Sunday, June 1, 2014
အနီးမြင် အဝေးမြင်
ကိုမွှေး
(ပေးပို့သည့် မူရင်းအတိုင်း တင်ဆက်ခြင်းဖြစ်ပါသည်။)
"မြန်မာနိုင်ငံမှာ နော်အုန်းလှ၊ ဟန်ဝင်းအောင်နဲ့ ပြည်သူ့ဘက်က ထာဝရရပ်သူတွေဟာ ဘယ်အဖွဲ့အစည်းကမှ မဏ္ဍပ်တိုင်တက်ပေးဖို့မလိုဘဲ ကမ္ဘာ့အမြင့်မြတ်ဆုံး အသန့်စင်ဆုံး ဆုရှင်တွေဖြစ်တယ်" နှစ်ဆယ်ရက် ငါးလ နှစ်ထောင့်တစ်ဆယ့်လေးခုနှစ်၊ ညနေ လေးနာရီ ဆယ့်တစ်မိနစ်မှာ Email တစ်စောင် ၀င်လာပါတယ်။ ကျနော်က ရုံးဘေးက parking မြေအောက်ထပ်က Smoking Area မှာ ကျနော့်သူငယ်ချင်းနဲ့ စီးကရက်ဖွာနေတာပါ။ သူကလည်း သူ့ email ကို သူ့ဖုန်းကနေ ကြည့်ရင်း ရယ်တော့သည်။
ကျနော်လည်း အလုပ်ဖုန်းကနေ email ကို ကြည့်လိုက်တော့ Traffic Alert တဲ့၊ ပို့တဲ့သူက Senior Executive Secretary ဆီက …၊ သိပ်စိတ်ကောင်းရှိတဲ့ အဘွားကြီး။ ခုလည်း မြို့နယ်ရဲစခန်းက မနက်ဖြန်ဆိုလျှင် လမ်းများပိတ်မည်ဖြစ်ကြောင်း၊ ကျနော်တို့ရုံးနားက ကမ္ဘာ့အကြီးဆုံး Fast Food ကုမ္ပဏီကြီးမှ အလုပ်သမားများက ကုမ္မဏီဌာနချုပ်သို့ လာရောက်ဆန္ဒပြမည်ဖြစ်ကြောင်း နှစ်ဆယ့်တစ်ရက် ငါးလ နှစ်ထောင့်တစ်ဆယ့်လေးခုနှစ် နေ့လည် ဆယ့်နှစ်နာရီမှ စ၍ ဆန္ဒပြချိန် ပြီးဆုံးသည်အထိ လမ်းများ ကျပ်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် campus တွင် နေ့လည်စာမစားဘဲ အပြင်ဆိုင်များသို့ သွားစားတတ်ကြသည့်သူများ သိစေရန် ဖြစ်သည်။
ကျနော်က ကျနော့်သူငယ်ချင်းကို မေးလိုက်သည် "ဘာဖြစ်လို့ ဆန္ဒပြတာလဲကွ မင်းသိလား" သူက သူ့ မျက်မှန်ကို ညာလက်ဖြင့် ပင့်တင်ကာ မျက်ခုံးကို မြှင့်၍ "သူတို့ကုမ္မဏီက စားသောက်ဆိုင်တွေမှာလုပ်တဲ့ အလုပ်သမားတွေက တနာရီ ဆယ့်ငါးဒေါ်လာ ရဖို့ ဆန္ဒပြမှာကွာ" တဲ့။
ကျနော်တို့ ဆေးလိပ်ဖွာအပြီး ရုံးပေါ်သို့ ပြန်တက်ကာ ကော်ဖီတခွက် ဖျော်လိုက်သည်။ ကော်ဖီက သိပ်တော့ အကောင်းကြီးမဟုတ်လှ။ ရုံးက နားနေခန်းတွေနှင့် ထောင့် အသီးသီးတွင် အလကားကိုယ့်ဟာကိုယ်သောက်လို့ ရသည့် Starbucks ကော်ဖီစက်ကြီးများမှဖြစ်သည်။ ကော်ဖီမကြိုက်သူတွေအတွက်လည်း ချောကလက်ပူပူတွေ အဲဒီစက်ကပဲ ထွက်သည်။ ကော်ဖီသောက်ရင်း ကျနော် federal minimum wage ကို ရှာကြည့်သည်။ တစ်နာရီကို ၇.၂၅ ဒေါ်လာ တဲ့။ ကျနော့် ပြည်နယ်မှာက ၈.၂၅ ဒေါ်လာ ၊ ၀ါရှင်တန် ပြည်နယ်ဆိုလျှင် ၉.၃၂ ဒေါ်လာ၊ ဒါအောက်ဆုံးလုပ်ခ ။ ကျနော်လဲ ကျနော့် ကွန်ပြူတာလေး ကို အိပ်ခိုင်း၊ ကာကီရောင် Eddie Bauer ကျောပိုးအိတ်ကလေးထဲထည့်၊ E-cigarette လေးကိုဖွာ ၊ ကျောပိုးအိတ်ကလေးကိုလွယ်၍ parking lot မှ ကျနော့်ကားဆီသို့ ၊ ထိုမှတဆင့် အိမ်သို့ ။ အရင်တော့ဆေးလိပ်ဖြတ်မယ်ဆိုပြီး Joyetech က E-cig တစ်ခုဝယ်ပြီးကတည်းက ရုံးမှာထိုင်နေရင်းလဲသောက်၊ အပြင်ထွက်တော့လည်း စီးကရက်ဖွာဖြစ်ဖြင့် ခုတော့ နှစ်ခု လုံးကို ဖြတ်မရသလိုဖြစ်၊ သို့ဖြင့် အိမ်အပြန်လမ်းတွင် ထို ကုမ္မဏီ ဌာနချုပ်ကြီးကို ကြည့်လိုက်တော့ ပုံမှန်အတိုင်း ပင် ၊ သူတို့ တွင်လည်း နည်းသည့် ၀န်ထမ်းများမဟုတ်။
--------------------------------------------
ကျနော် အိပ်ယာကထတော့ ရှစ်နာရီခွဲ၊ ကိုယ်လက်သန့် စင် ကိုးနာရီထိုးဖို့ ငါးမိနစ်အလို အိမ်သူကို နဖူးကလေးနမ်းပြီး ၊ ကား ဂိုထောင် ဖွင့်၊ ကားထုတ်၍ ဖြေးဖြေးမှန်မှန် ရုံးဆီသို့ မောင်းလာခဲ့တော့သည်။ ရုံးနှင့် အိမ်နှင့်က နီးနီးလေး၊ နေ့ လည်ဆိုလျှင်လဲ ကျနော်က နေ့လည်စာအိမ်ပြန်စား၊ သတင်းလေးဘာလေးကြည့်ပြီးမှ ရုံးပြန်တက်၏။ အဲ....၊ မနေ့ ကထိုကုမ္မဏီ၏ ကြီးမားသော Parking lot ကြီးထဲသို့ အ၀င်အထွက်လမ်းမှာ ဘာဂိတ်မှ မရှိသေး။ ခုတော့ကြည့်ပါဦး ကွန်ကရစ်ဂိတ်နှင့် အနီအဖြူစင်း သံမောင်းတန်ကြီးများဖြင့် ၊ ထို့ နောက် card reader မှ employee card ဖြင့် ၀င်ရသည့် ဂိတ် ၊ ဂိတ်ဘေးတွင် လုံခြုံရေးအရာရှိတယောက်က စမတ်ကိုဂွန်နေသော ယူနီဖောင်းအကျအန၀တ်လျှက် ၊ ထူးခြားသည်က parking lot တွင်ကားတစီးမျှမရှိ။ ပုံမှန်ဆို ကားရာပေါင်းများစွာအမြဲလိုရှိနေသာ နေရာကြီး က ကျီးနှင့်ဖုတ်ဖုတ်။
ကျနော့်စိတ်ထဲတော်တော်ပင်ဇဝေဇ၀ါဖြစ်သွားရ၏။ ဘယ့်နှယ် မနေ့ က ညနေ ငါ အိမ်ပြန်တော့ ဒါတွေမတွေ့ ဘူး၊ ဒီလိုလဲ မဟုတ်သေးပါဘူး ခု တော့ ချက်ခြင်းကြီးပါလားပေါ့။ ထိုဂိတ်ရှေ့ လမ်းမှ ဖြေးဖြေးဖြတ်မောင်းရင်း ကိုယ့် ကုမ္မဏီ ၏ overflow parking lot ကြီးများတွင် ကြည့်လိုက်တော့ ၊ယူနီဖောင်းအပြည့်ဖြင့် ရဲအရာရှိများ ကိုတွေ့ လိုက်ရ၏။ တယောက်မဟုတ်နှစ်ယောက်မဟုတ်၊ parking lot အပြည့်ရဲကားတွေရပ်လျှက်။ အားလုံးမှာ Glock ကိုယ်စီခါးချိတ်လျှက် ၊ ကိုယ်က ရုံးတက်ကို စံချိန်ဖြင့် အမြဲ နေ့ စဉ်နောက်ကျသည့်သူဆိုတော့ ထမင်းပြန်မစားခင်အချိန်တွေမှာ အမြဲ တန်း ရုံးအောက်က parking lot မှာ နေရာမရ။ ထုံးစံအတိုင်း overflow parking lot မှာရပ်ရသည်။ ဒီတော့ ကိုယ်တော်ချောများကို သွားဖြဲ ပြလျှက် မရပ်သာ ရပ်သာ ကိုယ့်ရုံးနှင့်အဝေးဆုံးတနေရာကို သွားရပ်ရတော့သည်။
သူတို့ ကို ကြည့်ရင်း ၊ အကျင့်ပါနေသည့်အတိုင်း ၊ သူတို့ အင်အား ၊ သူတို့ ကိုင်ဆောင်သည့်လက်နက်၊ သူတို့ commanding officer ဘယ်နှစ်ယောက်ဆိုတာ ကို မသိမသာ အကဲခတ်ရင်း ရုံးဆီသို့ လျှောက်လာလိုက်၏။ အားလုံးက state police က ချည်ဖြစ်သည်။ ဟော...အကျင့်က ပါနေသည့်အတိုင်း ဆေးလိပ်သောက်နေကျ မြေအောက်ခန်းဆီသို့ လှေကားကဆင်းလိုက်တော့ ၊ အဲဒီမှာလဲ gear အပြည့်ဖြင့် ဆရာသမားများ သူတို့ ကားတွေ ဘေးမှာရပ်လျှက်သား။ ခွေးတွေကပါလိုက်သေးသည်။ K-9 unit လဲ ပါသည်ပေါ့။ သူတို့ ကို ပြုံးပြလိုက်ပြီး စီးကရက်တစ်လိပ်ထုတ်မီးညှိ၍ လေးငါးခြောက်ဖွာ ဖွာပြီး ဆေးလိပ်ခွက်ကြီးထဲ ထည့်၏ ၊ထို့ နောက် လှေကားမှပြန်တက် ကာ ရုံး ဆီသို့ အသော့နှင်လာခဲ့သည်။ ရုံးအပေါ်ထပ်ရောက်တော့ နားနေခန်းကို ၀င် ၊ ကော်ဖီတခွက်ဖျော်၊ ကိုယ့်ရုံးဆီကိုယ်လာ။
အစည်းအဝေးတစ်ခု ၀င်ပြီးနောက် လူကမချင့်မရဲ ၊ ကိုယ်ကျောပေးထိုင်နေသည်က လက်နက်ကိုင်အုပ်စု ၊ အကျင့်ကပါနေသည့်အလျှောက် ၊ ကျောကမလုံ။ ဒီတော့ outlook calender ကိုကြည့်ပြီးစည်းဝေးပွဲတွေ နေ့ လည်နှစ်နာရီမှပြန်စမည်ဆိုတာသိမှ စိတ်ဒုံးဒုံးချကာ မှန်နံရံကြီးဘောင်ပေါ်ခြေတင်လျှက် သကောင့်သားများကို အကဲခတ်လိုက်၊ သတင်းလေး ပြန်ဖတ်လိုက်ဖြင့် ဆယ့်တစ်နာရီ ထိုးတော့ မနေနိုင်တော့ ၊ ကျနော့် galaxy note 2 ဖုန်းလေးထုတ်ပြီး ဓါတ်ပုံလှမ်းဆွဲရိုက်လိုက်သည်။ ပြီးတော့ ကျနော် ထမင်းစားဖို့ အိမ်ပြန်တော့သည်။ ဒီတခါကြည့်လိုက်တော့ကာ သူတို့ တွေအတွက် အီတလီ မုန့် ပျားသလက် ခေါ် ချင်ခေါ် အဲဒီ pizza တွေ ကို state police က van ကားကြီးတွေဖြင့် လာပို့ သည်ကို မြင်လိုက်ရတော့ ဗိုက်က ပိုဆာလာသည်။ ကျနော်က တနေ့ နှစ်နပ်ပဲ စားသည်။ ဟို မြန်မာပြည်က ဦးနှောက် ပုံမှန်မဟုတ်သည့် ၀န်ကြီး က တနပ်လျှော့စားပေါ့ လို့ ပြောသဖြင့်တော့မဟုတ်။ အကျင့်ပါနေ၍ဖြစ်သည်။
--------------------------------------------
ရာသီဥတုကလေးက သာယာသည်။ သစ်ပင်ပန်းမာန်တွေနှင့် ၊ စိမ်းစို ၊ ရောင်စုံ ၊ အေးမြ ၊ မျက်စိပသာဒ ကျလွန်းလှသည်။ ကျနော် ဖြေးဖြေးမောင်းရင်း ကြည့်လိုက်တော့ ထိုကုမ္မဏီကြီး၏ ရှေ့ တည့်တည့် parking lot အစွန် က သူတို့ ၏ flagship ဆိုင်ကြီးသည်လည်းပိတ်လျှက်။ သို့ဖြင့် ကျနော်အိမ်ပြန်ရောက်လာသည်။ အိမ်သူကို တွေ့ ခဲ့မြင်ခဲ့သည်ကို ကျနော်ပြန်ပြောပြသည့်ပုံမှာ ၊ ပထမဆုံး ဆပ်ကပ်ကြည့်ဖူးသော ကလေးတစ်ယောက် က ဆင်ကြီး ကင်းမြီးကောက်ထောင်ပြသည်ကို အံ့သြတကြီးပြန်ပြောပြနေသည့်နှယ်။
'ဒီလို ... အဲဒီ က အလုပ်သမားတွေက တနာရီကို ဆယ့်ငါးဒေါ်လာ တောင်းသတဲ့ ၊ ဟို ကုမ္မဏီကလဲ မပေးဘူးတဲ့ ၊ ဒါကြောင့်ဆန္ဒလာပြတာလို့ ပြောတယ်' ဟု သိသမျှကို ဖောက်သည်ချလိုက်သည်။ အိမ်သူက စပါယ်လက်ဖက်ရည်ကြမ်းခွက်ကလေးကို ထမင်းစား စားပွဲပေါ်ချပေးကာ 'တကယ်တော့ သူတို့ ပေးလို့ ရတာပဲ ပေးမယ်ဆိုရင် ၊ ဒါပေမယ့် မပေးပဲ နဲ့ဆွဲထားပြီး ရသလောက်ညှိမှာ ၊ ဒီကြားထဲ အဲဒီ အစွန်းထွက်တန်ဘိုးက နည်းတဲ့ငွေတွေလား၊ Voltaire ပြောခဲ့သလိုပေါ့ ဟု " သူက ပြော၏။ ကျနော်လဲ " အေးကွာ..."ဟုသာပြော၍ လင်မယားနှစ်ယောက်သား နေ့ လည်စာ စားလိုက်ကြ၏။ နေ့ လည်စာစားပြီး ထွေရာလေးပါးများပြောဖြစ်ကြပြီး ရုံးသို့ ပြန်မောင်းလာခဲ့တော့သည်။
စပ်စုလိုစိတ်ဖြင့် ထိုကုမ္မဏီကြီးဖြင့်နီးလာလေ ၊ မဖွယ်မရာတွေမြင်တိုင်း ဟွန်...ရှက်တယ် ကြည့်ရဲဘူး ဟု ပြောတတ်သည့်အပျိုကြီး အားတက်သရောတွေဖြစ်ကာ မချင့်မရဲဖြစ်သလို ၊ ကျနော့်မှာ ကဲ ကဲကြည့်ရင်း ဖြင့် ကျနော့်ရုံးဆီသို့ ပြန်ရောက်လာခဲ့တော့၊ ဟောဗျာ...ဒီတခါတော့ ကျနော်နေသည့် မြို့နယ်မက ၊ အနီးပတ်ဝန်းကျင်မှ county တစ်ခုတည်းဖြစ်သော မြို့ နယ်များမှ ရဲကားများကိုလဲ တွေ့ ရသည်။ ကျနော်လဲ ခပ်ကြွားကြွား သူဌေးကတော်ချိုင်းကြားမှ ပိုက်ဆံအိတ်ကို အသာ ကပ်ခွဲဖို့ ကြံစည်နေသည့် ခါးပိုက်နှိုက်အလား ယောင်လည်ယောင်လည်ဖြင့် ရုံးပေါ်သို့ ပြန်မတက်ပဲ အကဲခတ်နေလိုက်သည်။ ကျနော်အိမ်မှပြန်ထွက်လာတော့ တစ်နာရီကျော်ပြီဆိုတော့ တကယ်ဆို ဆန္ဒပြသူတွေရောက်နေနှင့်သည်ပေါ့ ။ တွေးရင်း အသာ အကဲခတ်ရင်း ဖြင့် နောက်ဆုံးတွင်တော့ သူတို့ အားလုံး သူတို့ suv တွေ ပေါ်တက်ကြတော့သည်။ ထို့ နောက် တစီးပြီးတစ်စီး မောင်းထွက်သွားလိုက်သည်မှာ အစီးလေးဆယ်ကျော် ၊ ဒါတောင် အပေါ်ထပ် parking lot က အုပ်စု ၊ အောက်ထပ် parking lot က အခြားလမ်းဘက်ကထွက်သွားသည်ကလဲ မျက်နှာကြီး သားရှင်ပြုက ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်နှင့် စွေစောင်း၊ လေဖောင်း ၊ ဘုတ်ဆုံ၊ လှငုံ ၊ မြနှစ် တို့ အပြင် ကာလသားတအုပ်၏ ဦးရွှေရိုး ဒိုး အဖွဲ့ လို နည်းသည့် ကားတန်းမဟုတ်။ သူတို့ အားလုံး ထွက်သွားတော့ တွက်ကြည့်လိုက်သည်က အနည်းဆုံး အင်အား သုံးရာ ၊ တစ်ဦးချင်းခါးတွေမှာလဲ tie wrap ပလတ်စတစ်ကြိုးတွေက အချောင်းနှစ်ဆယ်လောက် လက်ထိပ်နှစ်ခု နှင့် pepper spray ဘူးနှင့် stun gun ကြားမှာ ။
-------------------------------------------
ကျနော် ရုံးပေါ်ပြန်တက် ၊ နောက်ထပ် ကော်ဖီတစ်ခွက်ဖျော် ၊ ကိုယ့်ရုံးဆီကိုယ်ပြန်လာ ပေါ့ ။ ခုတော့ ကျနော် မှန် နံရံကြီးကိုကျော်ကြည့်တော့ ဘာရဲကားမှမရှိတော့။ လူက ဖင်တကြွကြွ၊ အလုပ်သမားတွေဘယ်လိုများဆန္ဒတွေပြမယ်တုန်း ဟု တွေးမိ၏။ ပထမဆုံးရည်းစားချိန်းရာ ကို လိုက်သွားသည့် အပျိုရိုင်းကလေး လမ်းခုလတ်တွင် စိတ်လှုပ်ရှားနေသလို မျိုး ဖြစ်မည်ထင့် ။ စိတ်ထဲ တွင် ရွစိရွစိ။ ထူးပါဘူးကွာ ...အောက်ပြန်ဆင်းဦးမယ် ဟု တွေးကာ ၊ ရုံးပေါ်မှအောက်ပြန်ဆင်းလာတော့ ကောင်းကင်မှာ ရဟတ်ယာဉ်လေးစီး ကိုတွေ့ လိုက်ရ၏။ နှစ်စီးက ရဲဌာန ရဟတ်ယာဉ် ၊ နှစ်စီးက သတင်းဌာန နှစ်ခုမှ ရဟတ်ယာဉ်။ ဒီတော့ ထူးပါဘူးကွာ အဲဒီဘက်လျှောက်ကြည့်ဦးမယ် ဟူသောစိတ်ဖြစ်လာကာ လျှောက်ကြည့်လိုက်တော့ ဒီဖက်လမ်းမှာ channel အသီးသီးနှင့် သတင်းစာအသီးသီးမှ ကားများရပ်ထားကာ ရဲကားများက ထောင့်ဖြတ် နှစ်စီး ကန့် လန့် ရပ်၍ လမ်းပိတ်ထား၏။ ဆန္ဒပြသူများအတွက်ကတော့ သေချာဖွင့်ပေးထားသည်ကို လှမ်းမြင်ရ၏။ ဆန္ဒပြမည့် တက်ကြွသူများကိုမတွေ့ ရသေး ၊ သူတို့ က ဟိုး ဖက် Mall တွေဖက်ကလမ်းလျှောက်လာမည်ဖြစ်သည်ကိုး။ ခဏ ကဲ ကြည့်လိုက် ၊ ခြေဖျားထောက်ကြည့်လိုက်နှင့် ၊ မသိလျှင်တော့အာရှတိုက်သား ကျပ်မပြည့်သည့်သူ တစ်ဦးလို ကျနော့်မှာ မေပယ်ပင် လေး ကို ကိုင်လျှက် ၊ ခဲလုံးကို အစာမှတ်၍ ဟတ်မိသော ကြက်ဖကြီးလို လည်ပင်းနှင့်ခေါင်းက နိမ့်လိုက်မြင့်လိုက်။
နည်းနည်းက ကြာလာသည် ၊ စိတ်ကမရှည်တော့ ၊ သူ့ မေကလွှား နောက်အစည်းအဝေးကလဲ ထိုင်ရတော့မည်။ ထိုသို့ ဖြင့် မကြည်မလင်ဖြင့် ရုံးဆီသို့  တပ်ခေါက်ပြန်ခဲ့တော့သည်။ ထိုနေ့ ညနေက စောစောအိမ်ပြန်ဖြစ်၏။ ထုံးစံအတိုင်းဆိုလျှင် ငါးနာရီမထိုးခင်ပြန်နေကျ။ ခုတော့ လေးနာရီကျော်ယုံလေးဖြင့် ပြန်လာခဲ့ရင်း ၊ ထိုကုမ္မဏီကြီးဖက်သို့ ငေးဖြစ်ရင်းတွေးခဲ့မိသည်။ ကြည့်စမ်းပါဦး ၊ ဆန္ဒပြမည်ကို သူတို့ ကို တရားဝင် အသိပေးပြီးဖြစ်သည်ဆိုတော့ သူတို့ ဖက်ကလဲ highly paid ၀န်ထမ်းအားလုံး ပဲရှိသည့်ဌာနချုပ်မှ ရုံးသူရုံးသားများကို အလုပ်လာခိုင်းပုံမပေါ်။ ဒီခေတ်ကြီးမှာ တကယ်တော့ ကာယလုပ်သားမဟုတ်လျှင် ရုံးတက်ရန် မလိုတော့ ။ အိမ်က နေ၍ ကုမ္မဏီမှ ပေးသော laptop ကလေးမှအလုပ်လုပ် ၊ ကုမ္မဏီမှပေးသော ဖုန်းကလေးနှင့် စည်းဝေးပွဲ တက်လို့ ဖြစ်သည်ကိုး။ အဲလို မြန်မာပြည်က လုပ်စား ရုပ်ပြ လွှတ်တော် ဆိုသည့်ဟာထဲက ကျနော်တို့ နိုင်ငံမှ လွှတ်တော် အမတ်ဆိုသည့် ဗိုင်းနာထီး ဗိုင်းနာမများဆိုသည့် ဆန်ကုန်မြေလေးတွေကို ထိုအတိုင်း လုပ်ခွင့်ပေးလိုက်လျှင် အရှက်ကွဲရ ၊ မျက်စိနောက်ရကျိုးတော့နပ်မည်အမှန် တိုင်းပြည် ကောင်းမလာသည်ကတော့အသေအချာ။ မထူး ။ ဒီတော့ ထိုကုမ္မဏီမှ ဘယ်သူမှ ရုံးမှာမရှိကြ။ ဆန္ဒပြသူများခင်မျာ မှာတော့ လူမရှိသည့် ရုံးကြီးရှေ့  ပိုစတာကြီးတွေကိုင်ကာ လာ၍ အော်ကြ ဟစ်ကြ။ ထို ကုမ္မဏီကြီး ကို ကာကွယ်ဖို့  အတွက် ပြည်နယ် ရဲနှင့် မြို့ နယ်အသီးသီးမှထုတ်နှုတ်အင်အားများကိုအသုံးပြုကာ ရဲ အရာရှိများက စောင့်ရ ၊ ဖမ်းရ ၊ ဆီးရ။ဒါကလဲ အရင်းရှင် ကို ကာကွယ်ရမှာကိုး။
----------------------------------------------
ထုံးစံအတိုင်း ကျနော် ရုံးကို ကိုးနာရီခွဲမှ ရောက်သွားတယ်။ ကော်ဖီဖျော်တယ် ။ ကွန်ပြူတာ ဖွင့်တယ် ။ ဒီတော့လဲ မနေ့ က ဘာများဖြစ်သနည်းပေါ့ သတင်းတွေဖတ်တယ်ပေါ့ဗျာ။ဟောဗျာ လူပေါင်း တစ်ရာကျော် ကို ဖမ်းသတဲ့။ ဒါအမေရိကန်နိုင်ငံက လတ်တလောအဖြစ်အပျက်ပါ ။ ဒီအဖြစ်အပျက်မှာ လူ ပေါင်း တစ်ရာသုံးဆယ့်ငါးယောက် အဖမ်းခံရတယ်။ ဘာကြောင့်ဆိုတော့ သူတို့ က သေချာ ညတွင်းချင်းလုပ်ထားတဲ့ ဂိတ်တွေကိုကျော်ပြီး တက်ကြွ ၊ အော်ဟစ် ၊ တောင်းဆိုလို့ ဗျား။ ဒါပေမယ့် သူတို့ တစ်ညပဲ အချုပ်ခံရတာပါ။ ခုတော့လွတ်ကုန်ပြီ။ ကျနော့်ရုံးမှာလဲ ရုံးကလူတွေနဲ့အဲဒီအကြောင်းကို ပြောဖြစ်ကြတယ်။ များသော အားဖြင့်ကတော့ စိတ်တောင်မ၀င်စားကြပါဘူး ။ ဒါပေမယ့် ကျနော့်သူငယ်ချင်းတွေ ကတော့ သတင်းစုံတယ်။ ဘယ်လိုဘယ်ဝါဘာဖြစ်ကြောင်းပေါ့ဗျာ။ ဒီမှာ သူတို့ ကပြောတယ် minimum wage မရချင်ရင် တခြားအလုပ်ရှာ သင့်ကြောင်း ၊ ဒါမှမဟုတ်ကျောင်းတက် ဘွဲ့ ယူ ၊ အလုပ်ကောင်းရနိုင်ကြောင်း စသည်စသည်ဖြင့်ပေါ့ဗျာ။ တချို့ကလဲပြောတယ် ဒီ လူတွေ တစ်နာရီဆယ့်ငါးဒေါ်လာများရတယ်ဆိုရင် ငါတော့ဘယ်တော့မှ အဲဒီ ဆိုင်ကို အင်မတန်ဗိုက်ဆာလို့ တဆိုင်တည်းရှိမယ်ဆိုရင်တောင် မစားဘူးကွ လို့ ပြောကြ၊ သူတို့  ကျောင်းတုန်းက ယူထားတဲ့ student loan တွေကို ခုထိပြန်ဆပ်နေတုန်း သူတို့  တလကို ဒေါ်လာတစ်သောင်းမှ မရရင် မရပ်တည်နိုင်ကြောင်း အဲဒီအနေအထားမှာ ဒီလို ကောင်တွေက တစ်နာရီဆယ့်ငါးဒေါ်လာ ကိုအေးအေးဆေးဆေးရနေမယ်ဆိုရင် အဓိပ္ပါယ်မရှိကြောင်း၊ တချို့  Demoractic ပါတီဝင်ဖြစ်တဲ့ သူငယ်ချင်းတွေကလဲ ဒါဖြစ်သင့်ကြောင်း ပေါ့ဗျာ။
တကယ်တော့ဘေးကကြည့်သူတွေရဲ့ ဖြစ်သင့်တာတွေ ဆိုတာ ၊ အထင်အမြင်တွေဆိုတာ တကယ် ရုန်းကန်ဖြတ်သန်းနေရတဲ့သူတွေအတွက်တော့ ၊ တခြားစင်္ကြ၀ဠာက လင်းနေတဲ့ ကြယ်တွေလိုပါ။ သူတို့ ဘ၀နဲ့ သူတို့  ဖြစ်စဉ်နဲ့ ဘယ်လိုမှ မပါတ်သက်လှပါဘူး။ ကျနော် ဟာ Republican ကို ပဲ အာဏာရစေချင်သူပါ။ ဘာကြောင့်လဲ ဆိုတော့ ကျနော့် ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက်ပါ။ ကျနော့်ရဲ့ တကယ့် အရင် တုန်းက နဲ့ ယခုတိုင် ၊ ကျနော့်မွေးရပ်မြေအတွက်ရပ်တည်ချက်ကတော့ တမျိုးပါ။ဒါပေမယ့် ဒီနိုင်ငံမှာ ကျနော် အခွန် သုံးဆယ်ရာခိုင်နှုန်းကျော်မပေးချင်ဘူး ။ ဒါအမှန်တရား ၊ ကျနော့်ရဲ့ အင်မတန်မှအကဲဆတ်လှတဲ့ အနာ။ ဒီတော့လဲ ကျနော်က ကျနော့်လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေဘာကြောင့် စာနာစိတ်မရှိသလဲ ဆိုတာ ကို နားလည်ပေးပါတယ်။ ကျနော်တို့ က တနှစ်တနှစ်ကိုယ့် လစာ ထဲ က သုံးဆယ်ရာခိုင်နှုန်းကျော် အစိုးရက အခွန်ဖြတ်တာ ခံရ။ ဒါပေမယ့် စောစောက ပြောတဲ့ ဆန္ဒပြသူအုပ်စုကြီးက တဖက်က လဲ minimum wages နဲ့ အလုပ်လုပ်တာဆိုတော့ Federal government က ပေးတဲ့ ရပိုင်ခွင့်တွေကိုလဲ ရ။ ဒီတော့ ကျနော်တို့ ထဲက အများစု က တွေးတယ် ၊ ကြည့်စမ်းငါတို့ ပေးထားတဲ့အခွန်တွေနဲ့ဒင်းတို့ က EBT card တွေသုံး ၊ Benefit တွေရ၊ ငါတို့ မှာတော့ ခြံထဲ ရေကူးကန် တစ်ကန်တူးဖို့ တောင်မှ တော်တော်စဉ်းစားရတဲ့ဘ၀၊ သုံးနှစ်ကျော်မောင်းလာတဲ့ BMW Z-4 ကလေးကနေပြီး Maserati လေးဖြစ်ဖြစ် အသစ်လဲဖို့ အတွက် ချင့်ချိန်ရတဲ့ဘ၀။မိန်းမ အတွက် မာစီးဒီး အီးကလပ်စ်ကလေးကလဲ မ၀ယ်မဖြစ်ဝယ်ရ။ ဒါတွေက အမေရိကန်နိုင်ငံက အလွှာ မတူတဲ့လူတွေရဲ့ အထင်တွေ၊ အမြင်တွေ၊ သဘောထားတွေ ၊ ရုန်းကန်မှုတွေပါ။
အဲလိုပါပဲ ၊ဖေဖေထူထောင်ခဲ့တဲ့ တပ်မတော်ကြီး ဆိုပြီး တဖက်သတ်အထာတွေပေး၊ ကြာတွေပစ်၊ လျှောက်ပြန်သံပေးတွေလုပ်နဲ့ တဖက်ကလဲ ပြည်သူလူထုကြီး ဘာဖြစ်တယ်ညာဖြစ်တယ် ပြောလိုပြောရဲ့ ၊ သွားလေသူ ဦးဝင်းတင် မသေခင်မှာ လင်လုဖက်လိုလို ဆက်ဆံလိုဆက်ဆံရဲ့ လုပ်နေခဲ့ဖူးတဲ့ သူတွေ ၊ ခုတော့ ပွင့်လင်းစွာ ပွင့်ပွင့်လင်းလင်းပဲ George Soros ရဲ့ payroll မှာ ပလိစိချောက်ချက်နဲ့ ကဗျာတွေရွတ် ၊ ကြီးကြီးကျယ်ကျယ်တွေ ကို ပါးစပ်က ကမ္မ၀ါဖတ်သလို ရွတ်တတ်တဲ့ ထောင်ထွက် တွေ ၊ အမေရိကားက အပြေးအလွှား ဗီဒီယိုစက်တလုံးမပြီး နေရာတကာမှာ အံ့ကျော်ကြီးအထာနဲ့  ဖိုးသင်းမျောက်လုပ်တတ်တဲ့ တချိန်က ရဲဘော်ရဲဘက်ကြီး နဲ့ လူတစု ၊ တဖက်က အဆင်သင့်၊ ငွေပေးခိုင်းထားတဲ့လူအင်အား၊ လက်နက်အင်အားနဲ့ဒေ၀ဒတ်ရဲ့အပေါင်းပါတွေ။ ဒါတွေတွေးမိတော့ ရင်ထဲ မကောင်းလှပါဘူး ။
သူများနိုင်ငံမှာ တနာရီ ဒေါ်လာ ခုနှစ်ကျပ် နှစ်ဆယ့်ငါးပြားအတွက် လူတွေ အဖမ်းအဆီးခံပြီး ဆန္ဒပြချိန်မှာ ကျုပ်တို့ နိုင်ငံက အစိုးရဆိုတဲ့ ကိုယ့်သားနဲ့ ကိုယ်ပြန်မိတ်လိုက်မွေးလာတဲ့ ခွေးအိုမသားတွေက တနေ့ ကျပ်နှစ်ထောင်နဲ့လောက်တယ်လို့ ပြောတာကိုကြားလိုက်ရတော့ ၊ ခု တိုင်းပြည်အတွက် ဘာပြင်ရမယ် ညာပြင်ရမယ်ပြောနေတဲ့ ဖေဟိုဒင်း မောင်ဟိုဒင်းတွေ ကိုယ်မေ ကိုယ်ဟိုဒင်းတွေရှက်တတ်ရင် ကိုယ့်ဘ၀ကိုယ်အဆုံးစီရင်ပြီး ၊ ခု လက်ပဒေါင်းတောင်က အုံကြွပြီးပြန်ချတဲ့လယ်သမားတွေ ၊ နိုင်ငံရဲ့ ဒေသအရပ်ရပ်က ကိုယ့် အခွင့်အရေးအတွက် ကိုယ့် ပေါက်ပြားကိုယ်ထမ်း ကိုယ့်တံဇဉ်ကို လွှားပြီး တောင်းဆို နေတဲ့သူတွေ၊ ကိုယ့် စက်ရုံက ကိုယ်ထွက်ပြီး ဆန္ဒပြတောင်းဆိုနေတဲ့အလုပ်သမားတွေနဲ့ သူတို့ ကို ဖေးမကူညီ လမ်းပြနေတဲ့ ဟန်ဝင်းအောင်လို ၊ နော်အုန်းလှ လို သူတွေကို တနိုင်ငံလုံးက တစိတ်တ၀န်းထဲ အားပေးကူညီ လက်တွဲလိုက်ဖို့ လိုပြီ လို့  တွေးလိုက်မိပါရဲ့။
ကျနော် သာကမ္ဘာ့အမြင့်မြတ်ဆုံး ၊ အစွန့်လွှတ်ဆုံးဆုကို ပေးသည့် ကော်မရှင်တစ်ခု၏ ခေါင်းဆောင်ဦးစီးဆိုပါလျှင် ၊ နော်အုန်းလှ ၊ ဟန်ဝင်းအောင်နှင့်အခြားခြားသော အညတရ ပြည်သူ့ ဖက်က ထာဝရရပ်တည်ကာ မဖောက်မပြန် ၊ ဒူးမထောက် ၊ ဘိလပ်စကားတွေနှင့် ကိုယ် အသုံးမကျမှု၊ ညံ့ဖျင်းမှုကို justify မလုပ်သော ရိုးသားသည့် ပြည်သူ့ သူရဲကောင်းအစစ်များကို ကျနော်ကိုယ်တိုင် ဒူးထောက်၍ ဆုတံဆိပ်ချီးမြှင့်ဖြစ်မည်မှာ မုချဖြစ်ပါ၏။
ကိုမွှေး
No comments: