Monday, June 30, 2014

ပီအာရ်ကို တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးမည်ဆိုလျှင်လည်း တိုင်းရင်းသားအဖွဲ့များ ဆက်လက်ကန့်ကွက်မည်

အိဖြူလွင်
http://www.7daydaily.com/
Monday, June 30, 2014

အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို တိုင်းရင်းသားဒေသများဖြစ်သည့် ပြည်နယ်များတွင် မကျင့်သုံးဘဲ တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးမည်ဆိုပါကလည်း တိုင်းရင်းသားများအနေဖြင့် ကန့်ကွက်သွားမည်ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ပြောကြားလိုက်သည်။

နိုင်ငံတွင် ပြောင်းလဲရန် လိုအပ်သည်မှာ ရွေးကောက်ပွဲစနစ် မဟုတ်ဘဲ ဒီမိုကရေစီ စနစ်သာ ဖြစ်သည့်အတွက် ပြောင်းလဲရန် မလိုအပ်ဟု ယူဆကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)က ပြောသည်။

‘‘တကယ်လို့ သူတို့က ၂၀၁၅ရွေးကောက်ပွဲမှာ တိုင်းတွေမှာ ကျင့်သုံးနိုင်အောင် လုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ သဘောထားတူညီတဲ့ ပါတီတွေ အားလုံးစုပြီး ကန့်ကွက်သွားမှာပါ’’ ဟု ၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုပေါင်းထားသည့် UNA အဖွဲ့မှ ဦးအေးသာအောင်က ပြောသည်။

ပီအာရ်စနစ် ကျင့်သုံးရန် လွှတ်တော်သို့ စတင်တင်သွင်းခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက အမျိုးသားလွှတ်တော်တွင် အဆို စတင် တင်သွင်းစဉ်က တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးရန်ဟု မပြောကြားခဲ့သော်လည်း အဆိုကို အမျိုးသားလွှတ်တော်တွင် အတည်ပြုပြီးနောက် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ တိုင်းရင်းသားပါတီများအားလုံးက ကန့်ကွက်ခဲ့သည့်အတွက် ပီအာရ်စနစ်ကို ပြည်နယ်များတွင် ကျင့်သုံးမည်မဟုတ်ဘဲ တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးရန် ရည်ရွယ်ကြောင်း ပါတီက ကြေညာချက် ထုတ်ပြန်လိုက်သည်။

ပီအာရ်စနစ် ပြောင်းလဲလိုခြင်း၏ အဓိကအကြောင်းရင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အပြတ်အသတ်အနိုင်ရခြေကို ကာကွယ်ရန်နှင့် ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်များ လိုအပ်သည့် အရေအတွက်ထိ အနိုင်ရစေရန်သာ ရည်ရွယ်သည့်အတွက် တိုင်းရင်းသားများ ကန့်ကွက်၍ ပြည်နယ်များတွင် မလုပ်လိုပါကလည်း လုံးဝပြောင်းလဲရန် မသင့်လျော်သေးသည့်စနစ် ဖြစ်သည့်အတွက် ကန့်ကွက်သွားမည်ဟု UNA က ပြောကြားထားသည်။

၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုပေါင်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကလည်း လွှတ်တော်နာယကထံ ပီအာရ်စနစ် ကျင့်ပြောင်းလဲ ကျင့်သုံးမည့်အပေါ် ကန့်ကွက်စာ ပေးပို့ထားပြီး လွှတ်တော်နာယက က ညှိနှိုင်းပေးမည်ဆို၍သာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်ဟု သိရသည်။

တိုင်းရင်းသား ပြည်နယ်များရှိ လွှတ်တော်များတွင် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးမည့် အပေါ် NBF အဖွဲ့ဝင် တိုင်းရင်း သားပါတီများမှ ပြည်နယ်ခုနစ်ခု တွင် ဇွန်လကုန်ပိုင်းမှ စတင်၍ ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် လွှတ်တော်တွင်း ပါတီများဖြစ်သည့် NBF က ပီအာရ်ကို ပြည်နယ်များတွင် မကျင့်သုံးပါက ထောက်ခံလာနိုင်သည့် အခြေအနေ ဖြစ်လာမည်ကိုလည်း စိုးရိမ်ရသည်ဟု အဆိုပါအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

No comments: