Sunday, June 8, 2014

ဝန်ကြီးဌာနအားလုံး၏ ပစ္စည်းဝယ်ယူခဲ့သည့် ဈေးနှုန်းများကို မူရင်းနိုင်ငံ အကောက်ခွန်ဌာနမှ ဈေးနှုန်း၊ ပင်ရင်းစက်ရုံ ဈေးနှုန်းများဖြင့် တိုက်စစ်ပြီး ပြည်သူ့ဘဏ္ဍာ အလွဲသုံးထားမှု ရှိ၊ မရှိ ဖော်ထုတ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

Eleven Media Group

ပြည်သူများဘက်မှအခွန်ကို နှစ်စဉ်တိုး၍ ပေးဆောင်လာချိန်တွင် ပြည်သူပေးဆောင်ထားသော ပြည်သူ့ဘဏ္ဍာများအား အကျိုးရှိစွာသုံးစွဲမှု ရှိ၊မရှိ၊ အလွဲသုံးထားမှုများ ရှိ၊မရှိကို ထိရောက်စွာ စစ်ဆေးသင့်ပြီဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ပညာရှင်အချို့က ထောက်ပြလာခဲ့ကြသည်။ အခွန်ပေးဆောင်သူ နှစ်စဉ်များပြားလာပြီး အစိုးရသစ် ပထမဆုံးတာဝန်ယူသော ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၌ပင် ကျပ်ဘီလျံပေါင်း ၁၅၀၀ ကျော်အထိ ရရှိခဲ့သည်။

ယင်းနောက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်မူပြည်တွင်းအခွန်မှကောက်ခံပေးသည့် အခွန်ပမာဏမှာ ကျပ်ဘီလျံပေါင်း ၂၇၀၀ ကျော်အထိ ရရှိခဲ့ပြန်သည်။ အခွန်ပိုမိုရရှိသည့်နှုန်းမှာ ရပ်တန့်သွားခြင်းမရှိဘဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံပေါင်း ၃၅၈၀ ကျော်အထိ တိုး၍ရခဲ့ပြန်သည်။ ထို့အတွက် အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း၌ပင် အခွန်ရရှိ မှုမှာ ယခင်ထက် သုံးဆကျော်အထိ မြင့်တက်လာခဲ့သည်။

သို့သော် ပြည်သူများမည်မျှပင် တိုးတက်ပေးဆောင်သော်လည်း အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ဘတ်ဂျက်လိုငွေပြမှုမှာ ကျပ်ဘီလျံ ၇၂၀၀ ကျော်အထိ ရှိနေဆဲဖြစ်ပြီး ၀န်ကြီးဌာနများ၏ အသုံးစရိတ်က ရငွေထက် ပိုမိုမြင့်တက်နေဆဲ ဖြစ်သည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ကျပ် ၁၆၃၅ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က ကျပ် ၂၈၈၆ ဘီလျံနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၂၇၅၁ ဘီလျံစုစုပေါင်း ၇၂၀၀ ဘီလျံ ကျော် ဘတ်ဂျက်လိုငွေ ပြခြင်းဖြစ်သည်။

ထိုသို့ ဘတ်ဂျက်လိုငွေပြနေသည့် ကာလများတွင် ၀န်ကြီးဌာနများအနေဖြင့် ပြည်သူ့ဘဏ္ဍာများကို ထိရောက်မှန်ကန်စွာ သုံးစွဲရန်လိုကြောင်း၊ ထိုသို့ သုံးစွဲမှုရှိမရှိကိုလည်း စိစစ်သင့်ကြောင်း၊ ၀န်ကြီးဌာနအားလုံး၏ ပစ္စည်းဝယ်ယူမှုများသည် မှန်ကန်သည့်ဈေးဖြင့်ဝယ်ယူခြင်း ဟုတ်မဟုတ်ကိုလည်း မိမိတို့ဝယ်ယူသည့် တစ်ဖက်နိုင်ငံ၏ အကောက်ခွန်တွင် ပြထားသည့် တန်ဖိုးများဖြင့် တိုက်စစ်သင့်ကြောင်း ထောက်ပြခဲ့ကြခြင်းဖြစ်သည်။

ဝန်ကြီးဌာနများ၏ တင်ဒါခေါ်ယူ၍ ပစ္စည်းဝယ်ယူမှုများအပေါ် ၀ယ်ယူခွင့်ရသည့် ကုမ္ပဏီဘက်မှ တန်ဖိုး၏ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင် နှုန်း၊ ၁၅ ရာခိုင်နှုန်း စသည်ဖြင့် သက်ဆိုင်ရာသို့ ပေးနေရသည်ဟူသော သတင်းများသည်လည်း ကုမ္ပဏီများ အသိုင်းအ၀ိုင်းတွင် မကြားချင်မှအဆုံး ကြားနေ၊ ထွက် ပေါ်နေဆဲဖြစ်သည်။ စီမံကိန်းတည်ဆောက်မှုများတွင်လည်း ထိုသို့ပင် ရာခိုင်နှုန်းအလိုက် ပြည်သူ့ဘဏ္ဍာများ နစ်နာလေ့ရှိသည်။

ထိုသို့ဆိုလျှင် ဥပမာအားဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၀န်ကြီးဌာနအားလုံး၏ အသုံးစရိတ်မှာ ကျပ် ၂၁၉၁၈ ဘီလျံအထိ ရှိနိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားသည့်အတွက် ယင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၂၁၉၂ ဘီလျံနီးပါးမှာ နစ်နာမှု ဖြစ်သွားနိုင်ပေသည်။

နှစ်စဉ် ဘတ်ဂျက်အလိုက် ငွေများကိုသာ ပြန်လည်စိစစ်လိုက်လျှင် နိုင်ငံအနေဖြင့် မည်မျှအထိ ပြည်သူ့ဘဏ္ဍာများ နစ်နာသည်ကို မှန်းဆနိုင်မည်ဖြစ်သည်။

ဝန်ကြီးဌာနများ ပစ္စည်းဝယ်ယူမှုအပိုင်းကို စစ်လိုက်လျှင်ပင် ပြည်သူ့ဘဏ္ဍာ နစ်နာမှုများစွာ လျော့ကျသွားနိုင်ကြောင်းကို လုပ်ငန်းရှင်တစ်ဦးက " စီမံကိန်းကြီးတွေကို ထားလိုက်ဦး ပစ္စည်းဝယ်တဲ့အပိုင်းကိုပဲ စစ်ကြည့်လိုက်ပါလို့ပဲ ပြောချင်တယ်။ စစ်တဲ့အခါ တစ်ဖက်အကောက်ခွန်က တန်ဖိုး၊ ဒါမှမသေ ချာသေးဘူးထင်ရင် စက်ရုံအထိပါ ဈေးလှမ်းမေးပြီး စစ်လို့ရတယ်။ ကျွန်တော့် မိတ်ဆွေတစ်ယောက် ပစ္စည်းဝယ်တဲ့အခါ သက်ဆိုင်ရာကို ၁၀ ရာခိုင်နှုန်း အနည်းဆုံးထည့် တွက်ပေးရတာ တွေ့ဘူးတယ်။ ဒါက ၀န်ကြီးဌာနတစ်ခုပဲရှိသေးတယ်။ အားလုံးဆိုရင် နှစ်စဉ်ဘယ်လောက်အထိ ပြည်သူ့ဘဏ္ဍာတွေ လေလွင့် နေလဲဆိုတာ ခန့်မှန်းသာကြည့်ပါ။ ဒီနေ့ခေတ်မှာတော့ ဒါတွေမရှိသင့် တော့ဘူး"ဟု ပြောပြခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက "အရင်တုန်းကလည်း စက်အဟောင်းတွေကို ဆေးသုတ်ပြီး ၀ယ်တာမျိုး ကိုယ်တိုင်လည်း တွေ့ဖူးခဲ့တယ်။ ပွင့်လင်းမြင်သာတဲ့ခေတ်လို့ ပြောတဲ့ အခုအချိန်မှာ ဒါမျိုးတွေ မရှိသင့်တော့ဘူး။ ပြည်သူတွေ ပေးဆောင်ထားတဲ့ ပြည်သူ့ဘဏ္ဍာကို အကျိုးရှိရှိ သုံးစွဲရမှာဖြစ်လို့ ဒီကိစ္စက စစ်ကိုစစ်သင့်တယ်။ အစီအမံတစ်ရပ် ချပြီးတော့ကို စစ်သင့်တယ်။ တင်ဒါခေါ်ပြီး အသက်သာဆုံးဈေးနဲ့ ၀ယ်တာပါလို့ ပြောပေမယ့် တစ်ဖက်နိုင်ငံက အကောက်ခွန်မှာပြတဲ့ တန်ဖိုးနဲ့ တိုက်စစ်ရင် ဟုတ်မဟုတ် သိရမှာပဲ" ဟု ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက "ဒါ စစ်ဆေးသင့်တဲ့ ကိစ္စပါ။ လွှတ်တော်က ပြည်သူ့ငွေစာရင်း ကော်မတီကလည်း ဒါကို စစ်ဆေးပါတယ်။ တင်ဒါလို့ ပြောပေမယ့် တချို့ ဈေးနှုန်းပါမလာတာ၊ ဈေးနှုန်းအတွက် ညှိရင်ပေးရတာမျိုးတွေ ကြားရလို့လည်း ပြည်သူ့ငွေစာရင်း ကော်မတီက ဂရုတစိုက် စစ်ဆေးပါတယ်" ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က "၀န်ကြီးဌာနတွေကို လွှတ်တော်က ဘတ်ဂျက်ချပေးတယ်။ ဒီဘတ်ဂျက်ကို အသုံးပြုပြီး ၀န်ကြီးဌာနတွေက စီမံကိန်းတွေ လုပ်တယ်။ ပစ္စည်းတွေ ၀ယ်တယ်။ ဒီလိုလုပ်တဲ့ အခါမှာ ကိုယ်ဝယ်တဲ့ ပစ္စည်းရဲ့ နိုင်ငံခြားက အမှန်တကယ်ဈေးကို ပွင့်လင်းမြင်သာမှုရှိအောင် ပြည်သူကို ချကိုပြရမယ်" ဟု ပြောကြားသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအောင်ထွန်းကလည်း "စာရင်းစစ်ချုပ်ရုံးက စစ်ဆေး၊ သူတို့စစ်ဆေးပြီး အစီရင်ခံစာကို လွှတ်တော်ကို တက်လာလိမ့်မယ် ဒါကိုလွှတ်တော်က ဆွေးနွေးဆောင်ရွက်ရပါမယ်" ဟု ပြောကြားသည်။

ဝန်ကြီးဌာနအားလုံး၏ ပြည်သူ့ဘဏ္ဍာ သုံးစွဲမှုများနှင့် ပတ်သက်၍ ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဦးသန်းမောင်(စစ်တွေ)က " ပြည်ထဲရေး ၀န်ကြီးဌာနကလည်း စစ်လို့ရတယ်။ သက်ဆိုင်ရာဌာနကလည်း စစ်လို့ရတယ်။ လွှတ်တော်မှာဆိုရင်လည်း သက်ဆိုင်ရာ ကော်မတီတွေက စစ်ဆေးလို့ရတယ်။ နောက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကလည်း စစ်လို့ရတယ်။ လွှတ်တော်ထဲမှာ ဆိုရင်လည်း အရင်ဝန်ကြီး ဒုဝန်ကြီးလုပ်ခဲ့တဲ့ လွှတ်တော်အမတ်တွေ အများကြီးပါတာပဲ။ သူတို့ကိုယ်တိုင်လည်း သိနေတာပဲ။ တစ်နှစ်လည်းမဟုတ်ဘူး နှစ်နှစ်လည်းမဟုတ်ဘူး။ နှစ်ပေါင်းများစွာ ပြည်သူ့ဏ္ဍာတွေ နစ်နာတာဖြစ်လို့ စစ်သင့်တယ်။ စစ်ဆေးလို့ ကွာခြားတယ်ဆိုရင် ဒါက ရာဇ၀တ်မှုလည်း ဖြစ်တယ်" ဟု သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းထားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကိုလည်း ၂၀၁၃ ခုနှစ် သြဂုတ် ၇ ရက်ကတည်းက ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ဥပဒေလည်း ရှိသည်။ စိစစ်ရမည့် အဖွဲ့များလည်း ရှိသည်။ စောင့်ကြည့်ထိန်းသိမ်းရမည့် လွှတ်တော်လည်း ရှိသည်။ စိစစ်ပိုင်ခွင့်လည်း ရှိသည်။ အဘက်ဘက်မှ စိစစ်ခွင့်များဖြင့် ပြည့်နေပါလျက် နှစ်စဉ် ပြည်သူ့ဘဏ္ဍာ ကျပ်ဘီလျံ ၂၀၀၀ ၀န်းကျင် နစ်နာနိုင်ဖွယ် ရှိနေသည့် ၀န်ကြီးဌာနများ၏ ပစ္စည်းဝယ်ယူမှုနှင့် စီမံကိန်းများအပေါ် တိကျစွာ စိစစ်မှုမရှိလျှင် လုပ်ပိုင်ခွင့်ရှိသော အဆိုပါ အဖွဲ့အစည်းများသည်လည်း အဂတိတရား မကင်းဟု အခွန်ဘဏ္ဍာ ပေးဆောင်နေသော ပြည်သူများက သတ်မှတ်မည်သာ ဖြစ်သည်။

No comments: