Tuesday, May 6, 2008

မုန်တိုင်းကို လွန်သော် …

ဇော်မင်း (လူ့ဘောင်သစ်)
နာဂစ် မုန်တိုင်းကြောင့် သေဆုံးသူတွေဟာ တစ်သောင်းကျော် ရှိနေပြီ ဆိုတာကို မြန်မာ စစ်အစိုးရက ၀န်ခံလိုက်တယ်လို့ မနေ့ညက နိုင်ငံခြားသတင်းဌာနများ ထုတ်လွှင့်ချက်များ မှတဆင့် သိရပါတယ်။ ပျောက်ဆုံးနေဆဲ ဖြစ်တဲ့သူများလည်း ထောင်ဂဏန်းနဲ့ ချီပြီး ရှိနေတယ်လို့လည်း ထပ်မံကြားသိရပါတယ်။ တချို့သတင်းများ အဆိုအရ ဘိုကလေး တမြို့တည်းမှာပဲ သေဆုံးသူ တသောင်းနီးပါး ရှိတယ်လို့ ဆိုပြန်ပါတယ်။ ၂၀၀၄ ဆူနာမီတုန်း က ထိုင်းနိုင်ငံမှာ သေဆုံးခဲ့ရတဲ့ အရေအတွက် ထက် ပိုများနေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ပထ၀ီ အနေအထားဟာ ဘင်္ဂ လားဒက်ရှ် နိုင်ငံနဲ့ ယှဉ်ကြည့်လိုက်ရင် အဲသလို မုန်တိုင်းမျိုးတွေရဲ့ တိုက်ခတ်မှုခံရဖို့ အတော်လေး နည်းပါးတဲ့ အခြေအမျိုး ဖြစ် တယ်လို့ သုတေသီများက ဆိုထားပါတယ်။ သို့သော်ငြားလည်း အခု ကျနော်တို့နိုင်ငံဟာ ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ လေဘေးဒဏ်ခံရတဲ့ အခြေအနေမျိုးကို စတင်ရင်ဆိုင်နေရပြီလား ဆိုတာလည်း စောကြောစရာ ဖြစ်လာပါတယ်။ ကမ္ဘာကြီးပူနွေးလာတဲ့ ပြဿနာကြောင့် ရာသီဥတုတွေ ဖောက်ပြန် ပြောင်းလဲလာလို့လား ဆိုတာလည်း တွေးစရာပါ။ ဒါကြောင့်များ အရင်က မကြုံဘူးခဲ့တဲ့ သဘာဝကပ်ဘေးတွေ ကိုယ့်ဆီကိုများ စတင်ဦးတည် ချည်းကပ်လာနေပြီလားလို့ နောင်အတွက်လည်း စိုးရိမ်မိပါတယ်။

အမေရိကန်နိုင်ငံက နာဆာ NASA အဖွဲ့ရဲ့ တွက်ချက်မှုက ဒီလိုပြဆိုထားပါတယ်။ ဧရာဝတီတိုင်းရဲ့ အနောက် တောင်ဖက် ပင်လယ်ထဲမှာ စုဖွဲ့လာခဲ့တဲ့ မုန်တိုင်းဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို အရင်ဆုံး စတင်ထိတွေ့ပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသဖြစ်တဲ့အတွက် မြစ်လက်တက်တွေ၊ ချောင်းမြောင်းတွေ သဘာဝအရ ပေါများပါတယ်။ ပင်လယ်ထဲကနေ ဦးတည်လာတဲ့ မုန်တိုင်းဟာ အ၀ကျဉ်းတဲ့ ချောင်းမြောင်းတွေဆီ အရောက်မှာ ဖိအားတရပ်ကို ဖြစ်ပေါ်စေပြီး စတင်ထိတွေ့လိုက်တာနဲ့ တပြိုင်နက်တည်း ပင်လယ်ရေမျက်နှာပြင်ဟာ (၇.၂) မီတာ အမြင့်အထိ မြင့်တက်သွားပြီး မြေပြန့်လွင်ပြင် သက်သက်ဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ရေနဲ့ဖုံးလွှမ်း လိုက်သလို တပြိုင်တည်းမှာလည်း တနာရီကို ကီလိုမီတာ (၁၉၀)နှုန်း တိုက်ခတ်လာတဲ့ လေကြမ်းဒဏ်ကိုလည်း ရင်ဆိုင်လိုက်ရပါတယ်။ သစ်ဝါး အများစုနဲ့ ဆောက်လုပ်ထားတဲ့ အိုးအိမ်တွေဟာ အဲသည့်ဒဏ်တွေကို မခံနိုင်ပါဖူး။ နောက်တချက်ကလည်း မုန်တိုင်းသတိပေးချက် ကြိုပြီး ရှိခဲ့သော်လည်း အဲသလောက် အခြေအနေ ဆိုးဝါးမယ့် မုန်တိုင်းမျိုး လာလိမ့်မယ် ဆိုတာကို ကြိုတင်သတိပေးနိုင်တဲ့ နည်းပညာ မရှိတာကြောင့်လည်း အခုလို လူအသေအပျောက် များရခြင်း ဖြစ်ပါတယ်။

သဘာဝကပ်ဘေးကြောင့် ငလျင်လှုပ်လို့ လူတွေသေ၊ အဆောက်အဦတွေ ပျက်စီးတာ၊ ရောဂါဘယ ထူပြောလို့ သေဆုံးကြရတာ၊ မိုးခေါင်လို့ လူတွေငတ်မွတ် ခေါင်းပါးတာ၊ မီးလောင်လို့ သေကြေပျက်စီးတာ၊ စစ်ကြောင့် လူတွေ ထွက်ပြေးရတာ သေဆုံးရတာ၊ ဒုက္ခသည်အဖြစ် သူများနိုင်ငံမှာ ခိုလှုံရတာ၊ အအေးဒဏ် လွန်ကဲလို့ မုန်တိုင်းများ ပြင်းထန်လို့ လူတွေသေရတာ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရတာ အစရှိတာတွေနဲ့ အဲသည့် နောက်ဆက်တွဲကြောင့် ရင်ဆိုင်ရတဲ့ ကျန်းမာရေး၊ လူမှုရေး ပြဿနာ အ၀၀တို့ ပေါင်းစုနေတဲ့ အခြေအနေမျိုးကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများက Complex Emergency Situation လို့ သမုတ်ပါတယ်။ မြန်မာလိုတော့ ခက်ခဲရှုပ်ထွေးသော အရေးပေါ် အခြေအနေလို့ ယေဘူယျအားဖြင့် ဆိုနိုင်ပါတယ်။

အဲသလို ခက်ခဲရှုပ်ထွေးနေတဲ့ အရေးပေါ် အခြေနေမှာ အလိုအပ်ဆုံး အရာကတော့ ဘေးဒုက္ခတွေ့နေတဲ့ လူများရဲ့ နေရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေးကို အရင်ဆုံး ကူညီဖို့ လိုလာပါတယ်။ စားရေးသောက်ရေးနဲ့ နေရေးကတော့ အားလုံးသိထားတဲ့အတိုင်း အရင်ဆုံး လိုအပ်တဲ့ ကိစ္စများ ဖြစ်ပါတယ်။ လုံခြုံရေးကတော့ ဒုက္ခရောက်နေတဲ့သူများ အနိုင်ကျင့် မခံရဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မခံရဖို့၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ နေနိုင်ဖို့ ဖြစ်ပါတယ်။ အဲသလို လိုအပ်တဲ့ အကူအညီများကို နိုင်ငံတကာစံနဲ့ ပြောရရင် လူသားချင်း စာနာသည့် အကူအညီ အထောက်အပံ့များ Humanitarian assistance (သို့မဟုတ်) Humanitarian aid လို့ ဆိုပါတယ်။

သို့သော်လည်း လေယဉ်ကွင်း ဖောက်တာမျိုး၊ ဆည်တွေ တည်ဆောက်တာမျိုး၊ မြေရိုင်းတွေကို စိုက်ပျိုး လယ်မြေအဖြစ် ဖေါ်ထုတ်တာတွေမျိုးတွေ အပါအ၀င် အလားတူတဲ့ ကိစ္စမျိုးတွေအတွက် ငွေအပါအ၀င် အခြားအကူအညီများကို နိုင်ငံခြား တိုင်းပြည်များကနေ တောင်းခံရင် လူသားချင်း စာနာတဲ့ အကူအညီ အထောက်အပံ့များ အနေနဲ့ ခေါင်းစဉ်တပ်ပြီး တောင်းလို့ မရပါဘူး။ ဒါမျိုးက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ခေါင်းစဉ် အောက်မှာပဲ အကျုံးဝင်ပါတယ်။

လူသားချင်း စာနာတဲ့ အကူအညီ အထောက်အပံ့များကို ပေးတော့မယ်ဆိုရင် (သို့) ကိုယ်က တောင်းတော့မယ် ဆိုရင် နိုင်ငံတကာ အဆင့်အတန်းအရ သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို လိုက်နာစောင့်စည်းရပါတယ်။ အဲသလို ကျင့်ဝတ်တွေထဲမှာ အဓိက လိုက်နာရတဲ့ အချက်ကတော Principle of impartiality ပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အကူအညီ လိုအပ်နေတဲ့ နေရာမှာ အကူအညီ လိုအပ်နေသူများကို လိုအပ်သလို ကူညီထောက်ပံ့ဖို့ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးကြောင့်၊ လူမျိုးရေးကြောင့် ဘယ်သူ့ကိုတော့ မပေးဖူး၊ ဘယ်သူကိုတော့ ပိုပေးတယ်၊ ဘယ်သူကတော့ ဒီလုပ်ငန်း ဖြစ်စဉ်တွေထဲမှာ မပါရဖူး၊ ဘယ်သူတွေတော့ဖြင့် ပါဝင်ဆောင်ရွက်နိုင်တယ် အစရှိသဖြင့် ကန့်သတ်မထားဖို့ အရေးကြီးပါတယ်။ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို ရောက်အောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ ဘယ်ဒေသက ရွာတွေကတော့ သူပုန်နဲ့ အဆက်အဆံရှိလို့၊ ဘယ်ရွာတွေကတော့ အတိုက်အခံ ဘက်သားတွေမို့ အကူအညီကို လျှော့ပေးတာမျိုး မလုပ်ရပါ။ ဒုက္ခရောက်နေသူတွေကို ဘာအကြောင်းကြောင့်မှ ခွဲခြားဆက်ဆံတာမျိုး၊ တားမြစ်တာမျိုး မလုပ်ရပါဘူး။

အခု မုန်တိုင်းလွန် အခြေအနေမှာ စစ်အစိုးရဟာ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ အကူအညီ ပေးရပါလိမ့်မယ်။ ဟိုဝင်စွက်ဖက် သည်ဝင်စွက်ဖက်တာမျိုး မလုပ်သင့်ပါဖူး။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ သည်လို သဘာဝ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အတွေ့အကြုံများတဲ့ သူတွေဖြစ်ပါတယ်။ နိုင်ငံခြား အဖွဲ့အစည်းဆိုရင် သံသယနဲ့ ကြည်တတ်တဲ့ အမြင်ကို သည်နေရာမှာ ခ၀ါချဖို့ လိုပါတယ်။ ပြည်သူတွေ ကိုယ်တိုင်လည်း သည်အရေးမှာ လိုအပ်သလို ပါဝင်ဆောင်ရွက်ဖို့ အားပေးရပါလိမ့်မယ်။ မင်းတို့ကို မယုံဘူး ဒို့ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေနဲ့ပဲ လုပ်မယ်ဆိုပြီး သဘောထား တင်းမာတာမျိုးကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။

နောက်တချက်ကတော့ တတိုင်းပြည်လုံး ကြိမ်မီးအုံးသလို ဖြစ်နေတဲ့ ကာလမျိုးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြုလုပ်မယ့် ဆန္ဒခံယူပွဲကို ခေတ္တဆိုင်းထားသင့်ပါတယ်။ တပ်မတော်ဟာ သဘောထား ကြီးတယ်ဆိုတာကို သည်နေရာမှာ ပြသဖို့ အခွင့်ကောင်းပါပဲ။

ပျက်စီးသေကြေ ဆုံးရှုံးရတဲ့ ဒေသများအတွင်း ကယ်တင်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာလည်း နိုင်ငံတကာ အဖွဲ့အစည်းများသာမက၊ တပ်မတော်သားများ၊ ရဟန်းသံဃာတော်များ၊ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များဟာ လူထုနဲ့အတူ လက်တွဲ ဆောင်ရွက်နိုင်မယ်ဆိုရင် ဆောင်ရွက်ခွင့် ရခဲ့ရင် အလွန်မင်္ဂလာရှိတဲ့ အချက်လို့ ဆိုရမှာပါပဲ။ ဒါ့အပြင် တပ်မတော်က ခေါင်းဆောင်များအနေနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသများမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ လှည့်လှည်ပြီး အားပေးမယ်ဆိုရင် လူထုအတွက်လည်း အားရှိ၊ နိုင်ငံတကာ မျက်နှာစာမှာလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှု တရပ်အဖြစ် မြင်ကြမှာ ဖြစ်ပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲအဖြစ် အခြေခံ လူတန်းစားတွေဖြစ်တဲ့ မုန်တိုင်းဒဏ်ခံ လယ်သမားများ အတွက်လည်း သူတို့ရဲ့ ဘ၀များ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာ အကူအညီများ အထောက်အပံ့များ ထိထိရောက်ရောက် ရရှိလာနိုင်မှာလည်း ဖြစ်ပါတယ်။

သည်မုန်တိုင်းရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေ လုပ်ရပ်တွေကို ကြည့်ပြီး ဘယ်ခေါင်းဆောင်တွေဟာ တိုင်းပြည်အပေါ်မှာ အမှန်တကယ် စေတနာရှိမရှိဆိုတာ ကွက်ကွက်ကွင်းကွင်း သိလာရတော့မှာပါ။ စေတနာလည်း မရှိ၊ ငါမှငါပဲဆိုတဲ့ ခေါင်းဆောင်များ ရှိနေသေးရင် စေတနာအရင်းခံတဲ့ ခေါင်းဆောင်များက စေတနာမဲ့တဲ့ ခေါင်းဆောင်များကို အငြိမ်းစားယူကြဖို့၊ ရာထူးတွေကနေ နုတ်ထွက်ဖို့ ဖိအားပေးသင့်ပါပြီ။ သည်နေ့ ကမ္ဘာရွာခေတ်ကြီးမှာ ကိုယ်တယောက်တည်း အခန်းအောင်းပြီး တံခါး ပိတ်နေလို့ မရတော့ပါ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ တခုတည်းသာ မဟုတ်ပါ၊ အခုလို သဘာဝ ဘေးအန္တရာယ်များကို ရင်ဆိုင်ရတဲ့ အခါမှာလည်း နိုင်ငံတကာနဲ့ လက်တွဲလုပ်ကိုင်ရသလို မိမိတို့ပြည်သူ ပြည်သားချင်းလည်း လက်တွဲလုပ် ကြရပါတယ်။ ငုတ်တုတ်ကြီး ထိုင်ပြီး စိတ်ကောက်နေလို့ကတော့ ဘာတိုးတက်မှုမှ ဖြစ်ထွန်းမှာ မဟုတ်ပါ။

စေတနာကို အရင်းခံပြီး လုပ်ချင်တဲ့ စိတ်ဆန္ဒကို ရှေ့တန်းတင်ဖို့သာ လိုပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၆၊ ၀၅၊ ၂၀၀၈

No comments: