Wednesday, April 2, 2008

၉၀-ရွေးကောက်ပွဲနှင့် တိုက်ပွဲဝင်သံချပ်အတွေး

ဒေါက်တာလွဏ်းဆွေ

(၂၅-၅-၂၀၀၇)က ခေတ်ပြိုင် အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် ဆောင်းပါး ဖြစ်ပါသည်)

သင်္ကြန်မတိုင်မီက NHEC ရုံးသို့ ကိစ္စတခုနှင့်အသွား ဆရာဒေါက်တာအောင်ကျော်ဦး၏ အပြုံးမျက်နှာကို ဘွားကနဲ တွေ့လိုက်ရသည်။ ဆရာက အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်၏ အနောက်ပိုင်းတာဝန်ခံ ဖြစ်ပြီး အိန္ဒိယမှ လာရောက်ခြင်းဖြစ်သည်။ ဆုံရခဲသူမို့ ရုတ်ချည်းတွေ့လိုက်ရခြင်းအပေါ် ကျနော်ပျော်သွားသည်။ ဆရာ့ကို ၀မ်းသာအားရ နှုတ်ဆက်ရင်း ဆရာတို့ထုတ်သည့် ‘စိတ်ကူးမပြင် ထိပ်ဖူးဝင်လိမ့်’ သင်္ကြန်သံချပ်ခွေ ကြော်ငြာကို အင်တာနက်ဝက်ဘ်ဆိုက်များတွင် ဖတ်ရကြောင်း၊ နားထောင်ချင်ကြောင်း ကျနော်ပြောလိုက်သည်။

ဆရာက မနေ့ကပဲ ဆရာမောင်လွမ်းဏီထံတွင် ကျနော့်အတွက် မေတ္တာလက်ဆောင် စီဒီတချပ်ပေးထား ကြောင်းပြော၍ အပြန်တွင် ဆရာမောင်လွမ်းဏီအိမ်သို့ အပြေးအလွှားသွားမိသည်။ ထိုတိုက်ပွဲဝင်သံချပ်များကို ဆရာအောင်ကျော်ဦးက မြတ်ထက်အမည်ဖြင့် ရေးသားတင်ဆက်ပြီး အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက တက်တက်ကြွကြွ ၀ိုင်းရံထားကြခြင်းဖြစ်သည်။ မနှစ်ကထုတ်သည့် သံချပ်အခွေကို ကြားခဲ့ရကတည်းက ဆရာတို့၏ ကလိပုံ၊ ရိပုံ၊ လက်သံပြောင်ပုံများကို နှစ်သက်နေမိသဖြင့် ယခုနှစ်အတွက် ထုတ်သည့် အခွေကိုလည်း ကြော်ငြာမြင်မြင်ချင်း ကျနော် နားဆင်ချင်နေမိခြင်း ဖြစ်သည်။ ဆရာမောင်လွမ်းဏီထံမှ အခွေရသည်နှင့် အိမ်ပြန်ပြီး စိမ်ပြေနပြေ နားထောင်ဖြစ်သည်။

နားထောင်ရင်း တယောက်တည်း ပြုံးစိစိဖြစ်နေရသလို အိန္ဒိယ၀ိုင်းတော်သားတို့၏ အနုပညာစွမ်းပကားကိုလည်း စိတ်ထဲမှ အပြတ်ချီးကျူးနေမိသည်။ သံချပ်ဆိုသည်က လောကီလူ့ဘောင်အတွင်း ဖြစ်ပျက်နေသည့် လူ့အတန်းအစား အလွှာအသီးသီးမှ မတော်မတည့် ကပေါက်တိကပေါက်ချာ တလွဲတချော် အဖြစ်သနစ်များကို ပြုပြင်ဆင်ခြင်စေလိုသည့် စေတနာအရင်းခံနှင့် ပြည်သူ့ကိုယ်စား ရပ်တည်ပြောဆိုပေးသည့်၊ ပညာသားပါပါ သာသာနှင့် နာနာနှက်ပေးသည့် အဆင့်မြင့် အနုပညာပစ္စည်းတမျိုးဟု ကျနော်နားလည်ထားသည်။

အထူးသဖြင့် အုပ်စိုးသူလူတန်းစားတို့ မျက်စိစပါးမွေးစူးသည့် အနုပညာပစ္စည်းလည်း ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် သံချပ်အများစုသည် ပြည်သူလူထုအကျိုးကို ရှေးရှုကာ အုပ်ချုပ်သူလူတန်းစားတို့၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုများ၊ ဟာကွက်၊ ပျော့ကွက်များကို အဓိကထား ထောက်ပြလေ့ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာပြည်ကို ဖွတ်တက်အောင် ဖျက်ဆီးအုပ်ချုပ်ထားသည့် နအဖစစ်အာဏာရှင်တို့က သံချပ်ခွေများ ထုတ်ဝေဖြန့်ချိခွင့်ကို အထူးတလည် ဆင်ဆာတင်းကြပ်ထားပုံရပေသည်။ သူတို့၏ ဖိနှိပ်အုပ်ချုပ်မှုများကြောင့် နယ်ပယ်အသီးသီး တွင် အလွဲလွဲ အမှားမှားဖြစ်နေပုံ အဖြစ်သနစ်စုံအား သံချပ်များဖြင့် ထိုးနှက် တိုက်ခိုက်လာမည်ကို စိုးရိမ်ကြောက်ရွံ့ ခြင်းကြောင့်ဖြစ်ပေမည်။ သို့နှင့် ပြည်တွင်း၌ သံချပ်ခွေကောင်းကောင်း ပေါ်ထွက်ခွင့်မရသည်မှာ နအဖသက်ဆိုးရှည်သည့် ကာလတမျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဤသို့ သံချပ်ငတ်နေချိန်တွင် ဆရာအောင်ကျော်ဦး (မြတ်ထက်)တို့၏ သံချပ်များကို နားဆင်လိုက်ရသည့်အတွက် အာသာပြေသွားသလို ခံစားရသည်။ ယခုနှစ်ထုတ်ဝေသည့် တိုက်ပွဲဝင်သံချပ်အခွေ၏ ထူးခြားချက်မှာကား ရန်သူနအဖကို ချက်ကျလက်ကျ ထိုးနှက်ထားရုံသာမက အတိုက်အခံ ဒီမိုကရေစီအင်အားစုများ၏ ဟာကွက်၊ ပျော့ကွက်များကိုလည်း စေတနာပါပါဖြင့် ထိထား၊ ရိထား၊ ကလိထားသည်ကို နားဆင်ရပေသည်။ တနေရာအရောက်တွင် ‘မိုးယံမှ သည် ချစ်သူဆီသို့’ သီချင်းအလိုက်ကို ဖျက်ဆိုပြီး ၉၀ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခြင်း ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များအား ကလိထားသည်ကို နားဆင်ရသည့်အခါ ကျနော့်စိတ်ထဲ ပြုံးချင်သလို ဖြစ်ရမည့်အစား ဒီမိုကရေစီ တိုက်ပွဲအကြောင်း တွေးပူပြီး နုံးချင်သလို ခံစားလိုက်ရသည်။

ထို့နောက် အောက်ပါ သံချပ်စာသားများနှင့်အတူ ကျနော်၏စိတ်များ ၁၉၉၀ပြည့်နှစ် မေလ (၂၇)ရက်နေ့ဆီသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
‘ဒီစကားလေးအတိုင်း ပြောချင်ပေ … … အမတ်မင်းတို့ရေ အဓိပ္ပါယ်ရှိကြ’
‘ရွေးကောက်ပွဲကြိုကာလမှာ … … ကတိပေးခဲ့တာ ပြန်သတိရကြ’
‘ဒီမိုကရေစီ ရသည့်တိုင် … … မယိမ်းမယိုင် ကြိုးစားမယ်တဲ့’
‘ပြည်သူလူထု လွတ်မြောက်အောင် … … အားပြည့်စွမ်းဆောင် လုပ်သွားမယ်တဲ့’

• • • • •

ထိုနေ့က ကျနော်၏ ဇာတိမြို့တွင် မိုးဖွဲဖွဲရွာနေသည်။ မိုးဖွဲဖွဲရွာနေလင့်ကစား မြို့နေလူအများသည် မဲရုံများသို့ ချီတက်ကြရန် တာစူနေကြသည်။ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် သူတို့လေးစားအား ကိုးသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အင်တိုက်အားတိုက် ထောက်ခံမှုပြုကြရန် အသင့်ပြင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရလင့်ကစား သူမ၏ ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ယုံကြည်မှု အပြည့်အ၀နှင့် ပုံအောမဲပေးရန် စိတ်စောနေကြသည်။ လူအများစု၏ နှုတ်ဖျားမှ ‘စုနိုင်မှ ချမ်းသာမည်’ ဟူသည့် ရွေးကောက်ပွဲ မဲဆွယ်သီချင်းစာသားကို ရွတ်ဆိုနေကြသလို မျက်နှာများတွင်လည်း လွတ်မြောက်မှု အပြုံးပန်းများ ကိုယ်စီပွင့်လန်းနေကြသည်။ နေရာအနှံ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမှတ်လက္ခဏာများ ဖြစ်ကြသည့် ကြယ်ဖြူနှင့် အ၀ါရောင် ခွပ်ဒေါင်းပုံပါ အနီရောင်အလံများ၊ ပင်နီအင်္ကျီများ၊ ရင်ထိုးအနီများ၊ ခမောက်များ ဖွေးဖွေးလှုပ်နေသည်ကို တွေ့ရသည်။

ရွေးကောက်ပွဲမတိုင်မီ အာဏာသိမ်းအဖွဲ့ခေါင်းဆောင် န၀တဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စောမောင်က မြန်မာအသံနှင့် ရုပ်မြင်သံကြားမှနေ၍ ပြည်သူများထံ ကတိပေးစကားများ အလီလီ ပြောကြားခဲ့ခြင်းအပေါ် ပြည်သူလူထုက အမှန်တကယ် ယုံကြည်စိတ်ချပြီး မျှော်လင့်ချက်အပြည့်နှင့် ဆန္ဒမဲပေးရန် ပြင်ဆင်နေကြခြင်းလည်း ဖြစ်ပေသည်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကို ဖြိုခွင်းအာဏာသိမ်းပြီး (၅)ရက်အကြာ ၁၉၈၈ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့က တိုင်းပြည်သို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး စောမောင်က …

‘ကျနော်တို့တတွေဟာ တပ်မတော်သားတွေ ဖြစ်ကြပါတယ်။ တပ်မတော်သားများနဲ့ ဖွဲ့စည်းထားတဲ့ ကျနော်တို့ အဖွဲ့အနေနဲ့လည်း နိုင်ငံ့ကျေးဇူးသစ္စာကို ခံယူထားတဲ့ အဖွဲ့ဖြစ်လို့ နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် ၀န်ခံထားရှိပြီးဖြစ်တဲ့ ကတိသစ္စာကို မည်သို့သော အကြောင်းကြောင့်နဲ့မျှ ပယ်ဖျက်၊ ဖောက်ဖျက်မှာ မဟုတ်ကြောင်း ယုံကြည်ထားရှိစေလိုပါတယ်။’

‘ကျနော်တို့ တပ်မတော် အနေနဲ့ကတော့ ပြည်သူပြည်သားများက မိမိတို့ရဲ့ ဒီမိုကရေစီပိုင်ခွင့်အရ လွတ်လပ်မျှတစွာ ရွေးချယ်တင်မြှောက် ဖွဲ့စည်းလိုက်တဲ့ အစိုးရတရပ်က ပေးအပ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တာဝန်တွေကိုသာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထပ်မံကတိပေးလိုပါတယ်’ စသည်ဖြင့် ကတိပေးစကားများ အထပ်ထပ် ပြောကြားခဲ့ပေသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်က ထိုသို့ ကတိစကားများ ပြောကြားခဲ့သလို အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများကလည်း ပြည်သူလူထုအား ကတိစကားတွေ အထပ်ထပ်ပေးကာ မဲဆွယ်စည်းရုံးနေကြပုံများကို သံချပ်နားထောင်ရင်း ကျနော် ပြန်မြင်ယောင်နေမိပေသည်။

အမှန်တကယ်ပင် ထိုနေ့ (၁၉၉၀ပြည့်နှစ်၊ မေလ (၂၇)ရက်နေ့) က မြန်မာတပြည်လုံးသို့ ဒေါ်အောင်ဆန်းစု ကြည်လှိုင်းလုံးကြီး အကြီးအကျယ် ရိုက်ခတ်ခဲ့ပါသည်။ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ် (၄၈၅)နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် (၃၉၂)ဦး ရွေးချယ်တင်မြှောက်ခံရကာ ရာခိုင်နှုန်း ၈၀ ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။

ထိုအောင်ပွဲခံရလဒ်ကား ယခုဆိုလျှင် (၁၇)နှစ်တင်းတင်း ပြည့်ခဲ့ပေပြီ။ ယခုအခါတွင် တပ်မတော်၏ကိုယ်စား ကတိစကား အထပ်ထပ် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်လည်း ကွယ်လွန်ခဲ့လေပြီ။ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ မျက်နှာကို အိုးမဲသုတ်ခဲ့သည့် နောက်တက် စစ်ခေါင်းဆောင်များကလည်း ယခုအချိန်အထိ ကမ္ဘာ့အလယ်တွင် မျက်နှာပြောင်တိုက် ရပ်တည်ကာ ပြည်သူလူထုကို လက်နက်အားကိုးနှင့် ဖိနှိပ်အုပ်ချုပ်နေဆဲ ဖြစ်သည်။ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အာဏာလွှဲပေးရန် အမျိုးမျိုး အဖုံဖုံ ငြင်းဆန်ပြီး ကလိန်ကကျစ် ကျနေဆဲဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး စောမောင်နည်းတူ ကတိစကား အလီလီနှင့် ပြည်သူလူထုအား မဲဆွယ်စည်းရုံးကာ အနိုင်ရ ရှိခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များလည်း ယခုအခါ သေသူသေ၊ ထောင်တွင်း၌ တိုက်ပွဲဝင်သူ ၀င်ဆဲ၊ နှုတ်ထွက်သူ နှုတ်ထွက်၊ အညံ့ခံပြီး နအဖနှင့် ပူးပေါင်းသူ ပူးပေါင်း၊ လွတ်မြောက်နယ်မြေ၌ ဆက်လက် တိုက်ပွဲဝင်သူဝင်၊ တတိယနိုင်ငံ၌ ခိုလှုံသူခိုလှုံ၊ ဒုက္ခသည်စခန်းသို့ ၀င်သူဝင်နှင့် အကွဲကွဲအပြားပြား ဖြစ်ကုန်ကြပေပြီ။

သို့သော် တိုက်ပွဲက မပြီးဆုံးနိုင်သေး။ ဒုက္ခပင်လယ် ဝေနေလင့်ကစား ပြည်သူလူထုက စစ်အုပ်စုကို ဆက်လက် ဆန့်ကျင်မြဲ ဆန့်ကျင်နေဆဲ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖမ်းခံနေရဆဲ၊ နိုင်ငံရေးသမားများ နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ထောင်တွင်း၌ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေဆဲ၊ ၈၈မျိုးဆက် ကျောင်းသားများက ကိုယ်ကျိုးမဖက် ဆက်လက်ဦးဆောင် တိုက်ပွဲဝင်နေဆဲ၊ စွန့်လွှတ်စွန့်စားသူ ဒီမိုကရေစီ သူရဲကောင်းများက အသက်နှင့်ရင်းကာ ဆန္ဒပြ တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်ကို အလေးအမြတ်ပြုဖွယ် တွေ့မြင်နေရပေသည်။ ဤသို့သော အချိန်အခါတွင် ပြင်ပ၌ ကျန်ရှိနေသေးသည့် (သူတို့အားကိုးတကြီး မဲပေးခဲ့ကြသည့်) လွှတ်တော်ကိုယ်စားလှယ်များ သူတို့ရှေ့မှ မားမားမတ်မတ် ပြန်လည်ဦးဆောင် တိုက်ပွဲဝင်လာကြမည်ကို ပြည်သူလူထုအနေနှင့် မျှော်လင့်နေကြဦးမည်မှာ အသေအချာပင်ဖြစ်သည်။ ထိုမျှော်လင့်ချက်များက ပြည်သူလူထု၏ အသံကို ကိုယ်စားပြုသည့် တိုက်ပွဲဝင်သံချပ်များတွင် ထင်ဟပ်ပေါ်လွင်နေခြင်းဖြစ်မည်ဟု ‘စိတ်ကူးမပြင် ထိပ်ဖူးဝင်လိမ့်’ သံချပ်ခွေကို နားထောင်ရင်း ကျနော် တွေးတောနေမိပါသည်။

‘ဒီစကားလေးအတိုင်း ပြောချင်ပေ … … အမတ်မင်းတို့ရေ အဓိပ္ပါယ်ရှိကြ’
‘ရွေးကောက်ပွဲကြိုကာလမှာ … … ကတိပေးခဲ့တာ ပြန်သတိရကြ’
‘ဒီမိုကရေစီ ရသည့်တိုင် … … မယိမ်းမယိုင် ကြိုးစားမယ်တဲ့’
‘ပြည်သူလူထုလွတ်မြောက်အောင် … … အားပြည့်စွမ်းဆောင် လုပ်သွားမယ်တဲ့’

ဒေါက်တာလွဏ်းဆွေ

No comments: