Monday, June 30, 2014

အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှု အတိုင်းအတာတခုထိသာ သက်ရောက်နိုင်ဟုဆို

အိဖြူလွင်
http://www.7daydaily.com/
Monday, June 30, 2014

အခြေခံဥပဒေပြင်ဆင်ရေး မုံရွာမြို့တွင် ဦးကိုကိုကြီး ဟောပြောနေစဉ် (ဓာတ်ပုံ −မျိုးမင်းဦး)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ၈၈ ငြိမ်း/ပွင့်တို့ လုပ်ဆောင်နေသည့် အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများသည် အတိုင်းအတာတခုအနေဖြင့်သာ ဥပဒေပြင်ဆင်ရေးကို သက်ရောက်မှုရှိနိုင်သည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA) က ပြောကြားလိုက်သည်။

စစ်မှန်သော ဒီမိုကရေစီနိုင်ငံဖြစ်စေရန်နှင့် ငြိမ်းချမ်းရေး ရရန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေပြင်ဆင်ရမည်ဖြစ်သောကြောင့် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပမှ နိုင်ငံရေးပါတီများနှင့် ပြည်သူများ ပူးပေါင်းဆန္ဒထုတ်ဖာ်၍ ကြိုးပမ်းခြင်းသာဖြစ်ကြောင်း UNA အဖွဲ့ဝင်တဦးဖြစ်သည့် ဦးအေးသာအောင်က ပြောသည်။

လွှတ်တော်တွင်းမှ ပြင်ဆင်ရန် ကြိုးပမ်းမှုများနှင့် လွှတ်တော်ပြင်ပမှ ကြိုးပမ်းမှုအားလုံး အမှန်တကယ်ဖြစ်နိုင်ရေးမှာ လွှတ်တော်တွင်း အများစုဖြစ်သော ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေသည်ဟုလည်း ဦးအေးသာအောင်က မှတ်ချက်ပြုသည်။

‘‘လွှတ်တော်ထဲမှာလည်း ပြင်နိုင်မယ်လို့ ကျွန်တော်တော့ သိပ်ယုံကြည်မှုမရှိဘူး။ အခု NLD က လုပ်နေတဲ့ လှုပ်ရှားမှုမှာလည်း သူတို့က ပြင်မယ်ပဲ ပြောတာ။ ဘယ်လိုပြင်မယ်ဆိုတာ မပြောနိုင်ဘူး’’ ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းညွန့်လွင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းချမ်းရေးပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်နေသော အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုပ်ရှားမှုသည် တလအတွင်း၌ပင် တိုင်းဒေသကြီး သုံးခုတွင် လက်မှတ်ပေါင်း ၂၆ သိန်းခန့်ရရှိပြီဖြစ်သည်ဟု သတင်းရရှိသည်။

သို့သော် အဆိုပါလှုပ်ရှားမှုများသည် အမှန်တကယ် ဆုံးဖြတ်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ပြည်သူလူထု၏ တွန်းအားတရပ်အနေဖြင့်သာ ရှိနိုင်မည်ဖြစ်ပြီး မည်မျှထိရောက်နိုင်မည်ကို မပြောနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ တို့ လုပ်ဆောင်နေသည့် ခြေ/ဥပြင်ဆင်ရေး လှုပ်ရှားမှုများကိုမူ ကန့်ကွက်မည်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မည်သာဖြစ်ပြီး အောင်မြင်မည်ဟု များစွာ မျှော်မှန်းနိုင်ခြင်းမရှိဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပါဝင်လက်မှတ်ရေးထိုးရန် ရှမ်းပြည်နယ်ရှိ ပါတီဝင်များကို ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ပြင်ဆင်ရေးဟောပြောပွဲများသို့ တက်ရောက်ခဲ့သည်။

No comments: