Monday, June 30, 2014

ခွင့်ပြုမိန့် မလိုဘဲ ဆန္ဒဖော်ထုတ်နိုင်၊ နည်းဥပဒေစောင့်ရန် မလို

မင်းဟိန်းကျော်
http://www.7daydaily.com/
Monday, June 30, 2014

ခွင့်ပြုချက်သာ တင်ပြရန် မူလဥပဒေတွင် ပြင်ဆင်ထားပြီးဖြစ်သဖြင့် ဆန္ဒဖော်ထုတ်သူများအနေဖြင့် ခွင့်ပြုမိန့် ရရှိရန် မလိုဘဲ ဇွန်လ ၂၄ ရက်မှ စတင်ကာ ဆန္ဒဖော်ထုတ်ခွင့် ရရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ပြင်ထားတဲ့ ဥပဒေက အတည်ဖြစ်သွားပြီဖြစ်တဲ့အတွက် အဲဒီဥပဒေပါ အချက်အလက်တွေအတိုင်း အတည်ပြုတဲ့နေ့က စပြီး ကျင့်သုံးလို့ရပါပြီ။ နည်းဥပဒေကို စောင့်စရာမလိုဘူး’’ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ (ငြိမ်း၊ စု၊ စီ)ကို ပြင်ဆင်သည့် ဥပဒေတွင် ဆန္ဒဖော်ထုတ်လိုကြောင်း ဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ တင်ပြလာပါက သက်ဆိုင်ရာ အာဏာပိုင်များသည် ခွင့်ပြုချက်ကို ငြင်းဆန်ခြင်းမပြုဘဲ မဖြစ်မနေ ခွင့်ပြုရမည်ဖြစ်ကြောင်း ပြင်ဆင်ပြဋ္ဌာန်းထားသည်။

‘‘အရင်တုန်းကတော့ ဒီထက်ပြင်ဖို့ပေါ့။ ဒါပေမဲ့ ဒါကို ကန့်ကွက်တဲ့သူတွေ များနေတဲ့အတွက် ဖြစ်နိုင်တဲ့ဘောင်ထဲကနေ ပြင်လိုက်ရတာ။ အခုဥပဒေအရ ခွင့်ပြုချက်တော့ သွားတင်ရမယ်။ တင်လိုက်ရင် အရင်ငြင်းလို့ရတယ်။ အခုငြင်းလို့မရဘူး။ ခွင့်ပြုချက်တင်လိုက်ရင် ပုဒ်မ ၁၈ နဲ့ မငြိတော့ဘူး။ အဲဒီသဘောပေါ့’’ ဟု အဆိုပါဥပဒေကြမ်းကို လွှတ်တော်တွင် စတင်တင်သွင်းခဲ့သူ ပြည်သူ့လွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောသည်။

အသစ်ပြင်ဆင်သည့် ဥပဒေအရ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းသို့ အကြောင်းကြား ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်သူများကိုသာ ပုဒ်မ ၁၈ ဖြင့် အရေးယူနိုင်မည်ဖြစ်သည်။

ထို့ပြင် ဥပဒေတရပ်လုံးတွင် ပါရှိသည့် ထောင်ဒဏ်များကို ပယ်ဖျက်ခြင်း မပြုသော်လည်း မူလထောင်ဒဏ်များမှ ထက်ဝက်လျော့နည်းသည့် ထောင်ဒဏ်များသို့ ပြောင်းလဲခဲ့ပြီး အနည်းဆုံး တလမှ အများဆုံး တနှစ်အထိ ပြင်ဆင်သတ်မှတ်ထားသည်။

အဆိုပါ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ဥပဒေကြမ်းတင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကိုယ်စားလှယ် အများအပြားက ကန့်ကွက်ခဲ့သည့်အတွက် တနှစ်ခန့် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်။

ဖော်ပြပါ ဥပဒေကြမ်းကို ယခုလ ၁၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး၌ အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ရာ ဇွန်လ ၂၄ ရက်တွင် သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ပြင်ဆင်ခဲ့သော်လည်း ဥပဒေပါ ပုဒ်မ ၁၈ အား ဖျက်သိမ်းခြင်းမပြုခြင်း၊ ထောင်ဒဏ်များကို ရုတ်သိမ်းမှုမရှိခြင်း၊ ခွင့်ပြုချက်အား ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ၅ ရက် ကြိုတင်၍ ခွင့်ပြုချက်တင်ပြခြင်း အစရှိသည့် ကိစ္စရပ်များ ရှိနေသဖြင့် ဒီမိုကရေစီစံနှုန်းအဖြစ် မညီသောဥပဒေတရပ်အဖြစ် ရှိနေသေးကြောင်း ဆန္ဒဖော်ထုတ်သူအချို့နှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့က ဝေဖန်ပြောကြားသည်။

‘‘ကျွန်တော်တို့က နည်းနည်း ပြန်ထိန်းထားတဲ့ သဘောပါ။ လွှတ်ပေးလိုက်ရင် ထိုင်းမှာလို ဖြစ်သွားမှာကို စိုးရိမ်ပါတယ်။ အခု ထိုင်းမှာ ဒီလိုဖြစ်လို့ စစ်တပ် အာဏာပြန်သိမ်းသွားပါပြီ’’ဟု ဦးစောလှထွန်းက ပြောသည်။

ငြိမ်းစုစီဥပဒေ ပြင်ဆင်လိုက်သဖြင့် မိမိတို့အုပ်ချုပ်ရေးအပိုင်းမှ ဆောင်ရွက်ရန် အနည်းငယ် အခက်အခဲ ရှိလာနိုင်ပြီး ဥပဒေဘောင်အတွင်းမှ ပညာသားပါပါ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယခုနှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သင်တန်းဆင်းပွဲတစ်ခုတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားထားသည်။

No comments: