Wednesday, December 5, 2007

မစိုးရိမ်ရာပြည့်ပွဲ မန္တလေးမှာ ခြိမ့်ခြိမ့်သဲ ဆင်နွှဲ

http://bigbbrown.blogspot.com မှ သတင်းရယူပါသည်။

မြန်မာ့သမိုင်း၊ မြန်မာ့ ဗုဒ္ဓဘာသာသမိုင်း၊ မန္တလေးမြို့ ဗုဒ္ဓဘာသာသမိုင်းမှာ အထင်ကရဖြစ်တဲ့ မန္တလေး မစိုးရိမ်ကျောင်းတိုက်ကြီးရဲ့ နှစ်တရာပြည့်ပွဲတော်ကို ၂၀၀၇၊ ဒီဇင်ဘာ (၂၊ ၃၊ ၄)ရက်နေ့များမှာ ခြိမ့်ခြိမ့်သဲ ကျင်းပသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး (သံဃာတော်များရဲ့ ရဲဝံ့သော ပြယုဂ်)အတွင်း မန္တလေး- မစိုးရိမ်ကျောင်းတိုက်မှ သံဃာများရဲ့ သမိုင်းဝင် ဆောင်ရွက်ခဲ့မှုများဟာ အခုအခါ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။

ယခုလည်း နအဖ စစ်ထောက်လှမ်းရေးများ ခြေချင်းလိမ်နေတဲ့ ကြားမှာပဲ မစိုးရိမ်ရာပြည့်ပွဲတော်ကို ကျင်းပသွားတာ ဖြစ်ပါတယ်။ နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် နေ့စဉ်သံဃာတော် အပါး ၁၀၀၀ တို့ကို ဆွမ်းလောင်းလှူခြင်း၊ ဆွမ်းဆက်ကပ်ခြင်းနှင့် ကြည်ညိုသဒ္ဓါပွားစေဖို့ သံဃာတော်များရဲ့ သင်္ဂါယနာတင် သရုပ်ဖော် အခမ်းအနားများ ကျင်းပတာတွေ ပြုလုပ်သွားပါတယ်။

ဒီဇင်ဘာ ၂ ရက် ညပိုင်းမှာ သီတဂူဆရာတော် တရားပွဲနဲ့ မြို့မအပျော်တမ်း တေးဂီတအဖွဲ့၊ ဒီဇင်ဘာ ၃ ရက် ညပိုင်းမှာ ခင်မကန်တိုက် မိုးတားကျောင်း ဆရာတော်တရားပွဲနဲ့ မြတရာအငြိမ့်၊ ဒီဇင်ဘာ ၄ ရက် ညပိုင်းမှာ တိပိဋကဓရ ယောဆရာတော် တရားပွဲနဲ့ ရွှေမြန်မာ တေးဂီတ အငြိမ့်ခန်း ... စတာတွေနဲ့ စည်စည်ကားကား ကျင်းပသွားခဲ့ပါတယ်။

ပွဲတော်ရက်တွေအတွင်း သတင်းပြန်ကြားရေးနဲ့ ဖျော်ဖြေရေး ဆပ်ကော်မတီမဏ္ဍပ်မှာ နှစ်တရာပြည့် အထိမ်းအမှတ် စာအုပ်တစ်အုပ် ၃၀၀၀ ကျပ်၊ မစိုးရိမ်သမိုင်းနဲ့ သာသနာဝင်စာအုပ် တစ်အုပ် ၃၀၀၀ ကျပ်၊ ပြက္ခဒိန်တခု ၅၀၀ ကျပ်၊ မစိုးရိမ် နှစ်တရာပြည့် တေးအလင်္ကာ VCD ခွေ တစ်ချပ် ၁၂၀၀ ကျပ် နှုန်းတွေနဲ့ ရောင်းချပေးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။

မစိုးရိမ် နှစ်တရာပြည့် ပွဲတော်ကြီးမှာ တကယ့်ကို သတိရစရာ ဖြစ်ရတာကတော့ မစိုးရိမ်ဆရာတော်ဘုရားကြီး အရှင်ကောဝိဒါဘိဝံသ (ယခုအခါ သာသနာ့မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် -ပဓာနစေရ ဆရာတော် ဦးကောဝိဒါဘိဝံသ) ဖြစ်ပြီး ယခုအခါ ဆရာတော်ဘုရားကြီးဟာ နအဖစစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် ဗုဒ္ဓသာသနာတော် ညှိုးမှိန်ပျောက်ကွယ်သွားမှာကို အထူးစိုးရိမ်ပြီး ပြည်ပကနေ စွမ်းစွမ်းတမံ ကာကွယ် ဆောင်ရွက်လျက်ရှိပါတယ်။

No comments: