Wednesday, April 2, 2008

စွန့်မှ စားရမယ့် အသီးအပွင့် (သို့) ဒီမိုကရေစီ အောင်ပွဲ

ဒေါက်တာလွဏ်းဆွေ

ပါကစ္စတန်မှာတော့ ဘနာဇီယာဘူတိုက အသေခံပြီး တိုက်ပွဲဝင်သွား၊ ကျန်ခဲ့တဲ့ ခေါင်းဆောင်တွေက လူထုကို ရှေ့ကနေ မားမားမတ်မတ်နဲ့ ဆက်လက်ဦးဆောင်ပြီး တိုက်ပွဲဝင်နိုင်ခဲ့လို့ ပွဲက ပြီးသလောက် ဖြစ်သွားပြီ။ အားကျစရာ ကောင်းလိုက်ပုံများ …။ ‘မောင်မောင်စောတို့ နောက်ကျနေ’ ဆိုတဲ့ ကျနော်တို့ တိုင်းပြည်ကတော့ တိုက်ပွဲဝင်ခဲ့တာ အနှစ်(၂၀) ပြည့်လုပြည့်ခင်။ ဒါပေမယ့် အခုမှ သေရေးရှင်ရေး အနေအထားကို ဖြတ်ရမယ့် အခြေအနေနဲ့ ကြုံ နေရတုန်း …။

အနှစ်(၂၀)အတွင်းမှာ ပြည်သူတွေ ကျောင်းသားတွေက သေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးက နေအိမ် အကျယ်ချုပ်နဲ့ ထွက်မရ၊ နအဖကို လက်နက်ချ အညံ့မခံတဲ့ ဆရာဦးဝင်းတင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေက အ ထိန်းသိမ်းခံ ဘ၀တွေနဲ့ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေကြ၊ ဖမ်းမယ်ဆီးမယ်မှန်း သိသိကြီးနဲ့ မကြောက်မရွံ့ တိုက်ပွဲဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီ အဖမ်းခံကြရ၊ ကျန်တဲ့ လူငယ်တွေ ကျောင်းသားတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုန်းရှောင်ပြီး ဆက်လက် တိုက်ပွဲဝင်နေကြရနဲ့ ဖြစ်နေချိန်မှာ အမှန်တကယ် ပြည်သူလူထုကို ဦးဆောင်ဖို့ တာဝန်အရှိဆုံးဖြစ်တဲ့ အပြင်မှာရှိနေတဲ့ အဲန်အယ်လ်ဒီ စီအီးစီ ဘဘတို့ကတော့ အခုလို သေရေးရှင်ရေးအချိန်အထိ ဘဘ ဘာမှ မသိဘူးဆိုတာရယ်၊ ကြေညာချက်တွေရယ်လောက်ပဲ ထုတ်ပြီး ငြိမ်ချက်သား ကောင်းနေကြတာကိုပဲ တွေ့နေရတုန်း။ ဘဘတွေကတော့ ဘယ်တုန်းကမှလည်း နအဖကို မတိုက် (ထိပ်တိုက် ရင်မဆိုင်)ခဲ့သလို သေတဲ့အထိလည်း တိုက်ဦးမှာလားလို့ မေးရမယ့် အခြေအနေ။ စစ်သားလူထွက် ဘဘ တွေမို့လို့ပဲ၊ အခြေအနေက တော်တော့်ကို အားရှိစရာ …။

ဟိုက နအဖက မေလမှာ တိုင်းသူပြည်သားကို တရားဝင် စစ်ကျွန်ဇာတ်သွင်းဖို့ ဗိန်းမောင်းတီး ဇာတ်ကြမ်း တိုက်နေပြီ။ ကိုယ့်ဘက်က တုပ်တုပ်မျှမလှုပ် (ဒီကနေ့ ၂- ၄- ၀၈ မှာတော့ အဲန်အယ်လ်ဒီ ဘဘတို့ လှုပ်ပြီဆိုပဲ Vote No တဲ့လေ) ဆိုသလို …။ ပြောပြန်ရင်လည်း ဒီမိုကရေစီဘက်တော်သား အချင်းချင်း အဲသလို ဝေဖန်ရလား၊ ခင်ဗျားပဲ ဦးဆောင်လိုက်တော့ဗျာလို့ ရိသဲ့သဲ့ အပြောခံရဦးမယ်။ ကိစ္စမရှိပါဘူး အဲသလို ပြောလာရင်လည်း သိန်းတန်(မြန်မာပြည်) ဆိုထားသလို ‘ငါသာ စော်ဘွားဖြစ်ချင်တယ်၊ ငါသာ စော်ဘွားဖြစ်ရင်တကယ်’ လို့ပဲ ဆိုပြလိုက်ရုံပေါ့။ ကျနော်တို့ ပြည်သူတွေအတွက် တကယ့်ကို သေရေးရှင်ရေး အချိန်ရောက်နေပြီမို့ မပြောချင် ပေမယ့်လည်း ပြောနေရတာပါ။ နားခါးတယ်ဆိုရင်လည်း ဆောရီးပဲလို့ ပြောရုံမှတပါး …။

ဘနာဇီယာဘူတိုနဲ့ န၀ပ်ရှရစ်တို့သာ အပြင်မှာရှိနေတဲ့ ကျနော်တို့ရဲ့ အန်အယ်လ်ဒီ စီအီးစီ ဘဘတွေလို ကြေညာချက်တွေ ထုတ်လိုက်၊ ဂမ်ဘာရီလို လူစားကို ထိုင်မျှော်လိုက်၊ ကုလသမဂ္ဂကို ကယ်ပါဦး ပြေးပြောလိုက် လုပ်နေရင် ပါကစ္စတန်လည်း အခုလိုမျိုး ပွဲပြီးမှာ မဟုတ်သေးဘူးလို့ ထင်မိရဲ့။ ပါကစ္စတန် ပြည်သူတွေက ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် အသေခံ တိုက်ပွဲဝင်ခဲ့သလို အတိုက်အခံ ခေါင်းဆောင်တွေကလည်း စွန့်(risk ယူ)ပြီး စစ်အာဏာရှင် မူရှာရက်ဖ်ကို မကြောက်မရွံ့ တိုက်ပွဲဝင်ခဲ့လို့ အခုလို လမ်းကြောင်းမှန်ပေါ်ကို ခြေချနိုင်ခဲ့တာလို့ ပြောရင် ကျနော်တို့လူတွေ စိတ်မဆိုးလောက်ဘူး ထင်တာပဲ။ တိုက်ပွဲပုံသဏ္ဍာန်ချင်း မတူပါဘူးလို့ ကြံဖန်အကြောင်း ပြချင် ပြလို့ရပေမယ့် သေချာတာတခုကတော့ ဘနာဇီယာဘူတို့နဲ့ သေခဲ့ရတဲ့ ပါကစ္စတန်ပြည်သူတွေ သွေးနဲ့ခင်းပေးခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ကျန်တဲ့ခေါင်းဆောင်တွေနဲ့ ပြည်သူတွေက (ရတဲ့ အခွင့်အရေးတွေကို မိမိရရ ဆုပ်ကိုင်ပြီး) ဆက်လက် တိုက်ပွဲဝင်နိုင်ခဲ့လို့ အခုလို အောင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

ကျနော်တို့ဆီက သံဃာတွေ ပြည်သူတွေ ကျောင်းသားတွေကတော့ ၆၂ ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်း ကတည်းက အရေးအခင်း အဆက်ဆက် သေပေးခဲ့ရတာ သောက်သောက်လဲ။ ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအထိလည်း အတုံးအရုံး သေပေးနေရတုန်း၊ နောက်များလည်း ထပ်သေကြရဦးမယ့် ကိန်းကတော့ လုံးဝကို ဆိုက်နေပြီလို့ ပြောရမယ့် အနေအထားကို ရောက်နေပြီ။ ဒါပေမယ့် အဲသလို သေပေးခဲ့ကြလို့ သေရကျိုးနပ်သလား ဆိုတော့လည်း ပခုံးပဲတွန့်ပြရတော့မလို …။

ပါကစ္စတန်က အတိုက်အခံ ခေါင်းဆောင်တွေကတော့ တကယ့်ကို risk ယူပြီး (အန္တရာယ်ရှိမှန်း သိသိကြီးနဲ့ ဘူနာဇီယာဘူတိုရော၊ န၀ပ်ရှရစ်ဖ်ကော တိုင်းပြည်ကို မကြောက်မရွံ့ ပြန်လာကြတယ်။ ဘနာဇီယာဘူတိုဆိုရင် နှစ်ကြိမ် လုပ်ကြံခံရပြီး ဒုတိယအကြိမ်မှာ ကွယ်လွန်ခဲ့တယ်။ အဲဒါကိုပဲ ကြည့် …) အာဏာရှင်ကို အဲသလို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်ခဲ့လို့ ပါကစ္စတန်ပြည်သူတွေ ဒီမိုကရေစီပန်းတိုင်ကို လှမ်းကိုင်နိုင်ပြီ ဖြစ်ပေမယ့် ကျနော်တို့ဆီက အတိုက်အခံ ခေါင်းဆောင်တွေကတော့ အခုလို သေရေးရှင်ရေး အချိန်အထိ လူထုကို ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်မယ့်အသံ မကြားရသေးဘဲ လူထုကို ဆိတ်အုပ် နွားအုပ်မောင်းသလို ‘ကန့်ကွက်မဲ သွားပေးကြ၊ ကန့်ကွက်မဲ သွားပေးကြ’ နဲ့ မောင်းကောင်းနေကြတုန်း ရှိသေးတယ်။ ပြည်သူတွေခမျာ ၉၀ ရွေးကောက်ပွဲတုန်းကလည်း တခဲနက် မဲပေးခဲ့ကြပြီးပြီ။ ဒါပေမယ့် ခေါင်းဆောင်တွေက ပြည်သူ့ဆန္ဒတွေ အကောင်အထည်ပေါ်လာအောင် မစွမ်းဆောင်နိုင်ခဲ့ကြဘူး။ တချပ်မှောက်ဖဲစကားနဲ့ ပြောရရင် တချိန်လုံး နအဖက‘ရှိုး’နေတာကို မလိုက်ရဲ မလိုက်ရဲ (ထိပ်တိုက်ရင်ဆိုင်ရမှာ ကြောက်ပြီး ငုံ့ခံရင်း ငုံ့ခံရင်း)နဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေ ရေစုန်မျောရတဲ့ အခြေကို ဆိုက်ရတော့တာပဲလို့ ပြောရပါမယ်။

အခုလည်း ‘ကန့်ကွက်မဲပေးကြ၊ ကန့်ကွက်မဲပေးကြ’ နဲ့သာ လူထုကို ဇွတ်အတင်း တွန်းနေတယ်။ ကန့်ကွက်မဲ ပေးပြီးရင်ကော အောင်ပွဲရအောင် ဘာဆက်လုပ်မှာလဲ ဆိုတော့လည်း လူထုကို ဘာမှရေရေရာရာ ချမပြနိုင်။ ဘာနဲ့ တူနေသလဲဆိုတော့ သားသမီးတွေအတွက်ဆို သေချင်သေပစေ ဆိုတဲ့စိတ်နဲ့ ပင်ပင်ပန်းပန်း ရှာမကျွေးချင်ဘဲ သားသမီးလုပ်စာကို အခန့်သား အချောင်ထိုင်စားဖို့ ချောင်းနေတဲ့ မိဘတွေလို ဖြစ်နေတယ်။ တဆိတ်ရှိ ပြည်သူ့အား ပြည်သူ့အားနဲ့ပဲ အော်နေတယ်၊ ခေါင်းဆောင်ဆိုတဲ့ ကိုယ်တွေကလည်း နည်းနည်းပါးပါးလေး ရှေ့ကထွက်ပြီး တိုက်ပါဦးတော့လား၊ ရှေ့ကနေ နအဖကို ထိပ်တိုက်ရင်ဆိုင်ပြီး မားမားမတ်မတ် ဦးဆောင်ပါဦးတော့လား၊ ဘယ့်နှယ့် လူအုပ်နောက်ကပဲ ဖုန်လိုက်ရှူနေကြတာလဲလို့ ပြောရင်လည်း ကျနော်တို့လူတွေ ကျွဲမြီးတိုကြပြန်ဦးမယ် ထင်တယ်။

နောက်ပြီး ကြားရသေးတဲ့ အသံတွေက ဆန္ဒခံယူပွဲကို ဖျက်နိုင်ရင်တော့ အကောင်းဆုံးပါတဲ့။ ဒါပေမယ့် စစ်တပ်က လူထုကို သေနတ်နဲ့ထောက်ပြီး မဲထည့်ခိုင်းရင် လူထုကလည်း ကြောက်ပြီး သွားထည့်ရမှာမို့ မထူးပါဘူး ကန့်ကွက်မဲပေးခိုင်းခြင်းသာ ပြည်သူလူထု လိုက်ပါနိုင်မယ့် အကောင်းဆုံး နည်းလမ်းဖြစ်တယ်ဆိုပြီး လူထုကို ငကြောက်တွေလို့ ထင်နေကြတာလား၊ နအဖဘက်ကနေ ကူပြီးတော့ပဲ လူထုကို အကြောက်တရားတွေ လှိမ့်သွင်းပေးသလို ဖြစ်နေတာလားဆိုတဲ့ ဝေခွဲရခက်တဲ့ အနေအထားတွေလည်း တွေ့နေရပြန်တယ်။

နောက်ပြီး ဘယ်လိုအခင်းအကျင်း ဘယ်လိုပုံစံနဲ့ မဲပေးရမယ်မှန်း သေချာမသိသေးဘဲနဲ့ လူထုကို မဲရုံဆီ အတင်းသွားခိုင်းနေတာလည်း အံ့အားသင့်စရာပဲ။ ဒီလောက် ဗြောင်လိမ်တတ်၊ ဗြောင်လိမ်ရဲတဲ့ နအဖစစ်အုပ်စုရဲ့ ဦးစီးမှုအောက်မှာ မဲရုံရဲ့အနေအထားက ဘယ်လိုမှန်းမသိ၊ သူတို့ကန့်ကွက်မဲ ထည့်ခိုင်းသလို ထည့်လို့ရမယ့် အနေအထား ရှိမရှိ ဆိုတာလည်း ဘာမှ အသေအချာ မသိရသေးဘဲနဲ့ အတင်း Vote No အော်နေကြတာကလည်း စိတ်ပျက်စရာ။ ဒုက္ခ … ဒုက္ခ … အိုဒုက္ခ လို့သာ ညည်း တွားရတော့မယ် ထင်ပါရဲ့။

တကယ်တော့ ကျွန်တော်တို့ ပြည်သူတွေဟာ သတ္တိရှိကြပြီး သေရကျိုးမနပ်တဲ့သူတွေ ဖြစ်နေကြရတာပါ။ တိုက်ပွဲကို အထွတ်အထိပ်ရောက်အောင် အသက်နဲ့ရင်းပြီး ပခုံးထမ်းတင်ပေးခဲ့ကြပေမယ့် ခေါင်းဆောင်မှုအပိုင်း အဆုံးသတ်အပိုင်း အားနည်းညံ့ဖျင်းခဲ့လို့ ပေးဆပ်ရတာနဲ့ မတန်တဲ့ ဒုက္ခသုက္ခတွေကိုပဲ ခံစားကြရတဲ့ ပြည်သူတွေပါ။ အဲသလို သတ္တိရှိခဲ့ကြတဲ့ (၈၈ အရေးတော်ပုံတုန်းကရော၊ ရွှေဝါရောင်တော်လှန်ရေးမှာပါ) ပြည်သူတွေကို သေနတ်နဲ့ တေ့ရင် ကြောက်ကြမှာပဲထင်ပြီး ကန့်ကွက်မဲ ပေးခိုင်းတာဆိုရင်တော့ အမှားကြီး မှားမယ်လို့ပဲ ပြောချင်ပါတယ်။ တကယ်ဆို ဆန္ဒခံယူပွဲကို ဖျက်နိုင်ရင် အကောင်းဆုံးပဲလို့ ယူဆကြတယ်ဆိုရင် ကျနော်တို့ ပြည်သူတွေအားလုံးကို ‘မဲရုံကို မသွားကြနဲ့၊ ကိုယ့်အိမ်မှာ ကိုယ်နေပြီး သပိတ်မှောက် ဆန္ဒပြကြ၊ ကိုယ့်အိမ်မှာ ကိုယ်နေတာ ဘယ်သူမှ အတင်းအကျပ် လာဆွဲချလို့ မရဘူး’ ဆိုတဲ့ သတင်းစကားမျိုး ဘာလို့ မပါးရဲကြတာလဲ။ ဘာဖြစ်လို့ လူထုကို အဲဒီလိုမျိုး ရဲစိတ်ဝင်အောင် မစွမ်းဆောင်ကြဘဲ ကိုယ်က ဦးအောင် ကြောက်ပြနေကြတာလဲဆိုတာ မေးခွန်းထုတ်ချင်စရာ ဖြစ်နေပါတယ်။

နောက်တချက်က ဆန္ဒခံယူပွဲ မတိုင်မီ အဲန်အယ်လ်ဒီ ဗဟိုကော်မတီအနေနဲ့ ၉၀ ရလဒ်ကို စွဲကိုင်ပြီး နအဖကို ထိပ်တိုက်ရင်ဆိုင်လို့ ရတဲ့နည်းတွေ ရှိနေလျက်နဲ့ အဲန်အယ်လ်ဒီ ဗဟိုကော်မတီကို ၀ိုင်းမတွန်းကြဘဲ လူထုကိုပဲ ၀ိုင်းတွန်းနေကြတာကလည်း ထပ်မံအံ့အားသင့်စရာပါပဲ။ အဲန်အယ်လ်ဒီ ဗဟိုကော်မတီကသာ ၉၀ ရလဒ်ကို စွဲကိုင်ပြီး အစိုးရဖွဲ့တဲ့၊ ပြည်သူ့လွှတ်တော်ခေါ်တဲ့ တိုက်ပွဲမျိုးတွေခေါ်လိုက်ရင် လူထုက ၀ုန်းကနဲ လိုက်ပါလာပြီး ဆန္ဒခံယူပွဲလည်း အလိုအလျောက် ပျက်သွားနိုင်ပါတယ်။ အခြေအနေပေးရင် အောင်ပွဲအထိပါ တက်လှမ်းနိုင်တဲ့ အနေအထားတွေ ရှိနေတာပါ (သို့သော်လည်းပဲ အဲန်အယ်လ်ဒီ စီအီးစီ ဘဘတွေအနေနဲ့ မစွန့်ဘဲနဲ့ စားချင်နေသရွေ့တော့ အခုလို နအဖပြုသမျှကို နုရမယ့် အနေအထားတွေနဲ့ပဲ ရင်ဆိုင်ကြုံတွေ့နေကြရဦးမှာပါ)။

အချုပ်အားဖြင့်ပြောရရင်တော့ ဒီမိုကရေစီအောင်ပွဲဆိုတာ ပြည်သူလူထုချည်းပဲ အတုံးအရုံး သေပေးနေရုံနဲ့ ရနိုင်တာမဟုတ်ဘဲ ခေါင်းဆောင်ဆိုတဲ့ သူတွေပါ စွန့်(risk ယူ)ပြီး တိုက်မှ၊ ဖြစ်ပေါ်လာတဲ့ လူထုတိုက်ပွဲကိုလည်း အဆုံးသတ်တတ်မှ စားရမယ့် အသီးအပွင့် ဖြစ်တာကြောင့် ကြေညာချက်တွေချည်း ထုတ်ပြီး တတောင်းတည်း တောင်းနေတဲ့ အဲန်အယ်လ်ဒီ စီအီးစီ ဘဘတွေကို တောင်းတာရပ်ပြီး နအဖကို ထိပ်တိုက် ရင်ဆိုင်ရဲလာအောင် ၀ိုင်းဝန်းတိုက်တွန်းခြင်းဖြင့် လူထုတိုက်ပွဲကို အကောင်အထည်ဖော်ပြီး အောင်ပွဲဆီ အရောက်သွားကြပါစို့လို့ အကြံပြု တင်ပြလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

(ယခု ၂၀၀၈ - ဧပြီလထုတ် ခေတ်ပြိုင်ဂျာနယ်ပါ ဆောင်းပါးကို တင်ဆင်ခြင်း ဖြစ်ပါသည်)

7 comments:

ကိုပေါ said...

ဒီကိစ္စမှာ ဒေါက်တာလွဏ်းဆွေနဲ့ ကျနော် ၁၀၀ ရာခိုင်နှုန်းသဘောတူပါတယ်။

အမှန်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီခြေလှမ်းကို လှမ်းလိုက်တာ အရမ်းမှားတယ်လို့ ပြောချင်ပါတယ်။

(၁) ဒီ လူထုဆန္ဒခံယူပွဲကို လူတွေမဲသွားပေးဘို့ တိုက်တွန်းလိုက်တဲ့အတွက် ဖွဲ့စည်းပုံအတည်ဖြစ်သွားခဲ့သော် (နအဖ ဘက်က နိုင်သွားရင်) ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ဖျက်သိမ်းပစ်ဘို့ သဘောတူလိုက်သလို ဖြစ်သွားပါတယ်။ ကိုယ့်ကျင်းကို တူးလိုက်တဲ့ သဘောမျိုးသက်ရောက်နေပါတယ်။

(၂) တကယ်လို့ ကိုယ့်ဖက်က နိုင်ခဲ့ပြန်ရင်လည်း (ဖွဲ့စည်းပုံအတည်မဖြစ်ခဲ့ရင်) နအဖက
“အဲဒါဆို ပြန်ဆွဲမယ်။ ၁၉၉၀ ရလာဒ်ကို မေ့လိုက်တော့ လို့ ပြောတာမျိုး၊ ခင်ဗျားတို့ထဲက တချို့ အမျိုးသားညီလာခံကို ပြန်လာတက်။ (ဒါမှမဟုတ်) အစကတည်းက ခင်ဗျားတို့က ညီလာခံကို သပိတ်မှောက်ထားတာမို့ မတက်နဲ့တော့။ ကျုပ်တို့ချည်း ဆွဲမယ်။ ခင်ဗျားတို့ ပါတီကို ဖျက်သိမ်းတယ်” ဆိုတာမျိုး လုပ်လာနိုင်ပါတယ်။

လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ ဥပဒေ စည်းမျဉ်းစည်းကမ်း ဘာမှ ရေရေရာရာမရှိသေးတဲ့ အချိန်မှာ ဒီကြေညာချက်ကို ထုတ်ပြန်တာ အံ့သြလို့ မဆုံးပါဘူး။

မောင်တင်ယု said...

မှန်တာပေါ့ဗျာ၊
မှန်တာပေါ့၊
နတကရွေးကောက်ပွဲရှုံးသွားလည်းအကြောင်းမဟုတ်ဘူး၊
ဆန္ဒံယူပွဲကိုအောင်မြင်အောင်လုပ်နိုင်လို့ ၁၉၉၀ကို
ဘာမှကိုင်တွယ်ပြီးပြောစရာမလို တော့ဘူးဆိုတာသာ
ထုပ်ပြန်လိုက်၊ပြီးပြီ၊အထဲကနိုင်ငံရေးသမားတွေ နှစ်၂၀လုံးလုံး၊ထောင်ကျခံ၊အသေခံပြီးတိုက်လာတာတွေကို
လည်းဘာမှမလုပ်နိုင်တော့ဘူး၊ NLD မှာ ပြည်သူု ကရွေး
ချယ်တင်မြှောက်ထားသောအောင်လက်မှတ်ကိုပေါ်တင်
ကြီးဆုပ်ဖြဲလိုက်လို့ ရတယ်၊
ထိုအတူအပြင်က လုပ်စားအဖွဲ့ ပေါင်းစုံအားလုံးလည်း
ဟတ်ကော့ကြီးဖြစ်သွားမှာ။
ဘာဖြစ်လည်း ပြည်သူကိုလည်းကိုယ်စားမပြုသောအဖွဲ့တွေကရေးဆွဲ
တာ၊ပြီးတော့လည်းပြည်သူကောတိုင်းပြည်ကိုကော
စစ်ဖိနပ်အောက်ကနေဘယ်တော့မှမထွက်စတမ်းလုပ်
ထားသောဒီအခြေခံဥပဒေကို မဲပေးပြီးကန့် ကွက်ရအုံးမှာလား၊ ပြတ်ပြတ်ပြောလိုက်ပေါ့။
သဘောမတူဘူး၊ ပြည်သူတွေကတင်မြှောက်ထားလို့ 
နိုင်ငံအရေးကိုပြည်သူအတွက်လုပ်တာ။ ကျွန်တော်တို့ ကတော့ ဒီဆန္ဒံယူပွဲကိုအောင်မြင်အောင်လုပ်နိုင်ဖို့ လည်း
ဘယ်လိုမှမခင်းကျင်းပေးနိုင်သလို၊ ကန့်ကွက်မဲလည်း
ပေးစရာမလိုဘူး၊ ကျွန်တော်တို့ သပိတ်မှောက်တယ်။
ဘာလုပ်မလည်း။ ပြည်သူတွေက သွားပြီးမဲပေးရင်
ပြည်သူတွေရဲ့သဘော၊ ကျွန်တော်တို့ ကတော့
မပေးဘူး၊သပိတ်မှောက်တယ်လို့ ပြောပေါ့၊
ပြည်သူကဒါဆိုရင်သူတို့ ဘာလုပ်ရမယ်ဆိုတာသူတို့ 
သိသလို ၊ပြည်သူကနေစပြီးပြန်ဦးဆောင်မှာပေါ့၊
ကိုယ်ကဦးဆောင်မယ်၊ဒါလုပ်တယ်ဆိုတာတောင်
ပြည်သူကိုမပြောနိုင်ရင်၊ ဘေးသာထွက်ထိုင်ကြပါတော့
လို ပြည်တွင်းကနိုင်ငံရေးသမားတွေကော၊ ပြည်ပကနိုင်ငံရေးသမားတွေကောပြောပါရစေ။
စစ်တပ်ကိုများခင်ဗျားတို့ ရဲ့ နိုင်ငံရေး၊သံတမန်နည်းတွေနဲ့ သွားပြီး မျက်နှာချင်းဆိုင်ပြီးစကားပြောဖို့ ကြိုးစားနေကြတယ်။
သေတောင်မရဘူး၊ နောင်၁၀သက်တောင်မရဘူး၊
စစ်တပ်ကို ၈၈၈၈ ကလို မဆလဖြုတ်ချသလို ဖြုတ်ချ၊
ဦးနု အစိုးရကြောညာသလို လုပ်ပြီး၊မြန်မာနိုင်ငံကို
ဒီမိုကရေစီနိုင်ငံအဖြစတည်ထောင်လို့ရမယ်၊နိုမို့ ကတော့
ဝေးသေးတယ်လို့ သာပြောပါရစေလို့  နိုင်ငံရေးမဟာ့မဟာ
ဘဘကြီးတို့ ၊ ဘဘလေးတို့ ၊ဆရာကြီးတို့ ကို
ပြောလိုက်ပါရစေ။
့ပြည်သူကတော့ နိုင်ငံရေးမဟာ့မဟာ
ဘဘကြီးတို့ ၊ ဘဘလေးတို့ ၊ဆရာကြီးတို့ ဘာလုပ်မလည်းဆိုတာဒီရက်ပိုင်းအတွင်း၊လပိုင်းအတွင်းမှာစောင့်ကြည့်နေတော့မှာပါ။ ပြီးရင်တော့
နိုင်ငံရေးမဟာ့မဟာ
ဘဘကြီးတို့ ၊ ဘဘလေးတို့ ၊ဆရာကြီးတို့  ဘဲဇတ်သိမ်းမလား၊ စစ်တပ်ဘဲဇတ်သိမ်းမလား။
သိုတည်းမဟုတ် နှစ်ဖွဲ့စလုံးဘဲဇတ်သိမ်းမလားတော့မသိပါခင်ဗျား၊
ပြည်သူရဲ့ ရင်ထဲကစိတ်ထား၊အမှန်ကတော့ မကြာမှီ
မျှော်ဆိုသော စကားနဲ့ ဘဲ အားလုံးကို ပြောလိုက်လိုပါတယ်။

Anonymous said...

ဆရာ ရေ ..ကြိုက် တယ် ဗျို့
မှန် လိုက် လေ .....

Anonymous said...

ဟုတ်တယ်ဗျိုး

၁၀၀% သဘောတူတယ်

Michael Sun said...

ကျနော်တို့တွေ ဦးဆောင်သူရှိလို့ ရှိရင် နောက်ကလိုက်ဖို့ ၀န်မလေးပါဘူး... စက်တင်ဘာတုန်းကလည်း ကျနော်တို့ သက်သေပြခဲ့ ပြီးပါပြီ... ပြည်သူ့ဘက်က ရပ်တည်မယ် ဆိုရင်ဖြင့် ကျေငြာချက်လေးလောက်နဲ့ တာဝန်ကျေပြီမထင်ပါနဲ့... ကျေငြာချက်ထုတ်တာကိုလည်း တောက်ညင့်ကတ် ပုဒ်မနဲ့ ဖမ်းသွားနိုင်သေးတာပဲ... ဖမ်းခံရမယ့်တူတူ အသက်ကို စတေးပြီး ပြည်သူနဲ့တူတူ ဒီခံယူပွဲကြီး မဖြစ်မြောက်အောင် လုပ်ပြပေးပါ... ဒါမမဟုတ်ပဲ ဒီခံယူပွဲကြီး (အတည်ပြုပြု မပြုပြု) ဖြစ်မြောက်သွားတာကို မေးလေးထောက်ပြီး ငုတ်တုတ်ထိုင်ကြည့်နေမယ်ဆိုရင်တော့ ပြည်သူတွေလက်နဲ့ရေးထားတဲ့ ၁၉၉၀ ရလာဒ်ကို NLD က ခြေနဲ့ဖျက်သလို ဖြစ်နေပါလိမ့်မယ်... No Vote ဟာ ရွေးချယ်စရာ မဟုတ်သလို Vote No ဟာလည်း Option တစ်ခု မဟုတ်ပါဘူး... ဒီခံယူပွဲကြီး မဖြစ်မြောက်ခင် NLD ဦးဆောင်ပြီး အာဏာရှင်ကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် တိုက်ပွဲဝင်ပေးပါ... ကျနော်တို့ နောက်ကလိုက်ဖို့ ကတိပေးပါတယ်.. (အဲ ဒီတိုင်းတော့ တစ်ယောက်တည်း ထွက်ပီး ဆန္ဒပြရဲဘူးဗျို့.. လူမသိသူမသိ ဆွဲစိခံရပီး တစ်သက်တစ်ကျွန်း ကျနေအုံးမယ်..)

Zaw Myo Lwin said...

နီရိုးဘုရင် အင်အယ်ဒီသို့၊

မြင်နေရတာတော့ တချက်ခုတ် နှစ်ချက်ပြတ် အင်အယ်ဒီကို နအဖက မြောင်းထဲပို့နေတယ်။

နအဖက မဲလိမ်မှာတွေ၊ မတရားညစ်မှာတွေကို စောင့်ပြီးမှ ကမ္ဘာကိုတင်ပြ နိုင်ငံတကာက ဝိုင်းငို...။

အဲလိုမျိုး ပြည်သူကို တမြှင်းမြှင်း ညှင်းသတ်ကြတော့မယ်ဆိုလဲ သဘောပဲ။ သေပစေပေါ့ ပြည်သူတွေ၊ ဟုတ်လား။

နေခဲ့တဲ့ရပ်ကွက်ထဲ မဲရုံဖွင့်ဖွင့်ခြင်း (တရပ်ကွက်လုံးထက်အရင်) ပထမဆုံး ခမောက်တံဆိပ်မှာ ကြက်ခြေနှိပ်ခဲ့တာ ပြန်စဉ်းစားတိုင်း ရင်ခုန်တယ်။ ရစေချင်လွန်းလို့ မိသားစုလိုက်ကို ယူပေးခဲ့ကြတာတွေ အလကားတော့ လုပ်မပစ်ကြပါနဲ့။

အဲဒီမဲ နောက်လိုက်နေခဲ့တာလဲ တဆယ့်ရှစ်နှစ်...။ ကြာခဲ့ပြီ။

ဒေါ်အောင်ဆန်းစုကြည်မပါပဲ ၂၀၁၀ကျမှ ဆရာကြီးတို့ ကိုယ့်ဟာကိုယ် နောက်တကြိမ် မဲခံမယ်ပေါ့လေ။ ရှုံးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပါတီတွေကလဲ အင်အယ်ဒီ အမှားကိုစောင့်ပြီး ကြားကားဆွဲ နိုင်ငံရေး အမြတ်ထုတ်ဖို့ အကွက်ကောင်း ချောင်းနေတာလား။

မြေခွေးလိုနိုင်ငံရေးသမားတွေရဲ့ သတ္တိကဒါပဲလား။

အင်အယ်ဒီ ဘယ်လဲ...၊ ဘာလဲ...။

Voyager said...

Hey doc,
I think you are wrong to compare Burma and Pakistan.

Do you know the difference?

Pakistan is the dictator backed by West. Any dictator backed by West has a line they cannot cross. For example, Marcos from philippines, dictators from Taiwan, South Korea all gave up power under pressure.

For Burmese dictator?, Hey you know the truth.Right? They can easily seize or jail or kill anyone without much paying attention including whoever from NLD.

So, what are you doing doctor? Asking to do suicide bombing of old NLD fella? Then, what will happen? Junta will easily announce abolishing of NLD and seize all NLDs into jail. Then what will happen? Nothing. Only thing will happen is all NLD will be in jail or killed.

Please be mindful that these fella are living in Burma(The dictatorship backed by China not West).