Tuesday, January 3, 2012

ကျနော် လူကက်ဆက် (ဇာတ်သိမ်း)

၁၉၉၂ ဖေဖော်ဝါရီ ၁၃ ရက် The Nation သတင်းစာတွင် ဖော်ပြခဲ့သည့် ဓာတ်ပုံ
(ဝဲမှယာ - ကိုကျော်နိုင်ဦး၊ မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်)
ကျနော် လူကက်ဆက် (ဇာတ်သိမ်း)
ပန်းချီ ထိန်လင်း

“ကျနော်ကတော့ ရေနံချောင်းက ဖေကံကောင်းကိုးဗျ။ သပိတ်မှောက်ရင်း လာခဲ့တယ် (၀ါးဟားဟား)”

“လောကလည်တဲ့ တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (၀ါးဟားဟားဟား)”

“တနေ့ကလည်း လူသုံးယောက် ကျနော့်ကို ၀ိုင်းရိုက်တာ၊ ဘယ်ရမလဲဗျ။ သူတို့က ဘူ။ ကျူပ်က ကုလားသုံးစီး (၀ါးဟားဟား)”

“သောက်ဆိုလည်း သောက်လိုက်တာပဲ။ တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျှောက်သွားတော့ ဌာနာအုပ်က မေးတယ် ဘယ်သွားမလို့လဲတဲ့။ ကျနော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲ ပြောလိုက်တယ်။ ရေနံဆီ ၀ယ်သွားမလို့ပါ (၀ါးဟားဟားဟား)”

ဒီပြက်လုံးတွေကိုတော့ မဆလခေတ် ရေဒီယိုတွေကို နားထောင်ခဲ့လေ့ရှိတဲ့ သူတွေကတော့ ရင်းရင်းနှီးနှီး မှတ်မိနေပါလိမ့်မယ်။ ဟုတ်ပါတယ် ရှေးခေတ် လူရွှင်တော်ကြီး ဦးဓာတ်ဆီ၊ ဦးဓာတ်ဆံ၊ ဦးကြင်ခဲတို့ရဲ့ နာမည်ကြီး ရေဒီယိုပြက်လုံးတွေပါ။

ဒီပြက်လုံးတွေကို ရွေးချယ်တင်ဆက်ရတာက ကျနော်တို့ ရဲဘော်အကျဉ်းစံတွေအားလုံးဟာ မျက်နှာတွေကို အ၀တ်တွေ စည်းထားလို့ဗျ။ ခင်ဗျားတို့ ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရယ်ရမယ့် နေရာရောက်တိုင်း မျက်လုံးတွေကို သွေးညှီနံ့ လွှမ်းနေတဲ့ ပိတ်စတွေ စည်းထားတဲ့ လူ ရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျနေသဗျ။ သူတို့တွေထဲမှာ တချို့က လက်ကောက်ဝတ် ဖြတ်တဲ့နေရာက ပတ်တီးတွေ စည်းထားသူတွေ၊ ပတ်တီးတွေ စည်းထားတဲ့ အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက်တွေ၊ ထိပ်တုံးရှည်ကြီးရဲ့ ခတ်ထားခံရသူတွေ၊ ခေါင်းတွေမှာ ပတ်တီးတွေ ဖွေးနေသူတွေ ပါသဗျ။

ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင် ဒီလူတွေအားလုံးဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျအောင် အသံတု ၂ မျိုး၊ ၃ မျိုးလောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့ ကျနော်ဟာ နိုင်ငံတော်အဆင့် “စည်သူနေမျိုးဗလ အလင်္ကာကျော်ခေါင် ဟာသ၀ိဇ္ဇာ” ဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူ တွေးမိသွားနိုင်ပါတယ်။ လူရွှင်တော်ဘ၀မှာ ပွဲတပွဲမှာ ပြက်သမျှ ပရိသတ်က ရယ်ကြတယ်ဆိုတာမျိုးက အလွန်ရှားပါတယ်။ ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲဖြစ်ဖြစ်၊ ပရိသတ်က မသိလိုက်ရလို့ ရှော်သွားတဲ့ အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။ အခုပွဲမှာကတော့ ပရိသတ်က ရာခိုင်နှုန်းပြည့် အူလှိုက်သည်းလှိုက် ရယ်ကြသဗျ။ တခါတလေဆို မရယ်ရမယ့် နေရာတွေမှာပါ လိုက်ပြီး အူလှိုက်သည်းလှိုက် ရယ်ကြသဗျ။

ဘယ်မရယ်လို့ ရမလဲဗျာ။ ထောင်မှူးဆိုတဲ့ ယမမင်းလက်သစ်က ဗီအိုင်ပီ ဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။ အကုန်ထထိုင်ရမယ်၊ လူရွှင်တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရယ်ရမယ့်နေရာရောက်ရင် ရယ်ရမယ်ဆိုတာ ကြိုအမိန့်က ထုတ်ထားဗျ။ စောစောပိုင်း ပြက်လုံး တခုနှစ်ခုလောက်မှာ မသဲကွဲလို့ သူမျုားနဲ့ ရောယောင်မရယ်ဘဲ အူကြောင်ကြောင်ဖြစ်နေတဲ့ တယောက်ကို မင်းက ဘာလို့ မရယ်တာလဲဆိုပြီး “ဂွမ်း” ကနဲ ခေါင်းကို တချက်ကျွေးလိုက်တဲ့အသံကို အားလုံးကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်တဲ့သူအားလုံးဟာ ကျနော် တလုံးပြက်ပြီးတာနဲ့ “၀ါးကနဲ ... ၀ါးကနဲ” ရေဒီယို ဟာဒယရွှင်ဆေးမှာ နောက်က လိုက်ရယ်ပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရယ်လိုက်ကြတာ တခါတခါ သူတို့ရယ်သံက ရှေ့က ပြက်လုံးပြက်နေတဲ့ ကျနော်တောင် လန့်လန့်သွားတဲ့အထိဗျ။ သူတို့ရယ်သံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင် ရှေ့က ၀ါးရင်းတုတ်တချောင်းနဲ့ ခေါက်တုန့်ခေါက်ပြန် ရယ်ဖို့လှုံ့ဆော်ပေးနေတဲ့ မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။ တကယ်ပါ။

ကဗျာဆရာ မာယောကော့စကီးနဲ့ ကျနော်တို့ခေတ်ရဲ့ ကဗျာဆရာ ကိုချော (မောင်ချောနွယ်) တို့ စကားလုံးတွေ ငှားသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ ပါဂျောင်မှာ ဖြစ်ခဲ့တယ်။ အရှေ့ ခုနှစ်ဘ၀၊ အနောက် ခုနှစ်ဘ၀ အနုပညာမရတဲ့ကောင်တွေအတွက် ဖျော်ဖြေရေးမှာ ဖြစ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ကျနော့်အနေနဲ့ သူတို့နေရာကနေ တွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ တခါက မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ်ဘုရင်ခံတောင် မရှုစားခဲ့ရဖူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုးပေါ့ဗျာ။ လက်နောက်ပြန်တုပ်၊ မျက်လုံးတွေ အ၀တ်စည်း၊ ငုပ်တုပ် ခစားရင်းက ပြက်လုံးအလိုက်နဲ့ တ၀ါးတဟားဟား အော်ရယ်ပေးနေရရှာတဲ့ သားကောင်တွေရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ကို မြိန်ရည်ရှက်ရည် ခံစားနေကြသဗျ။

တခါတခါကျတော့လည်း ကျနော်တို့ကို ဖမ်းဆီးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေဟာ များသောအားဖြင့်တော့ ညဘက် စုပြီး အရက်သောက်ဖြစ်ပြီး တော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို သွားရိုက်ရအောင်ဆိုပြီး အုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။ အဲလိုညမျိုးကတော့ ကျနော်တို့အဖို့ သူတို့တင်ဆက်တဲ့ ပါဖောင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။ အဲလိုမျိုးဆိုရင်တော့ “တရားခံတွေ ထကြစမ်း” ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ ညှင်းဆဲထားလို့ တုတ်တုတ်မှ မလှုပ်နိုင်တော့တဲ့ လူကလွဲလို့ အားလုံး ဖေးကာ၊ တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှ ပန်းပုကျော် ဟင်နရီမိုးစ်ရဲ့ စစ်အတွင်း လန်ဒန်မြေအောက် လိုဏ်ခေါင်းထဲမှာ တုံလုံးပက်လက် လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။

အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ၊ ဘွတ်ဖိနပ်တွေ ရှပ်တိုက်ရွေ့လျားနေသံတွေ ဆူနေတဲ့ကြားမှာ “ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီးဟာ ထိုင်နေတဲ့ ကျနော်တို့လူတန်း တဘက်ထိပ်ကနေ တရွေ့ရွေ့ နီးလာနေသလို အဲဒီနောက်ကနေ “ဟိုတယောက် ကွဲသွားပြီ” စတဲ့ ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့ မိမိခေါင်းကို ရိုက်လာမဲ့ တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ ချိန်ပြီး စောင့်နေလိုက်သဗျ။ အဓိက ရည်မှန်းချက်ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ် တုတ်ကျပြီး ပထမတုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။ ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲ ၀င်းကနဲ တချက်ဖြစ်ပြီး လဲအကျ “ဘောကြီး ခေါင်းကွဲသွားပြီ” လို့ နောက်က လိုက်ကြည့်နေတဲ့ လူရဲ့မှတ်ချက်အပြီးမှာ ကျနော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာ နည်းနည်းပေါ့သွားပါတယ်။ အစိမ်းချုပ်ချုပ်မယ့် သူနာပြုတွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။ ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေး” ဆိုတဲ့ မူးမူးနဲ့ ကြွေးကြော်ရိုက်နှက်ဦးမယ့် နောက်အကျော့တွေမှာ ကိုယ်လွတ်သွားပါတယ်။ ဒီလို စောစာစီးစီး တချက်တည်းနဲ့ ကွဲသွားတဲ့ ကိုယ့်ခေါင်းရဲ့ ထိလွယ်၊ ကွဲလွယ်မှုအပေါ် တော်တော်ဂုဏ်ယူသွားသဗျ။

ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက်ခြင်း အနုပညာလို့ ခေါ်မယ်ဆို ခေါ်လို့ရတဲ့ အကြောင်းမယ် ကျနော်တို့ အကျဉ်းကျနေတဲ့ ဒုက္ခိတတွေကို အရက်မူးပြီး တက်ရိုက်တဲ့ အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာ ယဉ်ကျေးမှုသဖွယ် ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှူး၊ ထောက်လှမ်းရေးမှူး၊ တခါတလေ အထူးဧည့်သည်တွေရောပေါ့ဗျာ။ နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့် သူနာပြု ရဲမေတွေကိုပါ တခါတည်း ခေါ်လာတတ်သဗျ။ မုဆိုးစိုင်သင်ဆိုသလိုပေါ့ဗျာ။

ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာ အလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များ တွေ့ရင် ဒီလိုများ ရေးမလား မသိဘူးဗျ။

“မိမိတို့နိုင်ငံအတွက် အသက်ကိုပင် မငဲ့ကွက်ဘဲ ပေးလှူထားသော တော်လှန်ရေးခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန်တို့ကို အခါမလပ် ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်း အလို့ငှာ အရက်သေစာတို့ကို သောက်ကြ စားကြရသော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြား မျောပါနေသူများကဲ့သို့ သူရာမူးယစ်ပြီးချိန်တွင် အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များသို့ သွားရောက် ကခုန်ခွင့်မျိုး စိုးစဉ်းမျှ မရနိုင်သော ဘ၀မျိုးတွင် နေရရှာသော တော်လှန်ရေးခေါင်းဆောင်များခမျာ မိမိတို့ ဖမ်းဆီးထားသော တရားခံများအား သွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်။” လို့လေ ...။

အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတရပ်ဖြစ်လာပြီး သူ့ထက်ငါသာအောင် လာရောက်ရိုက်နှက်တဲ့ ဓလေ့ ထွန်းကားနေချိန်မျိုးမှာ အစောပိုင်းက တင်ပြခဲ့သလို “ကျွန်မကတော့ ရန်ကုန်မြို့ ... ဒေါ်ကြင် ဒေါ်ကြင်နဲ့ … အပျိုကြီးပေါ့ရှင်။ ကလေးကို ငါးဆယ်ကျော်နေပြီ” လို့ ကျနော် ရှေ့က ပြောသွားတဲ့ နောက်မှာ “၀ါးဟားဟား” လို့ အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့ အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားက လာပြီး “ဒါသက်သက် လူအချင်းချင်း ခြေနဲ့နင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးပဲ” ဆိုပြီးတော့ လာတော့ မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။ စောစောက ပြောသလို စိတ်ပြောင်းပြီး တုတ်သွားဆွဲတော့ ခင်ဗျားက ဘာမှတတ်နိုင်တာ မဟုတ်ဘူးဗျ။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ ကျနော်တို့ရဲ့ လူသားဘ၀ကို ပြန်ရတဲ့ ညတွေမို့ ခုလို တကူးတက ရေးပြရပါသဗျ။ ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှ ဘ၀တွေကိုး။

ပထမဦးဆုံး ကိုနေ၀င်း ရေးပြီး ခိုင်ထူး ဆိုခဲ့တဲ့ “ခတ္တာ” သီချင်းကို အမြဲဆိုလေ့ရှိတဲ့ လူကက်ဆက်ကတော့ ကသာမြို့ကနေ တောခိုလာတဲ့ မောင်မောင်ခင် (ခေါ်) ဒဿပါ။ နာမည်ရင်းက မောင်မောင်ခင်။ မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက်ရှိသဗျ။ အခု နောက်ဆုံးထွက်တဲ့ ရမ်ဘိုဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ နအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်) မောင်မောင်ခင်ကလည်း အေဘီမြောက်ပိုင်းကပဲဗျ။ သူက ကံကောင်းသွားတာက ကျနော်တို့ ပြဿနာတွေ ဖြစ်နေချိန်မှာ မြစ်ကြီးနားဘက် ရှေ့တန်းစခန်းတခုကို ရောက်နေတယ်လို့ သူပြောပြဖူးသဗျ။ ဒီအနိဌာရုံတွေ မကြုံလိုက်ရဘူးပေါ့ဗျာ။ ကျနော် ခုပြောတဲ့ မောင်မောင်ခင်က နောက်ပိုင်း ကျနော်တို့နဲ့အတူ ထွက်ပြေး လွတ်မြောက်လာတဲ့အထဲမှာ ပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။ ကျနော်တို့ ပြန်လွတ်လာတဲ့ အထဲမှာ ဒဏ်ရာအများဆုံးပေါ့။

သူ့ကို ဘယ်လောက်ရိုက်ရိုက် “ကျောင်းသားကွ ထောက်လှမ်းရေးမဟုတ်ဘူး” လို့ပဲ ထွက်ဆိုသတဲ့။ ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီး ကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ့ တရုတ်ပြည်ဘက် အိမ်မိုး ကတ္တရာပြားတွေကို မီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ ကိုယ်တော်က ကျနော်နဲ့ ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့သူပါ။ တကယ်က လူပျော်ပါ။ ဒုက္ခတွေထဲမှာကို တခါတခါ ဟာသ ပြောတတ်ပါသေးတယ်။ မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့ သေရာပါခဲ့သဗျ။ ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့် ဆိုသလို တောထဲက ပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေ ပိတ်လိုက်ရတဲ့ လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ်လိုက်တဲ့ဗျ။

သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIP က ထောက်လှမ်းရေး ဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက်ရသူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ပါ။ မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရော ခြေထောက်ကိုပါ တုပ်ပြီးတော့မှ ၀မ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့တယ်လို့ ထောက်လှမ်းရေး စစ်ကြောရေးတာဝန်ခံ တက်ကြပ်ကြီး သန်းဇော်က ကျနော်တို့ကို လာပြောလို့ သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီး ရိုက်ထည့်ပါတယ်။ ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက် လုပ်လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာ ဖြစ်ပါတယ်။

ကျနော်တို့နဲ့အတူ ချုပ်ထားစဉ် တလျှောက်လုံး ကိုထွန်းအောင်ကျော်ဟာ ၀မ်းဗိုက်က မီးလောင်ထားတဲ့ ဒဏ်ရာ၊ ခြေသလုံးထိ သံကို ရိုက်သွင်းထားတဲ့ ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။ ဒီလို ဒဏ်ရာတွေကြောင့် မထနိုင်လောက်အောင် ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ပါဘူး။ သူ့ကိုက ငြှိုးတေးထားလေတော့ သီချင်းသာ ဆိုရတယ်၊ အဆဲအဆို အကန်အကြောက်လည်း ခံရရှာပါတယ်။ အစောပိုင်းရက်များမှာ သူ သီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်” သီချင်းပါ။

“မှိုင်းပြာမှုန်ဝေ ... တိမ်မဲညိုရိပ်တွေ ... တောင်ပြန်လေ ...”

သီချင်းစာသားတွေအတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်း ကျနော်တို့ဟာ သူနဲ့အတူ လွင့်ပါ ခံစားခဲ့ကြရပါတယ်။

ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့အခါမှာတော့ ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြမလဲ” လို့ မေးရင်ကို တခါတရံမှာ သူ့သဘောနဲ့သူကို ထထိုင်ပြီး ကိုနေ၀င်းရဲ့ ‘အားလုံးကို ကျော်ဖြတ်ရမယ်’ ဆိုတဲ့ သီချင်းကို ဆိုလေ့ရှိပါတယ်။ အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို သီဆိုသဗျ။ ဒီအကျဉ်းကျနေတဲ့ ဘ၀နဲ့ ဒီသီချင်းဟာ ကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေ သစ်ပင်မှာ ချည်ပြီး စောင့်နေမယ့်သူများ ရှိခဲ့လေသလားလို့ တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။

တကြိမ်မှာတော့ သူနဲ့ကျနော် မိုးကာစတခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။ သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့်ပြီး “ကိုဘောကြီး ကျနော့်ကိုတော့ သူတို့ အရှင်ဆက်ထားမယ် မထင်ဘူး။ တကယ်လို့များ ခင်ဗျား ဆက်ပြီး အသက်ရှင်ခဲ့ရင်တော့ အဖြစ်မှန်ကို အခွင့်သာရင် ဖော်ထုတ်ပေးပါဗျာ” လို့ တိုးတိုးလေး ကပ်မှာပါတယ်။ စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံတွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့” ကမန်းကတန်း သူ့ကို အဖြေပေးပြီး နောက်မှာ စကားပြောခွင့် မသာတော့ပါဘူး။

ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို ဒီလောက် ဖွဲ့နွဲ့နေရတာက အကြောင်းရှိသဗျ။ သူဆိုတဲ့ပုံက တကယ့် အဆိုတော်တယောက်လို ဆိုနိုင်သလို တလုံးတလေ ယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ ကီးဘုတ် ၂ မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို အနောက်တိုင်း ဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သီချင်းတပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတယောက်လို ချစ်ကြတာပါ။

ကျနော် အံ့သြတာကတော့ အင်မတန် စရိုက်ကြမ်းတဲ့ တာတီးဆိုတဲ့ လုံခြုံရေးတာဝန်ကျတဲ့ လူက တခြားလူတွေ လစ်ရင် သူ့ဆီကို ဂစ်တာကို ၀ှက်ယူလာပြီး အစ်ကိုကြီး တပုဒ်လောက် တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ဖူးလို့ပါ။ ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက် ကြိုးညှိပြီး တာတီးအတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့ နေ့ကိုတော့ မေ့မရနိုင်တော့ပါဘူး။ ကျနော်တို့အပေါ် အဆဲအဆို အကန်အကြောက် နာမည်ကြီးတဲ့ တာတီးတယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ “ကျေးဇူးပါပဲ အစ်ကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့သြမိပါတယ်။

နောက်ပိုင်း ကျနော် အစိုးရရဲ့ အထူးဧည့်သည်အဖြစ် မန္တလေးထောင်မှာ စံမြန်းရင်း မန္တလေး နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ နီးနီစပ်စပ် နေခွင့်ရတော့မှ သိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအ၀ိုင်း တော်တော် တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီး လူထုဒေါ်အမာတို့နဲ့ ဆွေရိပ်၊ မျိုးရိပ် မကင်းဘူးဆိုတာ သိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအစ်ကိုတွေဟာ အိမ်မှာ အပျော်တမ်းတီးဝိုင်းတခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာကြီးတယ်လို့ ဆိုပါတယ်။

ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့ တီးတာကို တကြိမ်မှာတော့ ကျနော်တို့ နားထောင်ခွင့်ရခဲ့ဖူးပါတယ်။ အဲဒါ အသတ်မခံရမီ ရက်ပိုင်းအလိုကပါ။ ဒီလို စပယ်ရှယ်ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့ တောင်းဆိုတဲ့သူက ဥက္ကဋ္ဌလုပ်တဲ့ ကိုအောင်နိုင် ဖြစ်လို့ပါ။ ကျနော်တို့အားလုံး အစ်ကိုကြီးက တခုခုများ ပြန်ပြောလိုက်လေမလား နားကို အသားကုန် စွင့်ထားကြပါတယ်။ ခဏလေတော့ အကိုကြီး ဂစ်တာလက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ်။ တိုးလျသော်လည်း ခွန်အားရှိတဲ့ သု့အသံကို ဒီနေ့ထိ နားထဲက မထွက်ပါဘူး။

“အိုး ... ခေါင်းမှာ စည်းတဲ့ ဖဲကြိုးဝါတွေ တပုံကြီး အများကြီး အများကြီး တွေ့တယ် ...”

ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာ ကျွမ်းကျင်သူကတော့ ကျနော်တို့အခေါ် မငယ် (ခေါ်) နန်းအောင်ထွေးကြည်ပါ။ မငယ်က အေဘီတီးဝိုင်းမှာ သီချင်းဆိုရင် ဂစ်တာကို ကိုယ်တိုင် တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက် တော်လှန်ရေးသီချင်းတွေ ရေးခဲ့သူပါ။ မငယ်က ရန်ကုန်တက္ကသိုလ်က စိတ်ပညာအဓိက နောက်ဆုံးနှစ်မှာ တောခိုလာတာပါ။ မငယ်တယောက် NIP က လွှတ်လိုက်တဲ့ အရာရှိပါလို့ ကိုယ့်ကိုကိုယ် ထွက်ချက်ပေးလာအောင် ဘယ်လို ညှင်းဆဲခံခဲ့ရတယ်ဆိုတာ မဖော်ပြပါရစေနဲ့။ ကေအိုင်အေက ဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး နောက်ပိုင်း သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဘယ်မြန်မာအသိုင်းဝိုင်းကိုမှ အဆက်အသွယ်မလုပ်ဘဲ နှစ်ပေါင်း ၂၀ နီးပါး ဇာတ်မြှုပ်နေတာ ခုထိပါပဲ။ မငယ်က သီချင်းဆိုခိုင်းပြီ ဆိုရင် မြန်မာပြည်သိန်းတန်ရဲ့ “တောင်ပြာတန်းက မောင့်အချစ်ကို” ဆိုတဲ့သီချင်း အမြဲဆိုလေ့ရှိသဗျ။

မငယ်ရဲ့ ထူးခြားမှု နောက်တခုက သူ့အလှပါ။ အေဘီရဲဘော်အသိုင်းအ၀ိုင်းတင်မက ကေအိုင်အေ မိသားစုတွေထဲထိ သူ့အလှက ကျော်ကြားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အလှကြောင့်ပဲ ဒုက္ခတွေ့တာတော့ ပြောပါရစေ။ ထုံးစံအတိုင်း အဲဒီညက ခေါင်းဆောင်တွေ တော်တော် မူးလာကြသဗျ။ သူတို့ရှေ့က ပုလင်းတွေထဲက အရက်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ သူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓာတ်တွေဟာလည်း တရိပ်ရိပ် တက်လာကြပုံရပါတယ်။ နောက်ဆုံးမှာတော့ ကျနော်တို့ဆီ ရောက်လာပြီး လူကက်ဆက်တွေထ လုပ်တာပေါ့ဗျာ။ အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်း ချောတော့ တက်လာတဲ့ ခေါင်းဆောင်ကြီးများလည်း တော်တော်လေး မျောသွားပုံရသဗျ။ အဲဒီမှာတင် သူတို့ထဲက တပ်ရင်းမှူး ဦးအောင်သန်းဆိုတဲ့ ပုဂ္ဂိုလ်က အလယ်မှာ ဖိုထားတဲ့ မီးပုံကြီးထဲက ထင်းစကြီးတခုကို ကောက်ယူပြီး သီချင်းဆိုနေတဲ့ မငယ်ရဲ့မျက်နှာကို ထိုးထည့်ပါရောဗျာ။ ပြီးတော့လည်း အယုတ္တ၊ အနတ္တတွေပေါ့ဗျာ။ ကျနော်ထင်ပါတယ်၊ ထောက်လှမ်းရေးမ ဆိုပြီး ထပ်ထပ်ခေါ်နေတာက ဆဲဆို ကန်ကြောက်နေတာထက် ပိုနာမယ်ထင်ပါတယ်။ မျက်နှာပြင်မှာ သေရာပါ မီးလောင်ရာကြီး ပါပါရောလားဗျာ။

ဒီနေရာမှာ ဖြတ်ပြီး ပြောလိုတာက လူကက်ဆက် အပိုင်းတစ်ကို ဖတ်ပြီး ပြည်တွင်းမှာရှိတဲ့ လူကက်ဆက်ဟောင်းတွေဆီက ကွန်ပလိန်း တက်လာတာလေး ပြောချင်သဗျ။ အကိုရေးတဲ့ ဆောင်းပါးမှာ ကက်ဆက်ဖန်ရှင်တွေ ကျန်ခဲ့တယ်တဲ့ဗျ။ ဒါကြောင့် ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့်ပါရစေလား။ ဒီလိုဗျ သူတို့က ကက်ဆက်အဖွင့်နဲ့ အပိတ် ဘယ်လိုလုပ်တယ်ဆိုတာ ရေးပြထားပေမယ့် အသံ အတိုးအကျယ်စနစ်ကို ဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေလို့ပါ။ အဲဒါကတော့ သူတို့ နားသယ်မွှေးကို စုပြီး ဆွဲလှည့်ပြီး အတိုးအကျယ် သူတို့လိုတဲ့အတိုင်း လိုက်သီဆိုရပါသဗျ။ နားသယ်မွှေးတိတဲ့ လူကျတော့ နားရွက်ပေါ့ဗျာ။

မန်းလေးက အေဘီယူဂျီ တာဝန်ခံ ကိုချိုကြီးက မန်းသားပီပီ “ပန်းပုသူဇာ” သီချင်းကို ဆိုပါသဗျ။ လူပုံက အရပ်ရှည်ရှည် အသံက ခပ်သြသြဗျ။ ကျနော် အဖမ်းမခံရသေးခင် တရက်မှာ ကိုချိုကြီးကို ကားစင် တင်ထားတဲ့အကြောင်း သတင်းပြန်ကြားဌာနမှာ အတူလုပ်နေတဲ့ ဖိုးဆန်း (ကသာ) က မျက်စိပျက် မျက်နှာပျက် လာပြောလို့ တဲအပြင်ထွက်ပြီး စစ်ရုံးနောက်က တောင်ကုန်းပေါ် ကြည့်လိုက်တော့ လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဘက်ကို သံရိုက်ဖောက်ပြီး ကားရားကြီးဖြစ်နေတာ မျက်စိနဲ့ တွေ့ခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းကျခံရင်း သူခေါင်းဖြတ် အသတ်မခံရခင်အထိ အတူနေခဲ့ရပါတယ်။

မန္တလေးမှာ နေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက (ကရာတေး ထင်ပါတယ်) သင်တန်း ဖွင့်ခဲ့ဖူးတာကြောင့် သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်တာကို ခံခဲ့ရသဗျ။ နောက်ဆုံးတော့ ကိုချိုကြီး လက်ကို ခုတ်ဖြတ်ခဲ့တာပါပဲ။ လက်ပြတ်သွားပြီးတဲ့ နောက်မှာတော့ ကိုချိုကြီးရဲ့သွင်ပြင်ကို ကြည့်ရတာ သူ့ကိုယ်သူ သေလူလို့ စိတ်ဒုန်းဒုန်း ချလိုက်ဟန်တူပါတယ်။ ပိုပြီး တည်ငြိမ်လာတာ တွေ့ရပါတယ်။ နောက်ဆုံး သူတို့ကို ကွက်မျက်ခဲ့ပုံကို မြင်တွေ့ဖူးတဲ့ သူတွေ အပြောအရလည်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေခြင်းတရားကို ရင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။

သူ့ကိုယ်သူ သေလူလို့ သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာ ကိုချိုကြီးဟာ ဒဏ်ရာတွေ ကိုက်ခဲတဲ့ ညတွေကလွဲရင် ညဘက် လူကက်ဆက်ဘ၀မှာ စန္ဒရားလှထွဋ်ရဲ့ “ငှက်တေလေ” သီချင်းကိုပဲ ဆိုပါတော့တယ်။ ကျနော့်အနေနဲ့ ဒီသီချင်းကို မင်းသားကြီးဝင်းဦး သီဆိုတာကို မကြာခဏ ကြားဖူးပေမယ့် တကယ့်သီချင်းရဲ့ ကဗျာဆန်မှုကိုတော့ ကိုချိုကြီး အဆိုကြောင့်သာ နက်နက်နဲနဲ ခံစားသိရှိခွင့်ရခဲ့ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီသီချင်းကို ကြားရင် ကိုချိုကြီးကို သတိရပြီး ကျေးဇူးတင်မိရပါတယ်။

အထူးသဖြင့် … “လေကို ဆန်ကာ ပြေးလေသလား ငှက်ငယ်၊ မြေကို လှန်ကာ ပြေးလေသလား ငှက်ငယ်” ဆိုတဲ့နေရာနဲ့ “ညဥ့်လွှာရုံ၊ မဲမဲထဲဝယ်၊ ကဗျာတေးများလည်း မဖွေရှာစမ်းချင်ပါနဲ့ကွယ်၊ အခက်ပွေသေးတယ်၊ ငှက်တေလေကလေးရယ်” … ဆိုတဲ့ နေရာရောက်ရင် ဘ၀အဓိပ္ပာယ်ပြည့်ဝတဲ့ သီချင်းတပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး လောကထဲကနေ လေကိုဆန်ကာ ပြေးထွက်သွားခဲ့တဲ့ ကိုချိုကြီးကို အမြဲ အမှတ်ရနေမိပါတယ်။

ကိုထွန်းအောင်ကျော်တို့အရင် အသတ်ခံရသူ ကိုကျော်ဝေက ကိုနေ၀င်းရဲ့ “မောင့်လပြည့်ဝန်း” သီချင်းတပုဒ်ထဲကိုပဲ အမြဲဆိုတတ်တာမို့ မောင့်လပြည့်ဝန်း ကျော်ဝေလို့ တွင်တဲ့ထိပါ။ တကယ်က ကိုကျော်ဝေက မန္တလေးဘွဲ့ရ ကျောင်းသားများ ဒီမိုကရက်တစ်ပါတီကလို့ သိရပါတယ်။ ကိုကျော်ဝေနဲ့ ကျနော်တို့အားလုံးကြား ကွဲပြားမှုတခုကတော့ သူ့လည်ပင်းမှာ ကြိုးနဲ့ ဖောက်ထားတဲ့ သူ့ရဲ့ ခြေသန်းပြတ်လေးကို အမြဲဆွဲထားရပါတယ်။ အဲဒီခြေသန်း ပျောက်သွားရင် သတ်မယ်လို့ ကြိမ်းထားတာမို့ သူမသေခင်ထိ လည်ပင်းမှာ ဆွဲထားရတဲ့ ဒီခြေသန်းကို မြင်ရတိုင်း ကျနော်တို့မှာ ဘယ်လို နာကျင်ရမှန်းမသိအောင် နာကျင်ခဲ့ရပါတယ်။ ကိုကျော်ဝေဟာ ညှင်းဆဲမှုတွေကြောင့် သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ၀န်ခံထွက်ဆိုခဲ့ရပေမယ့် နောက်ဆုံး သတ်ကာနီးမှာတော့ ...

“ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသား စစ်စစ်ကွ” လို့ ကြွေးကြော်ပြီးမှ အသတ်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။

ခုဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာ ရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ ကိုထွန်းအောင်ကျော်နဲ့ တနေ့တည်း ကွက်မျက်ခံခဲ့ရတဲ့ မခင်ချိုဦးအကြောင်းကို ဖတ်ရသူတိုင်း အလန့်တကြား ဖြစ်ကြရတာမို့ ကျနော် ထပ်မရေးပြချင်တော့ပါဘူး။ မချိုဟာ အသက်အရွယ်နဲ့ မမျှတဲ့ လောကဒဏ်ကို ရင်ဆိုင်သွားခဲ့ရသဗျ။ ကျနော်တို့ထဲမှ မိန်းကလေး အကျဉ်းသားတွေက အကျဉ်းသားအားလုံးအတွက် ထမင်းချက်ကျွေးရပါတယ်။ ထမင်းချိန်မှာ ကျနော်တို့က သတ်မှတ်ထားတဲ့နေရာမှာ ခေါင်းငုံ့ထိုင်နေချိန်မှာ မချို၊ မငယ်၊ နန်းစောတို့က တပေပတ်လည်လောက်ရှိတဲ့ မိုးကာစမှာ ထမင်းတွေ ထည့်ပြီး လိုက်ချပေးရသဗျ။ ဟင်း လား ဆားပေါ့ဗျာ။ မချိုတို့က ထမင်းအိုးမှာ ကပ်နေတဲ့ ချိုးလေးတွေကို ခွာပြီး ကျနော်တို့ကို ထမင်းနဲ့ တို့စားရအောင် မျှဝေပေးတတ်ပါတယ်။ မချိုကို ကြည့်ရတာ သီချင်းတွေ ဘာတွေဆိုတာ ၀ါသနာရှိပုံမရသလို ဆိုလည်း ဆိုဖူးပုံမရပါဘူး။ ဘယ်လိုပဲ ၀ါသနာမပါပေမယ့် လူကက်ဆက်အဖြစ် ရွှေနားတော်သွင်းဘို့ ၀ဋ်ကြွေးတခုအရ အလှည့်ကျလာတဲ့အခါ မချိုမှာ ဆိုပြရရှာပါတယ်။ သူအမြဲ ဆိုပြတတ်တဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့ “မပြီးသေးသော ပန်းချီကား” သီချင်းပါ။

