Monday, February 11, 2013

အပြန်

အပြန်
ကိုလတ်
(၁)

ညနေစောင်း မှောင်ရီဝေ ၀ိုးတ၀ါး … ဓာတ်မီးတိုင်များမှ နီယွန်မီးများ မျက်လုံးဖွင့်စ …။
ဆီဒိုနားဟိုတယ် ၀င်ပေါက်နှင့် မလှမ်းမကမ်း တဖက်ပလက်ဖောင်းမှာ ရပ်ကာ တက္ကစီကားတွေကို ကျနော် တားနေမိသည်။ လက်ထဲမှာလည်း ကင်မရာတလုံး ဖိုင်တွဲတခုနှင့်။ စာနယ်ဇင်းရှင်းလင်းပွဲတခုမှ ကျနော်ပြန်လာခြင်းဖြစ်သည်။ ခဏအကြာမှာ ကျနော့်ရှေ့သို့ တက္ကစီတစီး ဆိုက်လာသည်။ မြို့ထဲပြန်ဖို့ ဈေးမေးကြည့်တော့ အဆင်ပြေသည်နှင့် ကားပေါ်တက်လိုက်သည်။ ကားဆရာဘေးမှာ ထိုင်ထိုင်ချင်းပဲ သူ့ကိုတချက် အကဲခတ်ကြည့်လိုက်မိသည်။ လူလတ်ပိုင်းအရွယ် ရုပ်ရည်သန့်သန့်နှင့် သွက်သွက်လက်လက်ရှိမည့်ပုံကို တွေ့ရသည်။
ထင်သည့်အတိုင်း ကားဘီးစလိမ့်လာပြီး တက္ကသိုလ်ရိပ်သာလမ်း မီးပွိုင့်သို့ ရောက်ခါနီးမှာပင် ကားဆရာထံမှ စကားသံ စတင်ထွက်ပေါ်လာသည်။ သူက ပြုံးပြုံးရွှင်ရွှင်နှင့်ပင် …

‘ အကို … အခု ကျနော်တို့ဆီက ဟိုတယ်တွေကလည်း ပူစီတွေနဲ့ပဲ ရပ်တည်နေရတာပဲနော်’ ဟု ကျနော့်ကို မိတ်ဆက်သလို ပြောလေသည်။
‘ ဘာလဲဗျ … ပူစီ ’ ဟု ကျနော်သူ့ကို ရုတ်ချည်း ပြန်မေးလိုက်မိသည်။
‘ ဟာ … အကိုကလည်း နောက်နေပြန်ပါပြီ ’ ဟု ကျနော် မေးတာကို မယုံသလိုနှင့် ပြန်ပြောလေသည်။
‘ တကယ်မသိလို့ မေးတာပါဗျ’ ဟု ကျနော်က ပြန်ပြောသည့်အခါမှ သူက …
‘ အကိုကလည်း ဟိုတယ်မှာ တည်းနေပြီး ပူစီဆိုတာ မသိဘူးဆိုတော့ ဟုတ်ပါ့မလား အကိုရာ’ သူက ပြောပြောဆိုဆိုနှင့် သဘောကျစွာ ရယ်မောနေတော့သည်။
‘ ကျနော်က ဟိုတယ်မှာ တည်းတာမဟုတ်ဘူးဗျ၊ ဒီမှာကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲတခုကို လာတက်တာ၊ ခင်ဗျားနဲ့မှ ခက်နေပြီ ’
‘ အော် ဆောရီး’ ဟု ကားဆရာက ကျနော့်ကို တောင်းပန်သည်။ နောက်ပြီးသူက …
‘ အကို တကယ်မသိဘူး ဆိုလို့သာ ပြောရမှာနော်၊ ပူစီဆိုတာ မကောင်းတဲ့ မိန်းမတွေကို ပြောတာလေ အကိုရဲ့’ ဟု ရှင်းပြလေသည်။
‘ အော် ခင်ဗျား ရှင်းပြမှပဲ ဝေါဟာရတခု တိုးရတော့တယ်၊ ကျေးဇူးပဲ၊ ကျနော်က ပြည့်တန်ဆာလို့ ပြောမှ သိတာဗျ၊ ဒါနဲ့ ဆရာသမားက ကျနော့်ကို လိုက်စားသူထင်လို့ ပြောတာနဲ့ တူတယ်နော်’ ဟု ကျနော် သူ့ကို ပြန်နောက်လိုက်သည်။
‘ ဟာ မဟုတ်ရပါဘူး။ အကိုက ဟိုတယ်ရှေ့ကနေပြီး ကားထွက် ငှားတာဆိုတော့ နေ့စဉ် ကျနော်တို့ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ ခေါင်းထဲဝင်လာလို့ ကြုံတုန်း ပြောဖြစ်သွားတာပါ။ ဆောရီးနော် အကို ’ ဟု ကျနော့်ကို ထပ်တောင်းပန်နေပြန်သည်။
‘ နေ့တိုင်းလိုလို ကျနော်တို့ ကားသမားတွေ ဟိုတယ်တွေ တည်းခိုခန်းတွေဆီ အမျိုးသမီးတွေကို လိုက်ပို့ပေးနေရတာ တော်တော်များတယ် အကိုရေ ’ ဟု သူက ဆက်ပြောလေသည်။ ကျနော်က ဘာမှ ပြန်မပြောတော့ဘဲ ‘အင်းအင်း’ ဟုသာ ခေါင်းညိတ်လိုက်ပြီး ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်။ ကားက ကမ္ဘာအေးဘုရား လမ်းအတိုင်း မောင်းလာပြီး ဂွတ္တလစ်ကားမှတ်တိုင်နား အရောက်တွင် ကားစောင့်နေသည့် လူအုပ်ကို မေးငေါ့ပြရင်း ကားဆရာက ပြောပြန်လေသည်။
‘ အကို၊ မှတ်တိုင်ကို ကြည့်၊ လူတွေပြုံခဲနေတာ တွေ့တယ်မဟုတ်လား။ အဲဒီ့အထဲမှာ အကို ခေါ်တင်သွားရင် လိုက်မယ့် အမျိုးသမီးတွေ အများကြီးပဲ’
‘ ဟာ ခင်ဗျားကလည်း သူများသားသမီးတွေကို စော်စော်ကားကားဗျာ’
‘ စော်ကားတာ မဟုတ်ပါဘူး အကို၊ မယုံရင် ဟွန်းတီးကြည့်၊ ကားပေါ်တက်လာမယ့် အမျိုးသမီးတွေ ရှိတယ်၊ လူတော့ နည်းနည်း အကဲခတ်ရတာပေါ့’ ဟု ကားဆရာက ဘာကိုမှ အလေးအနက် မထားသည့် သဘောနှင့် ပေါ့ပေါ့ပါးပါး ပြောနေသည်။ ကျနော်က သူပြောတာကို နားထောင်ရင်း လက်ရှိမြန်မာပြည်၏ လူမှုဘ၀အကျပ်အတည်းတွေအကြောင်း စဉ်းစားနေမိသည်။ အမျိုးသမီးတွေ အခုလို ဘ၀တွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေကြတာတွေကို တွေးပြီး ၀မ်းနည်းသလိုလို ခံစားလာရသည်။
‘ အခုလိုအချိန် လမ်းမတွေအပေါ် မယောင်မလည်နဲ့ ရပ်နေတဲ့ အမျိုးသမီးတွေရှေ့ ကားထိုးရပ်လိုက်ရင် ထင်တဲ့အတိုင်း ကွက်တိဖြစ်နေတာက များတယ်အကိုရဲ့၊ နေ့စဉ် အဲဒီလိုနည်းနဲ့ ဟိုတယ်တွေ တည်းခိုခန်းတွေကို လိုက်ပို့နေရတာ မနည်းဘူးပဲ။ တချို့စားသုံးသူတွေက တော်တော်သွက်တာ အကိုရေ ’
သူက ဆက်ပြောနေလေ၊ ကျနော့်မှာ ရင်ဆို့ရလေ ဖြစ်နေတော့သည်။
‘ သူတို့က မကောင်းတာ သက်သက်လုပ်စားတဲ့ မိန်းမတွေပဲ မဟုတ်လားဗျ ’ ကျနော် အားတင်းပြီး ဆက်မေးလိုက်မိတော့ …
‘ မဟုတ်ဘူးအကိုရေ၊ ၀န်ထမ်းအမျိုးသမီးလေးတွေပါ ပါတယ်၊ တချို့ဆို ယူနီဖောင်းလေးတွေနဲ့ ထမင်းချိုင့်လေးတွေ ကိုင်ပြီး ယောင်ပေယောင်ပေနဲ့ ရပ်စောင့်နေကြတာ’
ဆက်မေးလေ ပိုကြေကွဲရလေ ဖြစ်နေတော့၍ ဆူးလေမှတ်တိုင်နား ရောက်သည်အထိ အသံတိတ်ပဲ လိုက် ပါလာခဲ့တော့သည်။ မှတ်တိုင်နားမှာ ကားရပ်ခိုင်းပြီး ဆင်းလိုက်တော့ နီယွန်လျှပ်စစ်မီးရောင်များက လမ်းမတွေပေါ် ပြိုးပြိုးပျက်ပျက်၊ အိမ်ပြန်ဖို့ ကားစောင့်နေကြသူတွေက မှတ်တိုင်တွေမှာ ကသုတ်ကရက်။

(၂)

ကျနော် မောင်းနှင်လာသည့် ဗင်ကားလေးက ဒိုက်ဦးမြို့ကို ကျော်လွန်လာသည်။ အချိန်က ညနေ ၃ နာရီခွဲလောက်ရှိပြီ။ ဘုရားကြီးအရောက်တွင် ကားဆီဖြည့်ရမည်ဖြစ်၍ သတိနှင့် မောင်းနှင်လာခဲ့သည်။ ဘုရားကြီး မရောက်မီ မိုင်အနည်းငယ်အလိုတွင် ... မူလတန်းကျောင်းမှ ကျောင်းသူကျောင်းသားကလေးများ ကျောင်းစိမ်းကိုယ်စီနှင့် အိမ်ပြန်နေကြသည်ကို အဝေးမှ လှမ်းမြင်နေရသည်။ ကားကို အရှိန်လျှော့ပြီး မောင်းနှင်လာရာ သူတို့လေးတွေနား အရောက်တွင် အဖြူအစိမ်းဝတ် ကျောင်းဆရာမလေး နှစ်ဦးသုံဦး လမ်းမပေါ် ကားထွက်တားနေသည်ကို တွေ့ရသည်။ ကျနော်က ကျနော့်ကားကို တားသည်ဟု မထင်။ ဆက်မောင်းသွားမိသည်။ နံဘေးမှ ဇနီးသည်က ‘ ဆရာမလေးတွေ လမ်းကြုံလိုက်ချင်လို့ ကားတားနေတာ ထင်တယ်၊ ဒီတခါတားရင် ရပ်ပေးလိုက်ပါ၊ ကုသိုလ်ယူရတာပေါ့ ’ ဟု ပြောမှ ကျနော့်ကားကို တားမှန်း သတိဝင်မိသည်။
‘ ကိုယ်က လိုင်းကားတွေကို တားနေတာ ထင်လို့ကွ ’ ဟု ပြောလိုက်သည်။
‘ မဟုတ်ဘူး၊ လာတဲ့ ကားတိုင်းကို သူတို့ တားနေကြတာ’ ဟု ဇနီးသည်က ပြန်ပြောမှ ဒီတခါ ဆရာမလေးတွေ ကားတားရင် ရပ်ပေးလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဘုရားကြီး ဓာတ်ဆီဆိုင် မရောက်မီကလေးမှာပင် မူလတန်းကျောင်းတကျောင်း ကျောင်းလွှတ်ချိန်နှင့် တိုးပြန်သည်။ ကျောင်းသားလေးတွေထဲမှ ဆရာမလေးတဦး ကားတားနေသည်ကို ထပ်တွေ့ရပြန်သည်။ ဒီတခါ ကျနော် ရပ်ပေးလိုက်သည်။ ကားရပ်သည်နှင့် ဆရာမက ‘ ပဲခူးကို ကားကြုံလိုက်ချင်လို့ပါ’ ဟု ပြောသည်။ ကျနော်ကလည်း ‘ ရပါတယ် ဆရာမ၊ တက်ပါ ’ ဟု ဖိတ်မန္တက ပြုလိုက်သည်။
ပဲခူးနှင့် ဘုရားကြီးသည် ၁၀ မိုင်လောက် ဝေးသေးသည်။ ဆရာမ ကားပေါ်ရောက်သည်နှင့် ဘေးမှ ဇနီးသည်က ဆရာမကို နှုတ်ဆက်စကား ဆိုလိုက်သည်။
‘ ဆရာမတို့လည်း ဒီအချိန် လိုင်းကားတွေ ဘယ်ရှိတော့မလဲနော်’
‘လိုင်းကားတွေကတော့ ရှိသေးတယ် အစ်မရဲ့၊ ဒါပေမယ့် နေ့စဉ်ဆိုတော့လည်း ရတဲ့လခနဲ့ လိုင်းကားစီးဖို့ မတတ်နိုင်ဘူးလေ၊ အဲဒါနဲ့ အခုလို ကြုံရာကား တားစီးပြီး ဖြစ်သလို ပြန်ရတာပဲ ’ ဟု ဆရာမလေးက မောလျစွာ ပြောဆိုနေသံကို ကျနော်ကြားလိုက်ရာ ကားမောင်းနေရင်း နင့်ခနဲ ခံစားလိုက်ရသည်။ ပဲခူးမြို့ထဲ တနေရာအရောက်တွင် ကျနော်တို့ကို ကျေးဇူးတင်စကားပြောဆိုပြီး ကားပေါ်မှ ဆင်းသွားသည့် ဆရာမလေးကို အခိုက်အတန့် ငေးကြည့်နေမိရင်း စိတ်ထဲမှ အလေးပြုနေမိသည်။

ကြည့်နေရင်းမှာပင် တခါက တက္ကစီသမားတယောက် အာဘောင်အာရင်းသန်သန်နှင့် ပြောသွားသည့် စကားများကို ပြန်လည်ကြားယောင်လာမိသည်။ စိတ်ထဲမှလည်း တက္ကစီသမား ပြောသည့် အမျိုးသမီးများ၏ အိမ်အပြန်ခရီးနှင့် အခုလို မွန်မြတ်သည့် အလုပ်ကို ကျားကုပ်ကျားခဲ ကြိုးစားရပ်တည်ပြီး လုပ်ကိုင်နေကြသည့် ကျောင်းဆရာမလေးများ၏ အိမ်အပြန်ခရီး ဘယ်သောအခါမှ ထပ်တူမကျပါစေနှင့်ဟု ကျိတ်ပြီး ဆုတောင်းနေမိတော့သည်။

ကိုလတ်

4 comments:

moe said...

Thanks Ko Latt and Dr Lun Swe,
I would like to know if the relevant authorities are watching these as they do on the democracy activists.

mg oo Gyaw said...

Of course,how will the Burma's Rich Generals,High Authority,and cronies,will suffered for this matter ? Because they and their children,partners,went several times ,even to Abroad,to fulfill theses kind of Pleasures.Only,our civilian,low salaried personnel and poor people of Burma,will suffered.There are getting more and more richer,because,they had already got "Democracy",day by day,now.

chai said...

ဟုတ်တယ်ဗျာ ကိုလတ် အဲဒီလိုဘဝတွေ အခြေနေတွေဖြစ်ရတာဟာ ဖက်ဆစ်ဆန်တဲ့စစ်အာဏာရှင်စနစ်ကြောငိ့ပါဘဲ

kobo chit said...

တကယ် ရှိနေတာပါ မြို့နေလူထုအတွင်းနဲ့ ကျောင်းဆရမများ နေ့စဉ်ကြုံတွေ့နေရတာပါ နိုင် ငံတော်က ကူညီနုင် ပါစေ