Monday, December 19, 2011

ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က ...

ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က ...
ပန်းချီထိန်လင်း
(ကောင်းကင်နိုင်ငံပြုအနုပညာမဂ္ဂဇင်းမှ ...)

များသောအားဖြင့် ဒီလိုခေါင်းစဉ်မျိုးဟာ ကျပန်းစကားပြောပြိုင်ပွဲတွေမှာ မဲပေါက်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။ ဟုတ်တာ မဟုတ်တာ အပထား၊ စိတ်ထဲရှိတာ လျှောက်ပြီး အချိန်မစေ့မချင်း ပြောရတော့တာပေါ့။ ဒါပေမယ့် အခုကတော့ စိတ်ကူးတည့်ရာမဟုတ်ဘဲ တကယ်ကို သန်းကြွယ်သူဌေး ဖြစ်ခဲ့တုန်းက အကြောင်းကို ပြောမလို့ပါ။

ပန်းချီထိန်လင်းတယောက် သန်းကြွယ်သူဌေးဖြစ်ခဲ့တုန်းက ဘ၀ဆိုတော့ သစ်ကုန်ကူးတဲ့အကြောင်းပဲ ပြောပြမှာလား၊ ကျောက်အောင်ခဲ့တာပဲ ဖတ်ရမလားလို့ စာဖတ်သူက တွေးကောင်းတွေးမိနိုင်ပေမယ့် ကျွန်တော့်အကြောင်း သိကြတဲ့ အများစုကတော့ ပေါက်တတ်ကရ၊ ကမောက်ကမတွေ ဖြစ်ခဲ့တဲ့အထဲက တခုခုကို ဘာလုပ်ဇာတ်ခင်းလာဦးမလဲ မသိဘူးလို့ ကြိုတင်တွေးနေလောက်ပါပြီ။ ဟုတ်ပါတယ် ခုပြောပြမယ့် အကြောင်းကတော့ ပိုက်ဆံသန်းချီချမ်းသာတဲ့ သန်းကြွယ်သူဌေးတယောက် ဘ၀မဟုတ်ဘဲ ကိုယ့်ချစ်ဦးခေါင်းမှာ သန်းလေးတွေဝေ ဆိုတဲ့ နောက်တီးနောက်တောက် သီချင်းလို သန်းဂျီးမတွေ ကြွယ်ဝခဲ့တဲ့ တခါက ဘ၀လေးတခုကို ရေးပြမလို့ပါခင်ဗျ။ ကျွန်တော့်ကိုယ်က သန်းတွေအကြောင်း မပြောခင် သန်းရှာခြင်း ယဉ်ကျေးမှုအကြောင်း ပထမ ပွားချင်ပါသဗျ။

လွန်ခဲ့တဲ့ ခြောက်လလောက်က စာရေးဆရာမ ခက်မာရေးတဲ့ အက်ဆေးလေးတခုမှာ ခေါင်းမှာတွယ်တဲ့ သန်းတွေအကြောင်း ဖတ်ခဲ့ရကတည်းက ဒီစာလေးကို ရေးချင်ခဲ့တာပါ။ ပြောရရင်တော့ သူ့ရဲ့ သန်းတွေအကြောင်း ဖတ်ရင်း ကိုယ်ပါ ယားလာတယ် ဆိုပါတော့ဗျာ။

ကမ္ဘာကသိတဲ့ မြန်မာပန်းချီဆရာကြီး ပေါ်ဦးသက်ရဲ့ ရေဆေး ကာတွန်းပန်းချီကားလေးတွေထဲမှာ ရှေ့နောက် တန်းစီပြီး သန်းထိုင်ရှာနေတဲ့ မိန်းမတွေကို မကြာခဏ ဆွဲပြခဲ့ဖူးတာ အမှတ်ရသဗျ။ ကျွန်တော်တို့ငယ်ငယ် ရုပ်ရှင်ဇာတ်ကားတွေထဲက အတင်းပြောတဲ့ ဇာတ်ဝင်ခန်းတွေမှာ မိန်းမတွေ (တချို့လည်း ရင်ရှားနဲ့) တန်းစီပြီး သန်းရှာကြ၊ သန်းတုပ်ကြရင်း၊ အတင်းပါတုပ်ကြတဲ့ ပြကွက်မျိုးတွေလည်း မကြာခဏ ကြည့်ခဲ့ဖူးကြပါလိမ့်မယ်။

ငယ်ငယ်က ရွာမှာ နေ့လည်၊ နေ့ခင်းဆိုရင် အရိပ်ကောင်းတဲ့ မန်ကျဉ်းပင်ကြီးအောက်မှာ မိန်းမကြီးတွေဟာ သူတို့ဘီးဆံထုံးတွေ ဖြေချပြီး ဆံပင်ဖားယားကြီးတွေနဲ့ တန်းစီထိုင်ပြီး တယောက်ခေါင်းကို တယောက်ဖွပြီး သန်းရှာ သန်းတုပ်နေကြတာ အမြဲတွေ့ရပါတယ်။ သန်းတုပ် သန်းရှာကောင်းတဲ့သူဟာ ရွာမှာ တော်တော်လေး ပေါ်ပြူလာဖြစ်တယ်ခင်ဗျ။ နောက်ပြီး သန်းရှာကောင်းတဲ့သူဆိုရင် ရွာထဲမှာ ဟိုလူက ခေါ်ရှာခိုင်း ဒီလူက ခေါ်ရှာခိုင်းရင်းနဲ့ လူတကာနဲ့ ဆက်ဆံရတာမို့ သတင်းကလည်း သူ့ဆီမှာ စုံတတ်သဗျ။ ဒါကြောင့် တချို့က သန်းရှာတဲ့နေရာကို သန်းမရှိပေမယ့် သတင်းစုံ အတင်းစုံ ကြားချင်လို့ လာကြတာလည်း ရှိသဗျ။ အခုခေတ် သတင်းသိချင်လို့ အွန်လိုင်းပေါ် တက်ကြသလိုပေါ့ခင်ဗျာ။ အဲဒီထဲမှာမှ စောစောက သန်းရှာကောင်းတဲ့ သူတွေကျတော့ ခုခေတ် သတင်းပေါင်းချုပ် ဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေတို့လို သိချင်တာအားလုံး ရှိတတ်တာမို့ သူရှိတဲ့ သန်းရှာဝိုင်းမှာ မိန်းမတန်းက ပိုရှည်တတ်ပါတယ်။

အရင်ခေတ်တွေက အိမ်မှာ လူတယောက် အလုပ်လုပ်ရင် မိသားစုတစုလုံး ထိုင်စားလို့ ရနေတဲ့ခေတ်ကိုး။ ခုခေတ်မှာတော့ ရွာတွေမှာ သန်းတုပ်သန်းရှာတဲ့ ဓလေ့ မရှိသလောက် ဖြစ်သွားပါပြီ။ ခက်တာက မြန်မာ့ရိုးရာ သန်းရှာ၊ သန်းတုပ်တဲ့ ဓလေ့ မပျောက်ပျက်အောင် သက်ဆိုင်ရာတွေက ထိန်းသိမ်းကြပါလို့ ခုခေတ်စားနေတဲ့ ဖေ့ဘွတ်တို့၊ တွတ်တာတို့ (တွတ်တီး၊ တွတ်တာ) ပေါ်ကနေ အော်ဂနိုက်ဇ်လုပ်ကြည့်ဘို့ စဉ်းစားသေးသဗျ။ နောက်တော့ ကိုယ့်ဖေ့ဘွတ်စာမျက်နှာမှာ ဒီလို အရေးမပါတဲ့ စိတ်ကူးမျိုး ရေးရကောင်းလားဆိုပြီး ပွက်လောထသွားနိုင်တာမို့ လက်လျှော့လိုက်ပါတယ်။

သေချာမှတ်မိတာက ကျွန်တော် စတုတ္ထတန်းနှစ်က ကျွန်တော့်ရှေ့ခုံမှာ ထိုင်တဲ့ ဌေးရီဆိုတဲ့ ကျွန်တော့်သူငယ်ချင်းခေါင်းမှာ သန်းတွေ သန်းနဲ့ချီပြီး ရှိနေတယ်လို့ ထင်ရလောက်အောင် တရွရွနဲ့ ပြေးလွားရွေ့လျားနေသဗျ။ သူ့ခေါင်းကို ကြည့်ရင် တစိစိနဲ့ စိတ်ထဲမှာ ယားလာအောင် များလှပေမယ့် ကျွန်တော်တို့သူငယ်ချင်း ဌေးရီကတော့ သူ့ခေါင်းမှာ သန်းတွေကို ရှိတယ်လို့ အမှုမထားပါဘူး။ ဒါကြောင့် နောင်အခါ သန်းထူတဲ့ခေါင်း မယား (ကြွေးထူ မပူ၊ သန်းထူ မယား) ဆိုတဲ့ စကားပုံကို ကြားဖူးတဲ့အခါ ငယ်ငယ်က သူငယ်ချင်း သန်းကြွယ်သူဌေး ဌေးရီမျက်နှာကို ပြန်သတိရမိပြီး ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်လို့ လက်ခံရပါတယ်။

နောင် ကျွန်တော် အလယ်တန်းကျောင်းသားဘ၀လောက် ရောက်တဲ့အချိန်မှာတော့ ကျွန်တော့်ဆံပင်ထဲမှာ သန်းများ ခိုအောင်းနေသည်ကို သိရှိခဲ့ရပြီး ကျောင်းအားရက်တွေမှာ အမေရဲ့ညွန်ကြားချက်နဲ့ ဘီးစိပ်တိုက်ရပါတော့တယ်။ ပထမ ဗလာစာအုပ် (သို့) သတင်းစာ အလယ်စာမျက်နှာကို ဖြန့်ချထားပြီးတော့မှ ခေါင်းကို ငုံ့ပြီး ၀ါးဘီးစိပ်နဲ့ တိုက်ချရပါတယ်။ အဲဒီမှာ သန်းသကောင့်သားတွေခမျာ ဆံကြားမှာမနေသာဘဲ သတင်းစာပေါ်ကို တဖောက်ဖောက် ပြုတ်ကျလာရပါတော့တယ်။ နောက်တော့ ကျွန်တော့်ညီမနဲ့ ကျွန်တော်တို့ဟာ ဘယ်သူ့ခေါင်းက ဘယ်လောက်ရတယ်ဆိုတာကို ပြိုင်ပွဲလုပ်ကြပါတယ်။ ပြီးတဲ့အခါမှာတော့ လက်မနဲ့ လိုက်တုပ်တော့တာပေါ့ခင်ဗျာ။ သန်းတုပ်တဲ့အခါ တဖောက်ဖာက်နဲ့ မြည်တဲ့အသံကြောင့် ပိုပိုပြီး တုပ်ချင်လာတတ်သဗျ။ အဲဒီနေ့မျိုးဟာ ကျွန်တော်တို့ခေါင်းပေါ်က သန်းတွေအတွက်ကတော့ ကမ္ဘာပျက်တဲ့နေ့ပေါ့ခင်ဗျာ။ နောက် ရွာဘုရားတန်ဆောင်းတခုမှာ သန်းတုပ်သူများ ခံစားရသော ငရဲ ဆိုတဲ့ ပန်းချီကားတွေ့လိုက်တော့ နည်းနည်းတော့ ဖျားသွားသဗျ။ အဲဒီနောက်ပိုင်းမှာတော့ ကျလာတဲ့ သန်းတွေကို အိမ်ပြင်ဘက် သွားခါချဖြစ်ပါတယ်။

အဲဒီလို ဘီးစိပ်တိုက်လို့ သန်းမကြီးတွေ ကျလာရင် အားရ၀မ်းသာနဲ့ အဖွားလုပ်တဲ့လူကိုပြတော့ ဂျပန်ခေတ်က ဆပ်ပြာတွေ ပြတ်လပ်ပြီး လူတွေကိုယ်မှာ သန်းဂျီးမတွေ တွယ်ကပ်တဲ့အကြောင်းတွေကို အဖွားက လွမ်းလွမ်းမောမော ပြောပြတတ်ပါတယ်။ အဲဒီလို ဂျပန်ခေတ်အကြောင်း ပြောပြီဆို ကျွန်တော်ဆိုတဲ့ကောင်က အဲဒီခေတ်မျိုးမရှိတော့လို့ ၀မ်းသာရမယ့်အစား အဲဒီခေတ်ကို မမီလိုက်တာပဲ နာသလိုလို တွေးမိခဲ့သဗျ။ အဲဒီလို တွေးခဲ့ဘူးလို့လား မသိပါဘူးဗျာ၊ အဲဒီ သန်းဂျီးမ ဆိုတာကြီးနဲ့ ဘ၀တကွေ့မှာ တည့်တည့်ကြီးကို သွားကြုံမိပါတော့တယ်။

နေရာက ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ် KIA ဌာနချူပ် လိုင်စင်နဲ့ ကပ်လျက်မှာ ABSDF (NB) ပါဂျောင်စခန်းရဲ့ အကျဉ်းစခန်းတခုမှာ ကျွန်တော်အပါအ၀င် လူ ၇၀ လောက်ဟာ စစ်အစိုးရက လွှတ်လိုက်တဲ့ သူလျိုတွေဆိုပြီး စွပ်စွဲကာ ဖမ်းဆီးနှိပ်စက် ညှင်းဆဲမှုတွေနဲ့ ကြုံနေရချိန်မှာ ကိုရွှေသန်းဂျီးမနဲ့ လာဆုံတွေ့ရပါတော့တယ်။ ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ ထောင်ဆိုတဲ့ အဆောက်အဦးက တကယ်တော့ သာမာန် မြေစိုက် ယင်ပေါင်ကြမ်း (ကတ္တရာပြားတွေ) မိုးပြီး ၀ါးခြမ်း သေးသေးလေးတွေနဲ့ ကာထားတဲ့ တဲကြီးဗျ။

ဒါကြောင့်မို့ ကျွန်တော်တို့ကို ညပဲဖြစ်ဖြစ် နေ့ပဲဖြစ်ဖြစ် ထိပ်တုံးရှည်ကြီးတွေထဲ ခြေ ၂ ဖက်လုံးကို ထည့်ခတ်ထားပါတယ် (သို့မဟုတ်) သံကြိုးကြီးတွေနဲ့ ခြေကျင်းဝတ်ကို ခတ်ထားပါတယ်။ ညဘက် လှဲချ မအိပ်ခင်မှာတော့ လက်တွေကို လက်ကောက်ဝတ်ကနေ ကြိုးနဲ့ ပူးတုပ်ထားပါတယ်။ ပြီးတော့ မျက်နှာကို ပိတ်စနဲ့ တင်းကြပ်နေအောင် စည်းပြီးမှ အိပ်ကြရပါတယ်။ အိပ်ရာကတော့ မြေကြီးပေါ်မှာ ကတ္တာရာပြားစတွေ ခင်းထားတဲ့ ဘူမိကဗ္ဗလာ မြေမွေ့ယာပါ။ မအိပ်ခင်မှာ လုံခြုံရေးအဖွဲ့ (သို့) ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ အဖွဲ့ရဲ့ခေါင်းဆောင် ပုဂ္ဂိုလ်တွေကို သီချင်းတွေ ဘာတွေနဲ့ ဖျော်ဖြေတင်ဆက်ရသေးသဗျ။ ခိုင်းရင်ပေါ့လေ။ ပြီးလို့ အိပ်ချိန် လှဲချပြီးပြီဆိုရင်တော့ လူးလွန့်လှုပ်ရှားခွင့် မရှိတော့ပါဘူး။

ညလယ်ကောင်မှာ ဆီးသွားဖို့ နိုးတဲ့အချိန်မှာ လှဲချနေရာက ထ၊ ခြေရင်းမှာ ချထားတဲ့ ဂလူးကို့စ်ပုလင်းလွတ်တွေထဲကို သေသေချာချာ ချိန်ပြီး ရှူရှူးပေါက်ထည့်ရပါတယ်။ ပြီးပြန်အိပ်ပေါ့ဗျာ။ အဲ အိပ်ချိန်မှာ လူးလွန့်တာများတဲ့သူတွေကိုတော့ မနက်လင်းချိန် တန်းစီချိန် ဆီးပုလင်းတွေ သွန်ပြီးတာနဲ့ နာမည်တွေ ခေါ်လိုက်ပြီရင် မြေကြီးပေါ် ၀မ်းလျားထိုးပေးထားရပါတယ်။ အဲဒီမှာ ထောင်မှူးဆိုတဲ့လူ ဒါမှမဟုတ် အရိုက်အနှက် အင်မတန်ကြမ်းပါပေတယ်လို့ နာမည်ကောင်းထွက်ချင်တဲ့ လုံခြုံရေးတာဝန်ကျ ပုဂ္ဂိုလ်တွေရဲ့ မနက်ခင်း သွေးပူလေ့ကျင်ခန်း စပါတယ်။ သုံးလက်မ ပတ်လည်နီးပါး တုတ်တဲ့ လက်ကိုင်တုတ်ရှည်ကြီးဟာ ကျွန်တော်တို့ရဲ့ကျော (သို့) ခါးရိုးပေါ်ကို စုံကိုင် ရိုက်ချလိုက်သူရဲ့ စေစားရာအတိုင်း အလည်အပတ်ကျရောက်လာပါတော့တယ်။

သို့ပေမယ့် သို့ကလို ကျရောက်လာတဲ့ တုတ်ချက်တွေဟာ ကျွန်တော်တို့အဖို့တော့ ထမင်းစား ရေသောက်လိုပါပဲ။ အဲဒီမတိုင်ခင်က စစ်ကြောရေးလို့ ခေါ်တဲ့ ငရဲခန်းမှာ ကျွန်တော်တို့ကို ဖမ်းဆီးစစ်ဆေးတဲ့ ကျောင်းသားတပ်ဖွဲ့ ထောက်လှမ်းရေးရဲ့ တုတ်ချက်၊ ဓားချက်တွေ၊ မီးရှို့ချက်တွေ၊ လျှပ်စစ်တို့ချက်တွေ၊ ရေနှစ်ချက်တွေနဲ့ ယှဉ်တဲ့အခါ ကလေးကစားသလို ဖြစ်နေပါတယ်။ ဒီငရဲခန်းရဲ့ ညှင်းပန်းမှုနဲ့ ရှေ့မှာ ဘ၀ဆုံးပါးသွားတဲ့ ကိုတင်မောင်အေး (ကသာ)၊ နိုင်ငံရေးတာဝန်ခံ ပီကင်းပြန် ဦးစိန်၊ စမ်းချောင်းက ကိုပြည့်စိုးနိုင်၊ ကိုစိုးကြီးတို့လို တုတ်ချက်နဲ့ အသက်ထွက် မခံလိုလို့ တော်လှန်ရေးသမားဘ၀ကနေ မဆလ လွှတ်လိုက်တဲ့ စစ်ထောက်လှမ်းရေးတွေပါလို့ ရင်နာနာထွက်ဆိုပြီး အသက်ကို ဆက်မွေးဖို့ ကြိုးစားနေတဲ့ ဒီဇာတ်ထုပ်မှာတော့ ဒီလိုကျရောက်လာတဲ့ တုတ်ချက်တွေဟာ သိပ်အဆန်းမဟုတ်တော့ပါဘူး။

ကျွန်တော်တို့လို အသက်ကို မွေးပေမယ့် မိမိတို့ ကိုယ်လက်အင်္ဂါတချို့ကို ပေးလိုက်ရသူတွေလည်း ရှိတာမို့ ကျွန်တော်တို့ ထောင်အိပ်ခန်းဟာ ဈေးက အမဲသားတန်းထက်တော့ ပိုပြီး သွေးညှီနံ့ လွှမ်းပါတယ်။ လက်ကောက်ဝတ်က ဖြတ်ထားခံရတဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီး (နောက်တော့ ခေါင်းပါ ဖြတ်ပေးလိုက်ရ) လက်ချောင်းတွေ ခုတ်ထားခံရတဲ့ ကိုအောင်ဖိုးတို့ ခြေထောက်ထဲကို ဖနောင့်ကနေ သံချောင်းကို မီးဖုတ်ပြီး လျှိုသွင်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်တို့ဆီက သွေးညှီနံ့တွေအပြင် ရံဖန်ရံခါ အကွဲအပြဲ အဖြတ်အတောက်တွေကြားမှာ ကျွန်တော်ကိုယ်တိုင်လည်း ခေါင်းကို မကြာခဏ အစိမ်းချုပ်ချုပ် ခံရတတ်တာမို့ ကိုယ်ပေါ်က အ၀တ်တွေမှာ သွေးနံ့စွဲနေတာ အဆန်းမဟုတ်တော့ပါ။

ခက်တာက သွေးပေလို့မို့လည်း အင်္ကျီကို လဲမပစ်သာပါဘူး။ လဲစရာလည်း မပေးပါဘူး။ အဲဒီ ပါဂျောင်ဒေသဆိုတာက တရုတ်-မြန်မာနယ်စပ် ကေအိုင်အေဌာနချုပ် လိုင်စင်စခန်းနဲ့ တဆက်တည်း အမြင့်ပေ ခုနှစ်ထောင်ကျော် ရှိတာမို့ ဆောင်းမှာ အရိုးကွဲအောင် အေးစက်ပါတယ်။ ဒါကြောင့်မို့ စောင်မရှိဘဲ (တခါတရံ စောင်ပါးလေးတထည် ၂ ယောက်မျှ) မြေပေါ်လှဲအိပ်ရတဲ့ ကျွန်တော်တို့အဖို့ သွေးဘယ်လိုရွဲနေပေမယ့် အဲဒီအင်္ကျီကို မပစ်နိုင်ပါဘူး။ အနည်းဆုံး လေးထပ်လောက် ထပ်ဝတ်ထားတာတောင် အဆောက်အဦး ထရံကြဲကြဲကြားက တိုက်လာတဲ့ တောင်ပေါ်ဆောင်းလေကြောင့် ရိုက်ထားတဲ့ ဒဏ်တွေက အရိုးကွဲအောင် အေးမြလှပါတယ်။

နောက်ပြီးတော့ စပြီး ဖမ်းဆီးနှိပ်စက်ပြီး ချုပ်ထားကတည်းက တခါမှ ရေချိုးခွင့်လည်းမပေးသလို ကျွန်တော်တို့ဘက်ကလည်း ထပ်အသားနာခံပြီး ရေချိုးခွင့် တောင်းဆိုဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိပါဘူ။ ဒါကြောင့် အ၀တ်အစားတွေမှာ သွေးတွေက ခြောက်ပြီး ချပ်ခေါက်ကြီးဖြစ်တဲ့နေရာ၊ ဆီးနံ၊ သွေးနံ့နဲ့ ဖုန်မှုန့်တို့ လိမ်းကျံနေခဲ့တာ လနဲ့ချီပြီး ကြာလာတာတဲ့နောက် ကျွန်တော်တို့ကိုယ်ပေါ်မှာ ဘယ်အချိန်က စတင်ပေါက်ဖွားခဲ့တယ်လို့ မသိနိုင်တဲ့ သန်းဂျီးမလို့ခေါ်တဲ့ ကိုယ်သန်းတွေနဲ့ အဆွေခင်ပွန်း ဖွဲ့မိကြပါတော့တယ်။

အမှန်တော့ ကျွန်တော်တို့ကိုယ်မှာ ခုလို ကိုယ်သန်းတွေရှိနေတာကို ဘယ်အချိန်က စ သတိထားမိ ဘယ်သူက စ သတိထားမိတယ်ဆိုတာ မှတ်မှတ်သားသား ရှိသင့်ပါလျက် မရှိတာကတော့ အဲဒီအချိန်က ဘယ်အချိန်ခေါ်ပြီး ရိုက်စစ်ဦးမလဲ၊ ရှော့ခ်တိုက်ပြီး အစစ်ခံရဦးမလဲ၊ မီးမြိုက်ခံရဦးမလဲ ဆိုတာကို နေ့နေ့ညည လန့်နေရလို့ပါ။ အစစ်မခံရတဲ့ အချိန်တွေမှာလည်း သူတို့ခိုင်းတဲ့ အလုပ်ကြမ်းတွေကို ကျွဲလို နွားလို လုပ်ရတဲ့ ကျွန်တပိုင်းဖြစ်နေတာမို့ သတိမထားမိကြတာပါ။

အဲနောက်တော့ တယောက်သောသူက စပြီး သူ့ကိုယ်ပေါ်မှာ သန်းတွေရှိနေတယ်လို့ စကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့တွေ အလုပ်နားတဲ့အချိန် အင်္ကျီတွေကို တလွာချင်း ချွတ်ပြီး သေချာစစ်ကြည့်တဲ့အခါမှာတော့ အင်္ကျီရဲ့ ချုပ်ရိုးကြောင်းတွေကြားမှာ ခိုအောင်းနေတဲ့ (အထူးသဖြင့် ဂျိုင်းနဲ့လက်ပြင် အဆက် ချုပ်ရိုးတွေကြား) သန်းဖြူဖြူကြီးတွေကို တွေ့ရပါတယ်။

လူ့စိတ်ဟာ တော်တော်တော့ ဆန်းတယ်ခင်ဗျ။ ဒီကိုယ်သန်းကြီးတွေကို စတွေ့တော့ ဒါဟာ အင်မတန် လန့်စရာကောင်းတဲ့ ကိစ္စကို အန္တရာယ်လို့ မမြင်ဘဲ ငါ့အမေကြီး (အဖွား) ပြောတဲ့ ဂျပန်ခေတ်လို ခေတ်ပျက်ကာလမျိုးမှာမှ ကြုံရတဲ့ သန်းဂျီးမကြီးတွေကိုယ်တိုင် ငါ့ခန္ဓာကိုယ်ပေါ်မှာ ကိုယ်ကပ်နေပါပေါ့လား ဆိုပြီး ကြိတ်ဝမ်းသာမိနေသေးဗျ။ ဒါပေမယ့် ကြာကြာမစောင့်လိုက်ရပါဘူး ညလည်းရောက်ရော သတ္တိပြတော့တယ်ဗျာ။ ခက်တာက ညဘက် မခံမရပ်နိုင်အောင် ဒင်းတို့က ကိုက်ပေမယ့် စောစောက ပြောခဲ့သလို လက်ပြန်ကြိုးက တုပ်ထားတဲ့အပြင် နည်းနည်းလေး လှုပ်ချင်လွန့်ချင်ပြီဆိုရင် ခွင့်ပြုချက် အရင်တောင်းရတာမို့ စိုင်းထီးဆိုင်သီချင်းအလိုက်နဲ့ ပြောရရင် ယားတော့ယားတာပေါ့ ဒါပေမယ့် မကုတ်နဲ့ လို့ပဲ ဆိုသလိုဖြစ်နေတာပေါ့ဗျာ။

အမှန်တော့ ညည ကျွန်တော်တို့ အကျဉ်းစံ ရဲဘော်တချို့ဟာ ခွင့်ပြုချက်မတောင်းဘဲ လူးတယ် လွန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မနက် မနက် တုတ်ချက်ထိခံနေရတာ တော်တ်ာကြာနေပါပြီ။ အရိုက်သာ ခံနေရတယ် ကိုယ်ဖာသာ လူးမိ လွန့်မိသလား မသိရဘဲ အသလွတ် အနွှာခံနေရတာက တော်တော်ကြာနေပြီခင်ဗျ။ မနက်ကျ စာရင်းက ထွက်လာပြီ လူးတယ် လွန့်တယ်တဲ့။ နောက်မှ အဖြေက ပေါ်တော့တာကိုးဗျ။ ဒီကောင်ကြီးတွေ အင်္ကျီအတွင်းထဲမှာ ကိုက်နေတာဆိုတော့ လူးတော့တာပေါ့ဗျာ။ လွန့်တော့တာပေါ့ဗျာ။

လူစိတ်ဟာ အင်မတန် ဆန်းသဗျ။ ပထမဆုံး ကျွန်တော်တို့ ကိုယ်ပေါ်မှာ ဒီကိုယ်သန်းကြီးတွေ ရှိနေတယ်ဆိုတာ စသိတဲ့ ညကိုမှာတော့ ညအိပ်ဖို့ ခေါင်းချပြီး မိနစ်အတွင်းမှာပဲ အင်္ကျီအထပ်ထပ်အတွင်းက ကိုယ်ခန္ဓာမှာ မကြုံစဖူး ထူးထူးခြားခြား ယားလာပါတော့တယ်။ သန်းဂျီးမတပ်ဖွဲ့ဟာ တညတာ စစ်ဆင်ရေး စတင်ဖို့အတွက် တပ်ချီ တပ်ပြောင်းတွေ လုပ်နေပုံရပါတယ်ဗျ။ သိတဲ့အတိုင်း ခြေထောက် ၂ ချောင်းကလည်း သံကြိုးကွင်းထဲမှာ။ လက် ၂ ဘက်ကို ကျောနောက်ပို့ပြီး လက်ကောက်ဝတ်ကနေ ပူးတုပ်ထားတာမို့ လှဲချလိုက်ပြီဆိုတာနဲ့ လူက ပုံစံအရကို မလူးမလွန့် နိုင်တော့ပါဘူး။ ငယ်ငယ်က ဘူတာရုံမှာ ခြေလေးချောင်းလုံးကို ပူးတုပ်ထားတဲ့ ၀က်တွေ ပုံစံပါပဲဗျာ။ မျက်စေ့ကိုလည်း ပိတ်စနဲ့ အမြဲတင်းနေအောင် ချည်ထားတာဆိုတော့ နားကို အမြဲစွင့်ထားတဲ့ အလေ့က ရှိနေသဗျ။ ဘယ်သူ့ခေါ်ထုတ် သွားပြီလဲ။ ဘယ်သူ ၀င်လာပြန်ပြီလဲ စသည်ဖြင့်ပေါ့။ ညဘက်တွေမှာ ခေါ်ပြီး စစ်ဆေးတာကိုးဗျ။ ဘယ်သူတော့ဖြင့် စစ်ရင်း လက်လွန်သွားလို့ ပြန်မလာနိုင်တော့ဘူး စသည်ဖြင့်ပေါ့ … ဆိုတော့ နားကတော့ စွပ်စွင့်ထားရတယ်။ ဘ၀က ...။

ပြောရင်တော့ ပိုလွန်းတယ် ပြောကြမှာပဲ။ တကယ်ပါဗျာ နောက် အာရုံစိုက်ထားတဲ့ အချိန်ဆိုရင် အဲဒီ ကိုရွှေသန်းဂျီးမ တပ်ဖွဲ့အထဲမှာ ပြေးလွားလှုပ်ရှားတဲ့ အသံကို နားထဲမှာ တခါတခါ ကြားရသဗျ။ အရေပြားပေါ်မှာ ပြေးနေရင်လည်း သိနေသဗျ။ ကိုက်တာကတော့ မပြောပါနဲ့တော့ဗျာ။

သူတို့တွေကလည်း သိပုံရတယ်ဗျ။ ခုငါတို့ သွေးစုပ်နေတဲ့ လဒတွေဟာ ငါတို့ကို ဘာမှမတုံ့ပြန်နိုင်တဲ့ ကောင်တွေလို့ ကောင်းကောင်း သိနေပုံရတယ်ဗျ။ အဲဒီတော့ ညရောက်တာနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဟာ သူတို့အတွက် အကောင်းဆုံး ပျော်ပွဲစားရုံကြီးတွေ ဖြစ်သွားတော့တာမို့ တညလုံး စိတ်ကြိုက် ပွဲတော်တည်ကြပါတော့တယ်။ ကျွန်တော်တို့ သန်းတွေ ကပ်နေတာ စသိတဲ့ ညကတော့ ဘာပြောကောင်းမလဲဗျာ။ အရင်ကနဲ့မတူအောင် ယား၊ မတူအောင် နာတော့ကိုး။ အဲဒီတော့ လက်ပြန်ကြိုးတုပ်ထားတော့ ဘာမှလုပ်မရပေမယ့် နည်းနည်းလေး သက်သာလို သက်သာငြား လူးကြည့် လွန့်ကြည့်ချင်တဲ့စိတ်က ဘယ်လိုမှ တားမရဘူးခင်ဗျ။

ယားနေတာကို အာရုံစိုက်ပြီး မြေကြီးနဲ့ ကြိတ်သတ်ဖို့ လုပ်ကြည့်တာပေါ့ဗျ။ ဘာပြောကောင်းမလဲဗျာ။ တညလုံးဟာ တယောက်ပြီး တယောက် နည်းနည်းလှုပ်ပါရစေဗျ ဆိုတာချည်း ဖြစ်ကုန်တာပေါ့။ ခက်တာက အကုန်လုံးက ကုပ်ချင် လှုပ်ချင်တဲ့ လူတွေချည်းဖြစ်နေသလို ကုပ်ဖို့အရေး ခွင့်ပြုချက်ရဖို့ကလည်း အလွန်အရေးကြီးတာကိုးဗျ။ ကျွန်တော် နည်းနည်း လှုပ်ပါရစေဗျ လို့ပြောပေမယ့် လှုပ်လို့ ခွင့်ပြုချက်ကျဖို့ စောင့်ရတာက တခါတခါ တကမ္ဘာလောက် ကြာနေသလိုပဲ။ ကိုယ့်အလှည့်တောင် မရောက်သေးဘူး နောက်ကတယောက်က ကျွန်တော်လည်း ကုတ်ပါရစေ ဖြစ်လာပြန်ရော။ သိတဲ့အတိုင်းဗျာ တာဝန်ကျတဲ့ အစောင့်ဆိုတာကလည်း အမျိုးမျိုးကိုး။ အဲဒီတော့ နောက်ဆုံးရလဒ်ကတော့ မနက်လင်းလို့ ကွင်းထဲမှာလည်း တန်းစီရော ဘာမှပြောမနေနဲ့ အစောင့်ကျတဲ့ လူအားလုံးက တုတ်ကိုယ်စီနဲ့ စောင့်နေတော့တာပေါ့။ ညက လှုပ်တဲ့လူ မလှုပ်တဲ့လူ ခွဲမနေတော့ဘူးလေ၊ အားလုံးမြေကြီးပေါ် ၀မ်းယားမှောက်ထားစေ ဆိုတာမျိုးနဲ့ အ၀စားရတော့တာပေါ့ဗျ။

အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့ဘ၀မှာ ကျွန်တ်ာတို့ကို ဖမ်းထားပြီး မကြာခဏ အကြီးအကျယ် နှိပ်စက်နေတဲ့ ငရဲသားတွေရဲ့ ရန်ထက်၊ နောက် ရန်သူတော်အသစ် သန်းဂျီးမတွေကို ပိုပြီး ထိတ်လန့်လာပါတော့တယ်။ ညတိုင်း ဘယ်လိုအချိန်မှာ လူးခွင့်တောင်းရပါ့မလဲ ဆိုတာမျိုးကိုချည်း ချောင်းနေရတာကိုး။ သန်းဂျီးမတွေကလည်း လည်တယ်ဗျ။ ညဆို သူတို့ ပုန်းအောင်းနေတဲ့နေရာကနေ လက်မောင်းတလျှောက် ဆင်းလာပြီး လက်ပြန်ကြိုးတုပ်ထားတဲ့ လက်ကောက်ဝတ်က ကြိုးချည်ထားတဲ့ နေရာတ၀ိုက်ကို ဆင်းလာပြီး ကိုက်တတ်သဗျ။ တိုတိုပြောရရင်တော့ ညမလှုပ်ဘဲလည်း မနေနိုင်၊ မနက်ကျတော့မှ ရိုက်ပါစေတော့ ဆိုပြီး လှုပ်ရာက အရိုက်ခံရတာ ကြာလာတော့ ဒီသန်းဂျီးမတွေ ရန်က လွတ်ဖို့အရေးဟာ တို့တာဝန်အရေးတပါး ဖြစ်လာတော့တာပေါ့ဗျာ။

ပထမဆုံး စစ်ဆင်ရေးကတော့ အပြင်မှာ အလုပ်တွေ ထွက်လုပ်ရာက အပြန် ထောင်ရှေ့ကွင်းထဲ ခဏထိုင် လူရေတွက်ချိန်မှာ ခွင့်တောင်းပြီး အင်္ကျီအထပ်ထပ်ကို ချွတ်ပြီး အောက်ဆုံးထပ်ကို ထားပြီး ကျန်အထပ်တွေကို ပြန်ဝတ်ပြီး (ပြန်မ၀တ်လို့ကလည်း မဖြစ်ဘူး တခါတလေဆို ရေခဲအောင် အေးတဲ့ နေရာကိုး) တော့ ရတဲ့အချိန်အတွင်းမှာ အဲဒီအင်္ကျီရဲ့ ချုပ်ရိုးကြောင်းတွေအတိုင်း ခိုအောင်းနေတဲ့ ရန်သူတော် သန်းဂျီးမတွေကို လက်စားချေကြပါတော့တယ်။

ကျွန်တော်တို့ရဲ့အင်္ကျီတွေက စစ်ရောင်တွေမို့ စစ်စိမ်းရောင် အင်္ကျီချုပ်ရိုးကြားမှာ ခိုနေတဲ့ ဒင်းတို့ကို ရှာရတာ ဘယ်ခက်လိမ့်မလဲဗျာ။ ဒီဖြူဖြူဖွေးဖွေး ဆန့်စေ့ကြီးတွေလို ကပ်နေတဲ့ဟာ။ အမယ် တကယ်လိုက်ရှာပြီး ရှင်းနေပြီဆိုတာ သိတော့ ဒင်းတို့ကလည်း ပြေးချင်တယ်ဗျ။ ဒါပေမယ့် ဘယ်ရလိမ့်မလဲဗျာ၊ ညပေါင်းများစွာ အငြိုးကြီး ငြိုးထားတဲ့ ကျွန်တော်တို့လက်က လွတ်အောင် မပြေးနိုင်ကြပါဘူး။ အတုံးအရုံးပေါ့ဗျာ။ ဒါပေမယ့် ခက်တာက သူတို့ကို ကုန်စင်သွားအောင် ရှာဖို့ ကျွန်တော်တို့မှာက လုံလောက်တဲ့အချိန် မရှိတာပဲဗျ။ ပြီးတော့ နေ့စဉ်ကလည်း မရှာနိုင်တာတော့ အရင်လိုပဲ နေ့ကျ အစောင့်နဲ့ စစ်ကြောရေး ပြုသမျှ နုကြရပြီး ညညမှာတော့ ဒင်းတို့ပြုသမျှ နုရတဲ့ ဘ၀မှာပဲ စင်းခံခဲ့ရသဗျ။

အဲဒီလို စင်းခံနေရတဲ့ ဘ၀ကနေ တယောက်သောသူက သူ့အတွေ့အကြုံတခု ဝေငှလာသဗျ။ အဲဒါကတော့ ညအိပ်ရာဝင်ခါနီး လက်ပြန်ကြိုးချည်ကာနီးမှာ အတွင်းဆုံးက အင်္ကျီကို ချွတ်ပြီး အပေါ်ဆုံးကို ပြောင်းပြီးဝတ်တဲ့နည်းခင်ဗျ။ များသောအားဖြင့် ဒီသန်းဂျီးမတွေက အောက်ဆုံးက အင်္ကျီမှာ တွယ်ကပ်နေတတ်ထာဆိုတော့ ဒီဟာကို အပေါ်ဆုံးထပ်ကို ပြောင်းဝတ်လိုက်ပြီးတော့ မျက်စိလည်အောင်လုပ်တဲ့ စိတ်ကူးဖြစ်ပါတယ်။ တကယ်တမ်း လုပ်ကြည့်တဲ့အခါ ဟုတ်သဗျ။ ညဦးပိုင်းမှာတော့ နည်းနည်းသက်သာသလိုလို ဖြစ်ပြီး နောက်ပိုင်းမှာတော့ အတိုးချပြီး အပြတ်အသတ် နွှာပါတော့တယ်။ ငါတို့ကို မလိမ့်တပတ်နဲ့လုပ်တဲ့ ကောင်တွေဆိုပြီး တကယ်နွှာတဲ့အခါ တော်တော်ခံစားရသဗျ။ ဒီတော့ နေနှင့်ဦးပေါ့ကွာ ဆိုပြီး ကြိတ်ပြီး ကြိမ်းဝါးနေခဲ့ရတာပေါ့ခင်ဗျာ။

ဒီလိုနဲ့ ဆောင်းတွင်းကြီးတတွင်းလုံးမှာ ရေခဲတွေ လွှမ်းတဲ့ဆောင်း၊ အရိုက်ကြမ်း အဖြတ်အတောက်ကြမ်းတဲ့ စစ်ကြောရေးနဲ့ သွေးအစုပ်ကြမ်းတဲ့ သန်းဂျီးမတို့နဲ့ လုံးထွေးရင်း ရက်စက်အမှုအပေါင်း သရဖူဆောင်းတော့သည်ဆိုသလိုပဲ ကျွန်တော်တို့ထဲက ရဲဘော်တချို့ မကြွေသင့်ဘဲ ကြွေလွင့်ခဲ့ရပြီး ဆောင်းအလွန် နှင်းခဲပျော်ချိန် ရောက်လာပါတယ်။

ကျွန်တော်တို့တွေလည်း ငရဲမှာ နည်းနည်း အသားကျလာပါတယ်။ တရက်မှာတော့ ကျွန်တော်တို့ အကျဉ်းသားတွေထဲမှာ တန်းစီးတာဝန်ယူထားရတဲ့ ကသာက ကိုမြင့်သိန်းက အရဲ့စွန့်ပြီး အထူးအရေးကြီးတဲ့ စီမံကိန်းတခုကို လုံခြုံရေးယူထားတဲ့ တာဝန်ခံကတဆင့် တင်ပြလိုက်ပါသဗျ။

အဲဒါကတော့ ခုလို နှင်းတွေပျော်လို့ ထောင်ကုန်းက ဆင်းတဲ့ တောင်ကြား စမ်းချောင်းလေး ပေါ်လာတဲ့နေရာမှာ ကျွန်တော်တို့ကို ရေချိုးခွင့်ပြုဖို့နဲ့ အ၀တ်တွေကိုလည်း ရေနွေးနဲ့ စိမ်ပြီး ပြုတ်လျော်ခွင့်ပေးဖို့ဖြစ်ပါတယ်။

အဲဒီချိန်က ကျွန်တ်ာတို့အားလုံး ရေမချိုးရတာ လေးလကျော်နေပါပြီ။ နောက်ဆုံးတော့ အစောင့်အကြပ် စုံလင်စွာနဲ့ သဘောတူညီချက်များစွာနဲ့ ရေချပွဲအခမ်းအနား လုပ်ဖြစ်ပါတော့တယ်။ အချိန်က မနက် ၁၀ နာရီလောက် နေထွက်ချိန်လောက်မှာ စဖြစ်ပါတယ်။ ကျွန်တော်တို့ ထောင်ကုန်းနဲ့ အာသံကုန်း နှစ်ခုကြားမှာ နှင်းပျော်ချိန်ဆို ခြေကျင်းဝတ်လောက် နက်ပြီး လေးပေလောက်ကျယ်တဲ့ စမ်းချောင်းလေးရှိသဗျ။ အာသံကုန်းလို့ ခေါ်ရတာကတော့ ကေအိုင်အေတပ်မှာ စစ်သင်တန်းလာယူတဲ့ အိန္ဒိယနိုင်ငံ အာသံပြည်ကလာတဲ့ သူပုန်တွေထဲက စစ်စည်းကမ်းမလိုက်နာတဲ့ စစ်သားတချို့ကို ခေါင်းဖြတ်သတ်ခဲ့ဘူးတဲ့ ကုန်းဖြစ်လို့ပါ။

နောင် အဲဒီတောင်ကုန်းပေါ်မှာပဲ ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ရက် ညနေလေးနာရီလောက်မှာ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအ၀င် တော်လှန်ရေးကျောင်းသားခေါင်းဆောင် ရဲဘော် ၁၅ ဦးကို တချိန်တည်း အမိန့်ထုတ် ခေါင်းဖြတ်သတ်ခံခဲ့ရတာလည်း အဲဒီကုန်းပေါ်မှာ ဖြစ်ခဲ့တာပါ။

ပထမဦးစွာ ကျွန်တော်တို့က အဲဒီစမ်းချောင်းလေးကို လူတယောက်လှဲပြီး စိမ်လို့ရအောင် ပြုပြင်ရပါတယ်။ တဖွဲ့ကတော့ မိုးဗြဲဒယ်ကြီး တလုံးထဲ ရေဖြည့်ပြီးတော့ ကျောက်တုံးသုံးတုံးကို ဖိုခနောက်ဆိုင်ပြီး ထင်းမီးဖိုကြီးတခု တည်ပါတယ်။ အဲဒီမိုးဗြဲဒယ်ကြီး ပွက်လာတာကို ကြည့်ပြီး ကျွန်တ်ာတို့အားလုံးဟာ တော်တော် စိတ်လှုပ်ရှားနေကြပါတယ်။ ရေတွေ ကျွက်ကျွက်ဆူလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သန်းနှိမ်နင်းရေးစီမံကိန်းကြီးကို စတင်ပါတော့တယ်။

ပထမဆုံး ရေချိုးမယ့် တသုတ်ခွဲလိုက်ပြီး သူတို့အားလုံးရဲ့ အ၀တ်တွေအားလုံးကို ချွတ်ပြီး အငွေ့တထောင်းထောင်းထနေတဲ့ ရေတွေထဲကို ပစ်ထည့်လိုက်ကြပြီး ၀ါးလုံရှည်နဲ့ ထိုးနှစ်လိုက်ပါတယ်။ အားလုံးရဲ့မျက်လုံးတွေကလည်း စိတ်ဝင်စားစွာနဲ့ ဒယ်အိုးရေမျက်နှာပြင်ကို စိုက်ကြည့်နေလိုက်ပါတယ်ဗျာ။ တထည် ပစ်လိုက်တာနဲ့ ရေပြင်ပေါ်ကို တက်လာလိုက်တဲ့ သန်းဂျီးမဖွေးဖွေးကြီးဗျာ။ ဖွေးကနဲ ဖွေးကနဲ ရေပြင်ပေါ် တက်လာလိုက်တာ။ နောက်ဆုံး ညစ်မဲနေတဲ့ ဒယ်အိုးရေမျက်နှာပြင်တခုလုံးမှာ ပေါလောမျောနေတဲ့ သန်းဂျီးမတွေနဲ့ အပြည့်ဖုံးသွားလိုက်တာ ရေမဲညစ်ညစ်တွေတောင် ပျောက်သွားတဲ့အထိပါပဲ။

ကျွန်တော်တို့ အကုသိုလ်ကလည်း မသေးလှဘူးခင်ဗျ။ ဒီလောက် ဘယ်နေ့ ထုတ်ရိုက်လို့ သေမလဲဆိုတာကို တထိတ်ထိတ် ဖြစ်နေရတဲ့အထဲ ဒီသန်းဂျီးမတွေက အကုန်ကြွသွားတာကို အားရပါးရ အရသာခံပြီး ကြည့်နေကြသေးတယ်ခင်ဗျ။ ပြောရရင်တော့ သူတို့ပေးထားတဲ့ ဒုက္ခကလည်း မသေးဘဲကိုးဗျ။ အဲဒီနေ့ ညမှာတော့ ကျွန်တော်တို့အားလုံးဟာ သန်းဂျီးမတွေရဲ့ ဘေးရန်က လွတ်မြောက်ပြီး အေးအေးချမ်းချမ်း အိပ်စက်ရပါတော့တယ်။

ဒါပေမယ့် သိပ်တော့မကြာပါဘူး၊ ဒင်းတို့ အတိုးချနှိပ်စက်တဲ့ ဒဏ်ကို ပြန်ခံရပြန်ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ရေချခွင့်ရတဲ့နေ့က နှိပ်စက်ထားလို့ မထနိုင်တဲ့လူတွေ လောလောလတ်လတ် လက်ခြေပြတ်ထားတဲ့ ဒဏ်နဲ့ ရေလုံးဝ ထိလိုမရတဲ့ ရဲဘော်တချို့က ထောင်တွင်းဆောင်မှာ ကျန်ခဲ့တာမို့ သူတို့အ၀တ်အစားတွေမှာနဲ့ ကျွန်တော်တို့ အိပ်တဲ့ နေရာခင်းတို့ စောင်တို့မှာ အသက်ဆက်ရှင်သန်နေတဲ့ သန်းဂျီးမတို့ဟာ သန်းဂျီးမမျိုးနွယ် မတိမ်ကောရေးအတွက် သံဝါသအမှုကို အရင်ကထက် နှစ်ဆအတိုးချပြီး လုပ်အားပြကြပုံရပါတယ်။ မကြာခင်မှာပဲ မျိုးဆက်တွေပြန့်ပွားပြီး ကုတ်ပါရစေ ဘ၀။ လူးပါရစေ လွန့်ပါရစေ ဘ၀ကို ပြန်ကျရောက်ရပြန်ပါတယ်။

ဒီလိုနဲ့ သန်းဂျီးမစစ်ဆင်ရေးတခုကို ဆင်နွဲဖို့ အခွင့်လျှောက်ရပြန်ပါတယ်။ ဒီလိုနဲ့ န၀တခေတ်ဦး မြို့ပြစီမံကိန်းတွေမှာ စစ်တပ်နဲ့ ပေါင်းပြီး သန်းကြွယ်သူဌေးတွေဖြစ်ဖို့ အလုအယက် စီးပွားရှာနေကြတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်အပါအ၀င် ကံထူးသူ ငမိုက်သားတသိုက်ကတော့ သန်းကြွယ်သူဌေးတွေ ဘ၀ကနေ လွတ်ဖို့ အသည်းအသန် ကြိုးစားနေခဲ့ကြရသဗျ။

မှတ်မှတ်ရရ သန်းဂျီးမတွေနဲ့ အပြန်အလှန်ခင်းခဲ့တဲ့ စစ်ပွဲကို ကျွန်တော်တို့ဘက်ကနေ တဖက်သက် ရပ်စဲလိုက်တဲ့ အချိန်ကတော့ စောစောက ပြောသလို ကျွန်တော်တို့နဲ့ ဘ၀တူ ရဲဘော်တချို့ ကွပ်မျက်ခံခဲ့ရပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဇက်ပေါ်ကို တကယ်ဓားဝဲခဲ့တဲ့ အတွေ့အကြုံအရ တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ကိုယ့်အသက် သေမှာတော့ ကြောက်ရှာမှာပဲလို့ ကိုယ်ချင်းစာမိလာတာလည်း ပါသလို နေ့စဉ်အလုပ်ခွင် ထင်းထမ်း၊ ထင်းဖြတ်၊ ကျောက်ထု၊ ကျောက်သယ် လုပ်ကြရတိုင်း ရဲဘော်တွေ ကွပ်မျက်ခံခဲ့ရတဲ့ အာသံကုန်း (နောင်အခါ ကိုထွန်းအောင်ကျော်ကုန်း) ဘေးက နေ့စဉ်ဖြတ်သွားလာရင်း စဉ်းစားမိတဲ့ အချက်တခု ရှိပါတယ်။

ဗုဒ္ဓကျမ်းဂန်တခုမှာ ရဟန်းကြီးတပါးဟာ ပျံလွန်တော်မူချိန်မှာ မိမိရဲ့သင်္ကန်းကို စွဲလန်းမိခဲ့လို့ သင်္ကန်းမှာ ကပ်ငြိပြီး သန်းဂျီမ ဖြစ်ရရှာတဲ့ ဇာတက ရှိပါတယ်။ ကျွန်တော်တို့ရဲဘော်တွေထဲက တချို့ဟာ ကျွန်တော်တို့ကိုများ နောက်ဆုံးအချိန်မှာ စိတ်မှာစွဲသွားခဲ့သော်ဆိုတဲ့ အတွေးတခု ရလာပြီးတဲ့နောက် ဒီလိုအတွေးကို အချင်းချင်း ဝေငှပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ မိုးဗြဲဒယ်စစ်ဆင်ရေးကို တဖက်သတ် ရပ်ဆိုင်းပြီး သန်းကြွယ်သူဌေးတွေဘ၀မှာပဲ လူးရင်း လွန့်ရင်း ကြိတ်ခံကြတာ နွေတနွေ ကုန်လို့၊ မိုးကူးပြီး မိုးသည်း ညတညမှာ ပါဂျောင်စခန်းက စွန့်ခွာထွက်ပြေးခဲ့တဲ့တိုင်အောင်ပါပဲ။

နောက်ဆုံး အလင်းဝင်ဘ၀နဲ့ ကြက်ခြေနီအဖွဲ့က ပေးတဲ့ အ၀တ်အစားသစ်တွေကို ပြောင်းလဲခွင့်ရချိန်မှာ သန်းဂျီးမတွေနဲ့ ကတ္တီပါလမ်းခွဲပေါ့ခင်ဗျာ။ အမှန်တော့ ကိုခင်ဝမ်းရဲ့ နှုတ်ဆက်ခဲ့ပါတယ် ဆိုတဲ့ သီချင်းလေးနဲ့ နှုတ်ဆက်ချင်ပေမယ့် သန်းဂျီးမဆိုတာ့လည်း အနုပညာတွေ ဘာတွေ နားလည်ခံစားနိုင်မှာမဟုတ်တော့ မဆိုပြဖြစ်ခဲ့တော့ပါဘူး။

တကယ်တွက်ကြည့်တော့ ဒီအိမ်မက်ဆိုးကြီး မက်ခဲ့တဲ့ သန်းကြွယ်သူဌေးဘ၀ဟာ ခုဆိုရင် နှစ်ပေါင်း ၂၀ တင်းတင်းပြည့်မြည်ခဲ့ပါပြီ။ လာမယ့် ၂၀၁၂ ဖေဖောဝါရီလ ၁၂ ရက်နေ့မှာ နိုင်ငံတော်လှန်ရေးတခုအတွက် မွန်မြတ်တဲ့စိတ်နဲ့ စွန့်လွှတ်စွန့်စားမယ်ဆိုပြီး ထွက်လာခဲ့တဲ့ အထက်ဗမာပြည်က ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအ၀င် ရဲဘော်တွေ ကွပ်မျက်ခံခဲ့ရတာ နှစ်ပေါင်း ၂၀ တင်းတင်းပြည့်ခဲ့ပါပြီ။

နိဒါန်းမှာ ဖော်ပြခဲ့သလို ဆရာမခက်မာရဲ့သန်းတွေအကြောင်း ဖတ်ရတဲ့အခါ နှစ်ကာလများစွာက ကိုယ်ပေါ်မှာ ညပေါင်းများစွာ သန်းဂျီးမတွေ တွားသွားခဲ့တဲ့ နေရာတွေက ယားလာပါတယ်။ အခုတခါ ယားလာတာကတော့ သန်းဂျီးမတွေကြောင့် မဟုတ်ပါဘူး။

နိုင်ငံအတွက် စွန့်လွှတ်ရင်း အသက်ပေးခဲ့ရတဲ့ ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသားခေါင်းဆောင် ရဲဘော်ပေါင်း ၃၀ ကျော်ရဲ့ အဖြစ်အပျက်ထဲမှာ ကိုယ်တိုင်လည်း သားကောင်တဦးအဖြစ် ပါဝင်ခဲ့ပါလျက်နဲ့ နှောင်းလူတို့ သိဖို့ တစိုးတစိမှ မတို့ မထိခဲ့ဘဲ၊ ရေငုံနေခဲ့တဲ့ မိမိကိုယ်မိမိကြည့်မိတဲ့အခါ အပြစ်မကင်းသလို ခံစားရတဲ့ စိတ်က တရွရွ ကိုယ်ပေါ်ပြေးလွှားနေတာမို့ တခါက တရွရွ ပြေးလွှားခဲ့ဖူးတဲ့ သန်းဂျီးမတွေအကြောင်းကို ခုလို ချရေးမိတာဖြစ်ပါကြောင်း ၀န်ခံချက်ပေးပါတယ်။

တကယ်တော့လည်း အစမထင် သံသရာအစဉ်က ကျွန်တော်တို့ခန္ဓာမှာ ကပ်ငြိလိုက်ပါ တွားသွားနေတဲ့ သာမာန်မျက်စိနဲ့ မမြင်သာတဲ့ သန်းဂျီးမတွေက အချိန်တိုင်းမှာ လိုက်ပါ ပြေးလွှား ကိုက်ဖဲ့ သွေးစုပ်နေခဲ့တာက …

ဘ၀များစွာ ...၊

နှစ်များစွာ ...၊

လများစွာ ...၊

ရက်များစွာ ...၊

နာရီများစွာ ...၊

မိနစ်များစွာ ...၊

စက္ကန့်များစွာ မဟုတ်ပါလားခင်ဗျာ။

(ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များသို့ ဦးညွတ်လျက် ...)

ပန်းချီထိန်လင်း

2 comments:

Anonymous said...

ခေါင်းဆောင်လူသတ်သမားလေးကိုBBC က အလုပ်ပေးထားလိုက်သေးတယ်။

Thein said...

လူကို ခွေးသတ်လေခြင်း