Tuesday, April 7, 2009
အမေလူထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့်အမှတ်တရ
ကဗျာစာအုပ်ကလေးတွေ လုံးချင်းအဖြစ်နှင့် ဟော ... တအုပ်၊ ဟော ... တအုပ် ထွက်လာသည်မှာ စစ်ပြီး ခေတ် မြန်မာစာပေ၏ ကဗျာကဏ္ဍမှ တိုးတက်မှုတရပ် ဖြစ်ပေသည်။
ကဗျာစာအုပ်ကလေးများသည် အချို့လည်း နှစ်လိုဖွယ်ကောင်းသည်။ အချို့လည်း ရွက်ကြမ်းရေကြိုမျှ ရှိ သည်။ အချို့လည်း အဆင့်အတန်း မမြင့်လှ။ သို့သော် အဆင့်မြင့်သည့် ကဗျာစာအုပ်သည် ကျန်ရစ်မည်ဖြစ် ပြီး၊ အဆင့်မမြင့်သည့် ကဗျာများသည် ကာလကြာသည့်အခါ တိမ်မြုပ်သွားပေလိမ့်မည်။ ဤသည်မှာ ဓမ္မတာ ဖြစ်သည်။ အဆင့်မြင့်သည့် ကဗျာများမူ ဤကဗျာများကိုပင် အသစ်ကို လက်ခံသည့် ငယ်ရွယ်သူတို့က ရွတ် ဖတ်ကြလိမ့်မည်။ ကျက်မှတ်ကြလိမ့်မည်။ ဤကဗျာတို့ကို အခြေပြု၍ ဤကဗျာတို့ထက် ကောင်းနိုးရာရာ အ သစ်အသစ်သော ကဗျာတို့ကို အနာဂတ်တွင် ရေးစပ်ကြပေလိမ့်မည်။ သက္ကရာဇ် ၁၉၃၀ နှင့် ၄၀ အကြားတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာပေဥယျာဉ်ကြီးအတွင်းမှ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်သန့်စင်၊ မောင်သုတ၊ ကုသ၊ သိပ္ပံမောင်ဝ စသော ခေတ်စမ်းစာပေ၊ ခေတ်စမ်းကဗျာ ဆရာများ ပွင့်ဖူးခဲ့သည်။ ထိုအပွင့်အဖူးတို့က ကျသည့် မျိုးဖြင့် လူ့တဆက်အကွာ ၁၉၅၀ ခုနှစ်နှင့် ၁၉၆၀ ခုနှစ်အကြားတွင် မန္တလေးတက္ကသိုလ် မြန်မာစာပေဥယျာဉ် အတွင်းမှလည်း တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ မောင်သိင်္ဂါ စသော ခေတ်စမ်းကဗျာသမားကလေးများ ပွင့်ဖူးလာကြသည်။
ဤလူငယ်ကလေးများသည် ဇော်ဂျီ၊ မင်းသုဝဏ်တို့က ပေးသည့် ဖွဲ့ဟန်ကို ကိုင်စွဲလာကြသော်လည်း ဇော်ဂျီ တို့ မင်းသုဝဏ်တို့ထက် သူတို့က ပို၍တွေးရဲလာကြသည်။ သူတို့အတွေးအခေါ်နှင့် သူတို့အဘိဓမ္မာသည် သူ တို့ဆရာများထက် တိုးတက်လာကြလေသည်။ ဤသို့ ဖြစ်ရခြင်းမှာ ခေတ်၏ ခြားနားခြင်းကြောင့် ဖြစ်သည်။ ခေတ်စမ်းကဗျာပေါ်စခေတ်က မြန်မာနိုင်ငံတွင် နဂါးနီစာအုပ်တိုက် မပေါ်သေး။ ထို့ကြောင့် ဆရာကြီးသခင် ကိုယ်တော်မှိုင်းကို လေးစားမြတ်နိုး၍ ဆရာကြီး၏ နိုင်ငံရေးသြဇာညောင်းသော ဇော်ဂျီနှင့် မင်းသုဝဏ်တို့က "အို ... မြန်မာတို့" ဟူသော ကဗျာမျိုး၊ "သပြေညို" ကဗျာမျိုးကိုသာ ရေးကြသည်။ မြန်မာနိုင်ငံတွင် ကွန်မြူနစ် ပါတီ စတင်တည်ထောင်သည်မှာ ၁၉၄၁ ခုနှစ်ကမှ ဖြစ်သည်။ ထို့ကြောင့် ခေတ်စမ်းကဗျာခေတ်တွင် တိုးတက် သော အတွေးအခေါ်သစ်များက မြန်မာလူငယ်ပညာတတ်တို့ ဦးခေါင်းတွင်းသို့ ချဉ်းနင်းဝင်ရောက်မှုက နည်း ပါးပေသေးသည်။ ဇော်ဂျီ၏ ၁၉၃၅ ခုနှစ်က အိုးဝေမဂ္ဂဇင်းပါ ကဗျာတပုဒ်မှာ ...
အို ... မြန်မာတို့ အမည်ဖြင့် ...
"ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
စေတီဘုရား၊ များလည်းများ၏။
များပါလေလဲ ...
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျှင် ...
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက် ...
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိလိမ့်တကား။
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
ရေချိုးသောက်ရန်၊ မြစ်ကြီးကန်နှင့်
သီးနှံစပါး၊ များလည်းများ၏
များပါလေလဲ ...
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျှင် ...
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်လိမ့်တကား။
ထလော့မြန်မာ၊ မြန်မာထလော့
အားမပြော့နှင့်
မလျှော့လုံ့လ၊ ဉာဏ်ရောင်ပြ၍
၀၀စားရန်၊ ဆွမ်းတင်ရန်ဟု
ကြံပါကုန်ကြ၊ ကြံကုန်ကြလော့
သူကအစ၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်နိုင်စေ၊ စွမ်းကြစေလော့
ဤပြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤစာစကား၊ ဘယ်သူ့စကားလဲ
ထားလော့တာဝန်၊ ပြွန်လော့လုပ်ငန်း
ဉာဏ်ရွှင်လန်း၍
တ၀မ်းတစိတ် ညီစေတကား။ ။"
ဟူ၍ ရေးစပ်ခဲ့သည်။
မင်းသုဝဏ်က ၁၉၃၈ ခုနှစ်၌ သပြေညို အမည်ဖြင့် ...
"သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညိုရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုကအသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။"
ဟူ၍ ရေးစပ်ထားပေသည်။
ထိုကာလမှ အနှစ် ၂၀ ကြာ၍ လူ့တဆက်သို့အကူး စစ်ပြီးခေတ်တွင်ကား လွတ်လပ်ရေးမျှနှင့် ပြည်သူက မ တင်းတိမ်တော့၊ ဆိုရှယ်လစ်ဗမာနိုင်ငံ ထူထောင်ရေးအထိ တောင်းဆိုလာသည်။ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင် ရေး၊ အမျိုးသားလွတ်လပ်ရေး၊ ငြိမ်းချမ်းရေးလှိုင်းတံပိုးကြီးက ဗမာပြည်တနံတလျားလုံး ကြီးမားစွာ ရိုက်ခတ် ၍နေသည်။ ဤလှိုင်းတံပိုးကြားတွင် လူဖြစ်လာသည့် လူငယ်များအနက် မန္တလေးတက္ကသိုလ်မှ ဖူးပွင့်လာသည့် တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်ဟူသော ကဗျာဆရာလူငယ် ၃ ဦးသည်၊ သူများထက် ရဲရဲတွေးပြီး ရဲရဲရေး လာကြသည်။
ကဗျာတပုဒ်ဟူ၍ ဖြစ်ပေါ်လာရာ၌ (၁) စာဆိုသူ ဖြတ်သန်းကြီးပြင်းလာခဲ့ရသည့် ဘ၀ခရီးတာ၊ (၂) စာဆိုသူ ခံ ယူသည့် ဘ၀အဘိဓမ္မာနှင့် ဦးတည်ရည်မှန်းချက် သို့မဟုတ် ဘ၀နှင့်ပတ်သက်သော သူ့ယုံကြည်ချက်၊ (၃) စာ ဆိုသူ လက်လှမ်းမီသည့် အသိအမြင်ဗဟုသုတနှင့် ဝေါဟာရတို့အပေါ်တွင် အခြေခံလျက် ကဗျာသည် ပေါက် ဖွားသည့်သဘော ရှိပါသည်။ ထို့ကြောင့်လည်း တဆရာတည်း သင်ကြ၊ တကျောင်းတည်း ထွက်လင့်ကစား တယောက်နှင့်တယောက် မတူညီသော ကဗျာများကို သီကုံးနိုင်ကြခြင်း ဖြစ်ပါလိမ့်မည်။
မောင်ကြည်အောင်သည် တိုးတက်သော အဘိဓမ္မာကို လက်ခံပုံရ၍ တနေ့သောအခါ လူနှင့်လူချင်း သွေးစုပ်မှု ကင်းသော လောကသို့ ဦးတည်ရည်မှန်းဟန်ရှိသည်။ ထို့ပြင် သူ့အနေနှင့် သူဖြတ်သန်းခဲ့ရသည့် ဘ၀ခရီးသည် ပန်းခင်းလမ်းချည်း ဟုတ်ဟန်မတူ။ မြွေတံတား၊ ကျားခလုတ်၊ သစ်ငုတ်သင်ဖြူး၊ ဆူးမွေ့ရာချည့် မဟုတ်လင့်က စား အများစုသော ပညာတတ်လူတန်းစားတို့ ဖြတ်သန်းကြီးပြင်းခဲ့ရသလို သာတောင့်သာယာများက များလှ ဟန်မရှိ။ ဤခံယူချက်၊ ဤအတွေ့အကြုံများဖြင့် သူသည် ဤကဗျာကလေးများကို ရေးစပ်ထားပုံရသည်။ ဖော် ပြပါ ခုနှစ်သက္ကရာဇ်တို့ကို ထောက်ခြင်းအားဖြင့် သူ့ကဗျာသက်တမ်းသည် ဘာမျှလည်း မကြာလှသေး၊ ၇ နှစ် မျှသာ ရှိပေသေးသည်။
မောင်ကြည်အောင်က အနုပညာသည် အနုပညာအတွက် သက်သက်ဆိုသည်ကို လက်မခံ၊ အလှသည် အလှ သက်သက်ပင်ဖြစ်သည်ဆိုလျှင် ထိုအလှ၌ ဘာတန်းဘိုးရှိသနည်းဟု သူက အောက်မေ့ပုံရသည်။ အလှသည် အကျိုးရှိသောအလှ၊ လူကိုအကျိုးပြုသော၊ ကျေးဇူးပြုသော အလှဖြစ်ရမည်ဟုလည်း ကိုင်ဆွဲထားဟန်ရှိသည်။ သူက သူ့ကဗျာကို လှရုံအတွက် သို့မဟုတ် ကာရန်ပြေရုံအတွက် နားဝင်ပီယံသက်သက်ဖြင့် မဖွဲ့။ သူ့ကဗျာ သည် တိုလိုက တိုပေမည်၊ ရှည်လိုက ရှည်ပေမည်။ သို့သော် ထိုအတိုအရှည်တို့၌ သူ့ယုံကြည်ချက် တကွက်ပါ လေသည်ချည်း တွေ့ရသည်။ သူသည် အကြောင်းအရာမရှိဘဲ စာစီကုံးသူမျိုးမဟုတ်။ သူ့တွင် တစုံတခုသော ပြောစရာ၊ တစုံတခုသော ခံစားချက်၊ တစုံတခုသောအမြင် ရှိလေသည်။ ထိုအရာကို သူက ကာရန်ရှာ၍ ကဗျာ ဖွဲ့ထားသည်။
စာရေးသည်ဖြစ်စေ၊ ကဗျာဖွဲ့သည်ဖြစ်စေ၊ တေးစပ်သည်ဖြစ်စေ မိမိတွင် ပြောစရာရှိမှ ရေးဖွဲ့စပ်သင့်ပါသည်။ ဘာဟူ၍ မည်မည်ရရ ပြောရန်မရှိ၊ မိမိက ဘာယုံကြည်သည်၊ ဘာကိုဦးတည်သည်ဟူ၍ မိမိကိုယ်နှိုက်က မ ပြတ်သားဘဲ စာရေးခြင်း၊ ကဗျာဖွဲ့ခြင်း၊ တေးသီခြင်းပြုလျှင် ပြောင်မြောက်သော စာ ကဗျာတေးများ ထွက်နိုင်ဖို့ မရှိပါ။ နှင်အား မောင်းအားမပါသော စာငုတ်တုတ်များသာ ထွက်ပါလိမ့်မည်။
မောင်ကြည်အောင်သည် သူ့ရင်ထဲ၌ သူပြောချင်သည်ကလေးများ၊ သူခံစားရချက် ကလေးများ ခိုလိုးခုလု ရှိပုံ ရသည်။ ယင်းခိုးလိုးခုလုကလေးများ ရင်တွင်း၌ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည့်အခါ သူက ကဗျာဖွဲ့သည်။ ကာရန်ရှာသည်။ ဥပမာ သူ့ကဗျာတပုဒ်ဖြစ်သော မုဆိုးကြီး၊ သူတော်စင်၊ နွားကျောင်းသူ ကဗျာ၌ သူတွေးမိ သည့် အချက်တချက်ကို ကဗျာဖတ်သူသို့ သူက လက်ဆင့်ကမ်းလေသည်။
လက်တွင် မြွေဆေးနှင့် မိန်းမပျိုကို မြို့သူအဆင်အပြင်နှင့် မြင်တွေ့လာသောအခါ တောမှမြို့တက်၍ ပျက်ရသူ လုံမငယ်ကို သူက သနားသည်။ လူ့ဒုက္ခိတ ပိုးတုံးလုံးမကို ပွဲပြ၍စားရသည့် ဤလောကကိုလည်း ရက်စက်ပါ ပေ့ဟု သူက ရင်နာသည်။ အရူးမ သားပိုက်ကောင် ဘ၀ရောက်အောင် ပို့ရက်ကြသည်တကားဟုလည်း သူက စက်ဆုပ်သည်။ ထီလက်မှတ် သုံးစောင်မှ အတိတ်ကို ဖတ်ရင်း ယနေ့ လူနေမှုစနစ်ကား ဘ၀လုံခြုံမှုဟူ၍ ဘာ ကမှ မရှိပါတကားဟုလည်း သူက လူမှုရေး စီးပွားရေး သံဝေဂဖြစ်သည်။ သူသည် ဘုရားပွဲကို လည်မည်၊ ဆွမ်းတော်တင်ပွဲတွေကို မြင်မည်၊ သစ်သီးစင်မှ စားချင်စဖွယ်တို့ကို စားချင်ရှာသူ မ၀မလှသော လူတန်းစားကို ကြည့်၍ သနားလေသည်။ သူဌေးကြီးအိမ်က ခွေးသမင်နှင့် သူဌေးကြီး၏ ထမင်းချက်တို့ကိုလည်း သူက ဖြစ်ရ လေခြင်းဟု အောက်မေ့တတ်လေသည်။ အရင်းရှင်လူ့ဘောင်၏ အပ်ချစရာမရှိ ပြည့်နေသော ထိုအနာအဆာ များကို ကြည်အောင်က ကာရန်ကလေးများရှာပြီး ကဗျာတို ကဗျာရှည်ကလေးများနှင့် ဖော်လှစ်သည်။ ကြည် အောင်သည် တဖက်က အရင်းရှင်လူနေမှုစနစ်ကြောင့် ကမောက်ကမ လူ့လောက ဖြစ်နေပုံများကို သတိထား မိသည်နှင့်အတူ မြန်မာ့ရိုးရာ ချစ်စဖွယ်ဓလေ့ကလေးများကိုလည်း အင်းဝသားတဦးအနေနှင့် ဖက်ပွေ့၍ ထား လေသည်။
ကြည်အောင်၏ လာလာလေလိုက်ခဲ့တော့ ကဗျာကို ဖတ်ရသည်မှာ သူနှင့်အတူ တောအပျိုကို မိန်းမခိုးလိုက်ရ သကဲ့သို့ ခံစားရသဖြင့် ပျော်စရာကောင်းလှသည်။ ကြည်အောင်၏ နိဗ္ဗာန်ဈေးမှာကား လင်မရနိုင်သည့် အပျို ကြီးမကို သူ့ဇာတ်လိုက်နှင့်အတူ ရောလျက် မျက်စောင်းထိုးမိလိမ့်မည်။
ထို့အပြင် စလေဆရာကြီး ဦးပုည၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မြို့မငြိမ်းတို့ကို မြတ်နိုးနှစ်ခြိုက်သောအား ဖြင့် ကြည်အောင်က ဤပုဂ္ဂိုလ်များအပေါ် သူ့လေးစားမှုကို ကဗျာနှင့် ဂုဏ်ပြုဖော်ထုတ်ထားလေသည်။
ကြည်အောင်၏ ကဗျာများတွင် စစ်ဆန့်ကျင်ရေး၊ ညူကလီးယားလက်နက် ပိတ်ပင်ရေးနှင့် ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ချက်များကို ဖော်ထုတ်သည့် ကဗျာအပုဒ်ပေါင်း အတော်များများ ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး၏ မီးလျှံတွင်းဝယ်၊ ရူးသွပ်သွားသော အမေရိကန်လေသူရဲ၊ မမွေးခဲ့သော ကလေးငယ်၊ မပြီးသေးသောစစ်၊ ငြိမ်း ချမ်းရေးသို့ စသည့် ကဗျာများသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တမ်းတစပ်ဆိုသည့် ကဗျာ တွေဖြစ်သည်။ စင်စစ် သူ့ကဗျာစာအုပ်ငယ်သည်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကလောင်ကဲ့သို့ သူ့ကလောင်ကို နှင်နိုင် ပါစေကြောင်းအတွက် ကလောင်သွေးသည့် စာအုပ်ငယ်ဖြစ်သည်ဟုပင် ဆိုချင်သည်။
သူက ဤကမ္ဘာ၌ နယ်ချဲ့စနစ်၊ လူနှင့်လူချင်း ခေါင်းပုံဖြတ်စနစ်မရှိမှ စစ်ဘေးစစ်ရန်ကင်း၍ ဤကမ္ဘာ ငြိမ်းချမ်း သာယာမည်၊ ကမ္ဘာငြိမ်းချမ်းသာယာမှ မြစ်ချောင်းအင်းအိုင် အသီးသီး၌ လမင်းတရာသာနိုင်မည်၊ လမင်းတရာ သာနိုင်ပါမှ ကဗျာဆရာတို့ ချမ်းမြေ့ရွှင်လန်းစွာ ကဗျာသီကုံးနိုင်ပေလိမ့်မည်ဟု ဆိုလိုသည်။ ထို့ကြောင့် သူ့က ဗျာစုကိုလည်း လမင်းတရာသာစေကြောင်းအတွက် နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ် ရေးနှင့် ငြိမ်းချမ်းဆီသို့ ဦးတည်ပြီး သူခံယူသော အဘိဓမ္မာ၊ သူပွေ့ပိုက်သော ယုံကြည်ချက်များကို သူဖြတ် သန်းခဲ့သည့် ခရီးကြမ်းတို့မှ အတွေ့အကြုံများနှင့် အင်းဝအညာသား၏ ဝေါဟာရဘဏ်မှ ကာရန်ရှာလျက် ဤ ကဗျာစုကို မွေးထုတ်ခြင်း ဖြစ်တန်ရာသည်။
ကြည်အောင် မျှော်မှန်းသည့် လမင်းတရာ သာသည့်ခေတ်ကား ဝေးကွားလှတော့မည်မဟုတ်။ ကြည်အောင် ဖွဲ့ဆိုသည့် ဗီယက်နမ်ပြည်သူများ ကဗျာတွင် ပါသကဲ့သို့ တရားသောစစ်နှင့် မတရားသောစစ်ကို ခွဲခြားလျက် တရားသောစစ်ပွဲများ ဆင်နွှဲကြသူတွေမှာ အာရှတွင်သာမက အာဖရိကနှင့် လက်တင်အမေရိက တိုက်ကြီး တွင်လည်း အများအပြားပင် ရှိနေလေပြီ။ နိုင်ငံတကာရှိ ဤပြည်သူတကာ၏ မရပ်မနား လှုပ်ရှားရုန်းကန်မှု၊ ဗမာပြည်သူ၏ မရပ်မနား လှုပ်ရှားရုန်းကန်မှုများကြောင့် မဝေးကွာလှတော့သည့် အနာဂတ်ကာလ၌ လမင်းတ ရာသာနိုင်တော့မည် ဧကန်ဖြစ်ပါသတည်း။
လူထုဒေါ်အမာ
(မာယာအွန်လိုင်းမဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:22 PM
0
comments
Labels: အမှတ်တရ
ကွယ်လွန်သူ ကဗျာဆရာကြည်အောင် အမှတ်တရ ‘လမင်းတရာ’
လမင်းတရာ၊ ညအခါဝယ်
ကမ္ဘာအနှံ့ သာလျက်ပါ။
တရုတ်ပြည်မှ ...
ရေကြည်ရစ်ဖြာ၊ မြစ်သဲဝါ၀ယ်
ညခါလမင်း၊ ရေသောက်ဆင်း၏။
ဆိုဗီယက်မှ ...
မြစ်မစိမ်းပြာ၊ ဗော်လဂါဝယ်
ညခါလမင်း၊ ရေချိုးဆင်း၏။
တိုင်းအီဂျစ်၏ ...
နိုင်းမြစ်ရေပြင်၊ လမင်းရှင်သည်
ပျော်ရွှင်ကခုန်၊ လှိုင်းရေစုန်နှင့်။
မစစ္စပီ၊ မြစ်နဒီဝယ် ...
သိင်္ဂီရွှေနှိုင်း၊ လမင်းဝိုင်းသည်
ရေလှိုင်းယက်ကြား၊ ပြေးကစားလျက်။
အိန္ဒိယ၏ ...
မြစ်မဂင်္ဂါ၊ ရေကြည်ပြာဝယ်
ညခါလရိပ်၊ လျောင်းပျော်အိပ်လျက်။
ပြည်မြန်မာ၏ ...
ဧရာဝတီ၊ ရေပြာကြည်ဝယ်
ပီပီရွှန်းရွှန်း၊ လပြည့်ဝန်းသည်
ပေါ်ထွန်းကြည်လင်၊ ရွှေရိပ်ထင်လျက်
ရေပြင်လှိုင်းယက်၊ တလက်လက်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။
သို့တစေလည်း ...
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုပ်လျှိုးသွားတကား။
မြစ်မရေတွင်း၊ စစ်ကျော်နင်းလျှင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။
ကမ္ဘာမြေပေါ် ...
ကျူးကျော်စစ်ခင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည်၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည်။
နယ်ချဲ့ကင်းမှ ...
လမင်းလည်းသာ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံ့ပြည်သူ နိုးကြားသည်။
နယ်ချဲ့ကင်း၍ ...
လမင်းတရာ၊ သာသောခါဝယ်
ကမ္ဘာငြိမ်းချမ်းလာလိမ့်တကား။ ။
ကြည်အောင်
၁၉၆၃
(မာယာအွန်လိုင်းမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
3:37 PM
0
comments
Labels: အမှတ်တရ
Monday, April 6, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၄-၀၉)
- အီတလီငလျင် လူ ၉၀ ကျော် သေဆုံး၊ အများအပြား ပိတ်မိဆဲရှိ click
- အီတလီငလျင်ကြောင့် လူအများအပြား သေဆုံး click
- ပြင်းအား ၆.၃ ရှိ အီတလီငလျင် click
- ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ကွယ်လွန် click
- ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ကင်ဆာရောဂါဖြင့် ကွယ်လွန် click
- ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မြန်မာစစ်အစိုးရသို့ အိတ်ဖွင့်ပေးစာပို့ click
- နိုင်ငံရေးအခွင့်အလမ်းကောင်း စစ်အစိုးရဆုပ်ကိုင်ဖို့ ၈၈ ကျောင်းသားအုပ်စု တိုက်တွန်း click
- မြစ်ကြီးနားထောင်တွင် ထောင်ဝင်စာကန့်သတ်သဖြင့် နိုင်ငံရေးအကျဉ်းသားတချို့က ကန့်ကွက် click
- အဆိပ်ဓာတ်ပါသည့် တိုင်းရင်းဆေးများ ဆိုင်တင်ရောင်းချနေဆဲ click
- အမေရိကန်-တူရကီ ဆက်ဆံရေး စံပြနမူနာဖြစ်ဖို့ အိုဘားမား တိုက်တွန်း click
- မုန်တိုင်းသင့်ဒေသမှ နွေစပါးခင်းများ လောင်မီးကျပိုးကြောင့် အပျက်အစီးများပြား click
- မကွေးတိုင်း သံဃာတော်တွေ တရားဟောကြားနိုင်ရေး လက်မှတ်စုဆောင်း click
- မြန်မာနိုင်ငံတွင် ပြည်တွင်းပရိုလိဂ်ဘောလုံးပြိုင်ပွဲ ကျင်းပတော့မည် click
- တောင်ရိုးပေါ်က သစ္စာသမားသို့ (ကဗျာ) click
- စောနေစိုးမြ စစ်အစိုးရဘက်ကူးပြောင်းမှု KNU ကို မထိခိုက် click
- ဘုရားဖူးကားတစီး တိမ်းမှောက် click
- လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်သူကို စစ်တပ်က ပေါ်တာခေါ် click
- ဂတ်စ်နှင့် ရေနံကို ပြည်ပသို့ရောင်းပြီး နွားချေးဖြင့် လျှပ်စစ်မီးထွန်းရန် ပြည်သူများကို ၀န်ကြီးနှင့် တိုင်းမှူးမှ တိုက်တွန်း click
- ဖြစ်လာမည့် အကျိုးဆက် နအဖတာဝန်ဟု ၈၈ ကျောင်းသားများ ပြောဆို click
- ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန် click
- ဗန်းမော်တွင် ဗိုလ်ချုပ်လွန်းမောင် စည်းရုံးရေးဆင်း click
- ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရန် ကန်ပိန်းလုပ်မည် click
- မျှော်လင့်အိပ်မက် (ဆောင်းပါး) click
- Visitors to Myanmar dip on crackdown, typhoon click
- Daewoo International Extends Gas Exploration in Myanmar click
- ကေအန်ယူခေါင်းဆောင်ပိုင်းနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ယနေ့ စတင်ဆွေးနွေး click- ဗိုလ်ချုပ်မြသားအငယ်ဆုံး ဗိုလ်စောနေစိုးမြ နအဖထံ လက်နက်ချ click
- ဗိုလ်ချုပ်မြသားငယ် လက်နက်ချတာ ကေအန်ယူအတွက် မထိခိုက် click
- ကေအန်ယူစခန်းကို ဒီကေဘီအေ ထိုးစစ်ဆင် click
- ဂျီတော့ခ်သုံးစွဲသူတို့ လုံခြုံရေးသတိရှိစေလို click
- မိသားစုဆရာဝန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရ click
- ကမ္ဘာ့စီးပွားရေးပျက်နေချိန်တွင် မြန်မာ့စီးပွားရေးတက်နေဟု ၀န်ကြီးချုပ်ပြော click
- တရုတ်အစိုးရအာဘော်မဟုတ်ဟု မြန်မာစစ်အစိုးရ ပြောဆို click
- တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားရန် ပြည်ပမီဒီယာများ လှုံ့ဆော်ဟု နအဖစွပ်စွဲ click
- ဗိုလ်ချုပ်လွန်းမောင် ၂၀၁၀ အတွက် စည်းရုံးရေးဆင်း click
- ကချင်ပြည်နယ်မှာ ရာဇ၀တ်မှုများပြား click
- မြန်မာနိုင်ငံမှာ ရောဂါသုံးခုတိုက်ဖျက်ဖို့ အကူအညီ အရေးတကြီး လိုအပ်နေ click
- ဖြူးမြို့မှာ လုံခြုံရေးတင်းကျပ်၊ ဒေသခံပြည်သူများ စိတ်အနှောင့်အယှက်ဖြစ် click
- ဗဟန်း-ရွှေဂုံတိုင်ယာဉ်ထိန်းရဲ ကန်ထရိုက်စနစ်ဖြင့် ငွေကြေးကောက်ခံ click
- ကော့သောင်း ယုဇနဆီအုန်းစိုက်ပျိုးရေးစီမံကိန်းမှ အဓမ္မခိုင်းစေမှုများ (သတင်းဆောင်းပါး) click
- အိုဘားမားနှင့် ဂျိန်းစဘွန်းကား (သတင်းဆောင်းပါး) click
- နအဖရဲ့ ခါးပိုက်ဆောင်တပ် အပိုင်း(၁) (ဆောင်းပါး) click
- ပလောင်လူငယ်များကို အဓမ္မစစ်သင်တန်းတက်ခိုင်းပြီး ပြည်သူများထံမှ ငွေကောက်ခံခြင်းများပြုလုပ် click
- မူဆယ်-မန္တလေး ကားလိုင်းများ မပြေးဆွဲရ click
- အချိုရည်များလည်း အဝါရောင်ဆိုးဆေး စစ်ဆေးခံရ click
- ဘုရားဖူး ခရီးသည်တင်ကားမှောက် ၂၄ ဦးသေဆုံး click
- လှသောသမိုင်း (စာအုပ်စင်) click
- ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ အရှေ့တီမောခရီး click
- မြောက်ကိုရီးယားဒုံးပျံအရေး လုံခြုံရေးကောင်စီ မဆုံးဖြတ်နိုင်သေး click
- အမေရိကန် အလုပ်လက်မဲ့နှုန်း ပိုတိုးလာနိုင် click
- G-20 အုပ်စု ထိပ်သီးညီလာခံ (မျက်မှောက်ရေးရာ) click
- အကြမ်းဖက်မှုတိုက်ဖျက်ရေး ပါကစ္စတန်တာဝန်ယူမှု အမေရိကန်မျှော်လင့် click
- ထိုင်းနိုင်ငံမှာ ၀မ်းရေးရုန်းကန်နေရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘ၀ဖြတ်သန်းမှုတစေ့တစောင်း click
- ငြိမ်းချမ်းရေးအရိပ်အရောင် မရှိသေးတဲ့ ကရင်ပြည်နယ် click
- မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး လိုအပ်ချက်များ (တိုက်ရိုက်လေလှိုင်း) click
- ဒေါ်ဝင်းမြမြကို ထောင်ဒဏ် ၄ နှစ်လျှော့ click
- စီးပွားရေးပိတ်ဆို့မှုများ မရုတ်သိမ်းရန် လွှတ်တော်အမတ်များ တောင်းဆို click
- အဖမ်းအဆီးကြောင့် မယ်ဆိုင်ရှိ လွယ်ပေါင်းဈေးဆိုင်ခန်းများ ပိတ်ထားရ click
- ထောင်ဝင်စာတွေ့ချိန် နိုင်ငံရေးစကားပြော၍ ထောင်ဝင်စာ တလပိတ်ခံရ click
- ဆန်ဖရန်ဘေးဧရိယာ မေတ္တာနန္ဒ၀ိဟာရကျောင်း သင်္ကြန်ပွဲနှင့် နိဗ္ဗာန်ဈေးအလှူ ကျင်းပပြီးစီး click
- AASYC မှ ရခိုင်အမျိုးသမီးအမတ် ဒေါ်အေးသိန်းထံ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပို့ click
- မြန်မာဒုက္ခသည် ဇနီးမောင်နှံနှစ်ဦး ကုလမဟာမင်းကြီးရုံးကို ဆန္ဒပြ click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:27 PM
1 comments
Labels: သတင်း
ငါးရိုးနင်တဲ့ ငွေလမင်း
ဆာကလည်း ဆာလောင်မြို့လည်ခေါင်ကြီး
လရောင်တောင် မရှိ။
ကောင်းကင်မော်ကြည့်မှ
ဟောဟို အမိုးတွေပေါ်
ထိုးထိုးထောင် အပြိုင်အဆိုင်
တီဗွီတိုင်တွေ ရှုပ်ယှက်ခတ်
လမျက်နှာ အရိုးနင်ပုံ
မြင်ရုံနဲ့မော
တောပဲ ပြန်ချင်ပါတော့တယ်။ ။
မောင်အောင်ပွင့်
(အိပ်မက်ဖူးမဂ္ဂဇင်း၊ သြဂုတ်လ၊ ၁၉၈၉ ခုနှစ်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:21 PM
1 comments
Labels: ကဗျာ
“ဘ၀မာတိကာ” ကဗျာစာအုပ်နှင့် ပတ်သက်၍ ... (မောင်လွမ်းဏီ)
ဆရာလွဏ်းရေ ...
ကဗျာစာအုပ်ပဲထုတ်ထုတ်၊ ဘာစာအုပ်၊ ဘယ်လိုမဂ္ဂဇင်း၊ ဘယ်ကဲ့သို့သော ဂျာနယ်၊ အဘယ်သို့သော စာ စောင်ထုတ်ထုတ်၊ ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေ၊ စီစဉ်သူတွေမှာ တာဝန်ယူရတဲ့ကိစ္စတွေ ရှိတယ်မဟုတ် လား။ တာဝန်ကို မလွဲမသွေ၊ ကောင်းမွေဆိုးမွေ ခံယူကြရတာပဲလို့ စာပေနယ်တခုလုံးက စာရဲဘော်တွေ၊ စာ ပေမြတ်နိုးသူတွေက ခံယူနားလည်ထားကြတယ်နော်။
တမြန်မနေ့က ရေးဖော် ကဗျာဆရာစွမ်းမြိုင်က မြန်မာကဗျာဆရာ ဆရာမောင်အောင်ပွင့်ရဲ့ ဘ၀မာတိကာ (The Contents of a Life) ဆိုတဲ့ ကဗျာစာအုပ်လေးကို လူကိုယ်တိုင် တကူးတက လာရောက်လက် ဆောင် ပေးပို့လာပါတယ်။ ကျေးဇူးတင်စရာလည်း အင်မတန်ကောင်းပါတယ်။ စာအုပ်ကလေးက သေသေ သပ်သပ် လှလှပပလေးပါ။ ဒါပေမယ့် မျက်နှာဖုံးကို တွေ့ရတာ၊ မျက်နှာဖုံးကို ခံစားကြည့်တဲ့ခါ တခုခုများလိုနေ လားပေါ့။ အဖုံးပန်းချီရေးတဲ့ ပန်းချီဆရာကို ဝေဖန်နေခြင်းမဟုတ်ပါ။ ကဗျာစာအုပ်အဖုံး၊ စာအုပ်တအုပ်ရဲ့ အ ဖမ်းစားဆုံးနေရာမှာ (အဖုံးကိုဆိုလိုတာပါ) လွဲချော်မှုတခုခုများ ရှိနေသလားဆိုတဲ့ တောတွေးတောင်တွေး ဝေ ခွဲမရတဲ့ စိတ်ခံစားချက် ဖြစ်ပေါ်မှုကို ပြောလိုတာပါ။ သဘောအားဖြင့် ကဗျာစာအုပ်အဖုံးလား၊ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေး အစီရင်ခံစာ စာအုပ်အဖုံးလားဆိုတဲ့ စိတ်မသက်မသာ ကသိကအောက်ဖြစ်ရတဲ့ စဉ်း စားဆင်ခြင်ချက်ပါ။ ကျနော့်ရဲ့ ပန်းချီခံစားမှု အားနည်းလို့လည်း ဖြစ်ပါလိမ့်မယ်။ ကျနော်က ကဗျာရေးသူဆို တော့ ကဗျာလက်ကမ်းစာအုပ်လေးတွေ၊ ကဗျာစာအုပ်လေးတွေ၊ ကဗျာစာအုပ်ကြီးတွေ တွေ့ရမြင်ရရင် အလို လို ရင်ခုန်သံက အပြင်းစား ထစ်ချုန်းမြည်ဟီးနေတာက မွေးရာပါရောဂါလို ဖြစ်ဖြစ်နေတာကိုး။ ထားတော့။
ဘိုစာကတော့ မဖတ်တတ်သလောက်ဆိုတော့ ဆရာ(ဦး) မောင်သာနိုး ဘိုလိုပြန်တာတွေ ခဏရှောင်ပြီး ဆ ရာမောင်အောင်ပွင့်ရဲ့ ကဗျာလေးတွေကို ဟိုလှန် ဒီတို့ မြည်းကြည့်မိပါတယ်။ ပြောစရာမရှိအောင် ကောင်းမွန် လှပတဲ့ ကဗျာတွေပါ။ မေတ္တာနဲ့ ပန်းချီပုံတွေ အသုံးပြုစေခဲ့တဲ့ ဆရာ ပန်းချီကိုထိန်လင်းရဲ့ လက်ရာတွေက လည်း ကဗျာတွေကို ပိုပြီးတောက်ပဝေလွင်စေလိုက်တာ။
ဒီလိုနဲ့ ကဗျာစာအုပ်ကလေးကို ဟိုငေးဒီကြည့်လုပ်နေရင်းက စာအုပ်အောက်ပိုင်းကို ရုတ်တရက် တွေ့လိုက်ရ တော့ စာအုပ်အဖုံးကို ပြန်ကြည့်မိပြန်ရော။ မြန်မာဘာသာ စာမျက်နှာတွေကို ပြန်လှန်ကြည့်မိပြန်ရော။ ကဗျာ စာအုပ်အမည်လေးက ဘ၀မာတိကာ။ စာအုပ်ကလေးရဲ့ အောက်ခြေစာမျက်နှာတိုင်းမှာက ဘ၀စာမျက်နှာ တဲ့။
ကဗျာဆရာကတော့ သူ့စာအုပ်လေးထွက်တယ်ကြားလို့ ၀မ်းမြောက်နေမှာ။ ဒါပေမယ့် စောစောက လွဲချော်မှု ကို ကဗျာဆရာ တွေ့ရမြင်ရရင် ဘယ်လိုရင်ခုန်မလဲ ဆိုတာတွေကို စဉ်းစားနေမိတယ်။
မုဒိတာဖြင့် ...
မောင်လွမ်းဏီ
Posted by
ဒေါက်တာလွဏ်းဆွေ
at
2:32 PM
0
comments
Labels: ပေးစာ
ကဗျာဆရာမောင်အောင်ပွင့်၏ “ဘ၀မာတိကာ” ကဗျာစာအုပ် ထွက်ရှိ
အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသည့် ကဗျာဆရာမောင်အောင်ပွင့်၏ ဘ၀မာတိကာ - The Contents of a Life အမည်ရှိ ကဗျာစာအုပ်ကို ၂၀၀၉ ခုနှစ် မတ်လက ထုတ်ဝေဖြန့်ချိခဲ့ကြောင်း သတင်းရ ရှိသည်။ မောင်အောင်ပွင့်၏ ကဗျာ ၄၅ ပုဒ်ကို မောင်သာနိုးက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးပြီး မျက်နှာဖုံးကို ပန်းချီဉာဏ်စိုး၊ ကဗျာများကို ပန်းချီထိန်လင်းတို့က သရုပ်ဖော်ရေးဆွဲပေးကာ မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော် ပုံအားလုံးကို လေးရောင်ဖြင့် ရိုက်နှိပ်ထားသည်ဟု သိရသည်။ သားဖြစ်သူ မောင်ကြီးငြိမ်းချမ်းက ထုတ်ဝေပြီး ၈၈-စွမ်းမြိုင် (ထိုင်း-မြန်မာနယ်စပ်) က စီစဉ်ကာ ပထမအကြိမ်အဖြစ် အုပ်ရေ ၅၀၀ ဖြန့်ချိခဲ့ကြောင်း သတင်းရ ရှိသည်။ ကဗျာစာအုပ်ကို ၀ယ်ယူလိုသူများအနေနှင့် ...
နေ့သစ်မီဒီယာ (naytthitmedia@gmail.com)
ကိုငြိမ်းချမ်း (nyeinchan@luukuu.com)
ကိုစွမ်းမြိုင် (swammyaing@yahoo.com) တို့ထံ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
ကဗျာဆရာမောင်အောင်ပွင့်သည် သူ၏ နိုင်ငံရေးယုံကြည်ချက်ကြောင့် ပုသိမ်ထောင် (၁၉၆၇-၆၈)၊ အင်းစိန် ထောင် (၁၉၇၈-၈၀)၊ တံတားဦးရဲစခန်းအချုပ် (၁၉၉၇)၊ အင်းစိန်ထောင်နှင့် သာယာဝတီထောင် (၁၉၉၉- ၂၀၀၅) တို့တွင် ကျခံခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင် အလွမ်းပင်တော၊ အခြားကဗျာဆရာနှစ်ဦးနှင့် တွဲဖက်၍ ၀ါ ကျင့်ကျင့်နေ့ခင်းရှည်၊ ၁၉၉၅ ခုနှစ်တွင် ကောင်းကင်တော်တမ်းချင်း၊ ၁၉၉၆ ခုနှစ်တွင် ကဗျာဆရာ ၄ ဦး ပါဝင်ရေးသားသည့် ဧကစာမီးခိုးများကို ထုတ်ဝေဖြန့်ချိခဲ့သည်။
ကဗျာဆရာမောင်အောင်ပွင့်သည့် ၂၀၀၂ ခုနှစ်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဟဲလ်မင်းဟမ်း မက်ဂရန့်ဆု၊ ၂၀၀၄ ခုနှစ်တွင် နိုင်ငံတကာသတင်းသမားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မ တီမှ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်ဆုတို့ကို ရရှိခဲ့သည်။
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:30 AM
0
comments
Labels: သတင်း
Sunday, April 5, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၄-၀၈)
- မြောက်ဦးမီး အိမ်ခြေ ၂၀ ခန့် ၀ါးမျိုခံရ click
- ဒေါ်အောင်ဆန်းစုကြည်ထံ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း သွားရောက် click
- ကေအင်ယူစခန်းကို နအဖသိမ်း click
- ရန်ကုန်တိုင်း မြို့နယ်သုံးခုတွင် ကာလ၀မ်းရောဂါပိုးတစ်မျိုး ပျံ့နှံ့ click
- အရှေ့တီမောအစိုးရ အဝေးရောက် စင်ပြိုင်အစိုးရအဖွဲ့ကို လက်ခံတွေ့ဆုံ click
- နာဂစ်အကူအညီ လိုအပ်တာထက် လျော့နည်းနေ click
- အပြင်သတင်းမေးတဲ့ နိုင်ငံရေးအကျဉ်းသား ထောင်ဝင်စာအပိတ်ခံရ click
- ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရခိုင်တိုင်းရင်းသူတဦး လွှတ်တော်အမတ် အရွေးခံရ click
- အစ္စလမ်ဘာသာဝင် နိုင်ငံရေးအကျဉ်းသားမိသားစု ထောင်ဝင်စာ သွားတွေ့ခွင့်မရ click
- မြောက်ကိုရီးယားဒုံးပျံအရေး ကုလလုံခြုံရေးကောင်စီ ဆွေးနွေး click
- နျူကလီးယားလက်နက်ပပျောက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သမ္မတအိုဘားမား တိုက်တွန်း click
- မြောက်ကိုရီးယား ဒုံးပျံလွှတ်တဲ့ကိစ္စကို တုန့်ပြန်ကြဖို့ အမေရိကန်နဲ့ အီးယူ တိုက်တွန်း click
- သခင်တင်မြနှင့် အမေးအဖြေ (အင်တာဗျူး) click
- အော်စကာဆုရ ဂျပန်ဇာတ်ကား Departures (ရုပ်ရှင်အညွန်း) click
- သမ္မတအိုဘားမားရဲ့ အာဖဂန်ဗျူဟာ နေတိုးအဖွဲ့ ထောက်ခံ click
- အတားအဆီးတွေကြား အဲန်အယ်လ်ဒီ လက်မှတ်ဆက်စုဆောင်း click
- နေတိုးညီလာခံ ဆုံးဖြတ်ချက် click
- အငြင်းပွားဖွယ် ဒုံးကျည်ကို မြောက်ကိုရီးယား ပစ်လွှတ်လိုက်ပြီ click
- မစိုးရိမ်ဆရာတော် ပျံလွန်တော်မူခြင်း တနှစ်ပြည့်အခမ်းအနား ကျင်းပရန် စီစဉ်နေclick
- အမေရိကန်ဒေါ်လာ တစ်ထွီလီယံနဲ့ စစ်သည် ၅၀၀၀ ရလိုက်တဲ့ အိုဘားမား click
- အလဲဗင်းမီဒီယာ၊ ၀ီစကီနှင့် စာပေစိစစ်ရေး (သတင်းဆောင်းပါး) click
- မြန်မာပြည်တွင်းသတင်းထောက် (ကဗျာ) click
- ခရစ်တော် ဒုတိယအကြိမ် တဖန်ကြွလာခြင်းနှင့် စပ်လျဉ်း၍ ... (ဆောင်းပါး) click
- ဖိုးလပြည့် အင်းလျားလမ်းတွင် ရေပက်မည် click
- ခဲနှင့် အာဆင်းနစ် လွန်ကဲသော တိုင်းရင်းဆေး ၂ မျိုး ပိတ် click
- Foreign media spread lies: Junta click
- Myanmar strikes peace deal click
- Myanmar to take nationwide census on TB patients click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:59 PM
0
comments
Labels: သတင်း
ယောက္ခမတွေ စောစောသေတဲ့ တိုင်းပြည်
ဂျင်ဂလိ
ဂျင်ဂလိတို့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်မှူးကလေးတို့ကအစ ၀န်ကြီး၊ ၀န်ကလေးတို့အလယ် ညွှန် ချုပ်၊ ညွှန်မှူးတို့အဆုံး အားလုံးအားလုံးသော ဋ္ဌာနဆိုင်ရာ ကိုယ်တော်ချောကြီး ကိုယ်တော်ချောကလေးများ ဟာ နေပြည်တော်၊ ၀င်ဒါမီယာ၊ ကုန်းမြင့်သာ၊ ဗိုလ်ချုပ်ရွာ၊ ၀ါးတီးပလာဇာ၊ စားဖားအိမ်ရာ စတဲ့ သာမန်လူတွေ အနားတောင်မသီနိုင်တဲ့ အိမ်ကြီးရခိုင်တွေမှာ တခမ်းတနား နေကြပါတယ်။ ဒါပေမယ့် သူရို့သူရို့တတွေ တ ရားဝင်ရကြတဲ့ လစာတွေကတော့ (လစာမတိုးခင်ကဆိုရင်) ကြက်တုပ်ကွေး ဖြစ်ချင်တယ်ဆိုရင်တောင် ဖြစ် ခွင့်မသာတဲ့ အနေအထားမျိုးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကြက်တုပ်ကွေးဖြစ်ချင်ရင် အနည်းဆုံး ကြက်ရိုးတော့ နေ့စဉ် ၀ယ်ကိုက်နိုင်မှကိုး။
သူရို့လေးတွေ အမှန်တကယ်ရတဲ့ လစာနဲ့ ကြက်ရိုးဝယ်ကိုက်မယ်ဆိုရင် လက်ရှိ သကြားမင်းဖင်ကို တက် ဆောင့်နေတဲ့ ကုန်ဈေးနှုန်းကြောင့် လမကုန်ခင် သူရို့မိသားစုတွေ ဗိုက်မှောက်နေရကိန်း ရှိပါတယ်။ ဒါပေမယ့် သူရို့သူရို့တတွေကတော့ ပရာဒိုတွေ လင်ခူဇာတွေ တ၀ီဝီ၊ ဟန်းဖုန်းတွေ တတီတီနဲ့ ကြက်တုပ်ကွေးကို ရှောင်ရှားနေကြပါတယ်။ သူရို့သူရို့တတွေ အဲဒီလို နေနိုင်ထိုင်နိုင်ကြတာကို တိုင်းသူပြည်သား လူအများတို့ ကတော့ ထူးပြီး မအံ့သြကြပါဘူး။ သူရို့တတွေ တိုင်းပြည်ဘဏ္ဍာတွေကို မတော်မတရား ခိုးယူပြီး ကြွယ်ဝချမ်း သာနေကြတယ် ဆိုတာကို ပြည်သူလူထုက အူမချေးခါးပါမကျန် သိပြီးလို့ဖြစ်ပါတယ်။
ပြည်သူလူထုက သို့ဂလိုအနို့ဂလို မအံ့သြကြပေမယ့် ဂျင်ဂလိမိတ်ဆွေ ဖော်ရိန်နာတဦးကတော့ တအံ့တသြ ဖြစ်နေပါတယ်။ အဆိုပါ ကိုယ်တော်ချောကြီး ကိုယ်တော်ချောကလေးတွေ စာရင်းမရှိအင်းမရှိ ချမ်းသာကြွယ် ၀နေပုံကို မိတ်ဆွေဖော်ရိန်နာကြီးက တရက်မှာ ဘီယာဆိုင်ထိုင်ရင်း ဂျင်ဂလိကို မေးပါတယ်။ သူက မြန်မာစ ကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး ကာရာအိုကေဆိုင်တွေမှာပါ ဂျင်ဂလိကို တူးပို့တူးပို့သီချင်းတွေ ဆိုပြ တတ်သူပါ။ ဟာသလည်း ပြောတတ်ပြီး ပျော်ပျော်နေတတ်တဲ့သူပါ။ သူမြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာကို အံ့သြပြီး မေးကြည့်မိတော့ မြန်မာပြည်ကို မလာခင်ကတည်းက သူတိုင်းပြည်မှာ မြန်မာစာ ကို အထူးပြုသင်ကြားခဲ့တာပါတဲ့။ သူက မြန်မာရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို စိတ်ဝင်စားလို့ မြန်မာပြည် ကို လာလေ့လာတာပါတဲ့။
အဲဒီနေ့က ဘီယာသောက်နေရင်း သူက ဂျင်ဂလိကို ပြောတယ်။ မြန်မာပြည်မှာရှိတဲ့ အစိုးရအရာရှိတွေဟာ အ ရမ်းချမ်းသာကြတာပဲနော်တဲ့။ သူတို့နေထိုင်တဲ့ အိမ်တွေ၊ ခြံတွေကလည်း အကြီးကြီးတွေ ကားတွေကလည်း အပျံစားတွေပဲတဲ့။ သူတို့ရတဲ့လစာနဲ့ ဘယ်လိုလုပ်ပြီး အဲဒီလိုနေနိုင်တာလဲဆိုတာကို သိချင်လို့ သူနဲ့ခင်မင်တဲ့ အရာရှိတွေကို မေးမြန်းကြည့်တော့ အဆိုပါလူကြီးမင်းတွေက ယောက္ခမသေလို့ အမွေရထားတာလို့ ဖြေကြ တာများတယ်တဲ့။ အဲဒါဟုတ်ပါ့မလားလို့ သူက ဂျင်ဂလိကို ရယ်ဖြဲဖြဲနဲ့ မေးတယ်။ အဲဒီမှာ ဂျင်ဂလိက သူ့ကို နောက်ချင်တာနဲ့ ဟုတ်တယ်လို့ ပြောလိုက်ပြီး အဲဒီအကြောင်းစပ်ထားတဲ့ သီချင်းတပုဒ်ရှိကြောင်း ပြောလိုက် တယ်။ သူက ဆိုပြပါဦးဆိုတာနဲ့ သီချင်းတပုဒ်ကို အပြောင်အပျက်လုပ်ပြီး ဆိုပြလိုက်တယ်။
အဆိုတော်တင်တင်မြရဲ့ “ချစ်သူတို့ လျှောက်သောလမ်းကလေး” သီချင်းထဲက စာသားကိုဖျက်ပြီး “အချစ် ဦးရေ xxx ယောက္ခမသေမှ အမွေရ xxx ပွတာပဲ ဟေ xxx အသည်းနှလုံးက ဒီလောက်ချစ်ကြ xxx” လို့ ဂျင်ဂလိက ဆိုပြလိုက်တယ်။ သူက ဂျင်ဂလိ ဆိုပြတာကို နားထောင်ပြီး နောက်မှန်းသိတယ်။ ဒါပေမယ့် သူ ပြန်ပြောလိုက်တဲ့ ဟာသကြောင့် နှစ်ယောက်စလုံး တ၀ါးဝါးပွဲကျခဲ့ကြလေရဲ့။ သူပြောလိုက်ပုံကတော့ “ဒီလိုဆို ငါ့သမီးကို မင်းတို့ဆီက အရာရှိပေါက်စတွေနဲ့ ပေးစားလို့မဖြစ်ဘူး၊ ငါ စောစောသေပြီး အမွေတွေ ပေးခဲ့ရလိမ့် မယ်၊ မင်းတို့တိုင်းပြည်က ယောက္ခမတွေ စောစောသေတဲ့ တိုင်းပြည်ပဲ” တဲ့။
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီးဖြစ်ပါသည်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:52 PM
1 comments
Labels: ဟာသ
Saturday, April 4, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၄-၀၉)
- ထောက်လှမ်းရေးအရာရှိဟောင်း သမီး အသတ်ခံရ click
- စစ်တွေမှ နာမည်ကြီးနေရာ ၄ ခုတွင် လုံခြုံရေးအထူးတင်းကျပ် click
- ကားတိမ်းမှောက်၍ သေဆုံးသွားသူများစာရင်း click
- မြန်မာနိုင်ငံသားများကို ဘင်္ဂလားနယ်ခြားစောင့်တပ်က ပြန်လွှတ် click
- မြောက်ကိုရီးယားဒုံးကျည် မပစ်လွှတ်ဖြစ်သေး click
- မြောက်ကိုရီးယားဂြိုဟ်တု မလွှတ်ဖြစ်သေး click
- နာဂစ်ဒုက္ခသည်တွေအတွက် အကူအညီငွေတွေ လိုအပ်နေဆဲ click
- ဟဲဗီးဝိတ်ကဗျာဆရာသို့ ... (ကဗျာ) click
- ထိုင်းတပ်သားသစ်ကောက်ယူမှုမှာ သျှမ်းရွှေ့ပြောင်းနေထိုင်သူများလည်းပါ click
- Burma click
- Bringing Aung San Suu Kyi to a Cambodian school click
- Myanmar junta bans hijinks, critics from festival click
- မြန်မာကို ဆက်ပိတ်ဆို့ရေး အမေရိကန်အမတ်များ တိုက်တွန်း click
- မြန်မာအစိုးရက အပြုသဘော တုန့်ပြန်မှ ပိတ်ဆို့မှု ရုတ်သိမ်းသင့် click
- ဘုရားဖူးကား တိမ်းမှောက်၍ လူ ၁၇ ဦး သေဆုံး၊ ၃၇ ဦး ဒဏ်ရာရ click
- နယူးယောက်ခ်ပစ်ခတ်မှု ၁၄ ဦး သေဆုံး click
- မြောက်ကိုရီးယားကို အိုဘားမား သတိပေး click
- နေတိုးထောက်ခံမှုရဖို့ သမ္မတအိုဘားမား ကြိုးပမ်း click
- ဘယ်သောအခါမှ အဆင်ပြေမယ်မှန်း မသိရသေးတဲ့ မြန်မာအင်တာနက် click
- စိမ်းနေဦးမည့် အမိမြေ - အပိုင်း (၁) (ဆောင်းပါး) click
- မတ်လ ပြောစရာများ - အသဲကွဲတဲ့ မဲတမဲနှင့် စကားပြောခြင်း (ဆောင်းပါး) click
- Suu Kyi's US backers plead to keep sanctions click
- Myanmar announces peace deal with Karen rebel click
- Son of late insurgency leader defects to Myanmar's government click
- FAO to donate more cattle to Myanmar cyclone victims click
- Myanmar, ROK head for closer bilateral economic cooperation click
- Aid To Myanmar Not Enough To Meet Existing Needs click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:40 PM
0
comments
Labels: သတင်း
ပိတောက်မှတ်တမ်း (ကဗျာ)
ပိတောက်မှတ်တမ်းကမာပုလဲ
တခါတုန်းကပေါ့ ...
နှစ်ကာလ မှတ်စုစာအုပ်တွေအကြား
ဝှက်ထားတဲ့ ပိတောက်တွေ
သွေ့ခြောက်နေလည်း ရနံ့မပြယ်။
အဲဒီပိတောက်တွေမှာ
မေမေ့ ရနံ့ကိုရတယ်
(ကျနော့်ရဲ့ အမဖြစ်သူ)
မမလေး ရနံ့ကိုရတယ်
ဘ၀ရဲ့ ပထမဆုံး
ငယ်ချစ်ဦးရဲ့ ရနံ့ကိုရတယ်။
ပိတောက်ဆိုရင်
ဇော်ဂျီက ချစ်တယ်
ဒဂုန်တာရာကလည်း ချစ်တယ်
အမေလူထုဒေါ်အမာက ချစ်သလို
ကျနော်တို့မြို့သူ
ဂျာနယ်ကျော်မမလေးကလည်း ချစ်တယ်
ကုန်ကုန်ပြောရရင်
ချီလီကဗျာဆရာ
နီရူဒါကလည်း ချစ်တယ်။
မနှစ်ကပေါ့
မြစ်ဝကျွန်းပေါ်ဒေသမှာ
နောက်ကျပြီးမှ ပွင့်ခွင့်ရတဲ့ ပိတောက်တွေ
နာဂစ်ခြွေတာခံခဲ့ရ။
ခုဆို
တယောတလက်ရဲ့ ဘိုးတံပေါ်မှာ
ဝေဒနာနဲ့ပွင့်မယ့် ပိတောက်တွေ
ရွှေရည်လူးနိုင်လိမ့်မယ်မထင်ဘူး။ ။
ကမာပုလဲ
ဧပြီ၊ ၂၀၀၉။
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:28 PM
2
comments
Labels: ကဗျာ
နအဖကျားနဲ့ အန်အယ်လ်ဒီဆင် လယ်ပြင်မှာ တွေ့ကြတော့မည်လော
ဒေါက်တာလွဏ်းဆွေ
(၂၀၀၉ ခုနှစ် ဧပြီလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ...)
နအဖကျွေးမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲမုန့်ဆီကြော်က ဘယ်ဆီနေမှန်းမသိ။ အတိုက်အခံတွေနှင့် နိုင် ငံတကာလူကြီးမင်းများဆီကတော့ နှုတ်ခမ်းနာနှင့် တည့်ပါ့မလားဆိုသည်မျိုး စိတ်ကူးယဉ် မှန်းဆချက်မျိုးစုံ၊ အသံဗလံမျိုးစုံ ကြွက်ကြွက်ညံလို့နေသည်။ ကုလသမဂ္ဂ၊ အီးယူအပါအ၀င် နိုင်ငံတကာလူကြီးမင်းများက တ မတ်သား အနှုတ်ခံထားရသည့် အတုအယောင် အခြေခံဥပဒေကို အလေးမထားတော့ဘဲ (မေ့ချင်ယောင် ဆောင်နေသည်လားမသိ) ၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးကိုသာ လုပ်ဆောင်ဖို့ နအဖကို တိုက်တွန်းနေတော့သည်။ မသာအိမ် ဖဲတက်ရိုက်ရသည်ကို အရသာတွေ့နေသည့် တရုတ်၊ အိန္ဒိယနှင့် အာ ဆီယံ ငို့ဘများကလည်း နအဖလုပ်သမျှ ဆန့်ကျင်ပြောဆိုခြင်း အလျဉ်းမရှိဘဲ နအဖဖြစ်ချင်သည့်ပုံစံ ရှောရှော ရှူရှူ ဖြစ်မြောက်ရေးကိုသာ အသံတိတ် ဆုတောင်းပေးနေပုံပေါ်သည်။
နအဖဘက်က သွားချင်သည့် ပုံစံကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အာဏာကို အရပ်သားအစိုးရ စစ်စစ်ထံ လွှဲအပ်ပြီး စစ်တန်းလျားကိုပြန်ရန် လုံးဝစိတ်ကူးမရှိ။ မြန်မာ့နိုင်ငံရေးတွင် ဦးစီးဦးဆောင်အခန်း ကဏ္ဍမှ ဆက်လက်ဗိုလ်ကျ ပါဝင်လိုသည့်အတွက် ပါလီမန်၏ ကိုယ်စားလှယ်တမတ်သားကို ၂၀၀၈ ညောင် နှစ်ပင်အခြေခံဥပဒေအား မျက်နှာပြောင်တိုက် ဇွတ်အတင်း အတည်ပြုခြင်းဖြင့် ကြိုတင်ရယူထားသည်။ ထို့အ ပြင် စစ်တပ်မှ အရပ်ဘက်ပြောင်းကာ ကိုယ်စားလှယ်အရွေးခံမည့် ဘောင်းဘီချွတ်များ၊ နအဖအကြိုက် ခေါင်း ညိတ်ခေါင်းခါလုပ်မည့် စွမ်းအားရှင်၊ ကြံ့ဖွံ့၊ ၈၈ မျိုးဆက်အတု၊ အန်အယ်လ်ဒီခွဲထွက် အမတ်တွေလို ပုတ်သင် ညိုများနှင့်လည်း ကျန် ၇၅ % ကို ရာနှုန်းပြည့်နီးပါးရရှိအောင် နအဖက အကွက်ချလုပ်ဆောင်နေသည်။ တ နည်းအားဖြင့် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေမှုအား နိုင်ငံတကာက တရားဝင် အသိအမှတ်ပြု လက်ခံလာ ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပပြီး မျက်လှည့်ပြလိုခြင်းဖြစ်သည်။
လွှတ်တော်ထဲတွင် ရာခိုင်နှုန်းအနည်းငယ်သော အတိုက်အခံများအဖြစ် တချိန်က နအဖနှင့် မဟာမိတ်ဟောင်း ဖြစ်ခဲ့သည့် တစညပါတီ၊ လက်နက်ချ ငြိမ်းအဖွဲ့များ၊ ရွေးစရာလမ်းမရှိ ထွက်ပေါက်ပိတ်နေသည်ဟု ယူဆ၍ အ ကြံကုန်ဂဠုန်ဆားချက်မည့် ပြည်တွင်းမှ ဆရာမောင်စူးစမ်း၊ ပြည်ပမှ ဦးအောင်သူငြိမ်းတို့လိုင်းဝင် ရသလောက် ယူရေးသမားများနှင့် နအဖစစ်ဘောင်းဘီအောက် ခေါင်းဝင်လျှိုကာ ကိုယ်ကျိုးစီးပွားရှာမည့် သိုက်သမားအချို့ လောက်ကိုသာ မြင်ရကောင်းမြင်ရနိုင်သည်။
နအဖကတော့ ဖြစ်နိုင်လျှင် ကျန်သည့် ၇၅ % ကိုလည်း သူတို့လျာထားသည့် ကိုယ်စားလှယ်တွေချည်း အကုန် နီးပါး အနိုင်ရရှိအောင် ဇာတ်ကြမ်းတိုက် လုပ်ဆောင်ဦးမည်ဖြစ်သည်။ ဆန္ဒခံယူပွဲနမူနာကို ကြည့်ခြင်းအားဖြင့် နအဖတွင် လုပ်ဆောင်နိုင်သည့် အနေအထား၊ အင်အားရှိနေသည်ကို တွက်ဆနိုင်သည်။ နအဖအတွက် အ သက်တမျှ အရေးပါသည့် လမ်းပြမြေပုံအဆင့်ဖြစ်၍လည်း ဆန္ဒခံယူပွဲထက် ပိုလိမ် ပိုညစ် ပိုဇာတ်ကြမ်းတိုက် မည်မှာ ဗေဒင်မေးစရာလိုမည်မထင်။ ပါလီမန်တွင် နေရာအနည်းငယ် ရလိုရငြား ၀င်ရောက်ယှဉ်ပြိုင်မည့် ရ သလောက်ယူရေးသမားများ၊ သိုက်တူးမည့်သူများ၊ တစညများ၊ ငြိမ်းအဖွဲ့များအနေနှင့် နအဖ၏ အတုအ ယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြု ၀င်ရောက်ယှဉ်ပြိုင်သည်ဆိုသည့် သမိုင်းအမဲစက်ကြီးသာ အဖတ် တင်ကျန်ဖို့များပြီး အနိုင်ရဖို့ မသေချာ။
၂၀၁၀ ရွေးကောက်ပွဲကျင်းပဖြစ်လျှင် အထက်တွင်ပြောခဲ့သလို နအဖအနေနှင့် ဆန္ဒခံယူပွဲတုန်းကကဲ့သို့ သူ ထင်ရာ စိတ်ကြိုက်ကြဲနိုင်သည့် အခင်းအကျင်းမျိုးရအောင် လုပ်ဆောင်နိုင်သည့် အနေအထားရှိသော်လည်း နအဖ အခက်တွေ့နေသည့် အကျပ်အတည်းတွေလည်း ရှိနေသည်။ ထိုသို့အကျပ်အတည်းတွေ ရှိနေသည့်အ တွက် နအဖအနေနှင့် အခုအချိန်အထိ ပါတီများတည်ထောင်ခွင့်နှင့် ရွေးကောက်ပွဲဥပဒေကို မထုတ်ပြန်ရဲသေး တာဖြစ်နိုင်သည်။
နအဖအတွက် နံပါတ် (၁) အကျပ်အတည်းသည် နိုင်ငံတကာက ပြောဆိုနေသော အားလုံးပါဝင်ဖို့လိုသည် ဆိုသည့် အခင်းအကျင်း (အတုဖြစ်ဖြစ်) မျိုးရရှိအောင် သူတို့ပါဝင်ယှဉ်ပြိုင်စေချင်သည့် အဖွဲ့အစည်းများ၊ လူ ပုဂ္ဂိုလ်များကို စည်းရုံးသိမ်းသွင်းနိုင်ခြင်း၊ ဖိအားပေး သိမ်းသွင်းနိုင်ခြင်းမျိုး မလုပ်ဆောင်နိုင်သေးသည့် အကျပ် အတည်းဖြစ်သည်။ ဥပမာအားဖြင့်ဆိုရလျှင် နအဖအနေနှင့် သူတို့လုပ်သည့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာစေရေးအတွက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီနှင့် အခြားတိုင်း ရင်းသားပါတီများ၊ ကေအန်ယူ၊ မွန်၊ အက်စ်အက်စ်အေ၊ ၀ အဖွဲ့တို့လိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင် ယှဉ်ပြိုင်ဖို့လိုသည်ဟု ခံယူထားပုံပေါ်သည်။ ထို့အတွက်လည်း နည်းအမျိုးမျိုးနှင့် လိုက်လံစည်းရုံးသိမ်းသွင်း ဖိအားပေးလုပ်ဆောင်နေသည်။ သို့သော် ယခုအချိန်အထိ အန်အယ်ဒီပါတီအပါအ၀င် မြေပေါ်အဖွဲ့အစည်း များ၊ လက်နက်ကိုင်အဖွဲ့များအားလုံးက နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရေး၊ ရွေးကောက်ပွဲဥပဒေ ကို ပြန်လည်သုံးသပ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ကိုသာ တညီတညွတ်တည်း ရပ်ခံတောင်းဆိုနေကြ သည်။ နအဖအနေနှင့် သူတို့လည်ပင်းကြိုးကွင်းစွပ်မည်ဟု ယူဆသည့် ထိုတောင်းဆိုမှုများကို လိုက်လျောနိုင် ခြင်းမရှိသည့်အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အကျပ်အတည်းမျိုး ဆိုက်နေခြင်းဖြစ်နိုင်သည်။
နအဖအတွက် ကြီးမားသည့် နံပါတ် (၂) အကျပ်အတည်းမှာ သူတို့အချင်းချင်း အဝေမတည့်သေးသည့် အ တွင်းစည်း အကျပ်အတည်း ဖြစ်နိုင်သည်။ စစ်တပ်အရာရှိများအနေနှင့် အထက်အမိန့်အရ စစ်တပ်မှထွက်ပြီး အရပ်သားအဖြစ်ကူးပြောင်းကာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ငြင်းဆန်မှုများ၊ စိတ်မပါလက်မပါဖြစ်နေ မှုများ ရှိနိုင်သည်။ အရာရှိအများစုက သူတို့အနာဂတ်အတွက် လုံခြုံစိတ်ချရသည့် တပ်ရာထူးတွင်သာ နေမြဲ ဆက်နေလိုမှုများကြောင့် အမိန့်မနာခံမှု၊ အာခံမှုများ ရှိလာနိုင်သည်ကို နအဖ အစိုးရိမ်ကြီးနေပုံပေါ်သည်။ တပ် တွင်းမတည်ငြိမ်မှုဖြစ်လျှင် အဆိုးဆုံးအနေအထားနှင့် အလျင်အမြန် ရင်ဆိုင်သွားရနိုင်သည်ကို နအဖစစ်အုပ်စု သဘောပေါက်သည့်အတွက်လည်း ထိုပြဿနာကို ဖြေရှင်းရန်အတွက် အချိန်ယူနေရသည့် အကျပ်အတည်း ဆိုက်နေခြင်း ဖြစ်နိုင်သည်။
နံပါတ် (၃) အကျပ်အတည်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်း သားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်မပေးဘဲ ရွေးကောက်ပွဲ ကျင်းပသင့်မသင့် န အဖ ခေါင်းခဲနေပုံပေါ်သည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်မပေးဘဲ ရွေးကောက်ပွဲကို ဇွတ်ကျင်းပလျှင် လက်နက်အားကိုးနှင့် ဖိနှိပ်ကျင်းပမှုကြောင့် ပြီးမြောက်သွားမည်ဖြစ်သော်လည်း ထွက်ပေါ်လာသည့် ရလဒ်ကို နိုင်ငံတကာက လက်မခံလျှင် လုပ်မောကြီးဖြစ်သွားမည်ကို နအဖစိုးရိမ်ပုံပေါ်သည်။ နိုင်ငံတကာက လက်ခံယုံ ကြည်အောင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်ပြန်လျှင်လည်း အတိုက်အခံအင်အား ပိုမိုတောင့် တင်းလာမည်ဖြစ်သည့်အတွက် ဆုပ်လည်းစူး စားလည်းရူး အကျပ်အတည်းမျိုး နအဖဆိုက်နေနိုင်သည်။
နအဖအနေနှင့် နံပါတ် (၂) အကျပ်အတည်းကို စစ်မိန့်စစ်သံနှင့် မီးသေသေ ကျော်လွှားနိုင်ပြီဆိုလျှင်တောင် နံပါတ် (၁) နှင့် နံပါတ် (၃) အကျပ်အတည်းကို အပြည့်အ၀ ကျော်လွှားနိုင်ရေးကတော့ နအဖအတွက် လုံးဝ လွယ်ကူနိုင်မည့် အခြေအနေမရှိပေ။ ဥပမာ - ကေအန်ယူအား ထိုင်းအစိုးရကတဆင့် ဖိအားပေးခိုင်းနေသော် လည်း အဆင်ပြေမည့်ပုံမရှိ။ ကေအန်ယူအပါအ၀င် လက်နက်ကိုင်ထားဆဲ အဖွဲ့အစည်းများသည် အခြားငြိမ်း အဖွဲ့များကဲ့သို့ လက်နက်ချကာ ပူးပေါင်းမည့်သဘောမျိုးနှင့် အညံ့ခံမည်မဟုတ်ဘဲ တန်းတူတွေ့ဆုံဆွေးနွေး ရေးမှတဆင့်သာ ရွေးကောက်ပွဲကို စဉ်းစားမည်ဆိုသည့် ရပ်ခံချက်မျိုးနှင့် တိုက်ပွဲဆက်ဝင်နေမည်မှာ သေချာ နေခြင်းကြောင့်ဖြစ်သည်။ အန်အယ်လ်ဒီပါတီအနေနှင့်လည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနှင့် ဖွဲ့ စည်းကိုပြင်ဆင်ရေးကို နအဖက မလုပ်ဆောင်သရွေ့ ရွေးကောက်ပွဲကို မစဉ်းစားဟု ဆိုထားသဖြင့် နအဖအ နေနှင့် မလွယ်ရေးချမလွယ်ဖြစ်နေသည်။
ထိုသို့သော အခက်အခဲများရှိနေသည့်အတွက် နအဖက နိုင်ငံတကာမျက်စိလည်အောင် တ၀က်တပျက် ဖဲ့ ထုတ်သည့်နည်းနှင့် ကျုံးသွင်းနေသည်။ အန်အယ်လ်ဒီထဲက နည်းနည်း၊ အခြားလက်နက်ကိုင် အဖွဲ့အစည်း များထဲက နည်းနည်းစီပဲ့လာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းဆိုင်းဘုတ်များနှင့် ရွေးကောက်ပွဲဝင်ပြိုင်အောင် လုပ် ဆောင်လာနိုင်သည်။ ထိုသို့ နည်းနည်းစီပဲ့ပါလာအောင်လုပ်ကာ ပါတီထောင်ခိုင်းဖို့ အိုကေပြီဟု အထင်ရောက် လေမှ ရွေးကောက်ပွဲဥပေဒနှင့် ပါတီထောင်ခွင့် နအဖ တရားဝင်ကြေညာမည်ဟု ယူဆရသည်။
နအဖအနေနှင့် အန်အယ်လ်ဒီအပါအ၀င် အခြားမြေပေါ်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို မလိုက်လျောဘဲ ရွေးကောက်ပွဲဥပေဒနှင့် ပါတီထောင်ခွင့်ကို ကြေညာချက်ကို ဇွတ်အ တင်း ထုတ်ပြန်လိုက်ပြီဆိုလျှင်တော့ အာဏာမစွန့်ချင်သည့် နအဖကျားငစဉ်းလဲနှင့် ပြည်သူလူထု၏ မန်းဒိတ်ရ ထားသည့် အန်အယ်လ်ဒီဆင်တို့ လယ်ပြင်မှာ (တွေ့ချင်ချင် မတွေ့ချင်ချင်) ထိပ်တိုက်တွေဆုံရနိုင်သည့် အခြေ အနေမျိုး ဖြစ်ပေါ်လာနိုင်သည်။ အန်အယ်လ်ဒီပါတီထဲမှ တချို့တလေ ရွေးကောက်ပွဲဝင်မည့်ဘက် ပဲ့ပါကောင်း ပါသွားနိုင်သော်လည်း အများစုက ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ၉၀ မန်းဒိတ်ကိုကိုင်ကာ လူထုတိုက်ပွဲ ဖော်လာနိုင်သည်။ နောက်ဆုံးအနေနှင့် အန်အယ်လ်ဒီသမိုင်းလှစေရေးအတွက် ရထားသည့် မန်းဒိတ်နှင့် ထိပ် တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်လာနိုင်သည်။
ထိုအချိန်တွင်မှ ထိပ်တိုက်ရင်မဆိုင်လျှင်တော့ ၉၀ ရလဒ်အတွက် အဓိကတာဝန်ရှိသည့် အန်အယ်လ်ဒီပါတီအ နေနှင့် သမိုင်းကွေးရုံသာမက နောင်ရွေးကောက်ပွဲအဆက်ဆက်တွင်လည်း နလံထူနိုင်မည့်အခြေအနေ ရှိ တော့မည်မဟုတ်ပေ။ အန်အယ်လ်ဒီ သတ္တိရှိရှိလုပ်မည်ဆိုလျှင် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အခြားအ တိုက်အခံအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့်အတူ ပြည်သူလူထုကလည်း မုချလိုက် ပါလာမည်မှာ သေချာသည်။ ထိုနောက်ဆုံးထိပ်တိုက်ရင်ဆိုင်ပွဲမှတဆင့် လူထုတိုက်ပွဲဖော်ကာ အဆုံးသတ် တိုက်ပွဲအထိ တက်လှမ်းနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြမည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးအနေနှင့် အဆုံးသတ်တိုက်ပွဲအတွက် အဆင် သင့်အနေအထားဖြစ်အောင် ပြင်ဆင်ထားကြဖို့လိုကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
ဒေါက်တာလွဏ်းဆွေ
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:33 AM
7
comments
Labels: ဆောင်းပါး
Friday, April 3, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၄-၀၉)
- အာဖဂန်မဟာဗျူဟာ ထောက်ခံဖို့ နေတိုးကို အိုဘားမား တိုက်တွန်း click
- မြန်မာနိုင်ငံ လူသတ်မိုင်း အသုံးပြုဆဲ click
- ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲဖြစ် click
- ရွေးကောက်ပွဲအတွက် ၀န်ကြီးဉာဏ်ဝင်း ငွေပေးပြီး မဲဆွယ် click
- နိုင်ငံရေးအကျဉ်းသားများကို ရပ်ဝေးထောင်များသို့ ဆက်လက်ပြောင်းရွှေ့ click
- ထိုင်းစက်ရုံ ပိတ်ပစ်၍ မြန်မာ ၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ် click
- နေတိုးအစည်းအဝေး စပြီ click
- မြန်မာအလောင်းယူဖို့ ရွှေလီဆေးရုံက ငွေတောင်း click
- မီးရထားရုံပိုင် ငွေတောင်းပြီး မတောင်းဘူးဟု ငြင်း click
- သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ (၄) click
- ကမာပုလဲနှင့် ဂျီတော့ပေါ်မှာ စကားပြောခြင်း (ကဗျာ) click
- ကြေးမုံဦးသောင်း သို့မဟုတ် သံမဏိ သတင်းစာဆရာ click
- အလုပ်သမားများ နစ်နာကြေးရရှိရန် ထိုင်းတရားရုံးသို့ တင်ပြတောင်းဆိုရန် ပြင်ဆင်နေ click
- ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့ မောင်သာရ click
- မစ်ရှဲလ်အိုဘားမားအတွက် တော်ဝင်မိသားစုရဲ့ စည်းကမ်းသစ် click
- သူပုန်များသာ မြေမြှုပ်မိုင်းသုံးဟု အစိုးရစွပ်စွဲ click
- မလေးရှားက မြန်မာလက်ဖက်ကို စစ်ဆေးနေပြီ click
- စီးပွားရေးလုပ်ငန်းရှင်များ ရွေးကောက်ပွဲဝင်ရန်ပြင်ဆင် click
- ဗိုလ်တထောင် ရဲစခန်းအနီး လင်မယား ၂ ဦး အသတ်ခံရ click
- အမှန်တရား၊ သတင်းစာပညာနှင့် ဒီမိုကရေစီ (ဆောင်းပါး) click
- ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးကို အေးချမ်းသွားစေချင်တယ် (အင်တာဗျူး) click
- မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်း မြန်မာပြည်အလယ်ပိုင်းကို ဖြတ်သန်းမည် click
- သင်္ကြန်တွင် အဆိုတော်များ ဝတ်စားဆင်ယင်မှု ကန့်သတ်ခံရ click
- ခိုးကူးခွေအန္တရာယ်ကြောင့် သင်္ကြန်သီချင်းခွေ အထွက်နည်း click
- ရခိုင်ပြည်ရှိ လယ်မြေများနှင့် မြေလွတ်မြေရိုင်းများအား ငှားရမ်းလုပ်ကိုင်ရန် ဘင်္ဂလားဒေ့ရှ်က စီစဉ် click
- တရားမ၀င် ၀င်ရောက်လာသူ ၆ ဦးကို ဘင်္ဂလားအာဏာပိုင်များမှ မြန်မာဘက်သို့ ပြန်ပို့ click
- ပြည်သူတွေအပေါ် ငွေကောက်ပြီး လမ်းပြင် click
- ထိုင်း-သျှမ်းနယ်စပ် မိုးသီးခဲကြီးရွာ၊ အိမ်အမိုးနှင့် ခြံစိုက်ဟင်းသီးဟင်းရွက် ပျက်စီး click
- US should aim to lift Myanmar sanctions: senator click
- UN urges increased assistance to Myanmar's cyclone-hit areas click
- Bay storm may spare India, head to Myanmar click
- Myanmarese woman held after reunion with kids click
- U.S. donates 16,000 tons of rice for Myanmar cyclone victims click
- UN raises awareness on increased humanitarian and development needs in Myanmar click
- U.S. Government donates over 16,000 tons of rice to Nargis victims click
- Myanmar: IOM races to shelter Cyclone Nargis survivors before monsoon rains click
- ကေအန်ယူခွဲထွက်အဖွဲ့အားလုံး ၂၀၁၀ ရွေးကောက်ပွဲအပြီး လက်နက်မဖြုတ်ဘဲ နယ်ခြားစောင့်တပ် ဖွဲ့ပေး မည် click
- လေဘေးသင့်ပြည်သူများ မိုးကျခါနီး နေစရာအတွက် စိုးရိမ် click
- ရန်ကုန်မြို့လယ်မှ နှစ်လောင်းပြိုင်လူသတ်မှု click
- လူထုနှင့် အန်အယ်လ်ဒီအခြေအနေ (ဦးဝင်းတင်နှင့် တွေ့ဆုံမေးမြန်းခန်း) click
- ဦးသန့်နဲ့ ဘာသာရေး (ဆောင်းပါး) click
- အင်တာနက် ပုံမှန်ပြန်ဖြစ်ရန် ရက်အကန့်အသတ်မရှိ ကြာမည် click
- သောကြာစကားဝိုင်း (ဧပြီ ၃၊ ၂၀၀၉) click
- ဗိုလ်သန်းရွှေ၏ ရွေးကောက်ပွဲအစီအစဉ် (ဆောင်းပါး) click
- နေရပ်ပြန်ခွင့်ရရေး မလေးရှားရောက် မြန်မာများ ဆန္ဒပြ click
- မြန်မာ့လက်ဖက်ကို မလေးရှားကလည်း စစ်ဆေးမည် click
- G-20 ညီလာခံ ပြီးဆုံး၊ ဆင်းရဲနိုင်ငံများ အကူအညီပိုရမည် click
- နာဂစ်ဒုက္ခသည်အတွက် အမေရိကန်က ဆန်လှူ click
- ကုလ အရေးပေါ်အစည်းအဝေးခေါ်ဖို့ ဂျပန်ပြင်ဆင် click
- ကဗျာဆရာကြည်အောင်၏ ဈာပနအခမ်းအနား ကျင်းပ click
- အွန်လိုင်းကနေ စာအုပ်ရောင်းတဲ့လုပ်ငန်း အလုပ်မဖြစ် click
- တရုတ်က မြန်မာကလေးအလောင်းကို ငွေဖြင့် ရွေးခိုင်း၍ မိသားစု ဒုက္ခတွေ့ click
- US donates rice to Myanmar click
- Daewoo extends Myanmar oil, gas field exploration click
- BURMA: China's Thirst for Oil Ignores Environment, Rights click
- Myanmar destroys more poppy plantations this cultivation season click
- Web slowdown hits Myanmar click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:12 PM
0
comments
Labels: သတင်း
နိုင်ငံတော်အကြမ်းဖက်မှုနှင့် မြန်မာနိုင်ငံ (ခင်မမမျိုး)
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:05 PM
0
comments
Labels: ဆောင်းပါး
မော်လဒိုက်မှာ ပျော်ပိုက်မယ်ထင်လို့ ...
ဗွမ်း .. ဗွမ်း .. ဗွမ်း ..
ဗွမ်း .. ဗွမ်း .. ဗွမ်း ..
(ဦးရုက္ခစိုးကြီးတယောက် ကမ်းခြေတွင် မကူးတတ်ကူးတတ် ဟိုယက်သည်ယက် လုပ်နေသောကြောင့် ထွက် ပေါ်လာသော အသံဖြစ်သည်။)
ပင်လယ်ရေက ကြည်ပြာရောင် ... ကောင်းကင်ကြီးကလည်း ကြည်ပြာရောင် ... ကဗျာတောင် စပ်ဖို့ကောင်း နေပြီ ... ဟူ၍ ဦးရုက္ခစိုး စိတ်ကူးယဉ်နေမိသည်။
ရေကူးရတာ မဝပေမယ့် အစည်းအဝေးမှာ လေ့လာသူအဖြစ် အဖိတ်ခံထားရတော့ ဝင်ထိုင်ရပေဦးမည်။ အ စည်းအဝေးက အလွန်သာယာသည့် မော်လဒိုက်ကျွန်းလေးမှာ ဆိုတော့လည်း ရောက်ဖူးချင်မိသည်။ အစည်း အဝေးကိစ္စကတော့ အလွန်ကြောင်၏။ မြန်မာပြည်မှာ အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်ထားခြင်းတဲ့။ မြန်မာ့အရေး ဆွေးနွေးကြမည်ဖြစ်သည်။
မျက်လုံးပေကလပ်နှင့် နိုင်ငံရေးသတင်းများကို စိတ်ဝင်စားသော ဒေဝါလီသတင်းဌာနက သတင်းထောက် သ ဝေထိုးလည်းပါသည်၊ နရသိန်အကျဉ်းသားများကူညီရေးအဖွဲ့မှ ကိုဘိတ်လည်း ယောင်တောင်တောင်နှင့် မော် လဒိုက်ကို ရောက်ဖူးချင်သည်ဆိုကာ ပါလာသည်။
သဝေထိုး ။ ။ သာယာလိုက်တဲ့ နေရာလေးဗျာ ...။ ဒီလိုနေရာမှာ အကြောင်းမထူးမယ့် မြန်မာ့အရေး လာ ဆွေးနွေးရတာ မတန်ဘူး။ ဘီကီနီဝတ် မဒီလေးတွေနဲ့ လာနှပ်ရမှာ ... ။
ရုက္ခစိုး ။ ။ ဒီလိုလည်း ဘယ်ဟုတ်မလဲကွ ... Relax လုပ်ပြီး မြန်မာ့အရေးဆွေးနွေးမှ Solution ကောင်းတွေ ရမှာပေါ့ ...။
ဦးရုက္ခစိုးက မြန်မာ့အရေးလေ့လာသူ ငါးဘတ်တက္ကသိုလ်ဆင်းများ၏ လေသံအတိုင်း ဘိုလိုညှပ်ပြောလိုက်ရာ သဝေထိုးကို တံတွေးစဉ်သွားသည်။
သဝေထိုး ။ ။ ဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်ဖြစ်ချင်တာ ပြောတာပါ ... (ပြောရင်း မျက်စိက လုံးဝ အနားမပေး ...။ ဘီကီနီဝတ် အဖြူမလေးများကို တယောက်မှ မလွတ်ရအောင် လိုက်ကြည့်သည်။)
ဒီနေ့က အစည်းအဝေးရဲ့ ဒုတိယနှင့် နောက်ဆုံးနေ့ ...။ ပထမနေ့ဆွေးနွေးသည့် ခေါင်းစဉ်က “မယောင်ရာ ဆီလူး ... မထူးတဲ့ မြန်မာပြည်” ဟု အမည်ရသည်။ ဒီနေ့မှာတော့ “တောင်စဉ်ရေမရ ဒီမိုကရေစီ” ဆို သည့် ခေါင်းစဉ်ကို “တံတွေး” ပိဿာချိန် ၂၀ ရသည်အထိ ဆွေးနွေးဖို့ စီစဉ်ထားသည်။
ဦးဆောင် ဆွေးနွေးမည့် သူများကတော့ မြန်မာ့အရေးကို စိုက်လိုက်မတ်တပ်ကော၊ ထိုင်လျက်ကော၊ လျှောက် လျက်ပါ လေ့လာလိုက်စား၊ လိုက်သောက်ကာ ကျမ်းပြုနေသည့် ပညာရှင်ကြီးများ၊ မြန်မာ့အရေးလှုပ်ရှား ကမ် ပိန်းထုသည့် မြန်မာမဟုတ်သူများ ပါဝင်သည်။
မြန်မာများကတော့ ထုံးစံအတိုင်း ဘေးထိုင်ဘုပြောကြသည်။ ဝင်မပြော မဆွေးနွေးကြ။ ပညာရှင်ကြီးများ ဆွေး နွေးငြင်းခုန်နေသည်ကို ပါးစပ်အဟောင်းသားနှင့် နားထောင်နေကြသည်။
ရောဘတ်ထွေလာ ။ ။ ကျနော့်မှာ ဘုရား နှစ်ဆူရှိပါတယ် (အားလုံး နားရွက်များထောင်သွားသည်)။ ဦးနေ ဝင်းနဲ့ ဒေါက်တာမောင်မောင်ပါ။ အလွန်လေးစားကြည်ညိုဖို့ကောင်းတဲ့ လူကြီးတွေပါ။
ဂျနီဗာဂွက်ထော် ။ ။ (မြန်မာ့အရေးလှုပ်ရှားသူပီပီ ... ရန်တွေ့သံနှင့်) ကိုထွေလာ … ရှင်ထွေလာတိုင်း ပေါက် ကရ လျှောက်မပြောပါနဲ့ ... ရှင်က မြန်မာဗိုလ်ချုပ်တွေကို ဖားပြီး စာရေးစားနေတဲ့သူ ... ရှင့်ရဲ့ အတ္တတွေကို အကောင်အထည်ဖော်ဖို့ ရန်ကုန်မှာနေပြီး Scholar Prostitute လုပ်စားနေပြီးတော့ ... ။
ရုက္ခစိုး ။ ။ (မျက်လုံးပြူး မျက်ဆံပြူးနှင့် ဖိုးရှုပ်နားသို့ကပ်ကာ) ဟ ... ဒီပွဲက ကြမ်းလှချည့်လား ...။
ဒဲရစ် ထိုးချင် ။ ။ ဒီမှာ ဂွက်ထော် ... မြန်မာ့အရေးကို နားမလည်ဘဲ မျက်စိလည်လမ်းမှားပြီး ဟိုအော် သည် အော် ဝင်အော်၊ သံရုံးရှေ့ဆန္ဒပြပြီး မြန်မာပြည်ကို လာချစ်ပြမနေနဲ့။ အမှန်တရားကို ကြည့် ... ကြည့်သောသူ မြင်၏တဲ့။ ဗိုလ်ချုပ်ကြီးတွေကို သနားကြင်နာစွာ လေ့လာပါ။
ရောဘတ်ထွေလာ ။ ။ ဝုတ်ဒယ် ... ဝုတ်ဒယ် ... ထိုးချင်ပြောတာ မှန်တယ်။ ဒီမိုကရေစီတွေ အောင်ဆန်းစု ကြည် လွတ်လပ်ရေးတွေ လုပ်မနေနဲ့ ...။ တို့ဗိုလ်ချုပ်တွေက တလမ်းမောင်းပဲ။ ငါ စာအုပ်တွေ အများကြီးရေး ပြီးပြီ။ သိတယ်။
ဂွက်ထော် ။ ။ ရှင်က မြန်မာစကော်လာသာ ပြောတယ်။ မြန်မာလိုလည်း မဖတ်တတ်၊ မရေးတတ်။ ဘာသာ ပြန်တာကို စောင့်ပြီး ရှင့်စာအုပ်ထဲ အကုန်ခိုးချနေပြီးတော့ ...။
ဂွက်ထော်က အလစ်ချောင်း တိုက်ခိုက်လိုက်ရာ ထွေလာ ရှုးရှုးရှဲရှဲဖြစ်သွားသည်။ သူ့နာမည်အတိုင်း ထွေလာ လျှင် ဒေါသကြီးပြီး မြန်မာ့အရေးကို ပေါက်ကရ ဆွေးနွေးလေ့ရှိသဖြင့် ဒီတခေါက်လည်း ဝိုင်းသမတာ ခံနေရ ခြင်းဖြစ်သည်။
ရုက္ခစိုး ။ ။ (ကိုဘိတ်နှင့် ကိုသဝေထိုးတို့ဘက်ကို စိတ်မသက်မသာကြည့်ရင်း) ဒီခေတ်ကြီးမှာ ဒီလိုပေါက်က ရတွေပြောမှ လူတွေ အထင်ကြီးမှာကွ။ မင်းတို့လည်း တချီတမောင်း ဝင်ကြဲကြည့်ပါလား။
သဝေထိုး ။ ။ (လေသံလေးဖြင့်) မလုပ်နဲ့ ...။ ကျနော်တို့တွေက အိမ်ကျယ်တွေ ... မဖြစ်ဘူး။ လူကြားထဲကျ ရင် ... အီးတောင် ကျယ်ကျယ်ပေါက်ရဲတာ မဟုတ်ဘူး။
ရုက္ခစိုး ။ ။ ဒါဆိုရင် ... ဒီကောင်တွေက တောင်စဉ်ရေမရ ... မယောင်ရာဆီလူး၊ အရေမရကိစ္စတွေကို ပြော စားပြီး မြန်မာပြည်မှာလုပ်စားနေတဲ့ စကော်လာကြီးတွေပေါ့နော်။
ဒဲရစ်ထိုးချင် ။ ။ (အတိုက်အခံများက သူ့ကို ထိုးချင်နေသောကြောင့် တွင်လာသည့် နာမည်ဖြစ်သည်။) ကျ နော်တို့လည်း အလုပ်မရှိ အကိုင်မရှိ ပင်စင်စားဘဝမှာ ... ၁၀၉ - ၁၁၀ ဖြစ်နေမယ့်အစား ပေါက်ကရတွေ ဝင် ပြောလွန်းလို့ ဟိုလူကခေါ်တွေ့ ... ဒီလူက ခေါ် စကားပြောနဲ့ ... မြန်မာ့အရေးမှာ လူရာဝင်နေပါပြီဗျ။
ရုက္ခစိုး ။ ။ ဘာတွေ ဆွေးနွေးပြောဆိုလေ့ရှိတယ် ဆိုတာလေး ပြောပါဦး ဦးထိုးချင်ရဲ့။
ဒဲရစ်ထိုးချင် ။ ။ ၁၉၉၀ ရွေးကောက်ပွဲဟာ Valid မဖြစ်တဲ့ အကြောင်းပြောပြီး အောင်ဆန်းစုကြည်ဆိုတဲ့ လေ ဒီလေး ထောင်သက်ရှည်အောင် လော်ဘီလုပ်ပေးရတာပေါ့ဗျာ။
ဂွက်ထော် ။ ။ ရှင်တို့ တော်တော်လွန်လာပြီနော်။ ကျမတို့ရဲ့ လူထုခေါင်းဆောင်ကို မစော်ကားနဲ့ ...။ သူလွတ် မြောက်ရေးအတွက် ကျမတို့အော်နေရတာ လည်ချောင်းတောင်ကွဲနေပြီ။ သူလွတ်လာရင်လည်း ကျမသာလျှင် သူ့ရဲ့တဦးတည်းသော Messenger လုပ်ဦးမှာ ... လုပ်ဦးမှာ။
ကိုဘိတ် ။ ။ (ခေါင်းကို တဗြင်းဗြင်း ကုတ်ရင်း ...) ဒုက္ခပါပဲ ... သူတို့လုပ်ပုံနဲ့တော့ အဘွားကြီးကို သောက်မြင် ကပ်ပုဒ်မနဲ့ နေအိမ်အကျယ်ချုပ် နှစ်ထပ်တိုးတော့မယ်ထင်တယ်။
ဂွက်ထော်၊ ထွေလာနှင့် ထိုးချင်တို့ မယောင်ရာဆီလူးနေစဉ် တခြားသော မြန်မာ့အရေးကျွမ်းကျင်သူ ဘိုးအေ များ၊ မြန်မာ့အရေးလုပ်စားသူ ပေါက်စများက စကားများငြင်းခုန်နေကြသည်။
“၂၀၁၀ ရွေးကောက်ပွဲကြီးကတော့ အခွင့်အလမ်းတခုရဲ့ တံခါးပေါက်ပဲဗျ”
“၂၀၁၀ ကို မကြည့်နဲ့ ၂၀၁၅ ကို ကြည့်။ မြန်မာပြည်မှာ ဒီမိုကရေစီရဲ့ လမ်းစကို မြင်နေရပြီ”
“Road Map ကို ဗရုတ်ဗရက် လုပ်လို့မရဘူးဗျ။ အတိုက်အခံနဲ့ ဘုန်းကြီးတွေက မေတ္တာသုတ်ပဲ ရွတ်တတ်တာ ... သေနတ်မှ မပစ်တတ်ဘဲ”
“သန်းရွှေကြီးက တကယ်ကို စမတ်ဖြစ်တာဗျ ...။ သူက အတိုက်အခံပြောတာကို ... အဝှာ ကြားထဲတောင် ညှပ်တာမဟုတ်ဘူး။ သူလုပ်ချင်ရာလုပ်တာနော်”
“ဟုတ်တယ် ဟုတ်တယ် ... တော်လှန်ရေးနေ့က ပြောသွားတာလေး ဘယ်လောက်လှလဲ ... ။ ခု ရေတွင်းတူး ခု ရေကြည်သောက်လို့ မဖြစ်ဘူးဆိုတာလေ။ ဒီမိုကရေစီမပေးချင်တဲ့အကြောင်းကို ကဗျာဆန်ဆန် ပြောသွား တာ ကြားတယ်မဟုတ်လား”
လေ့လာသူ ဦးရုက္ခစိုးကြီး စိတ်ဓာတ်အကြီးအကျယ်ကျသွားသည်။
ဦးရုက္ခစိုး ။ ။ ဟေ့ ... ဟေ့ ... ငါတို့ အပြင်ခဏထွက်ပြီး လေလေးဘာလေး ရှူရင်ကောင်းမယ်ထင်တယ်။
မြန်မာထုံးစံအတိုင်း ကျေလည်း မကျေနပ်၊ ဝင်လည်း မပြောရဲသဖြင့် ခပ်ကုပ်ကုပ် ထွက်လာခဲ့ကြသည်။ အ ပြင်ဘက်တွင် ကိုဘိတ်က ကြိုရောက်နှင့်နေသည်။
ဂျောက်ဂျက် ... ဂျောက်ဂျက် ... ဂျောက်ဂျက် ... ဂျောက်ဂျက်
သဝေထိုး ။ ။ ဘာလုပ်နေတာလဲ ကိုဘိတ် ...။
ကိုဘိတ် ။ ။ တရုတ်ပေသီးတွက်နေတာလေ။ ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀ ...။
ရုက္ခစိုး ။ ။ ဘာတွေလဲဗျ … ။
ကိုဘိတ် ။ ။ မြန်မာပြည်မှာ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းပါ ...။
ရုက္ခစိုး ။ ။ တနှစ် တနှစ်ကို ခင်ဗျားတို့ ထောက်ပံ့နေတာ ဘယ်နည်းမလဲနော်။
ကိုဘိတ် ။ ။ (ဂျောက်ဂျက်၊ ဂျောက်ဂျက် ... ) မလောက်ဘူးဗျ။ အလှူရှင်တွေက မေးထားတယ်။ နောက်နှစ် အဖမ်းအဆီးစာရင်းကို ဖြစ်နိုင်ချေ တွက်ပေးပါတဲ့။ အဲဒါ စုစုပေါင်း ၄၀၀၀ ကို Estimate လုပ်ပေးထားတယ်။ မလောက်ဘူးဗျို့ မလောက်ဘူး။
သဝေထိုး ။ ။ ကိုဘိတ်၊ ကိုဘိတ်စာရင်းကို နည်းနည်းထပ်တိုးလိုက်ပါလား။ ဟို အစည်းအဝေးခန်းထဲက လူ တွေပါ ထည့်လိုက်ရင် ကောင်းမယ်ထင်တယ်။
ကိုဘိတ် ။ ။ (ကွမ်းတံတွေးကို ထောင်ဝါဒါများကဲသို့ ဗျစ်ကနဲ ထွေးလိုက်ပြီး ...) သူတို့ကို ထည့်လိုက် ရင် တော့ ငါ့ဘတ်ဂျက် သုံးလေးဆ တိုးမှာပေါ့ကွ။ ဒိန်ခဲတွေ၊ ဒိန်ချဉ်တွေ ပို့ရမယ်။ ငါးပိနဲ့ တို့စရာနဲ့တင် မရဘူး လေ။
ထိုသို့ စကားကောင်းနေစဉ် ပင်လယ်ဒီရေများ တဖြည်းဖြည်း မြင့်တက်လာသည်ကို အားလုံးသတိပြုမိလိုက် သည်။ မော်လဒိုက်က ပင်လယ်ရေမျက်နှာပြင်၏ အနိမ့်ဆုံးနေရာတွင်ရှိနေကာ ရေလွှမ်းနိုင်ကြောင်း သတိပေး ထားသည်ကိုး .. ။
“ပင်လယ်ရေတွေ တက်လာပြီဟေ့ ပြေးကြ ... ပြေးကြ ...”
ရေတက်လာပုံက မြန်သည်။ ရုန်းရင်းဆန်ခတ် ပြေးလွှားကြသည်။ “ကိုဘိတ် ... ကိုဘိတ် ခင်ဗျား ဂျောက်ဂျက် ကြီး မမေ့နဲ့ဦး” ဟု သဝေထိုးက အော်သည်။
ဝုန်း … ဒိုင်း ...
အစည်းအဝေးခန်းမကြီးလည်း လဲပြိုပြီး ရေထဲပါသွားသည်။ ဦးရုက္ခစိုးတို့တသိုက် မိရာကိုဆွဲပြီး ရေထဲမှာ အ သက်လုနေကြသည်။
ရောဘတ်ထွေလာ၊ ဂွက်ထော်နှင့် ထိုးချင်တို့ကတော့ ရေထဲမျောနေတာတောင် မြန်မာ့အရေးကို ငြင်းလို့ ခုန် လို့ မပြီးနိုင်သေး။ ဦးရုက္ခစိုးက ပင်လယ်စောင့်နတ်ကို တိုင်တည်လိုက်သည်။ သဝေထိုးကလည်း အားကျမခံ သစ္စာဆိုသည်။
သဝေထိုး ။ ။ တပည့်တော် သတင်းအမှားတွေပဲ ရေးခဲ့တာပါ။ ဤမှန်သောသစ္စာစကားကြောင့် မိုးဟေကို ဘီ ကီနီလေးနဲ့ စပိဘုတ်လေးစီးပြီး လာကယ်ပါစေဘုရား။
ဦးရုက္ခစိုး ။ ။ ဘယ့်နှယ် မိုးဟေကိုရမှာလဲ သဝေထိုးရဲ့ ... မေခလာ လုပ်စမ်းပါ။
သဝေထိုး ။ ။ မေခလာက အသက်ကြီးပြီဗျ။ ဒီလောက်သစ္စာဆိုထားရတာ ... လာမယ့်လာတော့ မိုးဟေကိုပဲ လာပါစေဗျာ။
ဗွမ်း ... ဗွမ်း ... ဗွမ်း ... (ယက်ကန်ယက်ကန် ကူးနေသံ)
ထိုစဉ် ကောင်းကင်ပေါ်က ကြိုးတချောင်းနှင့် တစုံတခုကျလာတာကို ရိပ်ခနဲ တွေ့လိုက်ရသည်။
ကိုဘိတ် ။ ။ ဟာ ... တာဇံဟေ့ ...။
ထိုတစုံတခုထံမှ အသံထွက်လာသည် ... “ကျမ မေခလာပါ။ တာဇံ မဟုတ်ပါဘူး။ ကျမနဲ့ လိုက်မှာလား မ လိုက်ဘူးလား”
အားလုံး ။ ။ ဟာ လိုက်မယ်၊ လိုက်မယ်။ တယောက် ဘယ်လောက်လဲ။
မေခလာ ။ ။ ကြားကားဆိုတော့ တယောက် ၃၀၀ ကျတယ်။ အာ ယောင်ကုန်ပါပြီ။ ပိုက်ဆံမပေးရဘူးရှင့် ...။
မေခလာက သုံးယောက်ပူးကြီး ကုတ်ကဆွဲမကာ ပွေ့ချီလိုက်သည်။
သဝေထိုး ။ ။ (ကိုဘိတ်ကို လှမ်းကြည့်ရင်း) မေခလာက လေးဆယ်ကျော်သာဆိုတယ် အလတ်ကြီး ရှိသေး တယ်နော် ဟီးဟီး။
ကိုဘိတ် ။ ။ ဟေ့ကောင် နောက်မနေနဲ့ … ဒါ အဆိုတော်မေခလာ မဟုတ်ဘူး။ မဏိမေခလာကွ ... ခေါင်းမှာ ဟိုဟာကြီးပါတယ်။
မရတော့ပါ။ ခြေလွန်လက်လွန်ဖြစ်သွားသည်။ သဝေထိုးက မည်ကဲ့သို့ ပြုလုပ်လိုက်သည်မသိ၊ မေခလာ လန့် အော်လိုက်သည်။ ပြီးတော့ စိတ်ဆိုးမာန်ဆိုးဖြင့် “ကိုသဝေထိုး ရှင့်ကို ပစ်ချလိုက်ရမလား” ဟု မေးလိုက်သည်။
သဝေထိုး ။ ။ (မချိုမချဉ်ပြုံးကာ) ကန်တော့ ... ကန်တော့ ... လက်က အကျင့်ပါနေလို့ပါ ... သီချင်းဆိုတဲ့ မေ ခလာနဲ့ မှားသွားလို့ …။
မေခလာ ။ ။ ကဲ … ကဲ ... ရောက်ပြီ ... ဒီ ပန်းဆိုးတန်းမှာပဲ ချခဲ့တော့မယ်။ ခဝဲခြံကို ၄၈ စီးပြီး ပြန်ကြတော့။
ဦးရုက္ခစိုးက ကျေးဇူးတင်စကားပြောသည်။ မေခလာက သဝေထိုးကို သိပ်မကြည်ချင်။ ကိုဘိတ်ကတော့ ရေ ထဲမှာ ကျန်ခဲ့သူများကို သတိရကာ စိတ်မကောင်းဖြစ်နေသည်။ “ရေထဲမျောမယ့်အစား ထောင်ထဲထည့်လိုက် ရလျှင် ဘတ်ဂျက်တိုးနိုင်တယ်” ဟု စိတ်ကူးနေသည်။ စိတ်ကူးရင်း အားမရသဖြင့် ပါးစပ်က ထုတ်ပြောလိုက် သည်။
ကိုဘိတ် ။ ။ ရေထဲမျောသွားတဲ့သူတွေအတွက် စိတ်မကောင်းဘူးဗျာ ...။
ဦးရုက္ခစိုးက တဟားဟား အော်ရယ်ကာ လက်သီးလက်မောင်းတန်း၍ အော်ပြောလိုက်၏။
ဦးရုက္ခစိုး ။ ။ ဟေး ... တတောရှင်းပြီကွ။ ခုမှ မြန်မာပြည် ဒီမိုကရေစီရဖို့နဲ့ မှန်မှန်ကန်ကန် ပြောင်းလဲဖို့ နီးစပ် ပြီ။ နီးစပ်ပြီကွ ...။
ရန်ကုန်သားတာတေ
Posted by
ဒေါက်တာလွဏ်းဆွေ
at
1:01 PM
1 comments
Labels: သရော်စာ



















