Wednesday, May 7, 2008

မပဋာ ဆာရှာလွန်းလို့ …

ကိုမွှေး

အကြင်နာကင်းမဲ့မှုများ၊ အနိုင်ကျင့်ရက်စက်မှုများနှင့် ယဉ်ပါးသည်းခံခဲ့ရသော ရိုးသားအေးချမ်းသည့် လူမျိုးစု များ ဆင်းရဲနွမ်းပါးစွာ စုပေါင်းနေထိုင်သော ကမ္ဘာမြေကြီး မျက်နှာပြင်ပေါ်မှ နိုင်ငံငယ်လေးတစ်ခုအား မြန်မာ နိုင်ငံဟု ကမ္ဘာက သိရှိကြပါသည်။

မြန်မာပြည်သူလူထုသည် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး နှစ်အနည်းငယ်သာ ဒီမိုကရေစီစနစ် အောက်တွင် ရှင်သန်ခဲ့ရပြီး စစ်အာဏာရှင် ဦးနေ၀င်း ခေတ်မှသည် ယခုလက်ရှိ စစ်အာဏာရှင် ဦးသန်းရွှေ လက်အောက်ထိ ဆထက်ထမ်ပိုး ဆိုးရွားနုံချာ မွဲတေညှိုးငယ် ပျက်စီးရသော ဘ၀များဖြင့် ထမင်းတလုတ် နပ်မှန်ရေးကိုသာ မျက်ပြူးဆံပြာ ရှာဖွေစားသောက်ရင်း အရာရာကို ကြောက်ရွံ့ညှိုးငယ်စွာ လူဖြစ်ရှုံးနေခဲ့ရ သည်မှာ ဆိုဖွယ်မရှိတော့။

ယခုတဖန်လည်း နူရာဝဲစွဲ လဲရာသူခိုးထောင်း၊ ဝေသာလီပြည် ဘီလူးဝင်သကဲ့သို့ ကြမ်းတမ်း ခက်ထန်သော ရာသီဆိုးသည် အပြစ်မဲ့ နွမ်းပါးသူတို့၏ နုံချာသော ဘ၀လေးများအား စိတ်တိုင်းကျ စိမ်ပြေနပြေ ဖြိုခွဲရက်စက် သွားခဲ့ပြန်သည်။

သားပျောက်မိခင်၊ လင်ပျောက်မယား၊ မယားဆုံးခင်ပွန်း၊ မိဘမဲ့ရင်သွေး၊ ငတ်နေရသည့်ကြားထဲ သောက်စရာ ရေ အေးလေး တခွက်ပင် ချို့တဲ့သွားရသော အမိအို အဖအိုတို့၏ မျက်မှောက် အခြေအနေ၊ မနက်ဖြန် အနေအထား … အရာရာတို့သည်ေ၀၀ါးမှေးမှိန်စွာ …။

လူသားတိုင်းသည် လူပီပီ အတ္တရှိကြသည်။ မာနရှိကြသည်။ အမုန်းတရား ရှိကြသည်။ အကြင်နာတရား ရှိကြ သည်။ ဂရုဏာတရား ရှိကြသည်။ မေတ္တာတရား ရှိကြသည်။ အကြောက်တရား ရှိကြသည် … စသဖြင့် …။

များပြားလှသော စိတ်ခံစားမှု မနောဖြစ်စဉ်များ အားလုံးလိုလို ဆုံးပါးမတတ်ဖြစ်ကာ ညှိုးငယ်ခြင်း အကြောက်တ ရားဖြင့် ရွံရှာခြင်း အမုန်းတရားများကိုသာ နှလုံးအိမ်အပြည့် အဘယ်ကြောင့် ခံစားရှင်သန် အသက်နေရပါသ နည်း။

ရိုးစင်းသော အဖြေကတော့ ဘ၀ကို ခုံမင်ခြင်း ဖြစ်တည်ခွင့်ကလေးကို မက်မောခြင်းသာ ဖြစ်ပေတော့၏။

ရိုးသားနွမ်းပါး ညှိုးငယ်ရသော အဖြစ်များဖြင့် ရန်သူမျိုးငါးပါးဘေးကို စက္ကန့်မလပ် ကျခံနေကြရသည့် ပြည်သူလူ ထုသည် ယခုအခါ စားရမဲ့၊ သောက်ရမဲ့၊ နေစရာမဲ့၊ တွယ်ရာမဲ့ ဘ၀များဖြင့် ဖြစ်နေချိန်တွင် တာဝန်မဲ့ အဆင်ခြင် မဲ့ သူတို့၏ အကျိုးလို ညောင်ရေလောင်း၊ တီဗီဖန်သားပြင်ပေါ် ဟန်ပြ လမ်းလျှောက် အားပေးပြုံးပြ၊ ကူညီမှုဟူ သည် သားသတ်ရုံပိုင်ရှင်၏ တွက်ချက်မှု ဟန်ပန်အထင်းသားဖြင့် …။

မုန်တိုင်းဆိုးဒဏ်မှ ပြန်လည်ထူထောင်ရေးကဏ္ဍ မဆိုထားနှင့် ကယ်ဆယ်ရှင်းလင်းရေးကိုပင် အလျဉ်မီအောင် မ ပြုလုပ်နိုင်သေးသည့် ရက်ပိုင်းအတွင်း တစ်ပြည်လုံးအား စစ်ကျွန်ဘ၀ ထာဝရ ရောက်ရှိရေးကိုသာ သေနတ် ထောက် ကြိုးပမ်းသည့် သွေးစွန်းသော အခြေခံဥပဒေ ဆန္ဒခံယူပွဲ မဲပေးရေးကိစ္စအား ပြည်သူလူထု၏ ဆိုးရွားလှ သော ကံကြမ္မာနှင့် ဘ၀အပေါ် အခွင့်ကောင်းယူကာ (ဒဏ်ရာပြင်းထန်စွာ ရရှိထားသော နာတာရှည်ရောဂါသည် အဘွားအိုအား လည်မြိုညှစ်ကာ) ပွဲသိမ်းအပြီးသတ် အမြတ်ထုတ်လိုသည့် လူတစ်စုအတွက် မုန်တိုင်းဆိုးသည် မိတ်ဆွေကောင်းပင် ဖြစ်နေသေးတော့၏။

ယင်တလောင်းလောင်း၊ ဗိုက်ဟောင်းလောင်း၊ မျက်လုံးဟောက်ပက်ဖြင့် ဆာလောင်နေရှာသော အပြစ်မဲ့၊ မိဘမဲ့၊ အနာဂတ်မဲ့ ကလေးငယ်တို့၏ မနက်ဖြန်သည်ကား တွေးဝံ့ဖွယ်မရှိ …။

မုန်တိုင်းကတော့ ယုတ်ရိုင်း မောက်မာစွာ သူမဟုတ်သလို နင်းခြေ ထွက်ခွာသွားခဲ့ပြီ …။

အပျက်အစီးပုံတွေကြားက မပဋာကတော့ … သူ့မျက်ရည် သူသောက်လို့ ငြိမ်သက်စ …။
အမှောင်ကာလပေါင်း များစွာအား မြင်နိုင်ပါဦး … ငိုနိုင်ပါဦးတော့မည်လား ဆိုသည်ကိုတော့ …
လရောင်ကင်းသော ကောင်းကင်မဲမဲ ပုတ်ပုတ်ကြီးအား မော့ကြည့် အပြစ်တင်နေမည့် အမြင်မဲ့ မျက်ဝန်းများထဲ တွင်သာ အဖြေရှိပေတော့မည် …။

ကိုမွှေး

(မုန်တိုင်းဒဏ်ခံရသော ပြည်သူများအား ကယ်ဆယ်ရေး အလှူငွေအတွက် ရေးသားပါသည်။)

ကယ်ဆယ်ရေး အလှူများအား စင်္ကာပူနိုင်ငံတွင် OBP မှ ဦးဆောင်ကာ ကောက်ခံနေပါသည်။ လှူဒါန်းလိုသူ မည်သူမဆို http://aungsayarpyi.blogspot.com/ မှာ အချက်အလက်များ စုဆောင်းနိုင်ပါသည်။

No comments: