Thursday, September 27, 2007

မင်းသားကြီး ဦးထွန်းဝေတို့ထုံး နှလုံးမူကြစေချင်

ဝင့်ထည်

မြန်မာပြည်သူလူထုအနေနဲ့ သူတို့အပေါ် ရက်ရက်စက်စက်ဖိနှိပ်အုပ်ချုပ်နေတဲ့ နအဖစစ်အာဏာရူးတွေကို တိတ် တဆိတ်ဆန့်ကျင်တဲ့နေရာမှာ လက်ဖျားခါလောက်တဲ့အကြောင်းကို ခွဲခြမ်းစိတ်ဖြာပြီး ပြောပြချင်မိတယ်။ ဒါက လည်း စစ်အုပ်စုဆန့်ကျင်ရေး ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူလူထုအနေနဲ့ အဖက်ဖက်က တာဝန်ကျေခဲ့တဲ့အ ကြောင်းကို ပိုပြီးမြင်သာစေချင်လို့ဖြစ်တယ်။ ပြည်သူလူထုအနေနဲ့ ဘာ့ကြောင့် အဖက်ဖက်က တာဝန်ကျေသလဲ လို့ပြောရရင် အချက်(၃)ချက်တွေ့ရမှာဖြစ်တယ်။
(၁) ပြည်သူလူထုတရပ်လုံးဟာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားစဉ်ကလည်း စစ်အာဏာရူးတွေ ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့အကြောင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ချီတက်ဆန္ဒပြပြီး သက် သေပြခဲ့ပြီးပြီ။
(၂) စစ်အာဏာရူးတွေကိုယ်တိုင် နိုင်ငံတကာသိကျင်းပပေးခဲ့တဲ့ ၁၉၉၀ပြည့်နှစ် ဒီမိုကရေစီပါတီစုံ အထွေထွေရွေး ကောက်ပွဲကြီးမှာလည်း သူတို့အားကိုးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တခဲနက်မဲပေးပြီး တရားဥပဒေ ဘောင်တွင်းကနေ စစ်အာဏာရူးတွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ထပ်မံသက်သေပြခဲ့ပြီးပြီ။
(၃) ဒါပေမယ့် စစ်အာဏာရူးတွေက ကတိမတည်ဘဲ လက်နက်အားကိုးနဲ့ ဆက်လက်ဖိနှိပ် အုပ်ချုပ်တဲ့အခါမှာ တော့ အထက်မှာပြောခဲ့သလို အနုနည်းနဲ့ပဲ တိတ်တဆိတ် ဆက်လက်ဆန္ဒပြခဲ့ကြပါတော့တယ်။ အဲဒီလိုနည်းနဲ့ စစ်အာဏာရူးတွေကို တလျှောက်လုံး ဆန့်ကျင်ခဲ့ကြတာ (၁၇)နှစ်ကျော် ကြာလာပြီဖြစ်တဲ့ ဒီကနေ့အချိန်အထိပဲ ဖြစ်ပါတယ်။

ပြည်သူတွေဟာ စစ်အာဏာရူးတွေကို သူတို့အာဏာဆုပ်ကိုင်ထားတဲ့ (၁၇)နှစ်လုံးလုံး နည်းအမျိုးမျိုးနဲ့ တိတ်တ ဆိတ်ဆန့်ကျင်ခဲ့ကြတဲ့အတွက်ကြောင့် စစ်အာဏာရူးတွေလုပ်သမျှ အရာအားလုံးဟာ အရာမရောက်ဘဲ သဲထဲ ရေသွန် ဖြစ်ခဲ့ရတယ်။ သူတို့ရဲ့ ၀ါဒဖြန့်ချိမှုတွေကို ပြည်သူလူထုတွေက တိတ်တဆိတ် ဆန့်ကျင့်ခဲ့ကြတာကြောင့် အောင်မြင်မှုမရဘဲ ပြည်သူလူထုရဲ့ မုန်းတီးမှုကိုသာ တိုးလို့ခံယူခဲ့ရတယ်။ ပြည်သူတွေရဲ့ တိတ်တဆိတ် ဆန့်ကျင် မှုကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် အထူးစိတ်ဝင်စားဖို့ကောင်းတာကို တွေ့ရတယ်။ ပြည်သူလူထုအနေနဲ့ အသံတိတ် ဆန့်ကျင်မှုတွေကို ဘယ်လိုနည်းနဲ့ လုပ်ခဲ့ကြသလဲဆိုရင် …

(၁) စစ်အာဏာရူးတွေရဲ့ ၀ါဒဖြန့်ချိရေးယန္တရားတွေဖြစ်တဲ့ မြို့တိုင်းနယ်တိုင်းမှာထောင်ထားတဲ့ ဆိုင်းဘုတ်တွေ က ၀ါဒဖြန့်ချိရေးစာသားတွေ၊ သတင်းစာတွေမှာဖော်ပြတဲ့ ၀ါဒဖြန့်ချိရေးစာသားတွေ၊ အပုပ်ချဆောင်းပါးတွေ၊ ဂျာ နယ်၊ မဂ္ဂဇင်းတွေမှာ အတင်းအဓမ္မဖော်ပြခိုင်းတဲ့ ၀ါဒဖြန့်ချိရေးစာသားတွေ၊ ရေဒီယိုတယ်လီဗေးရှင်းတွေမှာ ထုတ် လွှင့်တင်ဆက်ပေးနေတဲ့ ၀ါဒဖြန့်ချိရေးစာသားတွေ၊ သီချင်းတွေ၊ သတင်းတွေ၊ ပေါ်လစီရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်း တွေကို ဟာသလုပ်ပြီးတဖုံ၊ အပြောင်အပျက်လုပ်ပြီးတော့တနည်း၊ ပြန်မပြော နားမထောင်နည်းနဲ့တသွယ် ပုံစံအ မျိုးမျိုးနဲ့ ဆန့်ကျင်ခဲ့ကြတယ်။

(၂) ဒုတိယတနည်းကတော့ စစ်အာဏာရူးတွေလုပ်သမျှ စီမံကိန်းတွေ၊ လုပ်ငန်းတွေမှာ ပြည်သူလူထုအနေနဲ့ စိတ်ရောကိုယ်ပါ ၀င်ရောက်ဆောင်ရွက်ကြခြင်းမရှိဘဲ မပူးပေါင်းမဆောင်ရွက်ရေးမူကို တက်ညီလက်ညီ ကျင့်သုံး ခဲ့ကြတာပဲဖြစ်တယ်။ အဲဒီလို ဆန့်ကျင်ခဲ့တဲ့အတွက်ကြောင့် စစ်အာဏာရူးတွေလုပ်ခဲ့တဲ့ ဂျီအီးစီ သမ၀ါယမအ ရောင်းဆိုင်တွေ၊ ဂရုဏာဖောင်ဒေးရှင်းဆေးခန်းတွေ၊ အခွန်လွတ်ဈေးတွေ၊ ရေနက်ကွင်းစီမံကိန်းတွေ စတဲ့ သူတို့ လုပ်သမျှ လုပ်ငန်းပေါင်းစုံ၊ စီမံကိန်းပေါင်းစုံဟာ ပျက်ပြားခဲ့ရတာဖြစ်တယ်။

(၃) တတိယတနည်းကတော့ နအဖစစ်အာဏာရူးတွေနဲ့ သိသိသာသာပူးပေါင်းလုပ်ဆောင်သူ၊ ကပ်ဖားရပ်ဖား လုပ်သူနဲ့ မသိမသာ ပူးပေါင်းဆောင်ရွက်သူ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်တွေ၊ စာရေးဆရာတွေ၊ စာနယ် ဇင်းသမားတွေကို ပြည်သူလူထုက အသိအမှတ်မပြု အားမပေးကြတော့တဲ့နည်းတွေနဲ့ တိတ်တဆိတ် ဆန့်ကျင်ခဲ့ ကြတာပဲဖြစ်တယ်။ အဲဒီလို ဆန့်ကျင်ခံရတဲ့အတွက်ကြောင့် ပြည်သူ့အချစ်တော်ဘ၀ကနေ ပြည်သူ့အမုန်းတော်ခံ ဘ၀ရောက်သွားကြတဲ့သူတွေ တော်တော်များများရှိပါတယ်။

နအဖနဲ့ပူးပေါင်းလို့၊ ဖော်လံဖားလုပ်လို့ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကိုခံခဲ့ရတဲ့ ရုပ်ရှင်လောကထဲက အထင်ကရ ပုဂ္ဂိုလ်တွေကတော့ ညွန့်ဝင်း၊ စင်ရော်မောင်မောင်နဲ့၊ ဒေါ်ဂွက်ထော်တို့ပါပဲ။ ညွန့်ဝင်းဟာ ‘သူ့ကျွန်မခံပြီ’ ရုပ်ရှင် ဇာတ်ကားနဲ့ အကယ်ဒမီရတဲ့နှစ်မှာ အခမ်းအနား စင်မြင့်ပေါ်ကနေ နအဖကို သိသိသာသာကြီး ဖော်လံဖားလိုက် လို့ ပြည်သူတွေရဲ့ မျက်မုန်းကျိုးတာကို ခံရသူဖြစ်တယ်။ စင်ရော်မောင်မောင်ကတော့ နအဖရဲ့ ၀ါဒဖြန့်ချိရေး ဇာတ်ကား အတော်တော်များများကို ရိုက်ကူးပေးခဲ့ပြီး နအဖနဲ့ပူးပေါင်းကာ ရသမျှအခွင့်အရေးတွေ သိမ်း ကျုံးယူ နေတဲ့သူဖြစ်လို့ ပြည်သူ့ချဉ်ဖတ် ဖြစ်နေသူတယောက်ဖြစ်တယ်။ သူဟာ ဗိုလ်ချုပ်ထွန်းကြည်တို့ ဖြုတ်ချခံရစဉ်က စစ်ဆေးမေးမြန်းခြင်းခံခဲ့ရပေမယ့် ဗိုလ်ချုပ်ခင်ညွန့်ကို ခြေသလုံးဖက်တောင်းပန်ခဲ့လို့ အပြစ်ပေးခံရမယ့် အရေးက ချမ်းသာရာရခဲ့သူဖြစ်တယ်။ ကွယ်လွန်သူ ဒေါ်ဂွက်ထော်ကတော့ လူထုအချစ်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သရော်လှောင်ပြောင်တဲ့ နအဖ၀ါဒ ဖြန့်ချိ ရေးဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့လို့ နေအိမ်ကို ခဲတွေနဲ့ဝိုင်းပေါက်တာ ခံခဲ့ရသူဖြစ်တယ်။ မြသန်းစံဆိုရင် လည်း ‘ပါပီမ’ ဇာတ်လမ်းကို ရိုက်ကူးသရုပ်ဆောင်ခဲ့ချိန်ကစပြီး ပြည်သူတွေရဲ့မုန်းတီးမှုကို ခံခဲ့ရသူဖြစ်တယ်။ အခု နောက်ပိုင်းအကျွတ်တရားရပြီး ဘာသာတရားဘက်မှာပဲ ဇောက်ချကာ အားထုတ်လုပ်ဆောင်နေပေမယ့် ‘ပါပီမ’ အရိပ်မဲကြီးကြောင့် ပြည်သူလူထုရဲ့ အမုန်းစက်ကွင်းက ရုန်းမထွက်နိုင်သူ ဖြစ်ပါတယ်။ မင်းသားအောင်လွင်ဆို ရင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လုပ်ဆောင်ရင်း နအဖရဲ့အပြစ်ပေးအရေးယူမှုကိုခံရတယ်။ ဒါပေမယ့် ထောင်ကလွတ်လာတဲ့အခါ ရုပ်ရှင်ပြန်ရိုက်ခွင့်ရဖို့အတွက် နအဖထံမှာ ဒူးထောက်အရှုံးပေးခဲ့သူဖြစ်လို့ ပြည်သူလူ ထုရဲ့ မေတ္တာပျက်တာကို ခံခဲ့ရတယ်။ ကျော်ဟိန်းကတော့ ၉၀ပြည့်နှစ်ရွေးကောက်ပွဲမှာ တစညပါတီအ တွက် စည်းရုံးတာကို ပြည်သူလူထုကသိရှိသွားပြီး စတိတ်ရှိုးတွေမှာ ပရိသတ်တွေရဲ့ ဆန့်ကျင်တာကို ခံခဲ့ရသေးတယ်။ ဒါပေမယ့် အကင်းပါးစွာနဲ့ နအဖဆီက အမြန်ပြန်ခွာလိုက်လို့ မြောင်းထဲကျမယ့်အရေးက သီသီလေးလွတ် မြောက် ခဲ့တာပဲဖြစ်တယ်။

ဂီတနယ်ထဲမှာ ပြည်သူလူထုရဲ့ မျက်မုန်းကျိုးမှုကို အခံရဆုံးသူတွေကတော့ နအဖရဲ့ဝါဒဖြန့်ချိရေးသီချင်း အ တော်များများကို ရေးသားသီဆိုပေးခဲ့တဲ့ အကော်ဒီယံအုန်းကျော်နဲ့ ဟင်္သာတမြင့်ငွေတို့ပဲ ဖြစ်တယ်။ သူတို့နှစ်ဦး ဟာ ဂီတအစည်းအရုံး အကြီးအကဲတွေအနေနဲ့လည်း နအဖနဲ့ ဂီတအစည်းအရုံးဝင်တွေကြား အထက်ဖား အောက်ဖိလုပ်ခဲ့လို့ ဂီတလောကသားတွေရဲ့ အကြည်ညိုပျက်တာကို ခံခဲ့ရသူတွေဖြစ်တယ်။ ပရိသတ်အင်အား ထုနဲ့ထည်နဲ့ရှိခဲ့တဲ့ အဆိုတော် စိုင်းထီးဆိုင်ဟာလည်း နအဖရဲ့ ၀ါဒဖြန့်ချိရေးသီချင်းတွေကို သီဆိုခဲ့ချိန်ကစပြီး ပြည်သူတွေရဲ့အားပေးမှု လျော့ကျတာကို ခံခဲ့ရတယ်။ အခုဆိုရင် သူ့သီချင်းတွေကို ပြန်ဆိုနေတဲ့ အဆိုတော်ဘို ဖြူကိုပဲ ပြည်သူတွေက ပိုအားပေးနေကြတာကိုကြည့်ရင် အင်မတန်မှ သံဝေဂရစရာပါပဲ။ အဆိုတော်ဇော်ဝင်း ထွဋ်ဆိုရင်လည်း နအဖအသိုင်းအ၀ိုင်းရဲ့ မီဒီယာတခုဖြစ်တဲ့ မဟာမီဒီယာက ထုတ်လုပ်တဲ့ (မြသန်းစံရေးသားတဲ့) ‘မဟာ’ သီချင်းခွေ ထွက်ပြီးချိန်ကစပြီး ပရိသတ်အားပေးမှု သိသိသာသာ လျော့ကျသွားခဲ့တာ ဒီကနေ့အထိပါပဲ။

စာပေလောကမှာတော့ ပြည်သူလူထုရဲ့မျက်မုန်းကျိုးမှုကို အခံရဆုံးသူတွေကတော့ ဒေါက်တာမတင် ၀င်း(ပညာ ရေးတက္ကသိုလ်)၊ ကေတုနီလာ၊ မောင်ပန်းမွှေးနဲ့ ဒေါက်တာမြမြ၀င်းတို့ပါပဲ။ သူတို့အားလုံးဟာ သတင်းစာတွေမှာ နအဖအလိုကျ ပေါ်လစီဆောင်းပါးတွေ၊ ဖော်လံဖားဆောင်းပါးတွေကို ရေးသားနေကြလို့ပါပဲ။ အခုအခါမှာ သူတို့ လမ်းစဉ်ကို လိုက်တဲ့သူနှစ်ဦး ထပ်တိုးလာပြီလို့ သိရပါတယ်။ အဲဒီသူတွေကတော့ အချစ်ဂျာနယ် အယ်ဒီတာချုပ် မြတ်ခိုင်နဲ့ ပေါ်ပြူလာဂျာနယ်အယ်ဒီတာချုပ် ဟိန်းလတ်တို့နှစ်ဦးလို့ သိရပါတယ်။ သူတို့ဟာ နအဖရဲ့ မီဒီယာကို မီဒီယာနဲ့တုန့်ပြန်ကြ ဆိုတဲ့မူအရ နအဖအလိုကျ ပြည်ပမီဒီယာတွေကို တိုက်ခိုက်တဲ့ဆောင်းပါးတွေကို နာမည်မ ဖော်ဘဲ အုပ်စုဖွဲ့ ရေးသားပေးနေကြတယ်လို့ သိရပါတယ်။ အဲဒီအတွက်ကြောင့် သူတို့ဟာ အခုအခါမှာ စာပေ လောကသားတွေ၊ စာဖတ်ပရိသတ်တွေရဲ့ မျက်မုန်းကျိုးမှု၊ စက်ဆုပ်ရွံရှာမှုကို အထူးတလည်ခံနေရတယ်လို့ သိရ တယ်။ ဟိန်းလတ်ဟာ ၂၀၀၄ခုနှစ်အတွင်းက စာပေအလွဲသုံးစားမှုကြီးတခု ကျူးလွန်ခဲ့လို့ ဂုဏ်သိက္ခာ အကြီးအ ကျယ်ကျဆင်းခဲ့ရသူဖြစ်ပြီး မြတ်ခိုင်ကတော့ နအဖခေတ်မှာ မီးရထားဝန်ကြီးဖြစ်ခဲ့တဲ့ ဦးဝင်းစိန်၊ ဒုတိယ ထောက် လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်းတို့ကို အထူးဖော်လံဖားခဲ့တဲ့ သူတယောက်အဖြစ် နာမည်ကျော်ခဲ့တဲ့ စာနယ် ဇင်းသမား ဖြစ်ပါတယ်။ အခုလည်း တက်တဲ့ဝန်ကြီး တို့ဝန်ကြီးမူဝါဒနဲ့ လက်ရှိပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော် ဆန်းကို ဖော်လံဖားဖို့ ကြိုးစားနေသူဖြစ်တယ်လို့ သိရပါတယ်။

ပြန်လည်သုံးသပ်ရရင် ပြည်သူတွေကိုဖိနှိပ်အုပ်ချုပ်နေတဲ့ နအဖစစ်အာဏာရူးတွေနဲ့ ပူးပေါင်းလုပ်ဆောင်သူ၊ ဖော် လံဖားသူမှန်သမျှကို ပြည်သူတွေက ဘယ်လောက်ပြတ်ပြတ်သားသား ဆန့်ကျင်ကြတယ်၊ ဘယ်လို တိတ်တ ဆိတ် ဒဏ်ခတ်ကြတယ်ဆိုတာကို အထက်က ဖြစ်ရပ်တွေကြည့်ပြီး နမူနာယူလို့ ရပါတယ်။ ပြည်သူတွေဘက်က ယုံကြည်ချက်၊ ရပ်တည်ချက်အပြည့်နဲ့ မားမားမတ်မတ်ရပ်တည်ခဲ့လို့ ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုကို ခံကြရ တဲ့သူတွေလည်း နယ်ပယ်အသီးသီးမှာ ရှိပါတယ်။ ရုပ်ရှင်နယ်မှာဆိုရင် မင်းသားကြီးဦးထွန်းဝေ၊ သရုပ်ဆောင် ဒါ ရိုက်တာ အဆိုတော်သန်းဖေလေး၊ သရုပ်ဆောင် ဒါရိုက်တာမြတ်လေးတို့ဆိုရင် ကွယ်လွန်ချိန်အထိ နအဖကို ဒူးမ ထောက်ဘဲ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်သွားခဲ့ကြတယ်။ ဂီတနယ်မှာဆိုရင် အဆို တော်တွံ တေးသိန်းတန်၊ အဆိုတော်ထူးအိမ်သင်တို့ ကွယ်လွန်ကြတဲ့အခါ ပြည်သူတွေက အလေးအနက်ထားပြီး ဂုဏ်ပြု နှုတ်ဆက်ခဲ့ကြတယ်။

စာပေနယ်မှာဆိုရင်လည်း ကဗျာစာဆိုကြီးမင်းသုဝဏ်၊ ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်တို့ ကွယ်လွန်ကြတဲ့ အခါ ပြည်သူတွေက တခဲနက်အလေးပြု နှုတ်ဆက်ခဲ့ကြတယ်။ သက်ရှိထင်ရှားသူတွေထဲက ပြည်သူတွေဘက်က အစဉ်တစိုက်ရပ်တည်ခဲ့လို့ ပြည်သူတွေရဲ့ လေးစားကြည်ညိုမှုကို ခံကြရတဲ့ ပုဂ္ဂိုလ်တွေထဲကဆိုရင် စာရေးဆရာမ ကြီး လူထုဒေါ်အမာနဲ့ စာရေးဆရာကြီး ဒဂုန်တာရာတို့ဟာ အထင်ကရပါပဲ။

အဲဒီတော့ နအဖကိုဖော်လံဖားပြီး ကပ်ရပ်စားသောက်နေတဲ့ ပြည်သူချဉ်ဖတ်တွေကို ကွယ်လွန်သူမင်း သားကြီး ဦးထွန်းဝေရဲ့ စကားလေး လက်ဆောင်ပါးလိုက်ချင်ပါတယ်။ မင်းသားကြီးဦးထွန်းဝေဟာ ရှစ်လေးလုံးလူ ထုအုံကြွ မှုကြီးမှာ ရှေ့တန်းက တက်တက်ကြွကြွပါဝင်ခဲ့သူ၊ ၁၉၈၈ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့ မြန်မာ့ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် ရွှေတိဂုံလူထုဟောပြောပွဲကြီးမှာလည်း အဓိကကူညီ အား ပေးဆောင်ရွက်ခဲ့သူ၊ အဲဒီလိုအားပေးကူညီခဲ့လို့ နအဖစစ်အာဏာရူးတွေရဲ့ ရုပ်ရှင်ဗီဒီယိုရိုက်ကူးခွင့်၊ စာရေးသား ခွင့်တွေ ပိတ်ပင်ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီလို ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ မင်းသားကြီး ဦးထွန်းဝေက မကွယ်လွန်မီ နိုင်ငံနဲ့ပြည်သူအပေါ် အစဉ်အမြဲသစ္စာရှိဖို့ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

“ဘ၀ဆိုတာ အမျိုးမျိုးပေါ့ဗျာ။ ဒါပေမယ့် ဘယ်လိုပဲနေနေ၊ ဘယ်လိုပဲထိုင်ထိုင် ကိုယ့်တိုင်းပြည် ကိုယ့် လူမျိုးအ ပေါ်မှာ သစ္စာရှိဖို့ လိုတာပဲ။ ကိုယ့်တိုင်းပြည်ကို ချစ်တတ်ဖို့၊ ကိုယ်လူမျိုးကို ချစ်တတ်ဖို့ ဘယ်နေရာ နေရနေရပေါ့။ အဲဒါပဲ အရေးကြီးဆုံးပဲ။”
နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ လက်နက်အားကိုးပြီး ပြည်သူကိုရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ် နေတဲ့ နအဖစစ်အာဏာရူးတွေကို ပေါ်ပေါ်ထင်ထင်တမျိုး ပုန်းလျိုးကွယ်လျိုးတဖုံ ဖော်လံဖားနေကြတဲ့ ညွန့်ဝင်း အစ၊ အကော်ဒီယံအုန်းကျော်အလယ်၊ မြတ်ခိုင်အဆုံး ဖော်လံဖားတွေအားလုံး မင်းသားကြီး ဦးထွန်းဝေတို့လို ပြည်သူ့အချစ်တော်တွေရဲ့ထုံး နှလုံးမူပြီး အမြန်ဆုံးအမြင်မှန်ရကာ ကျွတ်တန်းဝင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

No comments: