Thursday, April 2, 2009

ဦးပဏ္ဍိတရဲ့ ပေးစာ (၁-၄-၀၉)

ဒကာကြီး ဒေါက်တာလွဏ်းဆွေ ...
ဦးဇင်းဘွဲ့နာမည် ဦးပဏ္ဍိတပါ။ အခု ထိုင်းနိုင်ငံ မဟာချိုင်မှာ သီတင်းသုံးနေပါတယ်။ အခုပို့လိုက်တဲ့ ပုံတွေက ဦးဇင်းရဲ့ ဇာတိရွာကျောင်းဖြစ်တဲ့ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပန်းဘဲစုကျေးရွာအုပ်စု ကွင်းချောင်းက လေးရွာ၊ ချောင်းဝသာသနဝေပုလ္လကျောင်းရဲ့ နာဂစ်မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဆယ် လတိုင်ကြာတဲ့အထိ ကျောင်းပြန်ဆောက်ဖို့ကို ဘယ်သူမှ မတတ်နိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ မူလက ရွှေသံလွင်ကုမ္ပဏီက ပြန်ဆောက်ပေးမယ်ပြောပြီး သူတို့ဆီက အင်ဂျင်နီယာတွေဘာတွေ လာတိုင်းထွာသွား တာရှိပါတယ်။ သီတင်းကျွတ်ပြီးမှ ပြန်ဆောက်မယ်ပြောပြီး သီတင်းကျွတ်တဲ့အခါ သူတို့ကုမ္ပဏီ စီးပွားရေးကျ နေလို့ ပြန်ဆောက်ဖို့ မဖြစ်နိုင်တော့ဘဲ ၀တ္ထုငွေ ခြောက်သိန်းပဲ လှူလိုက်ပါတယ်။
ဘုန်းကြီးကျောင်းတကျောင်းဟာ ရွာတရွာရဲ့ အစည်းအဝေးခန်းမဖြစ်သလို ယဉ်ကျေးမှုပွဲတော်များ၊ ဘာသာ ရေးကိစ္စများ ဆောင်ရွက်ကျင်းပရာ အဓိကနေရာလည်းဖြစ်ပါတယ်။ အခုတော့ ဦးဇင်းတို့ရွာမှာ အဲဒါတွေအား လုံးကွယ်ပျောက်နေပါပြီ။ ရွာမှာရှိတဲ့ ဒကာ၊ ဒကာမကို အားကိုးဖို့ဆိုတာလည်း သူတို့ကိုယ်တိုင် ဒုက္ခက ရုန်း ထွက်နေရဆဲ အခြေအနေဖြစ်ပါတယ်။

အခုဒီစာကို ဦးဇင်းရေးရခြင်းရဲ့ ရည်ရွယ်ချက်က တလောက ခေတ်ပြိုင်ဂျာနယ်မှာ နာဂစ်ဒဏ်ခံလိုက်ရတဲ့ သာသနိကအဆောက်အဦးတွေကို ထိုင်းက ပြန်ပြင်ပေးမယ်ဆိုတာ ဖတ်လိုက်ရပါတယ်။ အဲဒါဘယ်လိုဆက် သွယ်ရမလဲဆိုတာရယ်၊ ဒကာကြီးက မီဒီယာမှာလုပ်နေတာဆိုတော့ ဘယ်လိုလုပ်သင့်သလဲဆိုတဲ့ ဒကာကြီး ရဲ့ အကြံဥာဏ်ရယ်၊ ဒီကျောင်းကို ဘယ်လို အဆင်ပြေအောင် ပြန်ဆောက်နိုင်မလဲဆိုတာရယ် အဲဒါတွေအ တွက် ဒကာကြီးတတ်နိုင်တာ တခုခုရှိမယ်ဆိုရင် ပြန်ကြားပေးဖို့ ရေးလိုက်တာဖြစ်ပါတယ်။ တနည်းအားဖြင့် ဒကာကြီးရဲ့ ဆောင်းပါတွေကိုဖတ်ပြီး ပုဂ္ဂိုလ်ရေးအရ ဒကာကြီးကို ခင်မင်ရင်းနှီး ယုံကြည်နေတာလည်း ပါပါ တယ်။ ဦးဇင်း ဖုန်းနံပါတ်က ၀၈၅၄၀၈၀၈၅၀ ပါ။ ဒကားကြီရဲ့ ပြန်ကြားမှုတစုံတရာကို ဦးဇင်းမျှော်လင့်နေပါ မယ်။
ဦးပဏ္ဍိတ
ဆေးပေါင်းကျောင်း
မဟာချိုင်၊ ထိုင်းနိုင်ငံ။

ဦးဇင်းဦးပဏ္ဍိတဘုရား ...
တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါတယ်။ ခေတ်ပြိုင်ဂျာနယ်ပါ သတင်းနဲ့ပတ်သက်လို့ ခေတ်ပြိုင် အယ်ဒီတာထံ အသေးစိတ်စုံစမ်းပြီး ဦးဇင်းထံ တပည့်တော် အကြောင်းပြန်ကြားပေးပါမယ်။ တပည့်တော် အ နေနဲ့ ကူညီနိုင်တာကတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ပြုပြင်လှူဒါန်းလိုသူ ဒကာ၊ ဒကာမများ သိရှိစေဖို့ ဦးဇင်းရဲ့ ရွာကျောင်းအခြေအနေကို ဓာတ်ပုံနဲ့တကွ တပည့်တော်ရဲ့ ဘလော့စာမျက်နှာပေါ်မှာ ဖော်ပြကူညီပေးနိုင်တာ ပဲဖြစ်ပါတယ်။ လှူဒါန်းလိုသူ ဒကာ၊ ဒကာမများအနေနဲ့ ဦးဇင်းရဲ့ဖုန်းနံပါတ်ကို တိုက်ရိုက်ဆက်သွယ်နိုင်ကြမှာ ဖြစ်သလို တပည့်တော်ထံ ဆက်သွယ်စုံစမ်းလာပါကလည်း ဦးဇင်းထံ အမြန်ဆုံး အကြောင်းကြားပေးပါမယ် ဘုရား။
ရိုသေလေးမြတ်စွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

(ဦးဇင်းဦးပဏ္ဍိတ၏ ခွင့်ပြုချက်ဖြင့် ဤပေးစာကို ဖော်ပြပါသည်)

No comments: