Monday, June 9, 2014

မလောင်းမနေရ ဘောလုံး

(ဂါ မဏိ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

အစ်ကိုအစ်မများနဲ့ မိတ်ဆွေများရှင့် …

ကျွန်မက ဒီနေ့ ကျွန်မတို့ နိုင်ငံမှာ နာမည်ကြီး ရှေ့ဆောင် အင်တာနက်ကုမ္ပဏီကြီးတစ်ခုက ၀န်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မတို့ ကုမ္ပဏီက စနေနေ့မှာ ဒါဘာအစည်းအဝေး လုပ်ပြီး ကျွန်မတို့ ၀န်ထမ်းတွေ အများစု ပါဝင်ကြရမယ့် လောင်းကစား ဂိမ်းတစ်ခုမှာ ပါဝင်ဖို့ ညွှန်ကြား ခံရပါတယ်။ အားလုံးမပါမနေရတော့ မဟုတ်ပါ။ ဒါပေမဲ့ လူများလေကောင်းလေဖြစ်ပြီး အနည်းဆုံး လူ ၁၀၀ ပါဝင်မှ ဖြစ်မယ်လို့ သိရပါတယ်။ များလေကောင်းလေမို့ အားလုံးပါဝင်အောင် ဌာနအကြီးအကဲတွေက စည်းရုံးပြောဆိုရမယ်တဲ့။ ခက်တာက တစ်ယောက်ကို တစ်သိန်းထည့်ရမယ် ဆိုတာပါပဲ။ ကျွန်မတို့ကို ပေးထားတဲ့ လစာရဲ့ တစ်ဝက်လောက်၊ တချို့ဆိုရင် သုံးပုံတစ်ပုံ တချို့က သုံးပုံနှစ်ပုံလောက်ကို ထည့်ရမှာဆိုတာမျိုးပါပဲ။ အဲဒီလောင်းကစားကို ဝေါကပ် ဘောလုံးပွဲမှာ ပါဝင်လောင်းရမှာတဲ့။ ကျွန်မတို့က မိန်းကလေးတွေဖြစ်ပြီး ဘောလုံးအကြောင်းလည်း သိပ်မသိပါ။ သိတဲ့ ၀န်ထမ်းတချို့ကလည်း မလောင်းချင်ကြပါ။ လောင်းရမယ့် ပုံစံက လူတစ်ယောက်ကို သုံးသင်း မဲနှိုက်ယူရမှာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ အသင်းလည်း ကိုယ်ယူလို့ မရပါတဲ့။ ပြီးတော့ အုပ်စုကနေ အကြိုဗိုလ်လုပွဲတို့ ဖိုင်နယ်တို့ တက်တဲ့ အသင်းတွေကို အချိုးကျ ဆုပေးမှာတဲ့။ အုပ်စုက ထွက်ရသူကတော့ ငွေတစ်သိန်း ဆုံးမှာပါတဲ့။

ကိုယ့်သဘောနဲ့ ကိုယ်ကတော့ ဆယ်သိန်းဆုံးဆုံး အရေးမကြီးပါ။ သူတို့က ပျော်ပွဲရွှင်ပွဲ အမည်တပ်ပြီး အဲဒီမှာ ဖွင်ပွဲပိတ်ပွဲတွေနဲ့ အရက်သောက်ပွဲ ကျင်းပပြီး အဲဒီအထဲမှာ ၀န်ထမ်းများ သဘောမတူနိုင်တဲ့ ငွေကို ဇွတ်ထည့်ခိုင်းထားတာတော့ လက်မခံနိုင်ပါ။ ဒီကုမ္ပဏီဟာ ဒီနေ့ နိုင်ငံရေးအာဏာရှိ လူကြီးတစ်ဦးရဲ့သား ပိုင်တာဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမဲ့ အခုကိစ္စကတော့ အဲဒီလူကြီးသားနဲ့ မဆိုင်ဘဲ သူ့အဖေက တပ်ထဲ မရောက်ဘူးတဲ့ အရပ်သား စီးပွားရေးသမား ဒါရိုက်တာတစ်ယောက် လက်ချက်ပါ။ အဲဒီလူက ခုနက လူကြီးသားထက် အများကြီး ဆိုးပြီး သူ့ကြောင့် စီမံဌာနက ၀န်ထမ်းသုံးယောက်၊ အရာရှိတစ်ယောက် ဘာမဟုတ်တဲ့ အကြောင်းနဲ့ အလုပ်ထွက်သွားရဖူးပါတယ်။ အဲဒီထဲက နှစ်ယောက်ဟာ ရုံးကိစ္စမဟုတ်ဘဲ သူ့အိမ်ကိစ္စခိုင်းတာ မကျေပြွန်လို့ အထုတ်ခံရတာဖြစ်ပါတယ်။ ငါ့စကားနွားရ ပြောတတ်ပြီး သူကြိုက်တဲ့အတိုင်း ၀ိုင်းလုပ်ပေးမှ ကြိုက်တာမို့ အခုလည်း စီမံဌာနကအစ ဂျီအမ်ကအစ ၀ိုင်းလုပ်ပေးကြရတာပါ။ ကျွန်မတို့ကလည်း မငြင်းရဲပါ။ သူတို့က လူတစ်ရာပါပဲလို့ ပြောပေမယ့် ဘယ်သူမှ ချန်ပြီး နေခဲ့ရဲမှာ မဟုတ်တဲ့ ကြောက်စရာ ရုံးကြီးပါ။။ ဒါကြောင့် ဒီကိစ္စ ကျွန်မတို့ ၀န်ထမ်း အများစုက မလုပ်လိုကြောင်း၊ မပါဝင်လိုကြောင်း ပိုင်ရှင်များ သိသွားအောင် ယခုရရှိတဲ့ အီးမေးကို ကော်ပီကူးပြီး နီးစပ်ရာ ဖေ့စ်ဘွတ်များမှာ တင်ပြီး ၀ိုင်းရှယ်ပေးကြစေချင်ပါသည်။

ကျွန်မတို့ မိန်းကလေးများမှာ ကိုယ်သင်ထားတဲ့ပညာနဲ့ လုပ်စားဖို့ ဒီလိုရုံးမျိုးကို မကြိုက်လှဘဲ ၀င်လုပ်ရပေမယ့် လောင်းကစားစိတ်လည်း ရှိမှ၊ အရက်ကလေးဘာလေးလည်း သောက်တတ်မှ အလုပ်ဆက်လုပ်နိုင်မလို ဖြစ်နေတာကို ၀ိုင်းကယ်ပေးကြပါဦးရှင့်။ လူကြီးပီအေတစ်ယောက်က အပြောကောင်းပုံကဖြင့် တစ်သိန်း ဆုံးသွားရင်လည်း ဆုံးတယ် သဘောမထားဘဲ အဲဒီလောင်းကစားကြီး ဖွင့်ပွဲမှာ အရက် ၀ိုင်းသောက်ကြမယ့်ပွဲနဲ့ ပိတ်ပွဲသောက်ပွဲကျင်းကြရာမှာ ငါးသောင်းစီလှူတယ်လို့ သဘောထားကြပါလို့ ပြောပါတယ်ရှင့်။ ကျွန်မတို့ ချွေးနည်းစာကို အရက်ဖိုးဖြင့် မလှူလို၊ ကျွန်မတို့လည်း မသောက်လိုပါ။ ငွေထည့်နိုင်သူတွေသာ ပါတီလုပ်ရမယ့် သွေးကွဲတဲ့ပွဲမျိုးလည်း မလုပ်စေချင်ပါ။ ဒါပေမဲ့ ကျွန်မတို့က ဒီရုံးမှာပဲ အင်တာနက် သုံးနေရတော့ ဒီအကြောင်းကို ဖေ့ဘွတ်တို့ ၀က်ဆိုက်တို့မှာ တိုက်ရိုက်မတင်ရဲပါ။ ဒါကြောင့် ထိုင်းက အစ်ကို တစ်ယောက်ကို အကူအညီတောင်းပြီး သူ့အီးမေးလ်တဆင့် မြန်မာပြည်က မေးလိပ်စာများကို ပြန်ပို့ခိုင်းရပါတယ်။ ကျွန်မတို့ကို ၀ိုင်းကူညီကြပါရှင့်။ ဒီပိုက်ဆံ မထည့်ရရင် မိဘမဲ့ကလေးများ တွံတေးမှာ ဘုန်းကြီးကျောင်းက နာဂစ်အပြီး စောင့်ရှောက်ထားတာကိုသာ သွားလှူလိုပါတယ်။ ၀ိုင်းတင်ကြ ရှယ်ကြပါရှင်။

ရုံးအနေနဲ့ မဟုတ်ဘဲတော့ လူဘယ်နှယောက်ပါပါ စိတ်ဝင်စားသူများ ပါနိုင် လောင်းနိုင် သောက်နိုင် ကဲနိုင်ကြတာမို့ အဲဒါတော့ လုပ်ချင်လုပ်ကြပါရှင့်။

အားကိုးစွာဖြင့် ...
Miss.R.L
(အီးမေးမှ ရရှိပါသည်)

No comments: