Wednesday, May 7, 2008

ကျွန်ုပ်ပရော်ဖက်ဆာတုတ်ကြီးနှင့် အောင်နိုင်ဦး

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

ကျွန်ုပ်ပရော်ဖက်ဆာ တုတ်ကြီးသည် စိတ်မကောင်းခြင်း ကြီးစွာဖြစ်လျက် မေတ္တာပို့ အမျှဝေရင်း မရှိမဲ့ရှိမဲ့ လေးများထဲမှ လှူနိုင်မည့် အရာလေးများအား ထုတ်နှုတ်ကာ တိတ်ဆိတ်စွာ ထုတ်ပိုးနေမိ၏။ ခြစ်ခြုပ် စုဆောင်းထားသော ငွေသားလေးအချို့အားလည်း မတွန့်မတို ရေတွက်ကာ လှူဒါန်းရန် ပြင်ဆင်ရပါတော့ ၏။

“သြော် … တို့များနှယ် မတရား အနိုင်ကျင့် ဗိုလ်ကျအုပ်ချုပ်မှုအောက်မှာ အငတ်ငတ် အပြတ်ပြတ် လူမွေးမပြောင် သူမွေးမပြောင် နေရတဲ့အထဲ သဘာဝဘေးအန္တရာယ်ဆိုးတွေကလည်း တနှစ်ပြီးတနှစ် ပိုဆိုးလာလိုက်တာနော် … ခုဆိုရင် သေလိုက်ကြတာလည်း သောင်းပေါင်းများစွာ” လို့ ကျွန်ုပ်တကိုယ်တည်း ဆူးလေထိပ်က တကြိမ်မဟုတ် တကြိမ် ကားကြိတ်ခံရနိုင်ဖွယ်ရှိသော ခိုတကောင်ကဲ့သို့ ညည်းညူမိတော့၏။

ကျွန်ုပ်သည် မျက်လုံးနှစ်စုံအား ဖြေးညှင်းစွာ မှေးစင်းရင်း အိမ်ရှေ့ခန်း မီးခလုတ်အား နှိပ်လိုက်ပြီးနောက် စူးရှ သော အလင်းရောင်အောက်တွင် ကျွန်ုပ်၏ ကုလားထိုင် အဟောင်းလေးအား ဆွဲယူကာ ထိုင်လိုက်မိသည်။ ငုတ်ဆုံပစ် ထိုင်ရင်း ပါးစပ်မှလည်း မေတ္တသုတ္တံ ဒေသနာကို ရွတ်ဖတ်နေမိတော့၏။ “အင်း … ဒီတိုင်းနေလို့လည်း ဖြစ်သေးပါဘူးလေ သတင်းလေးတွေ ၀င်ဖတ်ဦးမှပါပဲ” ဆိုသည့် စိတ်အစဉ်ဖြင့် ကျွန်ုပ်၏ ဟောင်းနွမ်း ညစ်ပေနေသည့် ကွန်ပြူတာ အစုတ်ကလေးအား ဖွင့်လိုက်ပါသည်။

ဧရာဝတီ သတင်းမဂ္ဂဇင်း၏ အင်တာနက်ဆိုက်သို့ ရောက်သွားသောအခါတွင်ကား …
ကျွန်ုပ် ၀ါးကာစ ကွမ်းသီးခြမ်းကြီးများဖြင့် ကွမ်းယာသည် တမုဟုတ်ချင်း ကြေညက်သွားပေတော့၏။
……………………………………………………………….
အမေရိကန် သမ္မတကတော်ကြီး ဒေါ်လော်ရာဘုရှ်ရဲ့ မသင့်လျော်သော မှတ်ချက်လို့ သုံးသပ်သူတစ်ဦးက ပြောပါ လားဟရို့ …။

အနှီသတင်းကို ဆက်လက်ဖတ်ရှုရင်း အောင်နိုင်ဦးဆိုသည့် နတ်ကတော်တန်းစီး ရိုက်ထားသော ပျော့နွဲ့နွဲ့ ပုံမကျ ပန်းမကျ ခပ်ကြောင်ကြောင်ကောင်၏ မှတ်ချက်ဖြစ်နေကြောင်း သိလိုက်ရတော့၏။

