Tuesday, April 7, 2009
ကွယ်လွန်သူ ကဗျာဆရာကြည်အောင် အမှတ်တရ ‘လမင်းတရာ’
လမင်းတရာ၊ ညအခါဝယ်
ကမ္ဘာအနှံ့ သာလျက်ပါ။
တရုတ်ပြည်မှ ...
ရေကြည်ရစ်ဖြာ၊ မြစ်သဲဝါ၀ယ်
ညခါလမင်း၊ ရေသောက်ဆင်း၏။
ဆိုဗီယက်မှ ...
မြစ်မစိမ်းပြာ၊ ဗော်လဂါဝယ်
ညခါလမင်း၊ ရေချိုးဆင်း၏။
တိုင်းအီဂျစ်၏ ...
နိုင်းမြစ်ရေပြင်၊ လမင်းရှင်သည်
ပျော်ရွှင်ကခုန်၊ လှိုင်းရေစုန်နှင့်။
မစစ္စပီ၊ မြစ်နဒီဝယ် ...
သိင်္ဂီရွှေနှိုင်း၊ လမင်းဝိုင်းသည်
ရေလှိုင်းယက်ကြား၊ ပြေးကစားလျက်။
အိန္ဒိယ၏ ...
မြစ်မဂင်္ဂါ၊ ရေကြည်ပြာဝယ်
ညခါလရိပ်၊ လျောင်းပျော်အိပ်လျက်။
ပြည်မြန်မာ၏ ...
ဧရာဝတီ၊ ရေပြာကြည်ဝယ်
ပီပီရွှန်းရွှန်း၊ လပြည့်ဝန်းသည်
ပေါ်ထွန်းကြည်လင်၊ ရွှေရိပ်ထင်လျက်
ရေပြင်လှိုင်းယက်၊ တလက်လက်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။
သို့တစေလည်း ...
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုပ်လျှိုးသွားတကား။
မြစ်မရေတွင်း၊ စစ်ကျော်နင်းလျှင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။
ကမ္ဘာမြေပေါ် ...
ကျူးကျော်စစ်ခင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည်၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည်။
နယ်ချဲ့ကင်းမှ ...
လမင်းလည်းသာ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံ့ပြည်သူ နိုးကြားသည်။
နယ်ချဲ့ကင်း၍ ...
လမင်းတရာ၊ သာသောခါဝယ်
ကမ္ဘာငြိမ်းချမ်းလာလိမ့်တကား။ ။
ကြည်အောင်
၁၉၆၃
(မာယာအွန်လိုင်းမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)
Subscribe to:
Post Comments (Atom)











No comments:
Post a Comment