နန်းစောက ဗန်းမော်မြို့ကဗျ။ ၁၆ နှစ်တောင် မပြည့်သေးပဲ တောခိုလာသတဲ့။ ၉ တန်း ကျောင်းသူဘ၀ပဲ ရှိသေးသတဲ့။ ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရဖူးတယ်ဆိုပြီး ခုထိ ဂွင်ကြုံရင် ကြုံသလို ကြွားတတ်ပါတယ်။ အဲဒါဟုတ်၊ မဟုတ် မသိပေမယ့် ကျနော်တို့နဲ့ ထွက်ပြေးလာပြီး နောက်ပိုင်းမှာ ရန်ကုန်မှာ ဘွဲ့ရတဲ့ထိ ပညာကြိုးစားသင်ခဲ့တာတာ့ အသိအမှတ်ပြုရပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာတော့ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့ နောက်ကွယ်ကနေ ပံ့ပိုးမှုတွေ လုပ်ခဲ့တဲ့အတွက် ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ ပြေးရ၊ ပုန်းရပါတယ်။ နောက်ဆုံးတော့ နန်းစောကို မတွေ့တဲ့အဆုံး သူတည်းနေတဲ့ အိမ်က ဘိုဘို့ အမေ ဒေါ်မြင့်မြင့်ကြည်ကို ဖမ်းပြီး နန်းစော ဘယ်မှာလဲ မေးကာ ရိုက်တဲ့သတင်း မီဒီယာမှာ ပါလာတဲ့ထိပါ။ လူကက်ဆက်လုပ်တိုင်း သူဆိုတဲ့ သီချင်းက ကိုရဲလွင် ရေးပြီး ကိုခင်ဝမ်း ဆိုခဲ့တဲ့ “ပန်းခရမ်းပြာ” သီချင်းပါ။ သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာဆောင်လေးမှာ နေခဲ့တဲ့ ကိုရဲတို့ ဘ၀ကို ဖွဲ့ထားတဲ့ ဒီသီချင်းနဲ့ ၉ တန်းနဲ့ တောခိုလာတဲ့ ဗန်းမော်သူ ဘယ်လို ဆက်စပ်ပြီး ရွေးဆိုတယ် ဆိုတာကို ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ခမျာလည်း ဒီသီချင်းတပုဒ်ပဲ အစအဆုံး ရပုံပေါက်ပါတယ်။

မျိုးချစ်လူငယ်များအစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌ လုပ်ခဲ့ဖူးတဲ့ ကိုရဲလင်းက “သက်ဆိုင်သူသို့” သီချင်း ဆိုပါတယ်။ အေဘီ ဗဟိုကော်မတီဝင် အဖြစ်ကနေ ထောက်လှမ်းရေးဆိုပြီး ၀န်ခံခဲ့ရသဗျ။ တညမှာ သီချင်းဆိုနေရင်း တပ်ရင်းမှူး အောင်သန်းရဲ့ တုတ်ချက် တော်တော်ပြင်းပြင်း ထိသွားပြီး လုံးဝ သတိလစ်သွားပါတယ်။ ကျနော်တို့ကတော့ ကိုရဲကို သေပြီလို့ ထားရာက ၂ ရက်လောက်မှာ သတိလည်လာပါတယ်။ နောက်တာ့ ၂ ပတ်လောက် ဘာမှ မေးလို့မရဘဲ အူကြောင်ကြောင် ဖြစ်နေပါသေးတယ်။ ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ်ပြန်ရောက်လာတော့မှ သိရတာက သူ့မှာ ချစ်သူ ကျောင်းဆရာမလေးတယောက်က သူ့ကို စောင့်နေတာပါ။ ဆရာမလေးနဲ့ ပြန်ဆုံခွင့်ရလို့မှ မကြာခင် ၁၉၉၈ မှာ ကျနော်တို့နဲ့ ထောင်ကျပြန်တော့ ထောင်တွင်းမှာ ဆက်ပြီး “သက်ဆိုင်သူသို့ ပို့မေတ္တာ တေးမဏ္ဏာချွေ” ရပြန်ပါတယ်။ သူ့မေတ္တာကြောင့် သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ ၇ နှစ်တိတိ သူပြန်လာတာကို သစ္စာရှိရှိ စောင့်နေတာပါပဲ။

ထူးထူးခြားခြား ခင်မောင်တိုးရဲ့ “လောကတလင်းပြင်” ကိုပဲ သီဆိုသူက ၀ဏ္ဏဇော်ပါဗျ။ ဒီမောင်က တချိန်က နာမည်ကြီး မင်းသားကြီး ဇော်ခင်ရဲ့ သားတော်မောင်ပါ။ အရပ်မောင်းက ကောင်းကောင်း ပြေငြိမ်းတို့လို ဆိုက်ဂိုက်မျိုးမို့ ဓာတ်ရှင်မင်းသားဘ၀နဲ့ ကျော်ကြားနိုင်ပါရက်နဲ့ တောထဲမှာလာပြီး NIP ကပါလို့ ထွက်ဆိုရပါတယ်။ သူ ပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှုတလျှောက်လုံးမှာ အမှန်အတိုင်းပဲ ထွက်ဆိုခဲ့ရင်းကနေ မီးဖုတ်ထားတဲ့ ဓားမြောင်နဲ့ သူ့ခြေသလုံးကို ကပ်တဲ့နောက်မှာတော့ ထောက်လှမ်းရေးက လွှတ်လိုက်တဲ့ တပ်သားတယောက်ပါလို့ လိမ်ညာထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ ကျနော် ရန်ကုန်ကို ပြန်ရောက် ပန်းချီဆရာတဦးအဖြစ် ကျင်လည်ရင်း တရက်မှာတော့ အရက်ဆိုင်မှာ မင်းသားကြီး ဦးဇော်ခင်နဲ့ ဆုံပါတယ်။ ကျနော်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး ၀ဏ္ဏသူငယ်ချင်းပါ။ တောထဲမှာ ဆုံဖူးတယ်လို့ ပြောတော့ မင်းသားကြီးက တအံ့တသြ မျက်လုံးပြူးကြည့်ပါတယ်။ ပြီးတော့ ခေါင်းကို သွက်သွက်ခါရင်း “ဆိုးပါတယ်ဗျာ။ ဆိုးလွန်းပါတယ်ဗျာ” ဆိုတာကိုပဲ ခဏခဏ ပြောပြီး ခေါင်းပဲ ခါနေတာ မှတ်မိနေသဗျ။

ခု မြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုအသွင် ရေးခဲ့တဲ့ ဆမား ညီညီ (ခေါ်) ကိုညီညီကလည်း မကြာခဏ အဖွင့်ခံရတဲ့ လူကက်ဆက်ပဲခင်ဗျ။ အေဘီအတွက် မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာ နေပြီး လုပ်ပေးရင်းက ဗဟိုကို ခဏတက်လာရင်း ငှက်သင့်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ မန်းလေးမှာ ကိုယ်ပိုင် အင်္ဂလိပ်စာ သင်တန်းကျောင်းလေးဖွင့် အသက်မွေးတယ် ဆိုသဗျ။ ဒါကြောင့် အီးဂဲလ်ရဲ့ “ဟော်တယ် ကယ်လီဖိုးနီးယား” သီချင်းနဲ့ “By the rivers of Babylon” “Country Road” စတဲ့ အင်္ဂလိပ်သီချင်းတွေကို ဆိုတတ်တာမို့ အထူးသဖြင့် ဘိုသီချင်းတွေ နားထောင်ချင်တဲ့ ဥက္ကဋ္ဌလေးနဲ့အဖွဲ့ တက်လာပြီဆိုရင်တော့ ထောင်မှူးလက်ဝါးက ကိုညီညီဆိုတဲ့ ကုလားရဲ့ ပါးပေါ် (ကိုညီက ဘာသာရေးကိုင်းရှိုင်းသူ အစ္စလမ်ဘာသာဝင်တဦးပါ) ကျရောက်ပါတော့တယ်။ ကိုညီညီဟာလည်း ပြင်းထန်တဲ့ စစ်ကြောရေးဒဏ် ခံခဲ့ရသဗျ။ သူနဲ့ နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို ထဲထဲဝင် နားလည်တဲ့သူ ဖြစ်သလို မန္တလေးမှာ ပန်းချီချမ်းအေး၊ ကဗျာဆရာမ ဖြူမွန်တို့ ဇနီးမောင်နှံရဲ့ မိတ်ဆွေ တယောက်ဆိုတာလည်း သိရသဗျ။ ခေတ်သစ်ပန်းချီကျော် ခင်ဝမ်းက သူ့ဖေးဖရိတ်တဲ့ဗျ။ ဒါကြောင့် မြန်မာသီချင်းဆို ခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့ ‘မြားဘုရင်’ သီချင်းတပုဒ်ကိုပဲ ရွေးဆိုလေ့ရှိပါတယ်။

သေရေးရှင်ရေးဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ ရဖို့ဖြစ်လာတဲ့ ခေတ်ကြီးမှာ ဘ၀မှာ သီချင်းတခါမှ မညဉ်းဖူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦးလို လူမျိုးလည်း ကြုံခဲ့ရဖူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဖူးတဲ့ အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲ ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့လူ ရှိကို မရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီတဲ့အလုပ်ကို ကိုယ့်အသိစိတ်နဲ့ကိုယ် သတ္တိရှိရှိ လုပ်ခဲ့တဲ့ သာယာဝတီ အန်အယ်လ်ဒီပါတီဝင် ဦးကျားကြီးလိုလူမျိုး မြန်မာပြည်မှာ တော်တော်ရှားပါတယ်။ မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကို မသိဘူးဆိုရင် မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။ အဲဒီလို ထင်ရှားတဲ့ ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို NIP က ဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓာတ်ပုံထဲ အစွန်လူ) ခမျာ လူကက်ဆက်ဘ၀မှာ နောက်ဆုံး တော်တော် အကျပ်ရိုက်ရှာပါတယ်။ နောက်ဆုံး နားဆူချင် ဆူစေတော့ ပါးပူတော့ မခံတော့ဘူးလို့ ဆုံးဖြတ်ပြီး ကိုကြောင်တယောက် သူ အစအဆုံး ကောင်းကောင်းရတဲ့ သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။

“ရောင်စုံ ဘောလုံး ... ရောင်စုံ ဘောလုံး ... တလုံး ငါးပြား” ... ပါ။

ကျနော်တို့ကို ၁၉၉၈ ခုမှာ ဖမ်းတော့ ကိုကြောင်ကို ထောက်လှမ်းရေးက လိုက်ပါတယ်။ ခုတော့ သူ့ကို လိုက်ခဲ့တုန်းက ထောက်လှမ်းရေးတွေလည်း ၂၀၀၄ မှာ ထောင်ထဲ ရောက်ကုန်ပါတယ်။ ၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရ ဖမ်းမိပြီး သေဒဏ်ချလိုက်ပြီး ကိုသံချောင်းတယောက် သာယာဝတီထောင် ရောက်လာတယ်ဆိုတာ ကိုကြောင်က ပြောပါတယ်။ ပြီးတော့ ကိုသံချောင်းကို အပြင်ကနေ တတ်သလောက် ကူညီပေးသင့်တယ်လို့ ပြောတဲ့အခါ ကျနော်တို့ထဲမှာ ပစ်ထားလိုက်လို့ တယောက်မှ သဘောထား ပေးမလာတဲ့အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။ ကျနော်တို့ သဘောကတော့ ကိုသံချောင်း ပြုခဲ့တဲ့ ကံက သူ့အကျိုး သူပေးပါလိမ့်မယ်။ ကျနော်တို့ ကြုံခဲ့ရဖူးတဲ့ ငရဲမျိုးက သဘောထားမျိုးကိုတော့ ကျနော်တို့နဲ့ ဆက်စပ်လာမယ့် အနာဂတ်မှာ သမိုင်းဘီး နောက်တပတ် ထပ်မလည်ကြဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျနော်တို့က ဦးကျားကြီးသား ကိုကြောင်ကို “ကျားဆရာ၊ ကြောင်” လို့ နောက်လေ့ရှိပါတယ်။ ငါ့သားကို တောထဲမှာ ရက်ရက်စက်စက် လုပ်ခဲ့တဲ့ကောင်တွေပဲ “ထောင်ထဲမှာ အခု ခံစမ်း” လို့ ပစ်မထားတဲ့ ဦးကျာကြီးရဲ့ စိတ်ဓာတ်ကို ပိုလို့ လေးစားမိပါတယ်။

ပြောတော့ ရန်ကုန်သား၊ ဆိုတော့ “အမေနဲ့ ရွာကိုလွမ်းတယ်” လို့ မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ.ထ.က ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် (ခ) ကျော်ဝင်းဆွေပါ။ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို တွံတေးသိန်းတန် လေသံအတိုင်း ဆိုတတ်ပါသဗျ။ တညမှာတော့ တွံတေးရဲ့ “အသီးတရာ အညှာတခု” ကို ပိုင်ပိုင်နိုင်နိုင် ချွဲချွဲနွဲ့နွဲ့ ဆိုတာမို့ ကျနော်တို့အားလုံး စာသားအတိုင်း စီးမျောနေကြပါတယ်။ မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြား ထိုးရပ်လိုက်သလို ကျနော်တို့လည်း သူနဲ့အတူ လိုက်ပါနေရာက ရယ်ရမလို ငိုရမလို စိတ်မောလိုက်ရသဗျ။ တခြားနေရာ ဟုတ်ပါရိုးလား။ ကြည်း ရေ လေ တပ်မတော်တွင်းက သူငယ်ချင်းတွေ ဆိုတဲ့နေရာပေါ့ဗျာ။ ကံကောင်းလို့ အဲဒီညက တုတ်စာ မဖြစ်တာ။

တညမှာတော့ ထောင်မှူးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ ပုဂ္ဂိုလ်က တော်တော့်ကို မူးနေသဗျ။ ထုံးစံအတိုင်း ကျနော်တို့ကို တယောက်ပြီးတယောက် ထခိုင်းပြီး စည်းစိမ်ယူနေရာ မန္တလေးတက္ကသိုလ်က မြန်မာစာ တတိယနှစ်ကျောင်းသား ကိုအောင်မင်း (ခ) ထိန်လင်း အလှည့် ရောက်လာပါသဗျ။ ကိုအောင်မင်းက တခါမှ သီချင်းဆိုဖို့ ခိုင်းတာ မခံဖူးရလေတော့ ကျနော်တို့တွေလည်း လှဲနေရာနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ “ကိုယ် အတန်တန်တားရက်နဲ့ သွားတော့မှာလား ... အို တခါတရံ အမှားအတွက်နဲ့ အပြစ်ပုံပြီလား” ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ ကျနော်တို့အားလုံး ကိုနေ၀င်းရဲ့ သီချင်းစာသားတွေအတိုင်း စီးမျောပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်းခရေဇီကိုး။

“ကာယကံရှင် လူကိုယ်တိုင် အသိထက် ဘယ်ပိုနိုင်မှာတုန်း ... အများနဲ့ တယောက် တုဖက်ပြောရင် ... အားနည်းတဲ့ တယောက်က အရှုံးပေါ့ ... မသွားလည်းဘဲ ရောက်ခဲ့မိပြီကိုး ...”

သီချင်းရဲ့ စာသားရော သံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာအရောက်မှာ “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ ရိုက်သံတွေပဲ ထွက်လာပါတယ်။

“မင်းက အများနဲ့ တယောက်မို့ ခံရသလေး ဘာလေးနဲ့ မင်းတို့ကို ငါတို့က မတရား စွပ်စွဲဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။ အေး ... ငါ့ နံချပ်ကူ အစွမ်းပြရသေးတာပေါ့ကွာ။ မင်းတို့ကို စစ်နေတဲ့ ထောက်လှမ်းရေးလောက်တော့ ငါလည်း ရိုက်တတ်ပါတယ်ကွ” ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံ ညည်းညူသံ၊ ဆဲဆိုသံတွေဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ်လာပါတော့တယ်။

ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာ ရပ်ပြီး ဆဲဆိုနေလိုက်။ ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူ တဦးတယောက်ကမှလည်း လာမတားကြပါဘူး။ ကျနော်တို့ လှဲအိပ်နေတဲ့ လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေနဲ့ တောထဲထွက်ခဲ့ကြသူတွေပါ။ တကယ့်လက်တွေ့မှာတော့ ဒီလူတယောက် မတားသဖြင့် ခံနေရတာကြီးကို ကြားနေပါလျက်နဲ့ ကျနော်တို့ လူ ၈၀ လောက်ထဲမှာ “ဟေ့လူ ဒီလူ မတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့ တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့ မဆုံးပါဘူး။ ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ ထောင်မှူးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူလို့ မူးမူးနဲ့ ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ ဘ၀ဟာ ကိုအောင်မင်းအတွက်သာမက ကျနော်တို့အတွက်လည်း ငရဲညပါပဲ။

တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင်အပြင်ကိုထွက် တန်းမစီနိုင်တော့ပါဘူး။ ကျနော်တို့တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် ... စတဲ့ အလုပ်ကြမ်းခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေအလုပ်တွေ သိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်း အသက်ငင်နေပါပြီ။ နောက်ပိုင်း ထမင်းချက်တာဝန်နဲ့ ကျန်ခဲ့တဲ့ နန်းစောတို့ ပြောပြလို့ သိရတာက ထောင်မှူးက ညက သူရိုက်ထားလို့ မထနိုင်တဲ့ ကိုအောင်မင်းကို ပဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့် အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူအသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး တနေ့ခင်းလုံး ဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကို ခွင့်တောင်းပြီး ကိုညီညီနဲ့ ဘိုဘိုတို့က မှာစရာရှိတာမှာဖို့ မေးတော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီး စကားတလုံးမှ ဆက်မထွက်လာဘဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။

၂၀၀၅ ခုထောင်က လွတ်လာပြီးနောက်ပိုင်းမှာ ၀ိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်) ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေ၀င်း သီချင်းစာသားတွေ သီဆိုရင်း လူ့လောကကို ကျောခိုင်းသွားခဲ့ရဖူးတဲ့ ဒီမိုကရေစီဘက်တော်သားတဦး ရှိခဲ့ဖူးတယ်ဆိုများ ကိုနေ၀င်း သိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲက တွေးမိပါတယ်။ ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။ စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့်သူလို့ ယုံကြည်ပါရစေ။

ဒါဖြင့် ရိုက်သတ်လိုက်တဲ့ကိစ္စအတွက် ထောင်လုံခြုံရေးတာဝန်ခံ ဘယ်သူကမှလည်း လာပြီး မေးမြန်းတာ အရေးယူတာ မလုပ်ခဲ့ပါဘူး။ ကိုအောင်မင်း ရုပ်အလောင်းကို ညတွင်းချင်း ထောင်အပြင် ထုတ်ထားလိုက်ပြီးတော့ ကိုလမျိုးနောင်က သူ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။ “အရက်တလုံးနဲ့ စကားဝါ တစည်းရမယ်၊ ဘယ်သူတွေ တာဝန်ယူချင်လဲ” လို့ အော်မေးတာလဲ အတိုင်းသား ကြားရသဗျ။ အဲဒါက ပေါက်ဈေးပါ။ အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြှုပ်ပေးမယ်ဆိုရင် မြှုပ်တဲ့အဖွဲ့က အရက်တလုံးနဲ့ စကားဝါ ဆေးပေါ့လိပ်တစည်း ရပါတယ်။

ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့် သူတွေအတွက်လည်း တခါတည်း ဖြေလိုက်ပါမယ်။ နောက်ပိုင်းမှာ ကျနော်အပါအ၀င် ဖမ်းထားသူတွ ညသန်းခေါင်လောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိစ္စအတွက် သူနဲ့ ညတာဝန်ကျတို့ကို လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀ သောက်ခွင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ တပ်သားရဲဘော်တဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဖို့ အမိန့်ပေးလိုက်ရပေမယ့် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ ကိုသံချောင်း အပါအ၀င် ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင်ခမျာ တပ်ဖွဲ့ ဘက်ဂျက်ထဲက ငွေနဲ့ အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိရပါတယ်။

ဟုတ်ကဲ့။ ဒါဖြစ်ခဲ့ပါတယ်။ ဆိုးဝါးလှတဲ့အဖြစ်တွေ ကျနော်တို့ သမိုင်းမှာ ရှိခဲ့ပါတယ်။ တကယ်က ကျနော်တို့ ဖြတ်သန်းချိန်မှာ တာဝန်မကျေနိုင်ခဲ့ကြပါဘူး။ မိမိအသက်ကို ငဲ့ပြီး အမှန်တရားကို မျက်ကွယ်ပြု မသိချင်ယောင်ဆောင် ရေငုံနုတ်ပိတ်နေခဲ့ရတာလောက် ပြန်တွေးတိုင်း ရှက်စရာကောင်းတာ မရှိတော့ပါဘူး။ စာကို ဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့ နီးစပ်သူများရှိခဲ့ရင် ကျနော်တို့ သူရဲဘောကြောင်မှုအတွက် တောင်းပန်လိုက်ပါတယ်။

တခါတခါကျတော့လည်း ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရတာ သူများကို ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရတာထက် အဆတရာ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ရဖူးသူလောက်ပဲ နားလည် ခံစားနိုင်ပါလိမ့်မယ်။

ပန်းချီ ထိန်လင်း
(http://www.kaungkin.com/ မှ ...)

ဆက်စပ်ဖတ်ရှုရန် ...
- ကျနော် လူကက်ဆက် (ပထမပိုင်း) click
- ကျနော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က ... click

8 comments:

thiha said...

ကျွန်တော်ဟာ..လက်ရှိစာသင်ကြားနေတဲ့ကျောင်းသားတစ်ယောက်ပါ.....အမှန်တရား။ယုံကြည်ချက်အတွက်တိုက်ပွဲဝင်ခဲ့တဲ့...အကိုတော်ကျောင်းသားကြီးများကိုလေးစားလျက်ပါ....3ီအဖြစ်ကြီးကတော့ဗျာ....အရမ်းရင်နာလှပါတယ်....ကျွန်တော့နှလုံးသားကို...ကြိတ်ပြီးဓါးတုံးတုံးနဲလှီးနေသလိုဘဲ...ခံစားရပါတယ်...မတရားခံရသော..အကိုတော်ကျောင်းသားကြီးများ...ကောင်းရာဘုံဘ၀ရောက်ပါစေ...ဗျာ...မဟုတ်တာလုပ်ခဲ့တဲ့လူတွေကို...လက်ပိုက်ကြည့် မနေကြပါနဲ့ ဗျာ...

123456 said...

ကိုထိန်လင်း ဘယ်လို ထွက်ပြေးလွတ်မြောက်လာတယ် ဆိုတာ ပြောပြ ပါအုံး စိတ်ဝင်စားလို့ပါ။

pncc said...

ဖေါ်တော့ဖေါ်တာပေါ့ ဒါပေမဲ့ ဋ္ဌကည့်ဖေါ်။

ဟဲ့ အရုပ်ရေးပြီး ၁၀အိမ်ဋ္ဌကား ၁၂ အိမ်ဋ္ဌကား အသံပြဲဋ္ဌကီးနဲ. အော်တတ်တဲ့ လူကလေး မောင်ထိန်လင်း။
နင်ရေးတာတွေက နင်တို.လိုတောခိုသွားတဲ့ အမောင်လေးတွေရဲ့ အတွင်းဇာတ်တွေကို ဖွင့်ချတာတော့ ကောင်းပါရဲ့။ သမိုင်းဆိုးဆိုတာ တချိန်မှာ ဖေါ်ရမှာဘဲ ဆိုတာ နတ်ကတော်တို. သိပါတယ်တော်။
ဒါပေမဲ့ နင်တို.ရေးတာကို အခွင့်ကောင်းယူပြီး နင်တို.ပထွေး စစ်ဖုံးချောက် (စစ်ဗိုလ်လူထွက်၊ ရင်ဖုံးဝတ်၊ ဖါသည်မ ပါးစပ်နဲ. အချောက်ဋ္ဌကီးတွေ)တွေက နင်တို.ကိုရော၊ ၈၈၈၈ တွေရော၊ တောခိုသွားတဲ့ အမောင်လေးတွေပါ ၀ါးလုံးမှာ အေအိုင်ဒီအက်ပိုးသုတ်ပြီး ရမ်းနေတာ အကုန်ခံနေရပြီမလား။ သချီးယိုဒယား ကကုန်ဋ္ဌကပြီမလား။

ကချင်မှာ ပက်ပက်စက်စက် တိုက်ပွဲဖြစ်ပြီး လူတွေ ဘ၀ပျက်နေချိန်နဲ. တိုက်တိုက်ဆိုင်ဆိုင်၊ ကချင်မှာ ဖြစ်ခဲ့တဲ့ နင်တို.လေးတွေရဲ. လူသတ်ပွဲကို တင်လိုက်တာ ဘယ်လိုများ ရွှေဥာဏ်တော် စူးလိုက်ပါသလဲ မောင်ထိန်လင်းရယ်။
ဒါတောင် ကေအိုင်အေဘက်ကို မြှားဦးက တည့်တည့်မလှည့်သေးလို.။ နတ်ကတော်တို.လို ဦးနှောက်ပိစိကွေးလေးတောင် တွက်လို.ရပါတယ်။

အမေရိကားက အောက်စီဂျင်လေး မောင်အောင်မိုးဝင်းလေးကပါ သဂြိုလ်စက်မောင်းတဲ့ သူဘရာဇာလို လောင်တိုက်သွင်းလိုက်တော့၊ သောက်ရှက်ကွဲရုံတင်မက ပေါင်ခြံက ခြံဖုတ်ပါ မီးလောင်မဲ့ကိန်းဘဲ။ အေဘီစီဒီလား ခေါ်ရခက်လိုက်တာ၊ အဲဒီက ခေါင်းဆောင်ဟောင်းတွေ နက်ပေါ်မှာတက်ပြီး ရှင်းနေလိုက်ဋ္ဌကတာ။ (သူများပြောပြလို. သိတာပါကွယ်။ အားအားယားယား အင်တာနက်ဆိုင်သွားပြီး၊ အာမချောင်ရဲပါဘူး။)
မဖေါ်ရဘူး မဟုတ်ပါဘူး၊ ဖေါ်ဋ္ဌကပါ။ ဒါမှသေတဲ့ လူတွေအတွက် တရားရာရောက်မယ်။ ဖေါ်စရာတွေ အများဋ္ဌကီးရှိတယ် ဆိုတာ သိပြီးသား။

ပြောချင်တာက၊ အချိန်အခါ ဋ္ဌကည့်ပြီးလုပ်ဋ္ဌကဟဲ့။ အင်အယ်ဒီလွှတ်တော်ထဲဝင်တော့မှာမို.၊ စစ်ဖုန်းချောက်ဋ္ဌကီးတွေက ပျော်နေဋ္ဌကတာ။ ကလန်တန်တန်လုပ်နေတာ ၈၈၈၈နဲ. ကျောင်းသားတွေဆိုတာ အဲဒါဋ္ဌကီးတွေက သိပြီးသား။ ဒါဋ္ဌေကာင့် နှစ်ပြားမတန်အောင် အပုပ်ချနေတာမလား။ နတ်ကတော်တို.လည်း ဆိုင်းချက်သိုင်းကွက် ပူးရမဲ့နတ်ကို သိပြီးမှ ကတာပါ။
(ဟို ဂနာဋ္ဌကီး အဲလေ ယောင်လို. ဇာဂနာပြောသလို နတ်ကတော် နိုင်ငံရေး မဟုတ်ရပါဘူးတော်။ ဒီတခါတွေ.မှ ဂတုံးကို ပွတ်လွှတ်လိုက်မယ်။ သရော်နဲ.ပါနော်။)

နင့်လို အနားသား ဂတုံး မောင်ထိန်လင်း။ ရှင်းရှင်းဘဲ ပြောချင်တယ်။ ကျုပ်ဋ္ဌကက်လိ။ အဖြူမပေါင်ပေါ်အိပ်နေရလို. နင့်ဦးနှောက်က ပူစီငွေ.ရိုက်ပြီး လိုင်းဋ္ဌေကာင်သွားတာလား။ နင့်ဖါသာ လူ.ကက်ဆက်ဘဲလုပ်လုပ် လူ.ဒီဗွီဒီဘဲ လုပ်လုပ်၊ နင်လုပ်လိုက်လို. ၆၂ကနေ ခုထိ လူသတ်ပြီး တနိုင်ငံလုံးကို ခွေးဇာတ်သွင်းနေတဲ့ စစ်ဖုံးချောက်တွေ အဋ္ဌေကာင်းတောင် မပြောနိုင်ဋ္ဌကတော့ဘူ။ အတူတူနဲ. အနူနူ ဖြစ်ကုန်ပြီလေ။

ဖေါ်တော့ဖေါ်တာပေါ့ ဒါပေမဲ့ ဋ္ဌကည့်ဖေါ်။
နတ်ကတော် ပူနောင်ချပ်ချိန်။

tzt2003 said...

ဆက်ရေးပါအုံးခင်ဗျား။အမှန်တွေကို
ပြည်သူအားလုံးသိသင့်ပါတယ်။
လေးစားပါတယ်ခင်ဗျား

Unknown said...

စာရေးဆရာခင်ဗျား
အဲ့ဒီ အဖြစ်အပျက်တွေ အတွက်တာဝန်ရှိသူတွေ တရားခံတွေရဲ့ နာမည်တွေနဲ့ ရောက်ရှိနေတဲ့ နိုင်ငံတွေ ကို ဖော်ထုတ်ပေးပါ။
ABSDF က လူဟောင်းတွေ နိုင်ငံခြားတော်တော်များများကို ရောက်ရှိနေကြပါတယ်။
တကယ်အပြစ်ကျူးလွန်ထားတဲ့ လူတွေကို ဖော်ထုတ်ပြီး သူတို့ အပြစ်တွေ အတွက် ပြန်လည်ပေးဆပ်ခိုင်းရမှာ ဖြစ်ပါတယ်။
နာမည်၊ အဲ့ဒီတုံးကရာထူး၊ ရောက်နေတဲ့ နိုင်ငံကို စာရင်းနဲ့သာဖော်ပြပေးပါ။

Real Thakhin said...

Thank you for revealing the truth that was well-kept for 2 decades.

It is also equally important to bring responsible criminals to justice. It can be done by locating these criminals and providing respective authorities with concrete evidence and witness accounts.

By that way, the accused can also enjoy rights to defend themselves which they denied to their victims.

min said...

Pncc တဲ့အမြင်ကတမျိုးဘဲနော် အသက်အရွယ်ကတော့သေခါနီးလောက်ပြီထင်တာဘဲအသက်၄၀ကျော်ကိုကောင်လေးလို့ဆိုတော့--။အမှန်တရားကိုဖေါ်ထုတ်တာအချိန်ကိုကြည့်ဗေဒင်အရင်တောင်မေးရမလိုဖြစ်နေပြီဒါမှမဟုတ်ကိုယ့်အမျိုးတွေ၊ဘက်တော်သားတွေထိမှာကြောက်နေလို့လား၊အဲဒီအချိန်တုန်းကကောKIAကတကယ်လဲဘာလုပ်နေလဲအစမှာမသိခဲတောင်ထားတော့နောက်ပိုင်းမှာသိနေပြီဘဲ(သိသင့်လောက်ပြီပေါ့)ဒါပေမဲ့တော်လှန်ရေးသက်နုတဲ့ငတလေးတွေဖြစ်ချင်တာဖြစ်ဆိုပြီးလွတ်ပေးထားပုံဘဲ၊သတ္တိရှိရင်လဲနာမည်လေးဖေါ်ပြီးကိုထိန်လင်းကိုဝေဖန်ပေါ့ဆရာ့ဆရာကြီးရဲ့၊စစ်အစိုးရကမကောင်းတာ၊ရက်စက်ခဲ့တာစတာတွေဗမာပြည်ထဲကလူစိတ်ရှိတဲ့လူတွေ၊ပြည်သူတွေအကုန်သိတယ်၊ဒါပေမဲ့ရှာရင်ကောင်းကွက်လေးတကွက်တလေတွေ့တန်ကောင်းတွေ့မယ်။နောက်သလိုလိုအတည်လိုလို၊နတ်ကတော်ဖြစ်ဗေဒင်ဆရာဖြစ်ဖြစ်ကြည့်ရေး

pncc said...

နံမည်လေးက min တဲ့လား ချစ်ချင်စရာလေး။ နတ်ကတော်တို.က ချစ်မိရင် သူများနဲ. တူတာ မဟုတ်ဘူး။
သူများကို အသက်အရွယ်က သေခါနီးလောက်ပြီ ထင်တာဘဲတဲ့။
ဟဲ့ မင်းမင်းလေး။ အသက်ဋ္ဌကီးပေမဲ့ မပျက်စီးသေးဘူးလေ။ ဗိုင်ရာဂရာ အားကိုးနဲ. မိုက်နေတုန်းဘဲ။ ဆောရီး ယောင်သွားလို.။ အသက်ငယ်ငယ်နဲ. သေတဲ့မသာတွေ အများဋ္ဌကီးရှိတယ်ဆို မမေ့ပါနဲ. မင်းကလေးရယ်။
အမှန်တရားကို ဖေါ်ထုတ်ပါ။ မတားပါဘူးတော်။ ပြောနေတာက ဋ္ဌကည့်ဖေါ်လို.။ စစ်ခွေးကဘဲဖြစ်ဖြစ်၊ တိုင်းရင်းသားကဘဲ ဖြစ်ဖြစ်၊ ကျောင်းသာကဘဲ ဖြစ်ဖြစ်၊ ရုပ်စွအဆုံး အခြာပေါက်နဲ. အမေဇုံကဘဲဖြစ်ဖြစ် တရားလက်လွှတ်၊ လူသတ်လာရင်တော့ မဋ္ဌကိုက်ဘူးမောင်။
ရန်သူဟုတ်နေတာတောင် မသတ်ရဘူး။ ဥပဒေတွေ အက်ပဒေရှိတယ်ဆိုသတဲ့။ နတ်ကတော်တို.တော့ အလွတ်မပြောတတ်ဘူး။ လူသတ်ဝါဒ အလိုမရှိဘူးဟေ့။
နာမည်ရင်းဖေါ်ပြီး ကိုထိန်လင်းကို ဝေဖန်ပါတဲ့။ အလိုလို။
သွေးဋ္ဌေကာင်ပြီး၊ သတ်တိမရှိလို. နတ်ကတော်နံမည်ခံပြီး ကညော့နေတာလေ။ မင်း မင်းလေးကရော၊ နံမည် ဖေါ်ရဲ့လို.လားလို.။ နတ်ကတော်ပါဆိုမှ သတ်တိမရှိဘူးလား လာမမေးနဲ.။ အခြာပေါက်လည်း ဟုတ်တယ်။ ဂျော်ရကီလည်း ဟုတ်တယ်။ တခါတခါတောင် ဆမုဆာတောင် ဖြစ်လိုက်သေးတယ်။ သိပလား။ မှတ်ပလား။
တို.များက ဗေဒင်ဆရာ မဟုတ်ဘူး။ ရှေ.အဋ္ဌေကာင်းရော နောက်အဋ္ဌေကာင်းရော မဋ္ဌကည့်တတ်ပါဘူ။ ဋ္ဌကည့်မိရင် ရင်တုံလွန်းလို.။
ဋ္ဌကည့်ရေးလို.တော့ မရေးနဲ.။ ရေးနေတာမှ မဟုတ်ဘဲ။ ကီးဘုတ်ကို နှိပ်နေတာလေ။ ဋ္ဌကည့်နှိပ်လို.ရေးရတယ်။ ဒါတောင် ကျွမ်းလာလို. ဋ္ဌကည့်တောင်မနှိပ်တော့ဘူး။ နတ်ကတော်တို.က အရင်ဘ၀က လက်နှိပ်စက် စာရေးလုပ်ခဲ့တယ်လေ။
ကဲ ဘိုင့်ဘိုင် min min ရေ။
နတ်ကတော် ပူနောင်ချပ်ချိန်း