Friday, July 11, 2008

အသံထွက်ညံ့ညံ့နဲ့ ကံကြမ္မာ (ကဗျာ)

အသံထွက်ညံ့ညံ့နဲ့ ကံကြမ္မာ
မောင်ချောနွယ်

တည်ငြိမ်တဲ့ နေ့နံတွေမဟုတ်
စိတ္တကာရကဂြိုဟ်ဆိုတဲ့ ငနဲကလည်း
ချေးကျရာပျော်
ဘာတွေကိုများ
အချင်းချင်း ခေါ်ထူးနေကြတာလဲ
ဘာလဲ
ပွဲတော်တွေကို ထားခဲ့ရမှာလား
ဘာလဲ
ဂျက်လန်ဒန်ကို ထားခဲ့ရမှာလား
ဘာလဲ
အနန္တသူရိယရဲ့ ကဗျာကို ထားခဲ့ရမှာလား
ဘာလဲ
မျက်ရည်စစ်စစ်တွေကို ထားခဲ့ရမှာလား
သွားစမ်းပါ၊
သေခြင်းတရားကလွဲပြီး ဘာမှမဆန်းတဲ့
ဒီကမ္ဘာလောကဆိုတဲ့ သေတ္တာကြီးထဲမှာ
လူ့ဘ၀ဆိုတာကလည်း
ကြည့်လေ …
ဥ(အု)ကနေပဲ ပေါက်ဖွား ပေါက်ဖွား
အပေါက်ကနေပဲ ပေါက်ဖွား ပေါက်ဖွား
အညစ်အကြေးတွေနဲ့ အိုင်းအနာကြီးပါ
တီရှုပ်ထွေး ၀က်စာကျင်းထဲ ၀က်တွေပျော်
အားလုံးဟာ
တွန့်လိမ်ရှုပ်ထွေးပြီး ကောက်ကွေ့
ညစ်ပေပျော်ရွှင် သံဝေဂ ၀တ်ကောင်းစားလှနဲ့
သေခြင်းတရားကလွဲပြီး ဘာမှမဆန်းတဲ့
ဒီကမ္ဘာလောကဆိုတဲ့ သေတ္တာကြီးထဲမှာ
ဦးနှောက်ကို ဖောက်ချပေးလိုက်ပေမယ့်
ဘာမှမရ
မိမိကိုယ်မိမိ လိမ်ညာတဲ့ ပုံဖမ်းကြ
ယုတ်မာကြ
ယုတ်မာခြင်းကို သင်ကြားကြ
အရာအားလုံး တွန့်လိမ်ကောက်ကွေ့ပြီး
အုတ်အရောရော ကျောက်အရောရော
နံနံစော်စော်တွေချည်းပဲ
ထိုင်နေရင်း ဒုံးပြေးထားရသလိုမော
မောပြီရင်း မောနေရ အမောကြီးနဲ့
ဘ၀ကို မအေးခဲလွန်းအောင် ပုံပြုရတာကိုက
နှစ်ပေါင်းလေးဆယ်လောက် ကြာမယ်
အသည်းနှလုံးနဲ့ နှုတ်ခမ်းကလည်း
မိုင်လေးဆယ်လောက် ဝေးကွာတယ်
လွတ်လွတ်လပ်လပ်ကြီးကိုပဲ
မတ်တပ်က ပြိုပြိုလဲလိုက်လာနေ
လောကဓံ ဒန်းလော့မွေ့ရာပေါ်
ကံကြမ္မာတွေ အပျော်မယားနဲ့ နှောကြလို့မို့
သောတာရုံတွေ သားစပ်ခံရ
ဘ၀ပြည်တည်နာတွေသာ
ဒါစွမ်းနိုင်ရဲ့
အရေခွံတွေ ဖျားယောင်းခံလိုက်ရပြီ
အနာဂတ်တစ်ခုခုကို ရမလားလို့
နိုးကြားနေရှာသူ
အိုးမဲ့ အိမ်မဲ့ ညနေရီကျွန်းကလေးရေ ။ ။

မောင်ချောနွယ်

No comments: