Saturday, January 12, 2008

ဝေးမျက်ရည် (ဖြူဖြူသင်း)

ဝေးမျက်ရည်
ဖြူဖြူသင်း

နိုင်ငံခြားသွား သားက
ပြန်ရောက်လာတယ်၊
ဗမာပြည်တွင်းရှိရင်း သမီးက
အဖေ့ရဲ့ နောက်ဆုံးခရီးအတွက်
ထွက်မလာနိုင်ခဲ့ဘူး။

ဒီတိုင်းပြည် စနစ်ဆိုးမှာ
ဒီအဖြစ်မျိုးတွေ ဘယ်လောက်ကြုံနေရပြီလဲ။

အဖေမျှော်တဲ့ သမီး
သမီးတွေ့ချင်တဲ့ ဒီအဖေ
ဘယ်ကြမ္မာဆိုးတွေက ခြားထားသလဲ။

သမီးမရောက်နိုင်တဲ့ အဖေ့ဈာပန
သမီးအမျှဝေသမျှ အဖေရပါစေ
သေခြင်းတရားကြောင့် ဘ၀ခြားလည်း
အဝေးကရှိုက်တဲ့ သမီးမျက်ရည်
ကြားမယ်ထင်တယ် အဖေ …။ ။

ဖြူဖြူသင်း

(ဖြူဖြူသင်းဘလော့ဂ်မှ ကူးယူဖော်ပြပါသည်)

အပြည့်အစုံသို့...

ရန်ကုန်မှာ ဖြန့်ဝေတဲ့စာ

ကျွန်ုပ်တို့ သတင်းထောက် ပေးပို့သည်
အင်းစိန်ထောင်တွင်း နောက်ဆုံးအခြေအနေ

(၁) ရေချိုးခန်းရှိတဲ့ ကိုမင်းကိုနိုင်၊ ကိုသိန်းဆွေ ... အစရှိသူတို့ကို အဆောင်မှ လုံးဝ အပြင်မထုတ်ပါ၊ လုံးဝ အပြင်မထွက်ရပါ။
(၂) ရေချိုးခန်း မရှိတဲ့ ရှင်သုတဥာဏ ...၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုမာကီး၊ ကိုဂျင်မီ ... အစရှိသူတို့ကို မနက် (၁၅)မိနစ် မျက်နှာသစ်ထုတ်၊ နေ့လည် ၁၂နာရီ မှ ၁နာရီအထိ ရေချိုး၊ အ၀တ်လျှော် လမ်းလျှောက်ထုတ်။ စုစုပေါင်း တရက်လျှင် (၁)နာရီနှင့် (၁၅)မိနစ်သာ အဆောင်အပြင် ထွက်ရသည်။
(၃) ကိုလှမျိုးနောင် ... စတင်အဖမ်းခံရစဉ် ဘယ်ဘက်မျက်လုံး အခြေအနေဆိုးရွား၊ အင်းစိန်ဆေးရုံတွင် ခွဲစိတ်၊ ဆရာဝန်မှ ဆေးရုံတွင် အနားယူရန်လိုဟုဆို၊ S.B မှ ပယ်ချ။ အင်းစိန်ထောင်သို့ အတင်းပြန်ခေါ်၍ စစ်ကြောရေးပြန်ဝင်၊ ပြီးနောက် ထွက်ချက်ကို လတ်မှတ်ထိုးရန် အတင်းအကျပ် ဖတ်ခိုင်းရာမှ ဘယ်ဘက်မျက်လုံး ကွယ်သွားရခြင်း ဖြစ်သဖြင့် န.အ.ဖ တွင် လုံးဝတာဝန်ရှိသည်။

အပြည့်အစုံသို့...

စက်တင်ဘာ အိပ်မက် (ဆုမွန်)

စက်တင်ဘာ အိပ်မက်
ဆုမွန်

အပူရောင်လိုင်းတွေ တဖြတ်ဖြတ်တောက်လို့ မီးတောက်မီးလျှံတွေကြားမှာ ကစဥ့်ကလျား ပြေးနေတဲ့ ပုံရိပ်တွေ၊ တဟူးဟူး မှုတ်ထုတ်နေတဲ့ မီးခိုးငွေ့တွေကြားမှာ အပြိုပြို အလဲလဲ အလံတွေ၊ အလံတွေ လမ်းမထက်မှာ အတုံးအရုံးနဲ့ ပိုင်ရှင်မဲ့ ဖိနပ်တွေ၊ အိုင်ထွန်းနေတဲ့ သွေးကွက်တွေ၊ အပိုင်းပိုင်းပြတ်နေတဲ့ သပြေခက်တွေ ပေါက်ပြဲနေတဲ့ ဘုရားပုံ ပန်းချီကားချပ်တွေ၊ သံဆူးကြား ညပ်နေတဲ့ သင်္ဃန်းစတွေ အားလုံးကို မြင်နေတယ်။

ကျမ နိုးထပါရစေတော့။ ကိုယ်ပေါ်ကို မွန်းကျပ်စွာ ဖိနှိပ်ထားတဲ့ လက်ကြမ်းကြီးတွေရဲ့ အောက်မှာ အသက်ရှူမရ ကယ်ကြပါဦး၊ သိနေတယ် အရာရာကို လုံးဝကို လှုပ်မရတာတခုပဲ၊ အိပ်မက် မဟုတ်မှန်းလည်း သိနေတယ်။ ဒါဆို ဘီလူး စီးတာလား၊ သိနေရဲ့ မြင်နေရဲ့ လှုပ်လို့ကို မရဖြစ်နေတာပဲ။ မိုးခြိမ်းသံတွေလည်း အဆက်မပြတ် ကြားနေရတယ်။ ဘာတွေလဲ၊ ကယ်ကြပါဦး၊ လွင့်ကနဲ ရုတ်တရက် ပြုတ်ကျသွားတယ်။

ဟိုးအမြင့်ကြီးက ပြုတ်ကျသလို အသည်းတအေးအေး ရှိနေသလို တလှပ်လှပ်နဲ့ပေါ့။ ရေစီးကြောင်းကြီး တခုတည်းကို ပြုတ်ကျသွားသလို ထူးဆန်းတာက ရေလုံးဝ စိုမနေဘူး။ လွတ်ပြီကျွတ်ပြီပေါ့။ ကုန်းရုန်းထချိန်မှာပဲ ရေစီးကြောင်းထဲမှာ မျောပါလာတဲ့ သဏ္ဍာန်တခု၊ ဘာများပါလိမ့်လို့ လှမ်းမျှော်ကြည့်လိုက်တော့ အညိုအမည်း စွဲနေတဲ့ ခန္ဓာကိုယ်တခု မျောလာနေတယ်။ ဦးပြည်းပြောင်ပြောင်နဲ့ သင်္ဃန်းစက လည်ပင်းမှာ ပတ်ငြိနေတယ်။ အလို … ဘုရားရေ … အရှိုးရာအပြည့်နဲ့ အသက်ကုန်နေတဲ့ သံဃာတော် အလောင်းပါလား … ဘုရား … ဘုရား …။

အား … ရွှံ့ထဲနွံထဲကနေ ကျုံးရုန်းထကာ ရေမြောင်းဘောင်လေးတခုကို မေးတင်ပြီး ငိုရှိုက်မိတယ်။ ရင်ထဲ နာကျင်လွန်းလို့ ရင်ကွဲမတတ်ပဲ။ အသက်ကို မနည်းပင့်ရှူရင်းက အခုမှ ဘေးဘီကို လှည့်ကြည့်မိတယ်။ ဘုရားရေ … အမိုက်တွေ ပြည့်နေတဲ့ ရေမြောင်းနှုတ်ခမ်းစပ်မှာ ဒါက ဘာပါလိမ့်၊ ဦးနှောက်စတွေ … သွေးတွေ စွန်းထင်းပေကျန်နေတဲ့ ဦးနှောက်စတွေ၊ အသံကုန် ခြစ်အော်လိုက်မိတယ်။

အားကုန် လွင့်ထွက်သွားသလို ဖြစ်သွားပြီး အုတ်ခဲပုံတွေကြားမှာ ခွေခွေလေး ပုံလဲသွားပြန်တယ်။ ဘုရား … ဘုရား … ဘာတွေများ ဆက်ဖြစ်ဦးမှာပါလိမ့် (အမေရေ …)။ သွေးညိုညိုစတွေ ဟိုတကွက် ဒီတကွက် အုတ်ခဲပုံလေးတွေနဲ့ သွေးကွက်လေးတွေကို ၀န်းပတ်ထားတယ်။ ဘာလေးတွေပါလိမ်။ ကျောင်းတိုက်ဘေးမှာ ငိုရှိုက်နေတဲ့ အမေအိုတွေ၊ မျက်နှာလေးတွေ မှုန်မှိုင်းနေတဲ့ သီလရှင် ဆရာလေးတွ၊ သူတို့ ဘေးမှာ မျက်နှာငယ်လေးတွေနဲ့ ထိုင်နေကြတဲ့ ကလေးငယ်လေးတွေ ကုလားထိုင်ပေါ်မှာ ငူငူကြီး အောက်ကို ငေးစိုက်ကြည့်နေတဲ့ ပုံ့ပုံ့ကြီး ထိုင်နေတဲ့ ဘုန်းတော်ကြီးတပါး၊ ကျောင်းဝန်းတိုက်ထဲမှာ စီတန်းထိုင်နေတဲ့ ကိုယ်တော်တွေ ပတ်တီး အဖွေးသားတွေနဲ့  ဘာတွေ ဖြစ်ကုန်ကြပါလိမ့် …။ လွင့်ကနဲ လှည့်ပတ်ကြည့်မိတော့ အားလုံး ပြိုကျပျက်စီးနေတဲ့ ဘုရားစင်တွေ ဖရိုဖရဲဖြစ်နေတဲ့ တရားစာအုပ်တွေ … မှန်ကွဲစတွေ … သွေးတွေ … သွေးတွေ … စကားသံတွေ … သဲ့သဲ့ကြားနေရတယ်။ မနည်းလွတ်အောင် ပြေးရတယ် ဒကာကြီး … နေမကောင်း ဖြစ်နေတဲ့ သံဃာတော်တွေလည်း အိပ်နေတုန်းပေါ့။ တိုးညင်းပြီး တုန်ခါနေတဲ့ အသံတွေ …

ရုတ်တရက် အုန်းမောင်းခေါက်သံတွေ ၀ုန်းဒိုင်းကျဲထွက်လာတယ်။ ရှိုက်ကြီးတငင်ငိုနေတဲ့ ယောင်္ကျားရင့်မကြီး တယောက်ရဲ့အသံ ရေဒီယိုသတ္ထုလိုင်းကနေ တုန်ခါပြီး နားစည်ကို လာထိခတ်နေတယ်။ ဘုန်းဘုန်းတွေက တုံးတွေခေါက်ပြီး ကယ်ပါလို့ အကူအညီ တောင်းနေတာကို ကျနော်တို့မှာ ညမထွက်ရအမိန့်နဲ့ ဘယ်လိုမှ ထွက်ကယ်လို့ မရခဲ့ဘူးဟု ငိုရင်းရှိုက်ရင်း ပြောနေတဲ့ အသံကို နားထောင်ရင်းက ဖုန်းခွက်ကို ကိုင်ရင်း မျက်ရည် ပေါက်ပေါက်ကျနေတဲ့ ကောင်မလေးတယောက် …။ အလို … ကျမကိုယ်တိုင်ပါလား၊ မငိုရဘူးလေ … မငိုရဘူး … သတင်းထောက်ဆိုတာ ခံစားချက် မထည့်ရဘူး၊ တိတ်စမ်း … အသံတွေက ဝေးသွားလိုက် နီးလာလိုက် အသံသွင်းခန်းမမှာ စာရွက်လေးကိုင်ရင်း မျက်ရည် တွေတွေကျနေတဲ့ ကောင်မလေးတယောက် …။

ဒါအိမ်မက်လား … တကယ်လား အကြိမ်ကြိမ် လက်ထိပ်ကို ဆွဲစိတ်နေမိရင်းက နာကျင်လွန်းလာလို့  လက်ဖ၀ါးတွေကို ဖြန့်ကြည့်လိုက်တဲ့အခါ အလို … ဟောဟို တံတားတဖက်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ လူငယ်လေးတွေ၊ မီးအားမြှင့်စက်ကြားထဲမှာ သေနတ်ဒဏ်ရာနဲ့  သွေးအိုင်ထဲမှာ လဲနေတဲ့ လူငယ်လေးနံဘေးမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဗျာများနေတဲ့ လူငယ်လေးတယောက် ဖိနပ်သံ တခွပ်ခွပ် ကြားနေရပြီ၊ ကလေးရေ … ပြေးတော့ … ပြေးတော့လေ။

မလွတ်ဘူး … မလွတ်ဘူး … ထိုင်ချလိုက် … ထိုင်ချလိုက် … မပြေးရင် သူတို့လိုက်မပစ်ဘူး၊ ယုံကြည်စွာနဲ့ ကယောင်ကတမ်း ကိုယ်ပါ ရောယောင် ထိုင်ချလိုက်မိတယ်။ အမောတွေရယ် ဘယ်တော့မှ ပြီးပါ့မလဲကွယ်။ အား … သေပြီ … သေပါပြီ … တုတ်ချက်ကြမ်းကြမ်းတွေ ခေါင်းတွေကိုမှ ရွေးပြီး အားနဲ့မာန်နဲ့ ထုရိုက်နေတဲ့ အစိမ်းရောင် အရိပ်တွေ။ အား … ဒရွတ်တိုက် ဆွဲခေါ်နေတဲ့ လက်ကြမ်းကြမ်းတွေ၊ တော်ပါတော့ … တော်ပါတော့ ငုတ်တုတ်လေးတွေ ထိုင်နေတဲ့ ကလေးတွေ တကိုယ်လုံး တဆတ်ဆတ် တုန်ရီလို့ မျက်လုံး အကြောင်သားလေးတွေနဲ့ အလန့်တကြား အော်ငိုသံတွေ၊ ကမ္ဘာပျက်တဲ့ အလားပဲ၊ ဘုရား ကယ်ပါ၊ သူတို့ ကိုယ်ကို မမြင်လောက်ဘူး၊ အကာကြားကနေ အသာလေး လိမ့်အထွက် ဖြောင်းကနဲ ပင့်ရိုက်လိုက်တဲ့ အသံကြောင့် အလန့်တကြား ကိုယ့်ပါးကိုယ် ပြန်စမ်းမိတော့ တရပ်စပ် ပါးရိုက်ပြီး ဆွဲခေါ်တဲ့နောက် ဒရွတ်တိုက် ပါသွားရှာတဲ့ ကလေးမလေးတွေ၊ ကယ်သူမဲ့ ကူသူမဲ့ ပိုင်ရှင်မဲ့ ဖိနပ်ပုံတွေကြားမှာ ပစ္စည်းတွေကို နှုတ်သီးနဲ့ လိုက်ဟပ်နေတဲ့ အစိမ်းရောင် ခွေးတကောင။် အလို … ခွေရက်သားလေး ပုံလဲနေတဲ့ တုတ်ချက်အောက်မှာ အသက်ပျောက်သွားတဲ့ အမည်မသိ လူငယ်လေးတယောက် ဘုရားဘုရား ဘာတွေများ ဖြစ်ကုန်ပါလိမ့် …။
ပြေးမှ … ပြေးမှ …
ပိတ် … ပိတ် … အရှေ့က ပိတ်ဖမ်း … ပိတ်ဖမ်း
ထိုင်ထိုင် … အားလုံး စုထိုင်စမ်း
အောင်မယ် … မင်းက ဘာကောင်လဲ … ဖုန်းဖုန်း … ဖျန်းဖျန်း …
စစ်ဖိနပ်နဲ့ စုံခုံကန်၊ နံပါတ်တုတ်နဲ့ စုံကိုင်ပြီး ရိုက်နေတယ်။ သေပါပြီ … သေပါပြီ … ခေါင်းပေါ် လက်ကိုမြှောက်ပြီး ကာထားတဲ့ အနီရောင်ဝတ် ကောင်လေး။ တော်ပါတော့ … တော်ပါတော့ … ကယောင်ကတမ်း ၀င်ဆွဲတာမမိဘဲ ကိုယ်ပါ လမ်းမပေါ် ပုံရပ်လဲကျတယ်။ သွား … ထ … ဟိုကားပေါ်တက် ငုတ်တုတ်လေးတွေ ထိုင်နေရာကနေ အပြေးအလွှား ဒယီးဒယိုင် ပြေးထွက်ကာမှ ကျောနောက်ကနေ နံပါတ်တုတ်နဲ့ ပြေးရိုက်လိုက်သေးတော့ အကောင်ပိန်ပိန်လေးခင်ဗျာ ၀မ်းလျားမှောက် လဲကျရှာတာကို စစ်ဖိနပ်နဲ့ ပစ်ကန်လိုက်သေးတယ်။ ထုနေရိုက်နေရင်းက ဟိုလမ်းတဖက်မှာ လမ်းဖြတ်လျှောက်လာတဲ့ အဖြူရောင် အရိပ်လေးတခု … အယ် … သေပါပြီ နံပါတ်တုတ်နဲ့ မျက်နှာကို ဖြတ်ရိုက်တာ လက်နဲ့ ကာလို့ ခေါင်းကို လေးငါးချက် ဖြောင်း ဖြောင်း ဖြောင်းနဲ့ ဆင့်ဆင့်ရိုက်နေပုံများ အားမရလို့ လမ်းကူးပြီး ၀င်ရိုက်တဲ့ ကောင်က ရှိသေးတယ်။
ငါ … တောက် …
ဘယ်လိုမှ စိတ်မထိန်းနိုင်တော့လို့ ပါးစပ်ထဲမှာ ကွမ်းတံတွေး အရဲသားနဲ စစ်ဝတ်စုံနဲ့ ဘီလူးပြုံးပြုံးနေတဲ့ ကောင်ကို ပါးဖြတ်ရိုက်လိုက်တာမှာ အရှိန်လွန်ပြီး ပြုတ်ကျတာ မြက်ခင်းတွေကြား ရောက်သွားပြန်တယ်။

အားလုံးငြိမ်သက် တိတ်ဆိတ်လို့၊ ပုရစ်အော်သံစူးစူးနဲ့ ငြိမ်သက်နေတဲ့ ညတည …။
ရင်ထဲမှာ သွေးရိုးသားရိုး မဟုတ်မှန်း သိပ်သိသာနေတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ မှောင်မှောင်မည်းမည်း ဂိုဒေါင်ကြီးတခု၊ လူတွေမှ ရှိရဲ့လား … အသာလေး ချောင်းကြည့်လိုက်တော့
ဖုန်းကနဲ ရိုက်လိုက်တဲ့ အသံကြီးတခုထွက်လာတယ်။ ခေါင်းတွေ မော်မကြည့်နဲ့ သေချင်နေလားတဲ့၊ ၀မ်းခေါင်းသံကြီးနဲ့ အော်သံထွက်လာတဲ့အခါ နောက်ဘေးဘီ ၀ဲယာတွေကနေ အသ့တွေ အသံတွေ ငရဲပွက်သလို အော်လိုက် ဟစ်လိုက်ကြတာ အခုမှ ကမ္ဘာပျက်သလို အခန်းကျဉ်းလေးတွေထဲမှာ တ၀ုန်းဝုန်းနဲ့ ရိုက်နှက်သံတွေနဲ့အတူ ချုပ်နှောင်ထားတဲ့ လူတွေ လူတွေ …။ စစ်ကြောရေးစခန်းတဲ့ …။ အလန့်တကြား ပြေးထွက်လာခဲ့မိတယ်။

စီအန်အန်တို့ ဘီဘီစီတို့ကို ပြောပေးကြပါ။ မသေသေးတဲ့ လူတွေကိုလေ … မီးနဲ့ရှို့နေပါတယ် ရှုက်ကြီးတငင် ငိုကြွေးရင်း ပြောနေတဲ့ အန်တီကြီး၊ ဘာတွေဖြစ်ကုန်ပြီလဲ လူအရှင်လတ်လတ်တောင် မီးရှို့ သတ်ရလောက်အောင် အပြစ်တွေ ဘယ်လောက်ကြီးနေလဲ။ လမ်းမထက် မေတ္တာသုတ်ရွတ်မိတာ၊ ငတ်လွန်းလို့ ဒုက္ခရောက်လွန်းလို့ ဆန္ဒကို ဖော်ထုတ်မိတာလေးကို အရှင်လတ်လတ် မီးရှို့သတ်ပစ်သတဲ့။ ဟား … မွန်းကျပ်လွန်းတဲ့ စိတ်တွေကို ထွက်ပေါက်ပေးတဲ့ အနေနဲ့ သက်ပြင်း မှုတ်ထုတ်မိချိန်မှာပဲ လမ်းမပေါ် လွင့်ထွက်သွားပြန်တယ်။

လူသူကင်းမဲ့နေတဲ့ လမ်းမလယ်မှာ ကိုယ်တယောက်တည်း ဘယ်သွားရမှန်းမသိ။ အမ … အမ ကျနော့်ကို ကယ်ပါဦးတဲ့။ ဒယီးဒယိုင်နဲ့ လျှောက်လာတဲ့ ကောင်လေးတယောက်။ သွေးတွေနဲ့ စိုရွှဲနေတဲ့ ခေါင်းကို အုပ်မိုးကိုင်ပြီး အရမ်းနာကျင်နေတဲ့ မျက်နှာနဲ့ ကောင်လေးတယောက်။ အမ လိုက်ပို့ပေးမယ် ဘယ်လဲ မောင်လေးဆိုတော့ … တောင်ဥက္ကလာပကို လိုက်ပို့ပေးပါ အမရယ် ကျနော် ကိုကိုဝင်းပါတဲ့။ အိမ်မှာ အမေနဲ့ အဖေ စိတ်ပူနေတယ်။ မနက် အလုပ်လည်း ဆင်းရဦးမယ်တဲ့လေ။ ကိုကိုဝင်း … သူသေပြီးပြီ မဟုတ်လား။ အခု မသေသေးဘူးပဲ။ ဘုရား … ဘုရား … သွေးတွေရွှဲနေတဲ့ သူ့ခေါင်းကို အုပ်ကိုင်ပေးထားရင်းက ကူရာမဲ့ ကယ်ရာမဲ့။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလိမ့်၊ ရှိုက်ကြီးတငင် ငိုမိတယ်။ အသံကုန်ခြစ်ပြီးကို အော်ငိုမိတယ်။ ပြင်းထန်လွန်းတဲ့ နာကျင်ပေါက်ကွဲနေတဲ့ စိတ်တွေနဲ့အတူ လောဟာနယ်ထဲ မျောလွင့်သွားမိတယ်။

ညီမလေး … ညီမလေး … အိမ်မက်မက်နေတာလား၊ ငိုနေလိုက်တာ ရှိုက်ကြီးတငင်နဲ့၊ ထထ ရေသောက်လိုက် တို့ ဒီနေ့ စက်တင်ဘာ အရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေအတွက် ဆွမ်းကျွေးသွားရမယ်လေ။ လက်မောင်းအစုံကို သာသာလေး လှုပ်နှိုးလာတဲ့ အတူနေ အမကို အိပ်နေရင်းက တွေတွေကြီး ငေးကြည့်နေရင်း
ငါ့အိပ်မက် မပြီးသေးဘူး။ နှုတ်ခမ်းဖျားက ခပ်ဖွဖွ ရေရွတ်မိတယ်။ ငါ့အိပ်မက် မပြီးဆုံးသေးသလို ငါတို့ အခုထိ မပြီးသေးဘူးပဲ။ အိမ်မက်တွေဟာ မေ့ကောင်းတဲ့ အရာတွေတော့ မဟုတ်ခဲ့ပါဘူး၊၊
သေချာတယ်၊ ငါတို့ မပြီးသေးဘူး။ ပေးခဲ့တဲ့ သွေးတွေ ပြိုကွဲခဲ့ရတဲ့ ဘ၀တွေအတွက် ငါတို့အိမ်မက် မပြီးသေးဘူး။ ။

ဆုမွန်

အပြည့်အစုံသို့...

Friday, January 11, 2008

ရန်ကုန်မြို့က အထက်တန်းကျောင်းတွေမှာ ရေပန်းစားနေတဲ့ ကဗျာလေး

ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်

သန်းထနေလား
ရွှေတရော်နဲ့ လျှော်
ပျောက်ဘူးလား
အေတွမ်တီဝမ်းနဲ့ လျှော်
လိုးရှင်းကို လိမ်း …။ ။

အပြည့်အစုံသို့...

တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ … (အခန်းဆက် ၀တ္ထုရှည်)

တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ …
ကိုမွှေး

တောင်ကျောကုန်းကြီးက တချို့နေရာတွေမှာ မြေနီသားတွေ ရဲနေလိုက်တာ အဝေးကတောင် ထင်းထင်းကြီး မြင်နေရလို့ … မှောင်ပြာရီတဲ့ တောင်တန်းကြီးတွေရယ် ထင်းရူးတောတွေရယ် ပင်မြင့် သစ်ခွတွေရယ် ၀ါးရုံတော စိပ်စိပ်တွေရယ် တေးသီငှက်လေးတွေရယ် ငိုယိုခြင်းဆိုတာကို နားမလည်တဲ့ ရေတံခွန်တွေရယ် ပြီးတော့ ဟိုး … အင်းဘေးက ရွာလေးတွေရယ် … ကျနော့်ရင်မှာ အစီအစဉ်တကျ ရှိနေလို့ …။

ထင်းရူးတောကြီးကို ဖြတ်တက်လာပြီး တောင်ထိပ်ဖျားကိုရောက်တော့ အနောက်ဖက်ယိမ်းလု နေမင်းကို ကြည့်ရင်း ကျနော် ၀မ်းသာနေတယ်။ ရင်ထဲမှာ ကြည်နူးနေတယ်။ တယောက်တည်း ပြုံးချင်လာတယ်။ စိတ်ထဲမှာ ပုဇွန်ဆိတ်ကလေးတွေ ခုန်နေသလိုပေါ့။ ကျနော့်လက်က စစ်သုံးနာရီလေးကို ကြည့်လိုက်တော့ ညနေလေး နာရီကျော်နေပြီ။ တပ်ရင်းမှူးက ကျနော့်ကို မေးတယ် ‘ခဏနားကြရင် မကောင်းဘူးလားက´တဲ့ … အမှန်တော့ ကျနော်လည်း တော်တော်ပင်ပန်းလှပြီ။ အားလုံးလည်း ပင်ပန်းလှရောပေါ။့ ဒါနဲ့ ကျနော် ပြန်ဖြေလိုက်တယ်။ `ကောင်းသားပဲ´လို့ …။

စကားပြောစက်ကို ကျနော့်ပုခုံး သိုင်းကြိုးက ဖြုတ်လိုက်တယ်။ ပြီးတော့ ကျနော် အားလုံးကို ဆယ်မိနစ် နားမယ် ဆိုတဲ့အကြောင်း လှမ်းပြောလိုက်တယ်။ နောက်ပိတ်တပ်စုက နောက်ပိုင်းကင်းပြန်ယူရင်း နားလို့၊ ပွိုင့်တပ်စုကလည်း ပွိုင့်ကင်းယူရင်း နားလို့၊ ကျန်တဲ့ အဖွဲ့တွေလည်း အေးအေးဆေးဆေး နေရာယူရင်း နားလို့ ..။ ကျနော်လည်း ထင်းရူးပင် ခပ်ကြီးကြီးဘေးမှာ ထိုင်ရင်း၊ လေပြေရိုင်းတွေ တိုးဝှေ့မှုကို သိသိနဲ့ ခံယူရင်း ကျောပိုးအိတ်ကို ဖြုတ်၊ စစ်ခါးပတ်ကြီးကို ချိတ်ဖြုတ်၊ အေအာ ၁၅ အေတူး အမေရိကန် စစ်သုံး ရိုင်ဖယ်ကို ပေါင်ပေါ်တင်လို့ ခြေပစ်လက်ပစ် ဘယ်သူနဲ့မှ စကားမပြောဖြစ်ဘဲ ထိုင်နေမိတယ်။ ကျနော့် မျက်လုံးထဲမှာတော့ အင်းလေးကိုပဲ မြင်ယောင်နေမိတုန်း။ တပ်ရင်းမှူးက စပ်ဖြဲဖြဲ မျက်နှာနဲ့ ကျနော့်ဆီ ထိုင်ရာက မထ ဖင်ရွှေ့ဖင်ရွှေ့နဲ့ ကပ်လာတယ်။ ပြီးတော့ `မင်းမှာ ဆေးပေါ့လိပ် ကျန်သေးလား’ တဲ့။ ကျနော်က ‘ကျန်တယ်လေ သုံးလိပ် ကျန်သေးတယ်။ မနက်ကတည်းက ကျနော်တလိပ်ပဲ သောက်သေးတာ’ ဆိုတော့ `ဒါဆို ငါ့တလိပ်လေး ခဏပေးပါလား ပြီးမှ ပြန်ပေးမယ်’ တဲ့။ တကယ်တမ်းက တနေ့ကို တယောက် ဆေးပေါ့လိပ် လေးလိပ် ခွဲတမ်း၊ ကျနော်က လောက်အောင် သောက်သည်။ ဒါကြောင့် ကျနော်လည်း စိတ်ပျက်လက်ပျက် မျက်နှာနဲ့ သူ့ကိုကြည့်ရင်း `ဟေ့လူ ... အချေးအငှား မလုပ်ဘူး။ ပြီးတော့ ပြန်ပေးတာလည်း မဟုတ်ဘူး´ဆို ပြောပြီး တလိပ် အင်္ကျီအိတ်ကပ်ထဲက ထုတ်ရင်း သူ့ဆီ လှမ်းပေးလိုက်တယ်။ သူက ‘ကျေးဇူးကြီးလှပါရဲ့ မောင်မင်းရယ် … တော်လှန်ရေးပြီးရင် ငါ့အဒေါ် အပျိုကြီးနဲ့ မဖြစ်ဖြစ်အောင် အောင်သွယ်ပေးမယ်´တဲ့။

* * * * *

ကျနော်တို့ ရွာကလေးကို ၀င်တော့ မှောင်စပြုပြီ။ ကျနော်ကတော့ အင်းရေပြင်ကို မြင်လိုဇောနှင့် ရွာအစပ်သို့ ရောက်သည်အထိ ဆက်လျှောက်နေမိရင်း တဖက်ကမ်း ဖယ်ခုံမြို့ဘက်မှ မီးရောင်လေးများ နောက်ခံဖြင့်
တံငါလှေလေးတစင်းစ နှစ်စင်းစ ရွာဖက်သို့ ပြန်လှော်ခတ်လာသည်အား … ငေးငေးရီရီ မျက်လုံးများဖြင့် ကြည့်နေမိ၏။

ဆက်သွယ်ရေးစက်မှ ကျနော့်ကိုခေါ်သည့် အသံကြားတော့ ကျနော်ပြန်ဖြေလိုက်၏။ ပြီးတော့ ကျနော့် သေနတ်ကို ပြောင်းရင်းမှ ကိုင်ကာ ပုခုံးပေါ်ထမ်းရင်း ရွာထဲသို့ ပြန်ဝင်လာခဲ့သည်။

ကျနော်တို့ တည်းခိုရာ အိမ်လှေခါးထစ်တွင် စစ်ဖိနပ်ကို ချွတ်လျက် လက်ဖြင့်ကိုင်ကာ အိမ်ပေါ်သို့ တက်လာခဲ့၏။ ညဆိုလျှင် ကျနော်တို့အားလုံး ဖိနပ်များအား ခြေရင်းတွင် ထားအိပ်ကြ၏။ အရေးအကြောင်းဆို အဆင်သင့် ဖြစ်စေရန်နှင့် အလစ်အငိုက် ရန်သူတက်ဝိုင်းပါက စစ်ဖိနပ်တွေ့သော အိမ်ကို အသေ၀ိုင်းပစ်ကြမည့် အရေးမှ ကာကွယ်နိုင်သမျှ ကာကွယ်ရန်ဖြစ်သည်။ အိမ်ပေါ်ရောက်တော့ တပ်ရင်းမှူးက စွပ်ကျယ်အင်္ကျီဖြင့် မီးပြောင်းကိုင်ကာ ချွေးတလုံးလုံး ထမင်းချက်နေရင်း ကျနော် တက်လာသည်ကို မြင်တော့ `ရေဒီယိုလေး ဖွင့်ပါဦးဟ သီချင်းလေး ဘာလေး နားထောင်ရအောင် သတင်းမလာခင် … ဒါနဲ့ အိမ်ရှင်က ငါးဖိန်းလေး နည်းနည်း ပေးထားတယ်ကွ၊ မင်းမှာ ဆီကျန်သေးလား´ဟု မေး၏။ ကျနော်က လစ်ပိုဗစ်တန် ပုလင်းဟောင်းလေးအား ထုတ်ကြည့်လိုက်၏။ ကျနော်တို့တွင် တလလျှင် လူငါးယောက်အတွက် လစ်ပိုဗစ်တန် ပုလင်းလေးတလုံးစာ ဆီခွဲတမ်းရ၏ အထဲတွင် ဆီလေးလက် နှစ်သစ်ခန့် ကျန်သေး၏။ ကျနော် မီးဖိုဘေးသို့ သွားကာ ဆီပုလင်းလေးအား ချပေးလျက် ကြက်သွန် ၀ိုင်းနွှာပေးနေ၏။

ဆက်သွယ်ရေး ရဲဘော်ကတော့ ကျောင်းသားတပ်မတော် ဗဟိုဌာနချုပ်သို့ က.န ပို့နေ၏။ ကျန်သည့် ရဲဘော်နှစ် ယောက်က ခြေပစ်လက်ပစ် ကျောပိုးအိတ် ခေါင်းအုံးကာ အမြဲတမ်း ပြောမပြီးသော သူတို့မြို့က ကောင်မလေးအကြောင်း၊ သူတို့ အတန်းက ကောင်မလေးအကြောင်း၊ တခြားကျောင်းတွေက ကောင်မလေးအကြောင်း၊ ပြီးတော့ ဘောလုံးပွဲတွေအကြောင်း တယောက်တလှည့် ပြောနေကြလို့ …။

* * * * *

ကျန်သည့် တပ်ခွဲ တပ်စုများသည်လည်း ရွာထဲတည်းခိုအိမ်များတွင် နေရာချထားပြီး ဖြစ်သလို၊ ကင်းများလည်း သေချာထိုးပြီး ဖြစ်၏။ မနက်လေးနာရီ အားလုံးထကာ ရွာပြင်တောင်ကြောပေါ် တက်မည်။ မနက်ခြောက်နာရီမှ ရွာထဲ ပြန်ဆင်းမည်။ တကယ်တော့ ကျနော်တို့ ကျောင်းသားတပ်မတော်နှင့်တကွ တော်လှန်ရေး အဖွဲ့အစည်းအားလုံး ဘယ်သောအခါမှ ပြည်သူလူထုကြား ကျေးရွာများတွင် တိုက်ပွဲအဖြစ်မခံ။ တိုက်ပွဲဖြစ်လျှင် ရန်သူသည် ပြည်သူကို ငဲ့ညှာမှုမရှိ။ အကုန်တွေ့သမျှ ကျည်လမ်းကြောင်း တည့်တည့် မတည့်တည့် မဲမဲမြင်လျှင် ပစ်သည်။ လက်နက်ကြီးများဖြင့် ရွာကို ပစ်ချေသည် ။ ၀က်နွားကျွဲ အကုန်ပစ်သည်။ ဒီတော့ ကျနော်တို့က ပြည်သူလူထု အထိခိုက် မခံနိုင်။ လူထုပစ္စည်း အဆုံးရှုံး မခံနိုင်။ မခံနိုင်တော့ ရွာထဲတွင် တိုက်ပွဲမဖြစ်အောင် အမြဲ အတတ်နိုင်ဆုံး ရှောင်သည်။

ရန်သူသည်သာ သူ အင်အားနည်းပြီး ကျနော်တို့ လိုက်ပြီဆိုလျှင် ရွာထဲဝင် အောင်းနေကာ စစ်ကူ မလာမချင်း မထွက်တော့။ ကျနော်တို့ကလည်း ရွာထဲ ရန်သူရှိလျှင် ၀င်မတိုက်။ ပြည်သူ အနာမခံနိုင် ဒီတော့ ရန်သူက ပြည်သူကို ဒိုင်းသဖွယ် အသုံးချကာ သားကောင်သဖွယ် ပစ်ခတ်ခြင်းဖြင့် အမြဲအခွင့်အရေးယူ၏။

* * * * *

မနက်လင်းခဲ့ပြီ …။
ကျနော်တို့ တောင်ကြောလေးပေါ်မှ ပြန်ဆင်းလာကာ ကိုယ်တည်းခိုရာ အိမ်များသို့ ပြန်လည် ၀င်ရောက်လာကြ၏။ တရွာလုံး ပျော်နေကြ၏။ နေလေး သာသာလင်းလို့ ရွှေရည်ဝင်း မြင့်တက်စ …။ ဆက်သွယ်ရေး ရဲဘော်က ဆက်သွယ်ရေးစက် ထောင်ကာ တခြားတော်လှန်ရေး အဖွဲ့အစည်းတပ်များ နှင့် ဗဟိုသို့ က.န ပို့ခြင်းအလုပ်ကို စတင်လုပ်ဆောင်တော်မူ၏။ ကျနော်က ပို့စရာများအား သူ့လက်သို့ အပ်ခဲ့ရင်း အပျင်းထူထူဖြင့် တမှေးလောက် ကွေးလိုက်ရရင်ဖြင့်ဟု ဘုရားစင်အောက်တွင် ကျောပိုးအိတ်လေး ခေါင်းအုံးရင်း ခွေခွေလေး ကွေးနေရင်း မှေးကနဲပျော်သွား၏။

* * * * *

အချက်မှန်မှန် ဆန်ထောင်းသံကြားမှ ဆတ်ကနဲ နိုးလာမိတော့ နေတောင် တော်တော်မြင့်လှပေါ့။ ကျနော်လည်း အပျင်းဆန့်ရင်း အိမ်နောက် ရေကပြင်သွားကာ သွားတိုက် မျက်နှာသစ်ရင်း အိမ်ရှင် အဖွားကြီးအား ပြုံးပြလိုက်ရင်း တဖက်ခြံ လှမ်းကြည့်လိုက်တော့ ရဲဘော်များ ထင်းခွဲနေကြ၏။ တချို့ အိမ်တွေမှာ ဆန်ကူ ထောင်းပေးနေကြ၏။ တချို့ ပိုက်ကျော်ခြင်း ခတ်နေကြ၏။ တချို့ အပျိုလည်နေကြမည် ဖြစ်၏။ ကျနော်လည်း စစ်သဘက်လေး ပုခုံးပေါ်တင် ကျောပိုးအိတ်လေး လက်တဖက် ထိုးလွယ်ကာ သေနတ်ကို လက်ကိုင်မှ ကိုင်ရင်း ဖိနပ်ကို လူပျင်းစွပ်နည်းဖြင့် စွပ်ကာ အိမ်အောက်ထပ် ဆင်းလာ၏။

အိမ်ပေါ်တွင် ဆက်သွယ်ရေးရဲဘော် တယောက်သာ မီးငြိမ်းနေသော ဆေးပေါ့လိပ်ကလေး ကိုက်ရင်း သူ့အလုပ်ဖြင့် သူရှုပ်လျက် ကျန်သည့် ပုဂ္ဂိုလ်တွေကတော့ ခြင်းခတ်နေကြမည်ထင်ရဲ့။

ကျနော် အိမ်အောက်ရောက်တော့ ဆန်ထောင်းနေသော မိန်းကလေးကို မြင်၏။ ခြေလှမ်းတို့ တုန့်သွား၏။ ပုပ္ပါးမီးတောင်သည် မီးသေတောင် ဖြစ်သည် မဖြစ်သည် ကျနော်မသိ။ ကျနော့်ရင်ထဲတော့ မီးတောင်ပေါက်သလို
နတ်မိမယ်တပါးနှင့် မမျှော်လင့် မထင်မှတ်သော နေရာတွင် ပက်ပင်းတိုးသလို။ ရင်ခုန်သံတို့သည် ၁၂၀ မမ အမြှောက်သံတို့လို ကျယ်လောင်လှချည်ရဲ့။

ကျနော် သူ့မျက်နှာလေးကို မှန်တချပ်လို ငေးကြည့်မိ၏။ သူမက ကျနော့်ကို ပြန်ငေးကြည့်နေ၏။ ကျနော်တို့ နှစ်ယောက်လုံး အသိမဲ့ သတိမဲ့။ တလောကလုံး တိတ်ဆိတ်ငြိမ်သက် အနှေးလှုပ်ရှား ရုတ်ကနဲ အမြန် ပြုတ်ကျ အေးကနဲ နွေးကနဲ …။

သူမက စတင်ပြီး ပြုံးပြ၏။ ကျနော်သည် သေးငယ်သော မော်လီကျူးလေး ဘ၀မှ ပြိုကွဲကာ အက်တမ်လေး တစအဖြစ် သူမ၏ မျက်လုံး အမြင်အာရုံမှသည် သူမ၏ နှလုံးသားတွင်းသို့ တိတ်တဆိတ် ခိုးဝင်ခိုလှုံခွင့်ကို တောင့်တမိသည်နှင့် တပြိုင်နက်တည်း သူမသည် အက်တမ်လေး တစအဖြစ်မှ နှလုံးသားအပြည့် တမုဟုတ်ချင်း တဒင်္ဂအတွင်း ကျနော့်ရင်ထဲ နေရာယူသွားနိုင်ခဲ့သည်ကိုတော့ ကျနော့်ရင်ခုန်သံ ဖရိုဖရဲတွေကြောင့် သိလိုက်မိ၏။

(ဆက်ဖတ်ပါရန် …)
ကိုမွှေး

အပြည့်အစုံသို့...

နေပြည်တော် ဘူတာရုံတွင် မြန်မာအမျိုးသမီးတဦး အသေခံ ဗုံးခွဲ

(ကိုမိုးသီး ဘလော့ဂ်မှ ပွားယူဖော်ပြသည်)

(၁၁-၁-၀၈) နေ့ မနက်ပိုင်းက နေပြည်တော် ဘူတာရုံ လက်မှတ်ကောင်တာအနီးမှာ ဗုံးပေါက်ကွဲကြောင်း သတင်းရရှိပါတယ်။ ပြည်သူလူထုရဲ့ နှလုံးသားတွေထဲက နာကျင် မှုတွေဟာ သင်တို့ရဲ့ အတိတ် ပစ္စုပ္ပန် အနာဂတ်တွေကို ဖောက်ခွဲ မြေမြှုပ်ပစ်မယ့် စနက်တံတွေ ဖြစ်တယ်။ နှလုံးသားတွေနဲ့ တိုင်းပြည်ချစ်စိတ်ဟာ ဗုံးတွေဖြစ်တယ်။ စိတ်ဓာတ်ဟာ လက်နက်ဖြစ်တယ်။ ငါတို့မှာ သန်းငါးဆယ်သော ဘ၀လက်နက်တွေနဲ့ သင်တို့ကို စတင်ရင်ဆိုင် အံတုလိုက်ပါပြီ န.အ.ဖ စစ်အာဏာရှင်...။

အကြမ်းဖက်သူ စစ်အာဏာရှင်ကို ပေါက်ကွဲသွားတဲ့ နှလုံးသားနဲ့ အသက်ပေး နာကြည်းပြသွားတာ ဖြစ်တယ်။ ပြည်သူတွေအတွက် ဖြစ်တယ်။ အနာဂတ် ကလေးငယ်တွေအတွက် ဖြစ်တယ်။ တိုင်းရင်းသား ချစ်ကြည်သွေးစည်းရေးအတွက် ဖြစ်တယ်။

ဖြစ်သမျှ အကြောင်းတွေနဲ့ ပြည်သူလူထုရဲ့ မွဲပြာကျ လူ့အခွင့်အရေး မဲ့နေမှုတွေကို မျက်ရည်တွေနဲ့ ခေါင်းငုံ မခံနိုင်တဲ့ မိန်းကလေးတယောက်ဟာ သူမရဲ့ အသက်ကို အဆုံးခံပြီး ပြည်သူလူထုအတွက် ကျရာ သမိုင်းပေး တာဝန်ကို အသက်ပေးပြီး တာဝန်ကျေပြလိုက်ပါပြီ။

ဦးညွှတ်ဂုဏ်ပြုပါ၏။

Small bomb blast kills one in Myanmar: official (AFP)

YANGON - A WOMAN was killed early on Friday when a small bomb exploded near the railway station serving Myanmar's remote new capital of Naypyidaw, an official told reporters.

The woman died when the bomb went off around 4am on Friday near the station in Pyinmana, a logging town just outside the capital, the Myanmar official said by telephone. The official could provide no other details on the blast.

Since moving the capital two years ago from the country's main city of Yangon to Naypyidaw, about 400 km to the north, a handful of small blasts have rattled the surrounding region, usually causing only minor damage.

The military has tried to establish a security cordon around the capital, which critics say has led to the forced removal of ethnic minority villagers from their homes and sparked clashes with ethnic Karen rebels.

အပြည့်အစုံသို့...

နှစ်(၃၀)ဆိုသည်မှာလည်း ...

မောင်မောင်တိတ် (ABSDF)

အပြည့်အစုံသို့...

ဘယ်သူပြောလဲ တတောလုံးကြွေ (အောင်ဝေး)

ဘယ်သူပြောလဲ တတောလုံးကြွေ
အောင်ဝေး

ဘယ်သူပြောလဲ
တတောလုံးကြွေ …။

တဟုန်းဟုန်းနဲ့
တောဆုံးတောင်ဖျား၊ မီးတောက်ကြားမှာ
ဖျားနာခဲ့ပြီ တို့နှင်းဆီ။

အပူစီးကြောင်း
ချောင်းရေဆူပွက်၊ ညဥ့်နက်နက်ထဲ
တစက်နှစ်စက်၊ သွေးစက်စက်လေ
အိပ်မက်မီးသင့် ခဲ့သလော။

ငါလာခဲ့ပြီ
ဤနေရာသို့၊ ငါငိုကြွေးရန်
ဒူးထောက်တောင်းပန်
အညံ့ခံဖို့ လာခြင်းမဟုတ်။

ငါယုံကြည်သည်
နှင်းဆီတပင်၊ မီးလောင်ပြင်က
ရှင်ပြန်ထမြောက်၊ ငှက်တေးကောက်ချိန်
တောက်ပဝေဖူး၊ တို့ခေတ်ဦးကို
ကူးယူနီမြန်း လွမ်းပေလိမ့်။

တို့ လွမ်းသဖြင့်
အပွင့်ကြွေစေ၊ မသေအမြစ်
ချစ်နေသေးသည်
မည်သို့ပင်ဖြစ်စေ …။

ကဲ … ဘယ်သူပြောလဲ
တတောလုံးကြွေ …။ ။

အောင်ဝေး
(၈၈-အရေးအခင်းတွင် ရွတ်ဆိုခဲ့သော ကဗျာ)

အပြည့်အစုံသို့...

Thursday, January 10, 2008

စစ်ကျွန်စံနစ်ကို အမြစ်ပြတ် တော်လှန်ချေမှုန်းကြပါစို့ …

စစ်ကျွန်ပြုတာကို ခံရတဲ့ သူတွေထဲမှာ လူဘုံအလယ်မှာ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေကို ဖိနပ်တိုက် ဖိနပ်စီးပေးနေရတဲ့ ဗိုလ်ချုပ်လေးတွေလည်း အပါအ၀င် ဖြစ်တယ်ဆိုတာ (အပေါ်က ပုံကိုကြည့်ရင်) ထင်ရှားပါတယ်။ စစ်တပ်အတွင်းက စစ်သည်တော်တွေ ဘာကြောင့် စစ်ထဲ ၀င်ခဲ့သလဲ၊ စစ်သင်တန်း တက်စဉ်မှာ ဘာတွေ ဆိုခဲ့ရသလဲ၊ သင်တို့ရဲ့ လက်ရှိ ဘ၀အခြေအနေက ဘယ်လိုလဲ ဆိုတာကို စဉ်းစားကြပါ။ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်နေပါတယ်လို့ ဓာတ်ပြားပေါက်မတတ် ပြောနေကြတဲ့ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်တွေက ပဒေသရာဇ်နဲ့ ကျွန်ပိုင်ရှင်ခေတ်ဆီ နောက်ပြန်လှည့် ချီတက်နေကြတာကို တပ်မတော် အကြီးအကဲကြီးတွေနဲ့ ပြည်သူလူထု တရပ်လုံး အသိပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ပြည်သူတွေက သင်တို့တတွေ စစ်ကျွန်ဘ၀က လွတ်မြောက်အောင် တိုက်ပွဲဝင်ပေးနေကြတာပါ။ ပြည်သူနဲ့အတူ သင်တို့လက်တွဲပြီး စစ်ကျွန်ပြုနေသူ နအဖစစ်ဗိုလ်ချုပ်ကြီး တသိုက်ကို တိုက်ထုတ်ဖယ်ရှားဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ ရုရှားက ရဲဘော်တို့ သင်တို့သင်နေတဲ့ ပညာတွေက ဖိနပ်တိုက်ဖို့ မဟုတ်ဘူးဆိုတာကို နားလည်ကြဖို့ အချိန်ရောက်ပါပြီ။ ကျနော်တို့အားလုံး အတူလက်တွဲပြီး တိုက်ပွဲဝင်ကြပါစို့။ စစ်ကျွန်စံနစ်ကို အမြစ်ပြတ် တော်လှန်ချေမှုန်းကြပါစို့။
(www.didfortwayne.blogspot.com မှ ကူးယူဖော်ပြပါသည်)

အပြည့်အစုံသို့...

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့် အောင်နှင့် တွေ့ဆုံမေးမြန်းခန်း

(၂၀၀၈ခုနှစ် ဇန်န၀ါရီလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြပါသည်)

၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် စက်တင်ဘာလှုပ်ရှားမှုကြီး ပေါ်ပေါက် လာခဲ့ပြီးသည့်နောက် ၂၀၀၈ ခုတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ် လာနိုင်မည့် နိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုထွန်းမြင့်အောင်နှင့် ဆက် သွယ်မေးမြန်း တင်ပြထားပါသည်။

ခေတ်ပြိုင် ။ ။ ပြီးခဲ့တဲ့ စက်တင်ဘာ လှုပ်ရှားမှုကြီးမှာ ကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့တဲ့ အတွေ့အ ကြုံတွေပေါ်မှာ ဘာအရေးအကြီးဆုံး ဖြစ်တယ်လို သုံးသပ်မိပါသလဲ။

ကိုထွန်းမြင့်အောင် ။ ။ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေအပေါ်မှာ သင်ခန်းစာယူပြီးတော့ ဘယ်လို ပိုမိုပြီးတော့ တိုးတက် ဖြစ်ထွန်းအောင်၊ ပိုမိုကောင်းမွန်အောင် တည်ဆောက်သွားမလဲ ဆိုတဲ့ အပိုင်းတွေကို စဉ်းစားကြည့်တဲ့အခါမှာ စက်တင်ဘာ လှုပ်ရှားမှုကြီးမှာ အရေးကြီးတာက ဦးဆောင်မှု အပိုင်းပါပဲ။ ဦးဆောင်မှု အပိုင်းဆိုတာမှာ စက်တင်ဘာ လှုပ်ရှားမှုမှ မဟုတ်ဘူး။ ကျနော်တို့ တိုင်းပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဖော်ဆောင်ရေးအတွက် ပြည်သူလူထုကို ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီ အရောက် ပို့နိုင်ဖို့အတွက်ဆိုရင် ရဲရင့်ပြတ်သားတဲ့၊ တိကျတဲ့ အမြင်တွေ ရှိပြီးတော့ ရှင်ရှင်းလင်းလင်း ဖော်ဆောင်သွားနိုင်ဖို့ လိုပါလိမ့်မယ်။ ပြောရမယ်ဆိုရင် ထိရောက်တဲ့ ခေါင်းဆောင်မှုပါပဲ။ ထိရောက်တဲ့ ခေါင်းဆောင်မှုကို ကျနော်တို့ ရဲရဲတင်းတင်း ပေးနိုင်ဖို့ လိုပါလိမ့်မယ်။ အဲဒီအတွက်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င်ပေါ့ဗျာ။ ပြည်သူတွေ အကျိုးကို ဦးဆောင်ဦးရွက် လုပ်နေသူတွေ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ တိုင်တိုင်ပင်ပင်ရှိဖို့ အထူးကို လိုအပ်နေပါပြီ။ ပြီးခဲ့တဲ့ လှုပ်ရှားမှုမှာလည်း ကျနော်တို့ ၈၈မျိုးဆက် ကျောင်းသားတွေ ကိုယ်တိုင်ပင် ရထားတဲ့ အချိန်ကာလတွေမှာ လုပ်ကိုင်ရမယ့် organizational management အားနည်းခဲ့တယ်။ ကျနော်တို့ထက် ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆို တရားဝင် ရပ်တည်ခွင့် ရထားတဲ့ ပါတီဖြစ်တယ်ဗျာ။ ပြီးတော့ ပြည်နယ်နဲ့တိုင်း အသီးသီးမှာလည်း အင်အားစုတွေ အများကြီး ရှိတယ်ဗျာ။ အဲတော့ အဖွဲ့ချုပ်အနေနဲ့ဆို ကျနော်တို့ထက်ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်စွမ်းတွေ အများကြီး ရှိပါတယ်။

ခေတ် ။ ။ ဒါဆို ရှေ့ကို ဘာဆက်လုပ်သွားကြဖို့ လိုအပ်ပါသလဲ။

အောင် ။ ။ ကျနော် ပြောချင်တာက ရှေ့ဆက်ပြီးတော့ ၂၀၀၈ ခုနှစ်ထဲမှာ ကျနော်တို့ တိုင်းပြည် အပြောင်းအလဲ ဖြစ်ဖို့အတွက် ပြည်သူလူထုအပေါ်မှာ တိကျပြတ်သား ရဲရင့်တဲ့ ဦးဆောင်မှု အခန်းကဏ္ဍတွေကို တိုးမြှင့်သွားဖို့ လိုပါတယ်။ အဖွဲ့အစည်း အတွင်းမှာတင် ခိုင်မာတဲ့ တည်ဆောက်ရေးတွေ လုပ်ဖို့လိုပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ အနေနဲ့ လှုပ်ရှားခွင့် မရှိသလောက်ကို ဖိနှိပ်ကန့်သတ် ခံနေရပါတယ်။ ဒါပေမယ့် ဒါက နအဖစစ်အစိုးရက လုပ်တဲ့အပိုင်းက တပိုင်းပေါ့ဗျာ။ ကျနော်တို့ ကလည်း ပြည်သူတွေအတွက် အလုပ်လုပ်မယ်လို့ ပိုင်းဖြတ်ထားတဲ့ အတွက်ကြောင့်မို့လို့ လုပ်သင့်လုပ်ထိုက်တာတွေကို ခွင်ြ့ပုသည် ဖြစ်စေ၊ ခွင့်မပြုသည် ဖြစ်စေ ကျနော်တို့ကတော့ ရဲရဲတင်းတင်းနဲ့ ရှေ့ကို ဆက်တိုးရမှာပဲ။ ဒါကတော့ ပြည်သူတွေ အပေါ်မှာ ဦးဆောင်နေပါတယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်း အသီးသီးရဲ့ တာဝန်ဖြစ်တယ်လို့ ကျနော်ပြောချင်တယ်။

ခေတ် ။ ။ နိုင်ငံမှာ အပြောင်းအလဲ ဖြစ်စေဖို့ ဘယ်လို တိုက်ပွဲသဏ္ဍာန်တွေ ဖော်ဆောင်သင့်ပါ သလဲ။

အောင် ။ ။ အခု ကျနော်တို့တတွေ တွေ့ဆုံဆွေးနွေးရေးလို့ ပြောနေတယ်။ ဒါဟာ တကယ် လိုအပ်ချက်ပါ။ ကျနော်တို့ တိုင်းပြည် ဒီမိုကရေစီကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ဖို့ အတွက်ဆိုလို့ရှိရင် အမျိုးသား ရင်ကြားစေ့ရေး မဖြစ်မနေ ရှိဖို့လိုပါတယ်။ အဲဒီလို အမျိုးသား ရင်ကြားစေ့ရေးကို ရနိုင်ဖို့အတွက်ဆိုရင် တခုတည်းသော နည်းလမ်းကတော့ တွေ့ဆုံဆွေးနွေးရေးပဲ ဖြစ်တယ်။ ဖြစ်နေတဲ့ ပြဿနာက တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ပြဿနာ၊ ဒီလို ပြဿနာကို တအုပ်စု တဖွဲ့တည်းက နေပြီးတော့ တဖက်သတ် ရေးဆွဲ၊ တဖက်သတ် အတည်ပြုပြီးတော့ ဖြေရှင်းလို့ မရပါဘူး၊ ဒါဟာ အားလုံး ပါဝင်ဖြေရှင်းရမှာပါ။ တွေ့ဆုံဆွေးနွေးရေးကို ပါးစပ်နဲ့ ပြောနေရုံနဲ့ မရပါဘူး။ ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်ကို အားလုံးဆိုင်ရာ အဖွဲ့အစည်းတွေ ရောက်လာဖို့အတွက် အားတရပ် လိုပါတယ်။ အဲဒီအားကတော့ ပြည်သူလူထုအားပဲ။ အဲတော့ လူထုဟာ အကြောက်တရားတွေကို ခွာချပြီးတော့ ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ အားတခုကို ပေးနိုင်တယ် ဆိုလို့ရှိရင် နအဖ ခေါင်းဆောင်တွေ အနေနဲ့ မလွဲမသွေ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းကို ရောက်လာရမှာပါ။ အဲဒီအတွက် ကျနော်တို့ ပြည်သူလူထုဟာ ကျနော်တို့ရဲ့ အနာဂတ်အတွက်၊ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်ပြီးတော့ ထုထည် ကြီးကြီးမားမားနဲ့ ပြသဖို့ လိုပါလိမ့်ဦးမယ်။

ခေတ် ။ ။ စားဝတ်နေရေး ပြဿနာတွေကြောင့် ပြည်သူတွေ နိုင်ငံအရေးမှာ အင်တိုက်အားတိုက် ပါဝင်နိုင်ပါ့မလား။

အောင် ။ ။ ပြည်သူလူထုက စားဝတ်နေရေးတွေ ကျပ်တည်းနေလို့၊ တနေ့စာ တနေ့ကို ရင်ဆိုင် ဖြေရှင်းနေရလို့ နိုင်ငံရေးဖက်ကို လှည့်မကြည့်နိုင်ပါဘူး၊ ဒါလည်း သဘာဝကျပါတယ်။ လူထုဟာ နိုင်ငံရေးလုပ်ဖို့ မဟုတ်ဘူးဗျာ။ ဒါပေမယ့် ပြည်သူလူထုဟာ ဆင်းရဲကြပ်တည်းမှုက နေ့စဉ် ရုန်းကန်လှုပ်ရှားရတဲ့ ဘ၀တွေဟာ နာကြည်းမှုတွေ များလာတဲ့အခါမှာ ဖိနှိပ်မှုတွေ များလာတဲ့အခါမှာ သူတို့ အဲဒီဒဏ်မခံနိုင်တော့တဲ့ တနေ့မှာ တုံ့ပြန်မှာပဲ။ သူ့ပြဿနာကို သူ၊ သူ့အကျပ်အတည်းကို သူ ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသတာပါ။ ဒီလိုငြိမ်းချမ်းစွာနဲ့ အသွင်ကူးပြောင်းလိုတဲ့ ပြည်သူလူထုအပေါ်မှာ လူထုရဲ့ သဘောဆန္ဒတွေကို လျစ်လျူရှုပြီးတော့ အုပ်စိုးသူတွေဟာ ဖိနှိပ်ချုပ်ချယ်မယ်ဆိုရင် ပြည်သူလူထုဟာ နောက်ဆုံး ထွက်ပေါက်မဲ့လာပြီဆိုရင် ငြိမ်ခံနေမှာ မဟုတ်ဘူး၊ ငြိမ်ခံလို့လည်း ရမှာ မဟုတ်တော့ဘူး။ အဲဒီအတွက် လူထုဟာ ထကြွပြီးတော့ စုစည်းညီညွတ်စွာနဲ့ မိမိတို့ရဲ့ လိုအပ်ချက်တွေကို ဆက်လက်ပြီးတော့ လှုပ်ရှားမှုတွေနဲ့ ပြသဦးမှာပါပဲ။ ပြည်သူလူထု တရပ်လုံး လက်တွဲ ပါဝင်ပြီးတော့ တိုင်းပြည်အခြေအနေကို ပြောင်းလဲမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး။

ခေတ် ။ ။ ဒါဆို မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ မျှော်လင့်ချက်တွေ ရှိနေတယ်ဆိုတဲ့ သ ဘောလား။

အောင် ။ ။ မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်လာဖို့ မျှော်လင့်ချက်တွေ ရှိပါတယ်။ အဲဒီမှာ နည်းလမ်းနှစ်ခုကို တွေ့ပါတယ်။ ပထမတခုကတော့ နအဖ ခေါင်းဆောင်များအနေနဲ့ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒတွေအပေါ်မှာ လေးစား အသိအမှတ်ပြုတဲ့ အနေနဲ့သော်လည်းကောင်း၊ နောက်ပြီးတော့ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းစေချင်တဲ့ စိတ်စေတနာတွေ စကားတွေအပေါ်မှာ လက်ခံနားလည်ပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ်ကို စေတနာမှန်မှန်နဲ့ မျှော်ခေါ်ကြည့်မယ် ဆိုလို့ရှိရင် ဆွေးနွေးရေးကို နအဖခေါင်းဆောင်တွေ အနေနဲ့ မလွဲသာ မရှောင်သာ လုပ်ကို လုပ်ရမှာပါ။ ဒါဟာ တိုင်းပြည်နဲ့လူထု ကောင်းစားရေးပါ။ အကောင်းဆုံး နည်းလမ်းတခုပါပဲ။ အကယ်၍ နအဖအနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို လက်မခံဘဲ တဖက်သတ်ပဲ သွားနေမယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ တိုင်းပြည်ဟာ ဒီမိုကရေစီနဲ့ ဝေးသွားစရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ နအဖဟာ တိုင်းပြည်အတွက် ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေ အရပ်ရပ်ဟာ အဆိုးဆုံးတန်းအထိကို ရောက်သွားနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ လူထုဟာ ဘယ်လိုမှ ဒီဒဏ်ကို ခံနိုင်မှာ မဟုတ်တော့ပါဘူး၊ တုံ့ပြန်မှာပါ။ဒီတခါ လူထုရဲ့ တုံ့ပြန်မှုဟာ ပိုအားကောင်းလာမယ် ပိုညီညွတ်လာမယ်။ ပိုပြီးတော့ ကြီးမားလာလိမ့်မယ်လို့ ကျနော်တို့ ပြောနိုင်တယ်။ အဲဒီလို အခြေအနေမျိုးမှာ နအဖ ဆက်ခေါင်းမာ နေဦးမယ်ဆိုရင် လူထုကတော့ လူထုလှုပ်ရှားမှုတွေနဲ့ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် လုပ်သွားမှာပါ။ ချုပ်ငြိမ်းပြီဆိုရင် ဒီမိုကရေစီ ပန်းတိုင်ကို ဆက်လက် ချီတက်သွားရမှာပါ။ နအဖ စစ်အစိုးရကို ဖယ်ရှားနိုင်မယ့်နေ့ဟာ မကြာတော့ဘူး ရောက်လာလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

ခေတ် ။ ။ မျှော်လင့်ချက်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ လွယ်ပါ့မလား။

အောင် ။ ။ ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအ၀င်ပေါ့။ အခုဆိုရင် ရဟန်း သံဃာတော်တွေ အနေနဲ့ရော၊ နောက်မျိုးဆက်သစ် လူငယ်တွေအနေနဲ့ရော၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ အနေနဲ့ရော ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်မယ်ဆိုတဲ့ ပိုင်းဖြတ်မှုတွေက ပိုပြီးတော့ ပီပြင်လာပါတယ်။ ကျနော်တို့တွေဟာ တယောက်နဲ့ တယောက်၊ တဖွဲ့နဲ့တဖွဲ့ နားလည်မှုတွေ ပိုမိုရရှိလာပြီးတော့ ချိတ်ဆက် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကိုလည်း ပိုမိုတွေ့လာရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေရဲ့ အရှိန်အဟုန်ဟာလည်း ရပ်တန့်မသွားသလို တဖက်မှာလည်း ပြည်သူလူထုရဲ့ အသိတရား ရှိနေတယ်။ စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ တိုင်းပြည် ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားမှ တိုင်းပြည် ပြေလည်မယ်ဆိုတဲ့ အသိတရားက ရှိနေတယ်။ ဒီလို အချက်တွေကြောင့် တိုင်းပြည်အတွက် အားလုံး ညီညီညွတ်ညွတ် ချီတက်နိုင်ကြမယ်ဆိုရင် မဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ ကျနော်ပြောနိုင်တာပါ။

အပြည့်အစုံသို့...

စက်တင်ဘာ ပတ်ပျိုး (အောင်ဝေး)

စက်တင်ဘာ ပတ်ပျိုး
အောင်ဝေး
(မဇ္ဈိမ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

ခြေဆင်း

ပြီးခဲ့သည့် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့် ကြံ့ကြံ့မခံနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရတာလဲ ဆိုသည့် မေးခွန်းမှာ ကျနော်လွတ်မြောက်နယ်မြေသို့ ရောက်လာလာချင်း အမေးခံရသည့် မေးခွန်းဖြစ်ပါသည်။ ထိုမေးခွန်းကို ကျနော် ဉာဏ်မီသလောက်၊ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့သည့် တိုက်ပွဲအထိအတွေ့အလျောက် ကျနော်ကြုံရာဆုံရာ စကားဝိုင်းတွေမှာ တော်သလို သင့်သလို ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ နောက်တခါ စစ်အစိုးရ ပြုတ်ကျသွားဖို့ဆက်ပြီး တိုက်ပွဲဝင်သွားရန် ဘာတွေဘယ်လို ပြင်ဆင် ရမလဲဆိုသည့် မေးခွန်းကိုလည်း ကျနော်အတတ်နိုင်ဆုံး ကြိုးစားပြီး စဉ်းစားသုံးသပ် ဖြေကြားခဲ့ပါသည်။ (အောင်ဝေး စစ်တမ်း - တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေး လမ်းစဉ် - ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်တွင် ကြည့်ပါရန်)

ရွှေဝါရောင် ပဲ့တင်

ယခု ကျနော့် ကိုယ်ပိုင်အမြင်တချို့ကို တင်ပြ ကြည့်ချင်ပါသည်။ မှားလျှင် ပညာရှင်များ ပြင်ဆင်ပေးကြပါ။ စက်တင်ဘာလ အရေးတော်ပုံကို “ရှုံးနိမ့်သွားတယ်” လို့တော့ ကျနော် မသတ်မှတ်ပါ။ ကျနော်တို့ မရှုံးပါ။ ကြံ့ကြံ့ မခံနိုင်ခဲ့တာကိုတော့ ကျနော်လက်ခံပါသည်။ သို့သော် တိုက်ပွဲဆက် ပြတ်မသွားကြောင်း၊ လူထုတိုက်ပွဲ အရှိန်သေမသွားကြောင်း ကျနော်ယုံကြည်ဆဲ ဖြစ်ပါသည်။ ဘာကြောင့် တိုက်ပွဲမှာ ကျနော်တို့ ကြံ့ကြံ့မခံနိုင်ခဲ့တာလဲ။ ကျနော့်အမြင်က ဒီလိုဖြစ်ပါသည်။

ပထမအချက် -

ကျနော်တို့ ရန် - ငါ မပြတ်ခဲ့ဘူး။ ရန် - ငါ မပြတ်လို့ သံဃာအသတ်ခံရတာ ဖြစ်သည်။ ဒါဟာ အတွေးအခေါ်နှင့် ဆိုင်သည်။ Without revolutionary theory there can be no revolutionary movement. တော်လှန်သော အတွေးအခေါ်တရပ် မရှိဘဲနှင့် တော်လှန်သော အရေးတော်ပုံတရပ် မရှိနိုင်ပါ။ ကမ္ဘာ့သမိုင်း လက်တွေ့ကြားက စကားဖြစ်ပါသည်။ ဘုံရန်သူ ချေမှုန်းရေး တိုက်ပွဲတွင် ကျနော်တို့ တိုက်ပွဲ အတွေးအခေါ်ကို ခိုင်မာပြတ်သားအောင်၊ သံမဏိသားကျအောင် မစည်းရုံး မစုစည်းနိုင်ခဲ့ပါ။ (စည်းရုံး စုစည်းနိုင်ခွင့်လည်း ပိတ်ပင်ချုပ်ချယ် ခံထားရပါသည်။)

ထိုအခါ ကျနော်တို့ ရန် - ငါ စည်းမပြတ်ဘဲ တွေတွေဝေဝေနှင့် နအဖ စစ်အစိုးရအပေါ် လျှော့တွက်မိခဲ့သည်။ အဲဒီမှာ ရန်သူက လက်ဦးမှု ရယူသွားပြီး၊ ရက်ရက်စက်စက် အကြမ်းဖက် ချေမှုန်းလိုက်တာပဲ ဖြစ်သည်။ စက်တင်ဘာ ၂၄ - ၂၅ သံဃာပင်လယ်၊ လူပင်လယ် ဒီမိုကရေစီ တောင်းဆိုအုံကြွမှုကို အထွေထွေသပိတ် လမ်းကြောင်းပေါ်သို့ ဆွဲတင်သွားရန် ကျနော်တို့ ကြိုတင်စီစဉ်ထားချက် မရှိမဟုတ် ရှိပါသည်။ သို့သော် ကျနော်တို့ ရန်သူက ဆန္ဒပြပွဲကို တုံ့ပြန်ဖြိုခွင်း လာလျှင် အလွန်ဆုံး မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်လောက်ကိုသာ ရင်ဆိုင်ရမည်ဟု ကြိုတင် တွက်ဆ ထားခဲ့ပါသည်။ ကျနော်တို့ နောက်နှစ်ရက် သုံးရက်အတွင်း ရွှေတိဂုံအရှေ့မုခ်၊ ကြေးသွန်းဘုရားက ယာယီ သပိတ်စခန်းကို၊ ပို၍ ခိုင်မာလုံခြုံ ကျယ်ဝန်းသော နေရာကြီးတခု (ဘုန်းကြီးကျောင်းတိုက် တခု ဖြစ်ပါသည်။ အမည်ထုတ်ဖော် ပြောဆိုရန် မသင့်၍ ခွင့်လွှတ်ပါ) သို့ ပြောင်းရွှေ့ဖွင့်လှစ် အခြေစိုက်ပြီး တိုက်ပွဲကို အရှိန်မြှင့်တင်သွားရန် လျှို့ဝှက် ကြံစည်ပြီး ဖြစ်ပါသည်။

သို့ရာတွင် ကျနော်တို့ ဆန္ဒပြပွဲထဲတွင် မျောပါပြီး အချိန်ဆွဲသလို ဖြစ်သွားခဲ့ပါသည်။ ရန်သူက အငိုက်ဝင် တိုက်ခိုက်လိုက်သည့်အခါ ကျနော်တို့ အထိနာခဲ့ရပါသည်။ ဤသည်မှာ ရန် - ငါ မပြတ်ခဲ့၍ ဖြစ်သည်။ တော်လှန်သော တိုက်ပွဲဝင် အတွေးအခေါ် ရာနှုန်းပြည့် မခိုင်မာ၊ မပြတ်သားသောကြောင့် ဖြစ်သည်။

ဒုတိယအချက် -

ကျနော်တို့ အရေးတော်ပုံ ကြံ့ကြံ့မခံနိုင်ခဲ့ခြင်း အကြောင်းရင်းများထဲတွင် ကျနော်တို့မှာ လူထုအုံကြွမှုကို စုစည်း ဦးဆောင်နိုင်စွမ်းသော တော်လှန်သော၊ ညီညွတ်သော တပ်ဦး တခုမရှိခဲ့သော အချက်လည်း ပါဝင်သည်ဟု ကျနော်ယူဆပါသည်။ တော်လှန်သော တပ်ဦးတခု အခိုင်အမာ မရှိဘဲနှင့် တော်လှန်သော အရေးတော်ပုံကြီး အောင်ပွဲမခံနိုင်ပါ။ ကမ္ဘာ့သမိုင်း လက်တွေ့သင်ခန်းစာ ရှိပါသည်။ ယခု အရေးတော်ပုံမှာ ပြန့်ကျဲနေသော ဒီမိုကရေစီ အင်အားစု အသီးသီးကို ကျနော်တို့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် မစုစည်းနိုင်ခဲ့တာကို အမှန်အတိုင်း ဝန်ခံရမည်။ ဥပမာ - Mass Alliances for Democracy (လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့) ဆိုတာလိုမျိုး ကျနော်တို့ တပ်ပေါင်းစု(တပ်ဦး) မဖွဲ့နိုင်ခဲ့ပါ။

ကျနော်တို့ ရန်သူကို လျှော့တွက်ခဲ့သဖြင့်၊ တိုက်ပွဲကို အချိန်ဆွဲခဲ့သဖြင့် တပ်ပေါင်းစု (တပ်ဦး) ဖွဲ့ဖို့ အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရပါသည်။ နအဖလို ရက်စက်ကြမ်းကြုတ် လှည့်ဖျား ကောက်ကျစ်သော ဘုံရန်သူကို သူသေကိုယ်သေ တိုက်ရသည့် တိုက်ပွဲမျိုးမှာ ခိုင်မာပြတ်သားသည့် ညီညွတ်သော တပ်ပေါင်းစုမျိုး ဦးစီးဦးဆောင်မှု မရှိမဖြစ် မလွဲမသွေ လိုအပ် နေပါသည်။ ကျနော်တို့ တိုင်းပြည် ဒီမိုကရေစီတိုက်ပွဲ မပြီးသေးပါ။ ဆက်ပြီး တိုက်ပွဲ ဝင်သွားကြရပါဦးမည်။ ဒီအတွက် ကျနော်တို့ ဘာတွေပြင်ဆင်ရဦးမလဲ ဆိုလျှင်တော့ -

(၁) ဒီတခါ ရန် - ငါ ပြတ်မှ ဖြစ်မည်။
(၂) တပ်ပေါင်းစု (တပ်ဦး) တခု အခိုင်အမာ ဖွဲ့ရမည်။
သားသုံးသား ပေါင်းစည်းရေးကို အလေးအနက်ထား ဆောင်ရွက်ရမည်။
ဥပဒေတွင်း၊ ဥပဒေပ တိုက်ပွဲများ ဆက်စပ်ရေးကို မျက်ခြည်မပြတ် ဆောင်ရွက်ရမည်။ (ပြည်တွင်း ပြည်ပ နိုင်ငံတကာ ဖိအား)

သဖြန်

တိုက်ပွဲကို နိုင်အောင် မတိုက်နိုင်ခဲ့သည့် အပေါ်မှာ ကျနော် မည်သူ့ကိုမျှ အပြစ်တင်နေခြင်း မဟုတ်ပါ။ ကျနော်၏ ခံစားချက်ကို ကျနော် ရိုးသားစွာ တင်ပြကြည့်ခြင်းသာ ဖြစ်ပါသည်။ ယခု စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲသည် အဖွဲ့အစည်းတရပ်၊ လူထုတပ်ဦးတဖွဲ့၊ စစ်မျက်နှာတခု စသည်ဖြင့် တဖက်တခုတည်းနှင့် တိုက်နေသည့် အထီးကျန်တိုက်ပွဲ မဟုတ်ပါ။ ယခု တိုက်ပွဲမှာ ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုများ အားလုံး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များ စည်းလုံးညီညွတ်စွာ မဆုတ်မနစ် တိုက်သွားရမည့် တိုက်ပွဲ ဖြစ်ပါကြောင်း …။

အောင်ဝေး
မြန်မာနိုင်ငံ ကဗျာဆရာ

အပြည့်အစုံသို့...

စိုးတထိတ်ထိတ် (တင်မိုး)

စိုးတထိတ်ထိတ်
တင်မိုး

တံခါးပိတ်လည်း
စိတ်ကမလုံ၊ ရင်တုန်တုန်။

လမ်းကြိုလမ်းကြား၊ လျှောက်၍သွားလည်း
နောက်နားကပ်လာ၊ အရိပ်ပမာသို့
ထိတ်စရာကြုံ၊ လိပ်ပြာမလုံ။

တမှေးအိပ်လည်း
လူခြေသာတိတ်၊ ခြေသံမတိတ်
တိတ်တိတ် စောင့်ကြည့်နေသလို။

လက်ဖက်ရည်ဆိုင်၊ ထိုင်ခုံတလုံး
တိတ်တိတ်ပုန်း၍
စကားလုံးများ၊ ဖမ်း၍ထားကာ
နားစိုက်ထောင်နေ လေရော့ထင့်။

ဘယ်သွားဘယ်လာ၊ ဘယ်မှာဘယ်ချိန်
ဘယ်အိမ်ရောက်ရောက်
တံခါးမခေါက်၊ ကိုယ်ရုပ်ဖျောက်၍
သူရောက်နေမြဲ၊ စောင့်နေမြဲ။

ထောက်လှမ်းရေးနှင့် စစ်ရေးနှင့်ကြုံ
ဒုက္ခဘုံ …။ ။

တင်မိုး

အပြည့်အစုံသို့...

Wednesday, January 9, 2008

မကြာတော့ဘူး သူ သွားတော့မယ်တဲ့ ဘယ်ကိုလဲ (ဗိုလ်သန်းရွှေအား မနေ့က တွေ့ရပုံ)

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်၊ ပီဆာမျှော်စင်နှင့် ပေးစာတစောင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို အီတလီနိုင်ငံ ပီဆာမျှော်စင်မှာ ချိတ်ဆွဲထားတာကြောင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုကို ရယူခဲ့သလို၊ အီတလီ နိုင်ငံသားတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းတွေကို ပြောပြတဲ့သဘော သက်ရောက်တဲ့ လှုပ်ရှားမှု ဒီနှစ်ဦးပိုင်းမှာ ဖြစ်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ အီတလီအစိုးရ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အနေနဲ့ လုပ်ထားတာ ဖြစ်ပါ တယ်။

အခုလို တိုင်းတပါး နိုင်ငံခြားအစိုးရတွေ ကိုယ်တိုင်ကတောင် မြန်မာပြည်က လူထုခေါင်းဆောင်ရဲ့ အကြောင်းကို ကိုယ့်ပြည်သူပြည်သားတွေ ရင်ထဲ စွဲမြဲသွားစေအောင် အမြဲတမ်း ပြောပြတာတွေ၊ အမှတ်တရ ဖြစ်နေအောင်
လှုံ့ဆော်နေပေမယ့် ကျနော်တို့ မြန်မာပြည်က နအဖ စစ်အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ် ပြည်သူတွေရဲ့ ရင်ထဲကနေ ပျောက်ပျက်သွားဖို့ အကြံအစည်ရှိရှိ လုပ်ဆောင်နေတာတွေ အများကြီးတွေ့နေ၊ ကြားနေရပါတယ်။

သို့သော် လူထုခေါင်းဆောင်ရဲ့ ပုံရိပ်ကတော့ ပြည်သူတွေရဲ့ ရင်ထဲကနေ ပျောက်ပြယ်ဖို့ မဖြစ်နိုင်ဘူး ဆိုပေမယ့် တိုင်းတပါးတွေရဲ့ ရင်ထဲကနေ ပျောက်ပြယ်သွားမလား စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဆိုတော့ အပေါ်က အီတလီ နိုင်ငံ အစိုးရကတော့ သူ့နိုင်ငံမှာ ကြိုးစားနေတယ်။ အိုကေ ကောင်းတယ်။ သို့သော် အစိုးရ ကိုယ်တိုင်ကတောင် ထောက်ခံပါတယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေပြီဆိုတော့ မြန်မာပြည်မှာရှိတဲ့ အီတလီသံရုံးက ၀န်ထမ်းတွေ အနေနဲ့ရော မလုပ်နိုင်ကြဘူးလား။ သံရုံးအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ (Wallsheet အရွယ်အစား ဖြစ်ဖြစ်) ကပ်ထားပြီး ဗြောင်ထောက်ခံတာမျိုး လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ သံရုံးထဲ ဗြောင်မကပ်ရဲ တောင် သံရုံးဝန်ထမ်းတွေက သူတို့နေတဲ့ အိမ်မှာ ဓာတ်ပုံကို ကပ်ထားစေဖို့ လှုံ့ဆော် ပေးကြပါဆိုပြီး ရန်ကုန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်တဦးက တောင်းဆိုထားပါတယ်။

ဒီတော့ ဆရာတို့ ဘလော့ဂ်တွေဆိုတာက နိုင်ငံတကာက လာကြည့်တယ်။ ပြည်ပက မြန်မာတွေ လာကြည့်တယ် ဆိုတော့ ဆရာတို့အနေနဲ့ ဘလော့ဂ်ကနေ လှုံ့ဆော်တာဖြစ်ဖြစ်၊ ဖြစ်နိုင်ရင် ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အီတလီ အစိုးရသံရုံးကို အီးမေးလ်နဲ့ဖြစ်ဖြစ် ဆက်သွယ်ပြီး မေတ္တာရပ်ခံ ပေးနိုင်မယ်ဆိုရင် ဘလော့ဂ်လာဖတ်တဲ့ မြန်မာတွေ အနေနဲ့လည်း သူတို့တတ်နိုင်သလောက် လုပ်လာမှာမို့ ဒီစာရေးရခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေ၊ ကြိုးစားအားထုတ်မှုတွေ မြန်မာပြည်သူတွေတောင် မဟုတ်ပါ။ နိုင်ငံတကာက နိုင်ငံခြားသားတွေရဲ့ ရင်ထဲ စွဲမြဲသွားပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ပိုပြီး ဖိအားပေးတာတွေ၊ ပိုပြီး ကြိုးစား လုပ်ဆောင်တာတွေ ဖြစ်ပေါ်လာစေဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိနေတယ်ဆိုတာ ထပ်မံအသိပေးလိုက်ခြင်း ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ ပြည်တွင်းက နိုင်ငံခြားသံရုံးတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပုံ ကပ်ထားတဲ့ လှုပ်ရှားမှု ဖြစ်လာအောင် ဆရာတို့ ဖြစ်နိုင်ရင် ဘလော့ဂ်တွေကနေ လှုံ့ဆော်ပေးကြပါလား ခင်ဗျာ။ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တဦး

အပြည့်အစုံသို့...

Tuesday, January 8, 2008

ဆက်သွယ်မှုဧရိယာ ပြင်ပကို ရောက်ရှိမနေပါ

ဆက်သွယ်မှုဧရိယာ ပြင်ပကို ရောက်ရှိမနေပါ
အေးချမ်းမြေ့
(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်)

စက်တင်ဘာအရေးအခင်း ပြီးခါစက စစ်အစိုးရပိုင် သတင်းစာတွေထဲမှာ ဖမ်းမိတဲ့ သူတွေဆီက ရတဲ့လက်နက် တွေဆိုပြီး လေးခွတွေနဲ့ လက်ကိုင်ဖုန်းတွေကို ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။

လေးခွတွေကြောင့် စစ်အစိုးရဖက်က လူတွေ နဖူးကွဲ မကွဲ မသေချာပေမယ့်၊ လက်ကိုင်ဖုန်းတွေကြောင့်တော့ သူတို့ အလဲအကွဲ ဖြစ်ခဲ့ရတာ သေချာတယ်။ ဒါကြောင့် စစ်အစိုးရက လက်ကိုင်ဖုန်းတွေကို ပြည်သူတွေဖက်က လက်နက်တခုအဖြစ် ကြောက်နေကြတာ၊ ပြည်သူလူထုဆီမှာ တယ်လီဖုန်းတွေ ပေါပေါများများရှိမှာ မလိုလားကြတာ ဖြစ်ပါတယ်။

ကြောက်မယ်ဆိုလည်း ကြောက်လောက်ပါရဲ့။ ပြည်သူလူထုဆီမှာ ဒီလောက် အရေအတွက် နည်းနည်းလေးပဲ ရှိတဲ့ကြားက၊ စက်တင်ဘာ အရေးတော်ပုံကြီး တခုလုံးကို ကမ္ဘာကသိအောင် ဒီဖုန်းကလေးတွေက အထောက်အပံ့ ပေးနိုင်ခဲ့တာကိုး။ ဒီတော့ သူတို့က ပြည်သူလူထုကို ဖုန်းကိုင်ခွင့် ဖုန်းပြောခွင့် နည်းနိုင်သမျှ နည်းအောင် ချုပ်ကိုင်ထားချင် တော့တာပေါ့။

တကယ်တော့ ဖုန်းဆိုတာ ပြည်သူလူထုအတွက် မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းတခုပါ။ လက်ကိုင်ဖုန်းဆို ပိုတောင် အရေးပါပါတယ်၊ လူတိုင်း သိပြီးသားပါ လက်ကိုင်ဖုန်း တလုံးကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပမ်းသက်သာတဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ စီးပွားရေးသမားတွေ၊ သတင်းစာဆရာတွေအတွက် ဖုန်းရှိမှ အဆင်ပြေနိုင် မယ့် ကိစ္စတွေရှိပါတယ်လို့ ရန်ကုန်က စီးပွားရေးသမား တဦးကပြောပါတယ်။

“အထူးသဖြင့် သတင်းထောက်တွေမှာ လက်ကိုင်ဖုန်းတွေ ရှိထားသင့်ပါတယ်၊ တနေ့တနေ့ လူပေါင်းများ စွာနဲ့ တွေ့ဖို့ဆိုတာ မလွယ်ပါဘူး၊ တချို့အရေးမကြီးတဲ့ အင်တာဗျူးတွေ ဖုန်းနဲ့ လုပ်နိုင်သလို၊ ဖုန်းမရှိလို့ ကိုယ်တွေ့ချင်တဲ့သူနဲ့ မတွေ့ရတာမျိုး နီးလျက်နဲ့ ဝေးတာမျိုး မဖြစ်နိုင်တော့ဘူးပေါ့” လို့ သူက ဆက်ပြောတယ်။

နောက်ပြီး လူတွေအတွက် သာရေးနာရေး ကိစ္စတွေကို ဖုန်းမရှိလို့ မသိမမီလိုက်တာတွေ ရှိပါသေးတယ်။ စီးပွား ရေးကိစ္စတွေ ဆိုရင်လည်း လူကိုယ်တိုင် သွားနေစရာ မလိုဘဲ ဖုန်းလေးနဲ့ အဆင်ပြေမှာသိလျက်နဲ့ ဖုန်းမရှိလို့ အလုပ်မဖြစ်တာတွေလည်း အများကြီးပါပဲ။ တချို့ပစ္စည်းတွေဆို အိမ်မှာထိုင်ရင်း ဈေးစုံစမ်းပြီး ကိုယ်နဲ့အဆင် ပြေမှ သွားဝယ်ရုံဆိုတော့ စိတ်ရောလူပါ မပင်ပမ်းတော့ဘူးပေါ့။

“ဆက်သွယ်ရေးဆိုတာ စစ်အစိုးရအတွက် သေမလောက် ကြောက်ရတဲ့ လက်နက်ဆိုတော့ လက်ကိုင်ဖုန်းတွေဟာ မြန်မ ပြည်သူ လူထုအတွက် ဇိမ်ခံပစ္စည်းတွေ အလိုလို ဖြစ်ကုန်တာပါလို့” ကုမ္ပဏီတခုရဲ့ မန်နေဂျာ တဦးက ပြောပါတယ်။ သူက ဖုန်းလျှောက်တဲ့သူ တော်တော်များများဟာ ပေါက်ရင်ကိုင်ဖို့ထက် ရောင်းစားဖို့က အဓိကဖြစ်နေပြီး လက်ကိုင်ဖုန်းဆိုတာ ပိုက်ဆံချမ်းသာတဲ့ လူတန်းစားတရပ် အတွက်သာ ဖြစ်နေတာကတော့ မထူးဆန်းတော့သလိုပဲ လို့ ဆက်ပြောပါတယ်။

ဖုန်းမကိုင်နိုင်တဲ့ သူတွေကတော့ “ဘ၀ကံ အကျိုးပေးနည်းခဲ့ကြလို့ ဖုန်းမကိုင်နိုင်ကြတာပဲ” လို့ ဖြေသိမ့်နိုင်ကြရှာပေမယ့် တချို့ မြန်မာပြည်ရဲ့ အပြင်ဘက်ကို ခြေတလှမ်းလောက် ထွက်ဖူးသူတွေကတော့ လက်ကိုင်ဖုန်းဆိုတာ လမ်းဘေး ဈေးသည်ကအစ ကိုင်နေကြတဲ့ မရှိမဖြစ် လူသုံးကုန်ပစ္စည်းတမျိုး ဆိုတာ သိလာရတော့ တော်တော်လေး ရင်နာကြရပါတယ်။

“စစ်အစိုးရက ဆက်သွယ်ရေးကို ကန့်သတ်ချင်တာလား၊ စီးပွားရေးကို လူနည်းစုအတွက်ပဲ ချုပ်ကိုင်ချင်တာလား ဆိုတာကတော့ စဉ်းစားရခက်တယ်ဗျ ။ ဒါပေမယ့် သေချာတာကတော့ တချက်ခုတ်၂ချက် ပြတ်ဆိုသလို ကန့်သတ်ရင်း သူတို့လူနည်းစု စီးပွားဖြစ်နေတာတော့ အမှန်ပဲ” လို့ ကုမ္ပဏီမန်နေဂျာက ဆက်ပြောပါတယ်။

ဖုန်းတွေကို ဆက်သွယ်ရေးဝန်ကြီးနဲ့ နီးစပ်သူတွေ၊ စစ်အစိုးရ လူကြီးပိုင်းတွေနဲ့ ပတ်သက်ဆက်နွယ်တဲ့ သူတွေကို တနင့်တပိုး ချပေးပြီးမှ အပြင်လူတွေကို အရိုးအရင်းလောက် ချပေးတာလို့ ဆက်သွယ်ရေး ဝန်ထမ်းတွေဆီက သိရပါတယ်။ အရိုးအရင်း ဆိုတာတောင် သူ့ဈေးက မသေးဘူး၊ အစိုးရဈေးနဲ့ရတဲ့ ဖုန်းတလုံးအတွက် ဆင်းမ်ကတ်တကတ်ရဲ့တန်ဖိုးက ဟန်းဆက်မပါဘဲနဲ့ ကျပ်၁၅ သိန်း ၅ သောင်းလို့ ဆိုပါတယ်။

ဆင်းမ်ကတ်တကတ်တန်ဖိုးက ထိုင်းမှာ ဘတ်၂၅၀ (၈ဒေါ်လာခန့်)၊ စင်ကာပူမှာဆို စင်ကာပူဒေါ်လာ ၂၀၊ ၂၅ ၀န်းကျင်၊ တောင်အာဖရိက ကင်ညာမှာ ၁ဒေါ်လာပဲ ရှိတယ်လို့ နိုင်ငံရပ်ခြားကို ခရီးမကြာခဏ ထွက်နေသူ တဦးက သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ခြောက်လလောက်ကဆို ဆင်မ်ကဒ်အတွက် စစ်အစိုးရကို သွင်းဈေးက ကျပ် ၁၀သိန်း ၅ သောင်း ဖြစ်ပါတယ်၊ ခုနောက်ပိုင်းကျမှ ဘတ်ဂျက် မပြည့်မီလို့ဆိုပြီး ကျပ် ၅သိန်း ထပ်တိုးကောက်တာလို့ ဆက်သွယ်ရေး ဝန်ထမ်းတဦးက ရှင်းပြပါတယ်။ ဘယ်ဘတ်ဂျက်က ဘယ်လိုမပြည့်မီလဲ ဆိုတာကတော့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်ပဲ ပြောနိုင်မယ် ထင်ပါရဲ့။

မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆိုတာကို ၁၈၈၄ခုနှစ်မှာ စမြင်ဘူးကြတယ်လို့ သိရပါတယ်။ အဲဒီအချိန်က တယ်လီဖုန်းဆိုတာ ပေါ်ပြီး ရှစ်နှစ်ပဲ ရှိပါသေးတယ်။ ဆယ်လူလာဖုန်းတွေကိုတော့ ၁၉၉၃ခုနှစ်မှာ စကိုင်ဖူးကြပြီး ၁၉၉၈ ခုနှစ်မှာ လူတွေ ခြင်းဖုန်းလို့ အလွယ်ခေါ်တဲ့ စီဒီအမ်အေဖုန်းတွေ ပေါ်လာပါတယ်။

အခုလက်ရှိ အသုံးပြုနေကြတဲ့ ဂျီအက်စ်အမ် လက်ကိုင်ဖုန်းတွေကတော့ ၂၀၀၁ခုနှစ်မှာ စတင်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ဂျီအက်စ်အမ် ဖုန်းအရေအတွက် ၂၃၀၀၀၀ ဝန်းကျင် ချပေးပြီးပြီ ဆိုတာကို မြန်မာ့ဆက်သွယ်ရေးရဲ့ စာရင်းတွေအရ သိရပါတယ်။ မြန်မာပြည် လူဦးရေနဲ့ နှိုင်းယှဉ်ရင် အပုံပေါင်း ၂၆၀၀ပုံမှာ တပုံပဲ လက်ကိုင်ဖုန်း သုံးနိုင်တာ ဖြစ်ပါတယ်။

ဂျီအက်စ်အမ် ဟန်းဖုန်းတွေ စချပေးတဲ့ အချိန်က စစ်အစိုးရနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းမှာ ဖုန်းတွေမလိုချင် အဆုံး မိသားစုတစုမှာ ရှိသမျှ လူအရေအတွက်အတိုင်း ဖုန်းတွေရကြတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း က ကြားသိရပါတယ်။
စစ်အစိုးရရဲ့ မျက်နှာသာပေးခြင်းကို ခံရတဲ့ မိသားစုဝင်တွေ သောက်သောက်လဲ ဖုန်းရကြပြီး ရတဲ့ဖုန်းတွေကို ပြန်ရောင်းကြတော့ မြန်မာပြည်ရဲ့ ဆက်သွယ်ရေးဝန်ထမ်း အရေခြုံထားတဲ့ ဖုန်းပွဲစားတွေပဲ ပွပေါက်တိုးပြန်တယ်လို့ သိရတယ်။

“အဲဒီအချိန်က ဖုန်းတလုံး အပြင်ပေါက်ဈေးက ကျပ်သိန်း ၃၀နဲ့ ၃၅သိန်း ကြားမှာရှိတော့ သွင်းဈေး ကျပ်၁၀သိန်း ၅သောင်း နှုတ်ပြီးရင် ဖုန်းတလုံးကို အမြတ်ကျပ်သိန်း၂၀ လောက်ကျန်ပါတယ်” လို့ ဖုန်းပွဲစားတဦးက ပြောပြ ပါတယ်။ ဖုန်းပွဲစားတွေကတော့ တင်ရိုက်တာကော နှစ်ဖက်ခွ ကြိတ်တာကော လည်ရင်လည်သလို စားကြရတယ် လို့ဆိုပါတယ်။

စစ်အစိုးရရဲ့မျက်နှာသာပေးတာ ခံရတဲ့သူ ဆိုတာကလည်း ရှင်းပါတယ် ၀န်ကြီးရဲ့ လက်မှတ်တစ်ခုရဖို့၊ ဘာပေးရင် ရမယ်ဆိုတာ သိထားသူတွေပါ။ အဲဒီလို အဆင့်ဆင့် ကြီးပွားချမ်းသာကြပြီး ၀အီနေတော့မှ နောက်တဆင့် အနေနဲ့ ပြည်သူထဲက ဖုန်းလျှောက်သူတွေကို ချပေးတာပါ။ ခုတော့ လက်ကိုင်ဖုန်း ပြန်ရောင်းစားမယ်ဆိုရင်၊ အမြတ် ကျပ် ၁၀သိန်းပဲ ရမှာဖြစ်ပြီး အဲဒီထဲက ပွဲခနှုတ်၊ ဆောင်ရွက်ပေးတဲ့ ၀န်ထမ်းတွေကို လက်ဖက်ရည်ဖိုးပေး၊ တခြားအသေးစား ကုန်ကျတာတွေ နှုတ်လိုက်ရင် ကျပ် ၆သိန်း၊ ၇သိန်းကျန်ရင် ကံကောင်းလို့ သိရပါတယ်။

ဖုန်းပွဲစားတွေလည်း ခုတလော အမြတ်ငွေ သိပ်မကျန်တော့ဘူးလို့ ညည်းပါတယ်။ ဖုန်းဈေးကို လူတွေက သိနေပြီ ဆိုတော့ သူတို့ သိပ်တင်ရိုက်လို့ မရတော့ပါဘူး။ ပွဲခ ကျပ်သုံးလေးသောင်း လောက်နဲ့ပဲ ကျေနပ်ကြရတယ်လို့ ဆက်သွယ်ရေး ၀န်ထမ်းလည်းဖြစ် ဖုန်းပွဲစားလည်း လုပ်နေသူ တဦးက ပြောပါတယ်။

တချက်ခုတ်နှစ်ချက်ပြတ် ဇာတ်လမ်းလေးပြန်စရရင် သူတို့လူနည်းစုအတွက်လည်း တွက်ခြေကိုက် ပြည်သူအများစုကိုလည်း ဆက်သွယ်မှုခက်အောင် လုပ်ရာရောက်ဆိုသလိုပါပဲ။ အဲဒီတော့ ဖုန်းတန်ဖိုးတွေ များနေတာ၊ သူတို့ လူနည်းစုရဲ့ အိတ်ထဲကို ထည့်နေတာကိုလည်း အကြောင်းပြချက် ကောင်းကောင်းပေးပြီးသားဖြစ်သွားပါတယ်။

နောက်တခုကတော့ ဆက်သွယ်ရေးက အောက်ခြေ ၀န်ထမ်းတွေ ပြောပြတာပါ။ သူတို့တွေခမျာ ဆက်သွယ်ရေး ၀န်ထမ်းဆိုတဲ့ အမည်ခံပြီး ဖုန်းမရှိတာပါပဲ။ ဖုန်းမရှိတာမှ လိုင်းဖုန်းကော လက်ကိုင်ဖုန်းပါ မရှိတာပါ။ လိုင်းဖုန်းပေးမယ်ကြားလို့ ၀င်လျှောက်ပြန်တော့လည်း သက်ဆိုင်ရာမြို့နယ်က အာဏာရှိတဲ့ သူတွေနဲ့ နီးစပ်သူတွေသာ ရသွားလို့ သူတို့ခမျာ လှေလှော်ရင်း ရေငတ်နေရတယ်လို့ ဆိုပါတယ်။

အဲဒီလို မြန်မာပြည်ကြီးက ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေရာကနေ ကြံဖန်ပြီး အရေးပါတဲ့ ဖုန်းလက်နက်ကို အသုံးချလိုက်နိုင်တော့ စစ်အစိုးရ တော်တော် အကြပ်ရိုက်သွားပုံ ရပါတယ်။ သူတို့အနေနဲ့ တနိုင်ငံလုံးက ဖုန်းတွေကို ဘယ်လိုကြပ်မလဲ ဆိုတဲ့ကိစ္စက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။

အခုဆို ဦးသန်းရွှေကိုယ်တိုင် ရတနာပုံ အိုင်တီစီးတီး ဆိုတာကို လှည့်လည် စစ်ဆေးနေပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးအချို့မှာလည်း ဆက်သွယ်ရေး ကောင်းမွန်ဖို့ဆိုပြီး ဧရိယာတိုင်သစ်တွေ ထောင်နေပါ တယ်။ အခုထိကတော့ ဖုန်းဆက်လိုက်တိုင်း ဆက်သွယ်မှုဧရိယာ ပြင်ပရောက်တယ် ပြောလိုက်၊ မအားသေးပါ ပြောလိုက်၊ စက်ပိတ်ထားပါတယ် ပြောလိုက်၊ ခေါ်နေကြဖုန်းကိုပဲ တပ်ဆင်ထားခြင်း မရှိသေးပါ ပြောလိုက်နဲ့ လုံးဝ မရိုးရအောင် အဖြေတွေ ပေးနေတုန်းပါပဲ။

ရန်ကုန်က အင်တာနက် အသုံးပြုသူတွေကတော့ ရတနာပုံ အိုင်တီစီးတီးပြီးမှ အင်တာနက် ဆက်သွယ်ရေးတွေ အရင်ထက် ပိုခက်တယ်လို့ ပြောပါတယ်။ အင်တာနက် ဆိုင်တွေမှာလည်း မထင်ရင် မထင်သလို အစောင့်တွေ ချထားတယ်လို့ အင်တာနက် ဆိုင်တဆိုင်က ဝန်ထမ်းလေး တယောက်က ပြောပြပါတယ်။

သူတို့ အင်တာနက်ဆိုင် ဝန်ထမ်းတွေကတော့ စားသုံးသူ အလိုကျ ဝက်ဘ်ဆိုက်တွေကို ဟိုက ကျော်ဝင်ပေး၊ ဒီက ကျော်ဝင်ပေးနဲ့ တနေ့ထက်တနေ့ ပိုပိုပြီး ကျွမ်းကျင်လာတယ်လို့ ဆိုပါတယ်။

အခုလက်ရှိမှာတော့ ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ဆိုပြီးလည်း ပြောနေပြီ၊ အိုင်တီစီးတီးတွေ ဘာတွေလည်း အော်နေပြီဆိုတော့ ဆက်သွယ်ရေးကိစ္စကို ကြောက်ပေမယ့် မလုပ်မဖြစ် လုပ်ပြရဦးမှာပါ။ ဒါပေမယ့် တယ်လီဖုန်းတွေ ဈေးပေါဖို့ကတော့ မမျှော်လင့်ပါနဲ့။

“ သူများနိုင်ငံတွေက ဖုန်းကို ဈေးပေါပေါနဲ့ လူတိုင်းကိုင်နိုင်အောင် လုပ်ပြီး ဖုန်းပြောခ ယူတဲ့စနစ်နဲ့ ရေရှည်စီမံကိန်း လုပ်နေချိန်မှာ မြန်မာစစ်အစိုးရကတော့ တနေ့တလုံး ရွှေဥဥပေးမယ့် ငန်းကြီးကို တထိုင်ထဲ သတ်ပြီး ကင်စားရင်း အဲဒီအရသာကို တော်တော်လေး သဘောကျနေပုံရတယ်” လို့ ထိုင်းနိုင်ငံကို စီးပွားရေး ကိစ္စတခုနဲ့ ရောက်နေတဲ့ ရန်ကုန်သားတဦးက ပြောပါတယ်။

ဒါပေမယ့် အံ့သြစရာ ကောင်းတာက ဒီလောက် ကန့်သတ်ထားတဲ့ ကြားက ဖုန်းတွေက သူတို့အတွက် လက်နက်တွေ ဘာကြောင့် ဖြစ်နေတယ် ဆိုတာပါပဲ။ ဒါကတော့ ရှင်းပါတယ် ပြည်သူတရပ်လုံးက အခွင့်အရေး ရရင်ရသလို အချင်းချင်း သတင်းတွေပို့၊ ဖုန်းတွေခေါ်၊ ပြည်ပမီဒီယာတွေကို ဆက်သွယ် ဖြေကြားပေးနေလို့ ဆိုတဲ့ အဖြေတခုပဲ ရပါတယ်။

သူတို့ရဲ့ အဆိုအရ သတင်းပေးတွေ ပြည်ပအားကိုးတွေ ဘယ်သူလဲလို့ လိုက်ရှာနေမယ် ဆိုရင်တော့ တော်တော် သနားဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို သတင်းပေးပို့သူတွေဟာ တနိုင်ငံလုံးက ပြည်သူတွေ ဖြစ်နေလေတော့ သူတို့ ဘယ်ဖုန်းတွေကို စောင့်ကြည့် စစ်ဆေးမှာတဲ့လဲ၊ သူတို့အများဆုံး စောင့်ကြည့်မှာက နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး နာမည်ရှိနေတဲ့ သူတွေလောက်ပဲ ဖြစ်မှာပါ။

တကယ်လည်း သူတို့ မသင်္ကာတဲ့ သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို ပိတ်ထားခဲ့တယ်။ နိုင်ငံရေး သမားတွေရဲ့ ဖုန်းတွေကို စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ သတိလွတ်သွားတာက ပြည်ပကို သတင်းပေးနေတာ နာမည်ရှိ သူတွေချည်းပဲ မဟုတ်ဘူး။ တကယ့် ပြည်သူထဲက ပြည်သူတွေပါ။ အဲဒီလို သတ္တိရှိရှိနဲ့ သတင်းပေးသူတွေကြောင့်ပဲ ပြည်ပမီဒီယာတွေက အဖြစ်မှန်အတိုင်း ကမ္ဘာကို ချပြနိုင်ခဲ့တာပါ။

စစ်အစိုးရဘက်ကတော့ ပြင်ဆင်နိုင်သမျှ ပြင်ဆင်နေပါတယ် နောက်တကြိမ် အရေးအခင်း ထပ်ဖြစ်ရင် ဖုန်းတွေကို ဘယ်လို တားဆီးမလဲ ဆိုတာကိုလည်း ကြံစည်နေမှာ သေချာပါတယ်။ ပြည်သူလူထုကလည်း ရတဲ့နည်းနဲ့ ဖြစ်တဲ့နည်းကိုသုံးပြီး ဆက်သွယ်ကြဦးမှာပါပဲ။ တချိန်တည်းမှာပဲ စစ်အစိုးရကလည်း ဖြတ်တောက် ပိတ်ပင်တားဆီးဦးမှာပဲ။

၈၈ အရေးအခင်း ကာလက နည်းပညာတွေ ဒီလောက် မထွန်းကားသေးတော့ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကို ကမ္ဘာက မြင်အောင် မပြနိုင်ခဲ့ပါဘူး။

“ရေလို စီးဆင်းနေတဲ့ နည်းပညာကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ မြန်မာနိုင်ငံထဲကို ပင်လယ်ကြီးလောက် မဝင်ရင်တောင် ချောင်းငယ်လေးလောက်တော့ ဝင်နေပါပြီ နည်းပညာဆိုတာ အစိုးရလက်ထဲမှာပဲ ရှိတာမဟုတ်ဘူး ပြည်သူလူထု လက်ထဲမှာလည်း ရှိနေတယ်ဆိုတာ မေ့လို့မရပါဘူး” လို့ စင်ကာပူမှာ ကျောင်းတက်နေတဲ့ မြန်မာလူငယ်တဦးကပြောတယ်။

၈၈ သပိတ်ကာလက အော်ခဲ့တာလေးကို ပြန်သတိရမိသေးတယ် “တို့အားလုံးကို ဖမ်းချင်ရင် မြန်မာပြည်ကို တံတိုင်းခတ်လိုက်” ဆိုတာလေးပါ။ ခုတော့ ပြောင်းအော်ရမလို ဖြစ်နေပြီ “တို့အားလုံးကို တုံးစေချင် တပြည်လုံးက ဖုန်းတွေ ဖြတ်လိုက်” လို့သာ အော်လိုက်ချင်ပါတော့တယ်။ ။

အပြည့်အစုံသို့...

၂၀၀၇ခုနှစ်၏ အထူးခြားဆုံး ပုဂ္ဂိုလ် အရှင်ဂမ္ဘီရနှင့် မိသားစု

အပြည့်အစုံသို့...

Monday, January 7, 2008

ထားခဲ့ (စောဝေ)

အပြည့်အစုံသို့...

လှုပ်လှုပ်ရှားရှား ပြည်တွင်းသတင်း အတိုအထွာများ

တီဗွီစလောင်း လိုင်စင်ကြေးကို ငါးသောင်းသို့ နအဖ ပြန်လျှော့ချပေး
ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်

ဇန်န၀ါရီ လဆန်းပိုင်းမှစ၍ တီဗွီစလောင်းလိုင်စင် နှစ်စဉ်ကြေးကို နအဖစစ်အစိုးရက ကျပ်(၁၀)သိန်းအထိ တိုးမြှင့်ခဲ့ရာ မြန်မာပြည်သူများအကြား မကျေနပ်မှုများ ကြီးထွားလာသဖြင့် ယခုအခါ နှစ်စဉ်ကြေးကို ကျပ်ငါးသောင်းနှုန်းသို့ ပြန်လည် လျှော့ချပေးခဲ့ကြောင်း သတင်းရရှိသည်။ ကျပ်ငါးသောင်းသို့ ပြန်လည် လျှော့ချ သတ်မှတ်ပေးသဖြင့် ယခုအခါ ရန်ကုန်မြို့နေ ပြည်သူများ တီဗွီစလောင်းများကို ပြန်လည် တပ်ဆင်နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ စီအန်ဂျီခွဲတမ်းများ ရုတ်တရက် လျှော့ချသည့် ကိစ္စနှင့် စလောင်းလိုင်စင်ကြေး အဆမတန် တိုးမြှင့်လိုက်သည့် ကိစ္စများသည် မြန်မာပြည်သူလူထု၏ သည်းခံနိုင်စွမ်းအပေါ် စစ်အစိုးရက သွေးတိုးစမ်းနေခြင်း ဖြစ်ပုံရကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။

အပြည့်အစုံသို့...

ပွင့်နေဦးမည့် နှင်းဆီပန်းများ (မြမိုး)

ပွင့်နေဦးမည့် နှင်းဆီပန်းများ
မြမိုး

ဆီးနှင်းမိုးသည်း
ကျားလျှာလျက်လည်း
မြေသားမြစ်ထဲ
ပန်းဖြစ်ဆဲ …။ ။

အပြည့်အစုံသို့...

ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း

(နယ်ချဲ့အင်္ဂလိပ်များ လက်အောက်မှ လွတ်မြောက်ကာ ကျနော်တို့ မြန်မာပြည်ကြီး လွတ်လပ်ရေး ရရှိသော ၁၉၄၈ ခုနှစ် ဇန်န၀ါရီ (၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် “ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း” ကြီးကို ပြန်လည်ဖော်ထုတ် တင်ပြလိုက်ပါသည်။ ယနေ့ နအဖ စစ်အစိုးရ လုပ်ကိုင် ကျင့်ကြံနေပုံများနှင့် “ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း”ပါ ရည်ရွယ်ချက်များ ပြဒါးတလမ်း၊ သံတလမ်းဖြစ်နေပုံကို တွေ့ရှိနိုင် ပါသည်။ စာလုံးပေါင်း သတ်ပုံများကို ယခုခေတ် မြန်မာစာလုံးပေါင်း သတ်ပုံများအတိုင်း ပြုပြင်ထားပါသည်။

“ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း”
အောင်စေသတည်း...။

၁။ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော်(၉)ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်၊ တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤ ငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ ...။

၂။ ဤ ငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမက ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူး မြေမြတ်လည်း ဖြစ် ၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်း မြေမြတ်မွန်လည်း မှန်၏။ မြေတွင်း မြေ ပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါမြတ်အပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း သုံးမကုန်နိုင်သော ပဒေသာအစစ် အနှစ်သာရ ပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန် ဤမြေမွန် မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင် စသည်ဖြင့် တသွေးတသား တမိဖွား ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င် ရှည်ဝေး ရှေးပဝေ ဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြကုန်၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်၊ ထိုနောင် မန္တလေး အထိ ငါတို့၏ လွတ်လပ်ရေးသည် နေ ရောင်လ၀ါတဲ့ ပမာသို့ တဖြာဖြာ တ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာ လအသင်္ချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခဏခေတ္တ အရှိန်အ၀ါ ညှိုးလျှော်နွမ်းလျ မထွန်းမပ ဖြစ်သကဲ့သို့ ငါတို့လွတ်လပ်သော မြန်မာနိုင်ငံတော်ကြီးသည်လည်း လွန်ခဲ့သော နှစ် ပေါင်းလေးရာက ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ် ဖုံးအုပ်ခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မ ရှောင်မကွင်းသာ ကြိုက်ကြုံ တွေ့ဆုံမိ၍ ပထမ အင်္ဂလိပ်- မြန်မာစစ်၌ မန္တလေး ရတနာပုံ သုံးကြိမ်သုံးတန် ချအပ် ရခြင်းဖြင့် ဤမြေထူးမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏ လွတ်လပ်သော ငါတို့လက် မှ လွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူ တိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရဲကာ ခေတ္တမျှနှင့်ပင် လွင့်စင် ကွယ်ပျောက်၍ နေ၀ါလရောင်သည် ပကတိ အသရေကို ပြန်၍ ဆောင်နိုင်လေသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအပ် သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေးစိတ်ဓာတ်၏ အရှိန်အတောက်ကို မခံ နိုင်ရကား ခြောက်ဆယ့်တစ်နှစ် တစ်လနှင့် တစ်ရက်သော အခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ် ပျောက်သွားရသဖြင့် ဤနေ့ ဤအခါမှ စ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လ ပြည့်ဝန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘ၀ထူး ဘ၀မြတ်ကို လက်ဆုပ် လက်ကိုင် အပိုင် ရရှိကြပြီ ...။

၃။ ယခု ငါတို့ ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင် ရုပ်ရေး မြသွေးကောင်းကင် တိမ်တင်သကဲ့သို့သော လွတ်လပ်ရေး မဟုတ်ပါ။ ငါတို့အား လွတ်လပ်ရေး လမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန်ရောက် အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ခေါင်းဆောင်မှူးတို့၏ မဆုတ်မနစ် သော လုံ့လ၊ မလျှော့သော ၀ီရိယ၊ ဆီမီးတန်ဆောင်တို့ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ၊ ၀ရဇိန်သွားကဲ့သို့ စူး ရှသော သတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြား လွတ်လပ်သော နိုင်ငံကြီးတို့နှင့် တန်းတူ မြူတခြမ်း မျှ မလျှော့မလို ထိုထိုဆိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာ တည်းဟူသော အာ ဏာထူး အာဏာမြတ် ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ ...။

၎။ ငါတို့သည် တမျိုးတဘာသာ တစိတ်တဒေသ ကောင်းကျိုးချမ်းသာကို မလိုလား...။ ကျောသား ရင်သား သူ ကားငါကား ခွဲခြားခြင်းကို အလိုမရှိ၊ မြစ်ချောင်း သီတာ သမုဒ္ဒရာ တောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အ ပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င် ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား ဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ကြရာ မြန်မာနိုင်ငံတ၀ှန်းကို တသွေးတသား တည်းဟူသော ကကြိုးထူး၊ တစိတ်တ၀မ်း တည်းဟူသော ကကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက်အ ပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကကြိုးထူး ဤအကျိုး(၃)ပါးနှင့် ကမ္ဘာဆုံးတိုင် တည် တန့်ခိုင်မြဲအောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ ...။

၅။ ငါတို့ နိုင်ငံတော်ကြီးသည် မည်သူ တဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်း၏ ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလက၄င်း ယခု မျက်မှောက်တွင်၎င်း နောင်လာ လတ္တံ့သော အနာဂတ်ကာလ၌၄င်း ငါတို့ ပြည်ထောင်စုကြီးအတွင်း၌ မှီတင်း နေထိုင်ကြကုန်သော ကြီးငယ်ဝေး နီး ကျားမမခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့ အမွေအနှစ် အပိုင်ပစ္စည်း ကျိုးခံစားရသည်ဟူသော လူ့ဘာ သာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူအပေါင်းတို့၏ ပထမစည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူ အ၀ှမ်းတို့၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မ ဖောက်မပြန် မစွမ်းမပြီ ပကတိ သန့်ရှင်းဖြူစင်သော မူလလူဝါဒနှင့် လျော်ညီစွာ စည်းကမ်းဥပဒေ သေချာထင်ရှား ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသော အခွင့်အရေး တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံ တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ ...။

၆။ သိကြကုန်လော့ ... ယနေ့ မင်္ဂလာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ ...။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့ နိုင်ငံ တော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်ဆောက်မည် ...။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ် သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့် ရှောက် ကျင့်ဆောင်ပါမည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ် ရေးကိုလည်း ငါတို့ လေးစားစောင့်စည်းမည် ...။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လို လားသူများနှင့်အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည် ...။ ဤငါတို့ ကြေငြာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း ...။ ။

(ညိုကြီးဘလော့ဂ်မှ ကူးယူဖော်ပြပါသည်)

အပြည့်အစုံသို့...

Sunday, January 6, 2008

BOYCOTT CHINA OLYMPICS 2008

အပြည့်အစုံသို့...

စာပေကင်ပေတိုင်ရုံးမှ ဟားစရာများ (၄)

ဖုံးကာမှ ပေါ်
မြားကြီး

မြားကြီးတို့ မြန်မာနိုင်ငံက စာပေကင်ပေတိုင် (အဲလေ …) စာပေစိစစ်ရေးရုံးဆိုတာ စာအုပ်ထုတ်ဝေသူတွေ၊ စာနယ်ဇင်း လုပ်ကိုင်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ဌာနကြီး ဖြစ်ရုံသာမက မဟုတ်တာ လုပ်တဲ့သူတွေကို အ ကာအကွယ်ပေးတဲ့ ဌာနကြီးဆိုလည်း မမှားပေဘူး ခင်ဗျ။ ဘာဖြစ်လို့ သဟာလို ပြောရသလဲဆိုတော့ စာပေကင် ပေတိုင်ရုံးဆိုတဲ့ ဌာနကြီးက မြန်မာပြည်မှာ လာဘ်လာဘတွေရဖို့ အင်မတန် အပေါက်အလမ်းများတဲ့ ဌာနကြီးမ ဟုတ်လား။ စာအုပ်လုပ်တဲ့ သူတွေဆီက နည်းအမျိုးအမျိုးနဲ့ ငွေညှစ်လိုက်၊ မဟုတ်တာလုပ်တဲ့ သူတွေက သူတို့အကြောင်းတွေကို စာနယ်ဇင်းတွေမှာ မရေးကြ မသားကြလေအောင် အဲဒီရုံးက ဆင်ဆာလူကြီးမင်းတွေဆီ လာပြီး လာဘ်ထိုးလိုက်နဲ့ ယူလို့မဆုံး တပြုံးပြုံး ဖြစ်နေတဲ့ ဌာနကြီးပေါ့ခင်ဗျာ။

အဲဒါကြောင့်မို့ လူတယောက် ဘာပဲမဟုတ်တာ လုပ်လုပ် သူ့အကြောင်း ရေးသားတာတွေကို ခွင့်မပြုဖို့ ဆင်ဆာ လူကြီးမင်းတွေဆီ သွားပြီး ပေးကမ်းညှိနှိုင်း လိုက်ပြီဆိုတာနဲ့ အဲဒီလူရဲ့အကြောင်းကို စာနယ်ဇင်းတွေက ရေးသားခွင့် မရလေတော့ဘူးမှတ်။ အဲသလိုနဲ့ မင်းသမီးငယ်တဦးနဲ့ ရှုပ်တာ လူမိသွားတဲ့ ဒါရိုက်တာက လာဘ်သွားထိုးလိုက်၊ မင်းသမီးငယ်တဦးကို တိတ်တိတ်ပုန်း မယားအဖြစ် လက်ထပ်ခွင့်တောင်းတာ လူမိသွားတဲ့ ဂျာနယ် အယ်ဒီတာချုပ်က လာဘ်သွားထိုးလိုက်၊ သူများစာမူတွေကို ကိုယ့်စာမူလုပ်ပြီး မဂ္ဂဇင်းတိုက်တွေကို ပို့တာ လူမိသွားတဲ့ ဂျာနယ်အယ်ဒီတာချုပ်က လာဘ်သွားထိုးလိုက်၊ ဘယ်နှစ်ဆက်မြောက်မှန်းမသိ အိမ်ထောင်ပြုတာကို လူသိမှာစိုးတဲ့ စူပါမင်းသမီးက လာဘ်သွားထိုးလိုက်နဲ့ စာပေကင်ပေတိုင်ရုံးက ဆင်ဆာ လူကြီးမင်းတွေဟာ ယူလို့မဆုံး တပြုံးပြုံးဖြစ်ပြီး အိုကေမှာ စိုပြေနေကြတာပေါ့ခင်ဗျာ။

နဂိုကတည်းကိုကလည်း စာပေကင်ပေတိုင်ရုံးဆိုတာ သူတို့ရဲ့ မဟုတ်တရုတ် လုပ်ရပ်တွေကို မရေးသားကြ မသားကြလေအာင် ဆင်ဆာဖြတ်ဖို့အတွက် နအဖ စစ်အာဏာရူးတွေ ကိုယ်တိုင်က လစာပေးပြီး ဖွင့်ထားတဲ့ ဌာနကြီး မဟုတ်လား။ အဲဒီတော့ လူပုဂ္ဂိုလ် တဦးချင်းဆီက လာဘ်ငွေယူပြီး ဆင်ဆာလုပ်ပေးတဲ့ ကိစ္စက ဘာများ ဆန်းတော့မှာလဲ နော့။

တခါသားမှာတော့ ပုဂ္ဂလိက အထူးကု ဆေးခန်းကြီးတခုမှာ ကိုယ်ဝန်လာဖျက်ချတဲ့ အပျိုစင် စူပါမင်းသမီး တဦးက ဆင်ဆာလူကြီးမင်းတွေဆီ သွားခွံ့ဖို့ အချိန်မရလိုက်ဘူး (အလောသုံးဆယ် ဆေးရုံတက်လိုက်ရလို့) ထင်ရဲ့။ သူမ ဆေးရုံတက်တဲ့ သတင်းက အ၀ါရောင် ဂျာနယ်တခုမှာ ပါလာပါလေရော။ ဒါပေမယ့် သူမက အဲဒီဂျာနယ်ကို ချော်လဲပြီး ခြေထောက် ထိခိုက်မိသွားလို့ ဆေးရုံးလာတက်တာလို့ လိမ်ပြောလိုက်ပုံ ပေါ်တယ်။ ဒါပေမယ့် အဆိုပါဂျာနယ်ရဲ့ ရေးသားဖော်ပြပုံကြောင့် အပျိုစင် စူပါမင်းသမီးခင်ဗျာ ဖုံးထားသမျှ ပေါ်ခဲ့ရလေရဲ့။

အဆိုပါဂျာနယ်က ပညာပြလိုက်တာပဲလား၊ မသိလို့ ရိုးရိုးသားသား ရေးလိုက်မိတာပဲလား မသိ။ ရေးသား ဖော်ပြလိုက်ပုံက ‘ပရိသတ် အချစ်တော် စူပါမင်းသမီးလေး - - - - ချော်လဲပြီး ခြေထောက် ထိခိုက် မိသွားတဲ့အတွက် - - - အထူးကုဆေးခန်းကြီးမှာ တက်ရောက်ကုသ၊ မီးယပ်နဲ့သားဖွား အထူးကုဆရာဝန်ကြီး ဒေါက်တာဦး - - - က ကြပ်မတ် ကုသပေးနေ’ ပါတဲ့ခင်ဗျား။

မြားကြီး

အပြည့်အစုံသို့...

အရိပ်မဲ့ အရောင် (စိုးနေလင်း)

အရိပ်မဲ့ အရောင်
စိုးနေလင်း

အနာဂတ် ပုံပြမျဉ်းကို မှန်းဆမရ
ဒီကနေ့ မနေ့က
ဘာဆိုဘာမှ ကျောချစရာမရှိ
ဇာတိ ဇရာ၊ ဗျာတိ မရဏာ
သေချာခြင်းကို မသေချာချင်သေးသော ခဏ။

နွံတွင်းနက်နက် တခုထဲမှာ
ဝေေ၀၀ါးဝါး
ဒါဟာ ဘာဝနာပွား တရားယူစရာလား
ကြာကြာဝါးစရာ မလိုသော ခါးသည်းခြင်း
သီချင်းဖြစ်သွားတဲ့အခါ ရသ
အဝေးကြည့်မှာ လှပနေပြန်၏။

ကံကံ၏ အကြောင်းတရားဆိုလည်း
ခဲလေသမျှ ဖြစ်ခဲ့ရသော ကောင်းကင်ထဲ
စံလွဲတန်ဘိုးများက မင်းမူ
“လူ”၏ အဓိပ္ပာယ် သတ်မှတ်စံနှုံးကိန်း
ပိန်းပိန်းပိတ် ကွယ်ပျောက်ခဲ့ရပြီ။

ငါဟာ
စိတ်ကူးယဉ် ဇာတ်လမ်းတပုဒ်ထဲ ကျွံနစ်
မြစ်ကို အလျားလိုက် ကူးနေမိလေသလား
ပျားပန်းခတ် နေရာယူနေသူတွေ ကြားမှာ
(ဇာတ်သိမ်းခန်းကို)
နောက်ဆုံးတန်းက ကြည့်ခွင့်ရရင်ပဲ
သဲထဲရေသွန်ဘ၀ကို ကျေနပ်
ခပ်မဆိတ် နေပစ်လိုက်ချင်ပြီ …။ ။

စိုးနေလင်း

အပြည့်အစုံသို့...

၂၀၀၇

၂၀၀၇
နန်းညွန့်ဆွေ

၂၀၀၇ နှစ်အချုပ်
တသက်တာ အလုပ်
ဇရာ ဗျာဓိ အရှုပ်
ဂုဏ်တော်ကွန်ချာ အုပ်
သတိပဌာန်နဲ့ ဖြုတ်
မဂ်ဖိုလ်နိဗ္ဗာန် ရုပ်နာမ်ပြုတ် … ။ ။

အပြည့်အစုံသို့...

ရေနွေးနဲ့ဖား

ဇာဂနာ
ကြားပေါက်လေးတခု တွေးမိတာလေး ရေးပါရစေ။ ကျနော်တို့ ဆေးကျောင်း ရောက်ခါစက ဖားခွဲရပါတယ်။ ဦးထွန်းမောင်ဆိုတဲ့ ကုလားကြီးဆီကနေ ဖားအရှင် ၃ကောင်ကို တရာနဲ့ ၀ယ်ရတာပါ။ ပြီးတော့ အဲဒီဖားတွေကို ပုံမပျက်အောင် ကျွက်ကျွက် ဆူနေတဲ့ ရေနွေးအိုးထဲ ထည့်ပြီး သတ်ရပါတယ်။ ကျနော်တို့က ဘာသိမလဲ။ ဖားတွေကို ရေနွေးအိုးကြီးထဲ ပစ်ထဲ့လိုက်တာ ကိုယ်တော်ချောတွေက ဆတ်ကနဲ ရေနွေးကို ခြေထောက်နဲ့ တချက်ပဲ ထိပြီး ခုန်ထွက်သွားလိုက်တာ ၃ကောင်လုံး လွတ်သွားရော။

ကုလားကြီးက ရီသလေ့။ ဒီလို သတ်ရတယ်ကွတဲ့ ဆိုပြီး ရေအေးတွေထည့်ပြီး ဖားကို ရေအေးဇလုံထဲ ထည့်လိုက်တာ ရွှေဖားလေးတွေက ရေအေးကန်ထဲ ပျော်လို့ ကူးခတ်နေလိုက်တာ။ ဒီမှာတင် ကုလားကြီးက အပူချိန်ကို ဖြေးဖြေးချင်း တရစ်ချင်း တိုးလာလိုက်တာ (၅)ဒီဂရီလောက် တိုးတော့လည်း ဖားလေးများ ကူးခတ်ဆဲ နောက်ထပ် (၅)ဒီဂရီ ထပ်တိုးလည်း သကောင့်ဖားတွေက နေသာသေးတယ်ဆိုပြီး ကူးခတ်ဆဲပဲ။ အပူချိန် (၆၀) ဒီဂရီလောက်လည်း ရောက်ရော ဖားတွေ မလှုပ်နိုင်တော့ဘူး။ (၈၀) ဒီဂရီလောက်လည်း ရောက်ရော အားလုံး ဂန့် ဂန့် ဂန့် ဂန့်။

ကျနော်တို့လည်း ခုတော့ ဒီဝဋ်တွေ လည်ပါပြီ။ တရစ်ချင်း တရစ်ချင်း ကျပ်လာပြီ။ ငါတို့တော့ နေလို့ရသေးတယ် ဘာမှ မဖြစ်သေးဘူးဆိုပြီး ဆက်ပြီး ကူးမှာလား။ ခုန်ထွက်မှာလား။ အပူချိန် မြှင့်နေတဲ့ လက်ကို ပြေးကိုက်ကြမလား။ မျက်နှာကို ခုန်အုပ်ကြမလား။ တခုခုတော့ ဆုံးဖြတ်ရတော့မှာပဲ။ ဆုံးဖြတ်ပြီးရင်လည်း ဖြစ်အောင် လုပ်ရတော့မယ်။ မဟုတ်ရင်တော့ ရေနွေးအိုးထဲ သေရတာ သိပ်မတန်လှပေဘူး။

(ဇာဂနာဘလော့ဂ်မှ ကူးယူ ဖော်ပြပါသည်)

အပြည့်အစုံသို့...

နီလာသိန်းသို့ စကားလက်ဆောင်

နီလာသိန်းသို့ စကားလက်ဆောင်
ခိုင်မာကျော်ဇော

လူ့အခွင့်အရေး
ဒီမိုကရေစီအရေး
ငြိမ်းချမ်းရေး
သမီးတို့ရဲ့ အနာဂတ်အရေးအတွက်
ပြည်သူတွေနဲ့အတူ ချီတက်နေတဲ့ အမေ့ကို
သမီးလေးက အပြည့်အ၀ နားလည်ပါတယ်
မနီလာသိန်းရယ် …။

သမီးလေးသာ စကားပြောတတ်ရင်
အန်တီစု ဘာကြောင့် အိမ်ပြင်မထွက်ရတာလဲဆိုတာ
သမီး သိတယ်။
လူထုတွေ ဘာကြောင့် ထမင်းငတ်နေတယ်ဆိုတာ
သမီး သိတယ်။
ကျောင်းသားတွေ ဘာကြောင့် အဖမ်းခံရတယ်ဆိုတာ
သမီး သိတယ်။
ဘုန်းဘုန်းတွေ ဘာကြောင့်သပိတ်မှောက်ကြတယ်ဆိုတာ
သမီး သိတယ်။
မိစ္ဆာတွေ လက်ခမောင်းခတ်တဲ့ အ ကာလ နေ့ရက်တွေကိုလည်း
သမီး အတိအကျ သိပါတယ်လို့ ပြောမှာပါပဲ …။

သမီးလေးက
သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့
‘ရွှေဝါရောင်တော်လှန်ရေးကြီး’ အကြောင်းကိုလည်း
သူ့ ပါးဖောင်းဖောင်းကြီးတွေနဲ့
ကောင်းကောင်းကြီး ပြောပြလိမ့်မယ် …။

မွေးကင်းစ ကတည်းက
သူ သင်အံခဲ့ရတဲ့
စစ်အုပ်ချုပ်ရေး
ကျောင်းသား နိုင်ငံရေးနဲ့
လူ့အခွင့်အရေး တောင်းဆိုသံတွေကို
သမီးက ပြန်ပြီး ပြောပြလိမ့်မယ် …။

သံလွင်မြစ်ကမ်းနံဘေးက သမီးလေးက
ခြေလက်တွေ အပိုင်းပိုင်း အပြတ်ပြတ်
ခုတ်ဖြတ်ခံခဲ့ရတဲ့ သမီးအဖေရဲ့အကြောင်း
အားတင်းပြီး လူ့လောကထဲကို သမီးလေးကို
အရောက် ပို့ပေးခဲ့ပေမယ့်
အားပြတ်ပြီး လူ့လောကထဲက ထွက်ခွာသွားတဲ့
သမီးအမေရဲ့ အကြောင်းကို သိတယ် …။

မိစ္ဆာစစ်အစိုးရက
‘တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး’လို့
အသံကောင်း ဟစ်နေပေမယ့်
စစ်တပ်ဟေ့ ဆိုတာနဲ့
ကလေးတွေ အငိုတိတ်၊ မီးခွက်ကလေးတွေ မှိတ်
ပိန်းပိတ်အောင် မှောင်သွားတဲ့ တောင်ပေါ်ရွာတွေ
အငုံဘ၀နဲ့ နွမ်းခဲ့ရတဲ့ တိုင်းရင်းသူလေးတွေ
အရွယ်မရောက်သေးတဲ့ သူပုန်လေးတွေ
မိုးထဲလေထဲမှာ အသက်လု ပြေးနေရတဲ့ ဒုက္ခသည်တွေ
ရွာတွေ၊ လယ်တွေ၊ ခြံတွေပျက်ပြီး
မြေမြှုပ်မိုင်းကွင်းကြီး ဖြစ်နေတာတွေကို
အဲဒီ သမီးလေးက အသေအချာ ပြောပြလိမ့်မယ် …။

အဖွားရဲ့ လက်မှာ
ဆိတ်နို့ကို မိခင်နို့ အမှတ်နဲ့
အငမ်းမရ စို့နေတဲ့ သမီးလေးကတော့
သားမဟုတ်တဲ့ သားကို ချစ်ပြနေရတဲ့
ထိုင်းနိုင်ငံရောက် အမေတွေအကြောင်းကို သိတယ် …။

‘အမေ့နို့ရည်တွေ လျံကျနေတယ် သမီးရေ
စိတ်မှန်းနဲ့သာ စို့လှည့်ပါ’ လို့
မျက်ရည်စက်လက်နဲ့ ပြောတဲ့ အမေ့ရဲ့ အသံကိုလည်း
အဲဒီသမီးလေး ကြားနေရတယ်တဲ့ …။

သမီးလေး ကြီးလာရင်
သူနဲ့ သူ့ပတ်ဝန်းကျင်က
ဆင်းရဲကျပ်တည်းမှု အထွေထွေကို
အပြည့်အစုံ ဇာတ်စုံခင်းပြလိမ့်မယ်။
ဈေးကွက် စီးပွားရေးစနစ်နဲ့
ခေတ်မီတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီကို ချီတက်နေတယ်ဆိုတဲ့
စစ်အစိုးရ အသုံးမကျပုံတွေကိုလည်း
အဲဒီသမီးလေးက သူ့ဘ၀နဲ့ယှဉ်ပြီး ပြောပြလိမ့်မယ် …။

သမီးတို့ အားလုံးက
သူတို့ဘ၀နဲ့ ရင်းပြီးရခဲ့တဲ့
မြန်မာပြည် တနံတလျားက ပုံရိပ်အားလုံးကို
ကမ္ဘာကြီး ညွှတ်ကျသွားအောင် ပြောပြကြလိမ့်မယ် …။

မိစ္ဆာစစ်ဘီလူးတွေ ရေးတဲ့
သမိုင်းဆိုး သမိုင်းညစ်ကို
ကမ္ဘာ့ပြည်သူတွေနဲ့အတူ
သမီးတို့ ပြောင်းလဲရိုက်ချိုးပစ်လိမ့်မယ် …။

မနီလာသိန်းရေ
ကျောင်းသားထုနဲ့အတူ
သမီးတို့ ရှိတယ်
ပြည်သူတွေ ရှိတယ်
ရွှေဝါရောင် ရဟန်းမြတ်တွေ ရှိတယ်
အမှန်တရား မြတ်နိုးတဲ့ ကမ္ဘာ့ပြည်သူတွေ ရှိပါတယ် …။

ပေါင်းစည်းခြင်းသည် အားမာန်
ညီညွှတ်ခြင်းသည် ခွန်အား
တွဲလက်တွေ ခိုင်ခိုင်ထားလို့
ပန်းတိုင်ဆီ အရောက်သွားကြမယ်နော် …။ ။

ခိုင်မာကျော်ဇော

(‘ပလိုင်းအိမ်နှင့် လူ့အခွင့်အရေးကဗျာများ’ စာအုပ်မှ ကူးယူဖော်ပြပါသည်)

အပြည့်အစုံသို့...