Sunday, June 22, 2014

ဇနီးလုပ်ရပ်အတွက် ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်

ရန်မျိုးနိုင်
7DAY Daily - Saturday, June 21, 2014

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးရဲထွဋ် တောင်းပန်နေစဉ် (ဓာတ်ပုံ − ဦးရဲထွဋ်ဖေ့စ်ဘွတ်ခ်)
ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျဆင်းနိုင်သည့် ရုပ်ပုံကို ဇနီးဖြစ်သူက ဖေ့စ်ဘွတ်ခ်တွင် ဝေမျှခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒု-၀န်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်တောင်းပန်ခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၀ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာရောက်ခဲ့သည့် ဒု-၀န်ကြီး ဦးရဲထွဋ်သည် လွှတ်တော်အစည်းအဝေး မစတင်မီ အချိန်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ဇနီးဖြစ်သူ ဖေ့စ်ဘွတ်ခ်တွင် ပြုလုပ်ခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး တောင်းပန်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ပြောသည်။

‘‘သူ(ဦးရဲထွဋ်)က သူ့မိန်းမ လုပ်တာနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) ကို တောင်းပန်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒါတွေက ကိစ္စမရှိပါဘူး။ အရေးမကြီးပါဘူး။ ပြန်ပြောပါတယ်’’ ဟု ဦးကျော်သီဟက ပြောသည်။

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စကားပြောနေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးဝင်းထိန်၊ ဦးကျော်သီဟ၊ ဒေါ်စုစုလွင်တို့လည်း အနားတွင် ရှိနေကြသည်။

ဒု-၀န်ကြီး ဦးရဲထွဋ်ကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ‘‘ဒီနေ့ မနက်ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်ခ်ကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စမရှိပါဘူးလို့ ပြန်ပြောခဲ့ပါတယ်။ အဲဒီလို နားလည်ခွင့်လွှတ်ပေးမှုအပေါ် ကျေးဇူးတင်ပါတယ်’’ ဟု ရေးသားထားသည်။ ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်ရာတွင် ဒု-၀န်ကြီး ဦးရဲထွဋ်သည် လမ်းကြုံ၍ တောင်းပန်သည့် ပုံစံမျိုး မတွေ့ရဘဲ စိတ်ရင်းနှင့် တောင်းပန်သည့် ပုံမျိုးကို တွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ၎င်းအား ဖေ့စ်ဘွတ်ခ်တွင် ပြုလုပ်ထားသည့်ကိစ္စအပေါ် အာရုံစိုက်မှု ထားရှိခြင်း မတွေ့ရကြောင်း ယင်းနောက် တရားဥပဒေစိုးမိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒု-၀န်ကြီး ဦးရဲထွဋ်တို့ ဆက်လက်ပောဆိုခဲ့ကြသည်ဟု ဦးကျော်သီဟက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျဆင်းစေရန် ပုံဖျက်ထားသည့် ဓာတ်ပုံတစ်ပုံကို ဒု-၀န်ကြီး ဦးရဲထွဋ်၏ဇနီးက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ပြန်လည်မျှဝေခဲ့သည်။

ယင်းသို့ ပြုလုပ်ခဲ့သည့် လုပ်ရပ်အပေါ် နိုင်ငံတကာမီဒီယာများတွင် ဝေဖန်ရေးသားမှုများ ရှိခဲ့သည်။

No comments: