Aung Naing Moe's Facebook Status
မန္တလေးအက်ဖ်အမ်က အစီအစဉ်ကြေညာသူအမျိုးသမီး သက်ပိုင်သူဟာ ကျနော့်နားကို အတော်နှိပ်စက်ပါတယ်။ သူ့အသံမျိုးနဲ့ စကားပြောတဲ့လူတွေ ဒီဘက်ခေတ်မှာ တော်တော်များလာတယ်။ "ယာဉ်ကြောတွေ ရှင်းလင်းနေပါတယ်" ဆိုတဲ့ စကားစုမျိုးမှာ "ရှင်းလင်း" ဆိုတဲ့ အသံကို အင်္ဂလိပ်စကားလုံးတခုကို ရွတ်ဆိုတဲ့ အသံမျိုးနဲ့ ရွတ်တတ်တယ်။ ရှင်း နဲ့ လင်း ကို အသံအပြည့်ထွက်တာမျိုး မဟုတ်ဘဲ အသံတစိတ်ဆီလောက် ထွက်တဲ့အပြင် "လင်း" ကို "Ling" အသံမျိုးဖြစ်အောင် ပြောဆိုတာမျိုး သတိထားမိတယ်။ ဒါဟာ ဒေသကို စွဲပြီးဖြစ်တဲ့အသံလား။ ဒါမှမဟုတ် အဲသလို ဗမာစကားကို နိုင်ငံခြားလေယူလေသိမ်းမျိုး လုပ်ပြောတာဟာ ခေတ်မီချင်တဲ့ လူငယ်တွေအကြား ရေပန်းစားလို့လား မပြောတတ်ပါ။ "ဆက်လက်ပြီးတော့" ဆိုတာကို "ဆက်လတ်ပြီးတော့" လို့ ပြောတာကလည်း အက်ဖ်အမ်မှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေတိုင်းလိုလို မှားနေကြတာဆိုတော့ တမင် ဖက်ရှင်ထွင်ပြီး ပြောနေကြတာလားလို့ တွေးမိတယ်။
ဗမာစကားဟာ မိခင်ဘာသာ မဟုတ်တဲ့ တိုင်းရင်းသားတွေမှာ "ကျေးဇူးတင်ဘာဒယ်" ကို "ကျေးဇူးတင်ပါတယ်" လို့ ပြောတာ၊ "ငယ်ဂျစ်" ကို "ငယ်ချစ်" လို့ ပီပီသသကြီး ဖတ်တာကို နားလည်ပေးနိုင်ပေမယ့် ဗမာစကားဟာ မိခင်ဘာသာဖြစ်တဲ့ ဗမာတွေကလည်း အခု တိုင်းရင်းသားလေသံ ဖမ်းပြီး ပြောတာ တွေ့တယ်။ တိုင်းရင်းသူအဆိုတော်လေးတွေရဲ့ အောင်မြင်မှုနဲ့ စကားသံကို အားကျ အတုယူကြတာလည်း ဖြစ်နိုင်ပါတယ်။
တောဘက်မှာ ငယ်သူယောက်ျားလေးတွေကို "ငဘ" "ငခွေး" စသဖြင့် "င" တတ်ပြီး ခေါ်ဝေါ်တတ်ပါတယ်။ "ငချစ်မောင်" ဆိုရင် "ငပိကောင်" ကို ခေါ်သလိုမျိုး "င" အသံတို အသံပြတ် ထွက်ရမှာ ဖြစ်ပါတယ်။ အဲဒါကို ဟိုတနေ့က ရေဒီယိုကြော်ငြာထဲမှာ "ငါ့ချစ်မောင်" လို့ ယောက်ျားနှစ်ယောက် အချီအချခန်းမှာ ကြားလိုက်ရပါသေးတယ်။
Sunday, June 22, 2014
တမင် ဖက်ရှင်ထွင်ပြီး ပြောနေကြတာလား ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment