Sunday, February 10, 2013

ကြေကွဲစိတ်

ညှော်နံ့များ၊ မီးခိုးများ၊ ရောင်စုံလူများနှင့် ရှုပ်ထွေးစည်ကားနေသော ၁၉ လမ်း၏ ဆည်းဆာချိန်ထဲသို့ ကျနော်တို့လူသိုက် တိုးဝင်လာခဲ့၏။ ထိုင်နေကျ ၀င်းစားသောက်ဆိုင်၏ ဆိုင်ရှေ့ လမ်းမဘေး၌ ခင်းထားသော စားပွဲဝိုင်းတခုတွင် ကျနော်တို့ ၀ိုင်းထိုင်လိုက်ကြ၏။ ကျနော်တို့ဆိုသည်က ကျနော်၊ မိတ်ဆွေကဗျာဆရာနှင့် မြစ်ဝကျွန်းပေါ်မှလာသည့် စာပေမိတ်ဆွေသုံးဦးတို့ဖြစ်သည်။ စာပေသမားများ ဆုံစည်းရာဖြစ်သော လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှ ရွေ့လျားလာကြခြင်းဖြစ်သည်။

ကျနော်တို့ကို မြင်သည်နှင့် ၀ယ်စားနေကျ မြေပဲပြုတ်သည်က ပြေးလာပြီး ‘အကို နှစ်ရာဖိုး ထည့်လိုက်မယ်နော်’ ဟုဆိုကာ ဆိုင်ထဲမှ ထည့်စရာ လှမ်းတောင်းနေတော့သည်။ ပန်းကန်ပြား ရောက်လာသည့်အခါ မြေပဲပြုတ် နှစ်ခွက်ထည့်၊ ဆီဆမ်း၊ ဆားနှင့် ကြက်သွန်ဖြူတို့ ဖြူးပေးပြီး ကျနော့်ထံမှ ပိုက်ဆံနှစ်ရာ တောင်းကာ ထွက်သွားသည်။ သူ ထွက်သွားမှ စားပွဲထိုးကို လှမ်းခေါ်ပြီး ဆောင်းညချမ်းထဲ ကျနော်တို့ ရင်ဘတ်တွေကို နွေးထွေးစေဖို့ မန္တလေးရမ်တလုံး မှာလိုက်သည်။ စားပွဲထိုးက ကျနော်တို့ မှာကြားသည့် အမြည်းစာရင်းကို မှတ်သားပြီး ဆိုင်ထဲသို့ ၀င်သွားသည်။ ကြိုတင်ရှိနှင့်နေသည့် မြေပဲပြုတ်ကို မြည်းရင်းပင် ကျနော်တို့ စကားလက်ဆုံကျနေဖြစ်တော့သည်။

‘အကိုကြီးတို့ အမကြီးတို့ရယ်၊ အကိုကြီးတို့ အမကြီးတို့ ပေးမှ ကျွေးမှ စားရမယ့်သူပါ၊ စားရမဲ့ သောက်ရမဲ့ ဖြစ်နေတာလည်း ကြာပါပြီ၊ လူမမယ် ခလေးလေးနဲ့မို့ သနားကြပါရှင်’

စူးရှကျယ်လောင်စွာ ထွက်ပေါ်လာသော အသံကြောင့် ကျနော်တို့အားလုံး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ရင်ခွင်ထဲ လသားအရွယ် ကလေးလေးကို ပိုက်ထားသည့် ညစ်ပတ်ပေရေနေသော အမျိုးသမီးငယ်တဦး ကျနော်တို့ဝိုင်းနားတွင် လာအော်နေခြင်းဖြစ်သည်။ နယ်မှမိတ်ဆွေက ပိုက်ဆံအကြွေ အနည်းငယ်ထည့်လိုက်သည်။ ထိုအမျိုသမီး ထွက်သွားပြီးနောက် တယောက်ပြီးတယောက် လာရောက်လက် ဖြန့်နေကြရာ ၁၉ လမ်း ညချမ်းသည် တောင်းရမ်းစားသောက်သူ ကျားမအရွယ်မျိုးစုံ ပုံစံမျိုးစုံဖြင့် စိတ်ညစ်ညူးဖွယ် ကောင်းနေတော့သည်။

သူတောင်းစားတွေကိုကြည့်ရင်း လပွတ္တာမှ စာပေမိတ်ဆွေက ‘ကျနော်ကတော့ သူတောင်းစားတွေကို ဘယ်တော့မှ မပေးဘူး၊ တယောက်ထဲကို သနားပြီး ပိုက်ဆံထည့်လိုက်လို့လည်း ပြီးမယ့် ကိစ္စမဟုတ်ဘူး။ ပိုများလာအောင် အားပေးသလို ဖြစ်နေမယ်၊ ဒါမျိုးက အစိုးရကရှင်းမှ ပြေလည်မယ့် ပြဿနာဗျ၊ အစိုးရ စောက်သုံးမကျလို့ ဒီလိုသူတောင်းစားတွေ များနေတာ’ဟု သူ့အယူအဆကို ပြောလေသည်။

နောက်တဦးက ‘ကိုယ်အင်္ဂါချို့တဲ့ပြီး ခြေပြတ်လက်ပြတ်နဲ့ အလုပ်တကယ်လုပ်မစားနိုင်တဲ့ သူတွေကိုတော့ ပေးသင့်ပါတယ်ဗျာ၊ သူတို့ထဲက အများစုက ဒီစစ်အစိုးရရဲ့ သားကောင်ဖြစ်ရရှာတဲ့ စစ်သားထွက်တွေ များတယ်ဗျ၊ တိုက်တုန်းက တိုက်ခိုင်းပြီး ခြေပြတ်လက်ပြတ်ဖြစ်တော့ ဘာမှတာဝန်ယူချင်တဲ့ ကောင်တွေမဟုတ်ဘူး။ တော်တော် ယုတ်မာတဲ့ အစိုးရဗျ ’ ဟု မကျေမချမ်း ၀င်ပြောကာ ပေါက်ကွဲနေပြန်သည်။

ပိုက်ဆံထည့်လိုက်သည့် စာပေမိတ်ဆွေကတော့ ‘ဘာရယ်မဟုတ်ပါဘူးဗျာ၊ မြန်မာလူမျိုးတွေရဲ့စိတ်က သနားတတ်တော့ ကိုယ့်မှာ အကြွေရှိတဲ့အခါ ထည့်လိုက်တာပါပဲ’ ဟု ဖြေပြောပြောသည်။ ကျနော်နှင့် မိတ်ဆွေကဗျာဆရာက သူတို့သုံးဦး ပြောဆိုနေသည်ကို အသာနားထောင်နေကြသည်။ မန္တလေးရမ်ပုလင်းလည်း တပိုင်းလောက် ကျိုးသွားပြီး စကားဝိုင်းလည်း ပိုသွက်လာခဲ့သည်။ စာအကြောင်း ပေအကြောင်း၊ နိုင်ငံရေးအပြောင်းအလဲအကြောင်း၊ လူမှုဒုက္ခဘ၀အထွေထွေအကြောင်း၊ ဟိုရောက်သည်ရောက် ပြောဆိုနေကြရင်း စစ်အစိုးရကို တီးတိုး ကျိန်ဆဲနေကြတော့သည်။ ထိုအခိုက် နှစ်တန်းသုံးတန်းအရွယ် ကျောင်းစိမ်းဝတ်စုံဝတ် ကလေးမလေးတဦး အကြော်ဗန်းကလေးကိုင်ကာ ကျနော်တို့ဝိုင်းသို့ ရောက်လာ၏။ မိတ်ဆွေကဗျာဆရာက ကလေးမလေးအား ကြည့်ပြီး …

‘ သမီးက ဘယ်နှစ်တန်းလဲ’ ဟု မေးလိုက်သည်။ ကလေးမလေးက …
‘ နှစ်တန်း ’ ဟု ပြန်ဖြေသည်။
‘ သမီးက ဘယ်ကနေ လာရောင်းတာလဲ၊ ’
‘ ဒလကနေ လာရောင်းတာ ’
‘ ဒလကို ညဘက်ပြန်တော့ ဘယ်လိုပြန်လဲ ’
‘ ငှက်စီးပြီး ပြန်တယ် ’
‘ သမီးကြီးလာရင် ဘာဖြစ်ချင်လဲ ’ ဟု မိတ်ဆွေကဗျာဆရာက မေးလိုက်သည့်အခါမှာတော့ ကလေးမလေး ပြန်ဖြေသည့် အဖြေကို နားထောင်ပြီး ကျနော်တို့အားလုံး မျက်လုံးပြူးရတော့သည်။
ကလေးမလေးက ‘ သမီးကြီးလာရင် ဆရာဝန်ရယ်၊ ဘုရားရယ်၊ နိုင်ငံခြားသားရယ် ဖြစ်ချင်တယ် ’ တဲ့၊
‘ သမီးက ဘာလို့ မြန်မာမဖြစ်ချင်တာလဲ ’ ဟု မိတ်ဆွေကဗျာဆရာက ထပ်မေးလိုက်သည့်အခါ ကလေးမလေးက …
‘ ဟင့်အင်း မြန်မာမဖြစ်ချင်ဘူး၊ နိုင်ငံခြားသားပဲ ဖြစ်ချင်တယ်။ မြန်မာက ပိုက်ဆံမရှိဘူး၊ နိုင်ငံခြားသားက ပိုက်ဆံတွေ အများကြီးရှိတယ် ’ ဟု ခပ်သွက်သွက် ပြန်ဖြေလေသည်။

ကျနော်တို့အားလုံး တယောက်မျက်နှာ တယောက်ကြည့်ပြီး အတန်ကြာ ငြိမ်သက်ကျိုးကျသွားတော့သည်။ မိတ်ဆွေကဗျာဆရာက ကလေးမလေးကို မုန့်ဖိုးပေးလိုက်ပြီး ‘ဟေ … ဒါမှ … ဒို့မြန်မာကွ’ ဟုဆိုကာ အရက်ခွက်ကို ဆောင့်ချလိုက်ရာ ကျနော်တို့အားလုံး လန့်ဖြန့်သွားတော့၏။ ၁၉ လမ်းအပျိုမကတော့ သူမနှင့် ဘာမှမဆိုင်သလိုပင် လာသမျှ ဧည့်သည်တွေကို အစွမ်းကုန်မြူဆွယ်ကာ ဧည့်ခံကြိုဆိုရင်း အလုပ်ရှုပ်နေလေသည်။

--- --- --- --- ---

သိမ်ကြီးဈေး နိုက်ကလပ်အတွင်း ခန်းမထဲတွင် ရောင်စုံဆလိုက်မီး မှိန်မှိန်များ ဟိုတစ ဒီတစ ထိုးကျနေသည်။ ခန်းမအလယ် ကွက်လပ်ကြီး၏ ဘေးပတ်ပတ်လည်တွင် ဆိုဖာဆက်တီခုံဝိုင်းများ တပတ်လည်ချထား၏။ ကျနော်တို့ ဆရာဝန်သူငယ်ချင်းတသိုက် လူစုံတုန်း ၀င်ကြေးနှစ်ထောင်စီပေးပြီး နိုက်ကလပ်ထဲ ၀င်လာကြခြင်းဖြစ်သည်။ ခန်းမထဲတွင် ရက်ပ်သီချင်းတီးလုံးများ နန်းစတော့ပ်ဖွင့်ထားပြီး အဲယားကွန်းလေကြောင့် အေးစိမ့်နေသည်။ ဧည့်ကြိုအမျိုးသား (၀ိတ်တာ) က ဆက်တီဆိုဖာဝိုင်းတ၀ိုင်းတွင် ကျနော်တို့ကို နေရာချပေးသည်။ ၀င်ကြေးဖြတ်ပိုင်း တွေကိုပေးလိုက်ရာ တဦးစီိအတွက် ဘီယာနှစ်ဘူးစီ လာချပေးသည်။ အာလူးကြော်နှင့် မြေပဲ ပွဲများလည်း မြည်းစရာအဖြစ် ချပေးထားသည်။ ပတ်ပတ်လည် လူသွားလမ်းတလျှောက်နှင့် အရက်ဘားကောင်တာအနီးတွင် အင်္ကျီင်္ီကြိုးသိုင်း စကတ်အတိုများနှင့် ရမ္မက်သွေးကြွဖွယ် အရောင်စုံအသွေးစုံ အမျိုးသမီးငယ်များ လမ်းသလားနေကြသည်။

မိန်းကလေးတချို့ ကျနော်တို့ထိုင်နေသည့် ၀ိုင်းနား ဖြတ်လျှောက်ပြီး ‘ ကိုကို နေ့တိုင်းလာနော်’ ဟု မကြားတကြား သီချင်းဆိုသွားကြသည်။ တချို့ကတော့ ကျနော်တို့ဝိုင်းနား လာပြီး ‘ အကိုတို့ ဒီည ဧည့်သည်မခေါ်ကြဘူးလား’ ဗြောင်ပင် မေးလေသည်။ သူငယ်ချင်းတဦးက ‘ ငါတို့ ဧည့်သည်ခေါ်ဖို့ လာတာမဟုတ်ဖူး၊ ဒီထဲမရောက်ဘူးလို့ လာတာ’ ဟု ပြောလိုက်မှ လာမေးသည့် ကောင်မလေးများ ပြန်ထွက်သွားသည်။ တခြားဝိုင်းများမှ အမျိုသားတွေကြားမှာတော့ ကောင်မလေးများ ဟိုတစု ဒီတစု စကားပြောလိုက် ရယ်မောလိုက်နှင့် အမှောင်ထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေသည်။ ကျနော်တို့အုပ်စုကတော့ တောသားမြို့ရောက် ဆိုသလို နိုက်ကလပ်ထဲ စူးစမ်းသည့် အကြည့်များနှင့် စိတ်ဝင်တစား ရှိနေကြတော့သည်။

ထိုအခိုက် နိုင်ငံခြားသားဧည့်သည်တစု ခန်းမထဲသို့ ၀င်လာကြသည်။ ၀ိတ်တာများက တကယ့်ဗွီအိုင်ပီ လူကြီးများသဖွယ် ခရီးဦးကြိုပြုလာကြသည်။ ထိုနိုင်ငံခြားသားအုပ်စုကို ကြည့်ပြီး ခန်းမထဲရှိ အမျိုးသမီးများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ၀ိတ်တာများက နိုင်ငံခြားသားအုပ်စုကို သီးသန့်ခန်းထဲသို့ ခေါ်သွားသည်။ နိုင်ငံခြားသားအုပ်စု အခန်းထဲသို့ ရောက်သွားသည်နှင့် အခန်းဝတံခါးရှေ့တွင် အမျိုးသမီးများအားလုံး အီသီယိုးပီးယားတွင် အစာတန်းစီသလို စုရုံးစုရုံးနှင့် တိုးကြိတ်နေကြတော့သည်။ ကျနော်တို့အားလုံး ထိုသီးသန့်ခန်းဘက်သို့ အာရုံစိုက်ဖြစ်ကြသည်။ ခဏအကြာတွင် အခန်းအပြင်မှ ၀ိတ်တာတဦးက တုတ်တချောင်း ကိုင်ပြီး အမျိုးသမီးများကို ကြိမ်းမောင်းနေသည့်အသံ ထွက်ပေါ်လာသည်။

‘ အားလုံးတန်းစီ၊ တယောက်ချင်း အလှည့်ကျဝင်’ ဟု အော်နေလေသည်။

ကျနော်တို့က အနားမှ ၀ိတ်တာကို ခေါ်ပြီး ‘ အဲ့ဒါဘာတွေဖြစ်နေကြတာလဲ’ ဟုမေးရာ ၀ိတ်တာက …
‘ အထဲက နိုင်ငံခြားသားတွေကို တယောက်ချင်းဝင်ပြီး လှည့်ပြဖို့ တန်းစီနေကြတာလေ၊ ဟိုလူတွေက ကြိုက်ရင် ဒေါ်လာနဲ့ခေါ်မှာဆိုတော့ ကြိတ်ကြိတ်တိုးနေကြတာ’ ဟု ရှင်းပြလေသည်။

တန်းစီိတိုးကြိတ်နေသည့် လူတန်းကြီးက တစ်ရာလောက်နီးနီးရှိပြီး ခေါ်မည့်ဦးရေက လေးငါးယောက်ပဲဟု ၀ိတ်တာက ဆက်ရှင်းပြသည်။ ကြည့်နေရင်း တယောက်ဝင်သွားလိုက် တယောက်ပြန်ထွက်လာလိုက်နှင့် စိတ်မသက်သာစရာ မြင်ကွင်းကို တွေ့နေရ၏။ ထိုအမျိုးသမီးတွေ တိုးကြိတ်နေကြသည့် မြင်ကွင်းကို ကြည့်ပြီး သူငယ်ချင်းတဦးက ‘ ကျနော်တို့အုပ်စုကိုကျတော့ ၀င်လာကတည်းက အဲဒီကောင်မလေးတွေ ဘာလို့လာပြီး မ၀ိုင်းကြတာလဲ’ဟု ၀ိတ်တာကို နောက်သလိုလိုနှင့် လှမ်းပြောလိုက်သည်။ ၀ိတ်တာက ‘ အကိုကလည်း သူတို့က နိုင်ငံခြားသားခေါ်မှ ပိုက်ဆံပိုရတာဆိုတော့ အဲဒီနားပဲ တိုးကြိတ်နေကြတာပေါ့၊ အကိုတို့က ၀င်လာကတည်းက ပုဆိုးတွေနဲ့ဆိုတော့ မြန်မာမှန်း သူတို့သိကြတယ်လေ၊ မြန်မာတွေက ပိုက်ဆံသိပ်မသုံးနိုင်ကြတော့ မြန်မာဧည့်သည်တွေနားဆို သူတို့က သိပ်ကပ်ချင်ကြတာ မဟုတ်ဘူး။ မြန်မာဆိုရင် ဧည့်သည်က တကူးတက လှမ်းခေါ်မှ သူတို့က လာထိုင်တာ၊ မြန်မာဧည့်သည်တွေဆို သူတို့က ချေးထုပ်တွေလို့ ခေါ်ကြတာအကိုရဲ့။ အလကား ဘိုင်ကောင်တွေ ဆိုတဲ့သဘောပေါ့ ’ဟု ရှင်းပြရာ ကျနော်တို့အားလုံး ငိုရမလို ရယ်ရမလို ဖြစ်ကုန်ကြ၏။ စကားဝိုင်းလည်း အတန်ကြာ တိတ်ဆိတ်အေးစက်သွားတော့၏။

‘ကဲကဲ ချေးထုပ်တွေလို အပြောမခံရခင် လစ်မှနဲ့တူတယ်’ ဟု သူငယ်ချင်းတဦးက ဆော်သြလိုက်မှ ကျနော်တို့အားလုံး နိုက်ကလပ်ခန်းမထဲမှ လေးပင်စွာ ပြန်ထွက်လာခဲ့ကြသည်။ ဓာတ်လှေကားနှင့် အောက်ထပ်သို့ ဆင်းနေစဉ် တခါက ၁၉ လမ်းတွင် ဆုံခဲ့ရသည့် မြန်မာမဖြစ်ချင်သည့် ကျောင်းစိမ်းဝတ် ကလေးမလေးကို ကျနော် ဖြတ်ခနဲ သတိရလိုက်မိလေသည်။

ကိုလတ်

2 comments:

moe said...

Thank you Ko Latt and Dr Lun Swe for revealing the reality and facts.
Whom should we blame?
Hope that the government and relevant authorities will look seriously in to these matter and find solutions immediately, urgently.


George Nay said...

ှဧရာဝတီတိုင်း ညောင်တုန်မြေစာရင်စစ်အဖွဲ့မှ ကိုသန်း ထွေး ကုန်းဝဲဒေါက်ရွာသာဆိုသူသည် လယ်သမာများထံမှ မတရာသောနည်းလမ်းများနှင့် ငွေ ကြေး အဓမ္မကောက်ခံ မှူ အားလယ်/စိုက်ဝန်ကြီးဋ္ဌာနမှ ၄င်းအားထိရောက်စွာအရေးယူပေးပါ။