Friday, January 11, 2008

တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ … (အခန်းဆက် ၀တ္ထုရှည်)

တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ …
ကိုမွှေး

တောင်ကျောကုန်းကြီးက တချို့နေရာတွေမှာ မြေနီသားတွေ ရဲနေလိုက်တာ အဝေးကတောင် ထင်းထင်းကြီး မြင်နေရလို့ … မှောင်ပြာရီတဲ့ တောင်တန်းကြီးတွေရယ် ထင်းရူးတောတွေရယ် ပင်မြင့် သစ်ခွတွေရယ် ၀ါးရုံတော စိပ်စိပ်တွေရယ် တေးသီငှက်လေးတွေရယ် ငိုယိုခြင်းဆိုတာကို နားမလည်တဲ့ ရေတံခွန်တွေရယ် ပြီးတော့ ဟိုး … အင်းဘေးက ရွာလေးတွေရယ် … ကျနော့်ရင်မှာ အစီအစဉ်တကျ ရှိနေလို့ …။

ထင်းရူးတောကြီးကို ဖြတ်တက်လာပြီး တောင်ထိပ်ဖျားကိုရောက်တော့ အနောက်ဖက်ယိမ်းလု နေမင်းကို ကြည့်ရင်း ကျနော် ၀မ်းသာနေတယ်။ ရင်ထဲမှာ ကြည်နူးနေတယ်။ တယောက်တည်း ပြုံးချင်လာတယ်။ စိတ်ထဲမှာ ပုဇွန်ဆိတ်ကလေးတွေ ခုန်နေသလိုပေါ့။ ကျနော့်လက်က စစ်သုံးနာရီလေးကို ကြည့်လိုက်တော့ ညနေလေး နာရီကျော်နေပြီ။ တပ်ရင်းမှူးက ကျနော့်ကို မေးတယ် ‘ခဏနားကြရင် မကောင်းဘူးလားက´တဲ့ … အမှန်တော့ ကျနော်လည်း တော်တော်ပင်ပန်းလှပြီ။ အားလုံးလည်း ပင်ပန်းလှရောပေါ။့ ဒါနဲ့ ကျနော် ပြန်ဖြေလိုက်တယ်။ `ကောင်းသားပဲ´လို့ …။

စကားပြောစက်ကို ကျနော့်ပုခုံး သိုင်းကြိုးက ဖြုတ်လိုက်တယ်။ ပြီးတော့ ကျနော် အားလုံးကို ဆယ်မိနစ် နားမယ် ဆိုတဲ့အကြောင်း လှမ်းပြောလိုက်တယ်။ နောက်ပိတ်တပ်စုက နောက်ပိုင်းကင်းပြန်ယူရင်း နားလို့၊ ပွိုင့်တပ်စုကလည်း ပွိုင့်ကင်းယူရင်း နားလို့၊ ကျန်တဲ့ အဖွဲ့တွေလည်း အေးအေးဆေးဆေး နေရာယူရင်း နားလို့ ..။ ကျနော်လည်း ထင်းရူးပင် ခပ်ကြီးကြီးဘေးမှာ ထိုင်ရင်း၊ လေပြေရိုင်းတွေ တိုးဝှေ့မှုကို သိသိနဲ့ ခံယူရင်း ကျောပိုးအိတ်ကို ဖြုတ်၊ စစ်ခါးပတ်ကြီးကို ချိတ်ဖြုတ်၊ အေအာ ၁၅ အေတူး အမေရိကန် စစ်သုံး ရိုင်ဖယ်ကို ပေါင်ပေါ်တင်လို့ ခြေပစ်လက်ပစ် ဘယ်သူနဲ့မှ စကားမပြောဖြစ်ဘဲ ထိုင်နေမိတယ်။ ကျနော့် မျက်လုံးထဲမှာတော့ အင်းလေးကိုပဲ မြင်ယောင်နေမိတုန်း။ တပ်ရင်းမှူးက စပ်ဖြဲဖြဲ မျက်နှာနဲ့ ကျနော့်ဆီ ထိုင်ရာက မထ ဖင်ရွှေ့ဖင်ရွှေ့နဲ့ ကပ်လာတယ်။ ပြီးတော့ `မင်းမှာ ဆေးပေါ့လိပ် ကျန်သေးလား’ တဲ့။ ကျနော်က ‘ကျန်တယ်လေ သုံးလိပ် ကျန်သေးတယ်။ မနက်ကတည်းက ကျနော်တလိပ်ပဲ သောက်သေးတာ’ ဆိုတော့ `ဒါဆို ငါ့တလိပ်လေး ခဏပေးပါလား ပြီးမှ ပြန်ပေးမယ်’ တဲ့။ တကယ်တမ်းက တနေ့ကို တယောက် ဆေးပေါ့လိပ် လေးလိပ် ခွဲတမ်း၊ ကျနော်က လောက်အောင် သောက်သည်။ ဒါကြောင့် ကျနော်လည်း စိတ်ပျက်လက်ပျက် မျက်နှာနဲ့ သူ့ကိုကြည့်ရင်း `ဟေ့လူ ... အချေးအငှား မလုပ်ဘူး။ ပြီးတော့ ပြန်ပေးတာလည်း မဟုတ်ဘူး´ဆို ပြောပြီး တလိပ် အင်္ကျီအိတ်ကပ်ထဲက ထုတ်ရင်း သူ့ဆီ လှမ်းပေးလိုက်တယ်။ သူက ‘ကျေးဇူးကြီးလှပါရဲ့ မောင်မင်းရယ် … တော်လှန်ရေးပြီးရင် ငါ့အဒေါ် အပျိုကြီးနဲ့ မဖြစ်ဖြစ်အောင် အောင်သွယ်ပေးမယ်´တဲ့။

* * * * *

ကျနော်တို့ ရွာကလေးကို ၀င်တော့ မှောင်စပြုပြီ။ ကျနော်ကတော့ အင်းရေပြင်ကို မြင်လိုဇောနှင့် ရွာအစပ်သို့ ရောက်သည်အထိ ဆက်လျှောက်နေမိရင်း တဖက်ကမ်း ဖယ်ခုံမြို့ဘက်မှ မီးရောင်လေးများ နောက်ခံဖြင့်
တံငါလှေလေးတစင်းစ နှစ်စင်းစ ရွာဖက်သို့ ပြန်လှော်ခတ်လာသည်အား … ငေးငေးရီရီ မျက်လုံးများဖြင့် ကြည့်နေမိ၏။

ဆက်သွယ်ရေးစက်မှ ကျနော့်ကိုခေါ်သည့် အသံကြားတော့ ကျနော်ပြန်ဖြေလိုက်၏။ ပြီးတော့ ကျနော့် သေနတ်ကို ပြောင်းရင်းမှ ကိုင်ကာ ပုခုံးပေါ်ထမ်းရင်း ရွာထဲသို့ ပြန်ဝင်လာခဲ့သည်။

ကျနော်တို့ တည်းခိုရာ အိမ်လှေခါးထစ်တွင် စစ်ဖိနပ်ကို ချွတ်လျက် လက်ဖြင့်ကိုင်ကာ အိမ်ပေါ်သို့ တက်လာခဲ့၏။ ညဆိုလျှင် ကျနော်တို့အားလုံး ဖိနပ်များအား ခြေရင်းတွင် ထားအိပ်ကြ၏။ အရေးအကြောင်းဆို အဆင်သင့် ဖြစ်စေရန်နှင့် အလစ်အငိုက် ရန်သူတက်ဝိုင်းပါက စစ်ဖိနပ်တွေ့သော အိမ်ကို အသေ၀ိုင်းပစ်ကြမည့် အရေးမှ ကာကွယ်နိုင်သမျှ ကာကွယ်ရန်ဖြစ်သည်။ အိမ်ပေါ်ရောက်တော့ တပ်ရင်းမှူးက စွပ်ကျယ်အင်္ကျီဖြင့် မီးပြောင်းကိုင်ကာ ချွေးတလုံးလုံး ထမင်းချက်နေရင်း ကျနော် တက်လာသည်ကို မြင်တော့ `ရေဒီယိုလေး ဖွင့်ပါဦးဟ သီချင်းလေး ဘာလေး နားထောင်ရအောင် သတင်းမလာခင် … ဒါနဲ့ အိမ်ရှင်က ငါးဖိန်းလေး နည်းနည်း ပေးထားတယ်ကွ၊ မင်းမှာ ဆီကျန်သေးလား´ဟု မေး၏။ ကျနော်က လစ်ပိုဗစ်တန် ပုလင်းဟောင်းလေးအား ထုတ်ကြည့်လိုက်၏။ ကျနော်တို့တွင် တလလျှင် လူငါးယောက်အတွက် လစ်ပိုဗစ်တန် ပုလင်းလေးတလုံးစာ ဆီခွဲတမ်းရ၏ အထဲတွင် ဆီလေးလက် နှစ်သစ်ခန့် ကျန်သေး၏။ ကျနော် မီးဖိုဘေးသို့ သွားကာ ဆီပုလင်းလေးအား ချပေးလျက် ကြက်သွန် ၀ိုင်းနွှာပေးနေ၏။

ဆက်သွယ်ရေး ရဲဘော်ကတော့ ကျောင်းသားတပ်မတော် ဗဟိုဌာနချုပ်သို့ က.န ပို့နေ၏။ ကျန်သည့် ရဲဘော်နှစ် ယောက်က ခြေပစ်လက်ပစ် ကျောပိုးအိတ် ခေါင်းအုံးကာ အမြဲတမ်း ပြောမပြီးသော သူတို့မြို့က ကောင်မလေးအကြောင်း၊ သူတို့ အတန်းက ကောင်မလေးအကြောင်း၊ တခြားကျောင်းတွေက ကောင်မလေးအကြောင်း၊ ပြီးတော့ ဘောလုံးပွဲတွေအကြောင်း တယောက်တလှည့် ပြောနေကြလို့ …။

* * * * *

ကျန်သည့် တပ်ခွဲ တပ်စုများသည်လည်း ရွာထဲတည်းခိုအိမ်များတွင် နေရာချထားပြီး ဖြစ်သလို၊ ကင်းများလည်း သေချာထိုးပြီး ဖြစ်၏။ မနက်လေးနာရီ အားလုံးထကာ ရွာပြင်တောင်ကြောပေါ် တက်မည်။ မနက်ခြောက်နာရီမှ ရွာထဲ ပြန်ဆင်းမည်။ တကယ်တော့ ကျနော်တို့ ကျောင်းသားတပ်မတော်နှင့်တကွ တော်လှန်ရေး အဖွဲ့အစည်းအားလုံး ဘယ်သောအခါမှ ပြည်သူလူထုကြား ကျေးရွာများတွင် တိုက်ပွဲအဖြစ်မခံ။ တိုက်ပွဲဖြစ်လျှင် ရန်သူသည် ပြည်သူကို ငဲ့ညှာမှုမရှိ။ အကုန်တွေ့သမျှ ကျည်လမ်းကြောင်း တည့်တည့် မတည့်တည့် မဲမဲမြင်လျှင် ပစ်သည်။ လက်နက်ကြီးများဖြင့် ရွာကို ပစ်ချေသည် ။ ၀က်နွားကျွဲ အကုန်ပစ်သည်။ ဒီတော့ ကျနော်တို့က ပြည်သူလူထု အထိခိုက် မခံနိုင်။ လူထုပစ္စည်း အဆုံးရှုံး မခံနိုင်။ မခံနိုင်တော့ ရွာထဲတွင် တိုက်ပွဲမဖြစ်အောင် အမြဲ အတတ်နိုင်ဆုံး ရှောင်သည်။

ရန်သူသည်သာ သူ အင်အားနည်းပြီး ကျနော်တို့ လိုက်ပြီဆိုလျှင် ရွာထဲဝင် အောင်းနေကာ စစ်ကူ မလာမချင်း မထွက်တော့။ ကျနော်တို့ကလည်း ရွာထဲ ရန်သူရှိလျှင် ၀င်မတိုက်။ ပြည်သူ အနာမခံနိုင် ဒီတော့ ရန်သူက ပြည်သူကို ဒိုင်းသဖွယ် အသုံးချကာ သားကောင်သဖွယ် ပစ်ခတ်ခြင်းဖြင့် အမြဲအခွင့်အရေးယူ၏။

* * * * *

မနက်လင်းခဲ့ပြီ …။
ကျနော်တို့ တောင်ကြောလေးပေါ်မှ ပြန်ဆင်းလာကာ ကိုယ်တည်းခိုရာ အိမ်များသို့ ပြန်လည် ၀င်ရောက်လာကြ၏။ တရွာလုံး ပျော်နေကြ၏။ နေလေး သာသာလင်းလို့ ရွှေရည်ဝင်း မြင့်တက်စ …။ ဆက်သွယ်ရေး ရဲဘော်က ဆက်သွယ်ရေးစက် ထောင်ကာ တခြားတော်လှန်ရေး အဖွဲ့အစည်းတပ်များ နှင့် ဗဟိုသို့ က.န ပို့ခြင်းအလုပ်ကို စတင်လုပ်ဆောင်တော်မူ၏။ ကျနော်က ပို့စရာများအား သူ့လက်သို့ အပ်ခဲ့ရင်း အပျင်းထူထူဖြင့် တမှေးလောက် ကွေးလိုက်ရရင်ဖြင့်ဟု ဘုရားစင်အောက်တွင် ကျောပိုးအိတ်လေး ခေါင်းအုံးရင်း ခွေခွေလေး ကွေးနေရင်း မှေးကနဲပျော်သွား၏။

* * * * *

အချက်မှန်မှန် ဆန်ထောင်းသံကြားမှ ဆတ်ကနဲ နိုးလာမိတော့ နေတောင် တော်တော်မြင့်လှပေါ့။ ကျနော်လည်း အပျင်းဆန့်ရင်း အိမ်နောက် ရေကပြင်သွားကာ သွားတိုက် မျက်နှာသစ်ရင်း အိမ်ရှင် အဖွားကြီးအား ပြုံးပြလိုက်ရင်း တဖက်ခြံ လှမ်းကြည့်လိုက်တော့ ရဲဘော်များ ထင်းခွဲနေကြ၏။ တချို့ အိမ်တွေမှာ ဆန်ကူ ထောင်းပေးနေကြ၏။ တချို့ ပိုက်ကျော်ခြင်း ခတ်နေကြ၏။ တချို့ အပျိုလည်နေကြမည် ဖြစ်၏။ ကျနော်လည်း စစ်သဘက်လေး ပုခုံးပေါ်တင် ကျောပိုးအိတ်လေး လက်တဖက် ထိုးလွယ်ကာ သေနတ်ကို လက်ကိုင်မှ ကိုင်ရင်း ဖိနပ်ကို လူပျင်းစွပ်နည်းဖြင့် စွပ်ကာ အိမ်အောက်ထပ် ဆင်းလာ၏။

အိမ်ပေါ်တွင် ဆက်သွယ်ရေးရဲဘော် တယောက်သာ မီးငြိမ်းနေသော ဆေးပေါ့လိပ်ကလေး ကိုက်ရင်း သူ့အလုပ်ဖြင့် သူရှုပ်လျက် ကျန်သည့် ပုဂ္ဂိုလ်တွေကတော့ ခြင်းခတ်နေကြမည်ထင်ရဲ့။

ကျနော် အိမ်အောက်ရောက်တော့ ဆန်ထောင်းနေသော မိန်းကလေးကို မြင်၏။ ခြေလှမ်းတို့ တုန့်သွား၏။ ပုပ္ပါးမီးတောင်သည် မီးသေတောင် ဖြစ်သည် မဖြစ်သည် ကျနော်မသိ။ ကျနော့်ရင်ထဲတော့ မီးတောင်ပေါက်သလို
နတ်မိမယ်တပါးနှင့် မမျှော်လင့် မထင်မှတ်သော နေရာတွင် ပက်ပင်းတိုးသလို။ ရင်ခုန်သံတို့သည် ၁၂၀ မမ အမြှောက်သံတို့လို ကျယ်လောင်လှချည်ရဲ့။

ကျနော် သူ့မျက်နှာလေးကို မှန်တချပ်လို ငေးကြည့်မိ၏။ သူမက ကျနော့်ကို ပြန်ငေးကြည့်နေ၏။ ကျနော်တို့ နှစ်ယောက်လုံး အသိမဲ့ သတိမဲ့။ တလောကလုံး တိတ်ဆိတ်ငြိမ်သက် အနှေးလှုပ်ရှား ရုတ်ကနဲ အမြန် ပြုတ်ကျ အေးကနဲ နွေးကနဲ …။

သူမက စတင်ပြီး ပြုံးပြ၏။ ကျနော်သည် သေးငယ်သော မော်လီကျူးလေး ဘ၀မှ ပြိုကွဲကာ အက်တမ်လေး တစအဖြစ် သူမ၏ မျက်လုံး အမြင်အာရုံမှသည် သူမ၏ နှလုံးသားတွင်းသို့ တိတ်တဆိတ် ခိုးဝင်ခိုလှုံခွင့်ကို တောင့်တမိသည်နှင့် တပြိုင်နက်တည်း သူမသည် အက်တမ်လေး တစအဖြစ်မှ နှလုံးသားအပြည့် တမုဟုတ်ချင်း တဒင်္ဂအတွင်း ကျနော့်ရင်ထဲ နေရာယူသွားနိုင်ခဲ့သည်ကိုတော့ ကျနော့်ရင်ခုန်သံ ဖရိုဖရဲတွေကြောင့် သိလိုက်မိ၏။

(ဆက်ဖတ်ပါရန် …)
ကိုမွှေး

No comments: