Tuesday, April 7, 2009

အမေလူထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့်အမှတ်တရ

လမင်းတရာ သာလိမ့်မည်
လူထုဒေါ်အမာ

၂၀၀၉ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့် ကဗျာဆရာကြည်အောင်၏ ‘လမင်းတရာကဗျာများ’ ပထမအကြိမ် ပုံနှိပ်ခြင်း (၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ) တွင် ဖော်ပြခဲ့သော လူထုဒေါ်အမာ၏ အမှာစာကို အမေလူ ထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့်အမှတ်တရအဖြစ် တင်ဆက်လိုက်ပါသည်။

ကဗျာစာအုပ်ကလေးတွေ လုံးချင်းအဖြစ်နှင့် ဟော ... တအုပ်၊ ဟော ... တအုပ် ထွက်လာသည်မှာ စစ်ပြီး ခေတ် မြန်မာစာပေ၏ ကဗျာကဏ္ဍမှ တိုးတက်မှုတရပ် ဖြစ်ပေသည်။

ကဗျာစာအုပ်ကလေးများသည် အချို့လည်း နှစ်လိုဖွယ်ကောင်းသည်။ အချို့လည်း ရွက်ကြမ်းရေကြိုမျှ ရှိ သည်။ အချို့လည်း အဆင့်အတန်း မမြင့်လှ။ သို့သော် အဆင့်မြင့်သည့် ကဗျာစာအုပ်သည် ကျန်ရစ်မည်ဖြစ် ပြီး၊ အဆင့်မမြင့်သည့် ကဗျာများသည် ကာလကြာသည့်အခါ တိမ်မြုပ်သွားပေလိမ့်မည်။ ဤသည်မှာ ဓမ္မတာ ဖြစ်သည်။ အဆင့်မြင့်သည့် ကဗျာများမူ ဤကဗျာများကိုပင် အသစ်ကို လက်ခံသည့် ငယ်ရွယ်သူတို့က ရွတ် ဖတ်ကြလိမ့်မည်။ ကျက်မှတ်ကြလိမ့်မည်။ ဤကဗျာတို့ကို အခြေပြု၍ ဤကဗျာတို့ထက် ကောင်းနိုးရာရာ အ သစ်အသစ်သော ကဗျာတို့ကို အနာဂတ်တွင် ရေးစပ်ကြပေလိမ့်မည်။ သက္ကရာဇ် ၁၉၃၀ နှင့် ၄၀ အကြားတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာပေဥယျာဉ်ကြီးအတွင်းမှ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်သန့်စင်၊ မောင်သုတ၊ ကုသ၊ သိပ္ပံမောင်ဝ စသော ခေတ်စမ်းစာပေ၊ ခေတ်စမ်းကဗျာ ဆရာများ ပွင့်ဖူးခဲ့သည်။ ထိုအပွင့်အဖူးတို့က ကျသည့် မျိုးဖြင့် လူ့တဆက်အကွာ ၁၉၅၀ ခုနှစ်နှင့် ၁၉၆၀ ခုနှစ်အကြားတွင် မန္တလေးတက္ကသိုလ် မြန်မာစာပေဥယျာဉ် အတွင်းမှလည်း တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ မောင်သိင်္ဂါ စသော ခေတ်စမ်းကဗျာသမားကလေးများ ပွင့်ဖူးလာကြသည်။

ဤလူငယ်ကလေးများသည် ဇော်ဂျီ၊ မင်းသုဝဏ်တို့က ပေးသည့် ဖွဲ့ဟန်ကို ကိုင်စွဲလာကြသော်လည်း ဇော်ဂျီ တို့ မင်းသုဝဏ်တို့ထက် သူတို့က ပို၍တွေးရဲလာကြသည်။ သူတို့အတွေးအခေါ်နှင့် သူတို့အဘိဓမ္မာသည် သူ တို့ဆရာများထက် တိုးတက်လာကြလေသည်။ ဤသို့ ဖြစ်ရခြင်းမှာ ခေတ်၏ ခြားနားခြင်းကြောင့် ဖြစ်သည်။ ခေတ်စမ်းကဗျာပေါ်စခေတ်က မြန်မာနိုင်ငံတွင် နဂါးနီစာအုပ်တိုက် မပေါ်သေး။ ထို့ကြောင့် ဆရာကြီးသခင် ကိုယ်တော်မှိုင်းကို လေးစားမြတ်နိုး၍ ဆရာကြီး၏ နိုင်ငံရေးသြဇာညောင်းသော ဇော်ဂျီနှင့် မင်းသုဝဏ်တို့က "အို ... မြန်မာတို့" ဟူသော ကဗျာမျိုး၊ "သပြေညို" ကဗျာမျိုးကိုသာ ရေးကြသည်။ မြန်မာနိုင်ငံတွင် ကွန်မြူနစ် ပါတီ စတင်တည်ထောင်သည်မှာ ၁၉၄၁ ခုနှစ်ကမှ ဖြစ်သည်။ ထို့ကြောင့် ခေတ်စမ်းကဗျာခေတ်တွင် တိုးတက် သော အတွေးအခေါ်သစ်များက မြန်မာလူငယ်ပညာတတ်တို့ ဦးခေါင်းတွင်းသို့ ချဉ်းနင်းဝင်ရောက်မှုက နည်း ပါးပေသေးသည်။ ဇော်ဂျီ၏ ၁၉၃၅ ခုနှစ်က အိုးဝေမဂ္ဂဇင်းပါ ကဗျာတပုဒ်မှာ ...

အို ... မြန်မာတို့ အမည်ဖြင့် ...

"ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
စေတီဘုရား၊ များလည်းများ၏။
များပါလေလဲ ...
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျှင် ...
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက် ...
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိလိမ့်တကား။

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
ရေချိုးသောက်ရန်၊ မြစ်ကြီးကန်နှင့်
သီးနှံစပါး၊ များလည်းများ၏
များပါလေလဲ ...
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျှင် ...
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်လိမ့်တကား။

ထလော့မြန်မာ၊ မြန်မာထလော့
အားမပြော့နှင့်
မလျှော့လုံ့လ၊ ဉာဏ်ရောင်ပြ၍
၀၀စားရန်၊ ဆွမ်းတင်ရန်ဟု
ကြံပါကုန်ကြ၊ ကြံကုန်ကြလော့
သူကအစ၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်နိုင်စေ၊ စွမ်းကြစေလော့
ဤပြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤစာစကား၊ ဘယ်သူ့စကားလဲ
ထားလော့တာဝန်၊ ပြွန်လော့လုပ်ငန်း
ဉာဏ်ရွှင်လန်း၍
တ၀မ်းတစိတ် ညီစေတကား။ ။"
ဟူ၍ ရေးစပ်ခဲ့သည်။

မင်းသုဝဏ်က ၁၉၃၈ ခုနှစ်၌ သပြေညို အမည်ဖြင့် ...

"သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညိုရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုကအသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။"
ဟူ၍ ရေးစပ်ထားပေသည်။

ထိုကာလမှ အနှစ် ၂၀ ကြာ၍ လူ့တဆက်သို့အကူး စစ်ပြီးခေတ်တွင်ကား လွတ်လပ်ရေးမျှနှင့် ပြည်သူက မ တင်းတိမ်တော့၊ ဆိုရှယ်လစ်ဗမာနိုင်ငံ ထူထောင်ရေးအထိ တောင်းဆိုလာသည်။ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင် ရေး၊ အမျိုးသားလွတ်လပ်ရေး၊ ငြိမ်းချမ်းရေးလှိုင်းတံပိုးကြီးက ဗမာပြည်တနံတလျားလုံး ကြီးမားစွာ ရိုက်ခတ် ၍နေသည်။ ဤလှိုင်းတံပိုးကြားတွင် လူဖြစ်လာသည့် လူငယ်များအနက် မန္တလေးတက္ကသိုလ်မှ ဖူးပွင့်လာသည့် တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်ဟူသော ကဗျာဆရာလူငယ် ၃ ဦးသည်၊ သူများထက် ရဲရဲတွေးပြီး ရဲရဲရေး လာကြသည်။

ကဗျာတပုဒ်ဟူ၍ ဖြစ်ပေါ်လာရာ၌ (၁) စာဆိုသူ ဖြတ်သန်းကြီးပြင်းလာခဲ့ရသည့် ဘ၀ခရီးတာ၊ (၂) စာဆိုသူ ခံ ယူသည့် ဘ၀အဘိဓမ္မာနှင့် ဦးတည်ရည်မှန်းချက် သို့မဟုတ် ဘ၀နှင့်ပတ်သက်သော သူ့ယုံကြည်ချက်၊ (၃) စာ ဆိုသူ လက်လှမ်းမီသည့် အသိအမြင်ဗဟုသုတနှင့် ဝေါဟာရတို့အပေါ်တွင် အခြေခံလျက် ကဗျာသည် ပေါက် ဖွားသည့်သဘော ရှိပါသည်။ ထို့ကြောင့်လည်း တဆရာတည်း သင်ကြ၊ တကျောင်းတည်း ထွက်လင့်ကစား တယောက်နှင့်တယောက် မတူညီသော ကဗျာများကို သီကုံးနိုင်ကြခြင်း ဖြစ်ပါလိမ့်မည်။

မောင်ကြည်အောင်သည် တိုးတက်သော အဘိဓမ္မာကို လက်ခံပုံရ၍ တနေ့သောအခါ လူနှင့်လူချင်း သွေးစုပ်မှု ကင်းသော လောကသို့ ဦးတည်ရည်မှန်းဟန်ရှိသည်။ ထို့ပြင် သူ့အနေနှင့် သူဖြတ်သန်းခဲ့ရသည့် ဘ၀ခရီးသည် ပန်းခင်းလမ်းချည်း ဟုတ်ဟန်မတူ။ မြွေတံတား၊ ကျားခလုတ်၊ သစ်ငုတ်သင်ဖြူး၊ ဆူးမွေ့ရာချည့် မဟုတ်လင့်က စား အများစုသော ပညာတတ်လူတန်းစားတို့ ဖြတ်သန်းကြီးပြင်းခဲ့ရသလို သာတောင့်သာယာများက များလှ ဟန်မရှိ။ ဤခံယူချက်၊ ဤအတွေ့အကြုံများဖြင့် သူသည် ဤကဗျာကလေးများကို ရေးစပ်ထားပုံရသည်။ ဖော် ပြပါ ခုနှစ်သက္ကရာဇ်တို့ကို ထောက်ခြင်းအားဖြင့် သူ့ကဗျာသက်တမ်းသည် ဘာမျှလည်း မကြာလှသေး၊ ၇ နှစ် မျှသာ ရှိပေသေးသည်။

မောင်ကြည်အောင်က အနုပညာသည် အနုပညာအတွက် သက်သက်ဆိုသည်ကို လက်မခံ၊ အလှသည် အလှ သက်သက်ပင်ဖြစ်သည်ဆိုလျှင် ထိုအလှ၌ ဘာတန်းဘိုးရှိသနည်းဟု သူက အောက်မေ့ပုံရသည်။ အလှသည် အကျိုးရှိသောအလှ၊ လူကိုအကျိုးပြုသော၊ ကျေးဇူးပြုသော အလှဖြစ်ရမည်ဟုလည်း ကိုင်ဆွဲထားဟန်ရှိသည်။ သူက သူ့ကဗျာကို လှရုံအတွက် သို့မဟုတ် ကာရန်ပြေရုံအတွက် နားဝင်ပီယံသက်သက်ဖြင့် မဖွဲ့။ သူ့ကဗျာ သည် တိုလိုက တိုပေမည်၊ ရှည်လိုက ရှည်ပေမည်။ သို့သော် ထိုအတိုအရှည်တို့၌ သူ့ယုံကြည်ချက် တကွက်ပါ လေသည်ချည်း တွေ့ရသည်။ သူသည် အကြောင်းအရာမရှိဘဲ စာစီကုံးသူမျိုးမဟုတ်။ သူ့တွင် တစုံတခုသော ပြောစရာ၊ တစုံတခုသော ခံစားချက်၊ တစုံတခုသောအမြင် ရှိလေသည်။ ထိုအရာကို သူက ကာရန်ရှာ၍ ကဗျာ ဖွဲ့ထားသည်။

စာရေးသည်ဖြစ်စေ၊ ကဗျာဖွဲ့သည်ဖြစ်စေ၊ တေးစပ်သည်ဖြစ်စေ မိမိတွင် ပြောစရာရှိမှ ရေးဖွဲ့စပ်သင့်ပါသည်။ ဘာဟူ၍ မည်မည်ရရ ပြောရန်မရှိ၊ မိမိက ဘာယုံကြည်သည်၊ ဘာကိုဦးတည်သည်ဟူ၍ မိမိကိုယ်နှိုက်က မ ပြတ်သားဘဲ စာရေးခြင်း၊ ကဗျာဖွဲ့ခြင်း၊ တေးသီခြင်းပြုလျှင် ပြောင်မြောက်သော စာ ကဗျာတေးများ ထွက်နိုင်ဖို့ မရှိပါ။ နှင်အား မောင်းအားမပါသော စာငုတ်တုတ်များသာ ထွက်ပါလိမ့်မည်။

မောင်ကြည်အောင်သည် သူ့ရင်ထဲ၌ သူပြောချင်သည်ကလေးများ၊ သူခံစားရချက် ကလေးများ ခိုလိုးခုလု ရှိပုံ ရသည်။ ယင်းခိုးလိုးခုလုကလေးများ ရင်တွင်း၌ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည့်အခါ သူက ကဗျာဖွဲ့သည်။ ကာရန်ရှာသည်။ ဥပမာ သူ့ကဗျာတပုဒ်ဖြစ်သော မုဆိုးကြီး၊ သူတော်စင်၊ နွားကျောင်းသူ ကဗျာ၌ သူတွေးမိ သည့် အချက်တချက်ကို ကဗျာဖတ်သူသို့ သူက လက်ဆင့်ကမ်းလေသည်။

လက်တွင် မြွေဆေးနှင့် မိန်းမပျိုကို မြို့သူအဆင်အပြင်နှင့် မြင်တွေ့လာသောအခါ တောမှမြို့တက်၍ ပျက်ရသူ လုံမငယ်ကို သူက သနားသည်။ လူ့ဒုက္ခိတ ပိုးတုံးလုံးမကို ပွဲပြ၍စားရသည့် ဤလောကကိုလည်း ရက်စက်ပါ ပေ့ဟု သူက ရင်နာသည်။ အရူးမ သားပိုက်ကောင် ဘ၀ရောက်အောင် ပို့ရက်ကြသည်တကားဟုလည်း သူက စက်ဆုပ်သည်။ ထီလက်မှတ် သုံးစောင်မှ အတိတ်ကို ဖတ်ရင်း ယနေ့ လူနေမှုစနစ်ကား ဘ၀လုံခြုံမှုဟူ၍ ဘာ ကမှ မရှိပါတကားဟုလည်း သူက လူမှုရေး စီးပွားရေး သံဝေဂဖြစ်သည်။ သူသည် ဘုရားပွဲကို လည်မည်၊ ဆွမ်းတော်တင်ပွဲတွေကို မြင်မည်၊ သစ်သီးစင်မှ စားချင်စဖွယ်တို့ကို စားချင်ရှာသူ မ၀မလှသော လူတန်းစားကို ကြည့်၍ သနားလေသည်။ သူဌေးကြီးအိမ်က ခွေးသမင်နှင့် သူဌေးကြီး၏ ထမင်းချက်တို့ကိုလည်း သူက ဖြစ်ရ လေခြင်းဟု အောက်မေ့တတ်လေသည်။ အရင်းရှင်လူ့ဘောင်၏ အပ်ချစရာမရှိ ပြည့်နေသော ထိုအနာအဆာ များကို ကြည်အောင်က ကာရန်ကလေးများရှာပြီး ကဗျာတို ကဗျာရှည်ကလေးများနှင့် ဖော်လှစ်သည်။ ကြည် အောင်သည် တဖက်က အရင်းရှင်လူနေမှုစနစ်ကြောင့် ကမောက်ကမ လူ့လောက ဖြစ်နေပုံများကို သတိထား မိသည်နှင့်အတူ မြန်မာ့ရိုးရာ ချစ်စဖွယ်ဓလေ့ကလေးများကိုလည်း အင်းဝသားတဦးအနေနှင့် ဖက်ပွေ့၍ ထား လေသည်။

ကြည်အောင်၏ လာလာလေလိုက်ခဲ့တော့ ကဗျာကို ဖတ်ရသည်မှာ သူနှင့်အတူ တောအပျိုကို မိန်းမခိုးလိုက်ရ သကဲ့သို့ ခံစားရသဖြင့် ပျော်စရာကောင်းလှသည်။ ကြည်အောင်၏ နိဗ္ဗာန်ဈေးမှာကား လင်မရနိုင်သည့် အပျို ကြီးမကို သူ့ဇာတ်လိုက်နှင့်အတူ ရောလျက် မျက်စောင်းထိုးမိလိမ့်မည်။

ထို့အပြင် စလေဆရာကြီး ဦးပုည၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မြို့မငြိမ်းတို့ကို မြတ်နိုးနှစ်ခြိုက်သောအား ဖြင့် ကြည်အောင်က ဤပုဂ္ဂိုလ်များအပေါ် သူ့လေးစားမှုကို ကဗျာနှင့် ဂုဏ်ပြုဖော်ထုတ်ထားလေသည်။

ကြည်အောင်၏ ကဗျာများတွင် စစ်ဆန့်ကျင်ရေး၊ ညူကလီးယားလက်နက် ပိတ်ပင်ရေးနှင့် ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ချက်များကို ဖော်ထုတ်သည့် ကဗျာအပုဒ်ပေါင်း အတော်များများ ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး၏ မီးလျှံတွင်းဝယ်၊ ရူးသွပ်သွားသော အမေရိကန်လေသူရဲ၊ မမွေးခဲ့သော ကလေးငယ်၊ မပြီးသေးသောစစ်၊ ငြိမ်း ချမ်းရေးသို့ စသည့် ကဗျာများသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တမ်းတစပ်ဆိုသည့် ကဗျာ တွေဖြစ်သည်။ စင်စစ် သူ့ကဗျာစာအုပ်ငယ်သည်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကလောင်ကဲ့သို့ သူ့ကလောင်ကို နှင်နိုင် ပါစေကြောင်းအတွက် ကလောင်သွေးသည့် စာအုပ်ငယ်ဖြစ်သည်ဟုပင် ဆိုချင်သည်။

သူက ဤကမ္ဘာ၌ နယ်ချဲ့စနစ်၊ လူနှင့်လူချင်း ခေါင်းပုံဖြတ်စနစ်မရှိမှ စစ်ဘေးစစ်ရန်ကင်း၍ ဤကမ္ဘာ ငြိမ်းချမ်း သာယာမည်၊ ကမ္ဘာငြိမ်းချမ်းသာယာမှ မြစ်ချောင်းအင်းအိုင် အသီးသီး၌ လမင်းတရာသာနိုင်မည်၊ လမင်းတရာ သာနိုင်ပါမှ ကဗျာဆရာတို့ ချမ်းမြေ့ရွှင်လန်းစွာ ကဗျာသီကုံးနိုင်ပေလိမ့်မည်ဟု ဆိုလိုသည်။ ထို့ကြောင့် သူ့က ဗျာစုကိုလည်း လမင်းတရာသာစေကြောင်းအတွက် နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ် ရေးနှင့် ငြိမ်းချမ်းဆီသို့ ဦးတည်ပြီး သူခံယူသော အဘိဓမ္မာ၊ သူပွေ့ပိုက်သော ယုံကြည်ချက်များကို သူဖြတ် သန်းခဲ့သည့် ခရီးကြမ်းတို့မှ အတွေ့အကြုံများနှင့် အင်းဝအညာသား၏ ဝေါဟာရဘဏ်မှ ကာရန်ရှာလျက် ဤ ကဗျာစုကို မွေးထုတ်ခြင်း ဖြစ်တန်ရာသည်။

ကြည်အောင် မျှော်မှန်းသည့် လမင်းတရာ သာသည့်ခေတ်ကား ဝေးကွားလှတော့မည်မဟုတ်။ ကြည်အောင် ဖွဲ့ဆိုသည့် ဗီယက်နမ်ပြည်သူများ ကဗျာတွင် ပါသကဲ့သို့ တရားသောစစ်နှင့် မတရားသောစစ်ကို ခွဲခြားလျက် တရားသောစစ်ပွဲများ ဆင်နွှဲကြသူတွေမှာ အာရှတွင်သာမက အာဖရိကနှင့် လက်တင်အမေရိက တိုက်ကြီး တွင်လည်း အများအပြားပင် ရှိနေလေပြီ။ နိုင်ငံတကာရှိ ဤပြည်သူတကာ၏ မရပ်မနား လှုပ်ရှားရုန်းကန်မှု၊ ဗမာပြည်သူ၏ မရပ်မနား လှုပ်ရှားရုန်းကန်မှုများကြောင့် မဝေးကွာလှတော့သည့် အနာဂတ်ကာလ၌ လမင်းတ ရာသာနိုင်တော့မည် ဧကန်ဖြစ်ပါသတည်း။

လူထုဒေါ်အမာ
(မာယာအွန်လိုင်းမဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည်)

No comments: