Thursday, May 8, 2008

တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်

ညီညီ (သံလွင်)

ကျနော်တို့ မြန်မာပြည်ဟာ လွတ်လပ်ရေးရပြီးတာသာ ကြာခဲ့တာ။ ၀ဲစွဲသလို ဒါမှမဟုတ် ခွေးအမဲရိုး ဆွဲသလို အာဏာကို မလွှတ်တမ်း ကိုက်ခဲထားတဲ့ စစ်အာဏာရှင်တစ်စုကြောင့် ခုအချိန်ထိ လူလား မမြောက်သေးပါဘူး။ မီးပုံမှန် မလာ၊ မီးမလာတော့ ရေ မှန်မှန် မရ၊ လမ်းပန်းဆက်သွယ်ရေးက ညံ့ဖျင်း၊ တယ်လီဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးစနစ်တွေက နှေးကွေးတဲ့အခါ နှေးကွေး ပြတ်တောက်ချင်တဲ့အခါ ပြတ်တောက်နဲ့ အာဏာရှင်အောက်က မြန်မာပြည်သူတွေခမျာ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ၊ ယုတ်စွအဆုံး အလုပ်တောင် ကောင်းကောင်း မလုပ်နိုင်အောင် ဖြစ်ရပါတယ်။ ဒီလောက် တိုင်းပြည် စုတ်ပြတ်သတ်နေတာတောင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ချီတက်နေပါတယ်ဆိုပြီး အရှက်မရှိ လုပ်နေသေးတယ်။ ဒီပုံစံအတိုင်း သွားနေလို့လဲ ဗိုလ်ချုပ်အောင်ဆန်း တချိန်က ပြောခဲ့တဲ့ ဖာနိုင်ငံ ဖြစ်နေရုံမက တရုတ်၊ အိန္ဒိယ၊ ရုရှနဲ့ အာဆီယံတို့ဆီ လှည့်ပတ်တောင်းစားနေရတဲ့ သူတောင်းစားနိုင်ငံကြီး ဖြစ်နေပါပြီ။

စုတ်ချာလှတဲ့ မြန်မာပြည်ကိုမှ နာဂျစ်ဆိုတဲ့ ဆိုင်ကလုန်းကလည်း မထောက်မညှာ ၀င်မွှေပါတော့တယ်။ တချို့ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ သံဃာတွေကို ရိုက်လားနှက်လား သတ်လားဖြတ်လားလုပ်လို့ ဘုရားရိုက်တာပါတဲ့။ မြန်မာပြည် ကပ်ဆိုက်နေပြီတဲ့။ ဟုတ်ကဲ့ .. ကျနော် မြင်တာတော့ အစိုးရဟာ အစိုးရ ပီပြင်အောင် မလုပ်တဲ့အတွက် ကြားက ပြည်သူတွေက ဓားစာခံ ဖြစ်ရတာပါ။ နာဂျစ်ဆိုင်ကလုန်း မြန်မာပြည် ၀င်မယ်ဆိုတာ ကြိုသိပါလျက်နဲ့ ထိရောက်တဲ့ သတိပေးချက်တွေ၊ ကြိုတင် ကာကွယ်မှုတွေ မလုပ်ပေးခဲ့ဘူး။ အစိုးရပိုင် ရေဒီယို၊ သတင်းမီဒီယာတွေကနေ ကြိုအသိပေးခဲ့တယ် ဆိုရင်တောင် ဒီ အရေမရ အဖတ်မရ အစိုးမရတဲ့ အစိုးရမီဒီယာတွေကို ပြည်သူတွေက ဘယ်လောက်များ ယုံကြည်မှုရှိလို့လဲ။

ကျပ်တည်းလှတဲ့ အခြေအနေတွေအောက်မှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရလို့ ဆိုင်ကလုန်း ၀င်မယ့်သတင်းကိုတောင် အတော်များများက ကြိုပြီး မသိကြဘူး။ လူထုဆီရောက်အောင် သတင်းပေးပို့နိုင်ဖို့ အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံသုံးပြီး မလုပ်ဆောင်နိုင်ခဲ့ဘူး။ ဆိုင်ကလုန်းဝင်မယ်ဆိုတဲ့ သတင်းကို ကြိုသိသူတွေကလည်း ဘယ်လောက်အထိ ပြင်းနိုင်တယ်။ ဘယ်နေရာတွေကို ၀င်နိုင်တယ်။ ဘယ်လို ကာကွယ်ရမယ်။ ဘာတွေ ပြင်ဆင်ထားရမယ်ဆိုတဲ့ သတင်း အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ မရခဲ့ကြဘူး။ မဲရုံဆီသွားကြစို့ ... ထောက်ခံမဲပေးကြစို့ ဆိုတာတွေကိုပဲ တီဗွီ၊ ရေဒီယိုကနေ ဆက်တိုက် လွှင့်နေခဲ့တယ်။ ထောက်ခံမဲပေးကြဖို့ တိုက်တွန်းတဲ့ ပိုစတာကြီးတွေ ဆိုင်းဘုတ်ကြီးတွေချည်းပဲ အားအားယားယား ဖွင့်ပွဲလုပ်နေတယ်။ ၀င်လာမယ့် ဆိုင်ကလုန်းမုန်တိုင်းကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တဲ့ ရလဒ်ကတော့ လူတွေ ရာပေါင်းများစွာ သေကြေခဲ့ရပြီး ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးခဲ့ရတာပါပဲ။

မေလ ၂ရက် သောကြာနေ့ ညမှာ ရန်ကုန်ကို ဆိုင်ကလုန်းဝင်မွှေသွားလိုက်တာ ရန်ကုန်တမြို့လုံး စစ်မြေတလင်းလို စုတ်ပြတ်သတ်သွားတယ်လို့ ဆိုသူက ဆိုပါတယ်။ တိုက်ခေါင်မိုးက သွပ်ပြားတွေ လန်လိုလန်၊ တိုက်ခေါင်မိုးက အင်တင်နာတွေ စလောင်းတွေ ပျက်စီး၊ သစ်ပင်ကြီးတွေ အမြစ်ကနေ ပြုတ်ထွက်လို ပြုတ်ထွက်၊ လမ်းဓာတ်မီးတိုင်တွေ လဲပြိုလို လဲပြိုနဲ့ အားလုံး ရစရာ မရှိအောင် ဖြစ်သွားပါတယ်။ တစ်နာရီကို မိုင် ၁၂၀ကနေ ၁၅၀ ကြား (ကီလိုမီတာ ၂၀၀ နီးပါး) နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ လေပြင်းရဲ့ ဒဏ်ဟာ ဘယ်လောက် ပြင်းသလဲဆိုတာ တွေးကြည့်ရင်တောင် အတော်လန့်ဖို့ ကောင်းပါတယ်။ သူငယ်ချင်း မောင်းတဲ့ ဆိုင်ကယ်ကို အနောက်က လိုက်စီးတော့ တစ်နာရီကို ကီလိုမီတာ ၁၀၀ နှုန်းလောက် မောင်းရင်တောင် အဝေးပြေးလမ်းမမှာ လေတိုးလွန်းလို့ ဘယ်အချိန်များ လဲကျသွားမလဲလို့ စိုးရိမ်မိတာ အခါခါပါ။

အခု တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်းကတော့ အဲဒီနှစ်ဆနီးပါး အမြန်နှုန်းနဲ့ ၀င်မွှေသွားတာဆိုတော့ မှန်းကြည့်လို့ ရပါတယ်။ ရန်ကုန်မြို့ထဲက အပျက်အစီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ကြည့်ရတော့ ခိုင်ခိုင်ခံ့ခံ့ တိုက်တွေနဲ့ မဟုတ်ဘဲ ထနိမိုး ၀ါးကပ်ကာ တဲကလေးတွေမှာ နေထိုင်ရသူတွေ ဆိုရင်တော့ မတွေးဝံ့စရာပါပဲ။ သနားဖို့လည်း ကောင်းပါတယ်။ ဒေါသဖြစ်ဖို့လည်း ကောင်းပါတယ်။ သနားဖို့ကောင်းတာ ပြည်သူတွေ ဖြစ်ပြီး ဒေါသဖြစ်ဖို့ ကောင်းတာက အစိုးရပါ။ ကြိုသိရဲ့သားနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ရပ်ရွာငြိမ်ဝပ်ပိပြားရေးအတွက် မနေမနား တာဝန်ထမ်းဆောင် နေပါတယ်ဆိုတဲ့ ရယကတွေ၊ ကြံ့ဖွတ်တွေ ဦးစီးပြီး မလုပ်ဘဲ ဘယ်ချောင်မှာ သဝေထိုးပြီး မေလ ၁၀ရက်နေ့ လူထုဆန္ဒပေးပွဲမှာ လူတွေကို ဘယ်လို လိမ်ရမလဲ၊ ခြိမ်းခြောက်ရမလဲ တိုင်ပင်နေသလား မပြောတတ်ပါ။ ဥာဏ်ကြီးရှင်တွေရဲ့ ညွှန်ကြားချက်အတိုင်း မုန်တိုင်းဒဏ်ကို ၀ါးရင်းတုတ်ကိုင်ပြီး ကာကွယ်ဖို့ အတွက် သင်တန်းတက်ချင် တက်နေပါလိမ့်မယ်။

မုန်တိုင်းရဲ့ နောက်ဆက်တွဲအနေနဲ့ နဂိုကတည်းက ဘယ်တော့မှ မဆင်းတဲ့ ကုန်ဈေးနှုန်းတွေလည်း အဆမတန် တက်ကုန်ပါတယ်။ တမြို့လုံး မီးမလာတော့ပါဘူး။ မီးမလာလို့ ရေမတင်နိုင်တဲ့အတွက် ရေလည်း ပြတ်နေပါပြီ။ ရေသန့်လည်း လုံလုံလောက်လောက် ၀ယ်လို့ မရတော့တဲ့အတွက် ရေကို ဖြစ်သလို သောက်ရတဲ့အခါ ကူးစက်ရောဂါတွေ ဖြစ်ပွားဖို့ အလားအလာ သိပ်များပါတယ်။ အတော်များများသော ဖုန်းလိုင်းတွေဟာ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ပါဘူး။ ဖုန်းမရမှတော့ အင်တာနက်ကတော့ ပြောစရာမလိုအောင် ပြတ်တောက် နေခဲ့ပါပြီ။ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ကျွန်တော့်မိဘများ နေထိုင်ရာ ရန်ကုန်ကို ဖုန်းခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရာမှာ စနေနေ့ နေ့လည်က တစ်ကြိမ်၊ တနင်္ဂနွေနေ့ညမှာ တစ်ကြိမ် နှစ်ကြိမ်သာ ခေါ်လို့ရခဲ့ပါတယ်။

အသက်ခြောက်ဆယ်ကျော်ပြီဖြစ်တဲ့ ကျနော့် မိဘတွေကတော့ သူတို့တစ်သက်မှာ ဒီလောက်ပြင်းတဲ့ မုန်တိုင်းမျိုး တခါမှ မကြုံဖူးခဲ့ပါဘူးလို့ ဆိုပါတယ်။ စနေနေ့က ဖုန်းရတော့ အိမ်ထဲ ၀င်နေတဲ့ ရေတွေကို ခပ်ထုတ်နေရတယ်လို့ ပြောပါတယ်။ ကျနော် ရန်ကုန်ပြန်တဲ့အခါ အိပ်နေကျ ကျနော့်အခန်းက မှန်တစ်ချပ် တိုက်အောက်ကို ပြုတ်ကျသွားတယ်လို့ ဆိုပါတယ်။ ကျနော့် အစ်ကို နေထိုင်တဲ့ ၄၅လမ်းက တိုက်မှာတော့ အမိုးသွပ်ပြားတချို့ လန်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ ကျနော့် အဒေါ်မိသားစု နေထိုင်တဲ့ ရန်ကင်း ကျောက်ကုန်းက အိမ်ကိုတော့ သစ်ပင်တစ်ပင် လဲကျလာတယ်လို့ သိရပေမယ့် သူတို့မိသားစုကတော့ ဘေးရန်ကင်းပါတယ်တဲ့။

တနင်္ဂနွေနေ့က ဖုန်းရတဲ့အခါမှာတော့ ဓာတ်ဆီဈေးတွေ ကုန်ဈေးနှုန်းတွေ တက်နေပြီဆိုတဲ့ အကြောင်း၊ ရန်ကင်းကနေ မြို့ထဲက ကျနော်တို့အိမ်ကို တက္ကစီ ၅ ယောက်စုပြီး ငှားလာတဲ့ ကားဒရိုင်ဘာက အားလုံး စုစုပေါင်း ၈၅၀၀ ကျပ် ပေးရတယ်ဆိုတဲ့ အကြောင်း၊ မြို့ပြင်ကနေ လာမယ်ဆိုရင် ကားခ သုံးသောင်းခွဲလောက် ပေးနေရတယ် ဆိုတဲ့အကြောင်း၊ ဘဲဥ၊ ကြက်ဥ တစ်လုံး ၃၀၀၊ ၄၀၀ ပေးနေရကြောင်း၊ မုန်တိုင်းလာမယ် ကြားကတည်းက ဆန်ဝယ်ထားပြီး ဖြစ်ကြောင်း၊ အိမ်နားက City Mart ဖွင့်နေသေးတာကြောင့် ဈေးတော့ ၀ယ်လို့ ရနေသေးကြောင်း၊ အိမ်နားက ခရစ်ယာန် ဘုရှားရှိခိုးကျောင်းရဲ့ အမိုးတွေ လန်သွားကြောင်း၊ ဒဂုံ (၁)က အမိုးတွေ အတော်များများ လန်ကုန်ကြောင်း၊ ဗြိတိသျှသံအမတ်ကြီးရဲ့ အိမ်က အုတ်တံတိုင်းကြီး ပြိုကျသွားကြောင်း စသဖြင့် မိနစ် ၂၀ လောက် ပြောတာတွေကို နားထောင်ရင်း ရင်မောရပါတယ်။ မြို့ထဲမှာတောင် ဒီလောက်ဖြစ်နေရင် ဆင်ခြေဖုံးမှာ နေတဲ့သူတွေအတွက် ရင်လေးမိပါတယ်။

စစ်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာတာကတော့ ဒီကနေ့ထိ မုန်တိုင်းကြောင့် သေဆုံးသူ ၃၅၀ ကျော် ရှိပါပြီ (နောက်ဆက်တွဲ ထုတ်ပြန်ချက်အရတော့ ၂၂၅၀၀ သေဆုံးပြီး ၄၀၀၀၀ကျော် ပျောက်ဆုံးနေတယ်လို့ ဆိုပြန်ပါတယ်)။ ဘယ်တော့မှ စာရင်းအမှန်ထုတ်လေ့မရှိတဲ့ အစိုးရရဲ့ တရားဝင်စာရင်းတောင် ဒီလောက်များနေရင် စာရင်းပျောက် အင်းပျောက်နဲ့ မုန်တိုင်းအောက်မှာ အသက်ပျောက်ခဲ့ရသူတွေ နည်းမှာ မဟုတ်ပါဘူး။ ဒါတောင် UN က အကူအညီတောင်းဖို့ ကမ်းလှမ်းတာကို အခုထိ အင်တင်တင် လုပ်နေပါသေးတယ်။ ကိုယ့်တိုင်းပြည် ဒုက္ခရောက်နေချိန်မှာ အကူအညီပေးမယ် ဆိုတာကို လက်မခံနိုင်သေးဘဲ တင်းခံနေရလောက်အောင်အထိ စစ်အစိုးရဟာ ခေါင်းမာမှု ကမ်းကုန်ပါတယ်။

ပြည်သူတွေ ဖြစ်ချင်တာဖြစ် လုပ်စရာရှိတာ ဆက်လုပ်မှာပဲ ဆိုတဲ့သဘောနဲ့ မေလ ၁၀ ရက်မှာ ကျင်းပမယ့် လူထုဆန္ဒခံယူပွဲကိုလည်း ခုအချိန်ထိ ရွှေ့ဆိုင်းမယ့် အလားအလာ ဘာမှ မပြသေးပါဘူး။ ကြက်ခြေနီ အဖွဲ့တွေကတော့ တနင်္ဂနွေနေ့မှာ စပြီး ကူညီနိုင်ခွင့် ရခဲ့တယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ စစ်အစိုးရ သိပ်ချစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံ ညီအစ်ကို ထိုင်း၊ စင်္ကာပူတို့ကတော့ အိမ်နီးချင်းကောင်း ပီသစွာ ရေငုံနှုတ်ပိတ်နေပါတယ်။ ဒုက္ခရောက်တဲ့ အချိန်မှာ ဘယ်သူ မိတ်ဆွေ ဘယ်သူ ရန်သူဆိုတာ သိသာတယ်ဆိုတဲ့ စကားက သွေးထွက်အောင် မှန်ပါတယ်။

နိုင်ငံတကာ အကူအညီ ယူရတော့မယ်ဆိုတော့ သတင်းစာကနေ ထုံးစံအတိုင်း ကလော်တုတ်ဖို့ အခွင့်သာမှာ မဟုတ်တော့ဘူးလေ။ ဒီလိုနဲ့ ခေါင်းမာတဲ့ အစိုးရရဲ့ တွေဝေ ဆုတ်ဆိုင်းမှုအောက်မှာ မြန်မာပြည်သူတွေ နစ်မွန်းနေရတော့တာပါပဲ။ တကယ့်ကို စိတ်ပျက်မိတယ်။ ကိုယ်တိုင်လည်း အလှူငွေ ပေးပို့ပေးရုံကလွဲရင် ဘာမှ လုပ်မပေးနိုင်ပါဘူး။ တိုင်းပြည်အတွက် လိုအပ်တဲ့ အချိန်မျိုးရောက်တိုင်း အခြေအနေ အရပ်ရပ်ကြောင့် လူငယ်ဘ၀ကတည်းက စင်္ကာပူမှာလာပြီး ကျောင်းတက် အလုပ်လုပ်နေရတဲ့ ကိုယ့်ဘ၀ကိုကိုယ် စိတ်ပျက်မိသလို အားမလို အားမရလည်း ဖြစ်မိပါတယ်။ စင်္ကာပူ၊ အမေရိကန် နှင့် အင်္ဂလန်တို့မှာတော့ ပြည်ပရောက် မြန်မာတွေကနေ ပြည်တွင်းက မုန်တိုင်းဘေးမိတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ အတွက် ရန်ပုံငွေတွေ စတင် ကောက်ခံနေပါပြီ။ စင်္ကာပူမှာတော့ အိုဘီပီကနေ တဆင့် မနေ့ကစပြီး ကောက်ခံနေပြီလို့ သိရပါတယ်။

နူရာဝဲစွဲသလို ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို မညှာမတာ ဂုတ်သွေးစုပ်တတ်တဲ့ စစ်အာဏာရှင် ရန်ဘေးကလည်း အမြန်ဆုံး ကင်းဝေးကြပါစေ။

တိုင်းပြည်က နုနု .. မုန်တိုင်းက ထန်ထန်အောက်မှာ မြန်မာပြည်သူတွေ ကျရောက်နေတဲ့ ဘေးအသွယ်သွယ်က အမြန်ဆုံး ကင်းဝေးကြပါစေ။

ညီညီ(သံလွင်)

မှတ်ချက် ။ ။ ဒီပို့စ်အတွက် သင့်တော်မယ် ထင်တဲ့အတွက် စာရေးဆရာ မြတ်ထန်ရေးပြီး ယခင်က ထုတ်ဝေခဲ့တဲ့ "တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်" စာအုပ်အမည်ကို ခေါင်းစဉ်အဖြစ် ယူထားပါတယ်။

No comments: