Thursday, April 3, 2008

သမိုင်းဆိုတဲ့ အကောင်ကို သတ်ချင်တယ် (ဟာသ)

ဂျင်ဂလိ

ရပ်ကွက်ထဲမှာ ရိုးသားပြီး အေးဆေးတဲ့ အဘမှန်ဆိုသူ အဘိုးအိုတယောက် ရှိသတဲ့။ အဘမှန်ဟာ ဘ၀တလျှောက်လုံး အိမ်ထောင်တခါမှမပြုဘဲ တဲအိုလေးတလုံးမှာပဲ တယောက်တည်း နေထိုင်သတဲ့။ ငယ်စဉ်ကတည်းက ပရဟိတ စိတ်ထားလည်း အပြည့်ရှိပြီး ဘယ်သူ့ကိုမဆို သူတတ်နိုင်တဲ့ဘက်က ကူညီဖို့ အဆင်သင့် ဖြစ်နေတတ်သတဲ့။ ရပ်ကွက်ထဲမှာ သာရေးနာရေး ကိစ္စတွေ ရှိပြီဆိုတာနဲ့ ငေါက်ကနဲ ထလာပြီး အချိန်ပြည့် ကူညီလေ့ ရှိသတဲ့။ စကားနည်းပြီး အလုပ်ကိုသာ တစိုက်မတ်မတ် လုပ်နေတတ်တဲ့အတွက် ရပ်ကွက်သူ ရပ်ကွက်သား အားလုံးက အဘမှန်ကို ချင်ခင်လေးစားပြီး အဘမှန်ရဲ့ စားရေးသောက်ရေး ကိစ္စကိုဆို တာဝန်ယူချင်တဲ့ အိမ်တွေက များသတဲ့။ အဲသလို ကျွေးချင် မွေးချင်တဲ့ သူတွေများတဲ့အတွက် အဘမှန်ဟာ ဘ၀တလျှောက်လုံး ကိုယ့်ဘာသာကိုယ် ချက်ပြုတ် စားသောက်စရာ မလိုဘဲ ရပ်ကွက်ထဲက အိမ်တွေမှာ တနေ့တအိမ် ဆိုသလို စားအိမ် သောက်အိမ် ဖြစ်နေတတ်သတဲ့။ အိမ်တအိမ်မှာ စားသောက်ပြီးတိုင်းလည်း အိမ်သားတွေ စကားပြောဆို ဆွေးနွေးနေသမျှကို တခွန်းတလေမှ ၀င်မပြောဘဲ ယပ်တောင်လေးခတ်ပြီး ငြိမ်ငြိမ်လေးသာ နားထောင်နေလေ့ ရှိသတဲ့။

တညသားမှာတော့ သူ့ရဲ့ စားအိမ် သောက်အိမ်ဖြစ်တဲ့ အိမ်တအိမ်မှာ အိမ်ရှင်က ဖိတ်ကြားထားတဲ့ တခြားဧည့်သည်တွေလည်း ရောက်နေသတဲ့။ ထမင်းစားပြီးတာနဲ့ အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ ၀ိုင်းထိုင်ကြပြီး တိုင်းရေးပြည်ရေး အပါအ၀င် ရောက်တတ်ရာရာတွေကို ပြောဆိုဆွေးနွေးနေကြသတဲ့။ အဘမှန်ဟာ မိဘတွေ ဆင်းရဲနွမ်းပါးလို့ ငယ်စဉ်က ပညာလုံးဝမသင်ခဲ့ရပေမယ့် ဘယ်စကားဝိုင်းကိုမဆို ဗဟုသုတရချင်တဲ့စိတ်နဲ့ ၀င်ရောက်နားထောင် လေ့ရှိသတဲ့။ အဲဒီညကလည်း အိမ်ရှင်နဲ့ ဧည့်သည်တွေ အာပေါင် အာရင်းသန်သန်နဲ့ ဆွေးနွေးနေကြတာကို အဘမှန်က သူ့ပုံစံအတိုင်း ယပ်ကလေးခတ်ပြီး ကွပ်ပျစ်လေးဘေးမှာ ငြိမ်ငြိမ်လေး နားစွင့်နေသတဲ့။

ပြောရင်းဆိုရင်း ငြင်းရင်းခုန်ရင်းနဲ့ ဆွေးနွေးတဲ့ အကြောင်းအရာက ၁၉၆၂ခုနှစ်မှာ တော်လှန်ရေးကောင်စီ အာဏာသိမ်းတဲ့ အကြောင်းကို ရောက်သွားသတဲ့။ အဲဒီမှာ စကားဝိုင်းထဲက ဧည့်သည်တယောက်က တော်လှန်ရေးကောင်စီ အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး ‘ခင်ဗျားတို့ ပြောသလို မဟုတ်ဘူးဗျ။ အဲဒီ အချိန်တုန်းက ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက သမိုင်းပေးတာဝန်အရ နိုင်ငံတော်အာဏာကို လွှဲပြောင်းတာဝန်ယူခဲ့ရတာ’လို့ ကျယ်လောင်ကျယ်လောင်နဲ့ အသံမြှင့်ပြီး ဆွေးနွေးလေသတဲ့။ အဲဒီ ဧည့်သည်ရဲ့ စကားအဆုံးမှာပဲ စကားဝိုင်းတိုင်းမှာ တခါမှ ၀င်မဆွေးနွေးဖူးတဲ့ အဘမှန်ရဲ့ ဆိုင်းမဆင့် ဗုံမဆင့် ၀င်ရောက်ဆွေးနွေးမှုကြောင့် ကွပ်ပျစ်ပေါ်မှာရှိတဲ့ စကားဝိုင်းတခုလုံး ငြိမ်ကနဲ ဖြစ်သွားပြီး စက္ကန့်အနည်းငယ်အကြာမှ ရယ်မောသံကြီး သံပြိုင်ထွက်လာသတဲ့။

အဘမှန် ရှားရှားပါးပါး ၀င်ရောက်ဆွေးနွေးလိုက်တဲ့ စကားတခွန်းကတော့ ‘အဲဒီ သမိုင်းဆိုတဲ့ အကောင်ကို ငါသတ်ချင်တယ်။ ဒင်းပေးလို့ နေ၀င်းအာဏာရပြီး တတိုင်းပြည်လုံး ဒုက္ခ ရောက်ရတာ’ ဟူသတည်း။

(ခေတ်ပြိုင်အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြပြီးဖြစ်ပါသည်)

No comments: