Thursday, November 8, 2007

အန်အယ်လ်ဒီ ခေါင်းဆောင် ၃ ဦး ဂန်ဘာရီနှင့်တွေ့

သတင်း - ဧရာဝတီ (၈-၁၁-၂၀၀၇)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၃ ဦးသည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီနှင့် တွေ့ဆုံရန် ယနေ့ နံနက်ပိုင်းက နေပြည်တော်မြို့သစ်သို့ ထွက်ခွာသွားကြောင်း အန်အယ်လ်ဒီ ပါတီက အတည်ပြု ပြောဆိုသည်။
အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးညွန့်ဝေတို့ ၃ ဦး ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ လေယာဉ်ဖြင့် သွားရောက်ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဧရာဝတီကို ပြောသည်။
မစ္စတာ ဂန်ဘာရီသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ယနေ့တွေ့ဆုံရန် အစီအစဉ် ရှိသည်။
မစ္စတာ ဂန်ဘာရီသည် ယခုလ ၃ ရက်နေ့က မြန်မာ့နိုင်ငံရေး ပြဿနာများ ကြားဝင် ဖြေရှင်းပေးရန်အတွက် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ခရီးစဉ်ကို စတင်ခဲ့ပြီး ယနေ့ ပြန်လည်ထွက်ခွာမည်ဟု ရန်ကုန်အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂရုံးက ဧရာဝတီကို ပြောသည်။
မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် လွန်ခဲ့သည့် တနင်္ဂနွေနေ့က နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဆက်ဆံရေးဝန်ကြီး ဗိုလ်ချုပ် အောင်ကြည်တို့ကို နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ အောက်တိုဘာလ ၈ ရက်နေ့က ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ အကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
၎င်းအပြင် မစ္စတာ ဂန်ဘာရီသည် နိုဝင်ဘာလ ၆ ရက်နေ့တွင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးစိုးသာ၊ သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့အား နေပြည်တော်ရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနရုံးများတွင် တွေ့ဆုံခဲ့သည်။
ပြန်ကြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ဗိုလ်မှူးချုပ် ကျော်ဆန်းသည် မစ္စတာ ဂန်ဘာရီအား မြန်မာနိုင်ငံမှ
ပြန်သွားအပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂ နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများ ပိုမိုတိုးမြင့်လာသည့်အပြင် ယခင်က ပိတ်ဆို့မှုတွင် မပါဝင်ခဲ့သည့် သြစတေးလျနိုင်ငံလည်း ပါဝင်လာကြောင်းတို့ကို ဝေဖန်ပြောဆိုကြောင်း ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ရွှေဝါရောင် တော်လှန်ရေး ဗီစီဒီခွေများ ရန်ကုန်တွင် ပြန့်နှံ့
သတင်း - မဇ္ဈိမ (၈-၁၁-၂၀၀၇)

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် လှုပ်ရှားမှုအကြောင်း မှတ်တမ်း တင်ထားသည့် ဗီစီဒီ တိပ်ခွေများကို တက်ကြွ လှုပ်ရှားသူများက ယမန်နေ့ညပိုင်းက ရန်ကုန်မြို့အတွင်း လိုက်လံ ဖြန့်ဝေမှုများ ရှိခဲ့သည်။
ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ် ပုဇွန်တောင်ဈေးနှင့် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့် လမ်း ၃ဝ၊ ၃၂ လမ်းတလျှောက်တွင် အဖွဲ့ငယ်များက စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှု ဆန္ဒပြပွဲများကို မှတ်တမ်း တင်ထားသည့် ဗီစီဒီခွေများကို ယမန်နေ့ ညနေပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေနေသည်ဟု သိရခြင်း ဖြစ်သည်။
ဤလှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ဖော် ကျေညာခြင်း မရှိသေးပါ။
“အနော်ရထာလမ်းဘက် လမ်း ၃ဝ၊ ၃၂ လမ်းမှာဆိုရင် အိမ်ပေါ်တွေထိကိုပါ စီဒီခွေတွေနဲ့ လက်ကမ်းစာစောင် လှုံ့ဆော်စာတွေကို အခန်းတံခါး ကြားတွေမှာ ညှပ်ထားခဲ့တာတွေ ရှိတယ်။ စီဒီခွေတွေကတော့ ပြီးခဲ့တဲ့လ အရေးအခင်းတုန်းက သံဃာတော်တွေ ဆန္ဒပြခဲ့တဲ့ ပုံတွေ၊ အနှိပ်စက်ခံရတဲ့ ဗီဒီယိုခွေတွေပါ။ ပုဇွန်တောင်ဘက်မှာ မနေ့ နေ့လည်ပိုင်းက ဈေးထဲမှာလည်း လိုက်ဖြန့်ဝေနေတယ်” ဟု ရန်ကုန်မြို့ ဒေသခံ တဦးက ပြောသည်။
အခြား ဒေသခံ တဦးကလည်း ဗီစီဒီခွေ ဖြန့်ဝေမှုအကြောင်း ကြားသိရသော်လည်း ကိုယ်တိုင် မြင်တွေ့ခြင်း မရှိသေးကြောင်း ပြောဆိုသည်။
ယမန်နေ့က တောင်ဥက္ကလာ မြို့နယ်တွင်လည်း အမှတ် ၂ စက်မှုဝန်ကြီးပိုင် တာယာစက်ရုံနှင့် စက်မှုဇုံ အုတ်တံတိုင်းများတွင် စစ်အစိုးရ ဆန့်ကျင်ရေး အနီရောင် စာတန်းများကို မှုတ်ဆေးဘူးဖြင့် ပက်ဖြန်း ရေးသားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ တဦးကလည်း ယခုလို ပြောသည်။
“စက်မှုဇုံ ခြံစည်းရုံး အုတ်တံတိုင်းတွေပေါ်မှာနဲ့ လူတွေရှင်းနေတဲ့ လမ်းဘေး အုတ်တံတိုင်းတွေပေါ်မှာ ‘ဘုရားသားတော် သတ်တဲ့ စစ်အာဏာရှင် ... ကျဆုံးပါစေ’၊ ‘သံဃာတော် သတ်တဲ့ မိစ္ဆာတွေ ... ကျဆုံးပါစေ’၊ ‘သန်းရွှေ ... လူသတ်သမား၊ လူလိမ် လူညာကြီး’ အဲဒါတွေ ရေးထားတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်လည်း ယမန်နေ့က စစ်အစိုးရ ဆန့်ကျင်ရေး စာတန်းများနှင့် လူထု လှုံ့ဆော်စာများကို မကြာသေးခင် ရက်ပိုင်းအတွင်းမှ စတင်ကာ နေ့စဉ်နှင့်အမျှ နေအိမ် ခြံစည်းရိုးများ၊ ဓာတ်တိုင်များပေါ်တွင် လိုက်ကပ်နေကြောင်း သိရသည်။
အလားတူပင် အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်တွင် စတင် ဖွဲ့စည်းခဲ့သည့် မျိုးဆက်သစ် လူငယ် အစည်းအရုံးက CNG (Change New Government) ၊ F.F.F (Freedom From Fear) နှင့် ၈၈ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၏ ဗကသ အမည်ရှိ ကဗျာတို ပါဝင်သည့် ကပ်ခွါစာရွက်များကို အဖွဲ့ ဖွဲ့စည်းပြီး တပတ်ခန့်အကြာမှ စတင်ကာ ရန်ကုန်မြို့ရှိ ယုဇန ပလာဇာ၊ တေးဂီတပွဲများနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ကြဲခြင်း၊ လက်ဆင့်ကမ်း ဝေငှခြင်းများ လုပ်ဆောင်ခဲ့ကြသည်။
ယခုလ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီ အမည်ရှိ အဖွဲ့ကလည်း နအဖ သတင်းစာများကို အမှိုက်ပုံများ၊ လမ်းမများပေါ်သို့ လွှင့်ပစ်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
သည့်အပြင် ရန်ကုန်တိုင်း အတွင်းရှိ ကျောက်မြောင်း၊ တာမွေနှင့် လှည်းတန်း မြို့နယ်တွင် လူငယ်များက နအဖ သတင်းစာများကို လမ်းမအထက် လွှင့်ပစ်ကြသလို မြို့တွင်းရှိ အချို့ အိမ်နံရံများတွင် ‘သန်းရွှေ လိမ်နေတယ်၊ ညာနေတယ်’ ဟူသည့် ပိုစကာများ လိုက်လံ ကပ်နေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောဆိုကြသည်။
ယခု လဆန်းတွင် ဖွဲ့စည်းခဲ့သည့် ရန်ကုန်အခြေစိုက် Freedom Fighter အဖွဲ့ကလည်း မြို့တွင်းရှိ သစ်ပင်ကြီးများကို သင်္ကန်းစများ လိုက်လံ ချည်နှောင်သည့် ဆန္ဒ ထုတ်ဖော်မှုကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောဆိုသည်။

ဒီကနေ့ မနက် (၇)နာရီမှာလည်း ပိုစတာ ကမ်ပိန်း လုပ်ပြန်ပြီ (၈-၁၁-၂၀၀၇)
ပေးပို့သူ - မဆုမွန်

ဒီကနေ့ နိုဝင်ဘာ (၈)ရက်နေ့ မနက်စောစောမှာ ငွေကြာယံ ကျောင်းတိုက်အနီး အုတ်တံတိုင်းတခုမှာ
အသင့် ရေးထားပြီးသား အ၀တ်ပိုစတာ တခုကို လူငယ်တွေက ချိတ်ဆွဲ ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ မိနစ်ပိုင်း အတွင်းမှာပဲ ကြံ့ဖွံ့အဖွဲ့ဝင် တစ်ဦးက အဲဒီပိတ်စကို လာရောက် ဖြုတ်ယူသွားတယ်လို့ သိရပါတယ်။
ပိတ်စမှာ ရေးထားတဲ့ လှုံ့ဆော်စာတွေကတော့ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” “စစ်အာဏာရှင် လူသတ်သမား အလိုမရှိ” ဆိုတဲ့ စာသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ မနေ့က Spray Campaign လုပ်ပြီး ရေးခဲ့တဲ့ စက်မှုဝန်ကြီးဌာနတွေရဲ့ အုတ်နံရံတွေကိုလည်း ထုံးအဖြူတွေ ပြန်သုတ်ထားတာ တွေ့ရတယ်လို့ မျက်မြင်သင်သေတွေက ပြောပြပါတယ်။

No comments: