးသားယဉ်ကျေးမှုကို ဖျက်ဆီးပြီး အနောက်ဟန်ကို အထင်ကြီးနေသည်ဟူ၍။ ကောင်းလှင့်တည်း။
ထိုစဉ်က ကျနော်ခိုးထုတ်ခဲ့သော ထိုလျို့ဝှက်စာတမ်းကို ကျနော်တို့ ကဗျာဆရာတွေ လျို့လျို့ဝှက်ဝှက် မိ တ္တူပွားပြီး တနိုင်ငံလုံးသို့ ဖြန့်ဝေပေးခဲ့ပါသည်။

ကျနော် မှတ်မိပါသေးသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးစ၊ NLD ပါတီထောင်ပြီးစ ဒေါ်အောင် ဆန်းစုကြည်၏ ဧရာဝတီတိုင်း (အနောက်ခြမ်း)ခရီးစဉ်ကို ကျနော် စီစဉ်ရပါသည်။ (အဖွဲ့ချုပ် ထောင်ထောင်ချင်းတုန်းက ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ကျနော် ဧရာဝတီတိုင်းအတွင်းကို ရှေ့ပြေးစည်းရုံးရေး ဆင်းခဲ့ပြီးပါပြီ)
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွက် ကျနော် ကဗျာရှည် တပုဒ်ရေးပြီး ထိုစဉ်က ပြန်ကြားရေး တာဝန်ခံ မင်းသားကြီး ဦးအောင်လွင်ထံကို တင်ပြပါသည်။ မင်းသားကြီးက ဆရာဦးဝင်းတင်ထံ တင်ပြ အတည်ပြုချက်ယူပြီး ထုတ်ဝေခွင့် ပြုလိုက်ပါသည်။
ထိုကဗျာကို အဖွဲ့ချုပ် ပန်းချီဆရာတဦးက အဖုံးနှင့် အတွင်းဒီဇိုင်း ကျကျနနလုပ်ပြီး အဖွဲ့ချုပ် ဗဟိုရန်ပုံငွေ အနေနှင့် ထုတ်ဝေရောင်းချခဲ့ရာ မြန်မာတပြည်လုံး ပျံ့နှံ့ ရောက်ရှိသွားပါသည်။ (အဖွဲ့ဝင်အားလုံး ကိုယ့်စရိတ်ကိုယ် စားပြီး နိုင်ငံရေးလုပ်နေသည့် ထိုအချိန်မှာ အဖွဲ့ချုပ်ဗဟိုက ထိုကဗျာအတွက် ကျနော့်ကို ဥာဏ်ပူဇော်ခ ကျပ်နှစ်သောင်း ချီးမြှင့်ရာ ခရီးစဉ်တွင် မြောင်းမြမြို့အရောက် ဒေါ်အောင်ဆန်းစုကြည် ရှေ့မှောက်မှာပင် ယာမာဂူချီ၏ လက်ထဲသို့ ကျနော် ထည့်ပေးနိုင်ခဲ့ပါသည်)

ထိုကဗျာစာအုပ်ကို ဧရာဝတီတိုင်းခရီးစဉ်မှာ ရောက်လေရာ မြို့တိုင်းရွာတိုင်းမှာ အခမဲ့ဝေငှ လက်ကမ်းခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မပြီးဆုံးခင် ပုသိမ်မှာ ကျနော်နှင့် NLD လူငယ်အချို့ကို ဖမ်းပြီး ပုသိမ်ထောင်ထဲ ထည့်လိုက်ပါသည်။ ယမန်ကြီးနှစ်ပတ်နှင့် နှစ်ရက်ပြည့်တော့ အာမခံနှင့် ပြန်လွှတ်လိုက်ပါသည်။ အာဏာဖီဆန်မှုနှင့် ရုံးတင် တရားစွဲထားပါသည်။
ထိုအမှု တရားဆိုင်နေရစဉ် ၁၉၈၉ အာဇာနည်နေ့ အရေးအခင်းတွင် ကျနော် ပုဒ်မ ၅(ည)နှင့် ထောင်တ နှစ်ကျပါသည်။
အာဏာဖီဆန်မှုကို တရားစီရင်သည့်အခါ ပုသိမ်မြို့ တိုင်းတရားရုံးတွင် တရားသူကြီးက ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ဟု ကြွေးကြော်သည်မှာ မြန်မာ့ယဉ်ကျေးမှု ဂါရ၀တရားအရ ဖြစ်သဖြင့် အပြစ် မယူထိုက်ပါ။ သို့ ရာတွင် ဖြန့်ဝေခဲ့သော (ကျနော်၏) ကဗျာစာအုပ်ပါ …
‘မဆလတခေတ်မှာ
ရွတတ ဖြစ်သူတွေ
နေရစ်ခဲ့ကြတော့။
ငြိမ်ပိတခေတ်မှာ
ငြိမ်ကြည့်ဖြစ်နေတဲ့သူတွေ
နေရစ်ခဲ့ကြတော့။
ရွေးကောက်ပွဲဆိုတာလည်း
ခွေးခလောက်ဆွဲသလိုပါပဲ’
… စသည့် စာသားများသည် ဆူပူမှုကို လှုံ့ဆော် ဖန်တီးနေသဖြင့်ဆိုပြီး ထောင်ဒဏ်(၆)လ ချမှတ်လိုက်ပါသည်။

ကျနော့်မှာ ထောင်ထုံးစံ နောက်တမှု ရုံးထွက်ရသဖြင့် ထိုစဉ်က သံခြေကျင်းကြီး ခတ်ခံထားရရာ ပုသိမ်မြို့ ဒီမိုကရေစီ လူထုပရိသတ်က ကျနော်တို့ကို အချုပ်ကားပေါ် ပြန်မတင်ခင် ကျနော့်ကို လူတွေ ၀ိုင်းအုံ ပွေ့ချီပင့်မြှောက် ကာ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ဆိုပြီး အချုပ်ကား အတင်းမောင်းပြေး ထွက်သွားသည် အထိ ကြွေးကြော် ကျန်ရစ်ခဲ့ကြပါသည်။
ဤသို့လျှင် မဆလနှင့် မဆလလက်သစ် စစ်အစိုးရတွေက ပေးခဲ့သည့် ‘ဘွဲ့’တွေ ကျနော့်မှာ များစွာရခဲ့ လေသည်။
ဒီဘက်ခေတ်မှာ ကျတော့ကော …။
ကျနော် ၁၉၉၁ တတိယအကြိမ် ထောင်က ပြန်ထွက်လာပြီး စာပြန်ရေးမည် ပြုသောအခါ စာပေစိစစ်ရေးက NLD နှင့် ကင်းရှင်းကြောင်း ထောက်ခံစာ တင်ပြဖို့ တောင်းဆိုပါသည်။ ကျနော်တို့မှာ ထိုစဉ်က္ဒ NLD ဗဟိုကော်မတီလောင်း စာရင်းထဲမှာ လျာထားခံရသည့် အချိန်ဖြစ်ရာ ကျနော် ဗဟိုကော်မတီလမ်းနှင့် ကဗျာဆရာလမ်း လမ်းနှစ်သွယ်အနက် တခုခုကို ဆုံးဖြတ်ရွေးချယ် ရတော့မည်ဖြစ်ရာ ကျနော် ကဗျာဆရာလမ်းကို ရွေးပြီး NLD က တောင်းပန် နှုတ်ထွက်လိုက်ပါသည်။
ဒါလည်း စစ်အစိုးရ ပေးလိုက်တဲ့ ဘွဲ့တခုပါပဲ။

၁၉၉၈ ဆရာမြသန်းတင့် မကွယ်လွန်ခင်က ဆရာသည် သူရလာခဲ့သော သတင်းတခုကို ကျနော့်အား တိုးတိုးတိတ်တိတ် “စာပေစိစစ်ရေးရုံး လျို့ဝှက်ဖိုင်ထဲမှာ Black Lists ဆိုပြီး စာရေးဆရာ ကဗျာဆရာ စာရင်းလုပ် ထားတာ ရန်သူနံပါတ်(၁) မြသန်းတင့်၊ ရန်သူနံပါတ်(၂) အောင်ဝေး ဆိုပြီး ပါတယ်”ဟု ပြောပြပါသည်။ ပြီးတော့ ဆရာက ကိုအောင်ဝေးအတွက် ဂုဏ်ယူပါတယ်ဟု ပြောပါသည်။
ရန်သူဆန့်ကျင်ခံရခြင်းသည် ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်း ဖြစ်သည် မဟုတ်လား။
နောက်ပိုင်းတော့ ကျနော့်ကဗျာတွေ၊ စာတွေ အပိတ်ခံရ၊ အပယ်ခံရတွေ များလာသည်။ လုံးချင်းစာမူအချို့လည်း စာပေစိစစ်ရေးက ခွင့်မပြုပါ။ ယခု ကျနော် တိုင်းပြည်ကို စွန့်ခွာလာတဲ့အချိန်မှာ မိန်းမနဲ့ ကလေးတွေ အလွမ်းပြေကြည့်ဖို့ ထုတ်ဝေပြီး ကဗျာဆောင်းပါးပေါင်းချုပ် လုံးချင်း (၁၉)အုပ်သာ ချန်ထားနိုင်ခဲ့ပါသည်။
ကျနော်တို့ စုပေါင်းစီစဉ်သည့် နှင်းကကြိုး၊ အဖြူရောင်သက်တံ၊ ၀န်တင်လိပ်ပြာ စသော Combination Art, Poetry Performance ပွဲများလည်း မြန်မာစစ်အာဏာရှင်များ၏ စည်းကမ်းတင်းကျပ်စွာ တားမြစ်ပိတ်ပင် ခြင်း ခံရပါသည်။
စာပေဟောပြောပွဲများတွင်လည်း ကျနော်တို့ အမည်ပါ၍ တချို့မြို့နယ် အာဏာရှင်တွေက ပွဲမိန့်ခွင့်မပြု ကြပါ။

မှတ်မှတ်ရရ ကျနော် လှောင်ပြောင်ခံခဲ့ရသော အဖြစ်တခုလည်း ရှိခဲ့ပါသည်။
ကျနော် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်သော ကွာလတီ မဂ္ဂဇင်းတစောင်တွင် ‘အေးနေ၀င်း’၏ ကဗျာနှစ်ပုဒ်ကို ကျနော်ပုံနှိပ် ဖော်ပြခဲ့ပါသည်။ ထိုအတွက် စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးက ကျနော့်ကို ခေါ်ယူ ကြိမ်းမောင်းခဲ့ပါသည်။ ထို့နောက် အေးနေ၀င်း အဖမ်းခံရသောအခါ ၃၃လမ်း လေထန်ကုန်းတွင် မိတ်ဆွေ သူငယ်ချင်းများက ကျနော်ဝင်လာလျှင် “အေးနေ၀င်း ဆရာလာပြီ”ဟု ကျီစယ် နောက်ပြောင်ခဲ့ကြပါသည်။ အေးနေ၀င်းသည် နအဖကို အာဏာသိမ်းရန် ကြံစည်သူ ဖြစ်ပါသည်။
ထားပါတော့လေ၊ ဒါတွေ ပြန်ပြောနေရင် ကုန်မှာ မဟုတ်တော့ပါဘူး။
အခု ကျနော်ရဲ့ ပုန်းခိုကျင်းထဲက တခုသော ငွေရတု သဘင်ကတော့ စိတ်အတွေးတွေနဲ့ပဲ အနာဂတ် လူထုအောင်ပွဲကို အိပ်မက်မက်ရင်း …
ဒီငွေရတုသဘင်မှာ (ကျနော် မညာပါဘူး) ကျနော် အတမ်းတမိဆုံးသူဟာ ကျနော့်ရဲ့ အချစ်တွေနဲ့ ရဲဘော်မ (Comrade in love) ဖြစ်တဲ့ ‘ယာမာဂူချီ’ကိုပါ။ သူ့ကို ကျနော်သတိရတယ်။ သူ့အတွက် ဂျူးလိယက်ဖူးချစ်ရဲ့ ကဗျာလေး ကျနော်ရွတ်ဆိုလိုက်တယ်။
‘မောင့်ဂူစတီနာရေ …
နွေဦးသစ်ရဲ့ တနံနက်မှာ
တို့ ပြန်ဆုံတွေ့ ကြမယ်နော်’

အောင်ဝေး
၂၃-၁၁-၀၇

1 comment:

မဆုမွန် said...

ဦးအောင်ဝေးရေ..
လေးစားပါတယ်..လွတ်မြောက်နယ်မြေမှာတောင် ပုန်းခိုကျင်းထဲမှာပဲနေနေရသေးတဲ့အတွကါ စိတ်မကောင်းပါဘူး ဒါပေမယါ့လွတ်မြောက်နယ်မြေရဲ့ ကဗျာလောက မှာ ဦးအောင်ဝေးကဗျာတွေ စိစစ်ရေးရန်က်ငးကင်းနဲ့ လွတ်လပ်ကလောင်တစ်စင်းကိုမြင်လို့ပါတယ်..
မိသားစုနဲ့ အမြန်ဆုံနိုင်ပါစေရှင်..
မဆုမွန်