ယခုကာလတွင် သဘာဝဘေးဆိုးသည် နအဖဖန်တီးသည့် ကိစ္စမဟုတ်ကြောင်းဆိုသည့် အလုံးများ ၀ဲပျံပြန့်နှံ့နေ ကြသလို အမေရိကားကိုယ်တိုင် ဟာရီကိန်း ကက်ထရီနာတွင် ပက်ပက်စက်စက် ခံလိုက်ရသည့် ကိစ္စအား ထောက်ပြပြောဆိုနေကြ၏။

မှန်ပေ၏။ အမေရိကားတွင် ခံလိုက်ရပါသည် နယူးအော်လန်းတစ်မြို့လုံး ပျောက်သွားရသော သဘာဝဘေး ဆိုး ဖြစ်၏။ အမေရိကား ခံလိုက်ရသည့် ကိစ္စအား ပြန်လည် သုံးသပ်လိုက်သောအခါ …

၁။ သူတို့၏ ကမ်းပါးဘောင်စနစ်ကို ယုံကြည်မှု
၂။ Engineering Failure ဆိုသည့် အဓိက အချက်ကြီး နှစ်ချက်ကြောင့် ဖြစ်သည်။ ကက်ထရီနာ မဖြစ်ခင်တွင် အမေရိကန် သတင်းဌာနများက ကြိုတင်ကာ warning များ ပေးသည်မှာ ဟာရီကိန်းကြောင့် ပျက်ဆီးသွားခဲ့ရ သော မြို့နှင့် ပြည်နယ်တွင်သာမဟုတ်၊ တနိုင်ငံလုံး အတိုင်းအတာ TV channels တိုင်းက လွှင့်ထုတ်ခဲ့ကြသ လို … မုန်တိုင်းဒဏ်ကြောင့် မြို့ကြီး ရေမြုပ်သွားချိန်တွင်လည်း ပြည်နယ်ပေါင်းစုံမှ ကယ်ဆယ်ရေး အဖွဲ့အစည်းမျိုးစုံနှင့် အမေရိကန်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့အားလုံး သွားရောက်ကာ ကယ်ဆယ်နေရာချ ကုသပေးခဲ့၏။

မြန်မာနိုင်ငံတွင် မုန်တိုင်းလာမည် ဆိုသည်ကို ကြိုတင်သိခဲ့၏။ မလာခင် ကမ္ဘာ့သတင်း အင်တာနက်ဆိုက်များမှ လည်း အကျယ်တ၀င့် ရေးသားကြ၏။ နအဖ မှ ပြည်သူလူထုအား ကြိုတင်သတိပေး နေရာရွှေ့ခြင်းများ လုံးဝ (လုံးဝ) မလုပ်ခဲ့ တခါလာလည်း ဆန္ဒခံယူပွဲ ထောက်ခံရေးဆိုသည့် ကိစ္စလောက်ကလွဲလို့ ပြည်သူလူထု ခံစားရ မည့် ဘေးဆိုးအတွက် တချက်အလေးမထားခဲ့။

မုန်တိုင်း ပြီးဆုံးသွားသောအခါတွင်လည်း ပြည်သူလူထုအား ထိရောက်သည့် ကူညီကယ်ဆယ်မှုများ လုပ်ရန် အစီအစဉ် မရှိခဲ့။ ဖုတ်ပူမီးတိုက် ခေါက်ရိုးမကျိုးသော ယူနီဖောင်းများဝတ်ကာ ရန်ကုန်တ၀ိုက်မှ လေဘေးဒုက္ခ သည် များကြားတွင်သာ လိုအပ်သည်များကို စစ်ဆေးသည် ဆိုသည့်အထာဖြင့် လမ်းသလားကြရုံသာ။ ဘုန်းကြီးတွေ ပြည်သူလူထုအား အင်တိုက်အားတိုက်ကူကာ သစ်ပင်များဖြတ်၊ လမ်းများရှင်း ဒုက္ခသည်များ ကျောင်းပေါ်တင် ထားကြသည့် အချက်အား တချက်မဖော်ပြ။

ကျွန်ုပ်တုတ်ကြီးသည်သာ အောင်နိုင်ဦးနှင့် နီးနီးနားနား နေသောသူဖြစ်ပါက ယခုဆိုလျှင် အနှီအောင်နိုင်ဦး အား ငုတ်တုတ်ထိုင်ခိုင်းကာ နားရွက်တံတွေးဆွတ်လိုက် အဖြေမှားလျှင် ထိပ်တချက် ခေါက်လိုက် မေးလိုသည် မှာ … ။

“လော်ရာဘုရှ် မှတ်ချက်ဟာ မှားသလား အောင်နိုင်ဦး”
ဂွပ် …။

“မောင်ရင့် မတော်လိုက်ရတဲ့ ခမည်းတော် တဖြစ်လဲ ယောက်ဖတော် ဦးရီးတော် သန်းရွှေကို လော်ရာဘုရှ်က ဘာ ကိစ္စကြောင့် ဘဘသန်း မှန်ပါတယ် မီးတို့ ကူညီပါရစေလို့ ပြောရမှာလဲ၊ ပြောရလောက်အောင် သန်းရွှေက ပြည် သူလူထုအပေါ် ဘယ်လောက်ကောင်းသလဲ ဖြေစမ်းပါဦး”
ဂွပ် … ဂွပ် … ဂွပ် …။

“အမေရိကားက အကူအညီမပေးလို့ နစ်နာမှာ သေမှာ ထပ်ပြီး ရောဂါဆိုးတွေ ပျံ့နှံ့ကူးစက်မှာ အမေရိကန် ပြည်သူတွေလား မြန်မာပြည်သူတွေလား ”
ဂွပ် …။

“အမေရိကားက အကူအညီ မပေးလိုက်ရလို့ ၀မ်းနည်းပက်လက်နဲ့ သန်းရွှေ တောင်းသမျှ ငွေသားသက် သက်ကိုသာ သူ့သမီးတွေ ချွေးမတွေ ရွှေကွပ် စိန်စီဖို့အတွက် ပေးလိုက်ရမှာလား လူထုကို ထိထိရောက် ရောက် သေသေ ချာချာ စနစ်တကျ ကူညီခွင့်အတွက် စစ်ရာဇ၀တ်ကောင်ကို ဖင်ထောင် ရှိခိုးရမှာလား မင်းလို …”
ဂွပ် … ဂွပ် … ဂွပ် … ဂွပ် … ဂွပ် … ဂွပ် … ဂွပ် … ဂွပ် … ဂွပ် ……။

တော်ပေသေးသည် ကျွန်ုပ်သည်လည်း အောင်နိုင်ဦးနှင့် နီးရာတွင် မနေသူမို့ အောင်နိုင်ဦးရော ကျွန်ုပ်ရော နှစ် ယောက်လုံး သက်သာရာ ရသွားခဲ့ပေ၏။ နို့မဟုတ်ပါက ကျွန်ုပ် ပရော်ဖက်ဆာတုတ်ကြီး၏ လက်ဆစ်များသည် လည်း ယောင်ယမ်းငန်းဖမ်းသလိုဖြစ်ကာ အောင်နိုင်ဦးသည်လည်း ကျပ်မပြည့်သည့်ဘ၀မှ သွက်သွက်ချာ ရူးသွပ် သွားနိုင်ပေတော့သတည်း။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

2 comments:

gust said...

You right !!!
I love you SaYar Tot Kyi !!!

moethee.blogspot.com said...

Aung Naing Oo said,
ပြည်သူတွေ သေချင်သလောက်သေ၊၊ ငါတို့လမ်းစဉ် (၇) ရပ် ကိုတော့ အပျက်မခံနိုင်ဘူး