Sunday, June 8, 2014

ကျွန်တော်အမုန်းဆုံး ကျွန်တော်

Aung Naing Moe's Facebook Status

နိုင်ငံခြားမှ ပြန်လာအခြေချနေထိုင်ကတည်းက နေ့ညဥ့်မပြတ် ဆင်ခြင်အပ်သော အဘိဏှသုတ်ကို ရွတ်ဆိုခြင်းအပြင် စက္ကန့်မလပ် ကျွန်ုပ်စိတ်ထဲ မပြတ်တမ်း ကျိန်ဆဲနေသူတဦးလည်း အမှန်တကယ်ပင် ရှိ၏။

ထိုသူမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ ခေါင်းကိုင်ဖခင်ကြီးဟု အချို့သူများ တင်စားအမွှန်းတင်ကြသော ယခုအခါ ရာထူးမှစုတေ အိမ်မှာနေ၍ စာပေမပြတ် ဖတ်ရှုနေသည့် တပ်ချုပ်ဟောင်းကြီး ဦးသန်းရွှေလည်း မဟုတ်။ တလတခါ "မိဘပြည်သူများခင်ဗျာ"ဟု ညောင်နာနာအသံတမျိုးဖြင့် လေပြေထိုးတတ်သော ရိုးသားသည့် ဖိုးသခွားလေး ဦးသိန်းစိန်လည်း မဟုတ်ရေးချမဟုတ်။ အစိုးရ၏ လုပ်ရပ်မှန်သမျှအတွက် ငါးတကာယိုသည့်ချေး ပုစွန်ဆိတ် ခေါင်းစုဆိုသလို တာဝန်ယူ ဖာထေးရရှာသည့် ဖေ့စ်ဘွတ်ရွာစား စိန်ရဲထွဋ်လည်း မဟုတ်။ မွတ်စလင်ဆိုလျှင် အသေမုန်းသည့် ကတုံးငယ်ဖြူ ဝီရသူလည်း မဟုတ်။ "အဲဒါကို ရီကော့ဒ်လုပ်ထားလိုက်"ဟု ထပ်ဖန်တလဲလဲ ရေရွတ်မြည်တမ်းတတ်သော ပြည်သူ့အချစ်တော် ဒေါ်စုလည်း မဟုတ်။

ထိုသူကား အခြားမဟုတ်။ ကျွန်ုပ် ပြည်တော်ဝင် စနေကိုပေါ ကိုယ်တိုင်ပင်တည်း။ လယ်စောသား တွင်းချစ်ကြီး၏ စကားယူပြောရလျှင် "ကျွန်တော်အမုန်းဆုံး ကျွန်တော်" ပင်တည်း။ ပြည်တော်ဝင်ချင်းတူပါလျက် သမ္မတကြီးထံပါး ခစားကာ ဒေါ်လာထောင်သောင်း လစာကောင်းသော အကြံပေးရာထူးကြီးများကို အရမယူနိုင်သော မိမိအဖြစ်ကို ကျိန်ဆဲ၏။ တဖန် ကားပါမစ်၊ လုပ်ငန်းလိုင်စင်တို့ဖြင့် လဲလှယ်ရန် လက်နက်ဟူ၍ အပ်တိုတချောင်းမျှ မရှိခဲ့သော မိမိအဖြစ်ကိုလည်း ကျိန်ဆဲ၏။ မြန်မာပိစ်စင်တာတွင် လစာကောင်းကောင်းနှင့် အလုပ်မရသော ကျွန်ုပ်ဘဝကို စိတ်နာ၏။ ပါတီမထောင်မိသဖြင့် နိုင်ငံတော်မှ ချပေးသောမြေကွက်ကို မရသော မိမိ၏ အမြော်အမြင်နည်းမှုကို ရင်နာ၏။ ယူနီဆက်ဖ်၊ WHO စသည့် အဖွဲ့အစည်းများကို လစာကောင်းကောင်းနှင့် ငှားစားရန် အိမ်ခြံမြေကောင်းကောင်း မရှိသည့် မိမိအဖြစ်ကို စက်ဆုပ်၏။ ခရိုနီများထံမှ အလှူငွေ သိန်းပေါင်းများစွာကို လုံးကနဲ ခဲကနဲ ရနိုင်စရာ ရန်ပုံငွေ လေလံပွဲကြီးများ မကျင်းပနိုင်သည့် ကိုယ့်ဘဝကို အားငယ်၏။ ပြည်သူကို အစအနမျှ ကျွေးပြီး ကျန်သမျှ သပိတ်ဝင် အိတ်ဝင် မိမိအိတ်ထောင်ထဲ ကုန်းကျုံးထည့်နိုင်မည့် နိုင်ငံခြားအထောက်အပံ့ မရှိသည့် အဖြစ်ကိုလည်း အသည်းနာ၏။

သို့နှင့် ...

"ကံသာလျှင် မိမိဥစ္စာရှိ၏။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုသော ကံ၏ အကျိုးကို ငါသာလျှင် ခံစားရမည်" ဟူသော အဘိဏှသုတ်ကို နေ့ညမပြတ် ဆင်ခြင်ကာ ပေါက်လင့်နိုးနိုး မျှော်လင့်ကိုးဖြင့် ထီကို လှိမ့်ထိုးနေသူမှာ ကျွန်ုပ် ပြည်တော်ဝင် စနေကိုပေါပင်တည်း။

သဗ္ဗေသတ္တာ ကံမ ကြံသကာ ...
ပြည်တော်ဝင် စနေကိုပေါ

No comments: